← Chapters

သုံးရက်

Vol. 30 Ch. 356

သုံးရက်

Vol. 30 Ch. 356

အကယ်၍ ကျီးလန်တောင်ကြားအကြောင်း အသိဆုံးလူတစ်ယောက် ရှိနေမည်ဆိုလျှင် ထိုလူသည် ခုန်းရှီသာ ဖြစ်ပေလိမ့်မည်။

သူသည် ဤနေရာတွင် ရှိနေခဲ့သည်မှာ နှစ်လခန့် ရှိပြီဖြစ်ပြီး ဗဟိုချက်ကို ပထမဆုံး ထိတွေ့ခဲ့သူဖြစ်သည့်အပြင် နတ်ဘုရားနယ်မြေ၏ စီးဆင်းသောအလင်းတန်း သဘာဝလွန်ဖြစ်စဥ်ကို ပထမဆုံး အစပျိုးခဲ့သူပင်။ သို့ရာတွင် နောက်ဆုံးအချိန်ကျမှ သူ ပျောက်ဆုံးသွားခဲ့သည်၏။

အရေးကြီးဆုံးအချက်မှာ လွန်ခဲ့သော နှစ်နာရီခန့်ကမှ သူ့ကို ဤနေရာသို့လာရန် ခုန်းရှီမှ သတင်းစကား ပေးပို့ခဲ့ခြင်းပင်။

သူသည် ဤနတ်ဘုရားနယ်မြေကို သိရှိပြီး ထုံးတမ်းစဥ်လာကောင်းကင်ကံကြမ္မာကို ဆက်ခံရန် လိုအပ်ချက်များအားလုံးကို နားလည်ထားသည်ဖြစ်ရာ...

သူသည် ကြေးနီမီးပြင်းဖိုကြီးများကို လုယူကြစေရန် လူများအားလုံးကို ဤနေရာ၌ တမင်သက်သက် စုဝေးစေခဲ့သလော....

နေရာအနှံ့အပြားတွင် ပြန့်ကျဲနေသော အလောင်းများနှင့် အရပ်မျက်နှာအဘက်ဘက်သို့ စီးဆင်းနေသော သွေးများကို ကြည့်ရင်း ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်မိသည်။

ဤသည်မှာ မဖြစ်နိုင်ချေ။

ခုန်းရှီသည် အမြဲတစေ သနားကရုဏာတရား ထားရှိသူတစ်ရောက်ပင်။ အကယ်၍ သူသာ ဤကိစ္စမျိုးကို ကြိုသိခဲ့လျှင် တားဆီးရန် မကြိုးစားဘဲ ဤမျှထိ များပြားသောလူများကို အပြန်အလှန် သတ်ဖြတ်ခွင့် ပြုထားမည် မဟုတ်ချေ။

သူ၏စိတ်အတွင်း၌ ရှုပ်ထွေးနေသော အတွေးများဖြင့် ပြည့်နှက်နေစဉ်မှာပင် ကွင်းပြင်အတွင်းရှိ တိုက်ပွဲသည်လည်း ပြီးဆုံးလုနီးပါး ဖြစ်နေလေပြီ။

လူတစ်ဝက်ခန့် သေဆုံးသွားပြီးနောက် ကြွင်းကျန်သောလူများသည် အသိစိတ် ပြန်ဝင်လာကြ၏။

နောက်ဆုံးတွင် ရတနာအနည်းအများ ပိုင်ဆိုင်ထားသည်ကို ထည့်မတွက်ဘဲ လူတစ်ယောက်လျှင် ရတနာတစ်ခုစီ ထုတ်ယူကာ စုပေါင်း၍ ယဇ်ပူဇော်ကြရန် သဘောတူလိုက်ကြသည်။ ထိုသို့ပြုလုပ်မှသာ လူများအားလုံး အခွင့်အရေး ရရှိမည်ဖြစ်ပြီး အဆင်မပြေမှသာ ဆက်လက်၍ ဆွေးနွေးကြပေမည်။

ထိုသဘောတူညီချက်ကို ရရှိပြီးသည်နှင့် လူများအားလုံးသည် သူတို့၏ ရတနာများကို ထုတ်ယူပြီး ယဇ်ပလ္လင်ရှေ့တွင် ထားလိုက်ကြရာ မကြာမီမှာပင် တောင်ငယ်လေးတစ်လုံးစာမျှ စုပုံသွားသည်။

အရင်းအမြစ်များ လောင်ကျွမ်းသွားသည်နှင့် ကြေးနီမီးပြင်းဖိုကြီးသည် ထပ်မံ၍တုန်ခါလာပေ၏။ အရင်းအမြစ်အားလုံး ကုန်ဆုံးသွားသည့် အချိန်အခိုက်အတန့်တွင် ထိုအရာသည် ကျောက်နံရံမှ ရုတ်တရက် ကွာကျကာ ပျံ့လွင့်လာပြီး ကျီးလန်တောင်ကြား၏ အလယ်ဗဟိုသို့ ကျရောက်သွားသည်။

"ကောင်းပြီလေ...မင်းတို့တစ်ယောက်ချင်းစီက စမ်းသပ်ကြည့်ကြပါ.... တစ်ယောက်ကို အချိန် ခုနစ်မိနစ်ပဲရမယ်..."

ယခင်က သဘောထားသည့်အတိုင်း လူတစ်ယောက်က စတင်၍ စီမံခန့်ခွဲလိုက်သည်။

သေခြင်းတရားနှင့် ရင်ဆိုင်ခဲ့ရပြီးဖြစ်သည့်အပြင် လူများအားလုံးသည် အရင်းအမြစ်များ ထည့်ဝင်ထားကြသဖြင့် ယခုတစ်ကြိမ်တွင် ပဋိပက္ခများ အချင်းများနေခြင်းများ မရှိတော့ချေ။ လူများအားလုံးသည် တောင်ကြားအလယ်ရှိ ကြေးဖိုကြီးထံသို့သွားပြီး အလှည့်ကျ စမ်းသပ်လိုက်ကြ၏။

မိုပိုင်ယဲ့နှင့်တုရှင်းယွီတို့ပင်လျှင် ခြွင်းချက် မရှိပေ။ သူတို့နှစ်ယောက်လုံး ဒဏ်ရာဒဏ်ချက်များနှင့်ဖြစ်ပြီး သူတို့၏ခန္ဓာကိုယ်များပေါ်တွင် ဆယ်နှင့်ချီသောဒဏ်ရာများ ရှိနေသည်။

ဤသည်မှာ သူတို့၏စွမ်းအား မလုံလောက်သောကြောင့် မဟုတ်ဘဲ သူတို့၏စွမ်းအားကြီးမားမှုကြောင့် လူများအားလုံး၏အဓိက ပစ်မှတ်များ ဖြစ်လာခဲ့ခြင်းပင်။

"သွားကြစို့..."

ဤနေရာတွင် ဆက်နေလျှင် အာရုံစိုက်ခံရမှု ပိုများလာမည်ကို သိသဖြင့် ကျန်းရွှမ်က ခေါင်းခါယမ်းပြီး တောင်ကြား၏အပြင်ဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာလာခဲ့သည်။

"ငါက ဒီနေရာမှာ နေခဲ့ပြီးတော့ ကြည့်ချင်သေးတယ်..."

ယန်ဆန်းရှစ်ဆန်းသည် လက်လျှော့ရန် ဝန်လေးနေဆဲပင်။

"နေချင်တဲ့သူ နေခဲ့....မနေချင်တဲ့သူတွေက ငါ့နောက်ကိုလိုက်ခဲ့..."

ဤလူနှင့် ဆက်ဆံရသည်ကို စိတ်မရှည်တော့သဖြင့် ကျန်းရွှမ်က သူ၏အနောက်ရှိ လူများကို လှည့်ကြည့်လိုက်သည်။

သူ တွေးထင်ထားသည့်အတိုင်းပင် တခြားလူများအားလုံး သူ၏နောက်သို့ လိုက်ပါလာကြပြီး ယန်ဆန်းရှစ်ဆန်း တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။

ကျီးလန်တောင်ကြား၏အပြင်ဘက်သို့ ရောက်ရှိချိန်၌ ရှန်လင်းတို့အဖွဲ့နှင့် ရှစ်ယွမ်ကျင်းတို့အဖွဲ့သည် တောင်ထိပ်၏ထောင့်တစ်နေရာစီတွင် ထိုင်နေကြပြီး သူတို့၏ရှေ့တွင် ကြေးနီမီးပြင်းဖိုကြီးတစ်လုံးစီ ရှိနေသည်ကို သူ မြင်တွေ့လိုက်ရသည်။ သူတို့သည် ပုံစံတစ်ခုခုကို ပုံဖော်ရန် ကြိုးစားနေသည့်အလား တစ်စုံတစ်ခုကို စေ့စပ်သေချာစွာ စူးစမ်းလေ့လာနေကြသည်။

ကျန်းရွှန်သည် ထိုအဖွဲ့နှစ်ဖွဲ့လုံးကို လျစ်လျူရှုပြီး တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်နေရာကို ရှာပြီး ထိုင်လိုက်၏။

"ငါတို့က ဒီအတိုင်းပဲ ထိုင်စောင့်နေကြတော့မှာလား"

သူ စိုးရိမ်ပူပန်နေပုံမရသည်ကို မြင်တွေ့ချိန်၌ ဖုချင်းယောင်ထံတွင် သံသယများဖြင့် ပြည့်နှက်နေသည်။

"ဒီနေရာမှာနေပြီးတော့ တခြားဘာကိုမှ စိတ်မပူဘဲ ကျင့်ကြံနေကြအုံး... ပြီးတော့ မဆင်မခြင် မလုပ်ကြနဲ့...ငါက တောင်အောက်ကို ခဏလောက် ဆင်းလိုက်အုံးမယ်..."

အချိန်ရှိသေးကြောင်း သိသဖြင့် ကျန်းရွှမ်က လူတိုင်းကို အသိပေးလိုက်ပြီး တောင်အောက်သို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားကာ လူသူကင်းမဲ့သော နေရာတစ်နေရာကို အလျင်အမြန်ရှာဖွေလိုက်၏။ အေးစက်ငရဲဓား သည် သူ၏လက်ထဲတွင် ပေါ်လာပြီး လေဟာနယ်အတွင်းသို့ ထိုးစိုက်လိုက်သည်။

အချိန်တခဏအကြာတွင် ဝေဝါးသော အလင်းမြူခိုးလွှာတစ်ခုက သူ၏ရှေ့၌ ထွက်ပေါ်လာသည်။

ဤသည်မှာ ခုန်းရှီကို ဆက်သွယ်ခြင်းပင်။

သို့ရာတွင် သူ အချိန်အကြာကြီး စောင့်ပြီးသည့်တိုင် သူ၏ဆက်သွယ်မှုကို တစ်ဖက်မှ လက်ခံရရှိခြင်း မရှိသည့်အလား မည်သည့်တုံ့ပြန်မှုမျှ မရှိချေ။

သူသည် အကြိမ်ကြိမ် ကြိုးစားသော်လည်း တုံ့ပြန်မှုမရသဖြင့် ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။

ဗဟိုချက်နေရာသို့ ရောက်လာပြီးနောက် ခုန်းရှီသည် မည်သည်ကြောင့် ပျောက်ဆုံးသွားရသနည်း။

သူသည် နောက်ထပ်အကြိမ်အနည်းငယ်ခန့် ထပ်မံ၍စမ်းသပ်ကြည့်သော်လည်း အလုပ်မဖြစ်သဖြင့် တောင်ထိပ်သို့ ပြန်တက်ခဲ့ရသည်။

ဖုချင်းယောင်နှင့်တခြားလူများသည် ဤနေရာ၌ ရင်းမြစ်စွမ်းအင်များ သိပ်သည်းကြွယ်ဝပြီး ကောင်းကင်ကံကြမ္မာစွမ်းအားများ ပေါများကြောင်း သိရှိထားသဖြင့် အချိန်ဖြုန်းရန် ဆန္ဒမရှိဘဲ တိတ်တဆိတ် စတင်၍ကျင့်ကြံနေကြသည်။

ဤအချိန်တွင် ကျန်းရွှမ်သည် ထိုးထွင်းသိမြင်မှုမျက်လုံးကို အသုံးပြုပြီး မလှမ်းမကမ်းရှိ ကြီးမားသော ကြေးနီမီးပြင်းဖိုကြီးသုံးလုံးကို ခိုးကြောင်ခိုးဝှက် ကြည့်လိုက်၏။

ထိုကြေးနီမီးပြင်းဖိုကြီးများပေါ်တွင် သင်္ကေတအက္ခရာများဖြင့် ပြည့်နှက်နေပြီး သူပင်လျှင် နားလည်ရန် ခက်ခဲနေသည်။ ထိုအရာများသည် ကျောက်စိမ်းပြားခြောက်ခုပေါ်ရှိ သင်္ကေတများနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားသည်။

အချိန်တခဏကြာမျှ နားလည်သဘောပေါက်ရန် ကြိုးစားပြီးနောက် မည်သည့်အရာမျှ မထူးခြားသဖြင့် ကျန်းရွှမ်က ခေါင်းခါယမ်းပြီး အာရုံလွှဲလိုက်၏။

အချိန်များသည် လျှင်မြန်စွာ ကုန်ဆုံးသွားပြီး သုံးရက်တာကာလသည် မျက်တောင်တစ်ခတ်စာအတွင်း ကုန်ဆုံးသွားသည်။

ကျန်းရွှမ်သည် ကျင့်ကြံနေရာမှ မျက်လုံးဖွင့်လိုက်ပြီး မတ်တတ်ထရပ်လိုက်သည်။

သုံးရက်တာကျင့်ကြံရုံဖြင့် လူများအားလုံးသည် ကြီးမားသော တိုးတက်မှုများကို ရရှိခဲ့ကြသည်။ အထူးသဖြင့် ယုရှောင်ယွီနှင့်ဟုန်ရီတို့သည် ကြယ်စင်မြစ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ကြပြီး ကြယ်စင်မြစ်နယ်ပယ် ပထမအဆင့် ကျင့်ကြံဆင့်ကို ရရှိခဲ့ကြသည်။

သူ့အနေဖြင့်မူ ယခုအချိန်၌ ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်သို့ ရောက်ရှိသွားခဲ့လေပြီ။ အရင်းအမြစ် မလုံလောက်မှုကြောင့် သူ၏ကျင့်ကြံမှုသည် ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ မရောက်သေးသော်လည်း အလှမ်းကွာဟခြင်း မရှိတော့ချေ။

သူသည် ကြယ်စင်မြစ်နယ်ပယ် ပဉ္စမအဆင့်ဖြင့်ပင် ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့်တွင်ရှိသော သာမာန်ကျင့်ကြံသူတစ်ယောက်ကို လွယ်လင့်တကူ သတ်ဖြတ်နိုင်သည်။ သူ၏လက်ရှိစွမ်းအားဖြင့်ဆိုလျှင် ဤနေရာတွင် ရှိနေသူများအနက် မည်သူကမျှ သူ့ကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။

"သူတို့ရဲ့ နားလည်သဘောပေါက်မှု အခြေအနေက ဘယ်လိုရှိမလဲ မသိဘူး..."

ဖုချင်းယောင်က မျက်လုံးဖွင့်လိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သူမ၏ အကြည့်သည် ရှန်လင်း ရှစ်ယွမ်ကျင်းနှင့် ချန်ယွီဟွမ်တို့အပေါ်သို့ ကျရောက်သွားသည်။

ဤလူများသည် လူအများကြားတွင် ထူးချွန်ထက်မြက်သူများပင်။ တစ်စုံတစ်ယောက်ကသာ ထုံးတမ်းကောင်းကင်ကံကြမ္မာကို ဆက်ခံနိုင်မည်ဆိုလျှင် ထိုလူနည်းစုအနက်မှသာ ဖြစ်နိုင်ခြေရှိသည်။

"ဘာမှတိုးတက်ပုံလည်း မရပါဘူး..."

ကျန်းရွှမ်က မိုးကောင်းကင်သို့ မော့ကြည့်လိုက်ရာ ရောင်စုံအလင်းတန်းများ ရှိနေဆဲဖြစ်သည်ကို မြင်တွေ့မိသည်။ ဤသည်မှာ ယခုအချိန်အထိ မည်သူကမျှ ထုံးတမ်းစဥ်လာကောင်းကင်ကံကြမ္မာကို အောင်မြင်စွာ နားလည်သဘောပေါက်ခြင်း မရှိသေးကြောင်း ပြသနေခြင်းပင်။

"ဝင်ကြရအောင်... ဒါက နောက်ဆုံး သတ်မှတ်ချိန်ပဲ....ဒီကံကြမ္မာကို ဘယ်သူမှ နားမလည်ရင် ငါတို့ ထွက်သွားလို့ရတော့မှာ မဟုတ်ဘူး...ငါတို့ထွက်သွားနိုင်ဖို့အတွက် ရလဒ်ထွက်ပေါ်လာအောင် လုပ်ရမယ်"

ကျန်းရွှမ်သည် တခြားသူများကို ခေါ်ဆောင်ပြီး ကျီးလန်တောင်ကြားထဲသို့ ဝင်ရောက်ခဲ့တော့သည်။

ရှန်လင်းတို့အဖွဲ့လည်း နောက်မှ ထပ်ချပ်မကွာကပ်လိုက်လာကြ၏။

ဤအချိန်တွင် မိုပိုင်ယဲ့တို့အဖွဲ့သည်လည်း ကြေးနီမီးပြင်းဖိုကြီး၏ရှေ့တွင် ထိုင်နေကြပြီး တစ်ယောက်ချင်းစီ၌ ကွဲပြားခြားနားသော အမူအယာများ ရှိနေကြသည်။ လူတချို့သည် စိတ်လှုပ်ရှားစွာ ကခုန်နေကြပြီး လူတချို့ကမူ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငိုက်စိုက်ကျနေကြသည်။

"အားလုံးပဲ... အခုက အချိန်စေ့သွားပြီ"

ရှန်လင်းသည် ကျီးလန်တောင်ကြား၏အလယ်သို့ ရောက်လာပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ကာ သူ၏ကြည်လင်ပြတ်သားသော အသံ ထွက်ပေါ်လာသည်။

"ငါ့မှာ အကြံတစ်ခုရှိတယ်...မင်းတို့အားလုံး လက်ခံချင်ပါ့မလား ဆိုတာတော့ မသိဘူး"

"မင်းသားရှန်လင်း...ပြောပါအုံး"

တစ်စုံတစ်ယောက်က ချက်ချင်းဆိုသလိုပင် အော်ဟစ်လိုက်၏။

ရှန်လင်းက ပြောဆိုသည်။

"သုံးရက် ကုန်ဆုံးသွားပြီ....မင်းတို့ထဲမှာ ထုံးတမ်းစဥ်လာကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်ပြီးတော့ အမွေအနှစ်ဆက်ခံဖို့ အရည်အချင်းပြည့်မီတဲ့သူရှိလား"

"မရှိဘူး..."

"ငါ ဘာမှ နားမလည်ဘူး..."

"ငါရောပဲ...အရာအားလုံးက ဝေဝါးနေတယ်...ဒီအခြေအနေအတိုင်းဆိုရင် ငါက နောက်ထပ် ဆယ်နှစ်ကြာအောင် လေ့လာရင်တောင် လုံလောက်မှာ မဟုတ်ဘူး"

"ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာ ဆိုတာအဲ့ဒီလောက် မလွယ်ကူဘူး..ဆယ်နှစ်မပြောနဲ့ နှစ်ပေါင်းနှစ်ဆယ် သုံးဆယ်လောက် လေ့လာပြီးတော့ နားလည်သဘောပေါက်ရင်တောင် ကြီးမားတဲ့ အောင်မြင်မှုလို့ ပြောနိုင်တယ်"

ပတ်ဝန်းကျင်နေရာတဝိုက်လုံး ညည်းတွားသံများဖြင့် ပြည့်နှက်သွားပေ၏။

"ကြည့်ရတာတော့ ဘယ်သူမှ မအောင်မြင်ကြပုံပဲ....ဒါကြောင့် ငါတို့ ထွက်သွားချင်ရင် နည်းလမ်းတစ်ခုပဲ ရှိတော့တယ်"

ရှန်လင်း၏မျက်လုံးများထဲတွင် အလင်းတန်းတစ်တန်း ဖြတ်သန်းသွားသည်။

"ဒါက ကြေးနီမီးပြင်းဖိုကြီးလေးခုကို လူတစ်ယောက်တည်းဆီမှာ စုစည်းလိုက်ဖို့ပဲ...အဲ့ဒီလူက ထုံးတမ်းစဉ်လာ ရတနာတွေအားလုံးကို ထိန်းချုပ်နိုင်တာနဲ့... သူက အမွေအနှစ်ကို ရရှိနိုင်ပြီးတော့ ငါတို့အားလုံး ဒီနေရာကနေ လွတ်မြောက်နိုင်ကြလိမ့်မယ်"

"ဒါက အမှန်ပဲ"

"မင်းသားရှန်က ဒီကိစ္စကို အကြံပြုတယ်ဆိုတော့...သူက အဲ့ဒီလူ ဖြစ်ချင်နေတာတော့ မဟုတ်လောက်ဘူးမလား..."

"တစ်ယောက်ယောက်က အဲ့ဒီလူ ဖြစ်ရမယ်ဆိုရင် ဘာလို့ မင်းသားရှန် မဖြစ်ရမှာလဲ...သူက ကြေးနီမီးပြင်းဖိုကြီးနှစ်ခု ပိုင်ဆိုင်ထားပြီးသားလေ...ပြီးတော့ သူက တခြားသူတွေကို ရိုသေလေးစားပြီးတော့ သူ့ကိုယ်သူ နှိမ့်ချနေတတ်တယ်..."

"ဒါတင်မကဘူး...သူက အခွင့်အာဏာကြီးမားတဲ့ လူတစ်ယောက်ပဲ... တကယ်လို့ သူသာ ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်နိုင်ရင် ငါတို့အတွက်တော့ အကောင်းဆုံး အခြေအနေ ဖြစ်လာမှာပဲ"

"အဲ့ဒါက အမှန်ပဲ... သူ့ရဲ့နားလည်နိုင်စွမ်းက မိုပိုင်ယဲ့ဆိုတဲ့ကောင်ထက်တော့ သေချာပေါက် ပိုကောင်းလိမ့်မယ်"

ဤအချိန်တွင် လူအုပ်ကြား၌ နေရာယူထားသော ရှန်လင်း၏နယ်ရုပ်များက သူတို့၏အခန်းကဏ္ဍကို တစ်ဖန်ပြန်၍ လှုပ်ရှားလိုက်ကြသည်။ သူတို့၏ရည်ရွယ်ချက်ရှိရှိ ရှင်းပြမှုများအောက်တွင် လူအများစုသည် စတင်၍ ချီတုံချတုံ ဖြစ်လာကြသည်။

သူတို့ကိုယ်တိုင် နားမလည်နိုင်လျှင် လူများအားလုံးကို စည်းရုံးနိုင်သူအား မည်သည်ကြောင့် မရွေးချယ်ဘဲ နေရမည်နည်း။

ထို့ပြင် ရှန်လင်းသည် ဤကိစ္စအတွက် အသင့်တော်ဆုံးလူပင်။

All Chapters