← Chapters

မင်းမှာ ဒီကံကြမ္မာ မပါဘူး

Vol. 30 Ch. 361

မင်းမှာ ဒီကံကြမ္မာ မပါဘူး

Vol. 30 Ch. 361

"ကျေးဇူးတင်ပါတယ်..."

မင်းသားရှန်လင်းသည် သက်ပြင်းချလိုက်ပြီး ကြေးနီမီးပြင်းဖို၏အနီးသို့ အလျင်အမြန် သွားကာ ဆွဲယူလိုက်သည်။

ဤအချိန်တွင် သူသည် မီးပြင်းဖိုသုံးခုကို စုဆောင်းထားပြီးဖြစ်သည်။ ထိုအရာများ၏ကိုယ်ထည်ပေါ်တွင် ရှေးဟောင်းသင်္ကေတများ စီးဆင်းနေကာ မီးခိုးပြာရောင်အလင်းတန်းများကို ထုတ်လွှတ်ထားပြီး ထူးခြားသော လျှို့ဝှက်ချက်တစ်ခုကို ကွယ်ဝှက်ထားသည့်အလားပင်။

"ဂိုဏ်းခွဲသခင်ချန်... ခန်းမသခင်ရှစ်က ငါ့ကို သတ်ချင်ခဲ့တယ်....ဒီကြေးနီမီးပြင်းဖိုကို လျော်ကြေးအနေနဲ့ ငါ ယူလိုက်ရင် အဆင်ပြေတယ် မဟုတ်လား"

ကျန်းရွှမ်က အပြုံးနှင့် ချန်ယွီဟွမ်ကိုကြည့်ပြီး မေးမြန်းလိုက်၏။

"ဒါ... ဒါပေါ့..."

ချန်ယွီဟွမ်သည် ကိုးရိုးကားရားအပြုံးနှင် ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်သည်။

သူသည် ဤကြေးနီမီးပြင်းဖိုကို သုံးရက်ကြာအောင် စူးစမ်းလေ့လာခဲ့သော်လည်း မည်သည့်သဲလွန်စကိုမျှ မရခဲ့ချေ။ သူ ဆက်လက်၍ လုပ်ဆောင်လျှင်လည်း ရလဒ်ထွက်လာဖွယ် မရှိပေ။

ထိုကြောင့် လျှို့ဝှက်ဆန်းကြယ်သော လူတစ်ဦးကို ပြစ်မှားမည့်အစား မျက်နှာသာရအောင် လုပ်လိုက်သည်က ပို၍ကောင်းမွန်ပေမည်။

"ကျေးဇူးပါ ဂိုဏ်းခွဲသခင်ချန်"

ကျန်းရွှမ်သည် သူ၏လက်ကို လေထုထဲသို့ ဖမ်းဆုပ်ကာ နောက်ဆုံးကျန်သော ကြေးနီမီးပြင်းဖိုကို ယူဆောင်ပြီးနောက် သူ၏ခေါင်းကိုငုံ့ကာ စူးစမ်းလေ့လာလိုက်သည်။

သူ၏လက်ဖြင့် ထိုကြေးနီမီးပြင်းဖိုကို ညင်သာစွာ ထိတွေ့လိုက်ရာ ထိုသင်္ကေတအက္ခရာများအတွင်းရှိ စွမ်းအားများသည် ရေကဲ့သို့ မရပ်မနား စီးဆင်းနေသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။

"ညီအစ်ကိုကျန်း... ဒီနောက်ဆုံးကြေးနီမီးပြင်းဖိုကို ငါ့ကို ရောင်းပေးနိုင်မလား"

မင်းသားရှန်လင်းက ရှေ့သို့တိုးလာသည်။

သူသည် မီးပြင်းဖိုသုံးခုကို ရရှိထားပြီးဖြစ်ရာ ဤနောက်ဆုံးတစ်ခုသာ လိုတော့သည်။ ထိုအရာကိုရရှိလျှင် သူသည် ထုံးတမ်းစဥ်လာကောင်းကင်ကံကြမ္မာကို အပြည့်အဝ နားလည်သဘောပေါက်နိုင်ပြီး အဆုံးသတ်တွင် အနိုင်ရသူ ဖြစ်လာပေလိမ့်မည်။

ယခင်ကဆိုလျှင် တစ်ဖက်လူက ငြင်းဆန်ပါက သူ အတင်းအဓမ္မ လုယူကောင်း လုယူမိပေမည်။ သို့သော် ယခုချိန်၌ ထိုလူသည် တစ်ယောက်တည်းဖြင့် ထိပ်သီးကျင့်ကြံသူအမြောက်အများကို သတ်ဖြတ်ခဲ့သည်အား မြင်တွေ့ရသဖြင့် သူ အနည်းငယ် ကြောက်ရွံ့နေသည်။

"အင်း..."

ကျန်းရွှမ်က ခေါင်းညိတ်ပြလိုက်၏။

မင်းသားရှန်လင်း၏မျက်နှာပေါ်တွင် ဝမ်းသာသွားသော အရိပ်အယောင်များ ထင်ဟပ်လာပြီး ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်ကာ ပြောဆိုလိုက်သည်။

"အားလုံးပဲ... မင်းတို့ဆီမှာ ရှိတဲ့ အရင်းအမြစ်တွေကို ငါ့ကို ခဏလောက်ချေးကြပါ...ဒီနေရာကနေ ထွက်သွားပြီးရင် ငါက နှစ်ဆပြန်ဆပ်ပါ့မယ်"

"ပြဿနာ မရှိပါဘူး..."

"ကျွန်တော်တို့ ချေးပေးနိုင်ပါတယ် မင်းသားရှန်... ဒါပေမဲ့ ကျေးဇူးပြုပြီးတော့ အကြွေးစာချုပ်တော့ ရေးပေးပါ"

လူများအားလုံးသည် အချိန်တခဏမျှ တွန့်ဆုတ်နေပြီးနောက် တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြ၏။

လက်ရှိအခြေအနေအရ မင်းသားရှန်လင်းသည် အလွန်လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိနေပေ၏။ အကယ်၍ အရင်းအမြစ်များကို သူတို့ ချေးငှားပေးခြင်း မပြုလျှင်ပင် သူသည် ကြေးနီမီးပြင်းဖိုသုံးခုကို အသုံးပြု၍ အခမ်းအနားဆိုင်ရာ ကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်သွားနိုင်ခြေ ရှိသည်။ အချိုပေါ်သကာလောင်းသည်ထက် နှင်းကျနေချိန်တွင် မီးသွေးပို့ပေးသည်က ပို၍ကောင်းမွန်ပေမည်။

"ဒါ လွယ်ပါတယ်"

မင်းသားရှန်လင်းက သက်ပြင်းချလိုက်သည်။

ဤသည်မှာ သူအကြွေးစာချုပ် ရေးပေးရုံမျှသာ ဖြစ်သည်။ သူ အမွေအနှစ်ကို ရရှိကာ ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်သွားပါက ကျိုးယီအင်ပါယာ၏ပံ့ပိုးမှုဖြင့် ဤအရင်းအမြစ်ပမာဏသည် ပြောပလောက်ဖွယ် မရှိတော့ချေ။

ထို့ပြင် သူသည် သူတို့ကို တပည့်များအဖြစ် လက်ခံလိုက်သည်နှင့် မည်သူက သူ့ကို အကြွေးပြန်တောင်းရဲမည်နည်း။

အကြွေးစာချုပ်များကို လက်မှတ်ထိုးပြီးနောက် အလွန်များပြားသော အရင်းအမြစ်များသည် တောင်ငယ်လေးတစ်လုံးစာမျှ စုပုံနေပြီး လူများအားလုံး၏ရှေ့တွင် ထွက်ပေါ်လာသည်။

ဤသည်မှာ ထိုလူများ ထုတ်ပေးနိုင်သမျှ အရာအားလုံးနီးပါးပင်။

ကျီးလန်တောင်ကြားသို့ ဝင်ရောက်ရာမှ ရရှိခဲ့သော အရင်းအမြစ်များသည် ယခင်က ကြေးနီမီးပြင်းဖိုကို ယဇ်ပူဇော်ရာတွင် ကုန်ခမ်းလုနီးပါး ဖြစ်သွားကြလေပြီ။ ထိုကြောင့် သူတို့သည် ယခုအချိန်၌ တောင်ကြား၏အပြင်ဘက်တွင် စုဆောင်းထားသော အရင်းအမြစ်များအားလုံးကို ထုတ်ပေးလိုက်ရခြင်း ဖြစ်သည်။

သို့ရာတွင် ဤပစ္စည်းများဖြင့် ဒုတိယတန်းစားကောင်းကင်ကံကြမ္မာကို ကျင့်ကြံခွင့်အား လဲလှယ်နိုင်မည်ဆိုပါက အလွန်ထိုက်တန်ပေ၏။

"ဒီအရင်းအမြစ်တွေက လုံလောက်ရဲ့လား"

တောင်ပုံရာပုံဖြစ်နေသော ရတနာပစ္စည်းများကို ကြည့်ပြီး မင်းသားရှန်လင်းက ကျန်းရွှမ်ကို မေးမြန်းလိုက်သည်။

"လုံလောက်ပါပြီ...."

ကျန်းရွှမ်က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ထိုရတနာပစ္စည်းများသည် ကမ္ဘာသစ်ထဲသို့ ရောက်ရှိသွားသည်။ နောက်ထပ်အချိန်တခဏတွင် သူသည် ကြေးနီမီးပြင်းဖိုကို ရှန်လင်းထံသို့ ပစ်ပေးလိုက်၏။

မင်းသားရှန်လင်းသည် လျင်မြန်စွာ ရှေ့တိုးပြီး ထိုအရာကို အလျင်စလို ဖမ်းယူလိုက်သည်။

"အောင်မြင်ပြီ..."

စိတ်လှုပ်ရှားမှုကြောင့် မင်းသားရှန်လင်း

၏မျက်လုံးများ နီမြန်းလာပြီး သူသည် တုန်တုန်ရီရီဖြင့် နောက်ဆုံးကြေးနီမီးပြင်းဖိုကို တခြားသုံးခု၏နံဘေးတွင် ချထားလိုက်သည်။

ဝီ...

တုန်ခါသံတစ်သံနှင့်အတူ ကြေးနီမီးပြင်းဖိုများသည် အနည်းငယ် တုန်ခါသွားပြီး ခပ်ဖျော့ဖျော့အလင်းတန်းတစ်တန်းကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် မင်းသားရှန်လင်းသည် ရှေ့သို့တိုးကာ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ဦးညွှတ်အရိုအသေပြုလိုက်၏။

"ဘိုးဘေး ကျိုးကျီ... ကျွန်တော်က ကြေးနီမီးပြင်းဖိုလေးခုလုံးကို ရထားပြီးပါပြီ...ဘိုးဘေးက ထွက်ပေါ်လာပြီးတော့ ကျွန်တော်ကို အမွေအနှစ် ပေးသနားဖို့ မျှော်လင့်ပါတယ်..."

ကောင်းကင်ယံရှိ ရောင်စုံအလင်းတန်းများသည် သူ ပြောသည်ကို မကြားသည့်အလား မည်သည့်တုံ့ပြန်မှုမျှ မရှိချေ။

"ဘာဖြစ်တာလဲ"

မင်းသားရှန်လင်း ကြက်သေသေသွားသည်။

ဤကြေးနီမီးပြင်းဖိုလေးခုကို သူ၏လက်ထဲသို့ရောက်အောင် စုဆောင်းနိုင်ရန်အတွက် အင်ပါယာတစ်ခုလုံးနီးပါး ရောင်းချခဲ့ရပြီး မကြာမီမှာပင် သူ အောင်မြင်ပြီး အမြင့်သို့ တက်လှမ်းနိုင်တော့မည်ဟု ထင်မှတ်ခဲ့သည်။ ဤကဲ့သို့ ရလဒ်မျိုး ထွက်ပေါ်လာမည်ဟု သူ အနည်းငယ်မျှ မျှော်လင့်မထားခဲ့ချေ။

ဤသည်မှာ သူ၏ကြိုးစားအားထုတ်မှုအားလုံး သဲထဲရေသွန် ဖြစ်သွားသကဲ့သို့ပင်။

ဝှစ်...

သူ စဉ်းစား၍မရ ဖြစ်နေစဉ်တွင် ဝတ်ရုံရှည်ဝတ်ဆင်ထားသော အရပ်ရှည်ရှည် ပုံရိပ်တစ်ခုက ရောင်စုံအလင်းတန်းများကြားမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

ဤသည်မှာ အသက်ငါးဆယ်အရွယ်ရှိကာ အစိမ်းရောင်မုတ်ဆိတ်မွှေးများရှိပြီး တောက်ပစူးရှသောမျက်လုံးများကို ပိုင်ဆိုင်ထားသည့် လူကြီးတစ်ဦးပင်။

"ဒါ... ဒါက ဖရိုဖရဲကံကြမ္မာကျင့်ကြံသူပဲ..."

လူအုပ်အကြားတွင်ရှိနေသော ကောင်းကင်ကံကြမ္မာခန်းမ၏ ဒုခန်းမသခင်တစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ဤလူသည် ယခင်က ရှစ်ယွင်ကျင်း လိုက်လံဖမ်းဆီးခဲ့ကာ ဤနေရာသို့ ထွက်ပြေးလာခဲ့သော ဖရိုဖရဲကံကြမ္မာကျင့်ကြံသူမှလွဲ၍ တခြားလူ မဖြစ်နိုင်ချေ။

သူတို့သည် သူ့ကို ရှာမတွေ့သဖြင့် ဤနေရာ၌ သေဆုံးသွားပြီဟု ထင်မှတ်ခဲ့သော်လည်း မမျှော်လင့်ဘဲ အရေးကြီးသော အခိုက်အတန့်တွင် ထွက်ပေါ်လာခဲ့သည်။

"တကယ်ပဲ..."

ဤရင်းနှီးသောပုံရိပ်ကို မြင်တွေ့ရချိန်၌ ကျန်းရွှမ်က သက်ပြင်းချလိုက်သည်။

သူ တောင်ထိပ်သို့ ရောက်လာချိန်တွင် ခုန်းရှီသည် အနီးအနားတွင် ပုန်းအောင်းနေမည်ဟု သူ ခန့်မှန်းခဲ့သည်။ သူသည် နေရာအနှံ့အပြား၌ ရှာဖွေခဲ့သော်လည်း ခုန်းရှီသည် ရောင်စုံအလင်းတန်းများအတွင်း၌ ပုန်းအောင်းနေလိမ့်မည်ဟု သူ ထင်မှတ်မထားမိချေ။

ခုန်းရှီသည် လူများအားလုံး၏ ထိတ်လန့်တုန်လှုပ်မှုကို လျစ်လျူရှုပြီး သူ၏လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်ရာ ကြေးနီမီးပြင်းဖိုလေးခုသည် ချက်ချင်းမြောက်တက်သွားပြီး သူ၏အထက်တွင် ပျံဝဲနေကြသည်။ နောက်ထပ်အချိန်တခဏတွင် တောက်ပသော ရောင်စုံအလင်းတန်းများသည် မြစ်များ ပင်လယ်ထဲသို့ စီးဝင်သကဲ့သို့ စုဝေးလာပြီး သူ၏ခန္ဓာကိုယ်ထဲသို့ အရူးအမူး တိုးဝင်သွားကြသည်။

ထိုရောင်စုံအလင်းတန်းများကို ခုန်းရှီမှ စုပ်ယူလိုက်သည်နှင့် ကျီးလန်တောင်ကြားတစ်ခုလုံး ပြင်းထန်စွာတုန်ခါသွားပြီး အချိန်မရွေး ပြိုလဲပျက်စီးတော့မည့်အလားပင်။

"သူက ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်သွားပြီ"

"ကျောက်နံရံပေါ်က ကြေးနီမီးပြင်းဖိုလေးခုကို ရရင် ဒီဒုတိယတန်းစား ကောင်းကင်ကံကြမ္မာကို သန့်စင်နိုင်မယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား.... ဘာလို့ မင်းသားရှန်က မအောင်မြင်ဘဲ သူက အောင်မြင်သွားတာလဲ"

"ငါလည်း မသိဘူး... ဘာတွေ ဖြစ်ကုန်တာလဲ"

ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး လူများအားလုံး ဇဝေဇဝါ ဖြစ်နေကြသည်။

မင်းသားရှန်လင်းသည် ပို၍ပင် အခြေအနေဆိုးရွားနေကာ ရူးသွပ်လုမတတ်ပင်။

"ဒါ မဖြစ်နိုင်ဘူး... ဒါက မဖြစ်နိုင်ဘူး... ထုံးတမ်းစဥ်လာကောင်းကင်ကံကြမ္မာက ငါ့ရဲ့အပိုင်... ဘယ်သူမှ ယူသွားလို့ မရဘူး..."

အိမ်ရှေ့စံရှန်လင်းသည် ခုန်တက်လိုက်ပြီး ကောင်းကင်သို့ ပျံတက်ကာ လေထုထဲတွင် မျောလွင့်နေသော ခုန်းရှီကို ဓားဖြင့် ထိုးလိုက်သည်။

ပြင်းထန်သော ဓားချက်သည် ထက်မြက်သော ဓားချီတစ်လှိုင်းကို ဖြစ်ပေါ်စေသည်။ ခုန်းရှီသည် မည်သို့မျှ မလှုပ်ရှားသော်လည်း ကြေးနီမီးပြင်းဖိုလေးခုသည် တိုက်ခိုက်မှုကို အာရုံခံမိသည့်အလား မိုးကြိုးပစ်ခတ်သကဲ့သို့ ပြင်းထန်သော စွမ်းအားလှိုင်းတစ်ရပ်ကို ထုတ်လွှတ်လိုက်၏။

ဘုန်း...

မင်းသားရှန်လင်း ပစ်လွှတ်လိုက်သော ဓားချီစွမ်းအင်သည် ချက်ချင်းကြေမွှပျက်စီးသွားပြီး နောက်ထပ်အချိန်တခဏတွင် သူ၏ပါးစပ်နှင့် နှာခေါင်းမှ သွေးများအန်ထွက်လာကာ မိုးကောင်းကင်ယံမှ ပြုတ်ကျသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် အရေးနိမ့်သွားပြီး ပြန်လည်ခုခံနိုင်စွမ်း မရှိတော့ချေ။

"ဘာလို့လဲ... ငါ မယုံဘူး..."

မင်းသားရှန်လင်း၏မျက်လုံးများသည် သွေးရောင်သန်းနေပြီး ပြန်ထရန်အတွက် သူ ရုန်းကန်နေသည်။

ဤကြေးနီမီးပြင်းဖိုလေးခုကို စုဆောင်းရန်အတွက် သူ အစွမ်းကုန် ကြိုးစားခဲ့ရပြီး ကျိုးယီအင်ပါယာတစ်ခုလုံး၏အနာဂတ်ကိုပင် ပုံအောခဲ့ရသည်။ ဤကဲ့သို့ အဆုံးသတ်သွားလိမ့်မည်ဟု သူ အိပ်မက်ပင် မမက်ဖူးခဲ့ပေ။

သူ့အတွက် မည်သည့်အရာကိုမျှ မရရှိဘဲ သူ ကြိုးစားခဲ့သမျှ အချည်းနှီး ဖြစ်ရလေပြီ။

"မင်း... မင်း အစကတည်းက သိနေခဲ့တာ မဟုတ်လား....ငါက ကြေးနီမီးပြင်းဖိုလေးခုလုံးကို စုဆောင်းနိုင်ရင်တောင် အမွေအနှစ်ကို မရနိုင်ဘူး ဆိုတာကို မင်း သိခဲ့တယ် မဟုတ်လား..."

မင်းသားရှန်လင်းက တစ်စုံတစ်ခုကို တွေးတောမိသဖြင့် မလှမ်းမကမ်းရှိ ကျန်းရွှမ်ကို အလျင်အမြန် လှည့်ကြည့်လိုက်သည်။

ဤလူသည် စွမ်းအားနှင့်ဉာဏ်ပညာ နှစ်မျိုးလုံးရှိသော်လည်း ကြေးနီမီးပြင်းဖိုများကို ရယူရန် တက်ကြွစွာ တိုက်ခိုက်ခြင်း မရှိခဲ့ပေ။ ထိုအစား သူသည် လူများကြားတွင် လှည့်လည်သွားလာပြီး အကျိုးကျေးဇူးများကို ရယူခဲ့သည်။ သူသည် အစောပိုင်းကတည်းက တစ်စုံတစ်ခုကို ရိပ်မိနေခဲ့သည်မှာ သိသာထင်ရှားပေ၏။

ထိုသို့မဟုတ်ပါက ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာနှင့် ရင်ဆိုင်ရချိန်တွင် မည်သူမျှ ဤမျှ ထိ တည်ငြိမ်နေမည် မဟုတ်ချေ။

"ကျိုးကျီ အရင်က မပြောခဲ့ဘူးလား...သူ့ရဲ့အမွေအနှစ်ကိုရဖို့ အချက်နှစ်ချက် လိုအပ်တယ် ...ပထမအချက်က နံရံပေါ်က ကြေးနီမီးပြင်းဖိုလေးခုကို ရယူပြီးတော့ အဲ့ဒီအရာတွေပေါ်က ရှေးဟောင်းသင်္ကေတအက္ခရာတွေကို နားလည်သဘောပေါက်ရမယ်.... ဒုတိယအချက်က သူ့ရဲ့ အသိအမှတ်ပြုမှုကို ရယူရမယ်"

ကျန်းရွှမ်က လျစ်လျူရှုသော အကြည့်ဖြင့် သူ့ကို ကြည့်လိုက်သည်။

"မင်းက ကြေးနီမီးပြင်းဖိုလေးခုကို ရယူနိုင်ရုံပဲ ရှိတယ်...အဲ့ဒီအရာတွေအပေါ်က သင်္ကေတအက္ခရာတွေကို နားလည်သဘောပေါက်ခြင်း မရှိသလို ကျိုးကျီရဲ့အသိအမှတ်ပြုမှုကိုလည်း မရခဲ့ဘူး.... ဒါကြောင့် မင်း ဘယ်လိုမှ အမွေဆက်ခံနိုင်မှာ မဟုတ်ဘူး..."

"ဒါက..."

မင်းသားရှန်လင်း၏ခန္ဓာကိုယ် ယိမ်းယိုင်သွားပြီး သူ သွေးတစ်လုတ် ထပ်မံ၍အန်ထုတ်လိုက်ရသည်။

တစ်ဖက်လူ ပြောသည်မှာ အမှန်ပင်။ ကျိုးကျီ၏ပုံရိပ် ထွက်ပေါ်လာစဉ်က ဤစကားများကို ပြောခဲ့သော်လည်း သူသည် ဤကြေးနီမီးပြင်းဖိုလေးခုကိုရလျှင် အမွေအနှစ်ကို ရနိုင်မည်ဟုသာ လွဲမှားစွာ နားလည်သဘောပေါက်ခဲ့ခြင်းပင်။

"ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာကို ဆက်ခံဖို့ဆိုတာက..."

ကျန်းရွှမ် ခေါင်းခါလိုက်ပြီး သူ၏မျက်လုံးများတွင် စာနာသနားသည့် အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။

"မင်းမှာ ဒီကံကြမ္မာ မပါဘူး"

All Chapters