← Chapters

အခန်း (၁၉၅၂)

Vol. 136 Ch. 1952

အခန်း (၁၉၅၂)

Vol. 136 Ch. 1952

“ဝုန်း..”

ထာဝရဟင်းလင်းပြင်တွင် အလျင်အမြန် ဖြတ်သန်းနေသော ဟင်းလင်းပြင် သင်္ဘောသည် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါဖြင့် ရိုက်ခတ်ခံလိုက်ရသကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ကြုံးဝါးသံ တစ်သံသည် ထာဝရဟင်းလင်းပြင်တွင် ထွက်ပေါ်လာခဲ့သည်။

“ချင်းဖုန်း.. မင်းထွက်ပြေးလို့ လွတ်မှာမဟုတ်ဘူး.. အပြာရောင် ကျားမျိုးနွယ်စုရဲ့ သခင်မလေးကို ငါတို့ဆီ လွှဲပြောင်းပေးပြီး အညံ့ခံလိုက်.. ဒါဆိုရင် ငါ မင်းအသက်ကို ချမ်းသာပေးဖို့ စဥ်းစားပေးမယ်”

အပြင်ဘက်မှ ထွက်ပေါ်လာသော အေးစက်စက် ကြုံးဝါးသံကိုကြားလျှင် အပြာရောင်စကတ်ဝတ် လှပသော မိန်းကလေး၏ မျက်နှာလေးသည် ချက်ချင်းဆိုသလို ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်။

“ကောင်းကင်ဝိညာဥ် ကျားသစ်မျိုးနွယ်စုက လူတွေ တကယ်ပဲ လိုက်မီလာခဲ့ပြီ”

အပြာရောင်စကတ်ဝတ် မိန်းကလေး၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများက ကျဥ်းမြောင်းသွားခဲ့သည်။

“မင်းတို့က လူသားတွေ မဟုတ်ဘူးလား”

တကယ်တမ်းတွင် အပြာရောင်စကတ်ဝတ် မိန်းကလေးတို့ လူစုနှင့် စတင် ထိတွေ့စဥ်ကတည်းကပင် ကျန်းချန်သည် အပြာ‌ရောင်စကတ်ဝတ် မိန်းကလေးတို့ လူစုက အနည်းငယ်ထူးဆန်းနေကြောင်း ခံစားမိခဲ့သည်။

သူမ တို့က သာမန် လူသားများနှင့် တူသော်လည်း အရှိန်အဝါနှင့် သွေးသားဖွဲ့စည်းပုံတွင် သာမန် လူသားများနှင့် အနည်းငယ် ကွာခြားမှု ရှိနေခဲ့သည်။

ယခု အပြာရောင်စကတ်ဝတ် မိန်းကလေးက ကောင်းကင်ဝိညာဥ် ကျားသစ်မျိုးနွယ်စု အကြောင်း ပြောလိုက်သည့်အခါတွင် ကျန်းချန်သည် ချက်ချင်းဆိုသလို နားလည်သွားခဲ့သည်။

ယနေ့တွင် ကျန်းချန်သည် နတ်ဘုရားနယ်မြေကို ရောက်ခါစလို ဘာမှမသိသော မလောက်လေး မလောက်စား ကောင်လေးတစ်ယောက် မဟုတ်တော့ပေ။

သူက ရှေးဟောင်းနဂါး မျိုးနွယ်စုနှင့် ဟန်ယွဲ့နန်းတော် ကဲ့သို့ နယ်မြေနတ်ဘုရား အင်အားစုများတွင် နေထိုင်ခဲ့၍ နတ်ဘုရားနယ်မြေနှင့် ပတ်သက်၍ အတိုင်းအတာ တစ်ခုအထိ နားလည်နေခဲ့ပြီ ဖြစ်သည်။

နတ်ဘုရားနယ်မြေတွင် ပကတိနတ်ဘုရား အဆင့်အထိ ကျင့်ကြံထားသော မည်သည့် သတ္တဝါမဆို လူသားအသွင်သို့ ပြောင်းလဲနိုင်စွမ်း ရှိ၏။

ထိုကဲ့သို့ လူသားအသွင် ပြောင်းလဲနိုင်ခဲ့သော သတ္တဝါများက နတ်ဘုရားနယ်မြေတွင် မျိုးနွယ်စုများ တည်ထောင်ခဲ့ကြသည်။

ဆိုရလျှင် ဤအပြာရောင်စကတ်ဝတ် မိန်းကလေးနှင့် ကောင်းကင်ဝိညာဥ် ကျားသစ်မျိုးနွယ်စုမှ လူများသည် စစ်မှန်သော လူသားမျိုးနွယ်များ မဟုတ်ဘဲ နတ်ဘုရားနယ်မြေရှိ သားရဲမျိုးနွယ်စု သောင်းချီထဲမှ မျိုးနွယ်စုများ ဖြစ်ကြ၏။

ရှေးဟောင်းနဂါးကုန်းမြေသို့ ထွက်မလာမီက ကျန်းချန်သည် မဟာမြေရိုင်းနယ်မြေတွင် နေထိုင်ခဲ့သည်။

မဟာမြေရိုင်းနယ်မြေတွင် လူသားများကသာ လုံးဝ လွှမ်းမိုးထားပြီး အခြား သားရဲမျိုးနွယ်စုများကို ကျန်းချန် မတွေ့ခဲ့ပေ။

ဤတစ်ကြိမ်တွင်မူ သူက သားရဲမျိုးနွယ်စုများနှင့် တွေ့ဆုံနေခဲ့ချေပြီ။

“သခင်လေး ခန့်မှန်းတာ မှန်ပါတယ်”

အပြာရောင်စကတ်ဝတ် မိန်းကလေးက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

“ကျွန်မနာမည်က လုချင်းလင်းပါ.. ကျန်းဝူကောင်းကင်နယ်မြေထဲက နယ်မြေလေး တစ်ခုဖြစ်တဲ့ ချင်းယွင်နယ်မြေက အပြာရောင်ကျား မျိုးနွယ်စုရဲ့ သခင်မလေးပါ”

“ငါ့အမြင်မှာတော့ မင်းတို့ အပြာရောင်ကျား မျိုးနွယ်စုက အားမနည်းလောက်ဘူး.. ဘာလို့ ကောင်းကင်ဝိညာဥ် ကျားသစ်မျိုးနွယ်စုက မင်းတို့ကို လိုက်ဖမ်းနေရတာလဲ”

ကျန်းချန်က စူးစမ်းစွာ မေးမြန်းလိုက်သည်။

အပြာရောင် ကျားမျိုးနွယ်စုမှ သခင်မလေး လုချင်းလင်းသည် အလွန်ပင် ပါရမီရှိသူ ဖြစ်သည်။

သူမ၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်သို့ပင် ရောက်ရှိနေပြီး မဟာမြေရိုင်းနယ်မြေတွင်ဆိုလျှင် အထွတ်အထိပ် ပါရမီရှင် စာရင်းတွင် အဆင့်သတ်မှတ်နိုင်မည် ဖြစ်သည်။

ထို့အပြင် လုချင်းလင်း၏ နံဘေးတွင် အဆင့်နိမ့် နယ်မြေနတ်ဘုရား အဆင့် အစောင့်အရှောက် တစ်ဦးလည်း ရှိ၏။

ဤသည်ကို ကြည့်လျှင် အပြာရောင်ကျား မျိုးနွယ်စုသည် ခွန်အားမနိမ့်သော နယ်မြေနတ်ဘုရား မျိုးနွယ်စု တစ်ခုဖြစ်သည်မှာ သေချာ၏။

ထိုသို့သော နယ်မြေနတ်ဘုရား မျိုးနွယ်စုမှ သခင်မလေးကို အခြားသော မျိုးနွယ်စုများသည် အဘယ်ကြောင့် အနောက်ကနေ လိုက်ဖမ်းနေရပါသနည်း။

“သခင်လေး မသိသေးလို့ပါ...ကျွန်မတို့ အပြာရောင်ကျားမျိုးနွယ်စုက ပြိုင်ဘက်မျိုးနွယ်စု ဖြစ်တဲ့ ကောင်းကင်ဝိညာဥ်ကျားသစ်မျိုးနွယ်စုနဲ့ စစ်ပွဲမှာ ရှုံးနိမ့်ခဲ့တယ်”

လုချင်းလင်းက ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

“အခု ကျွန်မက ကျန်းဝူ ကောင်းကင် နယ်မြေထဲက ခရမ်းရောင် ကျားမျိုးနွယ်စု ဆီမှာ ခိုလှုံဖို့ စီစဥ်ထားပေမဲ့ ကောင်းကင်ဝိညာဥ် ကျားသစ် မျိုးနွယ်စုက ကျွန်မတို့ကို အနောက်ကနေ လိုက်လံဒုက္ခပေးလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး”

ကျန်းဝူ ကောင်းကင် နယ်မြေတွင် အုပ်ချုပ်သော မင်းဆက် မရှိသော်လည်း မျိုးနွယ်စု အများအပြားနှင့် အင်အားစု အများအပြား ရှိသည်။

ထိုနေရာတွင် အားနည်းသူကို အားကြီးသူက စားစတမ်း စည်းမျဥ်းကိုသာ အသုံးပြုကြ၏။

ထို့ကြောင့် ကျန်းဝူ ကောင်းကင် နယ်မြေ၏ နယ်မြေ အသီးသီးရှိ မျိုးနွယ်စုများ အကြားတွင် အကျိုးစီးပွား အတွက် ယှဥ်ပြိုင်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ယခုလည်း အပြာရောင်ကျား မျိုးနွယ်စုသည် ကောင်းကင်ဝိညာဥ် ကျားသစ်မျိုးနွယ်စုနှင့် စစ်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး သူတို့၏ နယ်မြေကနေ ထွက်ပြေးခဲ့ရပြီ ဖြစ်သည်။

“သခင်လေး ကျွန်မ တကယ်စိတ်မကောင်းပါဘူး.. ကျွန်မတို့ကြောင့် သခင်လေး အခက်တွေ့ရပြီ”

လုချင်းလင်းက ကျန်းချန်ကို တောင်းပန်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

“သခင်လေးက အပြာရောင်ကျား မျိုးနွယ်စုက မဟုတ်တော့ ကောင်းကင်ဝိညာဥ် ကျားသစ်မျိုးနွယ်စု ဆီမှာ သခင်လေးကို လွှတ်ပေးဖို့ ကျွန်မ တောင်းဆိုပေးပါမယ်.. သခင်လေးကို ကျန်းဝူနယ်မြေဆီ ခေါ်မသွားနိုင်တဲ့ အတွက် စိတ်မကောင်းပါဘူး”

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

“မစိုးရိမ်ပါနဲ့.. အဆင့်နိမ့် နယ်မြေနတ်ဘုရား တစ်ပါးလောက်က ပြဿနာမရှိပါဘူး”

ကျန်းချန်၏ စကားကို ကြားလျှင် လုချင်းလင်း၏ လှပသော မျက်လုံးလေးတွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သူမ လမ်းကြုံ ခေါ်ဆောင်လာခဲ့သော အနက်ရောင် ဝတ်စုံဝတ်လူငယ်သည် ကောင်းကင်ဝိညာဥ် ကျားသစ်မျိုးနွယ်စုမှ နယ်မြေနတ်ဘုရားကိုပင် ဂရုမစိုက်သော ကျင့်ကြံသူ တစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

ဤအနက်ရောင်ဝတ်စုံဝတ် လူငယ်သည် နယ်မြေနတ်ဘုရားတစ်ပါး ဖြစ်နိုင်ပါသလော။

ပထမဆုံး မြင်ကတည်းကပင် လုချင်းလင်းသည် ကျန်းချန်၏ ထူးခြားမှုကို ခံစားမိခဲ့သော်လည်း ကျန်းချန်သည် နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူ ဖြစ်နေမည်ဟု တစ်ခါမှ မတွေးမိခဲ့ပေ။

အကယ်၍သာ ဤအသက်အရွယ်ဖြင့် နယ်မြေနတ်ဘုရားတစ်ပါး ဖြစ်နေခဲ့လျှင် ကျန်းဝူ ကောင်းကင် နယ်မြေမှာပင် အလွန်ရှားပါးသော ပါရမီရှင် တစ်ယောက်ဟု သတ်မှတ်နိုင်မည် ဖြစ်သည်။

“မစိုးရိမ်နဲ့ ငါအားလုံး ဖြေရှင်းလိုက်မယ်”

ထိုစကားကို ပြောဆိုရင်း ကျန်းချန်၏ အကြည့်သည် အတားအဆီးများကို တိုက်ရိုက် ထိုးဖောက်ကာ ဟင်းလင်းပြင်သင်္ဘောနှင့် ပေ၁၀၀၀ အကွာရှိ နေရာသို့ ကျရောက်သွားခဲ့သည်။

ထိုနေရာတွင် သတ်ဖြတ်လိုသော အမူအရာများနှင့် ပုံရိပ်များစွာသည် ဝင့်ကြွားစွာ ရပ်နေခဲ့ကြသည်။

ခေါင်းဆောင်လုပ်သူမှာ အဝါရောင်ဝတ်စုံဝတ် အဘိုးအို တစ်ဦးဖြစ်သည်။

ထိုအဘိုးအိုက ဟင်းလင်းပြင် သင်္ဘောကို စူးရှစွာ စိုက်ကြည့်နေခဲ့၏။

ထိုအဘိုးအိုထံကနေ ထွက်ပေါ်လာသော အစွမ်းထက် နယ်မြေနတ်ဘုရား အရှိန်အဝါသည် အပြာရောင်ကျား မျိုးနွယ်စု၏ ဟင်းလင်းပြင်သင်္ဘောကို ထာဝရ ဟင်းလင်းပြင်တွင် တိုက်ရိုက် ရပ်တန့်သွားစေခဲ့ပုံ ရသည်။

ဟင်းလင်းပြင်သင်္ဘော ရပ်တန့်သွားသည်နှင့် အပြာရောင်ကျားမျိုးနွယ်စုမှ နယ်မြေနတ်ဘုရား ချင်းဖုန်းသည် အပြာရောင် ကျားမျိုးနွယ်စုမှ အဖွဲ့ဝင်အချို့နှင့် အတူ သင်္ဘောထဲကနေ အလျင်အမြန် ပျံသန်း၍ ထွက်လာခဲ့သည်။

ဟင်းလင်းပြင်သင်္ဘော‌ ရှေ့တွင် ပိတ်ဆို့နေသော ပုံရိပ်များကို မြင်လျှင် သူတို့၏ မျက်ဝန်းများ၌ ဒေါသ အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

“ဖုန်းရှင်း.. မင်းပါလား”

အရှင်ချင်းဖုန်းက သူ၏ ရှေ့မှ ပုံရိပ်ကို ခက်ထန်စွာ စိုက်ကြည့်လိုက်သည်။

သူ၏ အမူအရာက ချက်ချင်းဆိုသလိုပင် အလွန်တရာ သုန်မှုန်သွားခဲ့၏။

ဤအဝါရောင်ဝတ် အဘိုးအိုသည် ကောင်းကင်ဝိညာဥ် ကျားသစ်မျိုးနွယ်စု၏ နယ်မြေနတ်ဘုရား သုံးပါးထဲမှ အရှင်ဖုန်းရှင်း ဖြစ်သည်။

ကောင်းကင်ဝိညာဥ် ကျားသစ်မျိုးနွယ်စုက သူတို့ကို လိုက်လံဖမ်းဆီးရန် ဖုန်းရှင်းကို စေလွှတ်ခဲ့ခြင်းသည် သူတို့ အားလုံးကို သတ်ပစ်ရန် ရည်ရွယ်ချက် ရှိနေသည်မှာ ထင်ရှား၏။

“ဟားဟား ချင်းဖုန်း.. မင်းလိမ်လိမ်မာမာ အညံ့ခံဖို့ ငါအကြံပေးချင်တယ်”

အရှင်ဖုန်းရှင်းက မထီမဲ့မြင် ပြုံးလိုက်သည်။

ပေါင်းပင်များကို ခုတ်ထစ်လျှင် အမြစ်များကို မဖယ်ရှားပါက အဆုံးမဲ့ ပြဿနာများကို ဖြစ်ပေါ်စေလိမ့်မည် ဖြစ်၏။

ဤအပြာရောင် ကျားမျိုးနွယ်သည် ကျန်းဝူနယ်မြေရှိ ထိပ်တန်း အင်အားစု ဖြစ်သော ခရမ်းရောင်ကျားမျိုးနွယ်စုနှင့် ပတ်သက်မှုတချို့ ရှိနေခဲ့သည်။

အပြာရောင်ကျားမျိုးနွယ်စုသာ ကျန်းဝူနယ်မြေသို့ ရောက်ရှိပြီး ခရမ်းရောင် ကျားမျိုးနွယ်စု၏ အကူအညီကို ရရှိခဲ့လျှင် သူတို့အနေဖြင့် အန္တရာယ်များ ကြုံတွေ့ရနိုင်ချေ ရှိသည် မဟုတ်ပါလော။

ထို့ကြောင့် မည်မျှပင် ရင်းနှီးရပါစေ၊ အပြာရောင်ကျားမျိုးနွယ်စုမှ ကျင့်ကြံသူ အားလုံးကို မဖြစ်မနေ သုတ်သင်ပစ်ရလိမ့်မည်သာ။

“ဖုန်းရှင်း အပိုစကားတွေ ပြောမနေနဲ့.. ဒီနေ့ ငါသေရမယ်ဆိုရင်တောင် မင်းတို့တွေကို ကြီးလေးတဲ့ အဖိုးအခ ပေးဆပ်စေမယ်”

စကားဆုံးသည်နှင့် အရှင်ချင်းဖုန်းက သူ၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်ရာ ထာဝရဟင်းလင်းပြင်တွင် ချက်ချင်းဆိုသလို လှိုင်းများ ထသွားခဲ့သည်။

“ငါက ကောင်းကင်ဝိညာဥ် ကျားသစ်မျိုးနွယ်စုက လူတွေကို တားဆီးပေးထားမယ်.. မင်းတို့က သခင်မလေးကို ခေါ်ပြီး ထွက်သွားကြတော့”

စကားဆုံးသည်နှင့် ချင်းဖုန်းက ကောင်းကင်ဝိညာဥ် ကျားသစ်မျိုးနွယ်စုမှ ကျင့်ကြံသူများကို တိုက်ခိုက်လိုက်သည်။

သူတို့လူစုသည် ထာဝရဟင်းလင်းပြင်တွင် ခရီးရှည်ထွက်လာသောကြောင့် ဟင်းလင်းပြင် သားရဲများ၏ အကြိမ်ပေါင်း များစွာ တိုက်ခိုက်ခဲ့ခြင်းကို ခံခဲ့ရသည်။

ထို့ကြောင့် လက်ရှိတွင် သူတို့၏ ခွန်အားသည် သူတို့၏ အထွတ်အထိပ် အခြေအနေတွင် ရှိမနေခဲ့ပေ။

ကောင်းကင်ဝိညာဥ် ကျားသစ်မျိုးနွယ်စုမှ သူတို့ကို လိုက်လံဖမ်းဆီးရန် စေလွှတ်ခဲ့သော သူများသည် အလွန်တရာပင် အစွမ်းထက်၍ သူတို့ အပြာရောင်ကျားမျိုးနွယ်စုမှ လူများသည် အသက်ရှင်လျက် လွတ်မြောက်နိုင်ခြေ အလွန်တရာ နည်းပါးသည်။

ထို့ကြောင့် အရှင်ချင်းဖုန်းက ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသားချကာ အပြာရောင် ကျားမျိုးနွယ်စု ထွက်ပြေးနိုင်မည့် အခွင့်အရေးအား ဖန်တီးပေးရန် အတွက် ကောင်းကင်ဝိညာဥ်ကျားသစ် မျိုးနွယ်စုမှ လူများကို သူတစ်ဦးတည်း တားဆီးရန် ဆုံးဖြတ်ခဲ့သည်။

သူတို့ အပြာရောင် ကျားမျိုးနွယ်စု၏ သခင်မလေးသည် အလွန်အမင်း ပါရမီရှိပြီး ထူးခြားသော သွေးစွမ်းအားလည်းရှိသည်။

ကျန်းဝူ နယ်မြေသို့ ဝင်ရောက်ပြီး ခရမ်းရောင် ကျားမျိုးနွယ်စုတွင် ခိုလှုံနိုင်ခဲ့လျှင် အနာဂတ်၌ သူတို့ ကောင်းကင်ဝိညာဥ် ကျားသစ်မျိုးနွယ်စုကို ဖျက်ဆီးပြီး အပြာရောင် ကျားမျိုးနွယ်စုကို ပြန်လည် ထူထောင်နိုင်မည့် မျှော်လင့်ချက် ရှိလာနိုင်၏။

“အားလုံးပဲ သတ်ကြ”

အရှင်ဖုန်းရှင်းက မဲ့ပြုံးပြုံးလိုက်ပြီး အေးစက်စက် ကြုံးဝါးလိုက်သည်။

သူ၏ အရေးမစိုက်သော အသံက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။

“ဝုန်း.. ဝုန်း.. ဝုန်း..”

သူ၏ အနောက်မှ ကောင်းကင်ဝိညာဥ် ကျားသစ်မျိုးနွယ်စု၏ ကျင့်ကြံသူ အားလုံးသည် ခွန်အားများကို အပြည့်အဝထုတ်ဖော်ကာ အပြာရောင်ကျားမျိုးနွယ်စု ရှိသည့် ဟင်းလင်းပြင်သင်္ဘော ဆီသို့ ပျံသန်းသွားခဲ့ကြသည်။

“အရှင်ဖုန်းရှင်း.. ရှင်က ကျွန်မတို့ အပြာရောင် ကျားမျိုးနွယ်စုကို အမြစ်ဖြတ် သုတ်သင်ချင်နေတာ ကျွန်မသိပါတယ်.. ဒါပေမဲ့ ကျွန်မတို့ ဟင်းလင်းပြင်သင်္ဘောထဲမှာ ဂုဏ်သရေရှိ ဧည့်သည် တစ်ယောက် ရှိနေတဲ့အတွက် မနှောင့်ယှက်ဖို့ အကြံပေးချင်တယ်”

ထိုအချိန်တွင် လုချင်းလင်းသည် သင်္ဘောခန်းထဲကနေ ထွက်လာခဲ့ပြီး အရှင်ဖုန်းရှင်းတို့ လူစုကို အေးစက်စက် စိုက်ကြည့်ကာ ရေရွတ်လိုက်သည်။

“ဟားဟား.. မင်းတို့ဆီမှာ ဂုဏ်သရေရှိ ဧည့်သည် ရောက်နေတယ် ဟုတ်လား.. ဒါဆိုလည်း အဲဒီဂုဏ်သရေရှိ ဧည့်သည်ကို ထွက်လာခိုင်းလိုက်လေ”

အရှင်ဖုန်းရှင်းက ကမ္ဘာပေါ်တွင် အရယ်ရဆုံး ဟာသ တစ်ခုကို ကြားလိုက်ရသကဲ့သို့ ရယ်မောကာ လှောင်လိုက်သည်။

လုချင်းလင်း၏ စကားထဲမှ ဂုဏ်သရေရှိ ဧည့်သည်က နယ်မြေနတ်ဘုရား တစ်ပါး မည်သို့မှ မဖြစ်နိုင်ပေ။

“သတ်ကြ”

အကယ်၍ အပြာရောင် ကျားမျိုးနွယ်စုတွင်သာ ထိုသို့သော ဂုဏ်သရေရှိ ဧည့်သည်တစ်ဦး အမှန်တကယ် ရှိနေခဲ့လျှင် သူတို့ ကောင်းကင်ဝိညာဥ် ကျားသစ်မျိုးနွယ်စုတွင် မည်ကဲ့သို့ ရှုံးနိမ့်နိုင်ပါမည်နည်း။

အပြာရောင် ကျားမျိုးနွယ်စု၏ ဟင်းလင်းပြင်သင်္ဘောသည် အလွန်တရာပင် ထူးခြားပြီး အစွမ်းထက် ကာကွယ်ရေး အစီအရင် တချို့ကို ထည့်သွင်း တည်ဆောက်ထားသည်။

ကောင်းကင်ဝိညာဥ် ကျားသစ်မျိုးနွယ်စုမှ အင်အားကြီးမားသော ကျင့်ကြံသူများသည် လုချင်းလင်း၏ စကားကို ဂရုစိုက်မနေဘဲ ဟင်းလင်းပြင် သင်္ဘောကို တိုက်ရိုက်ပင် တိုက်ခိုက်ခဲ့ကြသည်။

သို့သော်လည်း ကောင်းကင်နတ်ဘုရား ဒါဇင်ကျော်၏ တိုက်ခိုက်မှုအောက်တွင် ထိုအစီအရင်များသည် ဆက်တိုက်ဆိုသလို တုန်ခါနေခဲ့ပြီး ပြိုကွဲတော့မည့် အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် အရှင်ချင်းဖုန်း၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး လုချင်းလင်း အတွက် စိုးရိမ်သွားခဲ့သည်။

“ချင်းဖုန်း.. ဒီအချိန်မှာ မင်းအနေနဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အရင်ဂရုစိုက်သင့်တယ်”

အရှင်ဖုန်းရှင်းက အေးစက်စက် ရေရွတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် အရှင်ချင်းဖုန်းကို တိုက်ခိုက်လိုက်သည်။

အရှင်ဖုန်းရှင်းသည် ကောင်းကင်ဝိညာဥ် ကျားသစ်မျိုးနွယ်စု၏ နယ်မြေနတ်ဘုရား သုံးပါးထဲတွင် အစွမ်းအထက်ဆုံးဖြစ်၍ သူ၏ ခွန်အားသည် အရှင်ချင်းဖုန်းထက် များစွာ သာလွန်သည်။

ထို့အပြင် အရှင်ချင်းဖုန်းသည် ဒဏ်ရာများ ရရှိထားသည် ဖြစ်ရာ အရှင်ဖုန်းရှင်းကို မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်ပါမည်နည်း။

ဤအချိန်တွင် လုချင်းလင်း၏ မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့သည်။

သူမက သွားများကို အံတင်းတင်း ကြိတ်လိုက်ပြီး သင်္ဘောအခန်း ဆီသို့ ဦးညွှတ်ကာ ပြောလိုက်သည်။

“သခင်လေး.. အပြာရောင် ကျားမျိုးနွယ်စုက ဘေးအန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့အတွက် အကူအညီပေးဖို့ တောင်းဆိုပါတယ်”

ယခုအခါတွင် သူမသည် ကျန်းချန် အပေါ်တွင်သာ မျှော်လင့်ချက် ထားနိုင်တော့သည်။

“အပြာရောင် ကျားမျိုးနွယ်စုက လူတွေအကုန်လုံးက ငါ့ရဲ့စောင့်ရှောက်မှုအောက်မှာ ရှိသွားခဲ့ပြီ.. ငါစိတ်မပြောင်းသေးခင် အခုချက်ချင်း ထွက်သွားကြစမ်း”

ထိုအချိန်မှာပင် အေးစက်စက် အသံတစ်သံသည် ဟင်းလင်းပြင်သင်္ဘောကနေ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်နှင့်မြေကြီးကိုပင် လုံးဝ လွှမ်းခြုံသွားခဲ့သည်။

ထိုအသံက အရှင်ဖုန်းရှင်း၏ စိတ်ဝိညာဥ်ကို လေးလံသောတူဖြင့် ထုနှက်လိုက်သကဲ့သို့ ခံစားစေခဲ့ပြီး အရှင်ဖုန်းရှင်းကို ပါးစပ်ကနေ သွေးတစ်ပွက် အန်ထွက်လာစေခဲ့သည်။

သူက ဟင်းလင်းပြင်သင်္ဘော၏ အတွင်းပိုင်းသို့ စူးရှစွာ စိုက်ကြည့်နေခဲ့သည်။

သူ၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့၏။

ဟင်းလင်းပြင်သင်္ဘောကို ဝိုင်းရံထားသော ကောင်းကင်ဝိညာဥ် ကျားသစ်မျိုးနွယ်စုမှ လူများသည်လည်း မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်တို့ကနေ သွေးများ ထွက်လာခဲ့ပြီး ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် နောက်ပြန် လွင့်စင်သွားခဲ့ကြသည်။

အခန်း(၁၉၅၂)ပြီး၏။

All Chapters