အခန်း (၁၉၅၈)
Vol. 136 Ch. 1958
ကျန်းချန်က ခန့်မှန်းခြေ တည်နေရာနှင့် ဦးတည်ချက်ကို သိရှိပြီးနောက်တွင် ကျန်းဝူနယ်မြေ ပြင်ပရှိ ဧရိယာကို ဆက်လက်အာရုံစိုက်မနေတော့ပေ။
မည်သို့ပင် ဖြစ်စေကာမူ မြေကြီးအရှင် ကျင်းဟော်ကို ခရမ်းရောင် ကျားမျိုးနွယ်စုတွင် တစ်နှစ် နေထိုင်မည်ဟု ကတိပေးထားသည့် အတွက် တစ်နှစ်အတွင်း ကျန်းဝူနယ်မြေမှ ထွက်ခွာနိုင်ဖွယ် မရှိပေ။
ယခု ကျန်းချန်အတွက် အရေးကြီးဆုံး အရာမှာ ရွှေရောင်စာအုပ်၏ နောက်ဘက်ရှိ မြေပုံ၏ တိကျသောမြေပုံကို ရှာဖွေရန်ပင် ဖြစ်သည်။
လုချင်းလင်း၏ ပြောစကားအရ အပြာရောင် ကျားမျိုးနွယ်စု၏ ခေါင်းဆောင်သည် ကျန်းဝူနယ်မြေသို့ ခရီးထွက်စဥ် ဤ ရွှေရောင်စာအုပ်ကို ရရှိခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ရွှေရောင်စာအုပ် အနောက်ဘက်ရှိ မြေပုံ တည်ရှိရာ နေရာသည် ကျန်းဝူနယ်မြေတွင် ဖြစ်နိုင်ခြေများ၏။
ကျန်းချန်က သူ၏ စိတ်ထဲရှိ ကျန်းဝူ ကောင်းကင် နယ်မြေနှင့် ပတ်သက်သည့် မြေပုံကို ဂရုတစိုက် စတင် စစ်ဆေးကြည့်ခဲ့သည်။
ခဏအကြာတွင် ကျန်းချန်သည် သူ၏ စိတ်ထဲရှိ မြေပုံပေါ်တွင် ရွှေရောင်စာအုပ် ပေါ်ရှိ မြေပုံနှင့် အလွန်ဆင်တူသော နေရာတစ်ခုကို အဆုံးသတ်တွင် တွေ့ရှိသွားခဲ့သည်။
ကုဟွမ်တောင်ဟု အမည်ရသော ထိုနေရာသည် ခရမ်းရောင်ကျားမျိုးနွယ်စု၏ အနောက်ဘက်အရပ်တွင် တည်ရှိပြီး ခရမ်းရောင် ကျားမျိုးနွယ်စုနှင့် ငွေလဝံပုလွေ မျိုးနွယ်စုတို့၏ နယ်နိမိတ်စည်းတွင် တည်ရှိသည်။
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တဖျပ်ဖျပ်လက်သွားခဲ့ပြီး သူ၏ ရှေ့မှ ကျီထျန်းဟဲကို ကြည့်ကာ မေးလိုက်သည်။
“အကြီးအကဲကျီ.. ကျုပ် ကုဟွမ်တောင်ကို သွားချင်တယ်.. ပြဿနာမရှိဘူး မဟုတ်လား”
“ကုဟွမ်တောင်ကို သွားမှာလား”
ကျီထျန်းဟဲက ခဏမျှ အံ့အားသင့်သွားပြီးနောက်တွင် လေးနက်စွာ ပြောလိုက်သည်။
“တကယ်တော့ ငါဒီတစ်ခါ မင်းဆီ ရောက်လာတာက ဘိုးဘေးရဲ့ အမိန့်နဲ့ပါ မြေပုံကို ပို့ခိုင်းတာအပြင် ဘိုးဘေးဆီမှာ နောက်ထပ် ရည်ရွယ်ချက်တစ်ခုရှိတယ်.. အဲဒါက မင်းကို ကုဟွမ်တောင်ဆီ သွားစေချင်တာပဲ”
ထိုစကားကို ကြားလျှင် ကျန်းချန်က သိလိုစိတ် ပြင်းပြသော အမူအရာဖြင့် မေးလိုက်သည်။
“ဒီကုဟွမ်တောင်မှာ ထူးခြားတဲ့အရာ တစ်ခုခု ရှိနေလို့လား”
“ဒီကုဟွမ်တောင်က သာမန် တောင်တစ်လုံး မဟုတ်ဘူး”
ကျီထျန်းဟဲက ခေါင်းညိတ်လိုက်ပြီး ကုဟွမ်တောင်၏ ဇာစ်မြစ်ကို ရှင်းပြလိုက်သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ကုဟွမ်တောင်သည် ခရမ်းရောင် ကျားမျိုးနွယ်စုနှင့် ငွေလဝံပုလွေ မျိုးနွယ်စုတို့ နယ်နမိတ်စည်းတွင် တည်ရှိသော သာမန် အမည်မသိ တောင်တစ်လုံးသာ ဖြစ်ခဲ့သည်။
နောက်ပိုင်းတွင် ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်ဟုခေါ်သော လျှို့ဝှက်ဆန်းကြယ် အစွမ်းထက် ကျင့်ကြံသူတစ်ဦးသည် ထိုတောင်ကို သိမ်းပိုက်ခဲ့ရာ ထိုအမည်မသိတောင်သည် ကုဟွမ်တောင်ဟု အမည်တွင်လာခဲ့၏။
ထိုရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်သည် အဆင့်မြင့်နယ်မြေနတ်ဘုရား ဖြစ်သည့် ကောင်းကင်အရှင် တစ်ဦး ဖြစ်သည်။
ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်က ကုဟွမ်တောင်ကို သိမ်းပိုက်ပြီးနောက်တွင် ကုဟွမ်တောင်သည် ခရမ်းရောင်ကျားမျိုးနွယ်စုနှင့် ငွေလဝံပုလွေ မျိုးနွယ်စုတို့ အတွက် တားမြစ်နယ်မြေ ဖြစ်လာခဲ့ပြီး မည်သူမှ အလွယ်တကူ ခြေမချရတော့ပေ။
သို့သော်လည်း လွန်ခဲ့သော အနှစ် နှစ်ဆယ်ခန့်က ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်သည် ကုဟွမ်တောင်ကနေ ထွက်ခွာတော့မည် ဖြစ်ကြောင်း ရုတ်တရက် ကြေညာခဲ့ရာ ကုဟွမ်တောင်သည် ပိုင်ရှင်မဲ့နယ်မြေ ဖြစ်လာခဲ့သည်။
ထို့ကြောင့် သဘာဝကျစွာပင် ခရမ်းရောင် ကျားမျိုးနွယ်စုနှင့်ငွေလဝံပုလွေ မျိုးနွယ်စုတို့သည် ကောင်းကင်အရှင် ကျင့်ကြံခဲ့သော နေရာကို အလွန်အမင်း လောဘတက်ခဲ့ကြသည်။
ကောင်းကင်အရှင် အဆင့်သည် ကျန်းဝူ ကောင်းကင် နယ်မြေတွင် ထိပ်ဆုံး၌ ရပ်တည်နိုင်သော အဆင့်ဖြစ်သည်။
ကောင်းကင်အရှင် ကျင့်ကြံခဲ့သည့် နေရာတွင် အကျိုးကျေးဇူးအနည်းငယ်မျှကို ရရှိနိုင်လျှင်ပင် ခရမ်းရောင်ကျားမျိုးနွရမ်းရောင် ငွေလဝံပုလွေ မျိုးနွယ်စုတို့ အတွက် အတိုင်းအဆမရှိ အကျိုးများမည် မဟုတ်ပါလော။
ထိုအကြောင်းကြောင့်ပင် ခရမ်းရောင် ကျားမျိုးနွယ်စုနှင့် ငွေလဝံပုလွေ မျိုးနွယ်စုတို့၏ ဆက်ဆံရေး ပိုမိုတင်းလာခဲ့သည်။
မျိုးနွယ်စု နှစ်ခုသည် ကုဟွမ်တောင်၏ ပိုင်ဆိုင်မှုအတွက် တိုက်ခိုက်ခဲ့ကြပြီး ကုဟွမ်တောင်သည် မျိုးနွယ်စုနှစ်ခု အတွက် စစ်မြေပြင် ဖြစ်လာခဲ့သည်။
“ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင် နေထိုင်တဲ့ ကုဟွမ်တောင်”
ကျီထျန်းဟဲ၏ ရှင်းပြမှုကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ရွှေရောင်စာအုပ်၏ အနောက်ဘက်တွင် ဖော်ပြထားသောနေရာသည် ကုဟွမ်တောင်သာ ဖြစ်ခဲ့လျှင် ရွှေရောင်စာအုပ်၏ ပိုင်ရှင်သည် ကုဟွမ်တောင်မှ ရှေးဟောင်းဧကရာဇ်ကောင်းကင်အရှင် ဖြစ်နိုင်ဖွယ်ရှိသည်။
ထို့အပြင် ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင် ကုဟွမ်တောင်ကနေ ပျောက်ကွယ်သွားသည့် အချိန်သည် လွန်ခဲ့သည့် အနှစ် ၂၀ခန့်က ဖြစ်၍ ထိုအချိန်သည် သူ့ဖခင် ကျန်းဝူရက နတ်ဘုရားနယ်မြေသို့ တက်လှမ်းခဲ့သည့် အချိန်လည်း ဖြစ်သည်။
သူ့ဖခင် ကျန်းဝူရက နတ်ဘုရားနယ်မြေသို့ ရောက်လာပြီးနောက်တွင် ကျန်းဝူကောင်းကင်နယ်မြေသို့ ရောက်ရှိခဲ့သည်ဟုပင် ကျန်းချန် သံသယရှိလာခဲ့သည်။
ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်သည် ကုဟွမ်တောင်မှ ရုတ်တရက် ထွက်ခွာသွားရခြင်းမှာ သူ့ဖခင် ကျန်းဝူရနှင့် ဆက်နွှယ်ပတ်သက်မှုများ ရှိနေနိုင်ပါသလော။
“ကြည့်ရတာ ကုဟွမ်တောင်ကို မဖြစ်မနေ ခရီးထွက်ရတော့မယ်ထင်တယ်”
ကျန်းချန်၏ မျက်ဝန်းများက တဖျပ်ဖျပ် လင်းလက်သွားခဲ့သည်။
သူက ကျီထျန်းဟဲကို ကြည့်ကာ လေးနက်စွာ ပြောလိုက်၏။
“ငါ့ကို ကုဟွမ်တောင်ဆီ သွားခိုင်းတဲ့ အကြောင်းအရင်းက ငွေလဝံပုလွေ မျိုးနွယ်စုကို ဖြေရှင်းဖို့အတွက် အကူအညီပေးစေချင်တာလား”
ကျီထျန်းဟဲက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဟုတ်တယ်.. ဒါက ခေါင်းဆောင်ရဲ့ ရည်ရွယ်ချက်ပဲ.. ငွေလဝံပုလွေမျိုးနွယ်စုရဲ့ နယ်မြေနတ်ဘုရား တစ်ပါးကို သတ်နိုင်သရွေ့ ခရမ်းရောင် ကျားမျိုးနွယ်စုကနေ အချိန်မရွေး ထွက်သွားနိုင်တယ်လို့ ငါ့ကို ပြောခိုင်းလိုက်တယ်”
“ကောင်းပြီ”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။
“မြေပုံပေးတဲ့အတွက် လက်ဆောင်အဖြစ် ငွေလဝံပုလွေမျိုးနွယ်စုရဲ့ နယ်မြေနတ်ဘုရား တစ်ပါးကို ငါ သတ်ပေးမယ်လို့ မြေကြီးအရှင် ကျင်းဟော်ကို ပြောလိုက်ပါ”
သူ၏ အထွတ်အထိပ် ကောင်းကင်နတ်ဘုရားခွန်အားဖြင့် ဆိုလျှင် သာမန် နယ်မြေနတ်ဘုရား တစ်ပါးကို သတ်ပစ်ရန်မှာ အလွန် လွယ်ကူသော ကိစ္စ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူက ကုဟွမ်တောင်ကို မဖြစ်မနေ သွားရပေမည်။
ကုဟွမ်တောင်သို့ သွားရင်း ငွေလဝံပုလွေ မျိုးနွယ်စု၏ နယ်မြေနတ်ဘုရား တစ်ပါးကို သတ်ဖြတ်လိုက်လျှင် ခရမ်းရောင် ကျားမျိုးနွယ်စုတွင် တစ်နှစ်အချိန်ဖြုန်းရန် မလိုအပ်တော့ပေ။
ဤအချက်ကြောင့်ပင် မြေကြီးအရှင် ကျင်းဟော်၏ တောင်းဆိုမှုကို ကျန်းချန်က လက်ခံခဲ့ခြင်း ဖြစ်သည်။
ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် ကျီထျန်းဟဲ၏ စကားကိုပင် မစောင့်တော့ဘဲ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ခရမ်းရောင် ကျားမျိုးနွယ်စုမှ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် သူ၏ စိတ်ထဲရှိ မြေပုံလမ်းကြောင်း အတိုင်း ကုဟွမ်တောင် ဆီသို့ ဦးတည်နေခဲ့သည်။
ကျန်းဝူ ကောင်းကင်နယ်မြေ၏ တောင်ပိုင်းဒေသရှိ မျိုးနွယ်စုကြီး အနည်းငယ်ထဲမှ တစ်ခု ဖြစ်သည့် ခရမ်းရောင် ကျားမျိုးနွယ်စုသည် အလွန်ကျယ်ပြောသော နယ်မြေကို သိမ်းပိုက်ထားခဲ့သည်။
ကျန်းချန်၏ လက်ရှိ အမြန်နှုန်းဖြင့်ပင် ကုဟွမ်တောင်သို့ ရောက်ရှိရန် လဝက်ခန့် အချိန်ယူခဲ့ရ၏။
သူက ရွှေရောင်မြူခိုးများ လွှမ်းခြုံနေသည့် ကြီးမားသော တောင်တစ်လုံးကို အဝေးကနေ မြင်လိုက်ရ၏။
“ဒါက ကုဟွမ်တောင်လား”
သူ၏ ရှေ့မှ တောင်ကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းများတွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ဤတောင်သည် ကောင်းကင်အရှင် တစ်ပါး ကျင့်ကြံနေထိုင်ခဲ့သည့် နေရာနှင့် ထိုက်တန်ပေသည်။
သူနှင့် မိုင်ပေါင်းထောင်ချီ ဝေးကွာနေသော်လည်း ကျန်းချန်သည် ထူးခြားသော အရှိန်အဝါကို ခပ်ရေးရေး ခံစားမိခဲ့သည်။
“ကုဟွမ်တောင်နှင့် ပတ်သက်ပြီး ခရမ်းရောင် ကျားမျိုးနွယ်စုရဲ့ တပ်စခန်းမှာ အရင် တီးခေါက်ကြည့်ရမယ်”
ကျန်းချန်က အနည်းငယ် စဥ်းစားလိုက်ပြီးမှ ဤနေရာတွင် တပ်စွဲထားသော ခရမ်းရောင်ကျားမျိုးနွယ်စုဆီသို့ သွားကာ ခရမ်းရောင် ကျားမျိုးနွယ်စု၏ အကြီးအကဲနှင့် တွေ့ဆုံရန် ဆုံးဖြတ်ခဲ့သည်။
ဆိုရလျှင် သူက ကုဟွမ်တောင်၏ အကြောင်းနှင့်ပတ်သက်၍ ဘာမှမသိသေးပေ။
ထို့ကြောင့် ဆင်ကန်းတောတိုး ရှာဖွေခြင်းသည် ဥာဏ်ရှိသော ရွေးချယ်မှု မဟုတ်ပေ။
တစ်နှစ်ပတ်လုံး ဤနေရာတွင် တပ်စွဲထားသော ခရမ်းရောင်ကျားမျိုးနွယ်စုမှ ကျင့်ကြံသူများသည် ကုဟွမ်တောင်နှင့်ပတ်သက်၍ ကောင်းစွာ သိရှိထားကြမည်မှာ သေချာ၏။
သူက ခရမ်းရောင် ကျားမျိုးနွယ်စု ထံကနေ အသုံးဝင်သောအချက်အလက်များကို ရယူနိုင်မည် ဖြစ်သည်။
ကျန်းချန်က ခရမ်းရောင်ကျားမျိုးနွယ်စု စခန်းချရာ နေရာဆီသို့ တန်းတန်းမတ်မတ်ပင် ဦးတည်ခဲ့သည်။
သိပ်မကြာခင်မှာပင် ကျောက်တုံးများဖြင့် တည်ဆောက်ထားသော ကျောက်တုံးစခန်း တန်းလျား တစ်ခုသည် ကျန်းချန်၏ ရှေ့တွင် ပေါ်လာခဲ့သည်။
“ဘယ်သူလဲ”
ကျန်းချန် ထိုနေရာသို့ ရောက်ရှိလာသည့် တစ်ခဏ အတွင်းမှာပင် ခရမ်းရောင် ကျားမျိုးနွယ်စုမှ အဖွဲ့ဝင် တစ်ဦးသည် ရုတ်တရက် ရောက်ရှိလာခဲ့ပြီး ကျန်းချန်ကို ဟန့်တားလိုက်သည်။
ထိုလူက စူးရှသော အကြည့်များဖြင့် ကျန်းချန်ကို အကဲခတ်ကြည့်လိုက်၏။
ကျန်းချန်က တည်ငြိမ်သော လေသံဖြင့်ပင် ပြန်ဖြေလိုက်သည်။
“ကျုပ်နာမည် ကျန်းချန်.. မြေကြီးအရှင်ကျင်းဟော်ရဲ့ အမိန့်နဲ့ မင်းတို့ကို အကူအညီပေးဖို့ ရောက်လာတာပဲ”
“လက်စသတ်တော့ သခင်လေးကျန်းချန် ဖြစ်နေတာကိုး.. ကျွန်တော်တို့ ခေါင်းဆောင်က သခင်လေး ကျန်းချန်ကို စောင့်နေတာ အတော်ကြာပြီ.. ကျေးဇူးပြုပြီး ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါ”
ခရမ်းရောင် ကျားမျိုးနွယ်စုမှ အဖွဲ့ဝင်သည် ကျန်းချန်ကို ရိုသေလေးစားစွာ ပြောလိုက်သည်။
ခရမ်းရောင် ကျားမျိုးနွယ်စုသည် ကျန်းချန် ကုဟွမ်တောင်သို့ ရောက်ရှိလာမည်ကို ကြိုတင် အကြောင်းကြားထားသည်မှာ ထင်ရှား၏။
ကျန်းချန်က အပိုစကားများ ပြောမနေတော့ဘဲ ခရမ်းရောင်ကျားမျိုးနွယ်စုမှ အဖွဲ့ဝင် နောက်ကနေ လိုက်ပါသွားခဲ့ရာ ဗဟိုရှိ အကြီးဆုံးကျောက်အိမ် ဆီသို့ ရောက်ရှိလာခဲ့သည်။
ထိုကျောက်အိမ် အတွင်းတွင် ခရမ်းရောင် ကျားမျိုးနွယ်စုမှ အဖွဲ့ဝင်ဒါဇင်ပေါင်း များစွာ စုဝေးနေခဲ့ကြသည်။
၎င်းတို့၏ မျက်နှာထက်တွင် ဖြူဖျော့နေခဲ့ပြီး အများစုမှာ ဒဏ်ရာအပြင်းအထန် ရရှိထားကြ၏။
ကျန်းချန် ရောက်ရှိလာသည်ကိုမြင်လျှင် သူတို့၏ မျက်နှာထက်တွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့ကြသည်။
လွန်ခဲ့သော လဝက်ခန့်ကပင် ခရမ်းရောင် ကျားမျိုးနွယ်စုသည် သူတို့ကို အကူအညီပေးရန် အစွမ်းထက် ကျင့်ကြံသူ တစ်ယောက်ကို စေလွှတ်မည်ဟု သတင်းပို့ထားခဲ့သည်။
ယခုအခါတွင် သူတို့ကို အကူအညီပေးမည့်သူသည် အဆုံးသတ်၌ ရောက်ရှိလာခဲ့ချေပြီ။
သို့သော်လည်း ခရမ်းရောင်ကျား မျိုးနွယ်စုမှ အဖွဲ့ဝင်များသည် ကျန်းချန်ကို အကဲခတ် ကြည့်လိုက်ပြီးနောက်တွင် မျက်ဝန်းထဲ၌ စိတ်ရှုပ်ထွေးသော အမူအရာများ ဖြစ်ပေါ်လာခဲ့ကြသည်။
ဤအနက်ရောင် ဝတ်ဆင်ထားသော လူငယ်လေးသည် သူတို့၏ လက်ရှိ အခြေအနေကို အမှန်တကယ် ပြောင်းလဲပေးနိုင်ပါမည်လော။
“သခင်လေးက ကျန်းချန်လား.. ကျွန်တော်က ခရမ်းရောင်ကျားမျိုးနွယ်စုရဲ့ တပ်ခေါင်းဆောင် ကျင်းဟုန်ပါ.. ကျွန်တော်တို့ကို အကူအညီပေးဖို့ ရောက်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ထိုအချိန်တွင် ရွှေရောင်သံချပ်ဝတ်စုံကို ဝတ်ဆင်ထားသော သာမန် ထွားကျိုင်းသည့် လူလတ်ပိုင်းအရွယ် ပုဂ္ဂိုလ်တစ်ဦးသည် အရှေ့သို့ လျှောက်လာပြီး ကျန်းချန်ကို ပြုံးရွှင်စွာဖြင့်ပြောလိုက်သည်။
ကျန်းချန်၏ အချက်အလက်များနှင့် ပတ်သက်၍ မြေကြီးအရှင်သည် သတင်းပို့စဥ်ကတည်းကပင် အသေအချာ ပြောပြထားခဲ့၏။
ထို့ကြောင့် ကျန်းချန်က မည်မျှ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုမျိုး ဖြစ်သည်ကို ဤနေရာတွင် ရှိနေသူတိုင်းထက် ကျင်းဟုန်သည် ကောင်းစွာ သိရှိထားခဲ့သည်။
ကျန်းချန်သာ အကူအညီပေးသရွေ့ သူတို့သည် ကုဟွမ်တောင်ရှိ ငွေလဝံပုလွေမျိုးနွယ်စုလောက်ကို မပြောနှင့်၊ ငွေလဝံပုလွေမျိုးနွယ်စု ခေါင်းဆောင် ကိုယ်တိုင် ရောက်လာလျှင်ပင် စိုးရိမ်စရာ သိပ်မရှိချေ။
“တပ်ဖွဲ့ခေါင်းဆောင်းကျင်းက အားနာလွန်းနေပါပြီ”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ပတ်ဝန်းကျင်မှ ဒဏ်ရာရရှိထားသော ခရမ်းရောင် ကျားမျိုးနွယ်စုမှ အဖွဲ့ဝင်များကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
ထို့နောက် သူက တပ်ဖွဲ့ခေါင်းဆောင်ကျင်းကို မေးခွန်းထုတ်လိုက်၏။
“ကုဟွမ်တောင်နဲ့ ပတ်သက်ပြီး ကျွန်တော့်ကို ပြောပြပါဦး”
ကျင်းဟုန်က ချက်ချင်းပင် ကုဟွမ်တောင်၏ အခြေအနေနှင့်ပတ်သက်၍ ကျန်းချန်ကို ရှင်းပြခဲ့သည်။
လွန်ခဲ့သော အနှစ် နှစ်ဆယ်ခန့်က ကုဟွမ်တောင်ကနေ ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင် ထွက်ခွာမည်ဟု ကြေညာပြီးကတည်းကပင် ခရမ်းရောင် ကျားမျိုးနွယ်စုနှင့် ငွေလဝံပုလွေ မျိုးနွယ်စုတို့သည် ကုဟွမ်တောင်ကို သိမ်းပိုက်ရန် အားထုတ်ခဲ့ကြသည်။
မျိုးနွယ်စုနှစ်ခုလုံးသည် ကုဟွမ်တောင်ကို စူးစမ်းရန်အတွက် အစွမ်းထက် ကျင့်ကြံသူများစွာကို စေလွှတ်ခဲ့ကြသည်။
သို့ရာတွင် ကုဟွမ်တောင်ကနေ ရှေးဟောင်းဧကရာဇ်ကောင်းကင်အရှင် ထွက်ခွာသွားခဲ့သော်လည်း ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင် ချန်ထားရစ်ခဲ့သည့် အစီအရင်များသည် ဤနေရာတွင် ရှိနေဆဲဖြစ်၍ မျိုးနွယ်စု နှစ်ခုလုံးမှ လူများသည် ကုဟွမ်တောင်၏ ဗဟိုဧရိယာသို့ အလွယ်တကူ ဝင်ရောက်နိုင်ခြင်း မရှိခဲ့ကြပေ။
ဤနှစ်များတစ်လျှောက်တွင် ခရမ်းရောင် ကျားမျိုးနွယ်စုနှင့် ငွေလဝံပုလွေ မျိုးနွယ်စုတို့သည် ကုဟွမ်တောင်တွင် စူးစမ်းရင်း အချင်းချင်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။
နှစ်ဖက်စလုံးသည် အကြီးအကျယ် ဆုံးရှုံးခဲ့ရပြီး မျိုးနွယ်စုရှိ နယ်မြေနတ်ဘုရားများပင် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြသည်။
နောက်ပိုင်းတွင် ခရမ်းရောင် ကျားမျိုးနွယ်စုနှင့် ငွေလဝံပုလွေ မျိုးနွယ်စု တို့သည် မျိုးနွယ်စု၏ အင်အားကိုပင် ထိခိုက်လာသောကြောင့် သဘောတူညီချက် တစ်ခုကို ရယူခဲ့ကြသည်။
ယင်းမှာ တပ်စခန်းတွင် နယ်မြေနတ်ဘုရား တစ်ပါးကိုသာ ဦးစီးစေရမည် ဟူသော သဘောတူညီချက်ပင်။
သို့သော်လည်း လွန်ခဲ့သော နှစ်များအတွင် ငွေလဝံပုလွေ မျိုးနွယ်စုသည် ပါရမီရှင်များစွာ ပေါ်ထွက်လာခဲ့ပြီး ခရမ်းရောင်ကျားမျိုးနွယ်စုထက် ပို၍ အင်အားကြီးမားလာခဲ့သည်။
ကျင်းဟုန် ဦးဆောင်သော ခရမ်းရောင် ကျားမျိုးနွယ်စုသည် ငွေလဝံပုလွေ မျိုးနွယ်စုနှင့် ထိပ်တိုက် ရင်ဆိုင်မှုများတွင် အမြဲတမ်းနီးပါး အရေးနိမ့်ခဲ့သည်။
မကြာသေးမီက ခရမ်းရောင် ကျားမျိုးနွယ်စုနှင့် ငွေလဝံပုလွေ မျိုးနွယ်စု တို့သည် ချိုင့်ဝှမ်းတစ်ခုကို တစ်ချိန်တည်း ရှာဖွေတွေ့ရှိခဲ့သည်။
ထိုချိုင့်ဝှမ်းသည် ဝိညာဥ်စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး ပြင်ပကမ္ဘာတွင် ရှားပါးသော မှော်ဆေးဝါးများပင် ရှိနေခဲ့၏။
ထိုနေရာသည် ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင် ပျိုးထောင်ခဲ့သည့် ဆေးဥယျာဥ်နေရာ ဖြစ်နိုင်ခြေများသည်။
ချိုင့်ဝှမ်း၏ ပိုင်ဆိုင်မှု အတွက် ကျင်းဟုန် ဦးဆောင်သော ခရမ်းရောင် ကျားမျိုးနွယ်စုသည် ငွေလဝံပုလွေ မျိုးနွယ်စုမှ အဖွဲ့ဝင်များနှင့် တိုက်ပွဲ အပြင်းအထန် ဆင်နွှဲခဲ့ကြသည်။
မူလက ခရမ်းရောင် ကျားမျိုးနွယ်စုနှင့် ငွေလဝံပုလွေ မျိုးနွယ်စုတို့တွင် နယ်မြေနတ်ဘုရား တစ်ပါးနှင့် မဟာကောင်းကင်နတ်ဘုရား တစ်ပါးစီ ရှိကြသည်။
ခရမ်းရောင်ကျားမျိုးနွယ်စုသည် ငွေလဝံပုလွေမျိုးနွယ်စုထက် အားနည်းသော်လည်း ငွေလဝံပုလွေ မျိုးနွယ်စုသည် ခရမ်းရောင် ကျားမျိုးနွယ်စုကို အလွယ်တကူ အနိုင်မရခဲ့ပေ။
သို့သော်လည်း ဤတိုက်ပွဲတွင် ငွေလဝံပုလွေ မျိုးနွယ်စုဘက်တွင် မဟာကောင်းကင် နတ်ဘုရား တစ်ပါး ထပ်မံ ပေါ်ထွက်လာမည်ဟု မည်သူက ကြိုသိနိုင်ပါအံ့နည်း။
ထိုအကြောင်းကြောင့်ပင် ခရမ်းရောင် ကျားမျိုးနွယ်စုသည် တိုက်ပွဲတွင် ရှုံးနိမ့်သွားခဲ့ပြီး ခရမ်းရောင် ကျားမျိုးနွယ်စု၏ အဖွဲ့ဝင်များစွာသည် ကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရသည်။
ကျန်းချန်ကို ကုဟွမ်တောင်နှင့် ပတ်သက်၍ ရှင်းပြပြီးနောက်တွင် ကျင်းဟုန်သည် လေးနက်သော အမူအရာဖြင့် လက်သီးဆုပ်၍ ဂါဝရပြုကာ တောင်းဆိုလိုက်သည်။
“သခင်လေးကျန်းချန်.. ကျွန်တော်တို့ ခရမ်းရောင် ကျားမျိုးနွယ်စုရဲ့ အခြေအနေက အကောင်းဘက်မှာ ရှိမနေဘူး.. အရာအားလုံးအတွက် သခင်လေးကိုပဲ အားကိုးရတော့မယ်”
အခန်း(၁၉၅၈)ပြီး၏။