မင်းသားရှန်လင်း၏ ဗြောင်ကျကျအကြံအစည်
Vol. 30 Ch. 363
သူတို့သည် ကောင်းကင်ကံကြမ္မာလော့ကျမ်းစာကို မထွင်းဖောက်နိုင်သဖြင့် တစ်ဖက်လူကို သတ်ဖြတ်ရန်မှာ မဖြစ်နိုင်ချေ။ သို့ရာတွင် ပြိုင်ဘက်၏ကျင့်ကြံဆင့်စွမ်းအားများ ပြန်လည်ရရှိလာခြင်းကို နှောင့်နှေးစေပြီး အလင်းလွှာပျက်စီးသွားသည်အထိ ဆွဲဆန့်ထားနိုင်ပါက.....သူ၏ကျင့်ကြံဆင့်သည် ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့်ကို ကျော်လွန်သွားလျှင်ပင် သူတို့ စိုးရိမ်ပူပန်ရန် မလိုတော့ချေ။
"ဒါကို သိဖို့လွယ်ပေမဲ့ လုပ်ဖို့ခက်တယ်..."
ခုန်းရှီက မျက်မှောင်ကြုတ်လိုက်သည်။
ဤသဘောတရားကို လူများအားလုံး နားလည်သဘောပေါက်သော်လည်း လက်တွေ့လုပ်ဆောင်ရန်မှာ မလွယ်ကူချေ။
"တကယ်တော့ သိပ်မခက်ပါဘူး"
ကျန်းရွှမ်၏မျက်လုံးများမှ စူးရှသော အလင်းတန်းတစ်တန်း ဖြာထွက်လာသည်။
"သူ့ရဲ့အရင်းအမြစ်တွေ အားလုံးက ထုံးတမ်းစဉ်လာယဇ်ပူဇော်ပွဲအတွက် သုံးလိုက်တာ ဒါမှမဟုတ် ငါ့ဆီ ပေးလိုက်တာပဲ...ဒါကြောင့် အရင်းအမြစ်တွေကနေ သူ့ရဲ့စွမ်းအားတွေကို ပြန်ရဖို့က သူ့အတွက် မဖြစ်နိုင်သလောက်နီးပါးပဲ.... တစ်ခုတည်းသော နည်းလမ်းက လေထဲကနေ ယိုစိမ့်ထွက်လာတဲ့ ရင်းမြစ်စွမ်းအင်တွေကို စုပ်ယူဖို့ပဲ.. တကယ်လို့ ဒီရင်းမြစ်စွမ်းအင်နွေလည်း မရှိတော့ဘူးဆိုရင် သူ အဆင့်တက်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး မဟုတ်လား"
ရှန်လင်းသည် ယခင်က မည်မျှထိ စွမ်းအားကြီးမားခဲ့ပါစေ ယခုချိန်တွင် သူ၏ကျင့်ကြံဆင့်သည် ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့်တွင်သာ ရှိသဖြင့် သူ ပြန်လည်ကောင်းမွန်လာရန် လုံလောက်သော စွမ်းအင်ထောက်ပံ့မှု လိုအပ်သည်။ ထို့ကြောင့် သူသည် အရင်းအမြစ်များစွာကို ယူဆောင်လာခဲ့ခြင်း ဖြစ်နိုင်ပေ၏။။
ထို့ကြောင့် အရင်းအမြစ်များကို ဖြတ်တောက်လိုက်ပါက အဆင့်တက်ခြင်း ဆိုသည်မှာ ရယ်စရာပြက်လုံးတစ်ခု ဖြစ်သွားပေလိမ့်မည်။
"ရင်းမြစ်စွမ်းအင်တွေ မရှိတော့ရင်လား"
ခုန်းရှီ နားလည်သဘောမပေါက်သေးမီမှာပင် အဆက်မပြတ်တိုက်ခိုက်နေသော ကျန်းရွှမ်သည် ရုတ်တရက် ရပ်တန့်သွားသည်ကို သူ သတိထားမိလေ၏။ ကျန်းရွှမ်သည် မြေပြင်ပေါ်တွင် ပလ္လင်ခွေထိုင်လိုက်ပြီး နောက်ထပ်အချိန်တခဏတွင် မင်းသားရှန်လင်းထံသို့ အရူးအမူးစီးဝင်နေသော ရင်းမြစ်စွမ်းအင်များသည် သူ့ထံသို့ တဟုန်ထိုးပြေးဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။
ရင်းမြစ်စွမ်းအင်များသည် ယခင်က လမ်းကြောင်းတစ်ခုတည်းဖြင့် စီးဆင်းမှု ဖြစ်ခဲ့လျှင် ယခုအချိန်၌ လမ်းကြောင်းနှစ်ခု ဖြစ်သွားလေပြီ။
အရေးကြီးဆုံးအချက်မှာ ဒုတိယလမ်းကြောင်းသည် ပို၍ကျယ်ပြန့်ပြီး မျက်စိတစ်မှိတ်အတွင်း မိုကောင်းကင်ယံရှိ ရင်းမြစ်စွမ်းအင်များသည် လေဆင်နှာမောင်းတစ်ခုအလား ကျန်းရွှမ်၏ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ စီးဝင်သွားသည်။
ခုန်းရှီသည် နားလည်သဘောပေါက်သွားပြီး သူ၏စိတ်ထဲမှနေ၍ ကျန်းရွှမ်ကို တိတ်တဆိတ် ချီးကျူးလိုက်သည်။ သူသည်လည်း တိုက်ခိုက်ခြင်းကို ဂရုမစိုက်တော့ဘဲ အသက်ပြင်းပြင်းရှိုက်လိုက်၏။
ဝှစ်...
ဝေလငါးမှ ရေကိုဝါးမျိုသကဲ့သို့ မင်းသားရှန်လင်း စုပ်ယူနေသော ရင်းမြစ်စွမ်းအင်များသည် ချက်ချင်းလမ်းကြောင်းပြောင်းသွားပြီး ခုန်းရှီ၏နေရာသို့ စီးဝင်လာသည်။
အသက်ရှူချိန် အနည်းငယ် ကြာမြင့်ပြီးနောက် ကောင်းကင်ယံတွင် ရင်းမြစ်စွမ်းအင်နဂါးသုံးကောင် ထွက်ပေါ်လာပြီး အရူးအမူး ထိုးဆင်းလာကြသည်။ အစပိုင်းတွင် ခုန်းရှီနှင့်ကျန်းရွှမ်တို့၏ ရင်းမြစ်နဂါးများသည် အနည်းငယ် အားနည်းသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပို၍အားကောင်းလာပြီး ကျယ်ပြန့်လာသည်။ ဤအချိန်တွင် မင်းသားရှန်လင်း၏ ခေါင်းပေါ်မှ ရင်းမြစ်နဂါးမှာမူ အားနည်းသွားပြီး စီးဆင်းမှု ရပ်တန့်တော့မည့်အလားပင်။
"ဒီလောက်ထိ ကျင့်ကြံဆင့်နိမ့်ပါးတဲ့ကောင်တွေက....ဒါကို ဘယ်လို လုပ်နိုင်တာလဲ..."
မင်းသားရှန်လင်းသည် မယုံကြည်နိုင် ဖြစ်နေပေ၏။
သူ၏စွမ်းအားသည် ကြီးမားပြီး အသက်ပင်လယ်နယ်ပယ်ပွင့်နေသဖြင့် ရင်းမြစ်စွမ်းအင်များ အဆက်မပြတ် စီးဝင်နေခြင်း ဖြစ်သည်။ သူ့ရှေ့မှ လူနှစ်ဦးသည် ကျင့်ကြံဆင့်နိမ့်ပါးသော်လည်း ရင်းမြစ်စွမ်းအင်များကို ပို၍မြန်ဆန်အားကောင်းစွာ ဝါးမျိုနိုင်ကြသည်။
သူတို့သည် မည်သို့ ပြုလုပ်လိုက်သနည်း...
ကျီးလန်တောင်ကြားရှိ ရင်းမြစ်စွမ်းအင်များသည် ပေါများသော်လည်း အကန့်အသတ် ရှိပေ၏။ ဤအတိုင်း ဆက်သွားပါက သူသည် အသက်ပင်လယ်နယ်ပယ်သို့ ပြန်ရောက်ရန် မဆိုထားနှင့် ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့်ကို ကျော်ဖြတ်နိုင်ရန်ပင် မသေချာတော့ချေ။
ဤှသည်မှာ သူ၏စွမ်းအားအရင်းအမြစ်ကို အမြစ်မှ ဖြတ်တောက်လိုက်ခြင်းပင်.
"မဖြစ်ဘူး... ငါ သူတို့ကို တားမှ ရမယ်"
မင်းသားရှန်လင်း စိုးရိမ်ပူပန်စပြုသည်။
သူ၏စွမ်းအားဖြင့် ရင်းမြစ်စွမ်းအင်များကို သူတို့ထက် ပိုမိုလျှင်မြန်စွာစုပ်ယူပြီး အခြေအနေကို ပြောင်းပြန်လှန်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။
သူသည် စွမ်းအင်စုပ်ယူမှုအမြန်နှုန်းတွင် တခြားလူများကို မယှဉ်နိုင်လျှင် သူတို့၏အမြန်နှုန်းကို လျှော့ချရပေမည်။
ထိပ်ဆုံးနေရာ၌ရပ်တည်ရန် နည်းလမ်းနှစ်ခုသာ ရှိသည်။ ဤသည်မှာ သူကိုယ်တိုင် ပို၍သန်မာလာအောင်လုပ်ခြင်း သို့မဟုတ် တခြားသူများကို အားနည်းသွားအောင် လုပ်ခြင်းပင်။
"မင်းတို့က ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာကို ဆက်ခံချင်ပြီးတော့ ရင်းမြစ်စွမ်းအင်တွေကို ဝါးမျိုချင်တာလား... ငါ မင်းတို့ကို ဝါးမျိုခွင့် ပေးလိုက်မယ်... သေတဲ့အထိ ဝါးမျိုကြစမ်း..."
မင်းသားရှန်လင်း၏မျက်လုံးများတွင် ရုန့်ရင်းကြမ်းတမ်းသော အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။ ထို့နောက် သူသည် ရုတ်တရက် သူ၏လက်နှစ်ဖက်ကို မြှောက်ကာ မိုးကောင်းကင်ယံအား ပြင်းပြင်းထန်ထန် ဆုတ်ဖြဲလိုက်၏။
"ကံကြမ္မာမြစ်... ထွက်ပေါ်လာစမ်း"
အသက်ပင်လယ်နယ်ပယ်သို့ ရောက်ရှိပါက ပုံရိပ်ယောင်လေဟာနယ်ကို ဆုတ်ဖြဲပြီး ကံကြမ္မာမြစ်အတွင်းသို့ ဝင်ရောက်နိုင်သည်ဖြစ်ရာ သူသည်လည်း ခြွင်းချက် မဟုတ်ပေ။ ယခုချိန်၌ သူသည် တခြားနည်းလမ်းကို စဉ်းစား၍မရတော့သဖြင့် တစ်ဖက်လူများကို တားဆီးရန် ဤနည်းလမ်းကိုသာ အားကိုးရတော့သည်။
သူ၏စိတ်ဆန္ဒသည် ပုံရိပ်ယောင်လေဟာနယ်ကို ထွင်းဖောက်သွားသည်နှင့် ခမ်းနားထည်ဝါသော မြစ်ကြီးတစ်စင်းသည် မိုးကောင်းကင်မှ ချက်ချင်းကျဆင်းလာပြီး အားကောင်းသော အရှိန်အဝါများသည် လေထုထဲတွင် ပြည့်နှက်သွားပေ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် လက်ရှိနေရာ၌ ရှိနေသူများအားလုံးသည် မိုးကောင်းကင်ယံ၌ လက်နက်များ ကိုင်ဆောင်ထားသော စစ်သည်တော်များရှိနေကာ အချိန်မရွေး ဆင်းသက်လာတော့မည့်အလား ခံစားလိုက်ရသည်။
ပတ်ဝန်းကျင်နေရာတဝိုက်တွင် သတ်ဖြတ်လိုသော အရှိန်အဝါများ ပျံ့နှံ့နေပြီး ပြင်းထန်သော တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပေ၏။
"ဒါက စစ်ပွဲကံကြမ္မာလား"
ကျန်းရွှမ် အံ့အားသင့်သွားသည်။
"မဟုတ်ဘူး... ဒါက ထုံးတမ်းစဥ်လာကံကြမ္မာငါးခုထဲက တစ်ခုဖြစ်တဲ့ စစ်ရေးထုံးတမ်းစဥ်လာကံကြမ္မာပဲ"
ခုန်းရှီက ချက်ချင်းသိရှိသွားသည်။
"ထုံးတမ်းစဥ်လာကံကြမ္မာငါးခု ဟုတ်လား...."
ကျန်းရွှမ်သည် နားလည်သဘောပေါက်နိုင်ခြင်း မရှိချေ။
ခုန်းရှီသည် စကားအပိုမပြောဘဲ တိုတိုတုတ်တုတ် ရှင်းပြလေ၏။
"ထုံးတမ်းစဥ်လာကောင်းကင်ကံကြမ္မာကို အတက်အလက်ငါးခု ခွဲခြားထားတယ်.... ယဉ်ကျေးသိမ်မွေ့မှုထုံးတမ်းစဥ်လာ ဈာပနထုံးတမ်းစဥ်လာ စစ်ရေးထုံးတမ်းစဥ်လာ ဧည့်ဝတ်ထုံးတမ်းစဥ်လာနဲ့ ဂုဏ်ပြုပွဲထုံးတမ်းစဥ်လာတို့ပဲ....ဘိုးဘေးကျိုးကျီ ကွယ်လွန်သွားပြီးတဲ့နောက်မှာ ယဉ်ကျေးသိမ်မွေ့မှု ဈာပနနဲ့ စစ်ရေးတို့က အမွေအနှစ်အများစုတွေ ဆုံးရှုံးသွားပြီးတော့ ပဉ္စမတန်းစား ကံကြမ္မာအဖြစ် လျော့ကျသွားတယ်....ဧည့်ဝတ်နဲ့ဂုဏ်ပြုပွဲ ထုံးတမ်းစဥ်လာတို့က ပေါင်းစပ်ပြီးတော့ စတုတ္ထတန်းစားကိုမီရုံလေး အဆင့်မှာ ကျန်ခဲ့တယ်....အစက ဒီမင်းသားရှန်လင်းကို သာမန် ကျင့်ကြံသူတစ်ယောက်လို့ ငါ ထင်ခဲ့တာ...သူက ထုံးတမ်းစဥ်လာကောင်းကင်ကံကြမ္မာရဲ့ အမွေအနှစ် တစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်ထားလိမ့်မယ်လို့ ငါ လုံးဝမျှော်လင့်မထားဘူး"
ကျန်းရွှမ် ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
အစွမ်းထက်သော ကံကြမ္မာများအားလုံးသည် အတက်အလက်အမြောက်အများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဤသည်မှာ ဓားတစ်သောင်းမဟာမိတ်အဖွဲ့ တည်ရှိနေခြင်း၏ အဓိကအကြောင်းရင်းလည်း ဖြစ်ပေ၏။
ယခင်က မိုပိုင်ယဲ့တို့အဖွဲ့ ရှာဖွေတွေ့ရှိခဲ့သော ကျောက်ရုပ်ထုဆယ့်နှစ်ရုပ်သည် ထုံးတမ်းစဥ်လာကောင်းကင်ကံကြမ္မာ၏ အတက်အလက်တစ်ခု ဖြစ်နေနိုင်သည်။
"သူက ကံကြမ္မာမြစ်ကို ထုတ်ဖော်ပြသလိုက်တာက... ပထမအချက်အနေနဲ့ ဘိုးဘေးကျိုးကျီဆီက အသိအမှတ်ပြုမှုကို ရဖို့အတွက် သူ့ရဲ့ ဇာစ်မြစ်ကို ပြသချင်တာပဲ.... ဒုတိယအချက်ကတော့ ရင်းမြစ်စွမ်းအင်ကို ညစ်ညမ်းစေချင်တာ....ငါတို့က ရင်းမြစ်စွမ်းအင်တွေကို စုပ်ယူနေတဲ့အချိန်မှာ ဒီလို သန့်စင်ထားတဲ့ တခြားကောင်းကင်ကံကြမ္မာစွမ်းအားမျိုးကို အမှတ်မထင် စုပ်ယူမိပြီးတော့ ငါတို့ရဲ့ကျင့်ကြံမှုကို ထိခိုက်စေချင်တာပဲ..."
ခုန်းရှီ၏မျက်နှာအမူအယာ တည်ကြည်လေးနက်နေသည်။
ဤသည်မှာ မြွေနှင့်လူသား အစာလုနေသည့်အလားပင်။ မြွေသည် ထိုအစာထဲသို့ အဆိပ်ထွေးထည့်လိုက်ပါက ထိုအရာကို ဆက်စားလျှင် လူသားသည် အဆိပ်သင့်မည်ဖြစ်ပြီး မြွေကမူ ထိခိုက်မှုမရှိဘဲ ကျန်ရစ်ပေမည်။
"ဒါဆို ငါတို့လည်း ငါတို့ရဲ့ ကောင်းကင်ကံကြမ္မာစွမ်းအားတွေကို ထုတ်လွှတ်ပြီး သူ့ကို စုပ်ယူခိုင်းလို့ ရတာပဲ..."
ကျန်းရွှမ်က ပြောဆိုသည်။
ခုန်းရှီက ခေါင်းခါယမ်းလိုက်၏။
"ပထမအချက်က ငါတို့ရဲ့စွမ်းအားနဲ့ ကံကြမ္မာမြစ်ကို ဆင့်ခေါ်လို့မရဘူး....ဒုတိယအချက်က ဆင့်ခေါ်လို့ ရရင်တောင် ငါတို့ အရင်က ကျင့်ကြံခဲ့တဲ့ ကောင်းကင်ကံကြမ္မာက ထုံးတမ်းစဥ်လာကောင်းကင်ကံကြမ္မာနဲ့ မကိုက်ညီဘူး...ဒါက ထိရောက်မှုမရှိမယ့်အပြင် ကျီးလန်တောင်ကြားရဲ့ ဖိနှိပ်မှုကိုပါ ခံရလိမ့်မယ်..."
ဤနေရာသည် ထုံးတမ်းစဥ်လာကောင်းကင်ကံကြမ္မာ၏ အဓိကအခြေစိုက်စခန်းပင်။ တခြား ကံကြမ္မာများကို ဤနေရာတွင် ထုတ်လွှတ်ခြင်းသည် သေလမ်းရှာခြင်းသာ ဖြစ်ပေမည်။
"ငါတို့ ဘာလုပ်ကြမလဲ"
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
"နည်းလမ်းမရှိဘူး... ငါတို့ အခု သူ့ကို မတားဆီးနိုင်တော့ဘူး..."
ခုန်းရှီက ခါးသည်းစွာ ပြုံးလိုက်၏။
"ငါ ဒီကံကြမ္မာကို တတ်နိုင်သမျှ အမြန်ဆုံး သန့်စင်နိုင်အောင် ကြိုးစားရုံပဲ ရှိတော့တယ်...သူ့ရဲ့စွမ်းအားကို အပြည့်အဝပြန်မရလာခင် ငါ အောင်မြင်ဖို့ကိုပဲ မျှော်လင့်မိတယ်... ဒါပေမဲ့ ဒါက အရမ်း ခက်ခဲတယ်...ဒုတိယတန်းစားကောင်းကင်ကံကြမ္မာကို ငါ့အနေနဲ့ အပြည့်အဝ ဆက်ခံဖို့ဆိုတာ နှစ်နဲ့ချီပြီး ကြာမြင့်နိုင်တယ်...ဒါကြောင့် အချိန်ခဏလေးအတွင်းမှာ အောင်မြင်ဖို့ မျှော်လင့်တာက လုံးဝမဖြစ်နိုင်ဘူး..."
ခုန်းရှီသည် စကားပြောဆိုရင်း သူ၏မျက်နှာအမူအယာ ပျက်ယွင်းလာသည်။
သူသည် မကြိုးစားဘဲ နေခြင်းမဟုတ်ဘဲ တစ်ဖက်လူက အလွန်ဖျက်လိုဖျက်ဆီး လုပ်နေခြင်းပင်။ သူသည် ရန်သူများအပြင် သူ့ကိုယ်သူလည်း ထိခိုက်စေနိုင်သော နည်းဗျူဟာကို အသုံးပြုနေသဖြင့် အစွမ်းထက်ဆုံး လူတစ်ယောက်ပင်လျှင် ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲပေမည်။
"ငါ စမ်းကြည့်လိုက်မယ်..."
အချိန်တခဏကြာမျှ တွေဝေနေပြီးနောက် ကျန်းရွှမ်သည် တစ်စုံတစ်ခုကို တွေးတောမိကာ သူ၏လက်ကိုမြှောက်ပြီး မိုးကောင်းကင်ယံရှိ ကံကြမ္မာမြစ်ထံသို့ ဖမ်းဆုပ်လိုက်သည်။
ဝှစ်....
နောက်ထပ်အချိန်တခဏတွင် သန့်စင်သော ကောင်းကင်ကံကြမ္မာ စွမ်းအင်တန်းဆယ်တန်းကျော်သည် သူ၏လက်ထဲသို့ ကျရောက်လာပြီး တွန့်လိမ်နေသော မြွေများအလား မရပ်မနား လှုပ်ရှားနေကြသည်။
"မင်းက ထုံးတမ်းစဥ်လား ကောင်းကင်ကံကြမ္မာကို မလေ့လာဖူးဘူး.... ဒီလိုမျိုး သီးခြာဂုဏ်သတ္တိရှိတဲ့ ကောင်းကင်ကံကြမ္မာစွမ်းအားတွေကို သန့်စင်လို့ မရဘူး..."
ကျန်းရွှမ်၏ရည်ရွယ်ချက်ကို ခန့်မှန်းမိသဖြင့် ခုန်းရှီ ရှင်းပြသည်။
ခုန်းရှီ၏စကားကို လျစ်လျူရှုကာ ကျန်းရွှမ်၏စိတ်ဆန္ဒ လှုပ်ခတ်သွားပြီး သူ၏လက်ထဲရှိ ကောင်းကင်ကံကြမ္မာစွမ်းအားများသည် သူ၏စိတ်ထဲသို့ ချက်ချင်းတိုးဝင်သွားကာ နေရာအနှံ့အပြားသို့ ပြန့်ကျဲသွားသည်။
သူ ယခင်ကစုပ်ယူခဲ့ဖူးသော ကောင်းကင်ကံကြမ္မာစွမ်းအားများသည် သန့်စင်ပြီးသား သို့မဟုတ် သူကိုယ်တိုင် နားလည်သဘောပေါက်ထားပြီးသား အရာများသာ ဖြစ်သည်။ သူ နားမလည်သေးသော အရာများကို မည်သည့်အချိန်ကမျှ မစမ်းသပ်ဖူးချေ။
ဤစစ်ရေးထုံးတမ်းစဥ်လာကံကြမ္မာ စွမ်းအင်တန်းများကို သူ ဆုပ်ကိုင်ရန် ကြိုးစားနေစဉ်တွင် ကောင်းကင်ဘုံစာကြည့်တိုက်ကို အသုံးပြုပြီး စွမ်းအင်မြစ်တစ်စင်း ဖန်တီးရန် စဉ်းစားလိုက်သည်။ ထိုအတွေးဝင်ရောက်လာသည်နှင့် သူ၏စိတ်တုန်ခါသွားပြီး စာအုပ်အမြောက်အများ ရုတ်တရက် ထွက်ပေါ်လာကာ ဤကောင်းကင်ကံကြမ္မာစွမ်းအင်တန်းများကို ဝါးမျိုလိုက်ကြ၏။
"ဒါက... သန့်စင်ပြီးသွားတာလား"
ကျန်းရွှမ် ကြက်သေသေနေပြီးနောက် မိုးကောင်းကင်ယံရှိ ကံကြမ္မာမြစ်ကို မော့ကြည့်လိုက်ရာ သူ၏မျက်လုံးများ တောက်ပလာသည်။
"ကောင်းကင်ဘုံစာကြည့်တိုက်က သီးခြားဂုဏ်သတ္တိရှိတဲ့ ကောင်းကင်ကံကြမ္မာစွမ်းအားတွေကို သန့်စင်ပေးနိုင်ပုံရတယ်...တကယ်လို့ ငါ က ဒီမြစ်တစ်စင်းလုံးကို ဝါးမျိုလိုက်ရင် စာအုပ်တွေ ဘယ်လောက်တောင် ရလာနိုင်လဲ..."