← Chapters

ဖရိုဖရဲ ပြိုကွဲခြင်း

Vol. 216 Ch. 3277

ဖရိုဖရဲ ပြိုကွဲခြင်း

Vol. 216 Ch. 3277

ထိုအသံကို ကြားသောအခါ ရှုလွေနှင့် အခြားနှစ်ယောက်က ဆတ်ခနဲ တုန်ယင်သွား၏။

“နန်းတော်အရှင်က မသေသေးဘူးလား”

ကစဉ့်ကလျားနန်းတော်မှ လူတိုင်းသည် အသံထွက်ပေါ်လာရာဘက်သို့ အလိုလိုကြည့်ပြီး အဝေးကနေ ပြေးလာနေသော အစိမ်းရောင်ဝတ် အမျိုးသားတစ်ဦးကို တွေ့မြင်လိုက်ရ၏။ ထိုသူက ဆူဇီမို ဖြစ်သည်။

နန်းတော်အရှင်သည် တာအိုသုံးသပ်မှုနယ်ပယ်ကို တက်လှမ်းသွားလေပြီ။

ရှုလွေသည် မျက်စိရှင်ပြီး ဆူဇီမို၏ ကျင့်ကြံမှုနယ်ပယ် တိုးလာသည်ကို ချက်ချင်းပင် သတိထားမိသွားသည်။

ချန်ချင်းဟယ်နှင့် မုံ့ရှစ်ကလည်း ကျေနပ်သဘောကျနေ၏။

ဤသည်မှာ ကစဉ့်ကလျားနန်းတော်အတွက် မျှော်လင့်ချက် ရှိသေးသည်ဟု ဆိုလိုသည် မဟုတ်ပါလား။

သို့သော်လည်း သိပ်မကြာခင် သူတို့သုံးယောက်သည် တောင်တန်းများနှင့် လွင်ပြင်များကို ဖုံးလွှမ်းထားသည့် စစ်သည်များကိုကြည့်ပြီး စိုးရိမ်ပူပန်လာ၏။

နန်းတော်အရှင်က တာအိုသုံးသပ်မှုနယ်ပယ်ကို တက်လှမ်းသွားပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက မြင့်တက်လာသည်ဆိုလျှင်ပင် သူက မည်သို့ပင်ဆိုစေ လူတစ်ယောက်တည်းသာဖြစ်သည်။

ယခု တောင်ထွတ်ပေါ်ရှိ အစီအရင်ဝင်္ကပါက ကြေမွတော့မည်ဆဲဆဲဖြစ်ပြီး နန်းတော်အရှင် တစ်ယောက်တည်းက ကစဉ့်ကလျားနန်းတော်မှ လူတိုင်းကို ကယ်တင်ပေးနိုင်မည် မဟုတ်ပေ။

ကစဉ့်ကလျားနန်းတော်ကို ဆက်လက်၍ ထိန်းထားနိုင်မည်ဆိုလျှင်ပင် သူတို့ထဲ ဘယ်လောက်များများ အသက်ရှင်နိုင်မှာလဲ…

“သူ မသေဘူးလား”

မဟာကောင်းကင်ဘုံသာလွန်သူ လုံယွီက မျက်မှောင်အနည်းငယ်ကြုတ်ပြီး ခေါင်းငုံ့၍ စဉ်းစားတွေးတောကာ မအီမသာခံစားနေရ၏။

ဤလူက မြွေနဂါးကျွန်းကနေ ထွက်ပြေးလွတ်မြောက်လာနိုင်တာလား…

သူ့အဖေကပင် သူ့ကို မတားနိုင်ဘူးလား…

ထိုစဉ်မှာပင် ဘေးပတ်ဝန်းကျင် လူအုပ်ကြားထဲမှ အုန်းအုန်းကျက်ကျက်အသံတစ်ခု ထွက်ပေါ်လာပြီး စစ်တပ်လေးတပ်က ဖရိုဖရဲဖြစ်လာ၏။

“မင်းတို့တွေ ဘာကိုကြောက်နေတာလဲ”

မဟာကောင်းကင်ဘုံသာလွန်သူ လုံယွီက စိတ်တိုဒေါသထွက်နေပြီး မအီမသာခံစားနေရ၏။ သူက မျက်မှောင်ကြုတ်ပြီး အော်ငေါက်လိုက်၏။

“သူက တစ်ယောက်တည်းပဲ... သူက လောကမှာ ပြိုင်ဘက်ကင်းနေတာမှ မဟုတ်တာ”

သို့သော်လည်း သူ၏ စကားလုံးများက အသုံးမဝင်ပေ။

ထိုမျှသာမက စစ်သည်များကြားရှိ သားရဲတောကောင်များသည် စတင်၍ ထွက်ပြေးနေကြပြီဖြစ်၏။

ရုတ်တရက် မဟာကောင်းကင်ဘုံသာလွန်သူ လုံယွီသည် သောင်းသောင်းဖြဖြ စွမ်းပကားတစ်ခု တလိပ်လိပ်တိုးဝင်လာသည်ဟု ခံစားလိုက်ရ၏။

သူက ရင်တစ်ချက်ထိတ်သွားပြီး မော့ကြည့်လိုက်၏။

ဆူဇီမို၏ နောက်ဘက် တစ်ခွင်တစ်ပြင်မှာ အနက်ရောင်အရိပ်များစွာက ချီတက်လာနေကြ၏။ သူတို့အားလုံးမှာ ကြောက်စရာကောင်းသော အော်ရာများရှိပြီး သူတို့က ကောင်းကင်ဘုံသာလွန်သူပညာရှင်များ ဖြစ်ကြသည်။

သူတို့ကြားမှာ မဟာကောင်းကင်ဘုံသာလွန်သူများနှင့် အန္တိမကောင်းကင်ဘုံသာလွန်သူများပင် ပါဝင်နေ၏။

ဟာ…

မဟာကောင်းကင်ဘုံသာလွန်သူ လုံယွီသည် ပင့်သက်ကို ရှိုက်လိုက်ပြီး ခေါင်းနားပန်းကြီးကာ နောက်သို့ အလိုလိုဆုတ်လိုက်မိ၏။

အဖွဲ့အစည်းသုံးခုမှ ခေါင်းဆောင်များကလည်း ကြောက်ရွံ့မှုဖြင့် သူတို့၏ အမူအရာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး နေရာမှာတင် မှင်တက်နေကြ၏။

ဤမျှများပြားသော ကောင်းကင်ဘုံသာလွန်သူပညာရှင်များက ဘယ်ကနေ ရောက်လာကြတာလဲ…

ပေါင်းမိုးပြည်နယ်၏ ပထမတန်းစားအဖွဲ့အစည်း၊ အဆိပ်ငါးမျိုးဂိုဏ်းက ပေါ်ထွက်လာတာ ဖြစ်နိုင်မလား…

မဖြစ်နိုင်ပေ…

အဆိပ်ငါးမျိုးနန်းတော်မှ သက်ရှိအများစုသည် အဆိပ်ရှိသတ္တဝါများ ဖြစ်ကြ၏။

ဆူဇီမို၏ နောက်ဘက်ရှိ ကောင်းကင်ဘုံသာလွန်သူပညာရှင်အုပ်စုကတော့ သူတို့သည် အသက်ဓာတ်အားဖြင့် ပြည့်နှက်နေပြီး အပင်မျိုးနွယ်မှ လာသည်မှာ သိသာနေ၏။

ကစဉ့်ကလျားနန်းတော်မှ လူတိုင်းက ဤမြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြ၏။

ဤကောင်းကင်ဘုံသာလွန်သူပညာရှင်များသည် နန်းတော်အရှင် ရှာဖွေလာသည့် အကူများ ဖြစ်နိုင်မလား…။

သူတို့က အဲ့ဒါကို မယုံကြည်နိုင်သည်မှာ အံ့အားသင့်စရာ မရှိပေ။

သူတို့ရှေ့မှ မြင်ကွင်းသည် လူတိုင်း၏ နားလည်နိုင်စွမ်းကို လုံးလုံးလျားလျား ချိုးဖျက်လိုက်၏။

ပထမအချက်.. ဤမျှများပြားသော ကောင်းကင်ဘုံသာလွန်သူပညာရှင်များကို ဤကဲ့သို့သော အချိန်တိုအတွင်းမှာ ဘယ်လိုလုပ် စုဖွဲ့နိုင်မှာလဲ။

ဒုတိယအချက်၊ သူတို့ကို စုဖွဲ့နိုင်မည်ဆိုလျှင်ပင် သူတို့သည် ဆူဇီမို၏ အမိန့်ကို ဘယ်လိုလုပ်နာခံပါ့မလဲ။

ဆူဇီမိုသည် တာအိုသုံးသပ်မှုနယ်ပယ်သို့ ဝင်ရောက်ခါစသာဖြစ်ပြီး ကောင်းကင်ဘုံသာလွန်သူတစ်ဦးသာ ဖြစ်လေသည်။

သို့သော်လည်း သူတို့ရှေ့မှ ပညာရှင် ၃၀၀၀ကျော်ကျော်ထဲတွင် မဟာကောင်းကင်ဘုံသာလွန်သူများနှင့် အန္တိမကောင်းကင်ဘုံသာလွန်သူများပင် ပါဝင်နေ၏။

“မင်းက မင်းအဖေရဲ့ မွေးနေ့ဂုဏ်ပြုစားသောက်ပွဲကို ပျော်စရာထပ်တိုးစေဖို့ ကစဉ့်ကလျားနန်းတော်ကို ဖျက်ဆီးပေးချင်တယ်လို့ ငါကြားတယ်”

ဆူဇီမိုက ကစဉ့်ကလျားနန်းတော်မှ လူတိုင်းရှိရာ တောင်ထွတ်ရှေ့သို့ ဆင်းသက်ပြီး မဟာကောင်းကင်ဘုံသာလွန်သူ လုံယွီကို ကြည့်ကာ မှင်သေသေဖြင့် မေးလိုက်၏။

“ငါ... ငါက…”

မဟာကောင်းကင်ဘုံသာလွန်သူ လုံယွီက ဆူဇီမို၏ အော်ရာမှာ မှင်တက်နေပြီး ခဏမျှ ပြောစရာစကား ပျောက်ဆုံးကာ သူ၏ အသံက တုန်ယင်နေ၏။

ဆူဇီမိုကို ကောင်းကင်ဘုံသာလွန်သူပညာရှင် ၃၀၀၀ကျော်ကျော်က ဝန်းရံထားလေသည်။ ဤကဲ့သို့သော မြင်ကွင်းမှာ ဘယ်သူက မကြောက်ဘဲ နေမှာလဲ။

“သူက အဲ့ဒီပျော်ရွှင်စရာတွေကို ဆက်ပြီး မလိုတော့ဘူး”

ထိုသို့ပြောရင်း ဆူဇီမိုသည် မဟာကောင်းကင်ဘုံသာလွန်သူ လုံယွီရှေ့သို့ သွေးသံရဲရဲဦးခေါင်းတစ်လုံးကို သာမန်ကာလျှံကာ ပစ်ထုတ်ပေးလိုက်၏။ ၎င်းသည် မြွေနဂါးကျွန်းအရှင်၏ ဦးခေါင်းဖြစ်သည်။

“အောင်မလေး... ဘယ်လိုဖြစ်တာပါလိမ့်”

မဟာကောင်းကင်ဘုံသာလွန်သူ လုံယွီက ထိတ်လန့်တကြား အော်ဟစ်မိလိုက်၏။

ဆူဇီမိုသည် အေးစက်နေသော အမူအရာဖြင့် ဘေးပတ်ဝန်းကျင်ကို အကဲခတ်ပြီး သူ၏ အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်၏။

“သတ်ကြ”

ဤနေရာသို့ လာရာလမ်းတစ်လျှောက်မှာ ဤနှစ်များအတွင်း ကစဉ့်ကလျားနန်းတော်နှင့် အပင်မျိုးနွယ် ရင်ဆိုင်နေရသည့် အခြေအနေကို ဆူဇီမိုသည် ယန်မိုနှင့် အခြားသူများထံ အကြမ်းဖျင်း ပြောပြခဲ့လေသည်။

ကောင်းကင်ဘုံသာလွန်သူများသည် ထိုစကားကို ကြားသောအခါ မုန်းတီးမှုဖြင့် ပြည့်နှက်နေခဲ့ကြပြီးသားဖြစ်၏။

ဆူဇီမို၏ အမိန့်နှင့်အတူ ကောင်းကင်ဘုံသာလွန်သူပညာရှင် ၃၀၀၀ကျော်ကျော်က စစ်တပ်လေးတပ်ထဲသို့ ဝင်ရောက်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို စတင်လိုက်ကြ၏။

ဤသည်မှာ သိုးအုပ်ထဲသို့ ဝင်သွားသော ကျားတစ်ကောင်နှင့် အမှန်တကယ် တူနေ၏။

ကျားက အကောင်ရေ ၃၀၀၀ ကျော်ကျော်ဖြစ်လျှင် မည်ကဲ့သို့ ဖြစ်လာမလဲ။

စစ်တပ်လေးတပ်သည် စစ်သည်ပေါင်းသိန်းချီကို စုစည်းထားလေသည်။ သို့သော်လည်း ကောင်းကင်ဘုံသာလွန်သူ ၃၀၀၀ ကျော်ကျော်၏ ဝင်ရောက်တိုက်ခိုက်မှုမှာ သူတို့သည် လုံးဝမခုခံနိုင်ဘဲ ရှုံးနိမ့်သွားကြ၏။

ဆူဇီမို မတိုက်ခိုက်ရသေးခင် မဟာကောင်းကင်ဘုံသာလွန်သူ လုံယွီကို အန္တိမကောင်းကင်ဘုံသာလွန်သူ ယန်မိုက လှုပ်ရှားမှုတစ်ကွက်တည်းဖြင့် သတ်ဖြတ်လိုက်၏။

ယန်မိုသည် အနှိုင်းမဲ့ကောင်းကင်ဘုံသာလွန်သူအဖြစ် ကျော်ကြားပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက တကယ့်ကို တစ်မူထူးခြားလေသည်။

အတိအကျဆိုရလျှင် ဆူဇီမိုက လူတိုင်းနှင့်အတူ ရောက်ရှိလာသည့်အချိန်မှာ ဤတိုက်ပွဲ၏ ရလဒ်နှင့်ပတ်သက်၍ သံသယရှိစရာ မလိုတော့ပေ။

ဧရာမ စိတ်ဝိညာဉ်တောင်ကြား၊ ဆန်းကြယ်ငှက်တောအုပ်နှင့် အေးခဲဆီးနှင်းလွင်ပြင်မှ ခေါင်းဆောင်သုံးဦးကလည်း သေဆုံးသွားပြီဖြစ်သည်။

အခြားသော ကောင်းကင်ဘုံသာလွန်သူပညာရှင်များကလည်း သိပ်ကြာကြာတောင့်မခံနိုင်ဘဲ သူတို့သည် ယန်မိုနှင့်အခြားသူများ၏ သတ်ဖြတ်ခြင်းခံလိုက်ရ၏။

ကျန်ရှိနေသောသူများက အဘက်ဘက်ကို ခြေဦးတည့်ရာ ထွက်ပြေးသွားကြ၏။ သူတို့အားလုံးက ဖရိုဖရဲဖြစ်ပြီး ကြောက်စရာ ဘာမှမရှိတော့ပေ။

ဆူဇီမိုက ခဏမျှ မှင်တက်နေပြီး ငေးငိုင်နေ၏။

သူသည် ဤကဲ့သို့သော အခြေအနေတစ်ရပ်နှင့် တကယ်ပင် အသားမကျပေ။

ထျန်ဟွမ်ကုန်းမြေတိုက်ကနေ စတင်၍ သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ သူသည် လမ်းတစ်လျှောက်မှာ မရေမတွက်နိုင်သော တိုက်ပွဲများမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရလေသည်။ သူသည် အန္တရာယ်ပေါင်းစုံနှင့် ကြုံတွေ့ခဲ့ရပြီး သေဘေးကနေ ပွတ်ကာသီကာ လွတ်မြောက်လာသော အကြိမ်ရေကပင် မရေမတွက်နိုင်အောင်ပင်။ သူက ဘယ်တုန်းကများ ဤကဲ့သို့ စိတ်လက်ပေါ့ပါးစွာ ရှိနေနိုင်ခဲ့လို့လဲ။

မြွေနဂါးကျွန်းနှင့် အသင်္ချေတောကောင် တောင်ကြောရိုးမှ တိုက်ပွဲနှစ်ပွဲသည် သူ မတိုက်ခိုက်ရခင် ပြီးဆုံးသွားခဲ့လေသည်။

အခြေအနေက ပြေလည်သွားသည်ကို ဆူဇီမို တွေ့မြင်သောအခါ သူက သူ၏ အောက်ဘက် တောင်ထွတ်ပေါ်သို့ ဆင်းသက်ပြီး ဘေးပတ်လည်မှာရှိသော အစီအရင်ဝင်္ကပါကို ဖယ်ရှားလိုက်၏။

ကစဉ့်ကလျားနန်းတော်မှ လူတိုင်းက အံ့အားသင့်စွာဖြင့် ဝမ်းသာပျော်ရွှင်မှုနှင့်အတူ သူ့ထံသို့ အလောတကြီး ဝန်းရံလာကြ၏။

“နန်းတော်အရှင်... ဘာတွေဖြစ်နေတာလဲ”

မုံ့ရှစ်က မနေနိုင်ဘဲ မေးလိုက်၏။

“ဒီလောက်များတဲ့ အကူတွေက ဘယ်ကနေ ရောက်လာတာလဲ... နောက်ပြီး သူတို့တွေအားလုံးက အပင်မျိုးနွယ်က ဖြစ်နေတယ်”

ဆူဇီမိုက ညင်သာစွာ ပြုံးပြီး ရိုးရှင်းစွာ ပြောလိုက်၏။

“အဲ့ဒီလူတွေက အရင်တုန်းက ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာရဲ့ မျိုးဆက်တချို့ပဲ”

“နန်းတော်အရှင်... ခင်ဗျားက တကယ့်ကို ကြံရည်ဖန်ရည်ရှိပြီး ကောင်းချီးပေးခံထားရတဲ့သူပဲ”

“ဟားဟား... ငါတို့ ကစဉ့်ကလျားနန်းတော်က ဒီတစ်ခေါက်တော့ တကယ်ပဲ ထွန်းတောက်လာတော့မယ်”

ကစဉ့်ကလျားနန်းတော်မှ လူတိုင်းက စိတ်လှုပ်ရှားစွာဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်ကြ၏။

ဆူဇီမိုကလည်း စိတ်သက်သာရာရနေ၏။

သည့်ယခင်က ကစဉ့်ကလျားနန်းတော်သည် အသင်္ချေတောကောင်တောင်ကြောရိုးကို သိမ်းပိုက်၍ ရင်းမြစ်သတ္တုတွင်း ၁၂တွင်းကို ထိန်းချုပ်ထားသော်လည်း သူတို့မှာ လူအရေအတွက် များစွာမရှိပေ။

သူတို့မှာ ကောင်းကင်ဘုံသာလွန်သူပညာရှင်များ မရှိဘဲ သာလွန်သူများကပင် အနည်းကျဉ်းသာရှိ၏။

သူတို့သည် အခြားသောမျိုးနွယ်များကို ဖိနှိမ်နိုင်သော်လည်း သူတို့ကို ကစဉ့်ကလျားနန်းတော်အတွက် အသုံးချရလောက်အောင် ချိုးနှိမ်ဖို့ မလွယ်ကူခဲ့ပေ။

ဒါ့အပြင် နှစ်ပေါင်းများစွာ အနိုင်ကျင့်ဖိနှိမ်ခံခဲ့ရပြီးနောက် ကစဉ့်ကလျားနန်းတော်မှ အပင်မျိုးနွယ်များသည် အခြားသောမျိုးနွယ်များအပေါ် အလွန်တရာရန်လိုနေကြ၏။

သူတို့သည် လောလောဆယ်မှာ အခြားမျိုးနွယ်ပညာရှင်များကို ချိုးနှိမ်ပြီး သူတို့ကို ကစဉ့်ကလျားနန်းတော်မှာ ထားမည်ဆိုလျှင်ပင် ရေရှည်မှာ ပဋိပက္ခများစွာ ရှိလာနိုင်ပြီး သူတို့က ပုန်းလျှိုးနေသည့် အန္တရာယ်များ ဖြစ်လာပေလိမ့်မည်။

ယခု မိုးမြေဖန်တီးခြင်းကားချပ်ထဲမှ အပင်မျိုးနွယ်ပညာရှင်များ၏ အကူအညီနှင့်အတူ သူသည် ကစဉ့်ကလျားနန်းတော် ရင်ဆိုင်နေရသည့် အကျပ်အတည်းကို ကောင်းကောင်း ဖြေရှင်းနိုင်ပြီဖြစ်သည်။

အန္တိမကောင်းကင်ဘုံသာလွန်သူ ယန်မိုကဲ့သို့ ပညာရှင်များက ကစဉ့်ကလျားနန်းတော်ကို စောင့်ကြပ်ပေးနေခြင်းနှင့်အတူ သူတို့၏ ပိုင်နက်နယ်မြေကို အဆက်မပြတ် ချဲ့ထွင်နိုင်မည်သာမက ဆူဇီမိုအနေဖြင့် ပြဿနာများစွာကို ကိုယ်တိုင်ဝင်ရောက်ဖြေရှင်းပေးစရာ လိုတော့မည် မဟုတ်ပေ။

ကောင်းကင်ဘုံသာလွန်သူ ပညာရှင် ၃၀၀၀ ကျော်ကျော်က အခြေအနေအများစုကို ကိုင်တွယ်ဖို့ လုံလောက်လေသည်။

မည်သည့် ဒုတိယတန်းစားအဖွဲ့အစည်းကမှ သူတို့ကို ရန်စရဲတော့မည် မဟုတ်ပေ။

ထို့သို့ဖြင့် ဆူဇီမိုသည် တံခါးပိတ်ကျင့်ကြံဖို့အတွက် လုံလောက်သည့်အချိန်ကို ရရှိပေလိမ့်မည်။

မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းလာပြီးနောက် ဆူဇီမိုသည် ယခုချိန်ထိ အေးအေးဆေးဆေး မကျင့်ကြံရသေးပေ။

ပြီးခဲ့သည့်ဆယ်နှစ်မှာ သူသည် အသင်္ချေတောကောင်တောင်ကြောရိုးတွင် ကျင့်ကြံခဲ့လျှင်တောင် ပြတ်တောင်းပြတ်တောင်း ဖြစ်နေခဲ့၏။

ဆူဇီမိုအတွက်တော့ အရေးကြီးဆုံးအရာသည် သူ၏ ကျင့်ကြံမှုကို မြှင့်တင်ရန် ဖြစ်သည်။

သူသည် ရှေ့သို့ နောက်ထပ်ခြေတစ်လှမ်းယူပြီး တာအိုကြီးစိုးမှုနယ်ပယ်အတွင်း အဆင့်မြင့်ကျွမ်းကျင်မှု ရရှိလာသည်နှင့် သူ၏ အမြုတေစိတ်ဝိညာဉ်က နောက်တစ်ဖန် အဆင့်ချိုးဖျက်ပြီး တာအိုကြီးစိုးမှုနယ်ပယ်ကို ရောက်ရှိသွားပေလိမ့်မည်။

ထိုသို့ဖြင့် သူသည် မိုးမြေဖန်တီးခြင်းကားချပ်ထဲမှ တာအိုသာလွန်သူပညာရှင်များကို ထုတ်ပေးနိုင်မည်ဖြစ်သည်။

တာအိုသာလွန်သူပညာရှင်ရာချီ၏ အကူအညီနှင့်အတူ သူတို့သည် ပေါင်းမိုးပြည်နယ်ကို မပြောနှင့်၊ အရှေ့တောင်ဒေသတစ်ခုလုံးမှာပင် သူတို့လုပ်ချင်ရာကို လုပ်နိုင်တော့မည်ဖြစ်သည်။

ထိုအချိန်ကျလျှင် ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာက အမှန်တကယ် ပြန်လည်ပေါ်ထွက်လာပေတော့မည်။

All Chapters