← Chapters

မိုပိုင်ယဲ့ သေဆုံးခြင်း

Vol. 30 Ch. 360

မိုပိုင်ယဲ့ သေဆုံးခြင်း

Vol. 30 Ch. 360

ဤအချိန်တွင် သူ ဟန်ဆောင်နေရန် အကြောင်းမရှိတော့ချေ။ တစ်ဖက်လူများသည် သူ၏အမိန့်ကိုနာခံလျှင် အသက်ရှင်သန်နိုင်မည်ဖြစ်ပြီး ထိုသို့မဟုတ်ဘဲ ခုခံငြင်းဆန်ပါက သေရပေမည်။

အရေးကြီးဆုံး အကြောင်းပြချက်မှာ တစ်ဖက်လူသည် ခုန်းရှီကို အဆက်မပြတ် လိုက်လံဖမ်းဆီးနေခြင်းပင်။ အကယ်၍ ခုန်းရှီသာ ကောင်းကင်ကံကြမ္မာကို ရရှိသွားပါက သူတို့သည် မလွဲမသွေ ရန်သူများ ဖြစ်လာကြပေလိမ့်မည်။ ထို့ကြောင့် သူသည် တစ်ဖက်လူကို သတ်ရမည်ဆိုလျှင်ပင် သနားညှာတာနေရန် အကြောင်းမရှိချေ။

"မင်း... မင်းက ခန်းမသခင်ရှစ်ကို တကယ်ကြီးသတ်လိုက်တာလား"

"ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့် အထွတ်အထိပ်မှာရှိတဲ့ ကျင့်ကြံသူတစ်ယောက်က ဒီအတိုင်း သေသွားတာလား..."

ရှစ်ယွင်ကျင်းသည် သေဆုံးသွားသည်မှာ မယုံကြည်နိုင်ဖွယ်ကောင်းသဖြင့် နံဘေးပတ်ဝန်းကျင်ရှိ လူများအားလုံးလည်း ကြက်သေသေနေကြသည်။ သူတို့၏ခန္ဓာကိုယ်များ တဆတ်ဆတ်တုန်ရီနေကာ သူတို့၏မျက်လုံးရှေ့မှ မြင်ကွင်းကို သူတို့ မယုံကြည်နိုင် ဖြစ်နေကြသည်။

"ဒီနေ့ မိုပိုင်ယဲ့ သေရမယ်လို့ ငါပြောပြီးပြီ... သူ့ကို ကယ်ချင်တဲ့သူ ရှိသေးလား"

ကျန်းရွှမ်သည် အပိုစကားများ မပြောတော့ဘဲ ရှေ့သို့ဆက်လက်၍ လျှောက်လှမ်းသွားသည်။ အစောပိုင်းက မိုပိုင်ယဲ့၏ရှေ့တွင် ကာကွယ်ပေးနေကြသူများသည် ယခုအချိန်၌ ထိတ်လန့်တုန်လှုပ်နေကြပြီး လွန်ခဲ့သည့် အချိန်တခဏက ရှိခဲ့သော သူတို့သတ္တိများ ပျောက်ဆုံးကုန်ကြလေပြီ။

တစ်ဖက်လူသည် သူတို့ကို ငွေအနည်းငယ်သာ အကြွေးပေးရန်ရှိပြီး ထိုပမာဏကို သူတို့ လအနည်းငယ်ကြာ အလုပ်ကြိုးစားလုပ်ကိုင်ရုံဖြင့် ပြန်ရှာနိုင်သည်။ ထိုကိစ္စအတွက် သူတို့၏အသက်ကို ပေးရမည်ဆိုပါက လုံးလုံးလျားလျား ထိုက်တန်တော့မည် မဟုတ်ချေ။

"ငါက မိုပိုင်ယဲ့နဲ့ သိပ်မရင်းနှီးပါဘူး... မင်း သတ်ချင်ရင် သတ်လိုက်ပါ"

"ငါလည်း သူနဲ့ မခင်ဘူး"

မိုပိုင်ယဲ့ကို ကာကွယ်ပေးနေသူများအနက် အနည်းစုသည် လှည့်ထွက်သွားကြသော်လည်း တုရှင်းယွီနှင့်တခြားလူများကမူ ရှေ့သို့တက်လာကြသည်။

သူတို့နှင့်မိုပိုင်ယဲ့သည် အဖွဲ့တစ်ဖွဲ့တည်းမှ လူများပင်။ အကယ်၍ မိုပိုင်ယဲ့ သေဆုံးသွားလျှင် သူတို့လည်း လွတ်မြောက်နိုင်မည် မဟုတ်ချေ။

"အတူတူ တိုက်ခိုက်ကြစို့"

ကျန်းရွှမ်၏အနားသို့ မရောက်မီမှာပင် တုရှင်းယွီက အော်ဟစ်လိုက်ပြီး အဝေးမှနေ၍ သူ၏သမားရိုးကျဓားဖြင့် လေထုကိုထိုးခွင်းကာ ခုတ်ပိုင်းလိုက်သည်။

ကျီးလန်တောင်ကြား ခရီးစဉ်အတွင်း သူသည်လည်း ကြီးမားသော အကျိုးကျေးဇူးများကို ရရှိခဲ့သည်။ ယခုအချိန်၌ သူ၏ကျင့်ကြံဆင့်သည် ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။ သူ၏ဓားသည် တုန်ခါသွားပြီး ဆေဘာဓားချီအမြောက်အများသည် လေဟာနယ်ကို ထွင်းဖောက်သွားလေ၏။

ဤသည်မှာ သူ၏နာမည်ကျော် ဓားနည်းစနစ်ဖြစ်သော

"ဆောင်းဦးရွက်ကြွေဓားသိုင်း" ပင်။

သူ၏ ဆေဘာဓားကို တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ဆေဘာဓားချီများသည် ဆောင်းဦးရာသီမှ သစ်ရွက်ကြွေများအလား ခန့်မှန်းရခက်ပြီး ကာကွယ်ရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။

"အရမ်းအစွမ်းထက်တာပဲ..."

"တိုက်ခိုက်ရေး ကောင်းကင်ကံကြမ္မာဆိုတဲ့နာမည်နဲ့ တကယ့်ကို ထိုက်တန်တာပဲ.. တကယ်လို့ ငါသာ ရင်ဆိုင်ရရင် တိုက်ကွက်တစ်ဝက်ကိုတောင် ခံနိုင်မှာ မဟုတ်ဘူး"

ဓားနည်းစနစ်များနှင့် ဆေဘာဓားနည်းစနစ်များဟူသည့် နှစ်မျိုးလုံးသည် တိုက်ခိုက်ရေးစွမ်းရည် မြင့်မားသော ကောင်းကင်ကံကြမ္မာများပင်။ တုရှင်းယွီသည် မြင့်မားသော ကျင့်ကြံဆင့် ရှိပြီးသားဖြစ်ရာ သူ စွမ်းအားအပြည့် ထုတ်သုံးလိုက်ချိန်တွင် ပတ်ဝန်းကျင်မှ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။

ကျန်းရွှမ် အရေးနိမ့်တော့မည်ဟု လူများအားလုံး ထင်မှတ်နေချိန်တွင် သူသည် ခြေတစ်လှမ်း ရှေ့တိုးလိုက်ပြီး ထူးဆန်းသော ထောင့်တစ်နေရာမှ သူ၏ဓားကို ထိုးသွင်းလိုက်သည်အား သူတို့ မြင်တွေ့လိုက်ရသည်။

ဤလှုပ်ရှားမှုသည် မြန်ဆန်ခြင်းမရှိသည့်အပြင် တောက်ပသော ဓားချီစွမ်းအင်လည်း မပါရှိချေ။ သို့ရာတွင် ထိုဓားချက်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် တုရှင်းယွီ၏ခံစစ်ကို ဖောက်ထွက်ကာ သူ၏အရှေ့သို့ ရောက်ရှိသွားသည်။

"မင်း..."

တုရှင်းယွီ၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။ သူသည် တိုက်ခိုက်မှုကို ဆက်လက်၍မပြုလုပ်နိုင်တော့ဘဲ အလျင်အမြန် နောက်ဆုတ်ကာ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ အော်ဟစ်လိုက်၏။

"အခု တိုက်ခိုက်ကြတော့"

"ဟုတ်ကဲ့"

မလှမ်းမကမ်းမှ စုချန် ဝမ်လင်းရွှန် မုဟုန်တောက်နှင့် တခြားလူများသည် တွေဝေတုံဆိုင်းမနေတော့ဘဲ တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။

ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် ကျင့်ကြံသူလေးဦးနှင့် သတ္တမအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦးတို့ ပေါင်းစပ်လိုက်ရာ ပြင်းထန်သော လှိုင်းလုံးကြီးများကဲ့သို့ စွမ်းအားတစ်ရပ် ထွက်ပေါ်လာပြီး ကျန်းရွှမ်၏ရှေ့တွင် ကြီးမားသော အတားအဆီးတစ်ခု ဖြစ်ပေါ်လာလေသည်။

"လူတွေအများကြီးက ဂျူနီယာတစ်ယောက်ကို ဝိုင်းပြီးတိုက်ခိုက်နေကြတာ အရမ်းရှက်ဖို့ကောင်းတာပဲ..."

ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ဖုချင်းယောက်က ရှေ့သို့ ခုန်ထွက်လာသည်။

"အကြီးအကဲချင်းယောက်... မင်း ဒုက္ခခံနေဖို့ မလိုတော့ဘူး...ဒီလူပြက်လေးတွေလောက်ကတော့ ငါက လက်တစ်ဖက်တည်းနဲ့ အလွယ်တကူ ချေမှုန်းနိုင်တယ်..."

ကျန်းရွှမ်က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

သူ၏ကျင့်ကြံဆင့်သည် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူတို့နှင့် ယခင်က လက်ရည်ခြင်းယှဉ်ခဲ့ဖူးပေ၏။ ထိုကြောင့် ကောင်းကင်ဘုံစာကြည့်တိုက်သည် သူတို့၏အားနည်းချက်များကို မှတ်တမ်းတင်ထားပြီးဖြစ်ရာ သူသည် တခြားသူများ၏အကူအညီကို မလိုအပ်ချေ။

"နင်တစ်ယောက်တည်းနဲ့ ကိုင်တွယ်နိုင်ပါ့မလား"

ဖုချင်းယောက်သည် အနည်းငယ် စိုးရိမ်နေသော်လည်း သူမ၏စကား မဆုံးမီမှာပင် လူငယ်၏ဓားသည် ဝှစ်ခနဲလှုပ်ရှားသွားပြီး စုချန်၏လည်ပင်းကို ပိုင်းဖြတ်လိုက်သည်။

နောက်ထပ်အချိန်တစ်ခဏတွင် သူ၏လက်ဝါးမှ စွမ်းအားတစ်ရပ် ထွက်ပေါ်လာပြီး မုဟုန်တောက်၏ခန္ဓာကိုယ် လွင့်ထွက်သွားသည်။ သူသည် မြေပြင်ပေါ်သို့ မကျမီမှာပင် သူ၏ရင်ဘတ် ပေါက်ကွဲသွားလေ၏။

ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် ကျင့်ကြံသူနှစ်ဦး ချက်ချင်းဆိုသလိုပင် သေဆုံးသွားသည်။

ကျိုးယီမြို၏ အစွမ်းထက်ဆုံး ကျင့်ကြံသူများသည် သူ၏ရှေ့တွင် ကြက်ကလေး ခွေးကလေးများအလားဖြစ်နေပြီး ထည့်ပြောရန်ပင် မထိုက်တန်ချေ။

ထိုလူနှစ်ဦးကို သတ်ဖြတ်ပြီးနောက် ကျန်းရွှမ်က ရှေ့သို့ဆက်တိုးသွားသည်။ အေးစက်ငရဲဓားသည် ကောင်းကင်အစွန်းမှ တိမ်တိုက်များကဲ့သို့ လင်းလက်နေပြီး သက်တန့်ရောင်အလင်းတန်းများကို ရောင်ပြန်ဟပ်ကာ တောက်ပသော အရှိန်အဝါများကို ထုတ်လွှတ်ထားသည်။

"အား...."

တုရှင်းယွီသည် နောက်သို့ အဆက်မပြတ်ဆုတ်ခွာနေရပြီး သူ၏လက် ခြေထောက်နှင့် ရင်ဘတ်တို့မှ သွေးများ စီးကျလာကာ နာကျင်စွာ ညည်းတွားသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

သူသည် ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့် အထွတ်အထိပ်တွင်ရှိသော ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း တစ်ဖက်လူ၏တိုက်ခိုက်မှုကြောင့် အသက်ခုနစ်ရှိုက်း ရှစ်ရှိုက်စာ အချိန်အတွင်းမှာပင် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။

"ကြေးနီမီးပြင်းဖိုက မင်းရဲ့အပိုင်ပဲ... ငါတို့ မလိုချင်တော့ဘူး.... မိုပိုင်ယဲ့ကို မင်း သတ်ချင်ရင်လည်း သတ်လိုက်တော့..."

တုရှင်းယွီသည် ဆက်လက်၍ တောင့်ခံနေလျှင် သေဆုံးရတော့မည်ကို သိသဖြင့် မနေရဲတော့ဘဲ နောက်သို့ပြန်လှည့်ကာ ထွက်ပြေးလေသည်။ တစ်ချိန်တည်းမှာပင် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ ကြီးမားသော ကြေးနီမီးပြင်းဖိုကြီး ထွက်ပေါ်လာပြီး ကျန်းရွှမ်ထံသို့ တန်းတန်းမတ်မတ် ပစ်ပေါက်လိုက်သည်။

သူသည် ကျန်းရွှမ်မှ မီးပြင်းဖိုအားကို ဖမ်းယူနေသည့် အချိန်အခိုက်အတန့်ကို အခွင့်ကောင်းယူပြီး ထွက်ပြေးရန် ရည်ရွယ်ထားပုံရသည်။

သို့ရာတွင် သူ တွက်ကိန်းမှားသွားခဲ့သည်။

ကြေးနီမီးပြင်းဖိုကြီး သူ့ထံသို့ ပျံ့လွင့်လာသည်ကို မြင်တွေ့ချိန်၌ ကျန်းရွှမ်သည် ဖမ်းယူရန် မဆိုထားနှင့် လှည့်ကြည့်ခြင်းပင်မပြုဘဲ နံဘေးသို့ ခုန်ရှောင်လိုက်၏။ ထို့နောက် သူ၏ဓားချက်သည် ကြယ်ကြွေတစ်စင်းအလား ထပ်မံ၍ ကျဆင်းသွားသည်။

ဝှစ်..

တုရှင်းယွီ၏မျက်လုံးများသည် ထိတ်လန့်ကြောက်ရွံမှုကြောင့် ပြူးကျယ်သွားပြီး သူ၏နဖူးမှ သွေးများယိုစီးကျလာကာ သူ၏ခန္ဓာကိုယ် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

နောက်ထပ်အချိန်တခဏတွင် ကျန်းရွှမ်သည် ထိုအလောင်းများထံမှ သိုလှောင်လက်စွပ်များကို သိမ်းဆည်းလိုက်သည်။

လူသေသွားပြီဖြစ်၍ ပစ္စည်းများကို အလဟဿ မဖြစ်စေသင့်ချေ။

ဓားတစ်သောင်းမဟာမိတ်အဖွဲ့မှ အစွမ်းထက်ကျင့်ကြံသူတစ်ဦးတွင် တန်ဖိုးရှိသော ရတနာများ မရှားပါးနိုင်ပေ။

"အားလုံး အတူတူ တိုက်ခိုက်ကြ... ဒီကျန်းရွှမ်က တကယ်တော့ ဖရိုဖရဲ.."

တုရှင်းယွီ သေဆုံးသွားသည်ကို မြင်လိုက်ရသဖြင့် သူ၏အလှည့် ရောက်တော့မည်ကို သိရှိသောကြောင့် မိုပိုင်ယဲ့က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သို့ရာတွင် "ကျင့်ကြံသူ"ဟူသော စကားလုံးသည် သူ၏ပါးစပ်မှ မထွက်သွားမီမှာပင် ဓားတစ်ချောင်းသည် သူ၏လည်ပင်းသို့ စိုက်ဝင်လာပြီး မရပ်မနား တုန်ခါနေလေ၏။

ဤသည်မှာ ကျန်းရွှမ်သည် မိုပိုင်ယဲ့ စကားပြောသည်ကို မြင်သည်နှင့် သူ၏လက်ထဲမှဓားကို ပစ်လွှတ်လိုက်ခြင်းပင်။

ဤဓားသည် ကြယ်ကြွေသည့်အမြန်နှုန်းဖြင့် ရွေ့လျားသွားပြီး မိုပိုင်ယဲ့သည် စကားမြန်မြန်ဆန်ဆန် ပြောနေသော်လည်း အဆုံးမသတ်နိုင်ခဲ့ချေ။

သူ၏မျက်လုံးများ ပြူးကျယ်နေပြီး နောက်ဆုံးစကားလုံးသုံးလုံးကို ပြောရန် အသည်းအသန် ကြိုးစားနေသော်လည်း သူ၏လည်ပင်းမှ လေများထွက်နေပြီး မည်သည့်စကားကိုမျှ မပြောနိုင်တော့ပေ။

ဘုန်း...

သူ၏ ခန္ဓာကိုယ်သည်လည်း မြေပြင်ပေါ်သို့ လဲကျသွားပေ၏။

သူ သေလုဆဲဆဲအချိန်တွင် နားလည်သဘောသွားသည်မှာ အကယ်၍ သူသည် တစ်ဖက်လူ၏ကျင့်ကြံခြင်းနည်းစနစ်များကို မလိုချင်ခဲ့လျှင် သူ ဤကဲ့သို့ ဆိုးရွားသော အဆုံးသတ်မျိုးနှင့် ကြုံတွေ့ရမည် မဟုတ်ချေ။

"ကောင်းပြီလေ... ငါ့ကို သတ်ချင်တဲ့သူ ရှိသေးလား"

မိုပိုင်ယဲ့နှင့် သူ့အား ကူညီပေးသူများကို သတ်ဖြတ်ပြီးနောက် ကျန်းရွှမ်က ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်ကာ သူ၏မျက်လုံးအကြည့် အေးစက်တင်းမာနေသည်။ အချိန်တခဏအကြာတွင် သူ၏မျက်လုံးအကြည့်သည် ဝါးတောဂိုဏ်း၏ သူတော်စင်မိန်းမပျိုဖြစ်သော မုရှောင်ချင်းအပေါ်သို့ ကျရောက်သွားပေ၏။

"ကျွန်မ..."

မုရှောင်ချင်း၏မျက်နှာ ဖြူဖျော့သွားပြီး နောက်သို့ဆုတ်လိုက်သည်။

သူမ၏ဂိုဏ်းချုပ် အသတ်ခံရပြီး အရင်းအမြစ်များ လုယူခံရသည့်အတွက် သူမ လက်စားချေသင့်ပေ၏။ သို့ရာတွင် ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့် အထွတ်အထိပ်ကျင့်ကြံသူဖြစ်သော တုရှင်းယွီပင်လျှင် လွယ်လင့်တကူ အသတ်ခံလိုက်ရသည်ကို သူမ မျက်မြင်တွေ့ခဲ့ရသည်။ ထိုကြောင့် သူမ၏စွမ်းအားဖြင့် နောက်ထပ်နှစ်ပေါင်းနှစ်ဆယ် လေ့ကျင့်လျှင်ပင် ကျန်းရွှမ်ကို ယှဉ်နိုင်မည် မဟုတ်ကြောင်း သူမ သိလိုက်သည်။

"ကျွန်မက ဝါးတောဂိုဏ်းက အရင်းအမြစ်တွေအားလုံးကို ပေးအပ်ပြီးတော့ ကျွန်မကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်"

မုရှောင်ချင်းသည် နှုတ်ခမ်းကိုက်ထားပြီး သူမ၏သိုလှောင်လက်စွပ်ကို ချွတ်ကာ ကျန်းရွှမ်ထံသို့ လက်ကမ်းပေးလိုက်၏။

ဤအမျိုးသမီးသည် အခြေအနေကို နားလည်သဘောပေါက်ကြောင်း မြင်လိုက်ရသဖြင့် ကျန်းရွှမ်သည် စကားအပို မပြောလိုတော့ချေ။ သူသည် ထိုသိုလှောင်လက်စွပ်ကိုယူပြီးနောက် ရွှမ်ကမ္ဘာထဲသို့ ပေါ့ပေါ့ပါးပါး ပစ်ထည့်ကာ လက်ဝှေ့ယမ်းပြလိုက်သည်။

သူသည် သူ့ကို သတ်ချင်သူများကိုသာ ပစ်မှတ်ထားခြင်းဖြစ်ပြီး သူမသည် အမှန်တကယ် ဝင်ရောက်တိုက်ခိုက်ခြင်း မရှိသဖြင့် သူမကို အပြစ်တင်မနေတော့ချေ။

ပုန်းကွယ်နေသော ခြိမ်းခြောက်နိုင်မှုများကို ဖြေရှင်းပြီးနောက် ကျန်းရွှမ်က သက်ပြင်းချလိုက်ပြီး တုရှင်းယွီ ပစ်ပေါက်လိုက်သော ကြေးနီမီးပြင်းဖိုကြီးကို ကြည့်လိုက်သည်။ ထိုအချိန်မှာပင် ရှန်လင်းက သတိကြီးစွာထား၍ ချဉ်းကပ်လာသည်။

"ကျန်းရွှမ်... ငါတို့ရဲ့ အရင်သဘောတူညီချက်အရဆိုရင် ဒီကြေးနီမီးပြင်းဖိုက ငါ့ရဲ့အပိုင် ဖြစ်သင့်တယ် မဟုတ်လား"

ယခင်က သူ့ရှေ့မှလူသည် အရည်အချင်း အနည်းငယ်ရှိသော မျိုးဆက်သစ်လူငယ်တစ်ဦးဖြစ်ကာ ကံကောင်းထောက်မစွာဖြင့် စွမ်းအားအနည်းငယ် ရရှိထားသူဟု ထင်မှတ်ခဲ့ပြီး သူ အလေးအနက် မထားခဲ့ချေ။ သို့ရာတွင်

ယခုအချိန်၌ တစ်ဖက်လူသည် ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူနှစ်ဦးနှင့် ဆဋ္ဌမအဆင့် အထွတ်အထိပ် ကျင့်ကြံသူများကို အသက်ရှူချိန် အနည်းငယ်အတွင်း ဆက်တိုက် သတ်ဖြတ်ခဲ့သည်ကို သူ မြင်တွေ့လိုက်ရသည်။ ထိုကြောင့် သူသည် ကျန်းရွှမ်ကို လျှော့တွက်ရဲခြင်း မရှိတော့ပေ။ ထိုအစား သူ၏စိတ်ထဲတွင် ကျန်းရွှမ်ကို ကြီးမားသော ခြိမ်းခြောက်နိုင်မှုတစ်ခုအဖြစ် ရှုမြင်လာခဲ့သည်။

"ရတယ်လေ... မင်း ယူသွားတော့"

ကျန်းရွှမ်က လက်ဟန်ပြရင်း ပြောဆိုလိုက်သည်။

All Chapters