ကျီးလန်တောင်ကြား ပြိုလဲတော့မည်
Vol. 30 Ch. 364
သီးခြားဂုဏ်သတ္တိများပါဝင်သော ကောင်းကင်ကံကြမ္မာစွမ်းအားသည် မျိုးမတူသော အစစ်အမှန်စွမ်းအားများအလား မတူညီသော အမွေအနှစ်များဖြင့် သန့်စင်၍မရနိုင်ပေ။ ယခင်က ကျန်းရွှမ်တွင် ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းမရှိခဲ့ချေ။ သို့ရာတွင် ယခုချိန်၌မူ
သူသည် ထိုအရာများကို စာကြည့်တိုက်ထဲသို့ စုဆောင်းလိုက်သည်နှင့် စာအုပ်အဖြစ် ဖွဲ့စည်းနိုင်ကြောင်း တွေ့ရှိလိုက်ရသဖြင့် ချက်ချင်းဆိုသလိုပင် သူ စိတ်လှုပ်ရှားသွားသည်။
စာအုပ်အဖြစ် ဖွဲ့စည်းလိုက်သည်ဆိုသည်မှာ ပြီးပြည့်စုံစွာ သန့်စင်သွားခြင်းဖြစ်ပြီး တစ်နည်းအားဖြင့် သူ၏ကိုယ်ပိုင်အရာ ဖြစ်လာခြင်းပင်။
ဤအခြေအနေတွင် တခြားလူများအတွက် အဆိပ်အတောက်ဖြစ်စေသည့် အရာသည် သူ့အတွက်မူ အဆက်မပြတ် ရရှိနိုင်သော အရင်းအမြစ် ဖြစ်နေသည် မဟုတ်လော....
လူကောင်းတစ်ယောက်ပါလား...
တကယ့်ကို အရမ်းကောင်းတဲ့လူပဲ...
ကျန်းရွှမ် အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။
ကောင်းကင်ကံကြမ္မာစွမ်းအားများ မလုံလောက်မည်ကို သူ စိုးရိမ်နေချိန်တွင် ရန်သူက မြစ်တစ်စင်းလုံးအား ထိုးအပ်လာခဲ့သည်။ အကယ်၍ သူသာ ဤအရာများအားလုံးကို ဝါးမြိုနိုင်ပါက သန်းပေါင်းများစွာသော ပမာဏထက် မနည်းနိုင်သည့်အပြင် ပို၍ပင် များပြားနိုင်ပေ၏။
"ဘာ..."
ကျန်းရွှမ်၏မျက်နှာအမူအယာကို မြင်လိုက်ရသဖြင့် ခုန်းရှီ ဇဝေဇဝါဖြစ်သွားသည်။ သူ ထပ်မံ၍မေးမြန်းရန် ဟန်ပြင်လိုက်စဉ်မှာပင် လူငယ်လေးသည် စကားတစ်ခွန်းမျှမဆိုဘဲ ရှေ့ရှိကံကြမ္မာမြစ်ဆီသို့ တန်းတန်းမတ်မတ် ခုန်ဆင်းသွားသည်ကို မြင်တွေ့လိုက်ရသည်။
"ဒါက မင်းကိုယ်မင်း သေလမ်းရှာနေတာပဲ..."
ရှန်လင်း၏မျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သူသည် သေလမ်းရှာခြင်းကို မြင်ဖူးသော်လည်း ဤကဲ့သို့ပုံစံမျိုးကိုမူ တစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့ချေ။
ဤလူငယ်သည် ကိုယ့်ကိုယ်ကိုယ် ဘေးဒုက္ခရောက်အောင် လုပ်နေသည်မှာ ကယ်တင်၍ပင် မရနိုင်တော့ချေ။
တစ်ဖက်လူအား သူ၏ကံကြမ္မာမြစ်ထဲတွင် ပိတ်လှောင်ပြီး လွတ်မြောက်မသွားနိုင်အောင် ပြုလုပ်ရန် သူ၏စိတ်ထဲ၌ ကြံစည်လိုက်၏။ ထိုအချိန်မှာပင် တစ်ဖက်လူသည် ခုန်လိုက်သည့် အရှိန်ကို အသုံးပြုကာ ရုတ်တရက် ပါးစပ်ကို ကျယ်လောင်စွာ ဖွင့်ဟလိုက်သည်အား သူ မြင်တွေ့လိုက်ရသည်။
ဝေါ...
ကျန်းရွှမ်သည် ကြီးမားကျယ်ပြန့်သော မြစ်ရေ၏ဆယ်ပုံတစ်ပုံခန့်ကို တစ်ချက်တည်းဖြင့် ဝါးမျိုချလိုက်၏။ မရေမတွက်နိုင်သော ကောင်းကင်ကံကြမ္မာစွမ်းအားများသည် မြစ်တစ်စင်းကို တခြားကန်တစ်ကန်သို့ လွှဲပြောင်းလိုက်သည့်အလား သူ၏ခန္ဓာကိုယ်ထဲသို့ အရူးအမူး ဝင်ရောက်သွာသည်။
"..."
ရှန်လင်း ကြက်သေသေသွားသည်။
ဤသည်မှာ သူ မရေမတွက်နိုင်သော ကြိုးပမ်းအားထုတ်မှုများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် ကောင်းကင်ကံကြမ္မာစွမ်းအင်မြစ် မဟုတ်လော။
ထိုကောင်စုတ်လေးသည် ဤစွမ်းအင်များကို စုပ်ယူပြီးနောက် အဆိပ်သင့်ခြင်း သို့မဟုတ် စည်းမျဉ်းများ၏ အပြစ်ပေးသည်ကို ခံရခြင်းမျိုး ရှိသင့်သည် မဟုတ်လော။
မည်သည်ကြောင့် သူ့ထံတွင် မည်သည့် ပြဿနာမှ မရှိဘဲ စိတ်လှုပ်ရှားနေပုံ ပေါက်နေရသနည်း....
သူ ဇဝေဇဝါဖြစ်နေစဉ်မှာပင် ထိုလူငယ်သည် ခန္ဓာကိုယ်ဟန်ချက်ကို မထိန်းနိုင်တော့ဘဲ မိုးကောင်းကင်ယံမှ ပြုတ်ကျသွားသည်ကို မြင်လိုက်ရသည်။ သို့ရာတွင် နောက်ထပ်အချိန်တခဏတွင် သူသည် ပြန်လည်ခုန်တက်လာပြီး စွမ်းအင်များကို ထပ်မံ၍ အရူးအမူးဝါးမျိုလိုက်သည်။ ဤသည်မှာ သစ်ကုလားအုတ်တစ်ကောင်သည် ခုန်ပေါက်ရင်း အစာစားနေသသည့်အလားပင်။
ရှန်လင်း၏မျက်ခွံများ လှုပ်ခတ်သွားပြီး ဆွံ့အသွားပေ၏။
ဤအချိန်တွင် သူ၏စစ်ရေးထုံးတမ်းစဥ်လာကံကြမ္မာအပေါ် နားလည်သဘောပေါက်မှုများ အလျင်အမြန် ကျဆင်းနေသည်ကို သူ ခံစားလိုက်ရသည်။
ယခင်က ဤကံကြမ္မာအမျိုးအစားအပေါ် သူ၏ နားလည်မှုသည် ပဉ္စမအဆင့်သို့ ရောက်ရှိခဲ့သော်လည်း ယခုအချိန်၌ သူ၏နယ်ပယ်သည် သိသိသာသာ ထိုးကျနေခဲ့လေပြီ။
ပဉ္စမအဆင့် အထွတ်အထိပ်...
ပဉ္စမအဆင့် အလယ်အလတ်..
အသက်ရှူချိန်ဆယ်ချိန်ကျော်အတွင်းမှာပင် သူသည် ပဉ္စမအဆင့် အစောပိုင်းမှ စတုတ္ထအဆင့် အထွတ်အထိပ်သို့ ကျဆင်းသွားခဲ့သည်။
ကံကြမ္မာအပေါ် နားလည်သဘောပေါက်မှု လျော့နည်းသွားသည်နှင့်အမျှ သူ၏စွမ်းအားများ ထပ်မံ၍တိုးတက်လာရန် မျှော်လင့်ချက်သည် အလှမ်းကွာဟသွားခဲ့လေပြီ။ ရှန်လင်း၏မျက်ခွံများ လှုပ်ခတ်သွားပြီး သူ အလျင်အမြန် မော့ကြည့်လိုက်ရာ ယခင်က ခမ်းနားထည်ဝါခဲ့သော ကံကြမ္မာမြစ်ကြီးသည် တစ်ဖက်လူ၏ဝါးမြိုမှုအောက်တွင် ထက်ဝက်ကျော်ခန့် ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထိုအရာသည် ယခင်က စွမ်းအင်များပြည့်လျှံနေကာ တဝုန်းဝုန်းထနေခဲ့သော်လည်း ယခုအချိန်၌ အရိုးပေါ်အရေတင်ကာ ပြိုလဲလုနီးပါး ဖြစ်နေလေပြီ။
"မင်း..."
သူ၏ပါးစပ်မှ သွေးတစ်လုတ် အန်ထွက်လာသည်။
'ဒါက ဘယ်လိုအခြေအနေကြီးလဲ'
'ဒါ ငါ့ရဲ့ ကံကြမ္မာမြစ်လေ... အပြင်လူတွေဆိုရင် စွမ်းအားတွေ ကမောက်ကမဖြစ်ပြီး ချက်ချင်း ရူးသွပ်သွားသင့်တာ မဟုတ်ဘူးလား....ဘာလို့ သူက ဘာပြဿနာမှ မရှိဘဲ ဒီလောက်ထိအများကြီး စုပ်ယူနိုင်ရတာလဲ... ပြီးတော့ သူက ပိုပြီးတောင် စိတ်လှုပ်ရှားနေသေးတယ်'
ရှန်လင်း၏စိတ်ထဲတွင် ဒေါသနှင့်ထိတ်လန့်မှုများ ဖြစ်ပေါ်လာပြီး စိတ်ခံစားချက်များ ပြင်းထန်စွာ အတက်အကျဖြစ်လာမှုအောက်၌ ကံကြမ္မာမြစ်သည် ဆက်လက်၍ တည်တံ့နိုင်ခြင်း မရှိတော့ပေ။ တုန်ခါသံတစ်သံနှင့်အတူ ထိုအရာသည် ကောင်းကင်နှင့်မြေပြင်ကြားတွင် လုံးလုံးလျားလျား ထွက်ပေါ်လာခဲ့ခြင်း မရှိသည့်အလား ပျောက်ကွယ်သွားပေ၏။
"နှမြောစရာပဲ..."
သူ စုပ်ယူနေစဥ်မှာပင် ကံကြမ္မာမြစ်ကြီး ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသဖြင့် ကျန်းရွှမ်က အနည်းငယ် စိတ်ပျက်သွားပြီး ပြောဆိုလိုက်မိသည်။
"မင်းသားရှန်လင်း... ကံကြမ္မာမြစ်ကို ဆက်ပြီး ထုတ်လွှတ်ပေးပါအုံး... ငါက ဆက်ပြီးဝါးမျိုနိုင်ပါသေးတယ်..."
"..."
ရှန်လင်း၏မျက်ခွံများ လှုပ်ခတ်သွားပြီး သူ၏မျက်နှာပေါ်တွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ထင်ဟပ်လာသည်။
'မင်းက ဆက်လုပ်နိုင်ပေမယ့် ငါက မလုပ်နိုင်တော့ဘူး'
ဝုန်း...
ထိုအချိန်မှာပင် ကောင်းကင်ကံကြမ္မာလော့ကျမ်းစာ၏အချိန် ကုန်ဆုံးသွားပြီး ကြည်လင်ပြတ်သားသော အသံတစ်သံက လေထုထဲတွင် ပဲ့တင်ထပ်သွားသည်။ ထို့နောက် မျက်စိကျိန်းမတတ်တောက်ပသော အလင်းအကာအကွယ်သည် လူများအားလုံး၏ရှေ့မှ ပျောက်ကွယ်သွားပေ၏။
"သေစမ်း..."
ကာကွယ်မှုမရှိတော့ဘဲ ထိပ်တိုက်ရင်ဆိုင်ရတော့မည်ကို သိလိုက်ရသဖြင့် ရှန်လင်း၏ မျက်နှာအမူအယာ တင်းမာခက်ထန်သွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဤအချိန်တွင် သူ၏ကျင့်ကြံဆင့်သည် အထွတ်အထိပ်သို့ အပြည့်အဝ ပြန်မရောက်သေးသော်လည်း ကြယ်စင်မြစ်နယ်ပယ် နဝမအဆင့်သို့ ရောက်ရှိနေလေပြီ။ သူ၏လက်သီးတစ်ချက်တည်းဖြင့် လေထုထဲတွင် လှိုင်းဂယက်များ အလွှာလိုက် ထွက်ပေါ်လာပြီး ရေလှိုင်းများ နိမ့်ချည်မြင့်ချည် လှုပ်ခတ်နေသည့်အလားပင်။
ဤတိုက်ခိုက်မှု၏ ကြီးမားသောစွမ်းအားကို သိရှိသဖြင့် ခုန်းရှီသည် စကားဆက်မပြောတော့ဘဲ သူ၏လက်ကို လှုပ်ခတ်လိုက်သည်။
ဝုန်း...
စွမ်းအားနှစ်ရပ် ထိပ်တိုက်တွေ့ဆုံမိချိန်တွင်ခုန်းရှီသည် ချက်ချင်းဆိုသလိုပင် နောက်သို့လွင့်ထွက်သွားပြီး မီတာရာနှင့်ချီအကွာသို့ ပြုတ်ကျသွားပေ၏။
"ဒီကို လာခဲ့စမ်း..."
မင်းသားရှန်လင်းက သူ၏လက်ချောင်းများကို ဖြန့်ကားကာ လေထုထဲရှိ ကြေးနီမီးပြင်းဖိုကြီးလေးခုထံသို့ ဖမ်းဆွဲလိုက်သည်။
ထိုကြေးနီမီးပြင်းဖိုကြီးများအားလုံး မရပ်မနား တုန်ခါသွားပေ၏။
ကျန်းရွှမ်သည် သူ၏ဓားနည်းစနစ်ကို ထုတ်ဖော်အသုံးပြုလိုက်ရာ တဝီဝီမြည်ဟီးနေသော ဓားချီများသည် မိုးရေစက်များအလား ထပ်မံ၍ကျဆင်းလာသည်။
"ငါ ပြောပြီးပြီ... ဒီကောင်းကင်ကံကြမ္မာက ငါ့ရဲ့အပိုင်ပဲ..."
မင်းသားရှန်လင်းက ရှေ့တိုးလာရာ ကျန်းရွှမ်သည် ထူးခြားသော စွမ်းအားတစ်ရပ်က သူ၏စိတ်ထဲသို့ ထွင်းဖောက်ဝင်ရောက်လာသည်ကို ခံစားမိသည်။ သူသည် ထိပ်တိုက်ရင်ဆိုင်ရဲခြင်း မရှိသဖြင့် အလျင်အမြန် နောက်ဆုတ်လိုက်သော်လည်း သူ၏စိတ်ထဲတွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်သည် အထိန်းအကွပ်မဲ့စွာဖြင့် လေထုထဲမှ ပြုတ်ကျသွားပေ၏။
ကြယ်စင်မြစ်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်ပြိုင်ရချိန်၌ သူသည် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်သို့ ချိုးဖောက်ဝင်ရောက်ထားသည်မှာ မကြာမြင့်သေးသူ ဖြစ်သဖြင့် အနိုင်ယူရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။
ခြွင်းချက်အနေဖြင့် ကောင်းကင်ဘုံကံကြမ္မာသည် စတုတ္ထအဆင့်သို့ ရောက်ရှိသွားပါက သူ၏ကျင့်ကြံဆင့်သည်လည်း ထပ်မံ၍ချိုးဖျက်ဝင်ရောက်နိုင်ပေလိမ့်မည်။
သို့ရာတွင် သူသည် ကျီးလန်တောင်ကြားသို့ ဝင်ရောက်ပြီးမှ ကံကြမ္မာတတိယအဆင့်သို့ ချိုးဖျက်ဝင်ရောက်ခဲ့ခြင်း ဖြစ်သဖြင့် သိသာထင်ရှားသော တိုးတက်မှုကို ထပ်မံ၍ရရှိရန်မှာ မလွယ်ကူချေ။
"ကမ္ဘာသစ်...လောင်ကျွမ်းစမ်း..."
ကျန်းရွှမ်၏မျက်လုံးများ စူးရှတောက်ပသွားပြီး သူ၏စွမ်းအားကို မြှင့်တင်ရန်အတွက် ကမ္ဘာသစ်ကို ထပ်မံ၍လောင်ကျွမ်းရန် ရည်ရွယ်လိုက်၏။
သူသည် ရတနာပစ္စည်းများကို မရေမတွက်နိုင်အောင် ရရှိခဲ့သည် မဟုတ်လော။ ဤရတနာပစ္စည်းများကို လောင်ကျွမ်းစေခြင်းသည် ကမ္ဘာသစ်ကို လောင်ကျွမ်းစေခြင်းနှင့် တူညီသော သက်ရောက်မှုကို ရရှိစေနိုင်သည် မဟုတ်လော။
မည်သို့ပင်ဆိုစေကာမူ သူ၏ရည်မှန်းချက်သည် သူ၏စွမ်းအား တိုးတက်လာစေရန်ပင်။
ထိုပြင် ဤရတနာပစ္စည်းများအတွင်းတွင် ကြီးမားသော ရင်းမြစ်စွမ်းအင်နှင့် ကောင်းကင်ကံကြမ္မာစွမ်းအင်များ ပါဝင်နေသည်။
ထိုသို့တွေးတောလိုက်ပြီးနောက် သူသည် တွန့်ဆုတ်မနေတော့ဘဲ သူ၏စိတ်ဆန္ဒနှင့်အတူ မရေမတွက်နိုင်သော ဆေးပင်များနှင့်ရတနာပစ္စည်းများသည် ချက်ချင်းဆိုသလိုပင် စတင်လောင်ကျွမ်းသွားပြီး သန့်စင်သောစွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားသည်။
ဝုန်း...
ထိုအရင်းအမြစ်များ၏ စွမ်းအားဖြည့်တင်းပေးလိုက်မှုကြောင့် ကမ္ဘာသစ်သည် သိသာထင်ရှားစွာဖြင့် အလျင်အမြန် ကျယ်ပြန့်စပြုလာသည်။
"မိုးနဲ့မြေက ထာဝရ တည်တံ့နေပေမယ့်... ဒီရန်ငြိုးကတော့ ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူး..."
ကျန်းရွှမ်၏အကြည့်များ စူးရှတောက်ပသွားပြီး ကောင်းကင်ဘုံသောကဓားနည်းစနစ်ကို ထပ်မံ၍ ထုတ်ဖော်အသုံးပြုလိုက်သည်။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် သူ၏ဓားချီသည် အနက်ရောင်အလင်းတန်းတစ်တန်း ဖြစ်ပေါ်လာပြီး စူးရှသောလေတိုးသံနှင့်အတူ ရှေ့သို့တိုးဝင်သွားသည်။
"ငါ့ကို သတ်နိုင်မယ်လို့ မင်း ထင်နေတာလား... မင်းက အရည်အချင်း မမီသေးဘူး..."
မင်းသားရှန်လင်းက ဒေါသတကြီးအော်ငေါက်လိုက်ပြီး နောက်ထပ်လက်သီးတစ်ချက် ထိုးနှက်လိုက်၏။
စွမ်းအားနှစ်ရပ် ချက်ချင်း ထိပ်တိုက်တွေ့ဆုံသွားပြီး နံဘေးပတ်ဝန်းကျင်ရှိ ကြည့်ရှုနေသူများအားလုံးသည် မုန်တိုင်းကဲ့သို့ ပြင်းထန်သော အရှိန်အဝါကို ခံစားလိုက်ရကာ နောက်သို့ဆုတ်လိုက်ကြရသည်။
"ဘယ်သူနိုင်သွားတာလဲ..."
"မသိဘူး... ဒါပေမယ့် ငါ ထင်တာတော့ အဲ့ဒီကျန်းရွှမ် သေသွားလောက်တယ်..."
"ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်နဲ့ နဝမအဆင့်ကြားက ကွာဟချက်က အရမ်းကြီးမားလွန်းတယ်..."
လူများအားလုံးသည် သူတို့ကိုယ်သူတို့ ဟန်ချက်ညီအောင် ထိန်းသိမ်းလိုက်ပြီးနောက် အလယ်ဗဟိုရှိ တိုက်ခိုက်နေသူနှစ်ဦးကို ကြည့်လိုက်ကြသည်။ ထိုလူနှစ်ဦးလုံးသည် မလှုပ်မယှက် မတ်တတ်ရပ်နေကြသည်ကို သူတို့ မြင်တွေ့မိလေ၏။
လူအများသည် တိုက်ပွဲနေရာကို ကြည့်လိုက်ပြီးနောက် တပြိုင်နက်တည်း သက်ပြင်းချလိုက်ကြသည်။
ကျန်းရွှမ်သည် အမှန်တကယ်ကို သူတို့ မြင်တွေ့ဖူးသမျှ လူငယ်များအနက် ပါရမီအရှိဆုံး လူငယ်ပင်။ သို့ရာတွင် နှမြောစရာကောင်းသည်မှာ သူ၏ကျင့်ကြံခြင်းဆင့်သည် အလွန်နိမ့်ပါးနေခြင်းပင်။ အကယ်၍ သူသာ သတ္တမအဆင့် သို့မဟုတ် ထို့ထက်မြင့်သော အဆင့်သို့ ရောက်ရှိနေပါက အနိုင်ရကောင်းရနိုင်သော်လည်း ယနေ့တွင်မူ....
လူများအားလုံး ခေါင်းခါယမ်းရင်း စိတ်လှုပ်ရှားမှုကို ခံစားနေကြရသည်။ ထိုအချိန်မှာပင် မင်းသားရှန်လင်း၏ ရုန့်ရင်းကြမ်းတမ်းသော မျက်နှာအမူအယာ ပြောင်းလဲသွားပြီး သူ၏ဒူးများ တဖြည်းဖြည်းကွေးညွှတ်ကာ ဒူးထောက်ရက်သား လဲကျသွားသည်ကို သူတို့ တွေ့မြင်လိုက်ရသည်။
မကြာမီမှာပင် သူ၏ရင်ဘတ်ပေါ်၌ အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာပြီး ချွဲပျစ်သော သွေးများ ပန်းထွက်လာသည်။
"မင်း... မင်း..."
ရှန်လင်းသည် သူ၏ရင်ဘတ်ကို ပြန်ငုံ့ကြည့်လိုက်ပြီးနောက် သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
သူသည် ကြယ်စင်မြစ်နယ်ပယ် နဝမအဆင့်သို့ ပြန်လည်ရောက်ရှိထားသော်လည်း ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်တွင်ရှိသော လူငယ်တစ်ဦး၏ ဓားချက်တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရလိမ့်မည်ဟု သူ အနည်းငယ်မျှ ထင်မှတ်မထားခဲ့မိပေ။
လူများအားလုံးလည်း ကြက်သေသေသွားကြပြီး သူတို့၏မျက်လုံးများ ပြူးကျယ်ကာ စကားမပြောနိုင် ဖြစ်သွားကြသည်။
ဤသည်မှာ မယုံကြည်နိုင်ဖွယ်ရာပင်။
ပါရမီရှင်များသည် သူတို့၏ကျင့်ကြံဆင့်ထက် ကျော်လွန်၍ စိန်ခေါ်နိုင်ကြသော်လည်း ကျင့်ကြံဆင့် မြင့်မားလေလေ အဆင့်ကျော်လွန်၍ တိုက်ခိုက်နိုင်သော အတားအဆီးများ ပို၍ကျဥ်းမြောင်းလာလေလေပင်။ ပုံမှန်အားဖြင့် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်ကို မဆိုထားနှင့် အဋ္ဌမအဆင့်၌ရှိနေသူ တစ်ဦးပင်လျှင် နဝမအဆင့် ကျင့်ကြံသူကို ရင်ဆိုင်ရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။ သို့ရာတွင် ဤလူငယ်ကမူ အမှန်တကယ်ကို စွမ်းဆောင်နိုင်ခဲ့သည်။
ထို့ပြင် သူသည် ရန်သူကို ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ခဲ့ပေ၏။
ဤသည်မှာ မည်ကဲ့သို့ ပါရမီအရည်အချင်းနှင့် စွမ်းအားမျိုး ဖြစ်သနည်း...
ရုတ်ချည်းဆိုသလိုပင် လူများအားလုံးသည် မလှမ်းမကမ်းရှိ လူငယ်လေးကို လှမ်းကြည့်လိုက်ကြပြီး သူတို့၏အကြည့်များတွင် ကြည်ညိုလေးစားမှုနှင့် အားကျမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။