အထွတ်အမြတ်ခိုလှုံရာ ရှစ်ခု
Vol. 216 Ch. 3279
အသင်္ချေတောကောင်တောင်ကြောရိုး အပြင်ဘက်မှာ…
ကောင်းကင်ဘုံသာလွန်သူများက တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြ၏။ သူတို့ထဲမှ တချို့က မချင့်မရဲနှင့် မကျေမနပ်ဖြစ်နေကြဆဲပင်။
“စီနီယာအစ်ကိုရန်... ကျုပ်တို့တွေက တကယ်ပဲ နန်းတော်အရှင်ရဲ့အမိန့်ကို နာခံပြီး ပိုင်နက်နယ်မြေကို ဆက်ပြီး မချဲ့ထွင်တော့ဘူးလား”
စကားပြောလိုက်သောလူက လီဟန်ဟုခေါ်သော အန္တိမကောင်းကင်ဘုံသာလွန်သူတစ်ဦးပင် ဖြစ်သည်။
မိုးမြေဖန်တီးခြင်းကားချပ်ထဲမှာ သူတို့တချို့သည် ညီအစ်ကိုများကဲ့သို့ ရင်းနှီးခဲ့ကြပြီး သွေးသောက်မိတ်ဆွေများ ဖြစ်ခဲ့ကြ၏။
သူတို့ထဲမှာ ယန်မိုက ခေါင်းဆောင်ဖြစ်သည်။
“အဆင့်ငါးမျိုးနန်းတော်က တကယ့်ကို လွန်လွန်းတယ်”
စကားပြောလိုက်သောသူက ချိုက်ဝေဟုခေါ်သော ချောမောလှပသည့် အမျိုးသမီးတစ်ဦးဖြစ်၏။ သူမကလည်း အန္တိမကောင်းကင်ဘုံသာလွန်သူတစ်ဦးပင် ဖြစ်သည်။
ချိုက်ဝေက ပြောလိုက်၏။
“ဒါပေမဲ့ နန်းတော်အရှင် ပြောတာကလည်း အဓိပ္ပာယ်ရှိတယ်… ဒီကိစ္စကြောင့် အဆင့်ငါးမျိုးနန်းတော်နဲ့ ပဋိပက္ခတစ်ခု ဖြစ်ပွားမယ်ဆိုရင် ကျွန်မတို့တွေက လက်ရှိခွန်အားနဲ့ ခုခံနိုင်မှာ မဟုတ်ဘူး”
“ဟမ့်...”
လီဟန်က ဒေါသတကြီး ပြောလိုက်၏။
“ငါကလည်း အဲဒါကို ခေါင်းငုံ့မခံချင်ရုံပါ… ဒါပေမဲ့ နန်းတော်အရှင်က နည်းနည်းတော့ သတ္တိကြောင်လွန်းတယ်… တကယ်ဆို ငါတို့တွေက သူ့ကို ငါတို့ရဲ့သခင်အဖြစ် လက်ခံထားရတာ ငါသိပ်မကျေနပ်ဘူး”
“သူက မိုးမြေဖန်တီးခြင်းကားချပ်ရဲ့ အသိအမှတ်ပြုမှုကိုရရှိဖို့ ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းရဲ့ မျိုးဆက်သွေးကို မှီခိုထားရုံပဲ… အဲဒါကလွဲရင် ကျင့်ကြံမှုနယ်ပယ်မှာပဲဖြစ်ဖြစ်၊ တိုက်ခိုက်ရည်ခွန်အားမှာပဲဖြစ်ဖြစ်၊ ဩဇာတိက္ကမမှာပဲဖြစ်ဖြစ်၊ သူက စီနီယာအစ်ကိုယန်ကို ဘယ်လိုယှဉ်နိုင်မှာလဲ”
“လီဟန်…”
ယန်မိုက အော်ငေါက်ပြီး ခေါင်းခါပြလိုက်၏။
“ဒီစကားကို နောက်ထပ် မပြောမိစေနဲ့”
သူက ထိုသို့ပြောလိုက်သော်လည်း သူသည်လည်းပဲ ဤသခင်ကို အမှန်တကယ်အသိအမှတ်ပြု လက်ခံထားခြင်းမရှိပေ။
ယန်မိုက ပြောလိုက်၏။
“နန်းတော်အရှင်က လောလောဆယ် အလျှော့ပေးထားရုံပဲ ဖြစ်မှာပါ… သူ့ရဲ့ အမြုတေစိတ်ဝိညာဉ်နယ်ပယ်က တာအိုကြီးစိုးမှုနယ်ပယ်ကို တက်လှမ်းလာတာနဲ့ သူက ငါတို့ဆရာနဲ့ တခြားသူတွေကို ထုတ်ပေးပြီးရင် သူ့မှာ နောက်ထပ်အစီအစဉ်တွေ ရှိနေလိမ့်မယ်”
“ကျုပ်တို့က ဘယ်အချိန်ထိ စောင့်ရမယ်ဆိုတာ ဘယ်သူသိမှာလဲ”
လီဟန်က နှုတ်ခမ်းမဲ့ကာ ပြောလိုက်၏။
“စီနီယာအစ်ကိုယန်... ခင်ဗျားက သူ့ထက်အရင် တာအိုကြီးစိုးမှုနယ်ပယ်ကို ရောက်မယ်လို့တောင် ကျုပ်ထင်တယ်”
ယန်မိုက မှင်သေသေဖြင့်ပြုံးပြီး အဝေးကို ငေးကြည့်နေ၏။
တည်ကြည်ခိုင်မာသော အကြည့်နှင့်အတူ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ငါတို့ထဲက ဘယ်သူပဲ ရှေ့ကိုရောက်ရောက် ငါတို့က ကစဉ့်ကလျားနန်းတော်ရဲ့ သမိုင်းကို ပြန်ပြီးတော့ ရေးထိုးနိုင်ရမယ်”
ဆူဇီမိုသည် သူ၏ လိုဏ်ဂူခန်းဝါသို့ ပြန်လည်ရောက်ရှိသောအခါ သူသည် ချက်ချင်းမကျင့်ကြံပေ။ ထို့အစား သူသည် မိုးမြေဖန်တီးခြင်းကားချပ်ထဲသို့ ဝင်ရောက်လိုက်၏။
မိုးမြေဖန်တီးခြင်းကားချပ်နှင့် ပတ်သက်၍ သူ့မှာ မေးခွန်းများစွာ ရှိနေဆဲဖြစ်၏။
“သခင်...”
ဆူဇီမို ဆင်းသက်လာသည်ကို အာရုံခံမိပြီး အဓိပတိသာလွန်သူလင်းမင်နှင့် အခြားသူများက တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာကြ၏။
“အရင်တုန်းက မဟာကမ္ဘာတစ်ထောင်လောကမှာ ဖြစ်ပွားခဲ့တဲ့ ဝရုန်းသုန်းကား အခြေအနေနဲ့ ပတ်သက်ပြီး ခင်ဗျားတို့တွေ ဘယ်လောက်သိထားလဲ”
ဆူဇီမို၏ ကျင့်ကြံမှုနယ်ပယ်က အဆက်မပြတ် မြင့်တက်လာစဉ် ကိစ္စများစွာသည် လွန်ခဲ့သည့် နှစ်ပေါင်းခြောက်ဘီလီယံကျော်က ဖြစ်ပွားခဲ့သည့် ကြီးမားသော ဝရုန်းသုန်းကား အခြေအနေနှင့် ပတ်သက်ဆက်စပ်နေသည်ကို သူက နားလည်သဘောပေါက်လာ၏။
ကစဉ့်ကလျား အစိမ်းရောင်ကြာပန်း ကြွေမွခြင်း၊ ကစဉ့်ကလျား အထွတ်အမြတ်ခိုလှုံရာ ဖျက်ဆီးခံရခြင်း၊ မိစ္ဆာအရှင် ဧကရီဆိုးယုတ်နှင့် အခြားသူများ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ကျဆင်းလာခြင်း၊ ကောင်းကင်ဘုံခုံရုံးမှ အရှင်များ ဆင်းသက်လာခြင်းနှင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ချိပ်ပိတ်ခြင်း...။
“အတိအကျ အကြောင်းရင်းကိုတော့ ကျုပ်တို့လည်း မသိဘူး”
အဓိပတိသာလွန်သူလင်းမင်က ပြောလိုက်၏။
“အဲဒီဝရုန်းသုန်းကား အခြေအနေက မဟာကမ္ဘာတစ်ထောင်လောကရဲ့ သူတော်စင်တွေအပေါ် သက်ရောက်မှု ရှိခဲ့တယ်… အထွတ်အမြတ်ခိုလှုံရာ ရှစ်ခုနဲ့ လောကမှာရှိတဲ့ သက်ရှိတွေ အားလုံးက သက်ရောက်ခံလိုက်ရတယ်… ကျုပ်တို့တွေက အဲဒီမှာ တိုက်ရိုက်ပါဝင်ဖို့ အဆင့်မမီခဲ့ဘူး… ကျုပ်တို့တွေက ပေါ်ထွက်လာတဲ့ လှိုင်းဂယက်တွေကနေ ထိခိုက်ခံစားခဲ့ရရုံပဲ”
တာအိုသာလွန်သူပညာရှင်များပင်လျှင် အကြောင်းရင်းကို မသိရှိကြပေ။
“အထွတ်အမြတ်ခိုလှုံရာ ရှစ်ခုလား...”
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး မေးလိုက်၏။
“ကစဉ့်ကလျား အထွတ်အမြတ်ခိုလှုံရာအပြင် တခြားအထွတ်အမြတ်ခိုလှုံရာ ခုနစ်ခုက ဘာတွေလဲ”
အဓိပတိသာလွန်သူလင်းမင်က ပြောလိုက်၏။
“လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဘီလီယံကျော်က ဖွဲ့စည်းပုံမှာ အရှေ့ဘက်မှာ နတ်ဘုရားအပြစ်ဒဏ် အထွတ်အမြတ်ခိုလှုံရာ ရှိတယ်… တောင်ဘက်မှာ ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာ၊ အနောက်ဘက်မှာ ထွက်ရပ်လမ်းအထွတ်အမြတ်ခိုလှုံရာနဲ့ မြောက်ဘက်မှာ ယင်ယန်အထွတ်အမြတ်ခိုလှုံရာ ရှိတယ်”
“အရှေ့မြောက်အရပ်မှာတော့ လေဟာနယ်အချိန် အထွတ်အမြတ်ခိုလှုံရာ၊ အနောက်တောင်အရပ်မှာ ဘဝအထွတ်အမြတ်ခိုလှုံရာနဲ့ အနောက်မြောက်အရပ်မှာ ပြန်ဝင်စားခြင်း အထွတ်အမြတ်ခိုလှုံရာ ရှိတယ်”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
သူရောက်ရှိနေသော အရှေ့တောင်ဘက်ရှိ ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာ အပါအဝင် အထွတ်အမြတ်ခိုလှုံရာ ရှစ်ခု ရှိခဲ့သည်။
အဓိပတိသာလွန်သူလင်းမင်က ဆက်ပြောလိုက်၏။
“ဒါပေမဲ့ ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာအပြင် ဘဝအထွတ်အမြတ်ခိုလှုံရာနဲ့ ပြန်ဝင်စားခြင်း အထွတ်အမြတ်ခိုလှုံရာကလည်း အဲဒီကြီးမားတဲ့ ဝရုန်းသုန်းကားအခြေအနေမှာ အပြင်းအထန် ပျက်စီးထိခိုက်သွားခဲ့တယ်… သူတို့တွေလည်း ဖျက်ဆီးခံခဲ့ရလောက်ပြီ”
ဝရုန်းသုန်းကားအခြေအနေတစ်ရပ်သည် မဟာကမ္ဘာတစ်ထောင်လောက၏ အထွတ်အမြတ်ခိုလှုံရာသုံးခုကို ဖျက်ဆီးခဲ့လေသည်။
ကြည့်ရသည်မှာ မိစ္ဆာအရှင် ဧကရီဆိုးယုတ်နှင့် အခြားသူများသည် ဖျက်ဆီးခံခဲ့ရသည့် အခြားသော အထွတ်အမြတ်ခိုလှုံရာနှစ်ခုနှင့် ပတ်သက်ဆက်စပ်နေနိုင်သည်။
တကယ်ဆို သွေးပင်လယ်၏ အပျက်အစီးနယ်မြေရှိ အနက်ရောင်ဝတ်အမျိုးသားပင် သူတို့ထဲမှတစ်ယောက် ဖြစ်နိုင်သည်။
“ပြန်ဝင်စားခြင်း လမ်းခြောက်သွယ်...”
ရုတ်တရက် တမလွန်ဘုံမှာ သူတွေ့မြင်ခဲ့ရသည့် မနှိုင်းယှဉ်သာအောင် တုန်လှုပ်စရာကောင်းသော လမ်းခြောက်သွယ်ချောက်နက်သည် ဆူဇီမို၏ စိတ်ထဲမှာ ဖျတ်ခနဲပေါ်ထွက်လာ၏။ ၎င်းက အရာရာကို ဝါးမျိုးနိုင်သည့်အလားပင်။
“သူတော်စင်အရှင် ပြန်ဝင်စားခြင်း...”
ဆူဇီမိုက ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားပြီး ရင်တစ်ချက်ထိတ်သွား၏။
ခဏမျှ စဉ်းစားပြီးနောက် ဆူဇီမိုက ထပ်မံ၍ မေးလိုက်၏။
“အဲဒီလူတွေကို သူတော်စင်အရှင်တွေလို့ ခေါ်တယ်ဆိုတော့… အဲဒါက အထွတ်အမြတ်ခိုလှုံရာတွေရဲ့ အရှင်အဖြစ် သူတို့ရဲ့ အဆင့်အတန်းကို ရည်ညွှန်းတာလား… ဒါမှမဟုတ် သူတော်စင်နယ်ပယ်ရဲ့ အထက်က ကျင့်ကြံမှုနယ်ပယ်တစ်ခုလား”
“အဲဒါက အထွတ်အမြတ်ခိုလှုံရာရဲ့ အရှင်တွေကို အလွယ်တကူ ခေါ်တဲ့ ဘွဲ့နာမ်စားတစ်ခုပဲ”
အဓိပတိသာလွန်သူလင်းမင်က ပြောလိုက်၏။
“ဒါပေမဲ့ သူတော်စင်အရှင် ရှစ်ပါးစလုံးက သူတော်စင်နယ်ပယ်ရဲ့ အထက်မှာ ရှိကြတယ်… အဲဒီနယ်ပယ်မှာရှိတဲ့ ပညာရှင်တွေကို မဟာသူတော်စင်တွေလို့ ခေါ်တယ်”
“သက်ရှိတစ်ဦးက မဟာတာအိုနဲ့ ပေါင်းစည်းပြီး သူတော်စင်တစ်ပါး ဖြစ်လာတဲ့အခါ သူတို့တွေကို ခွဲခြားလို့မရတော့ဘူး… အဲဒါက သူတော်စင်တစ်ပါးရဲ့ ထာဝရအသက်ကို ရရှိတဲ့ လျှို့ဝှက်ချက်ပဲ… မဟာတာအိုက ဖျက်ဆီးမခံရသရွေ့ သူတော်စင်တစ်ပါးက သေဆုံးသွားမှာ မဟုတ်ဘူး”
“သူတော်စင်တစ်ပါးရဲ့ ဝိညာဉ်က ခြေမွှဖျက်ဆီးခံရမယ်ဆိုရင်တောင် မဟာတာအို ရှိနေသေးသရွေ့ အဲဒီသူတော်စင်က မဟာတာအိုရဲ့ စွမ်းအားကို အသုံးချပြီး ပြန်လည်ရှင်သန်လာနိုင်တယ်… သူက သူ့ရဲ့အထွတ်အထိပ်ကို ပြန်ရောက်လာနိုင်တယ်”
ဆူဇီမိုက အသိအမှတ်ပြု ခေါင်းညိတ်လိုက်၏။
ထိုအခိုက်အတန့်မှသာ သူသည် ထာဝရအသက်၏ လျှို့ဝှက်ချက်ကို အမှန်တကယ် နားလည်သဘောပေါက်သွားခြင်းဖြစ်သည်။
လူတစ်ယောက်သည် မဟာတာအိုအဖြစ် အသွင်ပြောင်းလဲပြီး သူတော်စင်တစ်ပါး ဖြစ်လာသည်နှင့် သူတို့က ထာဝရရှင်သန်နိုင်ပေလိမ့်မည်။
“မဟာသူတော်စင်တွေက ဘယ်လိုမျိုးလဲ”
ဆူဇီမိုက ထပ်မံ၍ မေးလိုက်၏။
အဓိပတိသာလွန်သူလင်းမင်က ပြန်ဖြေလိုက်၏။
“မဟာသူတော်စင်တွေမှာ တာအိုကို ဖျက်ဆီးနိုင်တဲ့ စွမ်းအားရှိတယ်လို့ ဆိုတယ်… သူတော်စင်တွေ တိုက်ခိုက်တဲ့အခါ သူတို့တွေက တစ်ဖက်ကိုတစ်ဖက် လုံးလုံးလျားလျား မသတ်ဖြတ်နိုင်ကြဘူး… သူတော်စင်တစ်ပါးရဲ့ စွမ်းအားက မဟာတာအိုကို ဖျက်ဆီးဖို့အတွက် မလုံလောက်ဘူး… တစ်ဖက်လူက သေဆုံးသွားမယ်ဆိုရင်တောင် သူက ပြန်ပြီးတော့ မွေးဖွားလာနိုင်သေးတယ်”
ဒါပေမဲ့ မဟာသူတော်စင်တွေကတော့ မဟာတာအိုကို ဖျက်ဆီးနိုင်တဲ့စွမ်းအား ပိုင်ဆိုင်ထားတယ်”
ဆူဇီမိုက နားလည်သဘောပေါက်သွား၏။
တစ်နည်းအားဖြင့်ဆိုသော် မဟာသူတော်စင်တစ်ပါးက ဝင်ရောက်တိုက်ခိုက်ပြီး တစ်ဖက်သူ ပေါင်းစည်းထားသော မဟာတာအိုကို လောကကနေ ဖျောက်ဖျက်ပစ်မည်ဆိုလျှင် တစ်ဖက်သူက ဘယ်တော့မှ ပြန်လည်ရှင်သန်လာတော့မည် မဟုတ်ပေ။
သူတော်စင်များသည် ထာဝရအသက်ကို ပိုင်ဆိုင်ပြီး အဆုံးမဲ့ဘဝသက်တမ်း ရှိသော်လည်း သူတို့က ဘယ်တော့မှ မသေဆုံးနိုင်ဟု မဆိုလိုပေ။
အရင်တုန်းက သူတော်စင်အရှင် ရှစ်ပါးကတော့ သူတို့အားလုံးသည် မဟာသူတော်စင်များဖြစ်ပြီး သူတော်စင်များကို သတ်ဖြတ်နိုင်သည့်စွမ်းအား ပိုင်ဆိုင်ခဲ့ကြ၏။
သူတို့သည် ဤနယ်ပယ်အထိ ကျင့်ကြံထားခဲ့ပြီဖြစ်ပြီး သုံးဘုံလောက၏ အထွတ်အထိပ်တည်ရှိမှုများဟု ဆိုနိုင်သည်။ ဘာကြောင့် သူတို့ကြားမှာ ဤကဲ့သို့သော ပြင်းထန်ကြမ်းတမ်းသည့် ပဋိပက္ခတစ်ခု ဖြစ်ပွားပြီး သုံးဘုံလောကကို ရိုက်ခတ်ခဲ့သည့် ကြီးမားသော ဝရုန်းသုန်းကား အခြေအနေတစ်ရပ်ကို ဖြစ်စေခဲ့တာလဲ။
သူ၏ ခန့်မှန်းချက် မှန်ကန်မည်ဆိုလျှင် ကောင်းကင်ဘုံခုံရုံးကို တည်ဆောက်ခဲ့သော ကောင်းကင်ဘုံခုံရုံးမှ အရှင်ကိုးပါးသည် အခြားသော အထွတ်အမြတ်ခိုလှုံရာငါးခုမှ သူတော်စင်များ ဖြစ်ကြပေမည်။
သူတို့၏ အစစ်အမှန်ရည်ရွယ်ချက်သည် မိစ္ဆာအရှင်ဧကရီဆိုးယုတ်နှင့် အခြားသူများ မဟာကမ္ဘာတစ်ထောင်လောကသို့ ပြန်မလာစေရန် ချိပ်ပိတ်ထားခြင်းဖြစ်သည်။
သို့သော်လည်း မိစ္ဆာအရှင်ဧကရီဆိုးယုတ်နှင့် အခြားသူများသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ကျဆင်းသွားပြီဆိုမှတော့ သူတော်စင်အရှင် ရှစ်ပါးသည် အနာဂတ်ပြဿနာကို တားဆီးဖို့အတွက် သူတို့ကို ဘာကြောင့် လုံးလုံးလျားလျား ဆင်းပြီးမသတ်ဖြတ်ခဲ့တာလဲ။
ဤကိစ္စနှင့်ပတ်သက်၍ မေးခွန်းများစွာ ရှိနေဆဲဖြစ်၏။
သို့သော်လည်း အဓိပတိသာလွန်သူလင်းမင်၏ အဆင့်မှာရှိသော ပညာရှင်များသည် ဤကဲ့သို့သော အသိပညာနှင့် ထိတွေ့မိနိုင်မည် မဟုတ်ပေ။
“ကျုပ်က မိုးမြေဖန်တီးခြင်းကားချပ်ထဲမှာ သူတော်စင်နယ်ပယ်ကို ဘာကြောင့် မတက်လှမ်းနိုင်တာလဲ”
ဆူဇီမိုက မေးလိုက်၏။
အဓိပတိသာလွန်သူလင်းမင်က ပြောလိုက်၏။
“မိုးမြေဖန်တီးခြင်းကားချပ်က ဘာပဲပြောပြော သူတော်စင်တစ်ပါးရဲ့လက်နက်ပဲ… သူ့မှာ ကန့်သတ်မှုတွေ ရှိနေတယ်… အထဲမှာ လောကတစ်ခုရှိပြီး ဖန်တီးခြင်းပါဝင်တယ်ဆိုရင်တောင် အဲဒါကို မဟာကမ္ဘာတစ်ထောင်သုံးဆင့်လောကရဲ့ အစက်အပြောက်တစ်ခုလို့ပဲ ဆိုနိုင်တယ်”
“မဟာတာအိုသုံးထောင်ကလည်း အထဲမှာ ပါဝင်တယ်… ဒါပေမဲ့ ပြီးပြည့်စုံတဲ့ မဟာတာအိုနဲ့ ပေါင်းစည်းဖို့ဆိုတာ မဟာကမ္ဘာတစ်ထောင်လောကကို ပြန်ရောက်မှပဲ ဖြစ်နိုင်လိမ့်မယ်”
ဆူဇီမိုက တိတ်တဆိတ် စဉ်းစားတွေးတောနေ၏။
သူသည် မိုးမြေဖန်တီးခြင်းကားချပ်ကို သန့်စင်ထားခဲ့ပြီဖြစ်ပြီး အထဲမှာရှိသော ကစဉ့်ကလျားချီတစ်စက ကစဉ့်ကလျားလောကထဲသို့ ပေါင်းစည်းသွားခဲ့ပြီဖြစ်၏။
မိုးမြေဖန်တီးခြင်း ကားချပ်၏ မူလရည်ရွယ်ချက်သည် လက်နက်တစ်ခုမျှသာ မဟုတ်လောက်ဟု သူက ခံစားမိနေ၏။
“ခင်ဗျားတို့တွေ ကုသိုလ်ရွှေကြာပန်းနဲ့ ကမ္ဘာပျက် အနက်ရောင်ကြာပန်းကို ကြားဖူးကြလား”
ဆူဇီမိုက မေးလိုက်၏။
အဓိပတိသာလွန်သူလင်းမင်နှင့် အခြားသူများသည် ကစဉ့်ကလျား အစိမ်းရောင်ကြာပန်းနှင့် ပတ်သက်၍ ဘာမှမသိရှိဘူးဆိုမှတော့ သူတို့သည် ကုသိုလ်ရွှေကြာပန်းနှင့် ကမ္ဘာပျက် အနက်ရောင်ကြာပန်းနှင့် ပတ်သက်၍လည်း မသိရှိဖို့ များလေသည်။
သို့သော်လည်း ထိုကြာပန်းနှစ်ခုသည် ဆူဇီမိုအတွက် အလွန်တရာ အရေးပါနေ၏။
သူ၏ကျင့်ကြံမှုကို မြှင့်တင်ဖို့ အမြန်ဆုံးနည်းလမ်းမှာ ကျန်ရှိနေသော ကြာပန်းနှစ်ခုနှင့် ပေါင်းစည်းရန် ဖြစ်လေသည်။
သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေး တိုးတက်လာမှုက အကျိုးမြတ်များထဲမှ တစ်ခုသာဖြစ်၏။
ထိုသို့ ပေါင်းစည်းပြီးနောက် သူသည် ပြီးပြည့်စုံသော မျိုးဆက်မှတ်ဉာဏ်ကို ရရှိနိုင်မည် ဖြစ်သည်။
ထိုမှတ်ဉာဏ်များနှင့်အတူ သူသည် အားထုတ်မှုတစ်ဝက်နှင့် ကစဉ့်ကလျားမဟာတာအိုကို နားလည်ဆင်ခြင်နိုင်လိမ့်မည်ဖြစ်ပြီး အရာရာတိုင်းက အစီအစဉ်တကျ ဖြစ်လာပေလိမ့်မည်။
အဓိပတိသာလွန်သူလင်းမင်နှင့် အခြားသူများက ငေးငိုင်နေသော အမူအရာဖြင့် ခေါင်းခါပြလိုက်ကြ၏။