အခန်း (၁၉၅၆)
Vol. 136 Ch. 1956
ကျီထျန်းဟဲက ကျန်းချန်ကို လမ်းပြ၍ ခေါ်ဆောင်လာခဲ့သည်။
အထွတ်အထိပ် ကောင်းကင်နတ်ဘုရားအဆင့်သည် သူတို့ ခရမ်းရောင် ကျားမျိုးနွယ်စုပင် အလွယ်တကူ စော်ကား၍ ရသော အဆင့်အတန်းမဟုတ်ပေ။
ခရမ်းရောင်ကျားမျိုးနွယ်စု တစ်ခုလုံးတွင် သူတို့၏ မျိုးနွယ်စုခေါင်းဆောင်သာလျှင် အထွတ်အထိပ် ကောင်းကင်နတ်ဘုရားနှင့် တန်းတူ ဆွေးနွေးနိုင်သည့် အရည်အချင်း ရှိ၏။
ထို့ကြောင့်လည်း မျိုးနွယ်စုခေါင်းဆောင်ထံမှ အမိန့်ကို ရရှိသည်နှင့် ကျီထျန်းဟဲက တုံ့ဆိုင်ခြင်းမရှိဘဲ ကျန်းချန်ကို ခေါ်ဆောင်လာခဲ့ခြင်းပင်။
မကြာမီမှာပင် ကျီထျန်းဟဲ၏ ဦးဆောင်မှုအောက်တွင် ကျန်းချန်သည် ခရမ်းရောင် ကျားမျိုးနွယ်စု၏ တားမြစ်ဧရိယာဆီသို့ ရောက်ရှိလာခဲ့သည်။
ကြီးမားသော ရွှေရောင်နန်းတော် တစ်ခုသည် ကျန်းချန်၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။
ထိုနန်းတော်၏ ပတ်ပတ်လည်တွင် အစောင့်အရှောက်များ ရှိမနေသလို အစီအရင်များဖြင့်လည်း ကာကွယ်ထားခြင်းမရှိပေ။
အကြောင်းရင်းမှာ ဤနေရာသည် ခရမ်းရောင် ကျားမျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သည့် မြေကြီးအရှင် နေထိုင်သည့်နေရာဖြစ်သောကြောင့်ပင်။
မြေကြီးအရှင် နေထိုင်သော နေရာသည် ကျင့်ကြံသူများအတွက် အလိုအလျောက် တားမြစ်နယ်မြေပင် မဟုတ်ပါလော။
မကြာမီမှာပင် သူတို့နှစ်ယောက်သည် နန်းတော်ထဲသို့ ဝင်ရောက်လာခဲ့ပြီး ရွှေရောင်ခန်းမ တစ်ခုဆီသို့ ရောက်ရှိလာခဲ့ကြသည်။
“ခေါင်းဆောင်.. ခေါ်လာခဲ့ပါပြီ”
ကျီထျန်းဟဲက ခန်းမထဲသို့ ရောက်ပြီးနောက်တွင် တလေးတစား အရိုအသေပေးကာ ပြောလိုက်သည်။
ခန်းမထဲတွင် ဆံဖြူအဘိုးအိုတစ်ဦး ထိုင်နေသည်ကို ကျန်းချန် မြင်လိုက်ရသည်။
ထိုအဘိုးအိုမှာ တခြားသူ မဟုတ်ဘဲ ခရမ်းရောင် ကျားမျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သည့် မြေကြီးအရှင် ကျင်းဟော်ဖြစ်သည်။
မြေကြီးအရှင် ကျင်းဟော်က သူ၏ ပိတ်ထားသော မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ရာ ရွှေရောင်မီးလျှံ နှစ်ခုသည် အဆုံးမဲ့ အရှိန်အဝါကို သယ်ဆောင်ကာ ကျန်းချန် ဆီသို့ ရိုက်ခတ်လာခဲ့သည်။
“ကောင်လေး.. မင်းက ငါတို့ ခရမ်းရောင် ကျားမျိုးနွယ်စုရဲ့ နယ်မြေနတ်ဘုရားတွေကို ဒဏ်ရာရစေခဲ့တယ်.. ဒီအပြုအမူက အရမ်းကို လွန်လွန်းတဲ့ အပြုအမူပဲ”
မြေကြီးအရှင် ကျင်းဟော်၏ စကားသံက ခန်းမထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။
ရုတ်တရက် ခန်းမတစ်ခုလုံး၏ လေထုသည် အေးခဲသွားသလို ဖြစ်သွားခဲ့သည်။
သာမန် အဆင့်နိမ့် နယ်မြေနတ်ဘုရားပင်လျှင် ထိုဖိအားအောက်သို့ ရောက်လျှင် လှုပ်ရှား၍ ရတော့မည်မဟုတ်ပေ။
ခရမ်းရောင် ကျားမျိုးနွယ်စု၏ အကြီးအကဲ ကျီထျန်းဟဲပင်လျှင် ထိုဖိအားအောက်တွင် အသက်ကို မနည်းရှူရှိုက်နေခဲ့ရသည်။
ကျန်းချန်ကမူ အေးအေးလူလူပင် တည်ငြိမ်နေခဲ့၏။
သူက မြေကြီးအရှင် ကျင်းဟော်ကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။
“ငါက ခရမ်းရောင် ကျားမျိုးနွယ်စုဆီက ထာဝရဟင်းလင်းပြင်နဲ့ သက်ဆိုင်တဲ့မြေပုံကိုပဲ လိုချင်တာပါ.. ငါ့မှာ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး”
“နတ်ဘုရားနယ်မြေက အင်အားစုတွေ ပိုင်ဆိုင်ထားတဲ့ ထာဝရဟင်းလင်းပြင် မြေပုံက ခွန်အားနဲ့ အဆင့်အတန်းကို ကိုယ်စားပြုတဲ့ သင်္ကေတပဲ.. မင်းက အထွတ်အထိပ် ကောင်းကင်နတ်ဘုရား ဖြစ်ပေမဲ့ ငါတို့ ခရမ်းရောင် ကျားမျိုးနွယ်စုက မြေပုံကို ဒီလောက်ထိ လွယ်လွယ်ပေးဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး”
မြေကြီးအရှင် ကျင်းဟော်က တည်ငြိမ်စွာ ပြောလိုက်သည်။
နတ်ဘုရားနယ်မြေသည် အန္တရာယ်များနှင့် ပြည့်နှက်နေသော ကမ္ဘာလောကကြီး ဖြစ်သည်။
မြေပုံက ပိုမိုပြီး အသေးစိတ်လေ နတ်ဘုရားနယ်မြေတွင် လျှောက်လမ်းသူများ၏ အန္တရာယ်များကို ပိုမိုလျှော့ချနိုင်လေဖြစ်၏။
သူတို့ ခရမ်းရောင်ကျားမျိုးနွယ်စုတွင် ရှိသည်မှာ ကျန်းဝူကောင်းကင်နယ်မြေနှင့် သက်ဆိုင်သည့် ထာဝရဟင်းလင်းပြင်၏ မြေပုံသာ ဖြစ်သော်လည်း အပြာရောင်ကျားမျိုးနွယ်စု၏ မြေပုံနှင့်ယှဥ်လျှင် ပိုမို၍ အသေးစိတ်ကာ တန်ဖိုးကြီးမားသည်။
“ဒါကို ငါနားလည်ပါတယ်”
ကျန်းချန်က ခေါင်းညိတ်၍ ပြောလိုက်သည်။
“မြေကြီးအရှင်.. ဘယ်လို အပေးအယူလုပ်ရင် ငါ့ကို မြေပုံပေးနိုင်မလဲ”
သူ၏ အရှေ့မှ ခရမ်းရောင် ကျားမျိုးနွယ်စု၏ ခေါင်းဆောင်သည် အလယ်အလတ် နယ်မြေနတ်ဘုရား ဖြစ်သည့် မြေကြီးအရှင်တစ်ပါး ဖြစ်သည်။
သူ၏ အထွတ်အထိပ်ကောင်းကင်နတ်ဘုရားခွန်အားဖြင့်ပင် မြေကြီးအရှင်ကို ရင်ဆိုင်ရာ၌ အနိုင်ရမည်ဟု အာမ မခံနိုင်ပေ။
ထို့အပြင် ဤနေရာက ခရမ်းရောင် ကျားမျိုးနွယ်စု၏ နေရာဖြစ်ပြီး မြေကြီးအရှင်အပြင် အခြားသော နယ်မြေနတ်ဘုရားများစွာလည်း ရှိနေသည်။
ထို့ကြောင့် ကျန်းချန်သည် ခရမ်းရောင် ကျားမျိုးနွယ်စုနှင့် ရန်သူဖြစ်ရန် ဆန္ဒမရှိခဲ့ပေ။
“ငါတို့ ခရမ်းရောင် ကျားမျိုးနွယ်စု ပိုင်တဲ့ မြေပုံကို မင်းဆီ ပေးနိုင်ပါတယ်.. ဒါပေမဲ့ မင်းအနေနဲ့ ခရမ်းရောင် ကျားမျိုးနွယ်စုမှာ ၁၀နှစ်ကြာ နေထိုင်ရလိမ့်မယ်”
မြေကြီးအရှင်ကျင်းဟော်က အပေးအယူကို စတင်ပြောဆိုလိုက်သည်။
“ခေါင်းဆောင်.. ဒီကောင်လေးရဲ့ ဇာစ်မြစ်ကို ကျွန်တော်တို့ သေချာမသိသေးဘူး.. သူ့ကို ခရမ်းရောင် ကျားမျိုးနွယ်စုမှာ လက်ခံထားမလို့လား.. ခေါင်းဆောင် သူ့ရဲ့ဇာစ်မြစ်ကို စစ်ဆေးပြီးမှပဲ ဆုံးဖြတ်ချက်ချဖို့ အကြံပေးချင်ပါတယ်”
နံဘေးမှ ကျီထျန်းဟဲက အလျင်အမြန်ပင် ပြောလိုက်သည်။
ဆိုရလျှင် ကျီထျန်းဟဲသည် ကျန်းချန်ကို ခရမ်းရောင် ကျားမျိုးနွယ်စုတွင် နေထိုင်ခွင့်ပြုရန် ဆန္ဒမရှိခဲ့ပေ။
မြေကြီးအရှင်နှင့်ပင် နှိုင်းယှဥ်နိုင်သည့် အထွတ်အထိပ်ကောင်းကင်နတ်ဘုရားအဆင့်သည် ခရမ်းရောင်ကျားမျိုးနွယ်စုကို အကောက်ကြံခဲ့လျှင် ခရမ်းရောင်ကျားမျိုးနွယ်စု အတွက် ဘေးအန္တရာယ်များ ဖြစ်စေလိမ့်မည်မဟုတ်ပါလော။
“ဒီနတ်ဘုရားမှာ ကိုယ်ပိုင် ဆုံးဖြတ်ချက်ရှိတယ်.. မင်းဘာမှ ထပ်ပြောဖို့ မလိုဘူး”
မြေကြီးအရှင် ကျင်းဟော်က သူ၏လက်ကို ဝှေ့ယမ်းကာ ကျန်းချန်ကို ကြည့်၍ ပြောလိုက်သည်။
“ဘယ်လိုလဲ ငါ့ရဲ့တောင်းဆိုမှုကို မင်းသဘောတူလား”
ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့၏။
“၁၀နှစ် ဆိုတဲ့အချိန်က အရမ်းကို ရှည်ကြာလွန်းတယ်.. ငါ ခရမ်းရောင်ကျားမျိုးနွယ်စုမှာ အများဆုံး ၁နှစ်ပဲ နေနိုင်လိမ့်မယ်.. အကယ်၍ မြေကြီးအရှင်က ဆန္ဒမရှိဘူးဆိုရင်တော့ ငါ တခြားအင်အားစုတွေဆီ သွားရတော့မှာပဲ”
သူ နတ်ဘုရားနယ်မြေသို့ ဝင်ရောက်လာပြီးကတည်းကနေ စတင်ရေတွက်ခဲ့လျှင် ၁၀နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ခရမ်းရောင် ကျားမျိုးနွယ်စုတွင် ၁နှစ်ခွဲခန့် ကုန်ဆုံးမည်ဆိုလျှင် ကျန်းချန်သည် လက်ခံနိုင်ဖွယ် ရှိသေး၏။
သို့သော်လည်း မြေကြီးအရှင်က သူ့ကို ၁၀နှစ်ကြာ ခရမ်းရောင် ကျားမျိုးနွယ်စုတွင် နေထိုင်စေလိုသည် ဖြစ်ရာ ကျန်းချန်က မည်ကဲ့သို့ သဘောတူနိုင်ပါမည်နည်း။
ထိုစကားကို ပြောပြီးနောက်တွင် မြေကြီးအရှင်၏ စကားပြန်ပြောမည်ကို မစောင့်တော့ဘဲ ကျန်းချန်က လှည့်ထွက်သွားရန် ပြင်လိုက်သည်။
“ကောင်းပြီ.. မင်း ခရမ်းရောင်ကျားမျိုးနွယ်စုမှာ ၁နှစ် နေထိုင်သရွေ့ ဒီနတ်ဘုရားက ခရမ်းရောင်ကျားမျိုးနွယ်စု ပိုင်ဆိုင်တဲ့ မြေပုံကို မင်းဆီ လွှဲပြောင်းပေးမယ်”
ထိုအချိန်တွင် မြေကြီးအရှင်က ပြုံးရွှင်စွာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
ကျန်းချန်က လက်သီးဆုပ်၍ မြေကြီးအရှင် ကျင်းဟော်ကို ဦးညွှတ်လိုက်ပြီး ခန်းမထဲကနေ ထွက်လာခဲ့သည်။
ကျန်းချန် ထွက်ခွာသွားပြီးနောက်တွင် ကျီထျန်းဟဲသည် မြေကြီးအရှင်ကို ကျန်းချန်နှင့် ပတ်သက်၍ ပြောလိုက်သည်။
“ခေါင်းဆောင်.. ဇာစ်မြစ်ဘာမှမသိရတဲ့ ဒီကောင်လေးကို ခရမ်းရောင်ကျားမျိုးနွယ်စုမှာ တကယ်ပဲ နေထိုင်စေချင်တာလား”
ထိုစကားကိုကြားလျှင် မြေကြီးအရှင်က ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။
“မစိုးရိမ်ပါနဲ့.. ဒီကောင်လေးက အင်အားစုကြီးတွေကနေ စေလွှတ်လိုက်တဲ့ သူလျှိုမဟုတ်ပါဘူး”
နတ်ဘုရားနယ်မြေတွင် ကျန်းချန်ကဲ့သို့ အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်ကို မွေးထုတ်ပေးနိုင်သော အင်အားစု အနည်းငယ်သာ ရှိသည်။
ထိုကဲ့သို့သော အင်အားစုများသည် နာမည်ကျော်ကြားသော အင်အားစုများ ဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
ထိုအင်အားစုများက သူတို့ ခရမ်းရောင် ကျားမျိုးနွယ်စုကို ကိုင်တွယ်လိုလျှင် အထွတ်အထိပ် ကောင်းကင်နတ်ဘုရား တစ်ပါးကို သူလျှိုအဖြစ် စေလွှတ်ရန် မလိုအပ်ပေ။
ကျီထျန်းဟဲက ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ဒါပေမဲ့ ခေါင်းဆောင်.. ခရမ်းရောင်ကျားမျိုးနွယ်စုမှာ ၁နှစ်လောက် နေနိုင်ရုံနဲ့ သူ့ကို မြေပုံပေးတာက သိပ်အဓိပ္ပါယ်မရှိသလိုပဲ”
“ဒီကောင်လေးက အရမ်းကို သန်မာလွန်းတယ်.. ငါတောင် အနိုင်ရဖို့ မသေချာဘူး”
မြေကြီးအရှင် ကျင်းဟော်က ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။
ကျန်းချန်ကို သူ အဓိက လိုက်လျောရသည့် အကြောင်းရင်းမှာ ကျန်းချန်၏ ခွန်အားသည် သူနှင့် မတိမ်းမယိမ်း ဖြစ်နေသောကြောင့်ပင်။
ကျန်းချန်ကိုသာ သူတို့ ခရမ်းရောင် ကျားမျိုးနွယ်စုတွင် ၁နှစ်နေထိုင်ခွင့်ပြုလိုက်လျှင် ခရမ်းရောင် ကျားမျိုးနွယ်စုအတွက် ကြီးမားသော အကျိုးကျေးဇူများကို ဆောင်ကြဥ်းပေးနိုင်ဖွယ်ရှိသည်။
သို့သော် ကျန်းချန်၏ အဆိုကို သဘောမတူဘဲ လွှတ်ပေးလိုက်လျှင် ကျန်းချန်သည် ခရမ်းရောင် ကျားမျိုးနွယ်စု၏ ပြိုင်ဘက်မျိုးနွယ်စုနှင့် သဘောတူညီချက် ရရှိသွားနိုင်ပေသည်။
ထိုအချိန်သို့ ရောက်လျှင် ခရမ်းရောင် ကျားမျိုးနွယ်စု အတွက် ပို၍ပင် အန္တရာယ်ရှိလာလိမ့်မည် မဟုတ်ပါလား။
ခရမ်းရောင်ကျားမျိုးနွယ်စု၏ တားမြစ်နယ်မြေမှ ထွက်ခွာလာပြီးနောက်တွင် ခရမ်းရောင် ကျားမျိုးနွယ်စုသည် ကျန်းချန် နေထိုင်မည့် နေရာကို ပြန်လည် စီစဥ်ပေးခဲ့သည်။
ခရမ်းရောင်ကျားမျိုးနွယ်စုက ကျန်းချန်အပေါ်တွင် အကြီးအကဲချုပ် တစ်ဦးလို ဆက်ဆံခဲ့သည်။
အပြာရောင် ကျားမျိုးနွယ်စုမှ လူများသည်လည်း ကျန်းချန်ကြောင့်ပင် ခရမ်းရောင် ကျားမျိုးနွယ်စုတွင် ပိုမိုကောင်းမွန်သော ဆက်ဆံမှုများကို ရရှိခဲ့ကြသည်။
ယနေ့တွင် လုချင်းလင်းတို့ အပြာရောင် ကျားမျိုးနွယ်စုမှ အဖွဲ့ဝင်များသည် ကျန်းချန် နေထိုင်သည့် နန်းတော် ဆီသို့ ရောက်ရှိလာခဲ့ကြသည်။
“အပြာရောင်ကျားမျိုးနွယ်စုက သခင်လေးကျန်းရဲ့ ကြီးမားတဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်”
အပြာရောင်ကျားမျိုးနွယ်စုမှ အဖွဲ့ဝင်အားလုံးသည် ကျန်းချန်၏ စေတနာကို အသိအမှတ်ပြုသည့် အနေဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ကျေးဇူးတင်စကား ပြောလိုက်သည်။
“ထကြပါ.. မင်းတို့ အပြာရောင်ကျားမျိုးနွယ်စုနဲ့ ရင်းနှီးခွင့်ရတာ ငါ့ရဲ့ကံကြမ္မာပဲ”
ကျန်းချန်က သူ၏ လက်ကို ဝှေ့ယမ်းကာ လုချင်းလင်းကို ကြည့်၍ ပြောလိုက်သည်။
“ငါ ခရမ်းရောင်ကျားမျိုးနွယ်စုမှာ ၁နှစ်ပဲ နေဖြစ်မယ်.. အနာဂတ်မှာ ခရမ်းရောင် ကျားမျိုးနွယ်စုရဲ့ လေးစားခံချင်ရင်တော့ မင်းတို့တွေ ကိုယ့်ဘာသာကိုယ် အားကိုးရလိမ့်မယ်”
“ချင်းလင်း နားလည်ပါတယ်”
လုချင်းလင်းက ခေါင်းညိတ်လိုက်သည်။
သူ၏ ချောမောသော မျက်နှာလေးတွင် ဆုံးဖြတ်ချက်ခိုင်မာသော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
ကျန်းချန်သည် ခရမ်းရောင် ကျားမျိုးနွယ်စုတွင် ပြဿနာကြီးကို ဖန်တီးခဲ့သည်။
သို့သော်လည်း ခရမ်းရောင် ကျားမျိုးနွယ်စုသည် ကျန်းချန်ကို ရန်မပြုရုံသာမက ဂုဏ်သရေရှိ ဧည့်သည် အဖြစ် ဆက်ဆံခဲ့ပြီး ခရမ်းရောင် ကျားမျိုးနွယ်စု၏ အကြီးအကဲ အားလုံးထက်ပင် ပိုမိုသော အခွင့်အရေးအား ခံစားစေခဲ့သည်။
ဆိုရလျှင် ဤအရာအားလုံးသည် သန်မာသော ခွန်အားအပေါ်တွင်သာ မူတည်ခဲ့သည်။
သူတို့ အပြာရောင် ကျားမျိုးနွယ်စုပင်လျှင် ကျန်းချန်၏ အရိပ်အာဝါသကြောင့် လက်ရှိ အဆင့်အတန်းကို ရရှိခဲ့ကြခြင်းဖြစ်သည်။
သို့သော်လည်း ကျန်းချန်သည် သူတို့ကို ခဏမျှသာ ကာကွယ်ပေးနိုင်မည်ဖြစ်ပြီး သူတို့၏ ဘဝတစ်လျှောက်လုံး ကာကွယ်ပေးရန်မှာ မဖြစ်နိုင်ပေ။
သူတို့ ကိုယ်တိုင် ပိုမိုသန်မာလာအောင် ကြိုးစားအားထုတ်ခြင်းမပြုလျှင် ကျန်းချန် ထွက်ခွာသွားသည်နှင့် ခရမ်းရောင်ကျားမျိုးနွယ်စုတွင် အပြာရောင် ကျားမျိုးနွယ်စု၏ အဆင့်အတန်းသည် မကြာမီ ဆုံးရှုံးသွားလိမ့်မည် ဖြစ်၏။
“သခင်လေးကျန်း.. ချင်းလင်းတို့ အပြာရောင် ကျားမျိုးနွယ်စုအပေါ်မှာ သခင်လေးကျန်းရဲ့ ကျေးဇူးက ဆပ်လို့တောင် မကုန်တော့ပါဘူး.. ဒါကြောင့် ဒီပစ္စည်းနဲ့ ကျေးဇူးဆပ်ပါရစေ.. သခင်လေးကျန်း လက်ခံပေးမယ်လို့ မျှော်လင့်ပါတယ်”
ထိုစကားကို ပြောလိုက်ပြီးနောက်တွင် လုချင်းလင်းသည် ရွှေရောင်စာအုပ် တစ်အုပ်ကို ထုတ်ယူကာ ကျန်းချန်အား လှမ်းပေးလိုက်သည်။
ကျန်းချန်က လုချင်းလင်း၏ လက်ထဲမှ အနည်းငယ် ရင်းနှီးသော ရွှေရောင်စာအုပ်ကို မြင်လျှင် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့၏။
ဤရွှေရောင်စာအုပ်သည် သူ့ဖခင် ကျန်းဝူရ ချန်ထားပေးခဲ့သော လူသားဧကရာဇ် စည်းတံဆိပ်ကို ထည့်သွင်းထားသည့် စာအုပ်နှင့် အနည်းငယ် ဆင်တူနေခဲ့သည်။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ မေးလိုက်သည်။
“ချင်းလင်း ဒီစာအုပ်ကို မင်းဘယ်လိုရခဲ့တာလဲ”
လုချင်းလင်း၏ လက်ထဲမှ ရွှေရောင်စာအုပ်က သူ့ဖခင် ချန်ထားရစ်ခဲ့သည့် လူသားဧကရာဇ်စည်းတံဆိပ် နှင့် ပတ်သက် ဆက်နွှယ်မှုရှိသည်မှာ သေချာလုနီးပါး ဖြစ်သည်။
နတ်ဘုရားနယ်မြေသို့ ရောက်လာပြီးကတည်းကပင် ကျန်းချန်သည် သူ့ဖခင် ကျန်းဝူရ၏ သတင်းကို မရရှိခဲ့ပေ။
ယခုအခါတွင် သူ၏ရှေ့ရှိ ရွှေရောင်စာအုပ်မှ တစ်ဆင့် သူဖခင်နှင့် ပတ်သက်သည့် အချက်အလက် တချို့ကို ရှာဖွေနိုင်ဖွယ်ရှိ၏။
“ဒီစာအုပ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကျန်းဝူနယ်မြေဆီ ခရီးထွက်ခဲ့တဲ့ အပြာရောင် ကျားမျိုးနွယ်စုရဲ့ ခေါင်းဆောင်က ရရှိခဲ့တာပါ.. ဘယ်လိုရရှိခဲ့တာလဲ ဆိုတာတော့ အတိအကျမသိပါဘူး”
လုချင်းလင်းက ခေါင်းကိုခါရမ်းလိုက်ပြီး ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
“ဒါပေမဲ့ ဒီရွှေရောင်စာအုပ်ကို အပြာရောင် ကျားမျိုးနွယ်စုရဲ့ အဖိုးတန်ဆုံး ရတနာအဖြစ် ခေါင်းဆောင်က သတ်မှတ်ခဲ့တယ်ဆိုတာတော့ ကျွန်မသိတယ်.. သခင်လေး အနေနဲ့ ဒီလက်ဆောင်ကို မဖြစ်မနေ လက်ခံပေးဖို့ တောင်းဆိုပါတယ်”
“ချင်းလင်း.. အမှန်အတိုင်းပြောရရင် ဒီရွှေရောင်စာအုပ်က ငါ့အတွက် အရမ်းကို အရေးပါတယ်.. ဒီစာအုပ်ကို ငါလက်ခံလိုက်မယ်”
ကျန်းချန်က ရွှေရောင်စာအုပ်ကို ယူလိုက်ပြီးနောက်တွင် လုချင်းလင်းအား ပြောလိုက်သည်။
“ဒါပေမဲ့ ငါဒီစာအုပ်ကို အလကားယူမှာ မဟုတ်ဘူး.. မင်းတို့အတွက် ကောင်းကင်ဝိညာဥ် ကျားသစ်မျိုးနွယ်စုကို ဖြေရှင်းပြီး အပြာရောင်ကျားမျိုးနွယ်စု ပြန်လည် တည်ဆောက်နိုင်ဖို့ အကူအညီပေးမှာပါ”
“ကျေးဇူးတင်ပါတယ် သခင်လေးကျန်း”
ထိုစကားကိုကြားလျှင် လုချင်းလင်းတို့ လူစု၏ မျက်နှာထက်တွင် အလွန်အမင်း ဝမ်းသာသောအမူအရာများ ဖြစ်ပေါ်လာကြသည်။
သူမက အရှင်ချင်းဖုန်းနှင့် ဤရွှေရောင်စာအုပ်ကို ကျန်းချန်အား ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ရွှေရောင်စာအုပ်နှင့် ပတ်သက်၍ အပြာရောင် ကျားမျိုးနွယ်စုသည် သူတို့၏ အထွတ်အမြတ် ရတနာအဖြစ် အမြဲတစေ သတ်မှတ်ခဲ့သော်လည်း ထိုစာအုပ်ကို မည်ကဲ့သို့ ဖွင့်ရမည်အား သူတို့ မသိခဲ့ပေ။
ထိုအစား ကျန်းချန်ကို ပေးလိုက်ခြင်းသည်သာလျှင် ပိုမို ကောင်းမွန်သော အကာအကွယ်ကို ရရှိနိုင်မည် မဟုတ်ပါလော။
သူတို့၏ မူလရည်ရွယ်ချက်မှာ ၁နှစ်အကြာတွင် ခရမ်းရောင်ကျားမျိုးနွယ်စုမှ ကျန်းချန် ထွက်ခွာသွားသောအခါ သူတို့အပြာရောင် ကျားမျိုးနွယ်စုကို ခရမ်းရောင် ကျားမျိုးနွယ်စုတွင် အလွန်အကျွံ အနိုင်ကျင့်မခံရစေရန် အတွက် စီစဥ်ပေးနိုင်ရန် ဖြစ်သည်။
သို့သော်လည်း ကျန်းချန်က ကောင်းကင်ဝိညာဥ် ကျားသစ်မျိုးနွယ်စုကိုပင် ဖြေရှင်းပေးရန် ဆန္ဒရှိလိမ့်မည်ဟု မည်သူက ကြိုသိနိုင်ပါအံ့နည်း။
သူတို့ အပြာရောင်ကျားမျိုးနွယ်စု၏ အဓိကရန်သူ ဖြစ်သော ကောင်းကင်ဝိညာဥ် ကျားသစ်မျိုးနွယ်စုကိုသာ ဖြေရှင်းပြီးလျှင် အပြာရောင်ကျားမျိုးနွယ်စုကို ပြန်လည် တည်ဆောက်ရန်မှာ သံသယဖြစ်ဖွယ်ရာမရှိ ပိုမို လွယ်ကူသွားလိမ့်မည်သာ။
ကောင်းကင်ဝိညာဥ် ကျားသစ်မျိုးနွယ်စုကို အနိုင်ယူ၍ အပြာရောင် ကျားမျိုးနွယ်စုကို ပြန်လည် တည်ဆောက်ရန်မှာ လုံးဝ မဖြစ်နိုင်ဟု လုချင်းလင်း ယခင်က တွေးခဲ့ဖူးသည်။
ယခုအခါတွင် အထွတ်အထိပ် ကောင်းကင်နတ်ဘုရား ဖြစ်သည့် ကျန်းချန်က ကူညီပေးမည် ဖြစ်ရာ သူတို့ အပြာရောင်ကျားမျိုးနွယ်စု အတွက် မျှော်လင့်ချက်ရှိလာခဲ့ချေပြီ။
အခန်း(၁၉၅၆)ပြီး၏။