အခန်း (၁၉၅၅)
Vol. 136 Ch. 1955
အရှင်ချင်းဖုန်းက သူ၏ရှေ့မှ ကျန်းချန်ကို ကြည့်ကာ ရင်ထဲတွင် သက်ပြင်းချလိုက်သည်။
ဤသည်မှာ ခရမ်းရောင်ကျားမျိုးနွယ်စု၏ နယ်မြေ ဖြစ်သည်။
ကျန်းချန်က အလွန်ပင် အစွမ်းထက်သော်လည်း ခရမ်းရောင်ကျားမျိုးနွယ်စုကို တစ်ကိုယ်တော် ယှဥ်ပြိုင်ရန်မှာ ခက်ခဲဖွယ်ရှိ၏။
ကျန်းချန်ကို သူတို့ အပြာရောင် ကျားမျိုးနွယ်စုက ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ရာ အပြာရောင် ကျားမျိုးနွယ်စုသည် ဤဆက်စပ်ပတ်သက်မှုကြောင့် ဘယ်လိုမှ မလွတ်မြောက်နိုင်တော့မည်မှာ ထင်ရှား၏။
သို့သော်လည်း ခရမ်းရောင်မျက်လုံးနှင့် လူငယ်၏ သဘောထားကို ကြည့်ခြင်းအားဖြင့် သူတို့လူစုကို ခရမ်းရောင်ကျားမျိုးနွယ်စုက ကြင်နာမည် မဟုတ်ကြောင်း အရှင်ချင်းဖုန်း နားလည်ထားခဲ့ပြီးပြီ ဖြစ်သည်။
ယခုအခါတွင် သူနှင့် ကျန်းချန်တို့ ပူးပေါင်းမှသာ ခရမ်းရောင်ကျားမျိုးနွယ်စုကနေ ထွက်ခွာရန် အခွင့်အရေး ရှိလာနိုင်သည်မဟုတ်ပါလား။
“သခင်လေးကျန်း.. ဒီခရမ်းရောင် ကျားမျိုးနွယ်စုမှာ အချိန်ကြာကြာနေထိုင်ဖို့ မသင့်တော်ဘူး.. ငါတို့ အခုပဲ ထွက်သွားကြစို့”
အရှင်ချင်းဖုန်းက ကျန်းချန်ကို အလျင်အမြန် ပြောလိုက်သည်။
ခရမ်းရောင် ကျားမျိုးနွယ်စုသည် အင်အားတောင့်တင်းသော မြေကြီးအဆင့် အင်အားစု ဖြစ်သည်။
၎င်းတို့တွင် နယ်မြေနတ်ဘုရား တစ်ပါးထက်မက ရှိပြီး ခေါင်းဆောင်လုပ်သူမှာ မြေကြီးအရှင် ဖြစ်သည်။
ထို့ကြောင့် ခရမ်းရောင် ကျားမျိုးနွယ်စုမှ အခြားသော နယ်မြေနတ်ဘုရားများ ရောက်မလာမီ ခရမ်းရောင်ကျားမျိုးနွယ်စုမှ အလျင်အမြန် ထွက်ခွာနိုင်မှ ဖြစ်ပေလိမ့်မည်။
သို့မဟုတ်လျှင် ယနေ့တွင် ခရမ်းရောင် ကျားမျိုးနွယ်စုသည် သူတို့ အားလုံး၏ သင်္ဂြိုဟ်ရာနေရာ ဖြစ်သွားနိုင်သည် မဟုတ်ပါလော။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“မင်းတို့ အရင်ထွက်သွားလိုက်ပါ.. ငါ ခရမ်းရောင်ကျားမျိုးနွယ်စုဆီကနေ လိုချင်တဲ့အရာ တစ်ခု ရှိသေးတယ်”
သူက ခရမ်းရောင် ကျားမျိုးနွယ်စုတွင် ၁လကြာ စောင့်ဆိုင်းခဲ့သည်။
မူလက သူ၏အစီအစဥ်မှာ အပြာရောင် ကျားမျိုးနွယ်စုမှတစ်ဆင့် ခရမ်းရောင် ကျားမျိုးနွယ်စု၏ အကြီးအကဲထံမှ မြေပုံကို ရယူလိုခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ခရမ်းရောင်ကျားမျိုးနွယ်စု၏ အကြီးအကဲသည် အပြာရောင် ကျားမျိုးနွယ်စုကို လုံးဝ အလေးမထားမှန်း မည်သူက ကြိုသိနိုင်ပါအံ့နည်း။
သို့ဖြစ်၍ သူ၏ ကိုယ်ပိုင်နည်းလမ်းဖြင့်သာ မြေပုံကို ရယူတော့မည်ဟု ဆုံးဖြတ်ထားခဲ့သည်။
မလိုလားအပ်သော ပြဿနာများကို လျှော့ချရန်အတွက် ကျန်းချန်သည် ခရမ်းရောင် ကျားမျိုးနွယ်စုနှင့် ပြဿနာမတက်ချင်သော်လည်း ခရမ်းရောင် ကျားမျိုးနွယ်စုကို အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိပေ။
အရှင်ချင်းဖုန်းသည် ကျန်းချန်၏ စကားများကို ကြားလျှင် အလွန်တရာ စိုးရိမ်ပူပန်သွားခဲ့သည်။
သူက ကျန်းချန်ကို စကားပြောရန် ပြင်လိုက်စဥ်မှာပင် ကြောက်မက်ဖွယ် နယ်မြေနတ်ဘုရား အရှိန်အဝါသည် ကောင်းကင်ယံတွင် ထွက်ပေါ်လာခဲ့သည်။
ယခု ရောက်ရှိလာသောသူမှာ ခရမ်းရောင်ဆံပင်နှင့်ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ခပ်ပိန်ပိန် အဘိုးအိုတစ်ဦး ဖြစ်သည်။
“အဘိုး ဒီကောင်က ကျွန်တော်တို့ ခရမ်းရောင် ကျားမျိုးနွယ်စုမှာ လာရောက် ရမ်းကားနေတယ်.. အရှင်အာဏာကိုလည်း ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့တယ်.. အဘိုး သူ့ကို အမြန်ဆုံးသတ်ပစ်လိုက်ပါ”
ခရမ်းရောင်မျက်လုံးနှင့် လူငယ်က ကောင်ကင်ယံမှ နယ်မြေနတ်ဘုရားကို မြင်လျှင် အလျင်အမြန် အော်ဟစ် တိုင်တန်းလိုက်သည်။
ယခု ရောက်ရှိလာသူမှာ တခြားသူမဟုတ်ပေ။
ခရမ်းရောင် ကျားမျိုးနွယ်စု၏ အကြီးအကဲ ဖြစ်သည့် ကျီထျန်းဟဲ ဖြစ်သည်။
သူက ခရမ်းရောင်ကျားမျိုးနွယ်စု၏ ခေါင်းဆောင် ဖြစ်သည့် မြေကြီးအရှင် ပြီးလျှင် ဒုတိယအရေးပါဆုံး နယ်မြေနတ်ဘုရား ဆိုလည်း မမှားပေ။
“ခွေးမသား.. မင်းအသံချည်းပဲ”
ကျန်းချန်၏ မျက်နှာက အေးစက်သွားခဲ့ပြီး လက်တစ်ဖက်ကို လှုပ်ရှားလိုက်သည်။
“ဝုန်း..”
ကြောက်မက်ဖွယ် ကမ္ဘာ့စွမ်းအားသည် ချက်ချင်းဆိုသလိုပင် ရွှေရောင်လက်တစ်ဖက် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး မလှမ်းမကမ်းရှိ ခရမ်းရောင်မျက်လုံးနှင့် လူငယ်ကို ဖမ်းဆုပ်လိုက်၏။
ဤအချိန်တွင် ခရမ်းရောင်မျက်လုံးနှင့် လူငယ်သည် ပတ်ဝန်းကျင်ရှိ နေရာလွတ်နှင့် သူ၏ ခန္ဓာကိုယ်ထဲမှ ကမ္ဘာ့စွမ်းအားက ထိုရွှေရောင်လက်၏ ထိန်းချုပ်ခြင်းကို လုံးဝ ခံထားရမှန်း ခံစားမိခဲ့သည်။
“အဘိုး ကျွန်တော့်ကို ကယ်ပါဦး”
ခရမ်းရောင်မျက်လုံးနှင့် လူငယ်က ထိတ်လန့်တကြား ဖြစ်သွားခဲ့ပြီး သေခြင်းတရား၏ အရိပ်အငွေ့များသည် သူ၏ ရင်ထဲတွင် လွှမ်းခြုံသွားသလို ခံစားလိုက်ရသည်။
သူက လေထဲရှိ ကျီထျန်းဟဲကို ချက်ချင်းပင် အလျင်အမြန် အော်ဟ စ်အကူအညီတောင်းလိုက်သည်။
“ကောင်လေး အတင့်ရဲလှချည်လား”
ကျန်းချန်က သူ၏ရှေ့မှာပင် သူ၏မြေးကို သင်ခန်းစာပေးလိုက်သည်အား မြင်လျှင် ကျီထျန်းဟဲသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူက မျကစ်စိတစ်မှိတ် အတွင်း ခရမ်းရောင်မျက်လုံးနှင့်လူငယ် အရှေ့သို့ ဆင်းသက်လာခဲ့ပြီး သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ် ခရမ်းရောင်မိုးကြိုး တစ်စင်းသည် လေထဲကနေ ဆင်းသက်လာခဲ့ပြီး ကျန်းချန်၏ ရွှေရောင်လက်ကို ချက်ချင်းဆိုသလို အမှုန့် အဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
“အကြီးအကဲကျီ.. အပြာရောင် ကျားမျိုးနွယ်စုက လုချင်းလင်းပါ.. မျိုးနွယ်စုခေါင်းဆောင်ရဲ့ အမိန့်နဲ့ အကြီးအကဲကျီကို လာရောက် တွေ့ဆုံတာပါ.. ခုနက ဖြစ်ပျက်ခဲ့တာတွေက နားလည်မှု လွဲသွားတာပါ.. .အကြီးအကဲ စိတ်အေးအေးထားဖို့ မျှော်လင့်ပါတယ်”
ကျီထျန်းဟဲ ထွက်ပေါ်လာသည်ကိုမြင်လျှင် လုချင်းလင်းသည် အလျင်အမြန်ပင် ရှေ့သို့ တက်လှမ်းကာ အရိုအသေပေး၍ ပြောလိုက်သည်။
“ကလေးမ.. မင်းတို့ မျိုးနွယ်စုခေါင်းဆောင်ရဲ့ မျက်နှာကြောင့်သာမဟုတ်ရင် ဒီနတ်ဘုရားက မင်းတို့ကို ခရမ်းရောင် ကျားမျိုးနွယ်စုထဲ အလွယ်တကူ ဝင်ခွင့်ပြုပါ့မလား”
ကျီထျန်းဟဲက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
“ပြီးမှပဲ ဒီနတ်ဘုရားက မင်းတို့ အပြာရောင်ကျားမျိုးနွယ်စုနဲ့ စကားပြောမယ်.. ဒါပေမဲ့ ဒီကောင်လေးကတော့ ခရမ်းရောင်ကျားမျိုးနွယ်စုကို မထီမဲ့မြင် လုပ်ခဲ့တယ်.. ဒီနတ်ဘုရားက သူ့ကို လုံးဝ အလွှတ်ပေးဖို့ မဖြစ်နိုင်ဘူး.. မင်းအရင် နောက်ဆုတ်နေလိုက်ပါ”
ထိုစကားကို ကြားလျှင် လုချင်းလင်း၏ အမူအရာက ပြောင်းလဲသွားပြီး ကျီထျန်းဟဲကို အလျင်အမြန် တောင်းပန်လိုက်သည်။
“အကြီးအကဲကျီ”
“တိတ်စမ်း.. မင်း နောက်ထပ် စကားထပ်ပြောရဲရင် ဒီနတ်ဘုရားက မင်းကိုပါ ချက်ချင်း သတ်ပစ်လိုက်မယ်”
ကျီထျန်းဟဲက လုချင်းလင်းကိုပင် စကားပြောရန် အခွင့်အရေး လုံးဝ မပေးဘဲ အေးစက်စက် ပြောလိုက်သည်။
“ချင်းလင်း မင်းနောက်ဆုတ်လိုက်ပါ.. ငါ့အတွက် ဒီအဘိုးကြီးကို ဘာမှတောင်းပန်နေစရာ မလိုဘူး.. မင်းဘာမှစိတ်မပူနဲ့.. ငါ့ရှေ့မှာ ဒီလိုစကားပြောဖို့ သူ့မှာ ဘာအရည်အချင်းမှ မရှိဘူး”
ကျန်းချန်က အရေးမစိုက်သော အမူအရာဖြင့် မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
ခရမ်းရောင်ကျားမျိုးနွယ်စုမှ အကြီးအကဲ ကျီထျန်းဟဲ၏ ခွန်အားသည် သာမန်မဟုတ်ပေ။
ကျန်းချန် မြင်တွေ့ခဲ့ဖူးသော အဆင့်နိမ့် နယ်မြေနတ်ဘုရားများထဲတွင် အသန်မာဆုံးထဲမှ တစ်ဦး ဖြစ်သည်မှာ သေချာ၏။
သို့သော်လည်း ကျီထျန်းဟဲသည် အဆင့်နိမ့် နယ်မြေနတ်ဘုရားသာ ဖြစ်၍ သူ့ကို အနည်းငယ်မျှပင် ခြိမ်းခြောက်နိုင်မည်မဟုတ်ပေ။
ကျန်းချန်၏ စကားကိုကြားလျှင် လုချင်းလင်းသည် အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ ကျန်းချန်၏ အနောက်သို့ ဆုတ်သွားခဲ့သည်။
ယနေ့တွင် ခရမ်းရောင် ကျားမျိုးနွယ်စုသည် ကျန်းချန်ကို အလွှတ်ပေးမည် မဟုတ်သလို အပြာရောင် ကျားမျိုးနွယ်စုကိုလည်း လွှတ်ပေးမည် မဟုတ်ကြောင်း သူမ ရင်ထဲတွင် ကောင်းစွာ နားလည်ထားခဲ့သည်။
ကျန်းချန်သာ ရှုံးနိမ့်သွားခဲ့လျှင် ကျန်းချန်နှင့် အပြာရောင်ကျားမျိုးနွယ်စု တို့၏ အသက်ကို ကယ်တင်နိုင်ရန် အတွက် အပြာရောင် ကျားမျိုးနွယ်စု၏ တန်ဖိုးအထားဆုံး အရာကို ထုတ်သုံးမည်ဟု သူမ ဆုံးဖြတ်ခဲ့သည်။
“ကောင်လေး မင်းဘယ်သူလဲ...ဘာလို့ ငါတို့ ခရမ်းရောင်ကျားမျိုးနွယ်စုက လူတွေကို တိုက်ခိုက်ရတာလဲ”
ကျီထျန်းဟဲက ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်နေသော်လည်း ခပ်ပေါ့ပေါ့ သဘောမထားခဲ့ပေ။
ထိုကောင်လေး၏ ခန္ဓာကိုယ်တွင် နယ်မြေနတ်ဘုရား အရှိန်အဝါ မရှိသော်လည်း အရှင်အာဏာကိုပင် အလွယ်တကူ ထိခိုက်ဒဏ်ရာရစေခဲ့သည်။
အရှင်အာဏာသည် ခရမ်းရောင် ကျားမျိုးနွယ်စု၏ နယ်မြေနတ်ဘုရားများထဲတွင် အားနည်းသူတစ်ဦး ဖြစ်သော်လည်း စစ်မှန်သော နယ်မြေနတ်ဘုရားတစ်ပါး ဖြစ်သည်။
အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အရှင်အာဏာကို ဒဏ်ရာရရှိအောင် လုပ်ဆောင်နိုင်၍ မဟာကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်နိုင်ဖွယ်ရှိသည်။
ထိုသို့သော ပါရမီရှင်တစ်ဦးကို ကျီထျန်းဟဲပင်လျှင် သတိထား၍ ဆက်ဆံရလိမ့်မည် ဖြစ်၏။
ထို့အပြင် မဟာကောင်းကင် နတ်ဘုရားများကို မွေးထုတ်နိုင်သော အင်အားစုသည် သာမန်အင်အားစု လုံးဝမဖြစ်နိုင်ပေ။
သူတို့ ခရမ်းရောင် ကျားမျိုးနွယ်စုမှာပင် မဟာကောင်းကင်နတ်ဘုရား တစ်ပါးသာလျှင် ရှိ၏။
ဤအနက်ရောင်ဝတ်စုံဝတ် လူငယ်၏ နောက်ကွယ်မှအင်အားစုသည် ခရမ်းရောင်ကျားမျိုးနွယ်စုထက် မနိမ့်ကျနိုင်ချေါ
ထိုကဲ့သို့သော နောက်ခံအင်အားရှိသည့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရသောအခါတွင် ကျီထျန်းဟဲသည် ပို၍ သတိထားနေခဲ့၏။
“ငါ့နာမည် ကျန်းချန်.. မင်းတို့ဆီ ရောက်လာတာက ထာဝရဟင်းလင်းပြင်ရဲ့ မြေပုံကို လိုချင်လို့ပဲ”
“ဒီကောင်လေးက တကယ်ပဲ မြေပုံလိုချင်လို့ ရောက်လာတာလား”
ကျီထျန်းဟဲက မျက်မှောင်ကြုတ်သွားခဲ့သည်။
သူက ထိုကောင်လေးတွင် အင်အားစုကြီး တစ်ခု၏ နောက်ခံရှိသည်ဟု ထင်ခဲ့သော်လည်း ထိုသို့ ဟုတ်ပုံမရပေ။
ထိုကောင်လေးသာ အင်အားစုကြီးမှ ကျင့်ကြံသူ ဆိုလျှင် သူတို့ ခရမ်းရောင် ကျားမျိုးနွယ်စု ထံတွင် မြေပုံ လာရောက် တောင်းစရာ အကြောင်းမရှိပေ။
စင်စစ် ကျီထျန်းဟဲသည် ထိုကောင်လေးကို ကျန်းဝူနယ်မြေ၏ နံပါတ်(၁)ဂိုဏ်း ဖြစ်သော ကျန်းဝူနတ်ဂိုဏ်းမှ ထိပ်တန်းပါရမီရှင် တစ်ဦးဟု ထင်မှတ်ခဲ့သည်။
ထိုကောင်လေးက ကျန်းဝူနတ်ဂိုဏ်းမှ မဟုတ်မှန်း သေချာသွားသောကြောင့် ကျီထျန်းဟဲသည် လုံးဝ ကြောက်ရွံ့မှုမရှိတော့ပေ။
“ကောင်လေး ငါတို့ ခရမ်းရောင်ကျား မျိုးနွယ်စုက လူတွေကို တိုက်ခိုက်ခဲ့ပြီးတာတောင် မင်းက ခရမ်းရောင် ကျားမျိုးနွယ်စုကနေ မြေပုံကို လိုချင်နေသေးတယ်.. ဘာလဲ ငါတို့ ခရမ်းရောင် ကျားမျိုးနွယ်စုကို မင်းတို့ အနိုင်ကျင့်ချင် တိုင်းကျင့်လို့ရမယ်လို့များ ထင်နေတာလား”
ကျီထျန်းဟဲက အေးစက်စက် ကြုံးဝါးလိုက်ပြီး သူ၏ ခန္ဓာကိုယ်တွင် ချက်ချင်းဆိုသလို လူသတ်ငွေ့များ ပြည့်နှက်လာခဲ့သည်။
ကျန်းချန်က ကျီထျန်းဟဲကို စူးစိုက်၍ ကြည့်ကာ ပြောလိုက်၏။
“မင်းကို အကြံဥာဏ်တစ်ခု ပေးမယ်.. မင်းတို့ ခရမ်းရောင်ကျားမျိုးနွယ်စုရဲ့ မြေကြီးအရှင်နဲ့ ငါ့ကို ပေးတွေ့ပါ”
“ဟမ့်.. ငါတို့ခရမ်းရောင် ကျားမျိုးနွယ်စု ခေါင်းဆောင်ကို မင်းတွေ့ချင်တိုင်း တွေ့လို့ရမယ်များ ထင်နေလား.. ငါက ခရမ်းရောင် ကျားမျိုးနွယ်စုရဲ့ အဆင့်မြင့် အကြီးအကဲပဲ.. ခရမ်းရောင်ကျားမျိုးနွယ်စုနဲ့ ပတ်သက်တဲ့ ကိစ္စအားလုံးကို ငါတာဝန်ယူထားတယ်”
ကျန်းချန်က သူ့ကို မျက်လုံးထဲပင် မထည့်သည်ကို မြင်လျှင် ကျီထျန်းဟဲ၏ အမူအရာသည် ချက်ချင်းဆိုသလိုပင် သုန်မှုန်သွားခဲ့သည်။
“ကောင်လေး ချက်ချင်းအညံ့ခံလိုက်.. ဒါဆို ဒီနတ်ဘုရားက မင်းအသက်ကို ချမ်းသာပေးဖို့ စဥ်းစားပေးမယ်”
“ငါ့ကို အညံ့ခံခိုင်းဖို့ မင်းမှာ အရည်အချင်းရှိလို့လား”
ကျန်းချန်က ကျီထျန်းဟဲကို ကြည့်ကာ မထီမဲ့မြင် ပြောလိုက်သည်။
“မင်းမပြောနဲ့.. မင်းရဲ့ခရမ်းရောင် ကျားမျိုးနွယ်စုက မြေကြီးအရှင်တောင် ငါ့ရဲ့ရှေ့မှာ ဒီလိုစကားပြောဖို့ အရည်အချင်း မရှိဘူး”
“မင်းက ကိုယ့်သေလမ်းကိုယ် ရှာနေတာပဲ”
ကျီထျန်းဟဲက ဒေါသတကြီး ကြုံးဝါးလိုက်သည်။
သူ၏ပုံရိပ်သည် မျက်စိတစ်မှိတ် အတွင်းမှာပင် ကျန်းချန်၏ ဦးခေါင်းအထက်၌ ပေါ်လာခဲ့၏။
ထို့နောက်တွင် သူက နေရာလွတ် စွမ်းအားကို ထုတ်ဖော်ကာ ကျန်းချန်အား လှုပ်မရအောင် ထိန်းချုပ်လိုက်ပြီး သူ၏ ခြေထောက်ဖြင့် ကျန်းချန်၏ ဦးခေါင်းကို ဆောင့်နင်းချလိုက်သည်။
သို့သော်လည်း ပတ်ဝန်းကျင်မှ နေရာလွတ် စွမ်းအားသည် ကျန်းချန်ကို လုံးဝ ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။
ကျန်းချန်က သူ၏ လက်ဖဝါးကို အသာအယာ မြှောက်လိုက်ပြီး ကျီထျန်းဟဲ၏ ခြေထောက်ကို ရိုက်ချလိုက်သည်။
ချက်ချင်းဆိုသလိုပင် ကျီထျန်းဟဲ၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားခဲ့ပြီး လူတစ်ကိုယ်လုံးသည် ပေရာပေါင်းများစွာ အကွာအဝေးအထိ နောက်ပြန် လွင့်စင်သွားခဲ့သည်။
သူက ကျန်းချန်ကို ထိတ်လန့်တကြား ကြည့်လိုက်ပြီး မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။
“ကမ္ဘာ့စွမ်းအား ၈မျိုးရဲ့စွမ်းအား.. မင်း မင်းက အထွတ်အထိပ် ကောင်းကင် နတ်ဘုရားလား”
သူ၏ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို ကမ္ဘာ့စွမ်အား ၇မျိုးအား ပိုင်ဆိုင်ထားသော မဟာကောင်းကင်နတ်ဘုရားတစ်ပါးဟုသာ သူ မူလက ထင်မှတ်ထားခဲ့သည်။
သို့သော်လည်း အစောပိုင်းက တိုက်ခိုက်မှုတွင် ကျီထျန်းဟဲသည် ထိုလူငယ်ထံမှ ကမ္ဘာ့စွမ်းအား ၈မျိုးကို ရှင်းရှင်းလင်းလင်း ခံစားမိခဲ့၏။
အထွတ်အထိပ် ကောင်းကင်နတ်ဘုရား ဟူသော တည်ရှိမှုသည် နတ်ဘုရားနယ်မြေမှာပင် အလွန်တရာ ရှားပါးသည်။
ကျီထျန်းဟဲသည် အပြာရောင် ကျားမျိုးနွယ်စုက ထိုကဲ့သို့ အထွတ်အထိပ် ကောင်းကင်နတ်ဘုရား တစ်ပါးကို ခရမ်းရောင် ကျားမျိုးနွယ်စုထံ ခေါ်ဆောင်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။
အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်သည် အလယ်အလတ် နယ်မြေနတ်ဘုရား ဖြစ်သည့် မြေကြီးအရှင်များနှင့် နှိုင်းယှဥ်နိုင်သောအဆင့် ဖြစ်သည်။
သူတို့ ခရမ်းရောင် ကျားမျိုးနွယ်စု၏ ခေါင်းဆောင်ပင်လျှင် ထိုလူငယ်နှင့် ရင်ဆိုင်ရလျှင် အထူးဂရုစိုက်ရမည် ဖြစ်၏။
“ကမ္ဘာ့စွမ်းအား ၈မျိုးကို ပိုင်ဆိုင်ထားတဲ့ အထွတ်အထိပ်ကောင်းကင်နတ်ဘုရားလား”
အရှင်ချင်းဖုန်းတို့ လူစုသည်လည်း ထိုမြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေခဲ့ကြပြီး အသက်ရှူရပ်လုမတတ် ဖြစ်နေခဲ့ကြသည်။
ဤအချိန်တွင် သူတို့သည် ကျန်းချန်က အဘယ်ကြောင့် နယ်မြေနတ်ဘုရားများကို အလွယ်တကူ အနိုင်ယူနိုင်မှန်း အဆုံးသတ်၌ နားလည်သွားခဲ့ကြသည်။
ဒဏ္ဍာရီလာ အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်သည် နယ်မြေနတ်ဘုရားများကို အလွယ်တကူ အနိုင်ယူနိုင်သည့် ကြောက်မက်ဖွယ်ရာ ကောင်းသော အဆင့်ပင် မဟုတ်ပါလော။
အရှင်ချင်းဖုန်းတို့ လူစု၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
အထွတ်အထိပ် ကောင်းကင်နတ်ဘုရားအဆင့်သည် ခရမ်းရောင် ကျားမျိုးနွယ်စု၏ ခေါင်းဆောင်ထက် မနိမ့်ကျပေ။
ယနေ့တွင် သူတို့ အပြာရောင် ကျားမျိုးနွယ်စုသည် ကျန်းချန်ကြောင့် ကယ်တင်ခံရနိုင်ဖွယ် ရှိ၏။
“အကြီးအကဲထျန်းဟဲ.. ဂုဏ်သရေရှိဧည့်သည်ကို ငါနဲ့ တွေ့ဖို့ ခေါ်လာခဲ့ပါ”
ရုတ်တရက် ထွက်ပေါ်လာသော အသံသည် လူတိုင်းကို အံ့အားသင့်စေခဲ့သည်။
အရှင်ချင်းဖုန်းတို့ လူစုပင်လျှင် အံ့သြထိတ်လန့်သွားခဲ့၏။
ခရမ်းရောင်ကျားမျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သည့် မြေကြီးအရှင်သည် ကျန်းချန်ကို ဂုဏ်သရေရှိ ဧည့်သည်ဟုပင် ခေါ်ဆိုခဲ့သည်။
ကျန်းချန်၏ အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့် ခွန်အားသည် ခရမ်းရောင် ကျားမျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သည့် မြေကြီးအရှင်ကိုပင် အလေးအနက် ထားစေသည်အထိ တွန်းအားပေးနိုင်ခဲ့ခြင်း ဖြစ်သည်မှာ ထင်ရှား၏။
ဤအချိန်တွင် ကျီထျန်းဟဲ၏ မျက်နှာအမူအရာက သုန်မှုန်နေခဲ့သည်။
သူ၏ မျက်ဝန်းများတွင် အရှက်တရား နှင့် ဒေါသအရိပ်အယောင်များ ထပ်ဟပ်နေခဲ့၏။
သို့သော်လည်း သူက ချက်ချင်းဆိုသလိုပင် သူ့ကိုယ်သူ ထိန်းချုပ်လိုက်ပြီး ခေါင်းညိတ်ကာ တလေးတစား ပြောလိုက်သည်။
“အမိန့်အတိုင်းပါ ခေါင်းဆောင်.. ဂုဏ်သရေရှိဧည့်သည်ကို အခုပဲ ခေါ်ဆောင်လာခဲ့ပါမယ်”
ထို့နောက် သူက ကျန်းချန်ဘက်သို့ လှည့်ကာ အေးစက်စက်အမူအရာဖြင့် ပြောလိုက်သည်။
“ကောင်လေး ငါနဲ့လိုက်ခဲ့.. ငါတို့ခေါင်းဆောင်က မင်းနဲ့တွေ့ချင်နေတယ်”
ဤအချိန်တွင် သူ၏ မြေးဖြစ်သည့် ခရမ်းရောင်မျက်လုံးနှင့် လူငယ်သည် ကြောက်ရွံ့ တုန်လှုပ်နေခဲ့ပြီး ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်နေခဲ့သည်။
အရှင်ချင်းဖုန်းက ကျန်းချန်ကို ခပ်တိုးတိုး သတိပေးလိုက်သည်။
“သခင်လေးကျန်း သတိထားပါ.. ခရမ်းရောင်ကျားမျိုးနွယ်စုရဲ့မြေကြီးအရှင်က အလွယ်တကူ ဆက်ဆံနိုင်တဲ့သူ မဟုတ်ဘူး”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ခေါင်းညိတ်လိုက်သည်။
“အဘိုးကြီး ငါ့ကို လမ်းပြပေးစမ်း”
ကျန်းချန်က ကျီထျန်းဟဲကို စူးစိုက်၍ ကြည့်လိုက်ပြီး လေးစားမှုကင်းမဲ့စွာ ပြောလိုက်သည်။
ကျီထျန်းဟဲက သူ၏ စိတ်ထဲမှ ဒေါသများကို အတင်းအကျပ် ထိန်းချုပ်ထားခဲ့ရသည်။
ထို့နောက်တွင် သူက ကျန်းချန်ကို ခရမ်းရောင် ကျားမျိုးနွယ်စု၏ ဗဟိုရှိ တားမြစ်နယ်မြေ ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
အခန်း(၁၉၅၅)ပြီး၏။