ခုန်းရှီ... မတွေ့ရတာ ကြာပြီပဲ (ဤအတွဲ ပြီးပါပြီ)
Vol. 30 Ch. 365
"ဒါက ငါတို့ရဲ့ ဆရာပဲ..."
"အစတုန်းက သူက ငါ့ကို တပည့်အဖြစ် လက်ခံချင်တာတောင် ငါက မလိုချင်ဘူးလို့ ငြင်းခဲ့မိတာ... ဒါက ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ..."
ယုရှောင်ယွီနှင့်လျှူမင်ယွဲ့တို့က တပြိုင်နက်တည်း ရေရွတ်လိုက်ကြသည်။
"ငါတို့ ဖုမိသားစုက... တကယ့်ကို ထောက်တိုင်ကြီးတစ်ခုကို ရှာတွေ့သွားပုံရတယ်..."
"ယင်ယင်က ဘာလို့ ကျင့်ကြံဆင့်နိမ့်ပါးတဲ့သူကို ရွေးချယ်ခဲ့တာလဲလို့ ငါ စဉ်းစားနေခဲ့တာ... အခုမှပဲ သူက တကယ့်ကို အစစ်အမှန်ပါရမီရှင်တစ်ယောက် ဖြစ်နေတာကို သိလိုက်ရတယ်..."
ဖုမိသားစုမှလူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူမတို့၏မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်လွင်နေသည်။
သူမတို့၏မိသားစုသည် အပေါ်ယံတွင် သြဇာအာဏာကြီးမားသယောင် ရှိသော်လည်း အမှန်အားဖြင့် သူမတို့သည် တခြားအစွမ်းထက်ပုဂ္ဂိုလ်များကို မှီခိုနေရခြင်းဖြစ်သည်။ သို့ရာတွင် ယခုအချိန်၌ သူမတို့နှင့်ရင်းနှီးသော ဆက်ဆံရေးရှိသည့် ထူးချွန်ထက်မြက်သူတစ်ဦး ထွက်ပေါ်လာပြီဖြစ်ရာ ဖုမိသားစုမှ အမျိုးသမီးများကို ပစ်မှတ်ထားရဲသူဟူ၍ ရှိတော့မည် မဟုတ်ချေ။
"ဒီကိစ္စကို ကံကြမ္မာခန်းမရဲ့ ဌာနချုပ်ကို ချက်ချင်း သတင်းပို့ရမယ်..."
"ဒီလိုပါရမီအရည်အချင်း ရှိတဲ့လူမျိုးနဲ့ ငါတို့က ရန်သူတွေဖြစ်အောင် မလုပ်သင့်ဘူး... ငါတို့က သူနဲ့ ဆက်ဆံရေးကောင်းအောင် တည်ဆောက်ရမယ်..."
ဤအချိန်တွင် ကံကြမ္မာခန်းမမှ လူများအားလုံးသည် ပြောစရာစကားလုံးများ ပျောက်ဆုံးနေကြ၏။
အစောပိုင်းက ကျန်းရွှမ်သည် ရှစ်ယွင်ကျင်းကို လူသူအများရှေ့၌ သတ်ဖြတ်လိုက်သဖြင့် သူတို့သည် ဒေါသထွက်ကာ လက်စားချေလိုစိတ်များ ပြင်းပြနေခဲ့သော်လည်း ယခုအချိန်၌မူ ထိုခံစားချက်များ ပျောက်ကွယ်သွားခဲ့လေပြီ။
ဤလူငယ်သည် ကြယ်စင်မြစ်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူကိုပင် သတ်ဖြတ်နိုင်သည်ဖြစ်ရာ သူတို့အားလုံး အတူပူးပေါင်း၍ တိုက်ခိုက်လျှင်ပင် သူ့ကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။
"မြန်မြန်ကြည့်လိုက်အုံး... ကြေးနီမီးပြင်းဖိုကြီးတွေကို ကြည့်လိုက်အုံး..."
သူတို့အားလုံး ထိတ်လန့်နေကြစဉ်မှာပင် ရုတ်တရက် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။
လူများအားလုံး မော့ကြည့်လိုက်ကြရာ လေထုထဲတွင် ပျံဝဲနေသော ကြေးနီမီးပြင်းဖိုကြီးများသည် ရုတ်တရက် တုန်ခါသွားပြီးနောက် ပတ်ဝန်းကျင်ရှိ ကျောက်နံရံများဆီသို့ ပျံသန်းသွားကာ မူလနေရာသို့ ပြန်လည်ဝင်ရောက်သွားသည်ကို မြင်တွေ့လိုက်ရသည်။
ဝုန်း...
ထိုကြေးနီမီးပြင်းဖိုကြီးများ ပြန်လည်ရောက်ရှိသွားသဖြင့် မြေပြင်တစ်ပြင်လုံး ပြင်းပြင်းထန်ထန် တုန်ခါသွားပေ၏။ နောက်ထပ်အချိန်တခဏတွင် မိုးကောင်းကင်မှ ရောင်စုံအလင်းတန်းများ ကျဆင်းလာကာ သန့်စင်သော အဖြူရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး မလှမ်းမကမ်းတွင် မတ်တတ်ရပ်နေသော ခုန်းရှီထံသို့ တိုးဝင်သွားသည်။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ခုန်းရှီကို အလင်းတန်းများ လွှမ်းခြုံသွားကာ အဆုံးမရှိ ရှည်လျားပြီး တဝုန်းဝုန်းလှုပ်ရှားနေသော ကံကြမ္မာမြစ်တစ်စင်းက သူ၏အထက်တွင် ထွက်ပေါ်လာသည်။
"ထုံးတမ်းစဥ်လာကံကြမ္မာက သခင်ကို အသိအမှတ်ပြုလိုက်ပြီ... ဒါက အချိန်မရွေး ပေါင်းစပ်ဖွဲ့စည်းတော့မယ်... ကျီးလန်တောင်ကြားက ပြိုလဲတော့မယ်..."
"မြန်မြန် ပြေးကြတော့..."
ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ လူများအားလုံးသည် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း ချက်ချင်းနားလည်သဘောပေါက်သွားကြပြီး မိုးကောင်းကင်သို့ မော့ကြည့်လိုက်ကြ၏။
ကျန်းရွှမ်သည်လည်း မနေနိုင်တော့ဘဲ မိုးကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။
မိုးကောင်းကင်ယံတွင် ကြီးမားသော အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်ကို လူများအားလုံး မြင်တွေ့လိုက်ရသည်။ ဤသည်မှာ လေလျော့သွားသော ပူဖောင်းတစ်လုံး သို့မဟုတ် ကွဲကြေသွားသော မှန်အမိုးခုံးကြီးနှင့် တူညျိနေသည်။
"ကံကြမ္မာကို ဆက်ခံရရှိသွားပြီဆိုတော့... ကောင်းကင်ကံကြမ္မာနယ်မြေကို ဆက်ပြီးထိန်းသိမ်းမထားနိုင်တော့ဘူး..."
ကျန်းရွှမ် ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
ဤအခြေအနေမျိုးကို သူ ယခင်က နှစ်ကြိမ် ကြုံဖူးခဲ့သည်။ တစ်ကြိမ်သည် ဖုမိသားစု၌ဖြစ်ပြီး နောက်တစ်ကြိမ်သည် မိုပိုင်ယဲ့၏အိမ်တော်တွင် ဖြစ်ပေ၏။
တစ်စုံတစ်ယောက်သည် အမွေအနှစ်ကို ပြီးပြည့်စုံစွာ ဆက်ခံလိုက်ချိန်တိုင်း ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေသည် ကြေမွှပျက်စီးပြီး ပျောက်ကွယ်သွားလေ့ရှိသည်။
ဤနယ်မြေအတွင်း၌ မွေးဖွားလာသော အရင်းအမြစ်များနှင့် စွမ်းအားများသည် ကောင်းကင်ကံကြမ္မာကို ဆက်ခံသူ၏ ကျင့်ကြံခြင်းကို မြှင့်တင်ပေးရန်အတွက် အထောက်အပံ့များအဖြစ် ပျော်ဝင်သွားသည်။
"ငါတို့ ဒီနေရာကနေ ဘယ်လို ထွက်ရမလဲ... ဘယ်လို ထွက်ပြေးရမလဲ..."
ဤနယ်မြေ ပြိုလဲတော့မည်ကို သိထားသော်လည်း မည်သို့ ထွက်ပြေးရမည်ကို မည်သူမျှ မသိကြပေ။ လူများအားလုံးသည် စိုးရိမ်ပူပန်နေကြသော်လည်း သူတို့ထံ၌ မည်သည့်ရွေးချယ်ပိုင်ခွင့်မျှ မရှိကြချေ။
နယ်မြေ၏ဝင်ပေါက်သည် ဤနေရာနှင့် အလွန်ဝေးကွာသဖြင့် သူတို့သည် စွမ်းအားကို အသုံးပြု၍မရဘဲ ရုပ်ခန္ဓာကိုယ်ခွန်အားသက်သက်ကိုသာ အားကိုးရမည်ဆိုပါက ထိုနေရာသို့ ရောက်ရှိရန် အချိန်သုံးလေးနာရီခန့် ကြာမြင့်ပေမည်။ ယခုအချိန်တွင် ထိုမျှလောက်ထိ အချိန်မရှိတော့သည်မှာ သိသာထင်ရှားသည်။
သူတို့သည် ထွက်ပြေးဘဲ သေဆုံးရမည့်အချိန်ကို စောင့်ဆိုင်းနေခြင်းကလည်း ရွေးချယ်စရာတစ်ခု မဟုတ်ချေ။
"မင်းတို့ကို အခွင့်အရေးတစ်ခု ပေးမယ်..."
ထိုအချိန်မှာပင် မိုးကောင်းကင်ယံမှ တိုးညှင်းသောအသံတစ်သံ ထွက်ပေါ်လာသဖြင့် လူများအားလုံး မော့ကြည့်လိုက်ကြသည်။ အလင်းတန်းများဖြင့် လွှမ်းခြုံနေသော ခုန်းရှီသည် သူ၏ခေါင်းကို ညင်သာစွာ ခါယမ်းပြီး သူ၏လက်ချောင်းကို တောက်လိုက်သည်အား သူတို့ မြင်တွေ့လိုက်ရသည်။
ဝှစ်...
လူများအားလုံး၏ရှေ့တွင် သေးငယ်သော အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအက်ကွဲကြောင်း၏ နောက်တွင် ကောင်းကင်ကံကြမ္မာနယ်မြေ၏ ပြင်ပမှ မြင်ကွင်းကို တွေ့မြင်နေရသည်။
ထိုအက်ကွဲကြောင်းကို မြင်လိုက်ရသဖြင့် လူများအားလုံးသည် ဤနေရာမှ ထွက်ခွာခြင်း သို့မဟုတ် သေဆုံးခြင်းသာ ရွေးချယ်ရန်ရှိတော့ကြောင်း သိရှိသွားကြ၏။ ထိုကြောင့် သူတို့သည် စကားအပိုမပြောတော့ဘဲ ရှေ့သို့ အလုအယက် ပြေးဝင်ကြတော့သည်။
"ဖယ်ကြစမ်း... ငါ အရင်သွားမှာ..."
"ငါ့ရဲ့ရှေ့ကနေ ဖယ်ပေးစမ်း... ငါ အရင်ထွက်မယ်..."
အက်ကွဲကြောင်းသည် ကျဉ်းမြောင်းသဖြင့် တစ်ကြိမ်လျှင် လူတစ်ယောက်သာ ဖြတ်သန်းနိုင်သည်။ လူအများသည် ထွက်ပြေးရန် အလျင်လိုနေကြသဖြင့် တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်နေကြပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ထွက်ပြေးမည့် မြင်ကွင်းသည် ဖရိုဖရဲ စစ်မြေပြင်အဖြစ်သို့ ပြောင်းလဲသွားပေ၏။
ယခင်က ကြေးနီမီးပြင်းဖိုကြီးကို လုယူတိုက်ခိုက်ကြစဉ်က လူအမြောက်အများ သေဆုံးသွားခဲ့ခြင်း မရှိသော်လည်း ယခုမူ တစ်ယောက်ပြီးတစ်ယောက် လဲကျကာ အလောင်းများပြန့်ကျဲနေလေပြီ။
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်ပြီး အချိန်တခဏအကြာတွင် မလှမ်းမကမ်းရှိ ခုန်းရှီကို မော့ကြည့်လိုက်မိသည်။
"မင်းက ကျိုးကျီရဲ့အမွေအနှစ်ကို ရရှိထားပြီးပြီ မဟုတ်လား ... ဘာလို့ မင်းက အပြင်ကိုထွက်လာဖို့ နောက်ဆုံးအချိန်အထိ စောင့်နေတာလဲ..."
ဤသည်မှာ သူ လုံးလုံးလျားလျား စဉ်းစား၍မရခဲ့သော အချက်ပင်။
ခုန်းရှီသည် ကျိုးကျီ၏အသိအမှတ်ပြုမှုကို ရရှိထားပြီး ကြေးနီမီးပြင်းဖိုကြီးလေးခုကိုပင် ထိန်းချုပ်နိုင်ပြီဖြစ်ရာ သုံးရက်တာ စောပြီးထွက်ပေါ်လာခြင်းနှင့် နောက်ကျမှ ထွက်ပေါ်လာခြင်းကြားတွင် မည်သည့်ကွာခြားချက်မျှ မရှိချေ။
အမှန်အားဖြင့် သူသည် ထိုလူများကို ဤနေရာသို့ လာခွင့်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ များစွာကွာခြားမှု မရှိပေ။
မည်သည်ကြောင့် သူသည် ဤအချိန်အထိ စောင့်ဆိုင်းနေကာ ထိုလူများကို အပြန်အလှန် သတ်ဖြတ်စေတဲ့ အန္တရာယ်မျိုးကို ပေးခဲ့သနည်း....
"ထုံးတမ်းစဥ်လာကံကြမ္မာကို ဆက်ခံဖို့ဆိုတာက လုံလောက်တဲ့ ထုံးတမ်းစဉ်လာတွေကို လုပ်ဆောင်ဖို့ လိုအပ်တယ်..."
ခုန်းရှီက သူ၏အတွေးကို ရိပ်စားမိသဖြင့် ပြောဆိုလိုက်၏။
"လုံလောက်တဲ့ ထုံးတမ်းစဉ်လာလား..."
ကျန်းရွှမ်က အံ့အားသင့်သွားပြီး သူ၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။
"မင်း ဆိုလိုတာက..."
"အမှန်ပဲ... ဒီအမွေအနှစ်ကိုဆက်ခံဖို့ သွေးနဲ့ ယဇ်ပူဇော်ဖို့ လိုအပ်တယ်... သူတို့တွေက ယဇ်ပူဇော်ခံတွေပဲ"
ခုန်းရှီက ခေါင်းခါယမ်းလိုက်သည်။
"ငှက်တွေက အစာအတွက် အသေခံသလို... လူတွေက စည်းစိမ်ဥစ္စာအတွက် အသေခံကြတယ်... ဒါက သူတို့ရဲ့ ရွေးချယ်မှုပဲလေ..."
ကျန်းရွှမ် တိတ်ဆိတ်ငြိမ်သက်သွားပေ၏။
ထုံးတမ်းစဉ်လာများတွင် ရှုပ်ထွေးသော စည်းမျဉ်းအမျိုးမျိုး ပါဝင်ရုံသာမက မိုးကောင်းကင်နှင့် အစွမ်းထက်ပုဂ္ဂိုလ်များအပေါ် ရိုသေလေးစားမှု လူများ၏စရိုက်သဘာဝအပေါ် ကန့်သတ်ချုပ်ချယ်မှုများလည်း ပါဝင်သည်။
အမှန်တကယ်ကိုပင် တင်းကြပ်သော ထုံးတမ်းစဉ်လာများအရ မိုးကောင်းကင်ကို ယဇ်ပူဇော်ရာတွင် ရတနာပစ္စည်းများ ထားရှိရုံသာမက လုံလောက်သော အသက်များလည်း လိုအပ်သည်။
ဤသည်မှာ လူသားယဇ်ပူဇော်ခြင်းကို ရည်ညွှန်းခြင်းပင်။
ခုန်းရှီသည် ထုံးတမ်းကံကြမ္မာကို နားလည်သဘောပေါက်ထားပြီး အသိအမှတ်ပြုခံရရန်အတွက် နောက်ဆုံးလူသားယဇ်ပူဇော်ခြင်းသာ လိုအပ်နေခြင်းပင်။ ထို့ကြောင့် သူသည် လူများကို ဤနေရာသို့ ရောက်လာအောင် တမင်သက်သက်ဆွဲဆောင်ပြီး ကြေးနီမီးပြင်းဖိုကြီးများကို အသုံးပြုကာ အချင်းချင်း သတ်ဖြတ်စေရန် လှုံ့ဆော်ခဲ့ခြင်း ဖြစ်သည်။
မင်းသားရှန်လင်းသည် ဤကံကြမ္မာနှင့် မထိုက်တန်ဟု သူ ပြောခဲ့သည်မှာ အံ့အားသင့်ဖွယ် မဟုတ်တော့ချေ။
အကြောင်းအရင်းမှာ အစကတည်းက သူ၏ကံကြမ္မာသည် သတ်မှတ်ပြီးသား ဖြစ်နေသောကြောင့်ပင်။ သူ မည်မျှထိ ကြိုးစားပြီး မည်မျှထိ ပေးဆပ်ပါစေ သူသည် ခုန်းရှီ၏ ကောင်းကင်ကံကြမ္မာ အမွေအနှစ်ဆက်ခံမှု အစီအစဉ်အတွင်းမှ နယ်ရုပ်လေးတစ်ရုပ်သာ ဖြစ်နေခဲ့ပေ၏။
တောင်ထိပ်သို့ ရောက်ရှိချိန်တွင် ခုန်းရှီကို မတွေ့ရသဖြင့် ကျန်းရွှမ်သည် ဤအကြောင်းအရင်းများကို ခန့်မှန်းမိခဲ့ပြီး ရလဒ်ကို ဂရုမစိုက်တော့ဘဲ လူများအားလုံးကို ကြေးနီမီးဖိုကြီးများအား လုယူခွင့်ပြုထားခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် ထိုအချိန်တုန်းက သူ ဇဝေဇဝါ ဖြစ်နေခဲ့သည်။ ယခုချိန်၌ ခုန်းရှီကိုယ်တိုင် ဝန်ခံသည်ကို ကြားရသဖြင့် သူ သေသေချာချာ သိရှိသွားခဲ့လေပြီ။
အမှန်အားဖြင့် ဤသည်မှာ ထိုလူများ၏ ရွေးချယ်မှုပင်။
အကယ်၍ သူတို့၏စိတ်ထဲက လောဘကြောင့်သာ မဟုတ်လျှင် သူတို့သည် မည်သည်ကြောင့် ဤနေရာတွင် သေဆုံးသွားမည်နည်း...
မည်သည်ကြောင့် သူတို့သည် တခြားလူ၏အစီအစဥ်အတွင်းမှ ယဇ်ပူဇော်ခံအရာများ ဖြစ်လာနိုင်မည်နည်း....
"ဆရာ... ဆရာက သူ့ကို သိလို့လား..."
သူ စဥ်းစားတွေးတောနေစဉ်မှာပင် ယုရှောင်ယွီ လျှူမင်ယွဲ့နှင့် ဟုန်ရီတို့သည် ခုန်းရှီကို ကြောက်ရွံ့မှု မယုံကြည်နိုင်မှုတို့ ရောယှက်နေသော မျက်လုံးများဖြင့် ကြည့်နေကြ။။
ကျိုးယီမြို့သို့ ရောက်ရှိပြီးနောက် သူတို့သည် သီးခြားနေထိုင်၍ ကျင့်ကြံနေခဲ့သော်လည်း ပြင်ပကိစ္စများကို လုံးလုံးလျားလျား နားမလည်ဘဲ နေခဲ့ခြင်း မဟုတ်ချေ။ "ဖရိုဖရဲကံကြမ္မာကျင့်ကြံသူ" အကြောင်းကို သူတို့ ကြားဖူးကြပြီး ထိုကဲ့သို့လူမျိုး ထွက်ပေါ်လာပါက ကျိုးယီမြို့ရှိ ကံကြမ္မာခန်းမတစ်ခုလုံးမှ မည်ကဲ့သို့ တုံ့ပြန်ကြမည်ကိုလည်း သိရှိထားကြသည်။
အကယ်၍ ဤလူသည် ကျိုးယီမြို့ ကံကြမ္မာခန်းမမှ လိုက်လံဖမ်းဆီးနေသည့် ဖရိုဖရဲကံကြမ္မာကျင့်ကြံသူ အမှန်တကယ် ဖြစ်နေပြီး ဆရာနှင့်လည်း ဤမျှထိ ရင်းနှီးနေကာ အစောပိုင်းက မင်းသားရှန်လင်းကို သတ်ဖြတ်ရန် သူတို့ပူးပေါင်းခဲ့ကြသည်ဆိုလျှင်...
ဆရာသည်လည်း ဖရိုဖရဲကံကြမ္မာကျင့်ကြံသူတစ်ယောက် ဖြစ်နေသလော....
"ခုန်းရှီနဲ့ငါက ဆရာတပည့်တွေဖြစ်တဲ့အပြင် မိတ်ဆွေတွေဆိုလည်း မမှားဘူး..."
ကျန်းရွှမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
တပည့်သုံးယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စကားမပြောနိုင်တော့ချေ။
ဆရာ၏စကားသည် အရာအားလုံးကို ရှင်းပြပြီးသား ဖြစ်နေလေပြီ။
"ဟား ဟား ဟား... ဖရိုဖရဲကံကြမ္မာကျင့်ကြံသူဆိုတာက သူတို့တွေက ငါတို့ကို ကြောက်လို့ ပေးထားတဲ့ နာမည်တစ်ခုပဲ..."
သူတို့၏အတွေးကို ခန့်မှန်းမိသဖြင့် ခုန်းရှီက ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီးနောက် ကျန်းရွှမ်ကို ကြည့်ကာ ပြောဆိုလိုက်သည်။
"ဆရာကျန်း... မတွေ့ရတာ ကြာပြီ..."
ပါမောက္ခကုန်းမြေနှင့်ကမ္ဘာသစ်ကို စွန့်ခွာကာ သူတို့သည် အတူတကွထွက်လာခဲ့ပြီးနောက် ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ရင်းမြစ်ကမ္ဘာအတွင်း၌ သူတို့၏ ပထမဆုံးအကြိမ် ဆုံတွေ့ခြင်းပင်။
ကျန်းရွှမ်က ခပ်ဖျော့ဖျော့ပြုံးပြီး ခုန်းရှီကို ကြည့်ကာ ညင်သာစွာ ပြောဆိုလိုက်သည်။
"ခုန်းရှီ... မတွေ့ရတာ ကြာပြီ.."
***ဒုတိယအတွဲ 'ခုန်းရှီ... မတွေ့ရတာ ကြာပြီ'ပြီးပါပြီ။ နောက်အတွဲ 'ဒီကံကြမ္မာကို... မလိုအပ်ဘူး' ကို ဆက်ပြီးစောင့်မျှော်ပေးကြပါ။