အခန်း (၁၉၅၁)
Vol. 136 Ch. 1951
ကျန်းချန် ရင်ထဲတွင် ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။
မဟာနဂါးကျောက်တိုင်သည် သူတော်စင်နဂါးဘုရင် ပိုင်ဆိုင်ထားသော လျှို့ဝှက်ချက်နှင့် အမှန်တကယ်ပင် ဆက်စပ်နေခဲ့သည်။
အနည်းငယ် စဥ်းစားပြီးနောက်တွင် ကျန်းချန်သည် မဟာနဂါးနန်းတော်၏ နန်းတော်ဝိညာဥ်စကားက မှန်ကန်နိုင်ခြေ အလွန်များကြောင်း ခံစားမိခဲ့သည်။
သူတော်စင်နဂါးဘုရင်သည် သူပိုင်ဆိုင်ထားသော လျှို့ဝှက်ချက်ကို ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုသို့ အပ်နှံရမည့်အစား မဟာနဂါးနယ်မြေကို အဖျက်ဆီးခံကာ ထိန်းသိမ်းခဲ့ပုံရ၏။
မဟာနဂါးနယ်မြေ ပျက်စီးသွားပြီးနောက်တွင် သူတော်စင်နဂါးဘုရင် ထိန်းသိမ်းထားခဲ့သည့် အရေးကြီးဆုံး အရာနှစ်ခုမှာ မဟာနဂါးနန်းတော်နှင့် မဟာနဂါး ကျောက်တိုင်တို့ ဖြစ်နိုင်ပေသည်။
သူတော်စင်နဂါးဘုရင်က ဤလျှို့ဝှက်ချက်ကို မဟာနဂါးနန်းတော်တွင်သာ ထားရှိခဲ့လျှင် မဟာနဂါးနန်းတော်၏ နန်းတော်ဝိညာဥ်သည် သတိမပြုမိစရာ အကြောင်းမရှိပေ။
ထို့ကြောင့် သူတော်စင်နဂါးဘုရင်၏ လျှို့ဝှက်ချက်သည် မဟာနဂါးကျောက်တိုင် ထဲတွင် ရှိနိုင်ဖွယ် အလွန်များ၏။
မဟာနဂါးကျောက်တိုင်သည် ဒဏ္ဍာရီလာ သန္ဓေတာအိုရတနာ တစ်ပါး ဖြစ်ပြီး ၎င်း၏ ဇာစ်မြစ်သည် အလွန်တရာမှပင် လျှို့ဝှက်ဆန်းကြယ်သည်။
မဟာနဂါးနန်းတော်၏ နန်းတော်ဝိညာဥ် ပင်လျှင် မဟာနဂါးကျောက်တိုင်နှင့် ပတ်သက်၍ အနည်းငယ်မျှသာ သိရှိထားခဲ့သည်။
ကျန်းချန်တွင် ကိုယ်ပိုင် ခံစားချက်တစ်ခု ရှိခဲ့သည်။
ယင်းမှာ မဟာနဂါးဘုရင် ပိုင်ဆိုင်သော လျှို့ဝှက်ချက်သည် မဟာနဂါး ကျောက်တိုင်တွင် ဝှက်ထားရုံသာမက မဟာနဂါးကျောက်တိုင် နှင့်လည်း နီးစပ်သော ဆက်နွှယ်မှု ရှိနိုင်ခြေ အလွန်များသော အချက်ပင်။
“စီနီယာ.. အခု ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေက လုံးဝ ပွင့်သွားပြီ ဆိုတော့ ဒီမဟာနဂါးကျောက်တိုင်ကို ဒီနေရာမှာ ချန်ထားခဲ့တာ အဆင်ပြေပါ့မလား”
သူက မဟာနဂါးကျောက်တိုင်နှင့် သူတော်စင်နဂါးဘုရင် ချန်ထားခဲ့သော လျှို့ဝှက်ချက်ကို ရယူရန် အရည်အချင်း မရှိသေးသော်လည်း ဤအရာကို တခြားသူများ အလွယ်တကူ ယူဆောင်သွားစေလိုခြင်း မရှိခဲ့ပေ။
မဟာနဂါးကျောက်တိုင်၏ ဇာစ်မြစ်သည် အလွန်တရာ ထူးခြားပြီး ထိုအထဲတွင် စိတ်လှုပ်ရှားဖွယ် အခွင့်အလမ်း တစ်စုံတစ်ရာကို ဝှက်ထားခြင်း ဖြစ်နိုင်၏။
နောင်တစ်ချိန် နတ်ဘုရင်အဆင့်ကို ဖြတ်ကျော်ပြီးလျှင် ကျန်းချန်သည် မဟာနဂါး ကျောက်တိုင်ကို ဖွင့်လှစ်ကာ မဟာနဂါးကျောက်တိုင် ထဲတွင် ဝှက်ထားသော လျှို့ဝှက်ချက်များကို စူးစမ်းရန် သေချာပေါက် ပြန်လာမည်ဟု ဆုံးဖြတ်ထားခဲ့သည်။
“အဆင်ပြေပါတယ်.. ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေဆီ ရောက်လာနိုင်တဲ့ လမ်းကြောင်း အားလုံးကို ငါဖျက်ဆီးပစ်လိုက်မယ်.. နောက်ပြီး မင်းက အရှင်ကြယ်စင်စုတို့ လူစုကို သတ်လိုက်ပြီပဲ.. နယ်မြေလေးခုက အခုအချိန်မှာ ပြင်းပြင်းထန်ထန် ထိခိုက်သွားပြီ ဆိုတော့ ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေကို စူးစမ်းနိုင်တော့မှာ မဟုတ်ဘူး.. ဒါ့အပြင် သန္ဓေတာအို နတ်လက်နက်တွေကို နတ်ဘုရင်အဆင့်ရဲ့စွမ်းအားနဲ့တောင် အလွယ်တကူ ရယူဖို့ မဖြစ်နိုင်ဘူး.. ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုက နတ်ကုန်းမြေတိုက်ရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အင်အားစု ဖြစ်နေရင်တောင် မဟာနဂါးကျောက်တိုင်ကို လွယ်လွယ်နဲ့ ယူဆောင်သွားနိုင်မှာမဟုတ်ဘူး”
မဟာနဂါးနန်းတော်၏ နန်းတော်ဝိညာဥ် အသံက ရပ်တန့်သွားခဲ့ပြီး မဟာနဂါးနန်းတော်၏ အထက်တွင် တစ္ဆေတစ်ကောင်ကဲ့သို့ ဖျတ်ခနဲ ပေါ်လာခဲ့သည်။
ယင်းနောက်တွင် နန်းတော်ဝိညာဥ်က ဆန်းကြယ်သော လက်ဟန်များကို အလျင်အမြန် ပြုလုပ်ခဲ့ပြီး ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေ၏ လမ်းကြောင်းများစွာကို တိုက်ရိုက်ပင် ဖျက်ဆီးပစ်ခဲ့သည်။
ထိုစဥ်က သူတော်စင်နဂါးဘုရင်သည် ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စုမှ ကျင့်ကြံသူနှင့် တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ပွဲတွင် မဟာနဂါးနယ်မြေ တစ်ခုလုံးသည် အစိတ်စိတ် အမွှာမွှာ ကွဲထွက်သွားခဲ့၏။
သူတော်စင်နဂါးဘုရင်က ကျဆုံးခါနီးတွင် မဟာနဂါးနန်းတော်အင်အားစု တည်ရှိခဲ့သည့် နေရာကို စည်းတံဆိပ်ခတ်ကာ သူ၏ အသက်စွမ်းအားကို အကုန်အစင် အသုံးပြု၍ ထာဝရဟင်းလင်းပြင် ထဲသို့ ပို့ဆောင်ခဲ့သည်။
ယင်းကပင် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ဟူ၍ ဖြစ်လာစေခဲ့သည်။
မှန်ပါသည်။ သူတော်စင်နဂါးဘုရင်က ဟင်းလင်းပြင်သို့ ပို့ဆောင်ကာ စည်းတံဆိပ်ခတ်ခဲ့ခြင်းသည် မဟာနဂါးနန်းတော်ကို ကာကွယ်ရန် ကြိုးစားခဲ့ခြင်းပင်။
သို့သော်လည်း သူတော်စင်နဂါးဘုရင်သည် ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေကို စည်းတံဆိပ် တင်းကျပ်စွာ ခတ်လိုခြင်း မရှိခဲ့ပေ။
အကြောင်းရင်းမှာ ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေကနေတစ်ဆင့် မဟာနဂါးနန်းတော်၏ အမွေအနှစ်ကို ဆက်ခံနိုင်မည့်သူ တစ်ဦးအား ရှာဖွေရန်အတွက် ဖြစ်၏။
ထို့ကြောင့်လည်း ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ထဲသို့ ဝင်ရောက်ရန် ဝင်ပေါက်များစွာကို ချန်ထားရစ်ခဲ့သည်။
နယ်မြေတစ်ခုကို စိုးမိုးသော နတ်ဘုရင်အဆင့် အင်အားစု၏ ကျင့်ကြံသူ အနေဖြင့် သူတော်စင်နဂါးဘုရင်၏ မဟာစွမ်းအားသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်း၏။
သူသာ ရည်ရွယ်ချက်ရှိရှိ မလုပ်ဆောင်ခဲ့လျှင် နတ်ဘုရင်အဆင့်၏ စည်းတံဆိပ် ခတ်မှုအောက်တွင် သာမန်လူများသည် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲသို့ မည်ကဲ့သို့ ဝင်ရောက်နိုင်ပါမည်နည်း။
“စီနီယာ.. ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေရဲ့ လမ်းကြောင်းတွေကို ဖျက်ဆီးလိုက်တာလား”
ကျန်းချန်က ခဏမျှ မှင်တက်သွားပြီးမှ မချိပြုံး ပြုံးလိုက်သည်။
“ကျွန်တော် ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေထဲကနေ မထွက်ရသေးဘူးလေ စီနီယာ”
“မစိုးရိမ်ပါနဲ့.. မင်းက သခင် မူလက စီရင်ထားတဲ့ စည်းတံဆိပ်ကို လျစ်လျူရှုပြီး လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်တယ်.. မင်းအနေနဲ့ မဟာနဂါးနန်းတော်နဲ့ စည်းတံဆိပ်ကို ဖြိုခွင်းပြီး ထာဝရဟင်းလင်းပြင်ထဲကို တိုက်ရိုက် ဝင်ရောက်နိုင်တယ်”
ထိုစကားကို ပြောပြီးသည်နှင့် မဟာနဂါးနန်းတော်၏ နန်းတော်ဝိညာဥ်သည် ရွှေရောင်အလင်းတန်း အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး မဟာနဂါးနန်းတော် ထဲသို့ ဝင်ရောက်သွားခဲ့သည်။
ကျန်းချန်က လုံးဝ တုံ့ဆိုင်းမနေတော့ဘဲ သူ၏ လက်ဖဝါးကို အနည်းငယ် လှုပ်ရှားလိုက်ရာ ကောင်းကင်ဆီကနေ တောက်ပသော အလင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
ထို့နောက်တွင် တောက်ပသော ရွှေရောင်အလင်းများဖြင့် လွှမ်းခြုံခံထားရသော ကျန်းချန်သည် နေရာလွတ်ကို တိုက်ရိုက် ဖြတ်ကျော်သွားခဲ့ပြီး အဆုံးမဲ့ နေရာလွတ်အက်ကြောင်းများထဲသို့ ဝင်ရောက်သွားခဲ့ကာ ထာဝရဟင်းလင်းပြင်၏ နေရာတစ်ခုတွင် ကျန်းချန်၏ ပုံရိပ်က ပြန်လည် ထွက်ပေါ်လာခဲ့သည်။
“ထာဝရဟင်းလင်းပြင်ထဲကို တစ်ခါတည်း တန်းရောက်သွားတာပဲ”
ကျန်းချန်က ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်လိုက်ပြီးနောက်တွင် အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့သည်။
သူက မဟာနဂါးနန်းတော်ဖြင့် သူတော်စင်နဂါးဘုရင်၏ စည်းတံဆိပ်ကို ဖြိုခွင်းကာ ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေကနေ ထာဝရဟင်းလင်းပြင် ထဲသို့ တိုက်ရိုက် ရောက်ရှိလာသော်လည်း မည်သည့်နေရာတွင် ရောက်နေမှန်း မသိခဲ့ပေ။
ထို့ကြောင့် ကျန်းချန်သည် ဘယ်သွားလို့ ဘယ်လာရမှန်းမသိ ဖြစ်နေခဲ့သည်။
သူက မဟာနဂါးနန်းတော်၏ နန်းတော်ဝိညာဥ်ကို မေးမြန်းခဲ့သော်လည်း နန်းတော်ဝိညာဥ်က မသိခဲ့ပေ။
“ထာဝရဟင်းလင်းပြင်ကို ခရီးထွက်လာတဲ့ တစ်ယောက်ယောက်ကို အရင်ရှာပြီး ဒီနေရာက ဘယ်နေရာလဲဆိုတာ မေးရတော့မယ် ထင်တယ်”
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့သည်။
ထာဝရဟင်းလင်းပြင်သည် ကျယ်ပြောပြီး အဆုံးမရှိပေ။
သူက ဤနေရာနှင့် ပတ်သက်၍ ဘာမှမသိသောကြောင့် တစ်စုံတစ်ဦးကို ရှာဖွေကာ မေးမြန်းရလိမ့်မည် မဟုတ်ပါလား။
အနာဂတ်တွင် လုံလောက်သော ခွန်အားသာ ရှိလာခဲ့လျှင် သူက ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေထဲသို့ ဝင်ကာ မဟာနဂါးကျောက်တိုင်ကို ဖွင့်လှစ်၍ သူတော်စင်နဂါးဘုရင် ချန်ထားခဲ့သော လျှို့ဝှက်ချက်ကို စူးစမ်းနိုင်မည် ဖြစ်သည်။
ကျန်းချန်က ထာဝရဟင်းလင်းပြင်ထဲတွင် အေးအေးဆေးဆေးသာ လမ်းလျှောက်လာခဲ့သည်။
မကြာမီမှာပင် ကျန်းချန်သည် မိုင်ထောင်ပေါင်း များစွာအကွာကနေ ကြီးမားသော စွမ်းအင် လှုပ်ခတ်မှု တစ်ခုကို ခံစားမိခဲ့သည်။
“ရှေ့မှာ တစ်ယောက်ယောက် ရှိနေတာပဲ”
ကျန်းချန်က အဝေးကို လှမ်းကြည့်လိုက်ရာ စွမ်းအင်လှုပ်ခတ်မှု ဖြစ်ပေါ်နေသော နေရာတွင် အပြာရောင် ဟင်းလင်းပြင် သင်္ဘောတစ်စီးသည် အပြာရောင်မြား တစ်စင်းကဲ့သို့ ကျန်းချန် ရှိနေသည့် လမ်းကြောင်းဆီ အရှိန်အဟုန်ဖြင့် ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။
ကျန်းချန်၏ ပုံရိပ်က ဖျတ်ခနဲ လင်းလက်သွားခဲ့ပြီး ဟင်းလင်းပြင်သင်္ဘော ဆီသို့ တိုက်ရိုက် ပျံသန်းသွားကာ ဟင်းလင်းပြင်သင်္ဘော၏ ရှေ့ကနေ ဟန့်တားလိုက်သည်။
တစ်ချိန်တည်းမှာပင် ထာဝရဟင်းလင်းပြင်တွင် အလျင်အမြန် ခရီးဆန့်နေသော ဟင်းလင်းပြင် သင်္ဘောသည် အရှိန်အဟုန်ပြင်းစွာ ပျံသန်းရာကနေ ကျန်းချန်နှင့် မီတာ ၁၀၀ခန့် အကွာ၌ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ပုံရိပ် တစ်ဒါဇင်ကျော်သည် ဟင်းလင်းပြင် သင်္ဘောထဲကနေ အလျင်အမြန်ပင် ပျံသန်းထွက်လာခဲ့ကြသည်။
ခေါင်းဆောင်လာသူမှာ ခန္ဓာကိုယ် တောင့်တင်း ကြံ့ခိုင်သော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။
ထို လူလတ်ပိုင်းအရွယ် အမျိုးသား၏ ကျင့်ကြံခြင်းအဆင့်သည် အဆင့်နိမ့် နယ်မြေနတ်ဘုရား အစောပိုင်း အဆင့်သို့ ရောက်ရှိနေပြီး ဤဟင်းလင်းပြင် သင်္ဘော တစ်ခုလုံးတွင် အစွမ်းအထက်ဆုံး ဆိုလည်းမမှားပေ။
သို့သော်လည်း ထိုအမျိုးသား၏ မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်နေပြီး အရှိန်အဝါကလည်း အားနည်းနေခဲ့ရာ ပြင်းထန်သော ဒဏ်ရာများကို ရရှိထားသည်မှာ ထင်ရှား၏။
“သခင်လေး.. ငါတို့သင်္ဘောကို ဘာလို့ တားရတာလဲ”
လူလတ်ပိုင်းအရွယ် အမျိုးသားက ဟင်းလင်းပြင်သင်္ဘောကို တားမြစ်ထားသော ကျန်းချန်ကို ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
သူက ကျန်းချန်ကို အလွန်အမင်း သတိထားနေခဲ့၏။
“ငါ့နာမည်က ကျန်းချန်ပါ.. ဒီနေရာကို မတော်တဆ ရောက်လာတာမို့ ဒီနေရာက ဘယ်နေရာလဲ ဆိုတာ ပြောပြပေးလို့ရမလား”
ကျန်းချန်က လက်သီးဆုပ်၍ ဂါဝရပြုကာ ယဥ်ကျေးစွာ မေးမြန်းလိုက်သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက သူ၏ ရင်ထဲတွင် ကျန်းချန်ကို သတိထားနေသော်လည်း ကျန်းချန်၏ မေးခွန်းကိုမူ အဖြေပေးခဲ့သည်။
“ဒါက ကျန်းဝူ ကောင်းကင် နယ်မြေထဲက ထာဝရဟင်းလင်းပြင် နေရာပဲ”
“ကျန်းဝူ ကောင်းကင် နယ်မြေလား”
ကျန်းချန်က လူလတ်ပိုင်းအရွယ် အမျိုးသား၏ စကားကိုကြားလျှင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
မကြာသေးမီက အရှင်ကျီယွင်တို့ ဖိတ်ကြားခဲ့သော အရှင်ကျိုးရှသည် ကျန်းဝူ ကောင်းကင် နယ်မြေရှိ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းမှ ဖြစ်၏။
ကျန်းချန် မမျှော်လင့်ထားသည်မှာ သူတော်စင် နဂါးဘုရင်က ထာဝရဟင်းလင်းပြင်တွင် စည်းတံဆိပ် ခတ်ထားသော ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေသည် ကျန်းဝူ ကောင်းကင် နယ်မြေတွင် အမှန်တကယ် တည်ရှိနေခြင်းပင်။
သို့သော်လည်း အရှင်ကြယ်စင်စုနှင့် အခြားသူများက ကျန်းဝူ ကောင်းကင် နယ်မြေမှ အရှင်ကျိုးရှကို အကူအညီ အတွက် ဖိတ်ကြားနိုင်ခဲ့ပုံထောက်လျှင် မဟာနဂါးနယ်မြေ ပြိုကွဲပြီးနောက် ကွဲထွက်သွားသည့် နယ်မြေလေးခုသည် ကျန်းဝူ ကောင်းကင် နယ်မြေနှင့် မဝေးကြောင်း သက်သေပြရန် လုံလောက်နေခဲ့သည်။
“ဒီနေရာနဲ့ အနီးဆုံး နယ်မြေက ဘယ်နေရာလဲ ဆိုတာ သိပါရစေ”
ကျန်းချန်က ခဏမျှ စဥ်းစားလိုက်ပြီးမှ ထပ်မံ မေးမြန်းခဲ့သည်။
“ဒီနေရာနဲ့ အနီးဆုံးက ကျန်းဝူကောင်းကင်နယ်မြေရဲ့ အဓိကနယ်မြေဖြစ်တဲ့ ကျန်းဝူ နယ်မြေပဲ.. ကျွန်မတို့က အခု ကျန်းဝူ ကောင်းကင်နယ်မြေက နန်လင်းနယ်မြေဆီ သွားမလို့ပါ.. သခင်လေး စိတ်မရှိဘူးဆိုရင် ကျွန်မတို့နဲ့ အတူ လိုက်ခဲ့နိုင်ပါတယ်”
ထိုအချိန်တွင် လူလတ်ပိုင်းအရွယ် အမျိုးသား၏ နံဘေးမှ အပြာရောင်စကတ် ဝတ်ထားသည့် မိန်းကလေးသည် ကျန်းချန်ကို ပြောလိုက်သည်။
“သခင်မလေး ငါတို့က ဘယ်လိုလုပ်ပြီး အပြင်လူကို ခေါ်သွားနိုင်မှာလဲ.. ဒါ့အပြင် ဒီလူရဲ့ မူလဇာစ်မြစ်ကိုလည်း ငါတို့ သေချာမသိသေးဘူး.. ငါ့အထင်..”
“ဦးလေးချင်း ဒီက သခင်လေးကို လမ်းကြုံခေါ်သွားပေးလိုက်ပါ.. သခင်လေးကို ကြည့်ရတာ လူဆိုးတစ်ယောက် ဟုတ်ဟန်မတူပါဘူး”
အပြာရောင်စကတ် ဝတ်ဆင်ထားသည့် အမျိုးသမီးက ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ချက်ချင်းပင် ဟင်းလင်းပြင် သင်္ဘော၏ ကာကွယ်ရေး အစီအရင်ကို ဖွင့်လှစ်ကာ ကျန်းချန်ကို ပြောလိုက်သည်။
“သခင်လေး သင်္ဘောပေါ်တက်ပါ”
“ကျေးဇူးတင်ပါတယ် မိန်းကလေး”
ကျန်းချန်က လုံးဝ တုံ့ဆိုင်းမနေတော့ဘဲ ဟင်းလင်းပြင်သင်္ဘောထဲသို့ တိုက်ရိုက်ပင် ပျံသန်း ဝင်ရောက်သွားခဲ့သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကျန်းချန်ကို အနည်းငယ် မကြည်မလင် ဖြစ်နေသော အမူအရာဖြင့် ကြည့်လိုက်သော်လည်း အဆုံးသတ်တွင် သူ၏ စိတ်ထဲ၌ ခါးသီးစွာ သက်ပြင်းချလိုက်သည်။
သူ၏ သခင်မလေးက အလွန်ပင် စိတ်ကောင်းရှိလွန်းပြီး လူကောင်းနှင့်လူဆိုးကို တစ်ချက်ကြည့်ရုံဖြင့် ခွဲခြားနိုင်သည်ဟု ထင်နေပုံရ၏။
ယခုအခါတွင် သူတို့ကိုယ် သူတို့ပင် မကာကွယ်နိုင်သည့် အချိန်သို့ ရောက်ရှိနေသော်လည်း သခင်မလေးသည် ဇာစ်မြစ်ဘာမှန်းမသိရသည့် ဤလူကို လမ်းကြုံခေါ်လာခဲ့သည်။
ဤသည်က ကောင်းချီးလား၊ ကျိန်စာလား ဆိုသည်ကို သူ မသိတော့ပေ။
ဟင်းလင်းပြင် သင်္ဘောထဲသို့ ကျန်းချန် ဝင်ရောက်ပြီးနောက်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားက အမိန့်ပေးလိုက်ရာ ဟင်းလင်းပြင်သင်္ဘောသည် တစ်ဖန် ရွက်လွှင့်သွားခဲ့သည်။
ကျန်းချန်က အပြာရောင်စကတ်ဝတ် မိန်းကလေး၏ ဖိတ်ကြားမှုဖြင့် ဟင်းလင်းပြင်သင်္ဘော၏ အတွင်းပိုင်းသို့ ဝင်ရောက်လာခဲ့သည်။
သင်္ဘောထဲသို့ ရောက်ပြီးနောက်တွင် ကျန်းချန်သည် အပြာရောင်စကတ်ဝတ် မိန်းကလေးကို သူသိလိုသည့် အချက်အလက်များအား မေးမြန်းခဲ့သည်။
စကားအနည်းငယ် ပြောဆိုပြီးနောက်တွင် ကျန်းချန်သည် သူ ယခု မည်သည့်နေရာတွင် ရှိနေမှန်း အကြမ်းဖျင်း နားလည်သွားခဲ့သည်။
ကျန်းဝူ ကောင်းကင်နယ်မြေသည် ထာဝရဟင်းလင်းပြင်၏ အလယ်ဗဟိုနှင့် အလွန် နီးကပ်သော နေရာဖြစ်ပြီး အဆုံးမဲ့ ထာဝရဟင်းလင်းပြင်တွင်ပင် အလွန်တရာ နာမည်ကြီးသည်။
ကျန်းဝူ ကောင်းကင် နယ်မြေ၏ အဓိက နယ်မြေ ဖြစ်သော ကျန်းဝူနယ်မြေသည် နတ်ဘုရင်အဆင့် အင်အားစု တစ်စုထက်မက ရှိသော နယ်မြေကြီး တစ်ခု ဖြစ်သည်။
မဟာမြေရိုင်းနယ်မြေပင်လျှင် ကျန်းဝူ နယ်မြေကို နှိုင်းယှဥ်၍ မရနိုင်ပေ။
ကျန်းဝူ ကောင်းကင် နယ်မြေ၏ တောင်ဘက်တွင်မူ ဖရိုဖရဲနေရာ တစ်ခုရှိပြီး ထာဝရဟင်းလင်းပြင်တွင် ပြန့်ကျဲနေသော နယ်မြေငယ် အချို့ ရှိသည်။
ထိုဖရိုဖရဲ နေရာသည် လွန်ခဲ့သော နှစ်သန်းရာချီ ကာလက နတ်ဘုရင်အဆင့် အင်အားစု တည်ရှိခဲ့သော နယ်မြေတစ်ခု ဖြစ်ခဲ့သည်။
နောက်ပိုင်းတွင် ထိုနယ်မြေရှိ နတ်ဘုရင် အင်အားစုက ကျဆုံးသွားခဲ့ပြီး နယ်မြေ တစ်ခုလုံး ပြိုကွဲသွားခဲ့သည်။
ကျန်းချန်က အချက်အလက်များကို ကြားလိုက်ရလျှင် သူ၏ ရင်ထဲတွင် သိလိုက်သည်။
အပြာရောင်စကတ်ဝတ် မိန်းကလေး ညွှန်းဆိုသော နတ်ဘုရင်အဆင့် အင်အားစုသည် မဟာနဂါးနန်းတော် ဖြစ်နိုင်ဖွယ်ရှိသည်။
ထို့ကြောင့် ကျန်းဝူကောင်းကင်နယ်မြေ၏ တောင်ဘက်ရှိ ဖရိုဖရဲ နယ်မြေသည် သူတော်စင် နဂါးဘုရင် အသက်ရှိစဥ်က အုပ်ချုပ်ခဲ့သော မဟာနဂါးနယ်မြေ ဖြစ်ရန် သေချာသလောက်ပင်။
ကျန်းချန်က အပြာရောင်စကပ်ဝတ် မိန်းကလေး၏ ရှင်းပြမှုကို နားထောင်ပြီးနောက် အတွေးနက်နေစဥ်မှာပင် လင်းယုန်အော်သံ ကဲ့သို့ အသံတစ်သံသည် ထာဝရဟင်းလင်းပြင်တွင် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ် နတ်ဆိုးအရှိန်အဝါ တစ်ခုသည် ရုတ်တရက် ပျံ့နှံ့လာခဲ့၏။
အခန်း(၁၉၅၁)ပြီး၏။