← Chapters

ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်

Vol. 30 Ch. 358

ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်

Vol. 30 Ch. 358

'ငါက ဖြစ်လာနိုင်ခြေရှိတဲ့ အန္တရာယ်ကို ဘယ်လို ဖြေရှင်းရမလဲဆိုတာ အမြဲတမ်း စဉ်းစားခဲ့ပေမယ့် အခွင့်အရေး မရှိတာကြောင့် အလကားဖြစ်နေခဲ့တယ်.... အခုတော့ ကြည့်စမ်းပါအုံး... မင်းကိုယ်တိုင် ငါ့တံခါးဝအထိ ရောက်လာပေးတာပဲ...'

'အရင်ကတော့ ငါ့ရဲ့ အင်အား မလုံလောက်တာရယ်...တခြားလူတွေရဲ့ရှေ့မှာ ငါ့ရဲ့အားနည်းချက်တွေ ထုတ်ပြတာကို ရှောင်ချင်တာရယ်ကြောင့် ငါရဲ့ နည်းစနစ်တွေအားလုံးကို မသုံးရဲခဲ့ဘူး...ငါက သာမန်တိုက်ခိုက်ရေး နည်းစနစ်တွေကိုပဲ အားကိုးပြီးတော့ မင်းကို အနိုင်ယူဖို့ဆိုတာ မလွယ်ကူခဲ့ဘူး... ဒါပေမဲ့ အခုတော့ ငါက ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်ကို ရောက်နေတာကြောင့် မိုတောက်ကံကြမ္မာနဲ့ ကောင်းကင်ဘုံသောက ဓားနည်းစနစ်ကို မသုံးရင်တောင် မင်းကို ကြက်ကလေးတစ်ကောင် သတ်သလို အလွယ်လေး သတ်ပစ်လို့ရနေပြီ'

"ဘာလဲ...မင်းက မတိုက်ခိုက်ရဲဘူးလား"

မိုပိုင်ယဲ့က မိုတောက်ဓားကို ကိုင်ဆောင်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

"ငါ တိုက်ခိုက်ရဲတယ် မရဲဘူး ဆိုတာက မေးခွန်းထုတ်ဖို့ မလိုဘူး..."

ကျန်းရွှမ်က ထူးဆန်းသော အမူအရာဖြင့် မိုပိုင်ယဲ့ကို ကြည့်လိုက်သည်။

"မင်းက ငါ့ကို သတ်နိုင်မယ်လို့ ပြောလို့မရဘူးလေ.. တကယ်လို့ ငါက မင်းကို သတ်လိုက်ရင်ရော ဘယ်လိုလုပ်မလဲ...."

မိုပိုင်ယဲ့က လှောင်ပြောင်လိုက်၏။

"တကယ်လို့ မင်းက ငါ့ကို အနိုင်ယူနိုင်ရင်...ငါက ကြေးနီမီးပြင်းဖိုကြီးကို မင်းသားရှန်လင်းဆီ တိုက်ရိုက်လက်ဆောင်ပေးလိုက်မယ်"

ကျန်းရွှမ်က လက်ကာပြပြီး သူ့ကို ဟန့်တားလိုက်သည်။

"နေပါအုံး... ငါ ဒီကိစ္စကို ရှင်းရှင်းလင်းလင်းသိအောင် လုပ်လိုက်အုံးမယ်...ငါတို့တိုက်ခိုက်ကြပြီးတော့ မင်းက ငါ့ကို သတ်လိုက်ရင် ကြေးနီမီးပြင်းဖိုကြီးကို မင်းက မင်းသားရှန်လင်းဆီ ပေးမယ်...တကယ်လို့ ငါက မင်းကို သတ်လိုက်ရင်လည်း မင်းက ကြေးနီမီးပြင်းဖိုကြီးကို မင်းသားရှန်လင်းဆီ ပေးမယ်ပေါ့... ဒီတော့ ငါ့အတွက် ဘာအကျိုးအမြတ်မှ မရှိဘဲ ငါ့အသက်ကို အလကား စွန့်ပစ်လိုက်ရမှာပေါ့...ငါက ဘာကိစ္စ မင်းနဲ့ တိုက်ခိုက်ရမှာလဲ"

"ဒါက..."

မိုပိုင်ယဲ့သည် အချိန်တခဏကြာမျှ ကြက်သေသေသွားတော့သည်။

"ဒီလောက်ထိ လူအများကြီးက ကြည့်နေပြီးတော့ မင်း ငါနဲ့ ယှဉ်ပြိုင်မှာကို သူတို့က စောင့်နေကြတာလေ...မင်း ကြောက်ပြီးတော့ နောက်ဆုတ်ဖို့ စဉ်းစားနေတာတော့ မဟုတ်လောက်ဘူးမလား"

"ငါ့ကို ကိုယ်ကျင့်တရားနဲ့ လာပြီးမခြိမ်းခြောက်နဲ့...ငါ အဲ့ဒါတွေကို ဂရုမစိုက်ဘူး...ပြီးတော့ ငါက ကြေးနီမီးပြင်းဖိုကြီးကို လုယူဖို့ စိတ်ကူး လုံးဝမရှိဘူး...လိုချင်တဲ့သူတွေက လုယူကြလေ...."

ကျန်းရွှမ်က သူ၏လက်ကိုဝှေ့ယမ်းပြီး ငြင်းဆန်လိုက်၏။

ဤသည်မှာ သူ မိုပိုင်ယဲ့ကိုသတ်ရန် အခွင့်ကောင်းတစ်ခု ဖြစ်သော်လည်း ရှန်လင်းအတွက် အလကား အလုပ်လုပ်မပေးနိုင်ချေ။

ဤမြင်ကွင်းကို မြင်တွေ့ ချိန်၌ ရှန်လင်းက ကြားဖြတ်ဝင်ရောက်လာပြီး ရယ်မောလိုက်သည်။

"ဟား ဟား ဟား...မိတ်ဆွေလေးကျန်းရွှမ် ဘာမှစိတ်မပူပါနဲ့...မင်း နိုင်နိုင် ရှုံးရှုံး.. ငါက ကြေးနီမီးပြင်းဖိုကြီးကို ရရှိသရွေ့...မင်းကို လုံလောက်တဲ့ ကျင့်ကြံခြင်းအရင်းအမြစ်တွေ လက်ဆောင်ပေးရုံတင်မဘူး...ငါ ကောင်းကင်ကံကြမ္မာကို ဆက်ခံပြီးတာနဲ့ မင်းကို ငါ့ရဲ့တပည့်ရင်းအဖြစ် လက်ခံပါ့မယ်"

ကျန်းရွှမ်က မျက်လုံးလှန်ကြည့်လိုက်သည်။

'မင်းက ငါ့ကို ကျိန်ဆဲနေတာလား'

ကျန်းရွှမ်က လက်ဝှေ့ယမ်းလိုက်သည်။

"ငါက လုံလောက်တဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို လိုချင်တယ်...တကယ်လို့ မင်းသားရှန်လင်းက ဒါတွေကို အခုချက်ချင်း ပေးနိုင်မယ်ဆိုရင် ငါ ယှဉ်ပြိုင်မယ်... မပေးနိုင်ဘူးဆိုရင်တော့ ဒီကိစ္စကို မေ့လိုက်တော့"

"ဒါက လွယ်ပါတယ်"

ရှန်လင်းက ရှန်ဝူကျွင်းကို လှည့်ကြည့်လိုက်ရာ သူသည် နားလည်သဘောပေါက်သွားပြီး ရှေ့သို့ ခြေလှမ်းနှစ်လှမ်းတိုးလိုက်သည်။ ထို့နောက် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်သည်နှင့် ကျင့်ကြံခြင်းအရင်းအမြစ် အမြောက်အများ မြေကြီးပေါ်သို့ ကျရောက်လာသည်။ ဤသည်မှာ တန်ချိန်များစွာလေးလံပြီး ထူထပ်သိပ်သည်းသည့် ရတနာပုံကြီးတစ်ပုံပင်။

ဤအရင်းအမြစ်ပမာဏသည် အမှန်တကယ်ကို အလွန်များပြားပြီး ကြေးနီမီးပြင်းဖိုတစ်ခုအတွက် ယဇ်ပူဇော်ရာတွင် အသုံးပြုခဲ့သည့် ပမာဏနှင့် အလွန်ကွာခြားခြင်းမရှိဟု ပြောနိုင်ပေ၏။

"နှစ်ဆတိုးလိုက်...."

ထိုအရာများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းရွှမ်၏မျက်နှာအမူအယာသည် ဂရုမစိုက်သောပုံစံ ဖြစ်နေဆဲပင်။

"မင်း သေချာစဉ်းစားတာ ပိုကောင်းလိမ့်မယ်.... ပြီးရင် မင်းက ငါ့ရဲ့တပည့်ရင်းတစ်ယောက်ဖြစ်လာမှာပဲလေ"

ရှန်လင်းက မကျေမနပ်ဖြင့် ပြောဆိုသည်။

"ဒီကောင်က တုံးအတာလား....အခုချိန်မှာ သူ ဘယ်လောက်ပဲ တောင်းတောင်း ကိစ္စမရှိဘူး ...သူက ရှန်လင်းရဲ့တပည့်ဖြစ်လာရင် သနားစရာ ကောင်းသွားလိမ့်မယ်.... ငါသာ သူ့နေရာမှာဆိုရင် ရေစီးအတိုင်း လိုက်ပါစီးမျောပြီးတော့ လိုလိုလားလား ကူညီပေးလိုက်မယ်..."

"အမှန်ပဲ....ရတနာတွေဆိုတာ ဘယ်လောက်ပဲ ရှိရှိ ကုန်သွားမယ့်နေ့ကို ရောက်လာမှာပဲ....ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာကို ကျောထောက်နောက်ခံထားတာကမှ သူ့ရဲ့မျိုးရိုးစဥ်ဆက်အတွက် ကောင်းချီးမင်္ဂလာတွေကို ယူဆောင်လာပေးမယ့် နည်းလမ်းမဟုတ်လား..."

နံဘေးပတ်ဝန်းကျင်မှ လူများသည်လည်း ရှန်လင်း၏မကျေနပ်မှုကို ခံစားမိကြသဖြင့် ကျန်းရွှမ်ကို လှောင်ပြောင်သရော်သော အပြုံးများဖြင့် ကြည့်လိုက်ကြသည်။

"မင်း ငါ့ကို ပေးမှာလား မပေးဘူးလားဆိုတာသာ ပြောစမ်းပါ...မင်း မပေးဘူးဆိုရင် ငါက မယှဉ်ပြိုင်ဘူး... ဒီမိုပိုင်ယဲ့ကို သတ်ချင်တဲ့သူ သတ်ကြ... ငါနဲ့ ဘာမှ မဆိုင်ဘူး"

ကျန်းရွှမ်က သူ၏လက်ကိုဝှေ့ယမ်းပြီး ငြင်းပယ်လိုက်၏။

"မင်း..."

မင်းသားရှန်လင်း၏မျက်နှာ ဖြူဖျော့သွားသည်။

တပည့်မဖြစ်မီမှာပင် ဤလူငယ်သည် သူ့ကို ယခုလောက်ထိ အာခံနေလေပြီ။ အနာဂတ်တွင် သူသည် ဤလူငယ်ကို သင်ခန်းစာပေးပြီး ဒုက္ခအနည်းငယ် ခံစားရအောင် လုပ်ရမည့်ပုံပင်။

"ကောင်းပြီလေ"

ရှန်လင်းက လက်ဝှေ့ယမ်းလိုက်ပြီး ရှန်ဝူကျွင်းကို ကြည့်လိုက်သည်။

"မင်းရဲ့လက်ထဲမှာရှိတဲ့ အရင်းအမြစ်တွေ အားလုံး သူ့ကို ပေးလိုက်တော့"

"ဒါက..."

ရှန်ဝူကျွင်းသည် အချိန်တခဏကြာတုံ့ဆိုင်းနေပြီးနောက် အသံပေးပို့လေသည်။

"ဦးရီးတော်...နောက်ထပ် ကြေးနီမီးပြင်းဖိုကြီးတစ်ခုကိုတောင် ယူဆောင်လို့ရနိုင်တဲ့ အရင်းအမြစ်တွေအားလုံးကို သူ့ဆီ လက်ဆောင်ပေးလိုက်တာက နည်းနည်းတော့ မသင့်တော်ဘူး မဟုတ်လား"

သူ၏စကားဆုံးသည်နှင့် တစ်ဖက်မှ ပြန်လည် အသံပေးပို့လာသည်ကို ကြားလိုက်ရသည်။

"မသင့်တော်တာ ဘာမှမရှိဘူး....ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာကို သူ သင်ယူချင်သေးသရွေ့ ငါ့ရဲ့တပည့်အဖြစ် ခံယူရမှာပဲ.. အဲ့ဒီအချိန်ကျရင် ငါတို့က သူ့ကို အခုချိန်မှာဘယ်လောက်ပေးပေး...သူက အဲ့ဒီအရာတွေအားလုံးလုံး ငါ့ကို ပြန်အန်ထုတ်ပေးရလိမ့်မယ်"

"နားလည်ပါပြီ"

ရှန်ဝူကျွင်းသည် ရုတ်တရက် နားလည်သဘောပေါက်သွားပြီး သူ၏လက်ကောက်ဝတ်ကို နောက်တစ်ကြိမ် လှုပ်ခတ်လိုက်၏။ ထို့နောက် သူသည် အလွန်များပြားသော အရင်းအမြစ်များကို မြေပြင်ပေါ်သို့ သွန်ချလိုက်သည်။

ကျန်းရွှမ်က ထိုအရင်းအမြစ်များကို သေသေချာချာကြည့်လိုက်သည်။ ပထမအဆင့် ဆေးလုံးများ ဆေးဖက်ဝင်ပစ္စည်းများ လက်နက်များ သံချပ်ကာများစသဖြင့် ကျင့်ကြံခြင်းအရင်းအမြစ်များအားလုံး ပါဝင်ပြီး တန်ဖိုးဖြတ်၍မရနိုင်အောင် ရှိနေသည်။

ကျန်းရွှမ်သည် တခြားလူများ မည်သည့်အရာအား တွေးတောနေသည်ကို ဂရုမစိုက်ချေ။ သူသည် သူ၏လက်ဝါးဖြင့် ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ထိုအရာများအားလုံး ရွှမ်ကမ္ဘာထဲသို့ ရောက်ရှိသွားသည်။ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူသည် ထိုအရင်းအမြစ်များအားလုံးကို သန့်စင်လိုက်ရာ သန့်စင်သော စွမ်းအားများအဖြစ် ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်အနှံ့အပြားသို့ စီးဆင်းသွားသည်။

ဝှစ်...

အသက်ရှူချိန် အနည်းငယ်ခန့် ကြာမြင့်ပြီးနောက် သူသည် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့လေပြီ။

ဤအချိန်အခိုက်အတန့်တွင် သူသည် ထိုအရင်းအမြစ်များအားလုံး၏ ဆယ်ပုံတစ်ပုံအောက် လျော့နည်းသောပမာဏကိုသာ အသုံးပြုခဲ့ရသေးသည်။

"ဒါက မဆိုးဘူး..."

ကျန်းရွှမ်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

သူ ကျီးလန်တောင်ကြားသို့ လာခဲ့သော ဤခရီးစဉ်သည် အလွန်တန်ဖိုးရှိကြောင်း ဝန်ခံရမည်။ သူသည် သန်းရာနှင့်ချီသော ကောင်းကင်ကံကြမ္မာစွမ်းအားကို ရရှိခဲ့သည်အား ထည့်မပြောလျှင်ပင် ဤအရင်းအမြစ်များသက်သက်ကို ပုံမှန်အခြေအနေအရဆိုလျှင် အချိန်မည်မျှထိကြာအောင် သူ ရှာဖွေရမည်အား မသိနိုင်ချေ။

ထို့ပြင် သူ၏ကျင့်ကြံဆင့်သည်လည်း ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့်မှ ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ မြင့်တက်လာကာ ကြီးမားသော အဆင့်တက်မှုကို ပြုလုပ်နိုင်ခဲ့သည်။

"ဘယ်လို ယှဉ်ပြိုင်ချင်လဲ"

သူ၏ခန္ဓာကိုယ်အတွင်း၌ စွမ်းအားများ မြင့်တက်လာသည်ကို ခံစားပြီးနောက် ကျန်းရွှမ်က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး မိုပိုင်ယဲ့ကို တဖန်ပြန်၍ ကြည့်လိုက်သည်။

ကျန်းရွှန်၏ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုများကို မသိရှိသော မိုတောက်ဂိုဏ်းချုပ်သည် သူ၏စိန်ခေါ်မှုကို အမှန်တကယ် လက်ခံရဲသည်အား မြင်လိုက်ရသဖြင့် သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

"ထွေထွေထူးထူး စည်းမျဉ်းတွေ မရှိဘူး...ငါ မင်းကို သတ်မယ်....ပြီးတော့ ငါက ကြေးနီမီးပြင်းဖိုကြီးကို မင်းသားရှန်လင်းဆီ ပေးပြီးရင် တခြားလူတွေက ငါ့ကို ထွက်သွားခွင့် ပြုရမယ်..ငါ့ကို ဘာပြဿနာမှ မရှာရဘူး"

"သဘောတူတယ်....လူတိုင်းရဲ့ကိုယ်စား ငါ ကတိပေးနိုင်တယ်"

ရှန်လင်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဒါဆိုရင် ဘာပြဿနာမှ မရှိတော့ဘူး"

မိုပိုင်ယဲ့သည် သူ၏လက်ထဲမှ မိုတောက်ဓားကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ကျန်းရွှမ်ကို စူးစိုက်၍ကြည့်လိုက်၏။

"စလိုက်ကြစို့...."

"ကောင်းပြီလေ"

ကျန်းရွှမ်က ငြင်းဆန်ခြင်းမပြုဘဲ သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ အေးစက်ငရဲဓားသည် လက်ဖဝါးတွင် ပေါ်လာပြီး လူအုပ်ကြီး၏အလယ်သို့ လျှောက်လှမ်းသွားလိုက်သည်။

"မိုတောက်ဓား မဟုတ်ဘူးလား"

မိုပိုင်ယဲ့က မျက်မှောင်ကြုတ်လိုက်သည်။

ကျန်းရွှမ်ကို တိုက်ခိုက်ရာတွင် သူ့ထံ၌ ကိုယ်ပိုင် ရည်ရွယ်ချက်များ ရှိနေသည်။ ပထမအချက်မှာ သူ၏မျက်လုံးထဲမှ ဆူးတစ်ချောင်းဖြစ်နေသော ဤလူကို သတ်လိုခြင်းပင်။ ဒုတိယအချက်မှာမူ ကျန်းရွှမ်အား မိုတောက်ဓားကို အသုံးပြုစေပြီး ဖရိုဖရဲကံကြမ္မာကျင့်ကြံသူဟူသော သရုပ်မှန်ကို ဖော်ထုတ်လိုခြင်းပင်။

သို့ရာတွင် ကျန်းရွှမ်သည် မိုတောက်ဓားကို အသုံးမပြုပါက သူ၏ဒုတိယရည်မှန်းချက်ကို အောင်မြင်နိုင်ရန် ခက်ခဲသွားခဲ့လေပြီ။

"ငါ့ဓားသိုင်းကို မင်း တောင့်ခံနိုင်မလား အရင် ကြည့်ကြသေးတာပေါ့"

ပြိုင်ဘက်၏စကားကို ဂရုမစိုက်ဘဲ ကျန်းရွှမ်က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး သူ၏ဓားကို ဝှေ့ယမ်းလိုက်သည်။

ကောင်းကင်ဘုံသောကဓားနည်းစနစ်ကို အသုံးမပြုလျှင်ပင် ဓားနည်းစနစ်အပေါ် သူ၏နားလည်သဘောပေါက်မှုသည် ဤနေရာရှိ တခြားလူများအားလုံးထက် သာလွန်သည်။ သူ၏ဓားကို ဝှေ့ယမ်းလိုက်သည်နှင့် လေထုသည် တုန်ခါသွားပြီး ပြင်းထန်သောဓားချီများသည် မိုးသည်းထန်စွာ ရွာသွန်းသည့်အလား ရှေ့သို့တဟုန်ထိုးစီးဆင်းသွားသည်။

"ဟမ့်..."

မိုပိုင်ယဲ့၏မျက်လုံးများ တောက်ပသွားပြီး သူ၏လက် ပြင်းထန်စွာတုန်ခါသွားကာ ထက်ရှသော ဓားစိတ်ဆန္ဒတစ်ခု တန်းတန်းမတ်မတ်ကျဆင်းလာပြီး မြေပြင်ပေါ်တွင် တွင်းနက်ကြီးတစ်ခုကို ဖြစ်ပေါ်စေသည်။ ထိုဓားစိတ်ဆန္ဒသည် ကြီးမားသောစွမ်းအားတစ်ရပ်နှင့် ရောယှက်ပြီး ကျန်းရွှမ်ထံသို့ တိုးဝင်သွားပေ၏။

"မဟုတ်ဘူး... ဒါက ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်စွမ်းအား မဟုတ်ဘူး... ဒါက ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့်ပဲ"

ရုတ်တရက် လူအုပ်အကြားမှ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

"အမှန်ပဲ...ဒါက တကယ့်ကို ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့်ပဲ... ဒါပေမဲ့ ဒါက မိုတောက်ဓားရဲ့စွမ်းအား မဟုတ်ဘူး... သမားရိုးကျဓားရဲ့ စွမ်းအားပဲ..."

ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူတစ်ယောက်သည် ထိုအချက်ကို သတိပြုမိသဖြင့် အနီးအနားတွင်ရှိနေသော တုရှင်းယွီဘက်သို့ လှည့်ကြည့်လိုက်သည်။

"ငါ ထင်တာမမှားဘူးဆိုရင်.. သူက မိုပိုင်ယဲ့ကို သူ့ရဲ့စွမ်းအားတစ်စိတ်တစ်ပိုင်းကို ငှားရမ်းပေးဖို့ အထူးလျှို့ဝှက်နည်းလမ်းတစ်ခုကို သုံးထားတာပဲဖြစ်မယ်"

သူတို့နှစ်ယောက်လုံးသည် မိုတောက်ကံကြမ္မာကို ကျင့်ကြံသူများ ဖြစ်ကြသဖြင့် မိုပိုင်ယဲ့ အဆင့်ချိုးဖျက်နိုင်ခဲ့လျှင် ကျန်းရွှမ် သေချာပေါက် သိရှိပေမည်။ သူ မသိရှိခဲ့သဖြင့် မိုပိုင်ယဲ့သည် ကျင့်ကြံဆင့် ချိုးဖျက်နိုင်ခြင်း မရှိဘဲ ဆဋ္ဌမအဆင့် အထွတ်အထိပ်တွင်သာ ရှိနေသေးသည်ကို ပြသနေပေ၏။

ထို့ကြောင့် သူ၏ကျင့်ကြံဆင့်သည် ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့်သို့ မည်သို့မျှ မရောက်နိုင်ချေ။

တစ်ခုတည်းသော ရှင်းပြချက်မှာ ဤတိုက်ကွက်မှ ထုတ်လွှတ်လိုက်သောစွမ်းအားသည် သူ၏ကိုယ်ပိုင်မဟုတ်ဘဲ တုရှင်းယွီဆီမှ ချေးငှားထားခြင်းပင်။

ဤကဲ့သို့အချိန်မျိုးတွင် မိုပိုင်ယဲ့သည် တစ်ယောက်ချင်းတိုက်ခိုက်ရန် အကြံပြုသည်မှာ မထူးဆန်းတော့ချေ။ ဤသည်မှာ သူ့ထံ၌ အားကိုးစရာ ရှိနေသောကြောင့်ပင်။

ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူတစ်ယောက်၏စွမ်းအားသည် ကုန်းမြေတစ်ခုလုံး၌ အရေးမပါသော်လည်း ဤကျီးလန်တောင်ကြားတွင်မူ အထွတ်အထိပ် တည်ရှိမှုကြီးတစ်ခုဟု သတ်မှတ်နိုင်ပေ၏။

All Chapters