← Chapters

အခန်း (၁၉၆၀)

Vol. 136 Ch. 1960

အခန်း (၁၉၆၀)

Vol. 136 Ch. 1960

ယင်ပိုင်ကွေ့က ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။

သူ၏ တစ်ကိုယ်လုံးတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေခဲ့၏။

သူ၏ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် လျှို့ဝှက်ဆန်းကြယ်သော ဇာစ်မြစ်နှင့် ထူးခြားသော ခွန်အားကို ပိုင်ဆိုင်ထားသော်လည်း ငွေလဝံပုလွေ မျိုးနွယ်စု၏ နယ်မြေနတ်ဘုရား တစ်ပါး အနေဖြင့် သူက အဘယ်ကြောင့် ဂရုစိုက်ရပါမည်နည်း။

မည်သူပင် ဖြစ်စေကာမူ သူ ယင်ပိုင်‌ကွေ့၏ ခေါင်းကို လိုချင်လျှင် ကြီးလေးသော အဖိုးအခအား ပေးဆပ်စေမည် ဖြစ်၏။

“ခေါင်း‌ဆောင်ပိုင်ကွေ့.. ဘာလို့ သူနဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေ ပြောနေရတာလဲ.. ကျွန်တော်တို့ ငွေလဝံပုလွေ မျိုးနွယ်စုရဲ့ရှေ့မှ ရမ်းကားရဲမှတော့ သူ့ကို သတ်ပစ်လိုက်ရုံပဲ မဟုတ်လား”

ထိုအချိန်တွင် ယင်ပိုင်ကွေ့၏ နံဘေးရှိ လူငယ်တစ်ယောက်ထံမှ ဒေါသတကြီး ရေရွတ်သံ ထွက်ပေါ်လာခဲ့သည်။

ငွေရောင်ဆံပင်ရှည်နှင့် ထိုလူငယ်သည် ရှေ့သို့ တက်လှမ်းလာခဲ့၏။

သူ၏ ခန္ဓာကိုယ်က အလွန်ပင် တောင့်တင်းကြံ့ခိုင်ပြီး ရုပ်ရည်အသွင်အပြင် ခန့်ညားမှု ရှိသည်။

အထူးသဖြင့် ထိုလူငယ်၏ ငွေရောင်မျက်လုံးက ဝံပုလွေမျက်လုံးနှင့် ဆင်တူပြီး ကြမ်းတမ်းခက်ထန်ကာ လျှို့ဝှက်ဆန်းကြယ်နေပုံ ရ၏။

“သခင်လေးကျန်းချန်.. သူက ငွေလဝံပုလွေ မျိုးနွယ်စုရဲ့ နံပါတ်(၁) ပါရမီရှင် ယင်ထျန်းဟွေ့ပဲ.. သူက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်း များစွာကတည်းက မဟာကောင်းကင်နတ်ဘုရား အဆင့်ကို ရောက်နေတဲ့သူပဲ.. သူက အရမ်းအစွမ်းထက်ပြီး အဆင့်နိမ့် နယ်မြေနတ်ဘုရားတွေ ထဲမှာ ပြိုင်ဘက်ကင်းတယ်လို့ ဆိုကြတယ်”

ယင်ပိုင်ကွေ့၏ နံဘေးကနေ ရှေ့တက်လာသော ယင်ထျန်းဟွေ့ကို မြင်လျှင် ကျင်းဟုန်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

ခရမ်းရောင် ကျားမျိုးနွယ်စုနှင့် ငွေလဝံပုလွေ မျိုးနွယ်စုတို့ကြားရှိ သဘောတူညီချက် အရ မျိုးနွယ်စု နှစ်ခုလုံးသည် နယ်မြေနတ်ဘုရား တစ်ပါးစီကို ကုဟွမ်တောင်ရှိ တပ်စခန်းတွင် အခြေချစေခဲ့သည်။

သို့သော်လည်း မျိုးနွယ်စုနှစ်ခုလုံး၏ တကယ့် တိုက်ခိုက်ရေးစွမ်းအားသည် သူနှင့် ယင်ပိုင်ကွေ့တို့ မဟုတ်ဘဲ ယင်ထျန်းဟွေ့နှင့် သူတို့ ခရမ်းရောင် ကျားမျိုးနွယ်စုမှ မဟာကောင်းကင်နတ်ဘုရားပင် ဖြစ်သည်။

ရှင်းလင်းစွာဆိုရလျှင် ဤယင်ထျန်းဟွေ့သည် သူတို့ခရမ်းရောင် ကျားမျိုးနွယ်စုမှ မဟာကောင်းကင်နတ်ဘုရားထက်ပင် ပိုမို၍ အစွမ်းထက်၏။

ကျန်းချန်က အစွမ်းထက်မှန်း သိသော်လည်း ယင်ထျန်းဟွေ့ကိုယ်တိုင် ရှေ့ထွက်လာသောအခါတွင် ကျင်းဟုန်သည် အနည်းငယ် စိုးရိမ်မိခဲ့သည်။

ယင်ထျန်းဟွေ့က သူ၏ စူးရှသော ဝံပုလွေမျက်လုံးများဖြင့် ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

“ကောင်လေး.. မင်းက ငါတို့ ငွေလဝံပုလွေ မျိုးနွယ်စုရဲ့ ရှေ့မှာ ရမ်းကားရဲတယ်.. မင်းက တကယ်ပဲ အသက်ရှင်ရတာ ပျင်းနေပြီထင်တယ်”

“ငါ့အမြင်တော့ အသက်ရှင်ရမှာ ပျင်းတဲ့သူက မင်းပဲ”

ကျန်းချန်က ယင်ထျန်းဟွေ့ကို ကြည့်ကာ ခပ်ထေ့ထေ့ ပြောလိုက်သည်။

“ငါ အခု စိတ်ကောင်းဝင်နေတဲ့ အတွက် မင်းရဲ့နောက်က နယ်မြေနတ်ဘုရားကိုပဲ သတ်ပစ်ဖို့ ဆုံးဖြတ်ထားတယ်.. မင်းအခုနေ ထွက်သွားမယ်ဆိုရင် အချိန်မီသေးတယ်”

“ကောင်းတယ် သိပ်ကောင်းတယ်.. ငါယင်ထျန်းဟွေ့ မွေးလာကတည်းက ငါ့ရဲ့ရှေ့မှာ ဒီလိုစကားမျိုး ပြောရဲတာ မင်း ပထမဆုံးပဲ”

ယင်ထျန်းဟွေ့က မထီမဲ့မြင် ပြုံးကာ ရယ်မောလိုက်သည်။

သူ၏ အကြည့်က ထက်ရှသောဓားအလင်း ထောင်ပေါင်းများစွာကဲ့သို့ပင်။

သူ၏စကားသံတွင် သတ်ဖြတ်လိုသော အရိပ်အငွေ့များ ပါဝင်နေခဲ့၏။

“ဝူး...”

ယင်ထျန်းဟွေ့က လကို ဟိန်းဟောက်နေသော ဝံပုလွေ ကဲ့သို့ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။

ထို့နောက်တွင် တောက်ပသော ငွေရောင်အလင်းများသည် သူ၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့သည်။

ယင်ထျန်းဟွေ့က လေထုထဲတွင် ခြေတစ်ဖက်ကို ဆောင့်နင်းလိုက်ရာ သူ၏ ခန္ဓာကိုယ်သည် လေးညို့မှ ပစ်လွှတ်လိုက်သော မြားတစ်စင်းနှယ် လေထုကို ထိုးဖောက်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းချန်၏ ရှေ့တွင် ပေါ်ထွက်လာခဲ့ကာ ကျန်းချန်ကို လက်သီးဖြင့် ထိုးချလိုက်သည်။

ငွေလဝံပုလွေမျိုးနွယ်စု၏ ထူးခြားသော သွေးစွမ်းအားသည် နတ်ဘုရားနယ်မြေရှိ သောင်းချီသော မျိုးနွယ်စုများကြားမှာပင် အဆင့်အတန်းရှိသည့် သွေးစွမ်းအား ဖြစ်သည်။

ငွေလဝံပုလွေ မျိုးနွယ်စု၏ နှစ်တစ်သန်းတွင် တစ်ကြိမ်သာ ပေါ်ထွက်လာသည့် ပြိုင်ဘက်ကင်းပါရမီရှင် တစ်ဦး အနေဖြင့် ယင်ထျန်းဟွေ့၏ သွေးစွမ်းအားသည် သာမန် ငွေလဝံပုလွေ မျိုးနွယ်စုများထက် များစွာ သာလွန်သည်။

သူ၏ မဟာကောင်းကင်နတ်ဘုရား အဆင့်ခွန်အားနှင့် ပေါင်းစပ်လိုက်သောအခါတွင် တိုက်ခိုက်ရေးစွမ်းအားသည် ကြောက်မက်ဖွယ်ရာ ကောင်းသော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

မဟာမြေရိုင်းနတ်ဂိုဏ်း၏ နံပါတ်(၁) ပါရမီရှင် မိုကျင့်လဲ့နှင့် နှိုင်းယှဥ်လျှင်ပင် အနည်းငယ်မျှ အားနည်းမည် မဟုတ်ပေ။

“ထင်သလောက်လည်း မဟုတ်ပါလား.. ဒီကောင်က အလကား လေလုံးတွေ ထွားနေတာပဲ”

အနက်ရောင်ဝတ်စုံဝတ် လူငယ်က ယင်ထျန်းဟွေ့၏ တိုက်ခိုက်မှုကို မည်သည့် ခုခံမှုမှ မပြုလုပ်ဘဲ ငြိမ်သက်နေသည်အား မြင်လျှင် ယင်ပိုင်ကွေ့၏ မျက်ဝန်းများတွင် မထီမဲ့မြင် အမူအရာများ ထင်ဟပ်လာခဲ့သည်။

ငွေလဝံပုလွေ မျိုးနွယ်စု၏ နယ်မြေနတ်ဘုရား တစ်ပါး အနေဖြင့် ယင်ပိုင်ကွေ့သည် ယင်ထျန်းဟွေ့ မည်မျှ အစွမ်းထက်ကြောင်း ကောင်းစွာ သိရှိထားခဲ့သည်။

ငွေလဝံပုလွေ မျိုးနွယ်စု တစ်ခုလုံးတွင် မျိုးနွယ်စုခေါင်းဆောင် ဖြစ်သည့် မြေကြီးအရှင် ရှောင်ယွဲ့ မှ လွဲ၍ ယင်ထျန်းဟွေ့ကို မည်သူမှ ဖိနှိပ်နိုင်မည် မဟုတ်ဟုပင် ဆို၍ရ၏။

အနက်ရောင်ဝတ်စုံဝတ် လူငယ်က ထူးခြားသော ခွန်အားရှိသော်လည်း ယင်ထျန်းဟွေ့ကို မည်ကဲ့သို့ ယှဥ်နိုင်ပါအံ့နည်း။

သို့သော် ယင်ပိုင်ကွေ့က ကျန်းချန် ရှုံးနိမ့်တော့မည်ဟု တွေးမိခဲ့သည့် အခိုက်အတန့်မှာပင် အံ့သြထိတ်လန့်စရာ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အနက်ရောင်ဝတ်စုံဝတ် လူငယ်က လက်ဝါးရိုက်ချက် တစ်ချက်ကို အသာအယာ ထုတ်ဖော်လိုက်သည်ကို ယင်ပိုင်ကွေ့ မြင်လိုက်ရသည်။

သို့သော် ထိုလက်ဝါးရိုက်ချက်သည် ယင်ထျန်းဟွေ့ကို လေထုအထက် ပေ၁၀၀၀ အကွာကနေ မြေပြင်ဆီသို့ ပြုတ်ကျသွားစေခဲ့သည်။

“ဝုန်း..”

အောက်ဘက်ရှိ ကုဟွမ်တောင်တွင် ချက်ချင်းဆိုသလို ကျယ်လောင်သောအသံ ထွက်ပေါ်လာခဲ့ပြီး ပေထောင်ချီ နက်ရှိုင်းသည့် ဧရာမ တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ယင်ထျန်းဟွေ့က ထိုဧရာမ တွင်းနက်ကြီးထဲသို့ ရောက်ရှိနေသည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

“သခင်လေးကျန်းချန်က အရမ်းကို အစွမ်းထက်လှချည်လား.. သခင်လေးကျန်းချန်က တကယ်ပဲ အထွတ်အထိပ် ကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်နေတာလား”

ထိုမြင်ကွင်းကိုမြင်လျှင် ကျင်းဟုန်၏ မျက်နှာထက်တွင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန် သူတို့ဆီ ရောက်မလာမီကပင် သူတို့ မျိုးနွယ်စုခေါင်းဆောင် ဖြစ်သည့် မြေကြီးအရှင် ကျင်းဟော်သည် သူ့ထံသို့ စာတစ်စောင် ပေးပို့ခဲ့ပြီး ကျန်းချန်က ကမ္ဘာ့စွမ်းအား ၈မျိုးကို ပိုင်ဆိုင်ထားသော အထွတ်အထိပ် ကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်ကြောင်း ပြောပြခဲ့သည်။

သို့သော်လည်း ကျင်းဟုန်သည် အနည်းငယ်မျှပင် မယုံကြည်နိုင်ခဲ့ပေ။

ကျန်းချန်က မဟာကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်သည့် ယင်ယဲ့ကို လက်ဝါး တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သော်လည်း ယင်ယဲ့သည် မဟာကောင်းကင်နတ်ဘုရား အဆင့်ကို သိပ်မကြာမီကမှ ထိုးဖောက်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ယင်ထျန်ဟွေ့ကမူ မဟာကောင်းကင်နတ်ဘုရားအဆင့်ကို လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းကပင် ထိုးဖောက်ထားသူ ဖြစ်ပြီး ခွန်အားအရာတွင်လည်း ယင်ယဲ့ထက် များစွာပို၍ အစွမ်းထက်၏။

ထိုကဲ့သို့ အစွမ်းထက်သော မဟာကောင်းကင် နတ်ဘုရား တစ်ပါးကိုပင် ကျန်းချန်သည် အလွယ်တကူ အနိုင်ယူခဲ့သည်။

ဤအချိန်တွင်မူ ကျင်းဟုန်သည် ကျန်းချန်က အထွတ်အထိပ်ကောင်းကင် နတ်ဘုရားတစ်ပါး ဖြစ်ကြောင်း လုံးဝ ယုံကြည်သွားခဲ့သည်။

ဒဏ္ဍာရီလာ အထွတ်အထိပ် ကောင်းကင်နတ်ဘုရားများသာလျှင် မဟာကောင်းကင် နတ်ဘုရားများကို ဤမျှလောက်အထိ အလွယ်တကူ ဖိနှိပ်နိုင်သော စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားလိမ့်မည် မဟုတ်ပါလား။

“ဝုန်း..”

ထိုအချိန်မှာပင် မီးတောင်ပေါက်ကွဲ သကဲ့သို့ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုသည် ဧရာမ တွင်းနက်ကြီးကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုဧရာမ တွင်းနက်ကြီးထဲကနေ ငွေရောင်ပုံရိပ် တစ်ခုသည် ကောင်းကင်ပေါ်သို့ ထိုးတက်လာခဲ့သည်။

ထိုငွေရောင်ပုံရိပ်မှာ တခြားသူ မဟုတ်ပေ။

ယင်ထျန်းဟွေ့ပင် ဖြစ်သည်။

ဤအချိန်တွင် ယင်ထျန်းဟွေ့သည် ငွေရောင်အလင်းများဖြင့် တောက်ပနေခဲ့ပြီး သူ၏ ကျောဘက်တွင်လည်း ဧရာမ‌ ငွေရောင် ဝံပုလွေတစ်ကောင်၏ ပုံရိပ်က ရှိနေခဲ့သည်။

ထိုငွေရောင်ဝံပုလွေကနေ ကြောက်မက်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့၏။

“ကောင်လေး မင်းငါ့ကို နာကျင်အောင် လုပ်ရဲမှတော့ ငါ မင်းကို သတ်ပစ်မယ်”

ယင်ထျန်းဟွေ့က ကျန်းချန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

အစောပိုင်းက တိုက်ခိုက်မှုတွင် သူ‌ ပေါ့ဆမိခဲ့၍ ကျန်းချန်၏ လက်ဝါးရိုက်ချက်ဖြင့် မြေပြင်သို့ ရိုက်ချခံခဲ့ရသည်။

ငွေလဝံပုလွေ မျိုးနွယ်စု၏ ထူးခြားသော သွေးစွမ်းအားနှင့် အလွန်တရာ ကောင်းမွန်သော ခုခံနိုင်စွမ်းသာ မရှိခဲ့လျှင် သူ၏ ခန္ဓာကိုယ်သည် ထိုလက်ဝါးရိုက်ချက်အောက်တွင် လုံးဝ ပျက်စီးသွားနိုင်ဖွယ် ရှိသည်။

ကောင်းကင်ပေါ်သို့ တက်လာသော ယင်ထျန်းဟွေ့ကို ကြည့်ရင်း ကျန်းချန်က လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

“ဘယ်ဆိုးလို့လဲ.. မင်းက ငွေလဝံပုလွေ မျိုးနွယ်စုရဲ့ နံပါတ်(၁)ပါရမီရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်သားပဲ.. ဒါပေမဲ့ ဒီစွမ်းအင်လောက်နဲ့ ဆိုရင် ငါ့လက်ထဲမှာ သေလမ်း တစ်လမ်းပဲရှိတယ်”

“ကောင်လေး.. မင်းတော်တော် လေလုံးထွားလှချည်လား.. ကောင်းပြီ.. ဒီနေ့ ငါ ယင်ထျန်းဟွေ့ မင်းကို ဒီကမ္ဘာကြီးကနေ ပျောက်ကွယ်သွားအောင် လုပ်ပစ်မယ်”

ယင်ထျန်းဟွေ့၏ မျက်ဝန်းများက ရေခဲကဲ့သို့ အေးစက်နေခဲ့သည်။

သူ၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ် အရှိန်အဝါများအား ထုတ်လွှတ်နေခဲ့၏။

သူ၏ လက်ဟန်တစ်ခုကို ပြုလုပ်လိုက်ရာ သူ၏ ကျောဘက်ရှိ ငွေရောင် ဝံပုလွေသည် ၎င်း၏ မျက်ဝန်းကနေ သတ်ဖြတ်လိုသော အရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။

မကြာမီမှာပင် ငွေလဝံပုလွေသည် ကြောက်မက်ဖွယ်ဟစ်ကြွေးကာ ကျန်းချန်ဆီသို့ အလျင်အမြန် ပြေးလာခဲ့သည်။

ထို ငွေရောင်ဝံပုလွေ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် လေထုသည် ချက်ချင်းဆိုသလိုပင် ဘာမှမကျန်ရှိ‌တော့သည်အထိ ပေါက်ကွဲထွက်သွားခဲ့သည်။

“ဒီစွမ်းအားလောက်နဲ့ ငါ့ကို ရင်ဆိုင်နိုင်မယ်လို့များ ထင်နေလား”

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်ကာ ငွေလဝံပုလွေကို ချက်ချင်းဆိုသလိုပင် ဖိနှိပ်လိုက်သည်။

“ဝုန်း..”

ကျန်းချန်၏ ဧရာမ လက်ဝါးသည် ဥက္ကာခဲကဲ့သို့ ငွေလဝံပုလွေခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

ခန့်ညားထည်ဝါသော ငွေလဝံပုလွေသည် အသက်ရှူကြိမ် အနည်းငယ် အတွင်းမှာပင် ဧရာမလက်ဝါး၏ လက်ချက်ဖြင့် ပေါက်ကွဲထွက်သွားခဲ့သည်။

ငွေလဝံပုလွေ ပေါက်ကွဲသွားပြီးနောက်တွင် ဧရာမလက်ဝါး ရိုက်ချက်သည် မိုးကြိုးကဲ့သို့ အရှိန်အဟုန်ဖြင့် ယင်ထျန်းဟွေ့၏ ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်သွားခဲ့သည်။

“ကမ္ဘာ့စွမ်းအား ၈မျိုးရဲ့ စွမ်းအားပါလား.. ဒါ.. ဒါဆို ဒီကောင်က အထွတ်အထိပ် ကောင်းကင်နတ်ဘုရား ဖြစ်နေတာပေါ့”

ယင်ထျန်းဟွေ့က ရုတ်တရက် မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။

သူက ချက်ချင်းဆိုသလို ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ငွေရောင် အလင်း အကာအကွယ် တစ်ခုကို အလျင်အမြန် စုစည်းလိုက်သည်။

သို့သော်လည်း ကျန်းချန်၏ ကမ္ဘာ့စွမ်းအား ၈မျိုး ပါဝင်နေသော ဧရာမလက်ဝါးသည် သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်မှ ငွေရောင်အလင်း အကာအကွယ်ကို စက္ကူစုတ် တစ်ရွက် ကဲ့သို့ ထိုးဖောက်သွားခဲ့သည်။

“မသတ်ပါနဲ့”

ယင်ထျန်းဟွေ့က ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး ငွေရောင်တံဆိပ်ပြား တစ်ခုကို အလျင်အမြန် ထုတ်ယူကာ ထိုတံဆိပ်ပြားကို ခြေမွလိုက်သည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ယံတွင် နေရာလွတ်အတက်အကျ လှိုင်းလုံးများ ရုတ်တရက် ဖြစ်ပေါ်လာခဲ့ပြီး ခန့်ညားထည်ဝါသော စကားသံတစ်သံသည် လေထုထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

“ငါတို့ ငွေလမျိုးနွယ်စုကို ဘယ်သူ တိုက်ခိုက်ရဲတာလဲ”

ထိုအသံက နီးကပ်နေပုံ ရသော်လည်း တကယ်တမ်းတွင် အလွန်တရာ ဝေးကွာနေခဲ့သည်။

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

သူက ထိုအသံ၏ လာရာဆီသို့ လှမ်းကြည့်လိုက်၏။

နောက်ထပ် တစ်ခဏမှာပင် ယင်ထျန်းဟွေ့၏ ဦးခေါင်းအထက်ရှိ လေထုထဲတွင် ကြောက်မက်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်နေသော ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုပုံရိပ်က လက်တစ်ချက်ကို ဝှေ့ယမ်းလိုက်ရာ ယင်ထျန်းဟွေ့ကို ထိမှန်တော့မည့် ဧရာမ လက်ဝါးသည် ချက်ချင်းဆိုသလိုပင် ပြိုကွဲသွားခဲ့သည်။

ခန္ဓာကိုယ်ကနေ ငွေရောင်အလင်းများ ထုတ်လွှတ်နေသည့် ထိုပုံရိပ်သည် သက်ရှိအားလုံး၏ သေခြင်း၊ရှင်ခြင်းကို အဆုံးအဖြတ်ပေးနိုင်သော ရှေးဟောင်းနတ်ဘုရားနှင့်ပင် ဆင်တူနေခဲ့၏။

“နယ်မြေနတ်ဘုရားရဲ့ ပုံရိပ်ယောင်ပါလား”

လေထုထဲရှိ ပုံရိပ်ကို ကြည့်ကာ ကျင်းဟုန်၏ အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

“သခင်လေးကျန်းချန် သတိထားပါ.. ဒါက ငွေလဝံပုလွေမျိုးနွယ်စုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ မြေကြီးအရှင် ရှောင်ယွဲ့ရဲ့ ပုံရိပ်ယောင်ပဲ”

ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည့် ပုံရိပ်ယောင်သည် ငွေလဝံပုလွေ မျိုးနွယ်စု၏ ခေါင်းဆောင် မြေကြီးအရှင် ရှောင်ယွဲ့က လွဲလျှင် တခြားမည်သူ ရှိနိုင်ပါဦးမည်နည်း။

“ခေါင်းဆောင်.. ဒီကောင်လေးက ခရမ်းရောင် ကျားမျိုးနွယ်စုကို ကူညီပြီး ယင်ယဲ့ကို သတ်ဖြတ်လိုက်တဲ့ အပြင် ကျွန်တော်တို့ ငွေလဝံပုလွေ မျိုးနွယ်စုရဲ့ အရေးကြီးကိစ္စကိုလည်း အနှောင့်အယှက်ပေးခဲ့တယ်.. ကျေးဇူးပြုပြီး သူ့ကို သတ်ဖြတ်ပေးပါ ခေါင်းဆောင်”

ယင်ထျန်းဟွေ့က ကျန်းချန်ကို ဒေါသတကြီး စူးစိုက်ကြည့်လိုက်ပြီးနောက်တွင် လေထုအထက်ရှိ ခန့်ညားထည်ဝါသော ပုံရိပ်ကို ပြောဆိုလိုက်သည်။

မြေကြီးအရှင် ရှောင်ယွဲ့၏ ပုံရိပ်ယောင် ထွက်ပေါ်လာသောကြောင့် ကျင်းဟုန်သည်အလွန်အမင်း ထိတ်လန့်နေခဲ့သည်။

သူက သွားများကို အံကြိတ်ကာ ကောင်းကင်ယံရှိ မြေကြီးအရှင်ရှောင်ယွဲ့၏ ပုံရိပ်ယောင်ကို ကြည့်ကာပြောလိုက်သည်။

“မြေကြီးအရှင် ရှောင်ယွဲ့.. ခရမ်းရောင် ကျားမျိုးနွယ်စုနဲ့‌ ငွေလဝံပုလွေ မျိုးနွယ်စု တို့ရဲ့ သဘောတူညီချက်အရ ဒီလိုမျိုး ဝင်ပါတာ မသင့်လျော်ဘူးလို့ ထင်ပါတယ်”

“ဒီနတ်ဘုရား ဘာပဲလုပ်လုပ် အဲ့ဒါ မင်း သောက်လုပ်မဟုတ်ဘူး.. မင်းမကျေနပ်ရင် မင်းရဲ့ခေါင်းဆောင်ကို ငါ့ဆီ လာရှာခိုင်းလိုက်”

မြေကြီးအရှင် ရှောင်ယွဲ့က နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်သည်။

ထို့နောက်တွင် သူ၏ အကြည့်သည် ကျန်းချန်၏ ကိုယ်ပေါ်သို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။

“ကောင်လေး မင်းကို ကြည့်ရတာ ခရမ်းရောင် ကျားမျိုးနွယ်စုရဲ့ အဖွဲ့ဝင် မဟုတ်လောက်ဘူး.. ငါတို့‌ ငွေလဝံပုလွေ မျိုးနွယ်စုနဲ့ မင်းရဲ့ကြားမှာ ဘာရန်ငြိုးရန်စမှလည်း မရှိဘူး.. ဘာလို့ ငါတို့‌ ငွေလဝံပုလွေ မျိုးနွယ်စုကို ပြဿနာ လာရှာရတာလဲ”

ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့်ပင် တုံ့ပြန်ပြောဆိုလိုက်သည်။

“အမှန်ပဲ.. အရင်ကတော့ ငါနဲ့ မင်းတို့ကြားမှာ ဘာပြဿနာမှ မရှိဘူး.. အခုတော့ မင်းတို့‌ ငွေလဝံပုလွေ မျိုးနွယ်စုနဲ့ ငါ့ရဲ့ကြားမှာ ပြဿနာရှိသွားခဲ့ပြီ ဒီလိုဖြစ်အောင်လည်း မင်းတို့ ငွေလဝံပုလွေ မျိုးနွယ်စုက အရင်လုပ်ခဲ့တာပဲ”

ထိုစကားကိုကြားလျှင် မြေကြီးအရှင် ရှောင်ယွဲ့သည် ဒေါသထွက်သွားခဲ့ပြီး ကျန်းချန်ကို အေးစက်စက် ကြည့်ကာ ကြုံးဝါးလိုက်သည်။

“ကောင်လေး မင်းကိုယ့်သေလမ်း ကိုယ်ရှာနေတာလား”

ထိုစကားကို ကြားလျှင် ကျန်းချန်က မဲ့ပြုံးပြုံးလိုက်သည်။

ထို့နောက်တွင် လက်နှစ်ဖက်ကို နောက်ပစ်၍ လေထုထဲတွင် ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်၏ ခပ်ထေ့ထေ့ ရယ်သံသည် ကောင်းကင်နှင့်မြေကြီး ကြားတွင် ပဲ့တင်ထပ်သွားခဲ့သည်။

“ဟားဟား မြေကြီးအရှင်ရှောင်ယွဲ့.. မင်းက ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးလွန်းနေတာပဲ.. မင်းကိုယ်တိုင် ရောက်လာခဲ့ရင်‌တောင် ငါက လုံးဝ ကြောက်ရွံ့မှာမဟုတ်ဘူး.. ပုံရိပ်ယောင်လောက်ကတော့ စကားထဲ ထည့်ပြောစရာတောင် မလိုဘူး”

အခန်း(၁၉၆၀)ပြီး၏။

All Chapters