← Chapters

အခန်း (၁၉၅၃)

Vol. 136 Ch. 1953

အခန်း (၁၉၅၃)

Vol. 136 Ch. 1953

အဆုံးသတ်တွင် သူတို့၏ ခန္ဓာကိုယ်များသည် လွင့်စင်နေစဥ်အတွင်း “ဝုန်း”ဟူသော အသံနှင့်အတူ တိုက်ရိုက် ပေါက်ကွဲထွက်သွားခဲ့၏။

“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

သူတို့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် အရှင်ချင်းဖုန်း အပါအဝင် အပြာရောင် ကျားမျိုးနွယ်စုမှ အဖွဲ့ဝင်အားလုံးသည် မှင်တက်သွားခဲ့ကြသည်။

ဤအချိန်တွင် ပတ်ဝန်းကျင် တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။

သူတို့သခင်မလေး လမ်းကြုံတင်လာသော အနက်ရောင်ဝတ်စုံဝတ် လူငယ်က ထိုမျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု အရှင်ချင်းဖုန်း တစ်ခါမှ မတွေးဖူးခဲ့ပေ။

ထိုလူငယ်က စကားတစ်ခွန်းတည်းဖြင့်ပင် အရှင်ဖုန်းရှင်း၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်ကို အပြင်းအထန် ထိခိုက်စေခဲ့ပြီး ကောင်းကင်ဝိညာဥ် ကျားသစ်မျိုးနွယ်စုမှ ကျန်အဖွဲ့ဝင်အားလုံးကို သတ်ဖြတ်ပစ်လိုက်သည်။

လုချင်းလင်းသည် အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးကို လမ်းကြုံ ခေါ်မလာခဲ့လျှင် သူတို့သည် ယနေ့တွင် အမြစ်ဖြတ်သုတ်သင် ရှင်းလင်းခံရနိုင်ခြေ ရှိသည်။

“စီနီယာ ကျွန်တော့်အသက်ကို ချမ်းသာပေးပါ”

အရှင်ဖုန်းရှင်းက အလွန်တရာ ကြောက်ရွံ့သွားခဲ့ပြီး ကျန်းချန်ကို တောင်းပန်လိုက်သည်။

လုချင်းလင်းက ဟင်းလင်းပြင် သင်္ဘောထဲတွင် ဂုဏ်သရေရှိဧည့်သည်တစ်ဦး ရှိသည်ဟု ပြောဆိုခဲ့သော်လည်း ယင်းမှာ ခြိမ်းခြောက်ပြောဆိုခြင်းသာ ဖြစ်မည်ဟု သူ မူလက ထင်ထားခဲ့သည်။

သို့သော်လည်း ဂုဏ်သရေရှိ ဧည့်သည်က အမှန်တကယ် ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သိထားရမည့်အချက်မှာ သူက ကောင်းကင်ဝိညာဥ် ကျားသစ်မျိုးနွယ်၏ အစွမ်းအထက်ဆုံး နယ်မြေနတ်ဘုရား ဖြစ်သည်။

ကျန်းဝူနယ်မြေ၏ ထိပ်တန်း နယ်မြေနတ်ဘုရားများမှ လွဲလျှင် နယ်မြေငယ်လေးမှ အဆင့်နိမ့် နယ်မြေနတ်ဘုရားများသည်ပင် သူ့ကို အနိုင်ယူရန် ခက်ခဲ၏။

သို့သော်လည်း အပြာရောင် ကျားမျိုးနွယ်စု၏ ဟင်းလင်းပြင်သင်္ဘောပေါ်မှ လျှို့ဝှက်ဆန်းကြယ် ဂုဏ်သရေရှိ ဧည့်သည်ကမူ စကားတစ်ခွန်းတည်းဖြင့်ပင် သူတို့ ကောင်းကင်ဝိညာဥ် ကျားသစ်မျိုးနွယ်စုမှ ကျင့်ကြံသူ ဒါဇင်ကျော်ကို သတ်ဖြတ်ခဲ့ပြီး သူ့ကိုပင် ဒဏ်ရာ အပြင်းအထန် ရရှိစေခဲ့သည်။

ဤကဲ့သို့သော စွမ်းရည်သည် အဆင့်နိမ့် နယ်မြေနတ်ဘုရားများ လုပ်ဆောင်နိုင်သော စွမ်းရည်မဟုတ်ပေ။

“ဒီကောင်လေးက မြေကြီးအရှင်ပဲ ဖြစ်ရမယ်”

နယ်မြေနတ်ဘုရား အဆင့်တွင် အဆင့်နိမ့် နယ်မြေနတ်ဘုရား၊အလယ်အလတ် နယ်မြေနတ်ဘုရား၊ အဆင့်မြင့် နယ်မြေနတ်ဘုရားဟူ၍ သုံးဆင့် ခွဲခြားထားသည်။

နယ်မြေနတ်ဘုရားအဆင့် တစ်ဆင့်ချင်းစီတွင် မတူညီသော ဘွဲ့နာမည်များ ရှိသည်။

ယေဘုယျအားဖြင့် အဆင့်နိမ့်နယ်မြေနတ်ဘုရားများကို အရှင်ဟူသော အသုံးအနှုန်းဖြင့် ခေါ်ဝေါ်ကြ၏။

အလယ်အလတ်နယ်မြေနတ်ဘုရားကိုမူ မြေကြီးအရှင် ဟူ၍ ခေါ်ဝေါ်ကြပြီး အဆင့်မြင့်နယ်မြေနတ်ဘုရားများကို ကောင်းကင်အရှင် ဟူ၍ ခေါ်ဝေါ်ကြသည်။

အပြာရောင်ကျားမျိုးနွယ်စု၏ ဟင်းလင်းပြင် သင်္ဘောထဲမှ လျှို့ဝှက်ဆန်းကြယ် ဂုဏ်သရေရှိ ပုဂ္ဂိုလ်သည် မြေကြီးအရှင်အဆင့် ကျင့်ကြံသူ ဖြစ်မည်မှာ သေချာသလောက်ပင်။

သို့သော်လည်း အရှင်ဖုန်းရှင်းသည် အပြာရောင် ကျားမျိုးနွယ်စုနှင့် မြေကြီးအရှင်အဆင့် ကျင့်ကြံသူက မည်ကဲ့သို့ ပတ်သက်မှု ရှိနေသည်ကို နားမလည်နိုင်ခဲ့ပေ။

နယ်မြေနတ်ဘုရား အဆင့်တွင် အဆင့်သုံးဆင့် ရှိပြီး အဆင့်တစ်ဆင့်ချင်းစီ၏ စွမ်းအားသည် မိုးနှင့်မြေပမာ ကွာခြား၏။

သာမန် အဆင့်နိမ့် နယ်မြေနတ်ဘုရားများသည် မြေကြီးအရှင်များရှေ့တွင် ပုရွက်ဆိတ်များနှင့် မကွာခြားပေ။

ဤအချိန်တွင် အရှင်ဖုန်းရှင်းသည် သူ၏ အသက်ကို ကယ်တင်လိုလျှင် မြေကြီးအရှင် ထံမှ ခွင့်လွှတ်မှုကို တောင်းပန်ရန်မှ လွဲ၍ အခြား ရွေးချယ်စရာမရှိကြောင်း ကောင်းစွာ သိရှိထားခဲ့သည်။

“မင်းကို ငါ ခုနက အခွင့်အရေးပေးခဲ့ပြီးပြီ.. ဒါပေမဲ့ မင်းက တန်ဖိုးမထားခဲ့ဘူး”

ဟင်းလင်းပြင်သင်္ဘောထဲမှ အေးစက်စက် အသံက တစ်ဖန် ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် ဟင်းလင်းပြင်သင်္ဘော၏ အထက်၌ ရွှေရောင်စည်းတံဆိပ် တစ်ခု စုစည်းသွားသည်ကို သူ မြင်လိုက်ရသည်။

“မသတ်ပါနဲ့”

အရှင်ဖုန်းရှင်းက ထိတ်လန့် ကြောက်ရွံ့သွားခဲ့ပြီး အဝေးသို့ အသားကုန် ထွက်ပြေးခဲ့သည်။

“ဝုန်း...”

သို့သော်လည်း အရှင်ဖုန်းရှင်းက မိုင်၁၀၀၀ အကွာအဝေးသို့ မရောက်မီမှာပင် အရာအားလုံးကို ဖိနှိပ်နိုင်သော စွမ်းအားကို သယ်ဆောင်လာသည့် ရွှေရောင်စည်းတံဆိပ်သည် အရှင်ဖုန်းရှင်းကို အထက်စီးကနေ ဖိချလိုက်၏။

ကောင်းကင်ကိုပင် တုန်လှုပ်စေသော ကျယ်လောင်သော အသံသည် ထာဝရဟင်းလင်းပြင်တွင် ပဲ့တင်ထပ်နေခဲ့သည်။

အရှင်ဖုန်းရှင်း တည်ရှိရာ နေရာလွတ်သည် ဆက်တိုက်ဆိုသလို ပြိုကွဲနေခဲ့၏။

ထိုသို့ ကြောက်မက်ဖွယ်ရာကောင်းသော ခွန်အား၏ ဖိနှိပ်မှုအောက်တွင် အရှင်ဖုန်းရှင်းသည် ပြင်းထန်သော ထိခိုက်မှုကို ခံစားခဲ့ရပြီး လုံးဝ ခုခံနိုင်စွမ်းမရှိခဲ့ပေ။

ဤသို့ဖြင့်ပင် ကောင်းကင်ဝိညာဥ် ကျားသစ်မျိုးနွယ်စု၏ အစွမ်းအထက်ဆုံး နယ်မြေနတ်ဘုရား အရှင်ဖုန်းရှင်းသည် ကျဆုံးသွားခဲ့သည်။

သူတို့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် လုချင်းလင်းနှင့် အပြာရောင် ကျားမျိုးနွယ်စုမှ အဖွဲ့ဝင်များသည် အသက်ရှူရပ်မတတ် ဖြစ်သွားခဲ့ကြသည်။

သူတို့က သင်္ဘောအခန်း ဆီသို့ တိုင်းတာ၍ မရလောက်အောင် လေးစားသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

နတ်ဘုရားနယ်မြေတွင် ခွန်အားသည်သာ ပဓာန ဖြစ်သည်။

မည်သည့် မျိုးနွယ်စုမဆို ခွန်အားကြီးသူ အပေါ်တွင်သာ လေးစားရိုသေမှု ရှိကြ၏။

ကျန်းချန်က အရှင်ဖုန်းရှင်းကို ဤမျှအထိ အလွယ်တကူ သတ်ဖြတ်ပြီး ခန့်မှန်း၍ မရလောက်အောင် ကြောက်မက်ဖွယ်ရာကောင်းသော ခွန်အားကို ထုတ်ဖော်လိုက်ရာ လုချင်းလင်းတို့ လူစုကို အလွန်အမင်း အံ့အားသင့်စေခဲ့သည်။

“ဆက်သွားပါ”

အရှင်ဖုန်းရှင်း အသတ်ခံရပြီးနောက်တွင် ကျန်းချန်၏ အသံသည် သင်္ဘောခန်းထဲကနေ တစ်ဖန် ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်၏ စကားကိုကြားလျှင် အရှင်ချင်းဖုန်းသည် ဟင်းလင်းပြင်သင်္ဘောကို ဆက်လက် မောင်းနှင်စေခဲ့သည်။

လုချင်းလင်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ကျန်းချန်ရှိနေသည့် အခန်းထဲသို့ တန်းတန်းမတ်မတ် သွားရောက်ခဲ့သည်။

သူမက သင်္ဘောခန်းထဲတွင် အေးအေးလူလူ ထိုင်နေသော ကျန်းချန်ကို ကြည့်ကာ ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။

“သခင်လေးရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်”

“အားနာစရာမလိုပါဘူး.. ဒါက ဘာမဟုတ်တဲ့ ကိစ္စလေးပါပဲ”

ကျန်းချန်က သူ၏ လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။

“ကျန်းဝူတိုက်ကို ရောက်ဖို့ ဘယ်လောက်အထိလိုသေးလဲ”

“သိပ်မလိုတော့ပါဘူး.. ကျွန်မတို့ရဲ့ လက်ရှိ အမြန်နှုန်းနဲ့ဆိုရင် အလွန်ဆုံး ၂လအတွင်း ကျန်းဝူ ကောင်းကင် နယ်မြေကို ရောက်မှာပါ”

လုချင်းလင်းက ကျန်းချန်၏ အမေးကို ပြန်ဖြေလိုက်သည်။

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး အနည်းငယ် စဥ်းစားပြီးမှ ပြောလိုက်သည်။

“မင်းတို့ဆီမှာ ထာဝရဟင်းလင်းပြင်ရဲ့ မြေပုံရှိလား”

ဤနေရာက ကျန်းဝူနယ်မြေ ဖြစ်ကြောင်း လုချင်းလင်းထံမှ သူသိခဲ့သော်လည်း ကျန်းဝူနယ်မြေက မည်သည့်နေရာတွင် ရှိနေမှန်း မသိသလို ထာဝရဟင်းလင်းပြင်း အလယ်ဗဟိုရှိ နတ်ကုန်းမြေတိုက်ဆီ မည်ကဲ့သို့ သွားရမည်ကိုလည်း သူမသိပေ။

ထို့ကြောင့် ကျန်းချန်သည် ထာဝရဟင်းလင်းပြင်၏ အသေးစိတ်မြေပုံကို အရေးတကြီး လိုအပ်နေခဲ့သည်။

မြေပုံက ပို၍ အသေးစိတ်လေ သူ့အတွက် ပို၍ ကောင်းလေ ဖြစ်၏။

“ကျွန်မတို့ အပြာရောင်ကျားမျိုးနွယ်စုက ထာဝရဟင်းလင်းပြင်ထဲ ခရီးထွက်လေ့ မရှိတော့ ထာဝရဟင်းလင်းပြင်နဲ့ ပတ်သက်တဲ့ မြေပုံမရှိဘူး”

လုချင်းလင်းက အနည်းငယ် တွေးလိုက်ပြီးမှ ပြန်ဖြေလိုက်သည်။

“သခင်လေးအနေနဲ့ ထာဝရဟင်းလင်းပြင်ရဲ့‌မြေပုံကို လိုချင်ရင် ကျွန်မတို့နဲ့ ခရမ်းရောင်ကျားမျိုးနွယ်စုဆီ လိုက်ခဲ့နိုင်ပါတယ်.. ခရမ်းရောင်ကျားမျိုးနွယ်စုက မျိုးနွယ်စုကြီး တစ်ခုဆိုတော့ သူတို့ဆီမှာ ထာဝရဟင်းလင်းပြင်ရဲ့ မြေပုံတော့ ရှိမယ်ထင်တယ်”

ထာဝရဟင်းလင်းပြင်က အလွန်တရာပင် ကျယ်ပြော၍ ထာဝရဟင်းလင်းပြင်နှင့် ပတ်သက်သော မြေပုံသည် မည်သည့် မျိုးနွယ်စုအတွက် မဆို အလွန်တရာပင် အဖိုးတန်ပြီး ပြင်ပလူများကို အလွယ်တကူ ထုတ်ပြလေ့မရှိပေ။

သို့သော်လည်း ကျန်းချန်သည် သူမတို့ အပြာရောင် ကျားမျိုးနွယ်စု၏ ကျေးဇူးရှင် ဖြစ်သည်။

ထို့ကြောင့် သူမက ခရမ်းရောင် ကျားမျိုးနွယ်စုသို့ ရောက်သည်နှင့် ကျန်းချန်အတွက် မြေပုံရရှိရန် အစွမ်းကုန်ကြိုးစားပေးမည်ဟု ဆုံးဖြတ်ထားခဲ့သည်။

“ကောင်းပြီ ခရမ်းရောင်ကျားမျိုးနွယ်စုဆီ ရောက်မှပဲ မြေပုံကိုတောင်းကြည့်တာပေါ့”

ကျန်းချန်က ခေါင်းညိတ်လိုက်သည်။

သူက ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေထဲကနေ ထွက်လာပြီးနောက်တွင် ကျန်းဝူ ကောင်းကင် နယ်မြေ ရှိသည့် ထာဝရဟင်းလင်းပြင်သို့ တိုက်ရိုက် ရောက်ရှိလာခဲ့ပြီး တစ်ခဏအတွင်း မည်သည့်နေရာကို သွားရမှန်း မသိခဲ့ပေ။

ခရမ်းရောင် ကျားမျိုးနွယ်စုတွင် ထာဝရဟင်းလင်းပြင်နှင့်ပတ်သက်သည့် မြေပုံ ရှိနိုင်ဖွယ်ရှိသောကြောင့် ခရမ်းရောင်ကျားမျိုးနွယ်စု ဆီသို့ အပြာရောင်ကျားမျိုးနွယ်စုနှင့် အတူ လိုက်သွားရန် ဆုံးဖြတ်ခဲ့သည်။

ခရီးတစ်လျှောက်တွင် ကျန်းချန်တို့လူစုသည် မည်သည့်အန္တရာယ်မှ မကြုံတွေ့ခဲ့ရပေ။

ရံဖန်ရံခါ ထွက်ပေါ်လာသော ဟင်းလင်းပြင် သတ္တဝါအချို့ကိုမူ အရှင်ချင်းဖုန်းတို့ လူစုက အလွယ်တကူပင် သတ်ပစ်နိုင်ခဲ့ကြ၏။

ယင်းသို့ဖြင့် ၁လ ကြာပြီးနောက်တွင် ကျန်းချန်တို့ လူစုသည် ကျန်းဝူ ကောင်းကင် နယ်မြေထဲမှ နန်လင်းနယ်မြေသို့ အဆုံးသတ်၌ အောင်မြင်စွာ ရောက်ရှိလာခဲ့ကြသည်။

ကျန်းဝူ ကောင်းကင် နယ်မြေသို့ ရောက်ရှိသည်နှင့် ကျန်းချန်သည် ဤနေရာရှိ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်ကို သတိပြုမိခဲ့သည်။

ဤနေရာရှိ ကောင်းကင်နှင့်မြေကြီး စွမ်းအင်က မဟာမြေရိုင်းနယ်မြေထက်ပင် အဆင့်တစ်ဆင့် ပိုမြင့်နေခဲ့၏။

ထိုအချက်ကို ကြည့်၍ မဟာမြေရိုင်းနယ်မြေနှင့် ကျန်းဝူကောင်းကင်နယ်မြေ တို့သည် ခွန်အားနှင့် အဆင့်အတန်း တူညီခြင်း မရှိမှန်း သိနိုင်ပေသည်။

ထို့အပြင် ကျန်းဝူ ကောင်းကင် နယ်မြေသည် မဟာမြေရိုင်းနယ်မြေထက် နယ်မြေ ပိုမို များပြားပြီး စုစုပေါင်းနယ်မြေ ၁၈ခု ရှိသည်။

နယ်မြေတိုင်း၏ အကျယ်အဝန်းသည် မဟာမြေရိုင်းနယ်မြေရှိ နယ်မြေများ၏ မြေနေရာထက်ပင် ပိုမို ကျယ်ဝန်းသည်။

ကျန်းချန်တို့ ရောက်လာခဲ့သော နေရာသည် ကျန်းဝူကောင်းကင် နယ်မြေ၏ တောင်ဘက်ရှိ နန်လင်းနယ်မြေ ဖြစ်၏။

အပြာရောင် ကျားမျိုးနွယ်စု မှီခိုလိုသော ခရမ်းရောင် ကျားမျိုးနွယ်စုသည် နန်လင်းနယ်မြေရှိ ထိပ်တန်း အင်အားစုများထဲမှ တစ်ခု ဖြစ်သည်။

ကျန်းဝူကောင်းကင် နယ်မြေ၏ နန်လင်း နယ်မြေသို့ ဝင်ရောက်ပြီးနောက်တွင် ကျန်းချန်သည် လုချင်းလင်းတို့နှင့် အတူ ရွှေရောင်နန်းတော် တစ်ခု ဆီသို့ ရောက်ရှိလာခဲ့သည်။

ထိုရွှေရောင်နန်းတော်သည် အလွန်တရာပင် ခမ်းနားထည်ဝါပြီး ရှေးဘုရင်တစ်ပါး၏ အငွေ့အသက်များကို ထုတ်လွှတ်နေခဲ့သည်။

လုချင်းလင်းနှင့် အပြာရောင် ကျားမျိုးနွယ်စုမှ အဖွဲ့ဝင်များသည် ရွှေနန်းတော်၏ ရှေ့တွင် တလေးတစား ရပ်နေခဲ့ကြသည်။

သူတို့၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်နေခဲ့ကြ၏။

“ဘယ်သူတွေလဲ”

ဤအချိန်မှာပင် ရွှေရောင်နန်းတော်ထဲကနေ ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသား နှစ်ဦးက ပျံသန်း၍ ထွက်လာခဲ့သည်။

“ကျွန်မတို့က ချင်းယွမ်နယ်မြေက အပြာရောင် ကျားမျိုးနွယ်စုပါ.. မျိုးနွယ်စု ခေါင်းဆောင်ရဲ့ အမိန့်အရ ခရမ်းရောင်ကျားမျိုးနွယ်စုရဲ့ အကြီးအကဲ ကျီထျန်းဟဲကို တွေ့ဖို့ ရောက်လာခဲ့တာပါ”

လုချင်းလင်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်ပြီးနောက် စာတစ်စောင်ကို ထုတ်ကာ တလေးတစားပေးလိုက်သည်။

အပြာရောင် ကျားမျိုးနွယ်စုနှင့် ခရမ်းရောင် ကျားမျိုးနွယ်စုတို့သည် တူညီသော သွေးချင်းများ ဖြစ်သော်လည်း အပြာရောင် ကျားမျိုးနွယ်စုသည် နယ်မြေငယ်လေးမှ နယ်မြေနတ်ဘုရား အင်အားစုသာ ဖြစ်သည်။

ခရမ်းရောင် ကျားမျိုးနွယ်စုကမူ ကျန်းဝူကောင်းကင်နယ်မြေထဲရှိ နယ်မြေ တစ်ခုကိုပင် စိုးမိုးထားသော မျိုးနွယ်စုကြီးဖြစ်သည်။

ထို့အပြင် ခရမ်းရောင် ကျားမျိုးနွယ်စုကို ဦးဆောင်သူမှာ မြေကြီးအရှင်တစ်ပါးဖြစ်၍ သူတို့ အပြာရောင် ကျားမျိုးနွယ်စုသည် ခရမ်းရောင် ကျားမျိုးနွယ်စုနှင့် ယှဥ်လျှင် မိုးနှင့်မြေပမာ ကွာခြားလွန်းနေခဲ့သည်။

အပြာရောင် ကျားမျိုးနွယ်စု၏ ခေါင်းဆောင်သာ ခရမ်းရောင်ကျားမျိုးနွယ်စုမှ အကြီးအကဲနှင့် ပတ်သက်မှု တစ်စုံတစ်ရာ မရှိခဲ့လျှင် သူတို့သည် ခရမ်းရောင် ကျားမျိုးနွယ်စုတွင် ခိုလှုံရန် အရည်အချင်းပင် ရှိမည်မဟုတ်ပေ။

ခရမ်းရောင် ကျားမျိုးနွယ်စုမှ အဖွဲ့ဝင်တစ်ဦးက အထဲသို့ အလျင်အမြန် ပြန်ဝင်သွားခဲ့သည်။

ခဏအကြာတွင် ထိုလူက တံဆိပ်ပြားတစ်ခုကို ယူကာ ပြန်ထွက်လာခဲ့ပြီး လုချင်းလင်းကို ပြောလိုက်သည်။

“မင်းတို့တွေ ငါ့နောက်ကနေ လိုက်လာခဲ့ပါ”

ထိုစကားကို ပြောပြီးနောက်တွင် ထိုလူက ကျန်းချန်တို့ လူစုကို ခရမ်းရောင် ကျားမျိုးနွယ်စုထဲသို့ တိုက်ရိုက်ပင် ခေါ်ဆောင်သွားခဲ့၏။

လမ်းတစ်လျှောက်တွင် ကျန်းချန်သည် ပတ်ဝန်းကျင်ကို အကဲခတ်လာခဲ့သည်။

ခရမ်းရောင် ကျားမျိုးနွယ်စုသည် နယ်မြေနတ်ဘုရားအင်အားစု ဖြစ်သော်လည်း ၎င်းတို့၏ အင်အားသည် သာမန်နယ်မြေနတ်ဘုရား အင်အားစုများထက် များစွာ သာလွန်နေခဲ့သည်။

ခရမ်းရောင် ကျားမျိုးနွယ်စုတွင် အနည်းဆုံး နယ်မြေနတ်ဘုရား ငါးဦးခန့် ရှိနိုင်ကြောင်း ကျန်းချန် ခပ်ရေးရေး ခံစားမိခဲ့သည်။

ထိုအထဲမှ အစွမ်းအထက်ဆုံး အရှိန်အဝါသည် ကျန်းချန်ကိုပင် ဖိအားအနည်းငယ် ခံစားရစေခဲ့သည်။

ထို့အပြင် ခရမ်းရောင်ကျားမျိုးနွယ်စုမှ တပည့်အားလုံး နီးပါးသည် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်ကို ရောက်ရှိနေခဲ့ကြပြီး ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကျင့်ကြံသူ အရေအတွက်လည်း အများအပြားရှိ၏။

ဆိုရလျှင် ကျန်းချန် မြင်တွေ့ခဲ့ဖူးသော နယ်မြေနတ်ဘုရားအင်အားစုများထဲတွင် ခရမ်းရောင် ကျားမျိုးနွယ်စုသည် အင်အား အကောင်းဆုံးများထဲမှ တစ်ခု ဖြစ်သည်။

မဟာမြေရိုင်းနယ်မြေရှိ ချင်းမင်ဓားဂိုဏ်း ပင်လျှင် ခရမ်းရောင် ကျားမျိုးနွယ်စုကို ယှဥ်နိုင်မည်မဟုတ်ပေ။

“မင်းတို့ ဒီနေရာမှာပဲ အရင်နေကြပါ.. အကြီးအကဲကျီက အခု လုပ်စရာတွေ ရှိနေတယ်.. အချိန်ရရင်တော့ သူ မင်းတို့ကို လာတွေ့မှာပါ”

ခရမ်းရောင် ကျားမျိုးနွယ်စုမှ အဖွဲ့ဝင်သည် ကျန်းချန်တို့ လူစုကို အိုဟောင်းနေသော ခြံဝန်းတစ်ခုတွင် နေရာချပေးပြီးနောက် လှည့်ထွက်သွားခဲ့သည်။

နတ်ဘုရားနယ်မြေရှိ မျိုးနွယ်စု ထောင်ပေါင်းများစွာတွင် ခွန်အားသည် အလွန်အမင်း စကားပြောသည်။

အထူးသဖြင့် ခရမ်းရောင် ကျားမျိုးနွယ်စုသည် အပြာရောင်ကျားမျိုးနွယ်စုနှင့် သွေးချင်းများ ဖြစ်သော်လည်း ပိုမို ခွန်အားကြီးသော ခရမ်းရောင် ကျားမျိုးနွယ်စုသည် အပြာရောင် ကျားမျိုးနွယ်စုကို သူတို့ထက် နိမ့်ကျသည်ဟု မှတ်ယူထားကြသည်။

ရှင်းလင်းစွာဆိုရလျှင် ခရမ်းရောင် ကျားမျိုးနွယ်စု၏ ဂိတ်တံခါးစောင့်ပင်လျှင် သူ့ကိုယ်သူ အပြာရောင် ကျားမျိုးနွယ်စုထက် များစွာ အဆင့်ပိုမြင့်ကြောင်း ခံယူထားခဲ့၏။

အပြာရောင် ကျားမျိုးနွယ်စုမှ အဖွဲ့ဝင်များသည် သူတို့ရှေ့မှ အိုဟောင်းနေသော ခြံဝန်းကိုကြည့်ကာ စိတ်မသက်မသာ ဖြစ်သွားခဲ့ကြသည်။

ဤခြံဝန်းသည် ခရမ်းရောင် ကျားမျိုးနွယ်စု၏ အဆင့်နိမ့်ကျင့်ကြံသူများ နေထိုင်သော ခြံဝန်း ဖြစ်သည်မှာ ထင်ရှားသည်။

ခရမ်းရောင် ကျားမျိုးနွယ်စုက ထိုသို့သော ခြံဝန်းထဲတွင် နေထိုင်ခွင့်ပြုခဲ့ခြင်းသည် သူတို့ အပြာရောင် ကျားမျိုးနွယ်စုကို အလွန်အမင်း မထီမဲ့မြင်ပြုခြင်း ဆိုလည်း မမှားပေ။

“ဒီမှာ ခဏလောက်နေပြီး အနားယူကြစို့.. ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ငါတို့တွေ လုံခြုံသွားခဲ့ပြီ”

အရှင်ချင်းဖုန်းက ပြုံး၍ ပြောလိုက်သည်။

ဤလောကသည် ခွန်အားဖြင့်သာ စကားပြော၍ ရသော လောကကြီး ဖြစ်သည်။

ယခု သူတို့ အပြာရောင် ကျားမျိုးနွယ်စုသည် ခရမ်းရောင်ကျားမျိုးနွယ်စု ထံတွင် ခိုလှုံရန် ရောက်ရှိလာခြင်း ဖြစ်ရာ မည်ကဲ့သို့ ဆက်ဆံခံရပါစေ၊ ခံနိုင်ရည်ရှိရန် ကြိုးစားရုံသာ ဖြစ်သည် မဟုတ်ပါလား။

အခန်း(၁၉၅၃)ပြီး၏။

All Chapters