သင့်လျော်သော အစီအစဉ်
Vol. 216 Ch. 3278
တစ်လကြာပြီးနောက်...
ဆူဇီမိုသည် မိုးမြေဖန်တီးခြင်းကားချပ်ထဲမှ သာလွန်သူများကိုလည်း ထုတ်ပေးလိုက်၏။
ယန်မိုနှင့် အခြားသော ကောင်းကင်ဘုံသာလွန်သူပညာရှင်များ၏ ဦးဆောင်မှုအောက်မှာ ကစဉ့်ကလျားနန်းတော်သည် မဟူရာဆိတ်တောင်ကြောရိုး၊ ဧရာမစိတ်ဝိညာဉ်တောင်ကြား၊ ဆန်းကြယ်ငှက်တောအုပ်နှင့် အေးခဲဆီးနှင်းလွင်ပြင်မှ ပိုင်နက်နယ်မြေများကို သိမ်းပိုက်ထားခဲ့ပြီဖြစ်သည်။
သူတို့သည် သွားလေရာနေရာတိုင်းမှာ ရပ်တန့်တားဆီး၍ မရနိုင်အောင်ဖြစ်နေ၏။
မိုးပျံမြွေနဂါးကျွန်းကိုလည်း ကစဉ့်ကလျားနန်းတော်က သိမ်းပိုက်ထားပြီးဖြစ်သည်။
ကစဉ့်ကလျားနန်းတော်သည် ရင်းမြစ်သတ္တုတွင်း တစ်ရာကျော်ကို ထိန်းချုပ်လာနိုင်၏။
မွေးနဂါးကျွန်းမှာတုန်းက သူ၏ မွေးနေ့ပွဲအတွက် မြွေနဂါးကျွန်းအရှင်ကို ပေးအပ်ခဲ့သော မွေးနေ့ဂုဏ်ပြုလက်ဆောင်များကလည်း ယခု ဆူဇီမို၏ လက်ထဲမှာ ရှိနေပြီဖြစ်၏။
ဤနေ့မှာ…
ကစဉ့်ကလျားနန်းတော်မှ ကောင်းကင်ဘုံသာလွန်သူပညာရှင်များသည် အသင်္ချေတောကောင်တောင်ကြောရိုး၏ ကစဉ့်ကလျားခန်းမထဲမှာ စုဝေးရောက်ရှိနေကြ၏။ ဆူဇီမိုက ပင်မထိုင်ခုံမှာ ထိုင်နေပြီး ရှုလွေ၊ ချန်ချင်းဟယ်နှင့် မုံ့ရှစ်တို့လည်း ရှိနေကြ၏။
“သခင်… ကိစ္စတစ်ခုခုရှိလို့ ခင်ဗျား ကျုပ်တို့ကို ဆင့်ခေါ်လိုက်တာလား”
ယန်မိုက မေးလိုက်၏။
ဆူဇီမိုက သူ့ဘေးမှာရှိသော ရှုလွေကိုကြည့်ပြီး ခေါင်းညိတ်ပြလိုက်၏။
“မင်းပဲ ပြောပြလိုက်”
ရှုလွေက ပြောလိုက်၏။
“နှစ်သစ်က ရောက်တော့မှာဆိုတော့ အဆိပ်ငါးမျိုးဂိုဏ်းက သံတမန်တွေ ရောက်လာတော့မယ်”
“အခု ကျုပ်တို့ ကစဉ့်ကလျားနန်းတော်က ပိုင်နက်နယ်မြေကို ချဲ့ထွင်ထားပြီး ရင်းမြစ်သတ္တုတွင်း ၁၃၈ တွင်းကို သိမ်းပိုက်ထားတယ်… ကျုပ်တို့တွေက ပေါင်းမိုးပြည်နယ်မှာ အကြီးမားဆုံး ဒုတိယတန်းစားအဖွဲ့အစည်း ဖြစ်လာပြီလို့ ဆိုနိုင်တယ်… ပေးချေရမယ့် ရင်းမြစ်တုံးတွေရဲ့ အရေအတွက်ကလည်း အတော်လေး တုန်လှုပ်စရာကောင်းနေပြီ… ကျုပ်တို့ ကြိုတင်ပြီးတော့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားရမယ်”
“အဆိပ်ငါးမျိုးနန်းတော်လား”
ယန်မိုက မျက်မှောင်ကြုတ်လိုက်၏။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း အဆိပ်ငါးမျိုးနန်းတော်သည် ပေါင်းမိုးပြည်နယ်၏ တစ်ခုတည်းသော ပထမတန်းစား အဖွဲ့အစည်းဖြစ်ပြီး ဤနေရာ၏ အစစ်အမှန် အရှင်သခင်ဖြစ်သည်ကို သူက အကြမ်းဖျင်း ကြားဖူးထား၏။
“ငါတို့က ရင်းမြစ်ကျောက်တုံးတွေကို သူတို့ကို ဘာလို့ပေးရမှာလဲ”
ယန်မိုက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
ရှုလွေက ခါးသက်စွာ ပြုံးလိုက်၏။
“ရွေးချယ်စရာ မရှိလို့ပဲ… အဆိပ်ငါးမျိုးနန်းတော်မှာ လူအရေအတွက် အားသာချက် ရှိတယ်… သူတို့ကို ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ တာအိုသာလွန်ပညာရှင်တစ်ဦးလည်း ရှိတယ်… တခြားအဖွဲ့အစည်းတွေက သူတို့ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ရဲမှာ မဟုတ်ဘူး”
“တကယ်တော့ အဲဒါက ပေါင်းမိုးပြည်နယ်မှာတင် မဟုတ်ဘူး… တခြားပြည်နယ်တွေမှာလည်း အတူတူပဲ”
ယန်မိုက ထပ်မံ၍ မေးလိုက်၏။
“ငါတို့က ဘယ်လောက်များများ ပေးရမှာလဲ”
“၇၀ ရာခိုင်နှုန်း”
ရှုလွေက ပြန်ဖြေလိုက်၏။
“ဘာဖြစ်တယ်”
ယန်မိုက ဒေါသထွက်သွား၏။ သူက စားပွဲကို ဘန်းခနဲရိုက်ပြီး မတ်တတ်ထရပ်ကာ အော်ပြောလိုက်၏။
“အဲ့လောက်တောင်မှလား”
“သူတို့ တကယ်ကို လွန်နေပြီ”
“ငါ ဆက်ပြီးတော့ သည်းမခံနိုင်တော့ဘူး”
အခြားသော ကောင်းကင်ဘုံသာလွန်သူများကလည်း ဒေါသချောင်းချောင်းထွက်လာကြ၏။
ရှုလွေက ဘာမှမတတ်သာသော အမူအရာဖြင့် ပြောလိုက်၏။
“ဒီနှစ်တွေအားလုံးမှာ အရှေ့တောင်ဒေသက ပြည်နယ် ၁၀၈ခုကို တခြားမျိုးနွယ်တွေက ပညာရှင်တွေက သိမ်းပိုက်ထားကြပြီ… တခြားနေရာတွေမှာလည်း အခြေအနေက အတူတူပဲ”
“ပေါင်းမိုးပြည်နယ်ကိုပဲ ဥပမာယူကြည့်… ဒုတိယတန်းစား အဖွဲ့အစည်းတိုင်းက နှစ်စဉ်နှစ်တိုင်း သူတို့ရဲ့ ရင်းမြစ်ကျောက်တုံး ၇၀ရာခိုင်နှုန်းကို အဆိပ်ငါးမျိုးနန်းတော်ကို ပေးဆောင်ရတယ်… ဒုတိယတန်းစား အဖွဲ့အစည်းတွေက အဲဒီစည်းမျဉ်းစည်းကမ်းကို မနာခံဘဲမနေရဲတော့ သူတို့ရဲ့ လက်အောက်မှာရှိတဲ့ တတိယတန်းစား အဖွဲ့အစည်းတွေဘက်ကိုလှည့်ပြီး သူတို့ဆီကနေ ရင်းမြစ်ကျောက်တုံး ၉၀ ရာခိုင်နှုန်းကို ပြန်ပြီးကောက်ခံတယ်”
“တတိယတန်းစား အဖွဲ့အစည်းတွေကလည်း အဲဒီစည်းမျဉ်းစည်းကမ်းကို မနာခံဘဲ မနေရဲဘူး… မဟုတ်ရင် သူတို့တွေက ဖျက်ဆီးဝါးမျိုခံရလိမ့်မယ်… တတိယတန်းစား အဖွဲ့အစည်းတွေက နှစ်စဉ်နှစ်တိုင်း ကျင့်ကြံဖို့အတွက် ရင်းမြစ်ကျောက်တုံး ၁၀ရာခိုင်နှုန်းကိုပဲ ရတယ်… သူတို့အနေနဲ့ ကျင့်ကြံဖို့အတွက် မလုံလောက်ဘူး”
“အဲဒါကြောင့်ပဲ တတိယတန်းစား အဖွဲ့အစည်းတွေကြားမှာ တိုက်ခိုက်မှုတွေက မကြာခဏ ဖြစ်ပွားတတ်တာပဲ”
ကစဉ့်ကလျားနန်းတော်မှာ မဟာကောင်းကင်ဘုံသာလွန်သူပညာရှင်များက ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်ကြ၏။
အဆိပ်ငါးမျိုးနန်းတော်သည် ဤမျှအထိ အကြောက်အလန့်ကင်းမဲ့ပြီး သူတို့၏ လုပ်အားကို ခေါင်းပုံဖြတ်ရဲသည်မှာ သူတို့သည် လုံလောက်အောင် သန်မာပြီး ကိုင်လှုပ်၍ မရနိုင်သောကြောင့်ဖြစ်၏။
ထိုဖိအားအောက်မှာ ပေါင်းမိုးပြည်နယ်၏ အခြားသော အဖွဲ့အစည်းများသည် ကျင့်ကြံရေးရင်းမြစ်များကို ပို၍ရယူချင်သည်ဆိုလျှင် သူတို့အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ရုံသာ ရှိလေသည်။
ယန်မိုက မေးလိုက်၏။
“ဒါဆို ကစဉ့်ကလျားနန်းတော်ကလည်း အရင်တုန်းက နှစ်စဉ်နှစ်တိုင်း ၇၀ရာခိုင်နှုန်းကို ပေးဆောင်နေရတာပေါ့”
ရှုလွေက ခေါင်းညိတ်ပြပြီး ပြောလိုက်၏။
“ကျုပ်တို့က အသင်္ချေတောကောင်တောင်ကြောရိုးကို သိမ်းပိုက်ခဲ့ပြီးကတည်းက ကျုပ်တို့က ပြီးခဲ့တဲ့ဆယ်နှစ်အတွင်း နှစ်စဉ်နှစ်တိုင်း ၇၀ရာခိုင်နှုန်းကို ပေးဆောင်ရတယ်… ဒါပေမဲ့ တခြား တတိယတန်းစားအဖွဲ့အစည်းတွေဆီက ရင်းမြစ်ကျောက်တုံးတွေကို အတင်းအဓမ္မ မသိမ်းယူဖို့ နန်းတော်အရှင်က အမိန့်ပေးထားတယ်”
ယန်မိုက ဆူဇီမိုကိုကြည့်ပြီး သူ့ဘာသာသူ တွေးလိုက်၏။
“ဒီသခင်က နည်းနည်းတော့ အားနည်းနေသေးတယ်… သူ့မှာ ထက်ရှမှုလည်း သိပ်မရှိဘူး… သူက ဒီလိုမျိုး အနိုင်ကျင့်ခံနေရတာတောင်မှ ပြန်ပြီးတော့ မတိုက်ခိုက်ရဲဘူး”
သို့သော်လည်း သူက အတော်လေး ကြင်နာတတ်ပြီး အားနည်းသူများကို အနိုင်မကျင့်ပေ။
ဆူဇီမိုက တစ်ချိန်လုံး စကားပြောဆိုခြင်း မရှိဘဲ မှင်သေသေဖြင့်သာ ရှိနေ၏။
ပြီးခဲ့သည့် ဆယ်နှစ်အတွင်း အဆိပ်ငါးမျိုးနန်းတော်သည် ရင်းမြစ်ကျောက်တုံးများ ကောက်ခံဖို့အတွက် ရောက်ရှိလာစဉ် သူက အတော်လေး သဘောမကျဖြစ်ခဲ့သော်လည်း သူသည် တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ ရှုလွေနှင့်အခြားသူများကို လုပ်ထုံးလုပ်နည်းအတိုင်း ပြုလုပ်ခိုင်းထားခဲ့လေသည်။
ပထမအချက်၊ သူသည် လုံလောက်အောင် သန်မာမှု မရှိသေးပေ။ သူ့အနေဖြင့် ဤကိစ္စနှင့်ပတ်သက်ပြီး အဆိပ်ငါးမျိုးနန်းတော်နှင့် ရန်သူများဖြစ်လာဖို့က တကယ်ပင် ဉာဏ်ရှိရာမကျပေ။
သူက ရှင်သန်နိုင်မည်ဆိုလျှင်တောင် ကစဉ့်ကလျားနန်းတော်မှ လူတိုင်းက သေဘေးကနေ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
သူ့အတွက်တော့ အရေးကြီးဆုံးအရာသည် ကျင့်ကြံဖို့အတွက် အချိန်ဆွဲထားပြီး သူ၏ကျင့်ကြံမှုနယ်ပယ်ကို မြှင့်တင်ဖို့ပင်။
ဒုတိယအချက်၊ ရင်းမြစ်ကျောက်တုံး ၃၀ရာခိုင်နှုန်းသာ ကျန်ရှိသည်ဆိုလျှင်တောင် သူ၏အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာရှိနေသရွေ့ သူသည် ဘေးပတ်ဝန်းကျင်ရင်းမြစ်ချီကို အမြင့်ဆုံးအတိုင်းအတာအထိ စုစည်းနိုင်ပြီး ကစဉ့်ကလျားနန်းတော်မှ လူတိုင်းကို ကျင့်ကြံနိုင်ဖို့အတွက် ကူညီပေးနိုင်လေသည်။
အနည်းဆုံးတော့ ကစဉ့်ကလျားနန်းတော်မှ လူတိုင်းမှာ ကျင့်ကြံရေးရင်းမြစ်များ ပြတ်လပ်နေမည် မဟုတ်ပေ။
“နန်းတော်အရှင်… ခင်ဗျား ဒီတစ်ခေါက် ကျုပ်တို့ကို ဆင့်ခေါ်လိုက်တာ ခင်ဗျားမှာ တခြားအစီအစဉ်တွေ ရှိလို့လား”
ယန်မိုက မေးလိုက်၏။
ဆူဇီမိုက ပြောလိုက်သည်။
“ငါက မင်းတို့တွေကို ဒီကိစ္စ ခေါ်ယူအသိပေးတာပဲ… ရင်းမြစ်ကျောက်တုံး ၇၀ရာခိုင်နှုန်းကို ပုံမှန်အတိုင်းပေးဆောင်ဖို့ မင်းတို့ကို သတိပေးလိုက်တာလည်းဖြစ်တယ်… လောလောဆယ်မှာ အဆိပ်ငါးမျိုးနန်းတော်နဲ့ ပဋိပက္ခမဖြစ်စေနဲ့ဦး”
ယန်မိုနှင့် အခြားသူများက နှုတ်ဆိတ်သွား၏။
သူတို့သည် ငယ်ရွယ်စဉ်ကတည်းက မိုးမြေဖန်တီးခြင်းကားချပ်ထဲမှာ ကျင့်ကြံခဲ့ကြပြီး မည်သည့်အထိနာမှုနှင့်မှ မကြုံတွေ့ခဲ့ရဖူးပေ။ သူတို့အားလုံးသည် ဂုဏ်ယူဝင့်ကြွားကြပြီး အဆိပ်ငါးမျိုးနန်းတော်ကို ကြောက်ရွံ့မနေကြပေ။
တကယ်တော့ အဆိပ်ငါးမျိုးနန်းတော်မှာ သူတို့ကို ထိန်းသိမ်းစောင့်ရှောက်ပေးနေသည့် တာအိုသာလွန်သူတစ်ဦးရှိသည်ကို သူတို့၏ ရင်ထဲမှာ သိရှိထားကြ၏။
မိုးမြေဖန်တီးခြင်းကားချပ်ထဲမှ တာအိုသာလွန်သူများက ထွက်မလာနိုင်ဘူးဆိုမှတော့ သူတို့သည် အဆိပ်ငါးမျိုးနန်းတော်ကို လှဲချနိုင်မည် မဟုတ်ပေ။
ဆူဇီမိုက ဆက်ပြောလိုက်သည်။
“နောက်ပြီး ကစဉ့်ကလျားနန်းတော်က သိမ်းပိုက်ထားတဲ့ ပိုင်နက်နယ်မြေတွေက ကောင်းကောင်းလုံလောက်နေပြီ… ဆက်ပြီးတော့ မချဲ့ထွင်နဲ့တော့”
“ဘာလို့လဲ”
ယန်မိုက ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။ သူ၏ လေသံကပင် ပြောင်းလဲလာလေသည်။
သူတို့အနေဖြင့် ဆူဇီမို၏ အစီအစဉ်အတိုင်း လိုက်နာပြီး သူတို့၏ ရင်းမြစ်ကျောက်တုံး ၇၀ရာခိုင်နှုန်းကို ပေးဆောင်ဖို့က အဆင်ပြေသေးလေသည်။
သို့သော် ယခု သူတို့ကို ပိုင်နက်နယ်မြေများ ချဲ့ထွင်ဖို့ပင် ခွင့်ပြုမပေးတော့ပေ။
ယန်မိုက လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ကျုပ်တို့က နှစ်စဉ်နှစ်တိုင်း ရင်းမြစ်ကျောက်တုံး ၇၀ရာခိုင်နှုန်းကို ပေးဆောင်ရတယ်… ကျုပ်တို့မှာ အစကတည်းက ကျင့်ကြံရေးရင်းမြစ် များများစားစား ရှိတာမဟုတ်ဘူး… ကျုပ်တို့က တတိယတန်းစား အဖွဲ့အစည်းတွေကိုလည်း အတင်းအဓမ္မ မသိမ်းယူနိုင်ဘူးဆိုမှတော့ ကျုပ်တို့က တခြားဒုတိယတန်းစား အဖွဲ့အစည်းတွေရဲ့ ပိုင်နက်နယ်မြေတွေကို သိမ်းပိုက်ဖို့ပဲ ရှိတာပေါ့”
“နောက်ပြီး ဒီအရှေ့တောင်ဒေသကို အစကတည်းက ကျုပ်တို့အပင်မျိုးနွယ်က ပိုင်ဆိုင်ခဲ့တာပဲ”
“သူတို့ကို သိမ်းပိုက်ထားတဲ့ အပြင်လူတွေဆီကနေ ကျုပ်တို့က ပြန်ယူတာ ဖြစ်သင့်တာပဲ”
“အမှန်ပဲ… အဲဒီအပြင်လူတွေက နှစ်ပေါင်းများစွာ ကျုပ်တို့ကို အနိုင်ကျင့်လာခဲ့တာ… ကျုပ်တို့က သူတို့ကို မောင်းထုတ်သင့်တာ ကြာပြီ”
“နန်းတော်အရှင်… သူတို့ကို ဘာလို့ သနားညှာတာနေတာလဲ”
အခြားသော ကောင်းကင်ဘုံသာလွန်သူပညာရှင်များကလည်း တစ်ယောက်ပြီးတစ်ယောက် ပြောဆိုလာကြ၏။
ဆူဇီမို၏ အမူအရာက ပြောင်းလဲမသွားဘဲ ပြောလိုက်၏။
“အခုအချိန်မှာ ကစဉ့်ကလျားနန်းတော်က ပေါင်းမိုးပြည်နယ်မှာ အကြီးမားဆုံး ဒုတိယတန်းစား အဖွဲ့အစည်း ဖြစ်နေပြီ… မင်းတို့တွေက ဆက်ပြီးတော့ ချဲ့ထွင်မယ်ဆိုရင် အဆိပ်ငါးမျိုးနန်းတော်က ငါတို့ကို သေချာပေါက် စောင့်ကြည့်လာတော့မယ်… နောက်ပိုင်း ပြဿနာတွေပါ တက်လာနိုင်တယ်”
“ဟမ်…”
အန္တိမကောင်းကင်ဘုံသာလွန်သူတစ်ဦးက အေးစက်စွာ ပြောလိုက်၏။
“ကျုပ်တို့ ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာက အဆိပ်ငါးမျိုးနန်းတော်လောက်ကို ကြောက်နေရမှာလား”
သူတို့သည် မိုးမြေဖန်တီးခြင်းကားချပ်ထဲမှာ တစ်နှစ်ပတ်လုံး ကျင့်ကြံခဲ့ပြီး သူတို့၏ ပတ်ဝန်းကျင်မှာ တာအိုသာလွန်သူပညာရှင်များ ရာချီရှိနေခဲ့ကြ၏။ ထို့ကြောင့် သူတို့သည် အဆိပ်ငါးမျိုးနန်းတော်ကို လုံးဝ အတည်အတံ့မှတ်ယူမထားပေ။
သို့သော်လည်း ဤတာအိုသာလွန်သူပညာရှင်များက ယခုအချိန်မှာ သူတို့ကို မည်သည့်အကူအညီမှ မပေးနိုင်ပေ။
ဆူဇီမိုအတွက်တော့ သူသည် သူ၏ ကျင့်ကြံမှုနယ်ပယ်မှာ ဆက်လက်တက်လှမ်းပြီး တာအိုသာလွန်သူပညာရှင်များကို ထုတ်ပေးနိုင်မှသာ သူက အဆိပ်ငါးမျိုးနန်းတော်နှင့် တိုက်ခိုက်နိုင်မည်ဖြစ်သည်။
ဤအချိန်အတောအတွင်းမှာ အဆိပ်ငါးမျိုးနန်းတော်နှင့် ပဋိပက္ခဖြစ်ဖို့က မသင့်လျော်ပေ။
“ဒါက သင့်လျော်တဲ့ အစီအစဉ်တစ်ခုပဲ”
ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။
“အားလုံးပဲ… မင်းတို့ လုပ်စရာရှိတာက ငါ့ရဲ့အမိန့်အတိုင်း လိုက်နာဖို့ပဲ”
အန္တိမကောင်းကင်ဘုံသာလွန်သူတချို့သည် မချင့်မရဲဖြစ်နေသေးပြီး ယန်မိုကို အလိုလိုလှည့်ကြည့်လိုက်ကြ၏။
မည်သို့ပင်ဆိုစေ ယန်မိုသည် မိုးမြေဖန်တီးခြင်းကားချပ်ထဲမှာ အနှိုင်းမဲ့ကောင်းကင်ဘုံသာလွန်သူဖြစ်ပြီး ကောင်းကင်ဘုံသာလွန်သူပညာရှင်များကြားမှာ ကြီးမားသော ဩဇာတိက္ကမ ရှိလေသည်။
“နားလည်ပါပြီ”
သူက မချင့်မရဲဖြစ်နေသော်လည်း ယန်မိုက တစ်စုံတစ်ရာပြောဆိုခြင်း မရှိပေ။
မည်သို့ပင်ဆိုစေ မိုးမြေဖန်တီးခြင်းကားချပ်ထဲမှာ သူတို့သည် ဆူဇီမို၏ အမိန့်ကို မနာခံဘဲ မနေဖို့ အဓိပတိသာလွန်သူလင်းမင်က သူတို့ကို သတိပေးထားခဲ့လေသည်။
ယန်မိုနှင့် အခြားသော ကောင်းကင်ဘုံသာလွန်သူပညာရှင်များက တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ရပ်ပြီး ထွက်ခွာသွားကြ၏။
ဆူဇီမိုက စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။
အနည်းဆုံးတော့ သူသည် လာမည့်အချိန်အတောအတွင်း အေးအေးဆေးဆေး ကျင့်ကြံနိုင်တော့မည်ဖြစ်သည်။