← Chapters

အခန်း (၁၉၅၉)

Vol. 136 Ch. 1959

အခန်း (၁၉၅၉)

Vol. 136 Ch. 1959

“စိတ်မပူပါနဲ့.. မြေကြီးအရှင်ကျင်းဟော်ကို ကတိပေးထားတာဆိုတော့ ငါ ကူညီပေးပါ့မယ်”

ကျန်းချန်က အပိုစကားများ ပြောမနေဘဲ စိတ်ရင်းဖြင့် ပြောလိုက်သည်။

“တပ်ဖွဲ့ခေါင်းဆောင်ကျင်း.. ငွေလဝံပုလွေမျိုးနွယ်စုက လူတွေဆီ ငါ့ကို ခေါ်သွားပေးပါ”

ဤတစ်ကြိမ် ကုဟွမ်တောင်သို့ လာရောက်ရသည့် အဓိကရည်ရွယ်ချက်မှာ လူသားဧကရာဇ် နန်းတော်နှင့် ပတ်သက်၍ ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင် ချန်ထားရစ်ခဲ့သည့် သဲလွန်စများကို ရှာဖွေရန်ဖြစ်သည်။

ယခုအခါတွင်မူ ငွေလဝံပုလွေ မျိုးနွယ်စုသည် ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင် ချန်ထားရစ်ခဲ့သည့် ဆေးဥယျာဥ်ကို သိမ်းပိုက်ထားသောကြောင့် ထိုနေရာသို့ ဦးစွာ သွားရောက်ပြီး ငွေလဝံပုလွေ မျိုးနွယ်စု၏ နယ်မြေနတ်ဘုရားကို ရှင်းလင်းကာ မြေကြီးအရှင်နှင့် အပေးအယူကို အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့သည်။

“အခုချက်ချင်း သွားတော့မလို့လား”

ထိုစကားကိုကြားလျှင် ကျင်းဟုန်က အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ ကျန်းချန်ကို ပြောလိုက်သည်။

“သခင်လေးကျန်းချန်.. ကျွန်တော်တို့ ခရမ်းရောင် ကျားမျိုးနွယ်စုရဲ့လက်ရှိ အခြေအနေအရ တိုက်ပွဲဝင်ဖို့ မဖြစ်သေးဘူးထင်တယ်”

မကြာသေးခင်က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ခရမ်းရောင်ကျားမျိုးနွယ်စုသည် ရှုံးနိမ့်ခဲ့ရသည်။

ထိုတိုက်ပွဲတွင် သူနှင့် ခရမ်းရောင် ကျားမျိုးနွယ်စုမှ ပါရမီရှင်ဖြစ်သည့် မဟာကောင်းကင်နတ်ဘုရားသည် ဒဏ်ရာ အပြင်းအထန် ရရှိထားခဲ့သည်။

ငွေလဝံပုလွေ မျိုးနွယ်စုမှ လူများက ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်၏ ဆေးဥယျာဥ်ကို ပိုမို၍ အာရုံရောက်နေသောကြောင့်သာ သူတို့နောက်သို့ လိုက်လံရှင်းလင်းရန် ရည်ရွယ်ချက် မရှိ၍ သူတို့ ခရမ်းရောင် ကျားမျိုးနွယ်စုသည် အသက်ရှင်သန်ခွင့် ရရှိခဲ့ခြင်းပင်။

ကျန်းချန်က ကုဟွမ်တောင်သို့ ရောက်သည်နှင့် ငွေလဝံပုလွေမျိုးနွယ်စုမှ လူများကို တိုက်ရိုက် ရှာဖွေရန် အစီအစဥ်ရှိလိမ့်မည်ဟု ကျင်းဟုန် ထင်မထားခဲ့ပေ။

“ငါတစ်ယောက်တည်းနဲ့ လုံလောက်ပါတယ်.. မင်းက ငါ့ကို လမ်းပြပေးဖို့ပဲ လိုတယ်”

ကျန်းချန်က သူ၏လက်ကို ဝှေ့ယမ်းကာ တည်ငြိမ်စွာ ပြောလိုက်သည်။

ငွေလဝံပုလွေ မျိုးနွယ်စုနှင့် ခရမ်း‌ရောင် ကျားမျိုးနွယ်စုတို့၏ အတူတူနီးပါးပင်ဖြစ်ပြီး အင်အားစု နှစ်ခုလုံးကို အုပ်ချုပ်သူများမှာ မြေကြီးအရှင်များ ဖြစ်ကြသည်။

ငွေလဝံပုလွေမျိုးနွယ်စုမှ မြေကြီးအရှင်သာ ကုဟွမ်တောင်သို့ ကိုယ်တိုင် ရောက်လာခဲ့လျှင် ကျန်းချန်သည် အနည်းငယ် သတိထားကောင်း ထားရပေလိမ့်မည်။

သို့သော်လည်း ယခုအခါတွင် ကုဟွမ်‌တောင်၌ ငွေလဝံပုလွေမျိုးနွယ်စုမှ နယ်မြေနတ်ဘုရားတစ်ဦးနှင့် မဟာကောင်းကင် နတ်ဘုရား နှစ်ဦးသာလျှင် ရှိသည်။

ထိုမျှလောက်သော ခွန်အားသည် သူ့ကို အနည်းငယ်မျှသော ခြိမ်းခြောက်မှုကိုပင် မည်ကဲ့သို့ ပေးစွမ်းနိုင်ပါမည်နည်း။

“ကောင်းပါပြီ သခင်လေးကျန်းချန်.. ကျေးဇူးပြုပြီး ကျွန်တော်နဲ့လိုက်ခဲ့ပါ”

ကျင်းဟုန်က သွားများကို အံကြိတ်လိုက်ပြီး အဆုံးသတ်တွင် ကျန်းချန်ကို လမ်းပြပေးရန် ဆုံးဖြတ်လိုက်သည်။

ကျင်းဟုန်သည် မြေကြီးအရှင် ကျင်းဟော်၏ ယုံကြည်ကိုးစားသော လူယုံတစ်ဦးဖြစ်သည်။

သူတို့၏ ခေါင်းဆောင်က ကျန်းချန်သဘောကျ အရာအားလုံးလုပ်ဆောင်ပေးရန် တောင်းဆိုထားသောကြောင့် ကျင်းဟုန်သည် ကျန်းချန်၏အလိုကို လိုက်လျောရန် ဆုံးဖြတ်ခဲ့သည်။

အကယ်၍သာ မျိုးနွယ်စုခေါင်းဆောင် ပြောသလို ကျန်းချန်ထံတွင် အမှန်တကယ် ကြောက်မက်ဖွယ်ရာ ခွန်အားရှိနေခဲ့လျှင် ကူဟွမ်တောင်ရှိ သူတို့ ခရမ်းရောင် ကျားမျိုးနွယ်စု၏ အခြေအနေကို ပြောင်းလဲပစ်နိုင်လိမ့်မည် မဟုတ်ပါလား။

ကျင်းဟုန်က ခရမ်း‌ရောင် ကျားမျိုးနွယ်စုမှ အဖွဲ့ဝင်များကို စကားအနည်းငယ် မှာကြားပြီးနောက်တွင် ကျန်းချန်ကို ခေါ်ဆောင်ကာ ခရမ်းရောင်ကျားမျိုးနွယ်စု စခန်းချရာ နေရာကနေ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။

မကြာမီမှာပင် သူတို့နှစ်ဦးသည် ကုဟွမ်တောင်နှင့် မိုင်‌ထောင်ချီအကွာရှိ ကြွယ်ဝသော ဝိညာဥ်စွမ်းအင်များ လွှမ်းခြုံနေသော ချိုင့်ဝှမ်းတစ်ခု၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။

“ဘယ်သူလဲ”

ထိုအချိန်တွင် ချိုင့်ဝှမ်းထဲကနေ ရုတ်တရက် ကျယ်လောင်သော အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာခဲ့ပြီး ငွေရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ပုံရိပ် ၇ခု၊၈ခုသည် ချိုင့်ဝှမ်း၏ ဝင်ပေါက်ကနေ ထွက်ပေါ်လာခဲ့ကြသည်။

ထိုလူစုထဲမှ ငွေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် အေးစက်စက် အမူအရာဖြင့် ကျန်းချန်တို့ နှစ်ဦးကို စိုက်ကြည့်လိုက်သည်။

ထိုလူငယ်၏ မျက်ဝန်းက လင်းယုန်မျက်လုံး ကဲ့သို့ စူးရှပြီး လက်ထဲတွင်လည်း ငွေရောင် လှံတစ်ချောင်းကို ကိုင်‌ဆောင်ထားသည်။

လူငယ်က ကျန်းချန်၏ နံဘေးမှ ကျင်းဟုန်ကို မြင်လျှင် လှောင်ပြုံး ပြုံးကာ ပြောလိုက်သည်။

“လက်စသတ်တော့ ခရမ်းရောင် ကျားမျိုးနွယ်စုက အရှုံးသမားကျင်းဟုန်ကိုး.. ဒီလောက် သင်ခန်းစာပေးထားတာတောင် ငါတို့ဆီလာပြီး သေခြင်းတရားကို ရှာဖွေရဲလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

“သခင်လေးကျန်းချန်.. ဒီငွေရောင်ဝတ်ရုံဝတ် လူငယ်က ငွေလဝံပုလွေ မျိုးနွယ်စုရဲ့ မဟာကောင်းကင်နတ်ဘုရား နှစ်ပါးထဲက တစ်ပါးဖြစ်တဲ့ ယင်ယဲ့ပဲ”

ကျင်းဟုန်က ကျန်းချန်ကို ခပ်တိုးတိုး မိတ်ဆက်ပေးလိုက်သည်။

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး သူ့ရှေ့မှ ယင်ယဲ့ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

“ငါ အခု ချိုင့်ဝှမ်းထဲကို သွားမယ်.. မင်းတို့ ငါ့ကို အေးအေးဆေးဆေး ဝင်ခွင့်ပြုမှာလား ဒါမှမဟုတ် မင်းတို့ကို ရှင်းပစ်ပြီးမှ ဝင်ရမှာလား ကိုယ့်ဘာသာကိုယ်သာ ရွေးချယ်လိုက်”

“ဟားဟား မလောက်လေး မလောက်စားကောင်လေးကများ ငါ့ရှေ့မှာ ဟိတ်ဟန်ထုတ်ရဲတယ်”

ယင်ယဲ့က ရုတ်တရက် လှောင်ပြောင်စွာ ရယ်မောလိုက်သည်။

“ကောင်လေး မင်းဒီနေ့ ငါတို့ကို ဘယ်လိုရှင်းပစ်မလဲဆိုတာ ငါကြည့်ချင်သေးတယ်”

သူက ငွေလဝံပုလွေ မျိုးနွယ်စု၏ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်ပြီး ယခုအခါတွင် ကောင်းကင်နတ်ဘုရားအဆင့်၏ ကန့်သတ်ချက်ကို ချိုးဖျက်ထားသည့် မဟာကောင်းကင် နတ်ဘုရား တစ်ဦး ဖြစ်သည်။

ခရမ်းရောင် ကျားမျိုးနွယ်စုမှ နယ်မြေနတ်ဘုရား တစ်ပါး ဖြစ်သည့် ကျင်းဟုန်ကိုပင် ယင်ယဲ့သည် တစ်ခါမှ အလေးအနက် မထားခဲ့ရာ သူ၏ အရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။

အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို ယင်ယဲ့ မမြင်ဖူးသော်လည်း ထိုလူငယ်သည် ခရမ်းရောင် ကျားမျိုးနွယ်စုက မကြာသေးမီကမှ စေလွှတ်ထားသော စစ်ကူ ဖြစ်နိုင်ဖွယ်ရှိ၏။

အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ထူးခြားသော ခွန်အားရှိနိုင်သော်လည်း သူ့လို မဟာကောင်းကင် နတ်ဘုရားတစ်ပါး၏ ခွန်အားကို ပိုင်ဆိုင်နိုင်ဖွယ် မရှိပေ။

ဆိုရလျှင် မဟာကောင်းကင် နတ်ဘုရားအဆင့်သည် ကျန်းဝူနယ်မြေမှာပင် အလွန်တရာ ရှားပါးသော တည်ရှိမှု ဖြစ်သည်။

ထို့ကြောင့် ခရမ်းရောင် ကျားမျိုးနွယ်စုသည် မဟာကောင်းကင်နတ်ဘုရား တစ်ပါးကို အလွယ်တကူ အကူအညီ တောင်းနိုင်မည် မဟုတ်ချေ။

“ကောင်းပြီလေ.. မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာဆိုတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်”

ကျန်းချန်က ယင်ယဲ့နှင့် အပိုစကားများပြောရန် စိတ်မပါတော့ပေ။

သူက လက်ဝါးရိုက်ချက် တစ်ချက်ကို အသာအယာ ထုတ်ဖော်လိုက်သည်။

မျက်နှာထက်တွင် မထီမဲ့မြင် အရိပ်အယောင်များ ထင်ဟပ်နေသော ယင်ယဲ့သည် ကျန်းချန်၏ လက်ဖဝါးမှ ကြောက်မက်ဖွယ်ခွန်အားကို ခံစားမိလျှင် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

“ဝုန်း..”

ကျယ်လောင်သော အသံကိုသာ ကြားလိုက်ရပြီး ကျန်းချန်၏ လက်ဝါးရိုက်ချက်သည် လေထဲတွင် ပေ၁၀၀၀ အရွယ်အစားရှိ ဧရာမလက်ဝါး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုဧရာမလက်ဝါးသည် အရာအားလုံးကို ချေမှုန်းနိုင်သော စွမ်းအားကို သယ်‌ဆောင်ကာ ယင်ယဲ့ ဆီသို့ ဦးတည်လာခဲ့၏။

“ဟမ့်.. မင်းမှာ မဟာကောင်းကင်နတ်ဘုရားရဲ့ ခွန်အား ရှိမယ်လို့ ငါမယုံဘူး.. ငါ့ရဲ့ ငွေလမိုးကြိုးစွမ်းအားကို မြည်းစမ်းကြည့်လိုက်”

ယင်ယဲ့က လှောင်ပြောင်လိုက်ပြီး သူ၏လက်ထဲမှ ငွေရောင်လှံတံကို ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းဆိုသလိုပင် ငွေရောင်လှံတံကနေ တောက်ပသော ငွေရောင်မိုးကြိုးအလင်းက ထွက်ပေါ်လာခဲ့ပြီး လေထဲတွင် ဧရာမ လခြမ်းပုံသဏ္ဌာန် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုဧရာမလခြမ်းတွင် ကြောက်မက်ဖွယ်ရာကောင်းသော ငွေရောင်မိုးကြိုးနှင့် လျှပ်စီးများ စီးဆင်းနေ၍ အလွန်ပင် ဆန်းကြယ်နေပုံ ရ၏။

လခြမ်းက နေရာလွတ်ကို ထိုးဖောက်ကာ အရာအားလုံးကို လွှမ်းမိုးနိုင်သော စွမ်းအားကို သယ်‌ဆောင်၍ ကျန်းချန်၏ ဧရာမ လက်ဖဝါးနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

“ဝုန်း..”

ကောင်းကင်ယံကိုပင် တုန်လှုပ်စေသော ကျယ်လောင်သော အသံသည် လေထဲတွင် ပျံ့နှံ့သွားခဲ့ပြီး မိုင်ထောင်ချီအကျယ်အဝန်းရှိ နေရာလွတ်ကို ဖရိုဖရဲ ဖြစ်သွားစေခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကျန်းချန်၏ ဧရာမ လက်ဝါးရိုက်ချက်ဖြင့် မိုးကြိုးလျှပ်စီးများ လွှမ်းခြုံနေသော လခြမ်းသည် ကြွပ်ဆတ်သော မှန်တစ်ချပ်ကဲ့သို့ မျက်စိတစ်မှိတ် အတွင်းမှာပင် လေထဲ၌ ကြွေမွ ပျက်စီးသွားခဲ့သည်။

ပို၍ပင် ကြောက်မက်ဖွယ်ရာ ကောင်းသည်မှာ ထိုဧရာမလက်ဝါးသည် လခြမ်းကို ဖျက်ဆီးပြီးနောက်တွင် အရှိန်မလျော့သေးဘဲ ယင်ယဲ့၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့ခြင်းပင်။

ယင်ယဲ့က ဘာမှ မတုံ့ပြန်နိုင်ခဲ့ဘဲ ထိုဧရာမလက်ဝါးဖြင့် ရိုက်ချခံလိုက်ရသည်။

အဆုံးသတ်တွင်မူ မြေပြင်ထက်တွင် ဧရာမ လက်ဝါးရာသာ ကျန်ရှိခဲ့ပြီး ယင်ယဲ့နှင့် ပတ်သက်၍ အစအနပင် မမြင်တွေ့ရတော့ပေ။

“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ကျန်ရှိသော ငွေလဝံပုလွေ မျိုးနွယ်စုမှ အဖွဲ့ဝင်အားလုံးသည် ထိတ်လန့် တုန်လှုပ်သွားကြပြီး အချိန်အတော်ကြာ မှင်တက်နေခဲ့ကြသည်။

ယင်ယဲ့သည် သူတို့ ငွေလဝံပုလွေ မျိုးနွယ်စု၏ မဟာကောင်းကင် နတ်ဘုရား နှစ်ပါးထဲမှ တစ်ပါးဖြစ်သည်။

ဆိုရလျှင် ယင်ယဲ့သည် နယ်မြေနတ်ဘုရား အဆင့် မဟုတ်သော်လည်း သာမန် နယ်မြေနတ်ဘုရားများထက်ပင် ပိုမို၍ သန်မာသည်။

သို့သော်လည်း ထိုသို့သော မဟာကောင်းကင် နတ်ဘုရားကိုပင် သူတို့၏ ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ခြင်ရိုက်သကဲ့သို့ အလွယ်တကူပင် ရိုက်သတ်ပစ်လိုက်သည်။

သူတို့အရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ခွန်အားသည် အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။

“သခင်လေးကျန်းချန်ရဲ့ ခွန်အားက တကယ်ကို ကြောက်စရာပါလား”

ထိုအချိန်တွင် ကျင်းဟုန်၏ မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

သူ၏ ရှေ့တွင် ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်ကို ကြည့်ကာ ကျင်းဟုန်သည် အလွန်အမင်း အံ့အားသင့်နေခဲ့သည်။

မဟာကောင်းကင် နတ်ဘုရားအဆင့်သည် နယ်မြေနတ်ဘုရားများနှင့် ယှဥ်တိုက်နိုင်သော အဆင့် ဖြစ်သည်။

သူ၏ ခွန်အားဖြင့်ပင် ယင်ယဲ့ကဲ့သို့ မဟာကောင်းကင် နတ်ဘုရား တစ်ပါးနှင့် ရင်ဆိုင်ရလျှင် အသာစီးရရန် ခက်ခဲလိမ့်မည် ဖြစ်၏။

သို့သော် ကျန်းချန်ကမူ ယင်ယဲ့ကို လက်ဝါးဖြင့် အသာအယာရိုက်သတ်လိုက်ပြီး အမှိုက် ဖြစ်သွားစေခဲ့သည်။

တစ်နည်းအားဖြင့် သူကဲ့သို့ နယ်မြေနတ်ဘုရားများသည် ကျန်းချန်၏ ရှေ့တွင် ပုရွတ်ဆိတ်နှင့် မခြားနားပေ။

မဟာကောင်းကင် နတ်ဘုရားများကို လက်ဝါးဖြင့် ရိုက်သတ်နိုင်သည် ဆိုလျှင် နယ်မြေနတ်ဘုရားများကို သတ်ဖြတ်ရန်မှာ ကြက်နှင့်ခွေးများကို သတ်သကဲ့သို့ လွယ်ကူနေမည် မဟုတ်ပါလော။

“ရန်သူ.. ရန်သူတွေ ရောက်လာပြီ”

ငွေလဝံပုလွေ မျိုးနွယ်စုမှ လူများသည် မှင်တက်ရာကနေ ပြန်လည် သတိဝင်ပြီးနောက်တွင် ထိတ်လန့်တကြား အော်ဟစ်ကာ ချိုင့်ဝှမ်းဆီသို့ ချက်ချင်းဆိုသလို ထွက်ပြေးသွားခဲ့ကြသည်။

“ချိုင့်ဝှမ်းထဲ ဝင်ကြရအောင်”

ကျန်းချန်က ထွက်ပြေးသွားသော ငွေလဝံပုလွေ မျိုးနွယ်စုမှ လူအနည်းငယ်ကို ဂရုမစိုက်တော့ဘဲ သူ၏ အနောက်မှ ကျင်းဟုန်ကို ပြောလိုက်ကာ ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်သွားခဲ့သည်။

“ဝုန်း.. ဝုန်း..”

ကျန်းချန်တို့နှစ်ယောက် ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်ပြီး တစ်ခဏအတွင်းမှာပင် ကြောက်မက်ဖွယ် အရှိန်အဝါကို ထုတ်လွှတ်နေသည့် ငွေရောင်ပုံရိပ် နှစ်ခုသည် ကျန်းချန်တို့နှင့် ပေထောင်ချီ အကွာတွင် မျက်စိတစ်မှိတ် အတွင်း ပေါ်လာခဲ့သည်။

“ကောင်းတယ် သိပ်ကောင်းတယ်.. ကျင်းဟုန်.. မင်းက ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်ရဲ့ ဆေးဥယျာဥ်အတွက် ငါတို့နဲ့ ယှဥ်ပြိုင်ဖို့ သတ္တိရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. ငါတို့ မင်းကို အထင်သေးခဲ့မိပြီထင်တယ်.. ဒီလိုမှန်းသိရင် အဲဒီအချိန်ကတည်းက မင်းကို သတ်ခဲ့တယ်”

ငွေရောင်ပုံရိပ် နှစ်ခုထဲမှ ငွေရောင်ဆံပင်နှင့် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက ကျင်းဟုန်ကို ခက်ထန်စွာ စိုက်ကြည့်လိုက်သည်။

သူ၏ ဒေါသတကြီး ရေရွတ်သံသည် ကောင်းကင်နှင့်မြေကြီးတွင် ချက်ချင်းဆိုသလိုပင် ပဲ့တင်ထပ်သွားခဲ့သည်။

ကျင်းဟုန်က အေးစက်စက်ပြုံးကာ တုံ့ပြန် ပြောဆိုလိုက်သည်။

“ယင်ပိုင်ကွေ့.. မင်းအပိုစကားတွေ ပြောမနေနဲ့.. မင်း ဒီဆေးဥယျာဥ်ကို သိမ်းပိုက်ချင်ရင် ငါတို့ ခရမ်းရောင် ကျားမျိုးနွယ်စုက သဘောတူမတူ အရင်မေးရလိမ့်မယ်”

ယခု သူ၏ ဘေးတွင် ကျန်းချန်ကဲ့သို့ မဟာကောင်းကင်နတ်ဘုရားတစ်ပါးကိုပင် အလွယ်တကူ ရိုက်သတ်နိုင်သော ကျင့်ကြံသူတစ်ဦး ရှိနေသောကြောင့် ကျင်းဟုန်သည် ယုံကြည်မှု အပြည့်အဝ ရှိနေခဲ့ပြီး ယင်ပိုင်ကွေ့ကို အနည်းငယ်မျှပင် မကြောက်ရွံ့ခဲ့ပေ။

“ကောင်လေး မင်းဘယ်သူလဲ.. ငါတို့ ငွေလဝံပုလွေ မျိုးနွယ်စုနဲ့ ခရမ်း‌ရောင် ကျားမျိုးနွယ်စုတို့ ကြားမှာ ဘာလို့ ဝင်ရောက် စွက်ဖက်နေတာလဲ”

ယင်ပိုင်ကွေ့၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

သူက ထက်ရှသော ဝံပုလွေ မျက်လုံးများဖြင့် ကျန်းချန်ကို စူးစိုက်ကြည့်နေခဲ့၏။

ယင်ပိုင်ကွေ့နှင့် ကျင်းဟုန် တို့သည် ကုဟွမ်တောင်တွင် အနှစ်နှစ်ဆယ်ကြာ ပြိုင်ဘက်များ ဖြစ်ခဲ့ကြသည်။

ထို့ကြောင့် ကျင်းဟုန်၏ ခွန်အားနှင့် ပတ်သက်၍ ယင်ပိုင်ကွေ့သည် မည်သူ့ထက်မဆို ပို၍ ကောင်းစွာ သိရှိထားခဲ့သည်။

ကျင်းဟုန်၏ ခွန်အားဖြင့်ဆိုလျှင် ချိုင့်ဝှမ်း၏ ဝင်ပေါက်တွင် စောင့်ကြပ်နေသော ယင်ယဲ့ကို အလွယ်တကူ သတ်ဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။

ယင်ပိုင်ကွေ့သည် အစောပိုင်းက တိုက်ပွဲကို မမြင်ခဲ့ရသောကြောင့် တိကျသော အခြေအနေကို မသိရှိသော်လည်း ယင်ယဲ့၏ ကျဆုံးမှုသည် အနက်ရောင်ဝတ်စုံဝတ် လူငယ်နှင့် ပတ်သက်မှု ရှိနေမည်ကို ခပ်ရေးရေး ခန့်မှန်းနိုင်ခဲ့သည်။

ထိုလူငယ်က မဟာကောင်းကင် နတ်ဘုရား တစ်ပါးကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိနေ၍ ယင်ပိုင်ကွေ့သည် အလွန်အမင်း သတိထားနေခဲ့သည်။

“ငါဘယ်သူလဲဆိုတာ မင်းသိဖို့မလိုဘူး.. ငါက မြေကြီးအရှင်ကျင်းဟော် အတွက် ငွေလဝံပုလွေ မျိုးနွယ်စုက နယ်မြေနတ်ဘုရား တစ်ပါးကို သတ်ပေးမယ်လို့ ကတိပေးထားတာပဲ မင်းသိဖို့လိုတယ်”

ကျန်းချန်က ယင်ပိုင်ကွေ့ကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။

“မင်းရဲ့ခေါင်းကို ချန်ထားသရွေ့ ကျန်တဲ့ ငွေလဝံပုလွေ မျိုးနွယ်စုက လူတွေကို ငါထွက်သွားခွင့်ပေးမယ်”

“ခွေးမသား.. လေလုံးထွားလှချည်လား”

ယင်ပိုင်ကွေ့က ဒေါသတကြီး ကြုံးဝါးလိုက်သည်။

သူ၏ခန္ဓာကိုယ်တွင် လူသတ်လိုသော စိတ်ဆန္ဒများ ချက်ချင်းဆိုသလို ပြည့်နှက်သွားခဲ့၏။

“ကောင်လေး.. မင်းနဲ့ ကျင်းဟုန်က ယင်ယဲ့ကို သတ်လိုက်တာနဲ့ပဲ ငါက မင်းတို့ကို ကြောက်မယ်လို့မထင်နဲ့.. ငါယင်ပိုင်ကွေ့ရဲ့‌ခေါင်းကို လိုချင်ရင် မင်းမှာ အဲဒီစွမ်းရည်ရှိမရှိ ကြည့်ရသေးတာပေါ့”

အခန်း(၁၉၅၉)ပြီး၏။

All Chapters