အခန်း (၁၉၅၇)
Vol. 136 Ch. 1957
လုချင်းလင်းတို့ ထွက်ခွာသွားပြီးနောက်တွင် ကျန်းချန်သည် လက်ထဲရှိ ရွှေရောင်စာအုပ်ကို ကြည့်ရှုလိုက်သည်။
ဤရွှေရောင်စာအုပ်သည် အရွယ်အစား ၁ပေခန့်ရှိပြီး သူ့ဖခင်ကျန်းဝူရ ချန်ထားရစ်ခဲ့သည့် လူသားဧကရာဇ် စည်းတံဆိပ် ထည့်သွင်းထားသည့် စာအုပ်ထက် အနည်းငယ် ပို၍ ရှေးဟောင်းဆန်နေခဲ့သည်။
ထို့အပြင် ဤစာအုပ်ကို ပြုလုပ်ထားသော ပစ္စည်းသည် ထိုစာအုပ်ကို ပြုလုပ်ထားသော ပစ္စည်းနှင့်လည်း အနည်းငယ် ဆင်တူနေသည်။
ကျန်းချန်က စာအုပ်ကို ဖွင့်လိုက်သောအခါ လူသားဧကရာဇ်စည်းတံဆိပ် ထည့်သွင်းထားသော စာအုပ်အတိုင်းပင် ဗလာဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ဤစာအုပ်က မူလ လူသားဧကရာဇ် စည်းတံဆိပ် ကဲ့သို့ သွေးသားဆက်နွှယ်သည့် ခံစားချက်မျိုးကို မပေးနိုင်သော်လည်း သူနှင့် ဆက်နွှယ်ပတ်သက်နေမည်ဟု ခပ်ရေးရေး ခံစားမိခဲ့သည်။
“ဒီစာအုပ်နဲ့ လူသားဧကရာဇ် စည်းတံဆိပ်ကြားမှာ ဘယ်လိုဆက်နွှယ်မှုတွေ ရှိနေလဲမသိဘူး”
ကျန်းချန်က ရွှေရောင်စာအုပ်ကို မျက်မှောင်ကြုတ်၍ ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူ၏ရှေ့မှ ရွှေရောင်စာအုပ်သည် လူသားဧကရာဇ် စည်းတံဆိပ်နှင့် အလွန်နီးစပ်သော ဆက်နွှယ်ပတ်သက်မှု ရှိမည်မှာ သေချာသလောက်ပင်။
ဆိုရလျှင် ကျန်းချန်သည် သူ၏ ခွန်အား တိုးတက်လာသည်နှင့်အမျှ လူသားဧကရာဇ် စည်းတံဆိပ်၏ ထူးခြားမှုကို ပို၍ ခံစားလာရသည်။
ယခု သူ၏ရှေ့မှ ရွှေရောင်စာအုပ်ကို မြင်တွေ့လိုက်ရသောအခါ သူ့အဖေ ချန်ထားရစ်ခဲ့သော လူသားဧကရာဇ် စည်းတံဆိပ်သည် ရွှယ်လင်ကုန်းမြေတိုက်မှ လူသားမျိုးနွယ်စု၏ ကိုယ်ခံပညာမျှသာ မဟုတ်ဘဲ ဤထက်ပင် အဆပေါင်းများစွာ အဓိပ္ပါယ် ရှိနိုင်သည်ဟု ကျန်းချန် သေချာသွားခဲ့သည်။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး သူ၏ လက်ချောင်းကို ပါးစပ်ဖြင့် ကိုက်လိုက်ကာ လူသားဧကရာဇ်စည်းတံဆိပ်ကို ဖွင့်လှစ်ခဲ့သော ယခင်နည်းအတိုင်း သူ၏ သွေးတစ်စက်ကို စာအုပ်ပေါ်တွင် ချလိုက်သည်။
ကျန်းချန်၏ သွေးက ရွှေရောင်စာအုပ် ပေါ်သို့ ကျဆင်းလာသည်နှင့် တစ်ပြိုင်နက် ရွှေရောင်စာအုပ်က အနည်းငယ် တုန်ခါသွားခဲ့ပြီး တောက်ပသော ရွှေရောင်အလင်း တစ်ခုသည် ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင် ထိုရွှေရောင်အလင်းများသည် ရွှေရောင်စာလုံးအဖြစ် စုစည်းသွားခဲ့သည်။
“လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်”
ရွှေရောင်စာအုပ်ကနေ ထွက်ပေါ်လာသော စာလုံးများကို မြင်လျှင် ကျန်းချန်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူ့အဖေ ပေးခဲ့သော စာအုပ်ကို လူသားဧကရာဇ် စည်းတံဆိပ်ဟု ခေါ်သော်လည်း သူ၏ ရှေ့မှ စာအုပ်ကိုမူ လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်ဟု ခေါ်ဆိုခဲ့သည်။
ထိုနှစ်ခုကြားတွင် ထူးခြားသော ဆက်နွှယ်မှု ရှိနေမည်မှာ သေချာသလောက်ပင်။
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တဖျပ်ဖျပ်လက်သွားခဲ့ပြီး လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်၏ ပထမ စာမျက်နှာကို လှန်လိုက်သည်။
ထိုအခါ သူနှင့်ရင်းနှီးသော စည်းတံဆိပ် နည်းစနစ် တစ်ခုကို တွေ့ရှိလိုက်ရသည်။
ဤစည်းတံဆိပ် နည်းစနစ်သည် လူသားဧကရာဇ် စည်းတံဆိပ်၏ ပထမစည်းတံဆိပ် ဖြစ်သော ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်၏ နည်းစနစ်နှင့် အံ့သြဖွယ်ကောင်းလောက်အောင် ဆင်တူနေခဲ့သည်။
သို့သော်လည်း ကျန်းချန်က ဂရုတစိုက် လေ့လာပြီးနောက်တွင် ဤစည်းတံဆိပ် နည်းစနစ်သည် သူကျင့်ကြံခဲ့သော လူသားဧကရာဇ် စည်းတံဆိပ်ထက်ပင် များစွာ ပိုမို၍ နက်နဲသည်ကို တွေ့ရှိခဲ့သည်။
မကြာမီမှာပင် ကျန်းချန်၏ အကြည့်သည် စာအုပ်၏ ညာဘက်ထောင့်ရှိ စာလုံးများပေါ်သို့ ကျရောက်သွားခဲ့သည်။
“ဝိညာဥ်ငြိမ်းသတ်ခြင်း ရှေးဟောင်းစည်းတံဆိပ်”
ဤစည်းတံဆိပ် နည်းစနစ်၏ နာမည်ကိုမြင်လျှင် ကျန်းချန်သည် မစဥ်းစားဘဲ မနေနိုင်တော့ပေ။
သူ၏ ခန့်မှန်းချက်သာ မမှားလျှင် သူ့အဖေ သူ့ကို ချန်ထားပေးခဲ့သော လူသားဧကရာဇ် စည်းတံဆိပ်သည် ဤလူသားဧကရာဇ် စည်းတံဆိပ်၏ ရိုးရှင်းသောဗားရှင်း ဖြစ်နိုင်ခြေများသည်။
လူသားဧကရာဇ် စည်းတံဆိပ်၏ ရိုးရှင်းသော ဗားရှင်း စွမ်းအားသည်ပင် ကမ္ဘာပေါ်ရှိ မည်သည့် နည်းစနစ်နှင့်မဆို ယှဥ်နိုင်စွမ်းရှိသည်။
သို့ဖြစ်ရာ ဤလူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်သာဆိုလျှင် မည်မျှပင် ကြောက်မက်ဖွယ်ရာ ကောင်းအောင် အစွမ်းထက်မည်မှာ စိတ်ကူး၍ပင် မရနိုင်ပေ။
“ဒါက နတ်ဘုရင်အဆင့် နည်းစနစ်များလား”
သူ၏ရှေ့မှ လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်သည် ခုနစ်စဥ်ကြယ်ကောင်းကင်ဓားသိုင်းထက်ပင် မနိမ့်သော နတ်ဘုရင်အဆင့် ကျင့်စဥ် ဖြစ်နိုင်ခြေများသည်။
ထိုအတိုင်းသာဆိုလျှင် ရွှယ်လင်ကုန်းမြေတိုက်မှ လူသားမျိုးနွယ်စု၏ မူလဇာစ်မြစ်သည် စိတ်ဝင်စားစရာ ကောင်းနေခဲ့သည်။
၎င်းတို့တွင် လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်၏ ရိုးရှင်းသော ဗားရှင်းသည် မည်ကဲ့သို့ ရှိနေရပါသနည်း။
ဤ လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်သည် နတ်ဘုရားနယ်မြေတွင် မည်ကဲ့သို့သော တည်ရှိမှုမှန်း သူ မသိပေ။
သူ၏ဖခင် ကျန်းဝူရသည် နတ်ဘုရားနယ်မြေသို့ ရောက်လာကတည်းကပင် လုံးဝ ပျောက်ကွယ်နေခဲ့သည်။
သူ့အဖေသည် ဤ လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်၏ နောက်ကွယ်မှ အင်အားစုနှင့် ဆက်နွှယ် ပတ်သက်မှုများ ရှိနေပါသလော။
ဤအချိန်တွင် မေးခွန်းများစွာသည် ကျန်းချန်၏ စိတ်နှလုံးထဲတွင် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်သည် ခဏအကြာတွင် ခေါင်းခါရမ်းလိုက်ကာ သူ၏ အတွေးများကို ရှင်းထုတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေကာမူ ဤတစ်ကြိမ်တွင် လုချင်းလင်းထံမှ လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်ကို မတော်တဆ ရရှိခဲ့ခြင်းသည် အလွန် ကောင်းမွန်သော ကိစ္စ ဖြစ်သည်။
ဤလူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်သည် အလွန်အစွမ်းထက်သော နတ်ဘုရင်အဆင့်ကျင့်စဥ် ဖြစ်နိုင်ခြေရှိရုံသာမက သူ့အဖေနှင့် ပတ်သက်သည့် သဲလွန်စတစ်ခုကိုလည်း ပေးအပ်ခဲ့သည်။
ဤ လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်၏ မူလဇာစ်မြစ်ကို သိရှိနိုင်သရွေ့ သူ့အဖေ၏ သဲလွန်စကို ရှာဖွေနိုင်လိမ့်မည် မဟုတ်ပါလား။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်၏ ဒုတိယ စာမျက်နှာကို လှန်လိုက်သည်။
သို့သော်လည်း ထိုစာမျက်နှာက ဗလာ ဖြစ်နေခဲ့ပြီး သူမျှော်လင့်ထားသည့် အတိုင်းပင် လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်၏ ဒုတိယနည်းစနစ် ရှိမနေသည်ကို တွေ့လိုက်ရသည်။
“ငါ့ရဲ့ လက်ရှိခွန်အားနဲ့ဆိုရင် လူသားဧကရာဇ် ရှေးဟောင်း စည်းတံဆိပ်ရဲ့ ပထမ စည်းတံဆိပ်ကိုပဲ ဖွင့်လှစ်နိုင်မယ်ထင်တယ်”
သူ၏ရှေ့မှ အခြေအနေကို ကြည့်ကာ ကျန်းချန်သည် ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။
သူက ယခုအခါတွင် ကမ္ဘာ့စွမ်းအား ၈မျိုးကို ပိုင်ဆိုင်ထားသော အထွတ်အထိပ် ကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်၍ သူ၏ ခွန်အားသည် အလယ်အလတ်အဆင့် နယ်မြေနတ်ဘုရား ဖြစ်သည့် မြေကြီးအရှင်များနှင့်ပင် နှိုင်းယှဥ်နိုင်သည်။
သို့သော်လည်း ဤကဲ့သို့သော ခွန်အားကို ပိုင်ဆိုင်ထားသည့်တိုင် လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်၏ ပထမ စည်းတံဆိပ်ကိုသာ ဖွင့်လှစ်နိုင်ခဲ့သည်။
ယင်းမှာ လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်၏ ဒုတိယစည်းတံဆိပ်နှင့် တတိယစည်းတံဆိပ်ကို ဖွင့်လှစ်လိုလျှင် အနည်းဆုံး အဆင့်မြင့်နယ်မြေနတ်ဘုရား ဖြစ်သည့် ကောင်းကင်အရှင်များနှင့် ယှဥ်နိုင်သည့် ခွန်အားရှိရမည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလော။
“ဒီ လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်ရဲ့ မူလဇာစ်မြစ်က ဘယ်လိုမျိုးလဲ မသိဘူး”
ကျန်းချန်က အသက်ရှူရပ်လုမတတ် အံ့အားသင့်နေခဲ့သည်။
ဤ လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်၏ မူလဇာစ်မြစ်သည် သူ စိတ်ကူးထားသည်ထက်ပင် ပိုမို၍ ကြောက်မက်ဖွယ်ရာ ကောင်းနိုင်ခြေ ရှိနေခဲ့သည်။
“ကောင်လေး.. ဒဏ္ဍာရီလာ လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်ကို ရခဲ့တယ် ဆိုတော့ မင်းက တကယ်ကို ကံကောင်းတာပဲ”
ထိုအချိန်မှာပင် မဟာနဂါးနန်းတော်၏ နန်းတော်ဝိညာဥ်ထံမှ စကားသံသည် ကျန်းချန်၏ စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုစကားကိုကြားလျှင် ကျန်းချန်က အံ့အားသင့်သွားခဲ့ပြီး နန်းတော်ဝိညာဥ်ကို ပြောလိုက်သည်။
“စီနီယာ.. လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်နဲ့ ပတ်သက်ပြီး သိထားတာများ ရှိလား”
“သူတော်စင်နဂါးဘုရင် ပြောတာတော့ ကြားဖူးတယ်”
နန်းတော်ဝိညာဥ်က လေးနက်စွာ ပြောလိုက်သည်။
“နတ်ကုန်းမြေတိုက်မှာ ရှေးဟောင်းလူသား အင်အားစု တစ်ခုရှိတယ်.. ဒီအင်အားစုရဲ့ အမည်ကို လူသားဧကရာဇ်နန်းတော်လို့ ခေါ်ကြတယ်.. သူတို့ရဲ့ခွန်အားက ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စုထက် မနိမ့်ဘူး.. ဒီ လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်က နတ်ကုန်းမြေတိုက်မှာ လူသားဧကရာဇ် နန်းတော် လွှမ်းမိုးခဲ့တဲ့ ပြိုင်ဘက်ကင်း ကိုယ်ခံပညာရပ်ပဲ”
“မမျှော်လင့်ဘဲ ဒီ လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်မှာ ဒီလို နောက်ခံအကြောင်းအရင်း ရှိနေတာကိုး”
ကျန်းချန်၏ စိတ်နှလုံးက တုန်လှုပ်သွားခဲ့သည်။
နတ်ကုန်းမြေတိုက်တွင် လူသားဧကရာဇ် နန်းတော်ဟု ခေါ်သော အင်အားစုတစ်ခု ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထို့အပြင် ထိုအင်အားစုသည် နတ်ကုန်းမြေတိုက်မှာပင် ထိပ်ဆုံးအဆင့်တွင် ရပ်တည်နေသည့် ကြောက်မက်ဖွယ်ရာအင်အားစု တစ်စု ဖြစ်နေခဲ့သည်။
ကျန်းချန်ကို ပို၍ပင် မယုံကြည်နိုင်စရာ ဖြစ်စေခဲ့သည်မှာ အဆင့်နိမ့်နယ်မြေမှလူသားတစ်ဦး ဖြစ်သည့် သူ၏ ခန္ဓာကိုယ်ထဲမှ သွေးစွမ်းအားသည် လူသားဧကရာဇ် နန်းတော်၏ ပြိုင်ဘက်ကင်း ကိုယ်ခံပညာရပ် ဖြစ်သည့် လူသားဧကရာဇ်ရှေးဟောင်း စည်းတံဆိပ်ကို ဖွင့်လှစ်နိုင်ခဲ့ခြင်းပင်။
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တဖျပ်ဖျပ်လက်သွားခဲ့သည်။
ယခုအခါတွင် သူ၏ ဖခင်ကျန်းဝူရ၏ သဲလွန်စသည် နတ်ကုန်းမြေတိုက်ရှိ လူသားဧကရာဇ် နန်းတော်နှင့် ဆက်နွှယ်ပတ်သက်မှု ရှိသည်မှာ သေချာသလောက်ပင်။
သို့သော်လည်း ဤ လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်သည် လူသားဧကရာဇ်နန်းတော်၏ ပြိုင်ဘက်ကင်း ကိုယ်ခံပညာရပ် ဆိုလျှင် အဘယ်ကြောင့် အပြာရောင်ကျားမျိုးနွယ်စုမှ လူများထံ ရောက်ရှိနေခဲ့ပါသနည်း။
ကျန်းဝူနယ်မြေတွင် လူသားဧကရာဇ် နန်းတော်မှ အစွမ်းထက်ကျင့်ကြံသူ တစ်စုံတစ်ယောက်များ ရှိနေပါသလော။
ကျန်းချန်က သဲလွန်စများ ရှာဖွေနိုင်ရန် မျှော်လင့်ချက်ဖြင့် ရွှေရောင်စာအုပ်ကို ဂရုတစိုက် လေ့လာကြည့်ရှုခဲ့သည်။
ခဏအကြာတွင် ကျန်းချန်သည် ရွှေရောင်စာအုပ်၏ နောက်ကျောဘက်တွင် ထူးခြားမှု တစ်ခုကို တွေ့လိုက်ရသည်။
နောက်ကျောဘက်တွင် ထူးခြားသော မြေပုံတစ်ခု ရှိနေခဲ့၏။
ထိုမြေပုံကို တစ်စုံတစ်ယောက်က ရေးဆွဲထားပုံရပြီး ရွှေရောင်စာအုပ်ကဲ့သို့ ရှေးကျပုံမပေါ်ပေ။
ကျန်းချန်က မြေပုံကို လေ့လာလိုက်ရာ ရိုးရှင်းသောမြေပုံ တစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
မြေပုံထဲတွင် နေရာများကို အမည်တပ် ဖော်ပြထားခြင်း မရှိပေ။
ကျန်းချန်က ယခုမှသာ ကျန်းဝူနယ်မြေသို့ ရောက်ရှိလာသောကြောင့် မြေပုံပေါ်တွင် ဖော်ပြထားသော နေရာများနှင့်ပတ်သက်၍ သဘာဝကျစွာပင် မသိခဲ့ပေ။
“ခရမ်းရောင် ကျားမျိုးနွယ်စု ဆီက မြေပုံကို ရပြီးမှပဲ ဒီနေရာကို ရှာတွေ့နိုင်မလားဆိုတာ ကြည့်ရတော့မယ်”
ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
ဤမြေပုံတည်ရှိရာ နေရာသည် လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်ကို ချန်ထားရစ်ခဲ့သော လူသားဧကရာဇ် နန်းတော်မှ အစွမ်းထက် ကျင့်ကြံသူနှင့် သေချာပေါက် ဆက်နွှယ်ပတ်သက်မှု ရှိရပေမည်။
မြေပုံပေါ်ရှိ တည်နေရာကိုသာ သူရှာတွေ့နိုင်ခဲ့လျှင် လူသားဧကရာဇ်နန်းတော်နှင့် ပတ်သက်သည့် အချက်အလက်များကို ပိုမို ရရှိနိုင်မည် ဖြစ်ပြီး သူ၏ စိတ်နှလုံးထဲမှ သံသယများစွာကို ဖြေရှင်းနိုင်လိမ့်မည် ဖြစ်၏။
“ဒီလူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်က လူသားဧကရာဇ် စည်းတံဆိပ်ရဲ့ အဆင့်မြင့်ဗားရှင်းပဲ.. ငါက အခု လူသားဧကရာဇ် စည်းတံဆိပ်ရဲ့ သာမန်ဗားရှင်းကို ကျင့်ကြံထားတာ ဆိုတော့ ဒီစည်းတံဆိပ်ကို ကျင့်ကြံဖို့ မခက်ခဲလောက်ဘူး ထင်တယ်”
ထိုအတွေးကို ရရှိသည်နှင့် တစ်ပြိုင်နက် ကျန်းချန်က ပထမဆုံး စာမျက်နှာသို့ လှန်လိုက်ပြီး ဝိညာဥ်ငြိမ်းသတ်ခြင်း ရှေးဟောင်း စည်းတံဆိပ်ကို စတင် ကျင့်ကြံခဲ့သည်။
“ဒင်.. သင်က လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်ကို လေ့လာပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ”
“ဒင်.. သင်က လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်ရဲ့ တစ်သောင်းပုံ သုံးပုံကို နားလည်သွားခဲ့ပါပြီ”
“ဒင်.. သင်က လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်ကို လေ့လာပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ”
“ဒင်.. သင်က လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်ရဲ့ တစ်သောင်းပုံ သုံးပုံကို နားလည်သွားခဲ့ပါပြီ”
“........ ....”
သူ၏ စိတ်ထဲမှ စနစ်၏ အချက်ပေးသံကို ကြားလျှင် ကျန်းချန်သည် သက်ပြင်းကို လေးလံစွာ ချလိုက်သည်။
သူက လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်၏ စွမ်းအားကို အံ့အားသင့်နေခဲ့၏။
သူက နတ်ဘုရင်အဆင့် နည်းစနစ်ဖြစ်သည့် ခုနစ်စဥ်ကြယ်ကောင်းကင်ဓားသိုင်းကို လေ့လာရာတွင် တစ်ထောင်ပုံ တစ်ပုံ နားလည်နိုင်ခဲ့ပြီး သုံးလအတွင်း ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို အပြည့်အစုံ ကျွမ်းကျင်ခဲ့သည်။
ဤလူသားဧကရာဇ်ရှေးဟောင်းစည်းတံဆိပ်၏နားလည်မှုအမြန်နှုန်းသည် ခုနစ်စဥ်ကြယ်ကောင်းကင်ဓားသိုင်းနှင့် အတူတူနီးပါး ဖြစ်သည်။
သို့သော် သူသာ လူသားဧကရာဇ် စည်းတံဆိပ်၏ သာမန်ဗားရှင်းကို တတ်မြောက်ထားခြင်း မရှိခဲ့လျှင် ဤလူသားဧကရာဇ်ရှေးဟောင်းစည်းတံဆိပ် အပေါ် နားလည်မှုတွင် သုံးဆတိုးလာမည် မဟုတ်ဘဲ တစ်သောင်းပုံတစ်ပုံသာ နားလည်နိုင်လိမ့်မည် ဖြစ်၏။
နားလည်မှုတွင် သုံးဆ တိုးလာသော်လည်း ဝိညာဥ်ငြိမ်းသတ်ခြင်း ရှေးဟောင်းစည်းတံဆိပ်ကို ကျွမ်းကျင်ရန် ၁နှစ်ခန့် အချိန်ယူရပေလိမ့်မည်။
ဤသည်မှာ လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်၏ ပထမ စည်းတံဆိပ်သာ ဖြစ်နေသေးသည်။
နောက်ထပ် စည်းတံဆိပ်နှစ်ခုသာ ဆိုလျှင် မည်မျှခက်ခဲမည်မှာ စိတ်ကူး၍ပင် မရနိုင်ပေ။
အဆ ၁၀၀ စနစ်ကို ရရှိပြီးနောက်တွင် ကျန်းချန်၏ ကိုယ်ခံပညာရပ်များ အပေါ် နားလည်ရန် အခက်အခဲသည် ထိုကိုယ်ခံပညာ၏ စွမ်းအားနှင့် တိုက်ရိုက်ပင် အချိုးကျလု နီးပါး ဖြစ်သည်။
လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်နှင့် ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းသည် နတ်ဘုရင်အဆင့် စွမ်းရည်ချင်း တူညီနေသော်လည်း စွမ်းအားကမူ လုံးဝ မတူညီနိုင်ပေ။
ဤသို့ဖြင့်ပင် ကျန်းချန်က လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်၏ ပထမစည်းတံဆိပ်ကို အဆက်မပြတ် နားလည်အောင် ကြိုးစားနေရင်း ဆယ်ရက်ခန့် ဟူသော အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ယနေ့တွင် ခရမ်းရောင်ကျားမျိုးနွယ်စု၏ အကြီးအကဲ ကျီထျန်းဟဲသည် သူတို့ ခရမ်းရောင်ကျားမျိုးနွယ်စု ပိုင်ဆိုင်ထားသော ထာဝရဟင်းလင်းပြင် မြေပုံကို ကျန်းချန်ထံ ပေးအပ်ခဲ့သည်။
“ကျန်းချန်.. ဒါမင်းလိုချင်တဲ့ မြေပုံပဲ”
ကျီထျန်းဟဲက အထူးနည်းစနစ်ဖြင့် ပြုလုပ်ထားသော ကျောက်စိမ်းစာလိပ် တစ်ခုကို ထုတ်ယူလိုက်သည်။
ကျန်းချန်က ကျောက်စိမ်းစာလိပ်ကို လက်ခံယူလိုက်ပြီးနောက်တွင် စာလိပ်ပေါ်ရှိ စည်းတံဆိပ်ကို ဖယ်လိုက်ပြီး သူ၏ ဝိညာဥ်အသိစိတ်ဖြင့် အကဲခတ်လိုက်သည်။
မကြာမီမှာပင် မြေပုံ၏ အသေးစိတ် အချက်အလက်များသည် ကျန်းချန်၏ စိတ်ထဲသို့ ချက်ချင်းဆိုသလို စီးဝင်လာခဲ့သည်။
ကျန်းဝူနယ်မြေ၏ အင်အားကြီးမျိုးနွယ်စု ဖြစ်သည့် ခရမ်းရောင် ကျားမျိုးနွယ်စု ပိုင်ဆိုင်ထားသော မြေပုံဖြစ်၍ မြေပုံပါ အချက်အလက်များသည် အတော်လေး အသေးစိတ်သည်ဟု ဆိုရပေမည်။
မြေပုံသည် ကျန်းဝူ ကောင်းကင် နယ်မြေတစ်ခုလုံး အပြင် ကျန်းဝူ ကောင်းကင်နယ်မြေ ပတ်ဝန်းကျင်ရှိ နယ်မြေများကိုလည်း မှတ်တမ်းတင်ထားသည်။
မြေပုံထဲတွင် ပြိုကွဲသွားပြီ ဖြစ်သော မဟာနဂါးနယ်မြေလည်း ပါဝင်နေခဲ့၏။
ကျန်းချန်က မြေပုံကို ခဏအကြာ လေ့လာပြီးနောက်တွင် ကျန်းဝူ ကောင်းကင်နယ်မြေ၏ အရှေ့တောင်အရပ်နှင့် အနောက်ဘက်အရပ်တွင် အခြားသော နယ်မြေများ ရှိနေသည်ကို တွေ့ရှိခဲ့သည်။
သို့သော်လည်း မြောက်ဘက်အရပ်ရှိ ထာဝရဟင်းလင်းပြင်တွင် မည်သည့်အရာများ တည်ရှိနေသည်ကို ခရမ်းရောင်ကျားမျိုးနွယ်စု၏ မြေပုံထဲတွင် မှတ်တမ်းတင်ထားခြင်း မရှိပေ။
မြေပုံပေါ်တွင် မှတ်သားထားသော ဦးတည်ချက်အရ ကျန်းဝူကောင်းကင်နယ်မြေ၏ မြောက်ဘက်အရပ်သည် ထာဝရဟင်းလင်းပြင်၏ ဗဟိုအနီးရှိ ဧရိယာ ဖြစ်သည်။
ဆိုရလျှင် ကျန်းဝူ ကောင်းကင်နယ်မြေသည် ထာဝရဟင်းလင်းပြင်၏ ဗဟိုနှင့် အလွန်နီးကပ်သော နယ်မြေ ဖြစ်နိုင်ဖွယ် ရှိ၏။
ထို့ကြောင့် ထာဝရ ဟင်းလင်းပြင်၏ ဗဟိုတွင် တည်ရှိသော ဒဏ္ဍာရီလာ နတ်ကုန်းမြေတိုက်သည် ကျန်းဝူ ကောင်းကင် နယ်မြေ၏ မြောက်ဘက်အရပ်ရှိ ထာဝရ ဟင်းလင်းပြင် အဆုံးတွင် တည်ရှိနိုင်ဖွယ် ရှိသည်။
အခန်း(၁၉၅၇)ပြီး၏။