ကောင်းကင်ကို မေးမယ်၊ အမတ ဆိုတာ ရှိလား
Vol. 5 Ch. 62
ဟွမ်သွမ့်ချီ များဖြင့် ပြုလုပ်ထားသော အကာအကွယ် အလွှာ၏ ခုခံမှုကြောင့် စုရွှမ်နှင့် လမ့်ရိုလီ တို့ နှစ်ဦးသည် ကြေးဝါအမတနန်းတော် ၏ အဓိက နေရာသို့ လျင်မြန်စွာ ရောက်ရှိသွားကြသည်။
ရုတ်တရက်...
စုရွှမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။
ရှေ့ဘက် နန်းတော် နံရံပေါ်တွင် တွန့်လိမ်ကောက်ကွေးနေသော စာလုံးကြီး အချို့ ရှိနေသည် ။
စာလုံးကြီးများမှာ သွေးကဲ့သို့ နီရဲနေပြီး ဂျင်ဆင်း အနီရောင်ဖြင့် ရေးထိုးထားသလိုလို ၊ သွေးစက်များဖြင့် ရေးထိုးထားသဟန်ရှိကာ ကောင်းကင်ကို ထိုးဖောက်မတတ် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် အာကာသ တစ်ခုလုံးကို လွှမ်းခြုံနေသည်။
“ကောင်းကင်ကို မေးမယ်၊ အမတ ဆိုတာ ရှိလား”
ဘုန်း...
ထိုစာလုံးရှစ်လုံးကို ဖတ်လိုက်မိသည်နှင့် စုရွှမ်သည် သူ၏ ဝိညာဉ်တွင်းနက်ထဲမှ တုန်ခါသွားမှုကို ချက်ချင်း ခံစားလိုက်ရ၏။
တုန်လှုပ်စရာ ကောင်းလွန်းတယ်...
ထိုစာလုံးရှစ်လုံးထဲမှနေ၍ ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တစ်ပါးသည် ထိုနေရာတွင် ဒူးထောက်လျက် ကိုယ်ခန္ဓာ တစ်ခုလုံးက သွေးများဖြင့် စွန်းထင်းနေကာ အသံကုန်ဟစ်၍ ကောင်းကင်ကို မော့ကြည့်ပြီး ဒေါသတကြီး အော်ဟစ်နေသည်ကို စုရွှမ်သည် မြင်ယောင်လိုက်မိသည်။
“ကောင်းကင်ကို မေးမယ်၊ အမတ ဆိုတာ ရှိလား”
ဘယ်သူလဲ... ဒီလောက်ထိ သတ္တိကောင်းတာ...
စုရွှမ်သည် အခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်သည်။
ထိုနေရာတွင် အရိုးစု တစ်ခုက ဒူးထောက်လျက် ရှိနေခဲ့သည် ။
စုရွှမ်သညိ အနားသို့ သွားကြည့်လိုက်ရာ ထိုသူသည် ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး မဟာဧကရာဇ် တစ်ပါး ဖြစ်ရန်ပင် အလွန် နီးစပ်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ဤအရိုးစုသည် ဤနေရာ၌ နှစ်ပေါင်း မည်မျှ ကြာခဲ့သည် မသိရသော်လည်း ကမ္ဘာမြေကို လွှမ်းမိုးနိုင်သော အရှိန်အဝါမျိုး ထွက်ပေါ်နေဆဲပင်။
အံ့သြစရာ ကောင်းလိုက်တာ...
“အမတ ဖြစ်ဖို့ ဆိုတာ ပါရမီ ရင့်သန်တဲ့ ကောင်းကင်ပါရမီရှင် များစွာရဲ့ စွဲလမ်းမှု တစ်ခုပဲ... သူလည်း အမတ ကံကြမ္မာ ကို ရှာဖို့ နန်းတော်ထဲ ဝင်လာခဲ့တာလား...”
စုရွှမ်၏ နက်ရှိုင်းသော မျက်လုံးများထဲတွင် အလင်းရောင်များ တောက်ပလာပြီး တီးတိုး ရေရွတ်လိုက်မိသည်။
ကြေးနီအမတနန်းတော် ကျဆုံးသွားသော ဤအရိုးစုများ အားလုံးသည် တစ်ချိန်က အလွန် ထူးချွန်ပြောင်မြောက်ခဲ့သော ပုဂ္ဂိုလ်များ ဖြစ်ကြပြီး အမတ လမ်းစဉ်၏ လျှို့ဝှက်ချက်ကို ချောင်းမြောင်း ကြည့်ရှုလိုခဲ့ကြခြင်း ဖြစ်သည်။
ဤနေရာတွင် အသက်ဆုံးရှုံးခဲ့ရသည်မှာ တကယ်ပင် နှမြောစရာ ကောင်းလှ၏။
“အမတ ဖြစ်ခြင်း...” စုရွှမ်က တီးတိုး ရေရွတ်လိုက်သည်။
အမတ ဖြစ်ခြင်းနှင့် ပတ်သက်၍၊ စုရွှမ်တွင် ထိုမျှ နက်ရှိုင်းသော စွဲလမ်းမှု မရှိချေ။
အဘယ်ကြောင့်ဆိုသော် သူသည် သေချာပေါက် အမတ ဖြစ်လာမည်ဟု ယုံကြည်ထားသောကြောင့် ဖြစ်သည်။
သံသယ ဖြစ်စရာ မလို၊ ငြင်းခုံစရာ မလို။
ဤသည်မှာ စုရွှမ်၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဖြစ်သည်။
“ပါရမီ မမီဘူး၊ အရည်အချင်း မလုံလောက်ဘူး၊ အမတ ဖြစ်ဖို့ ခက်ခဲတယ်၊ နောက်ဆုံးတော့ တစ်မျှင်လေး လိုသွားတာပဲ...”
လမ့်ရိုလီ သည် သူမ၏ နှုတ်ခမ်းနီပါးလေးကို ဖွင့်ဟပြီး တိုးတိုးလေး ပြောလိုက်၏။ လေသံက ပေါ့ပါးလွန်းလှသည်။
ဒီလေသံက...
စုရွှမ်သည် အနည်းငယ် ကြောင်သွားပြီး လမ့်ရိုလီကို ကြည့်လိုက်သည်။
ငါ့မိန်းမက အမတ ဝင်စားတာများလား...
ဤနေရာသို့ ရောက်သောအခါ ဟွမ်သွမ့် မြူခိုး များသည် ပိုမို ပြင်းထန်လာပြီး ချမ်းသွမ့်အဆင့် ကျင့်ကြံသူ တစ်ဦးကို အလွယ်တကူ ချေမှုန်းပစ်နိုင်လောက်သည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် စုရွှမ်၏ ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ မှ ထုတ်လွှတ်သော ဟွမ်သွမ့်ချီ များ ရှိနေသဖြင့် ခုခံထားနိုင်ခဲ့သည်။
“ကောင်းကင်ကို မေးမယ်၊ အမတ ဆိုတာ ရှိလား... ဒါ ဘယ် ပါရမီရှင်ကြီးက ဒီနေရာအထိ ရောက်လာပြီး ညည်းတွားခဲ့တာလဲ...”
ရုတ်တရက် အသံနက်ကြီး တစ်သံက ဟင်းလင်းပြင်၏ တိတ်ဆိတ်ငြိမ်သက်မှုကို ဖြိုခွင်းလိုက်သည်။
စုရွှမ်သည် နောက်သို့လှည့်ကြည့်လိုက်ရာ မျက်လုံးထဲတွင် အရောင်တစ်ချက် ဝင်းလက်သွား၏။
“အစ်ကိုဝူတိ...?”
ကြည့်ရတာ တစ်ဖက်လူက တကယ်ပဲ စွမ်းရည်ရှိပုံရတယ်... ဒါ့ကြောင့်လည်း ဒီနေရာထိ ဒီလောက် မြန်မြန် ရောက်လာနိုင်တာကိုး...
“အစ်ကိုစုရွှမ်...?” ဝူတိ ၏ မျက်လုံးများလည်း တောက်ပသွားသည်။
သိသာထင်ရှားသည်မှာ စုရွှမ်သည် ဤမျှ မြန်မြန် နေရာသို့ ရောက်လာလိမ့်မည်ဟု ဝူတိ ထင်မှတ်မထားခဲ့ခြင်း ဖြစ်နိုင်သည်။
“အစ်ကိုစုရွှမ်... ခင်ဗျားက တကယ်ကို သာမန် မဟုတ်ဘူးပဲ...”
ဝူတိသည် အလွန် စိတ်လှုပ်ရှားနေပြီး ခြေလှမ်းကျဲကြီးများဖြင့် စုရွှမ် ရှိရာသို့ လျှောက်လာကာ မျက်နှာတွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။
အရင်တုန်းကတည်းက သူ သိခဲ့သည်။
သူ၏ ပြိုင်ဘက်သည် တစ်ယောက်တည်းသာ ရှိသည်။
ထိုသူမှာ စုရွှမ် ပင်။
အခု ကြည့်ရတာ တကယ် ဟုတ်နေပုံရတယ်..
ဘေးနားက လမ့်ရိုလီသည် စုရွှမ် နှင့် အတူပါလာသဖြင့် ၊ စုရွှမ် မှ ကာကွယ်ပေးထားရသူဟု ယူဆကာ သိပ်အရေးမလုပ်တော့ပေ။
“အစ်ကိုစုရွှမ်... ဒီ စာလုံးရှစ်လုံးကို မြင်ရတာ ဘယ်လို ခံစားရလဲ...” ဝူတိက စုရွှမ်ကို မေးလိုက်သည်။
“ဘာ ခံစားရလဲ ဟုတ်လား...”
စုရွှမ်သည် အနည်းငယ် ကြောင်အမ်းသွားသည်။
ခေတ္တမျှ စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ဒီ စာလုံးကြီးရှစ်လုံးထဲကနေ... ပြိုင်ဘက်ကင်း ထူးချွန်တဲ့ မဟာဧကရာဇ် တစ်ပါး... အဲဒီနေရာမှာ ဒူးထောက်ပြီး အမတ မဖြစ်ခဲ့ရတဲ့ မကျေနပ်ချက်တွေကို ကောင်းကင်ကို မော့ပြီး ပြောပြနေတာ တွေ့လိုက်ရတယ်...
ဒါပေမဲ့ နောက်ဆုံးတော့ ကျရှုံးခဲ့ပြီး ဖုန်မှုန့် ဖြစ်သွားရတယ်... သမိုင်းက မေ့လျော့ခြင်း ခံလိုက်ရပြီး ဝမ်းနည်းစရာ ခေတ်တစ်ခေတ်ရဲ့ နိဒါန်း ဖြစ်သွားရတာပေါ့...”
စုရွှမ်က သူ၏ ခံစားချက်ကို အလေးအနက် ပြောပြလိုက်သည်။
အိုင်း...
စုရွှမ်၏ စကားကြောင့် ဝူတိသည် လေအေးများကို ရှူရှိုက်လိုက်မိသည် အထိ ဖြစ်သွား၏။
ဤကဲ့သို့ နက်ရှိုင်းသော နားလည်မှုမျိုးက လူငယ်တစ်ယောက်အနေဖြင့် ခံစားလို့ ရနိုင်သော အရာပေလော...
“ဒါဆိုရင် အစ်ကိုစုရွှမ်... အမတ ဖြစ်ဖို့ ဒီလောက် ခက်ခဲတာကို မြင်ရတော့... ထူးချွန်ပြောင်မြောက်ပြီး တောက်ပတဲ့ မဟာဧကရာဇ် တောင်မှ အမတ လမ်းစဉ်မှာ သေဆုံးခဲ့ရတာတောင်.. ခင်ဗျားအနေနဲ့ အဲဒီ မရေရာတဲ့ အမတ ကံကြမ္မာ ကို လိုက်ရှာနိုင်ဦးမယ်လို့ ထင်နေတုန်းလား...”
ဝူတိက ဆက်မေးလိုက်သည်။
ထိုမေးခွန်းကို မေးလိုက်သည်နှင့် ရောတစ်ခုလုံး တိတ်ဆိတ်သွားသကဲ့သို့... အသံတစ်သံမှ ထွက်မလာတော့ချေ။
ဒီမေးခွန်းက တော်တော် လေးနက်လွန်းတယ်...
ဘယ်လောက်ပင် ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်ပါစေ ၊ ဤမေးခွန်းနဲ့ ကြုံပါက ဖိနှိပ်ခံရသော ခံစားချက်မျိုးကို ရသွားနိုင်သည်။
အမတ မဖြစ်ရင် သေရမယ်... မြေမှုန့် ဖြစ်သွားမယ်... အချိန်ကာလရဲ့ ဖုံးကွယ်ပစ်ခြင်းကိုခံရမယ်...
ထိုမေးခွန်းကို ကြားသည်နှင့် လမ့်ရိုလီသည်လည်း စုရွှမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူမသည် သူ၏အမြင်ကို နားထောင်လိုပုံရသည်။
အမတ ဖြစ်ချင်ရင် ကိုယ် အမတ ဖြစ်မယ် ဆိုတာ ယုံကြည်ရမယ်... ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့် ရှိရမယ်... ဒီလမ်းစဉ်အပေါ် စွဲလမ်းမှု ရှိရမယ်...
မဟုတ်ရင် ဘယ်လောက် ပါရမီ ကောင်းကောင်း... လုံးဝ အမတ မဖြစ်နိုင်ဘူး...
“ကျုပ် သေချာပေါက် အမတ ဖြစ်မယ်... သံသယ ဖြစ်စရာ မလိုဘူး... အမတ ကံကြမ္မာ မရရင်တောင် ကျုပ်က အမတ ဖြစ်မှာပဲ...”
နောက်တစ်စက္ကန့်တွင် တည်ငြိမ်ပြီး ယုံကြည်မှုရှိသော အသံတစ်သံက ကြေးနီအမတနန်းတော်၌ ထွက်ပေါ်လာ၏။
ချက်ချင်းပင် ၊ ဟင်းလင်းပြင် တစ်ခုလုံး အေးခဲသွားသလို ဖြစ်သွားသည်။
ဝူတိသည် စုရွှမ်ကို အံ့သြတကြီး စိုက်ကြည့်နေပြီး အတော်ကြာတဲ့အထိ စကားမပြောနိုင်ခဲ့ချေ။
သေချာပေါက် အမတ ဖြစ်မယ်တဲ့...
စုရွှမ် မှာ ဒီလောက်ထိ ပြင်းထန်တဲ့ ယုံကြည်မှုမျိုး ရှိတာလား...
နတ်ဘုရားရင်းမြစ်ထဲတွင် နှစ်သောင်းချီ ပိတ်လှောင်ပြီး ကျင့်ကြံခဲ့သော ဝူတိကဲ့သို့သော ပါရမီရှင်ပင်လျှင် ဤကဲ့သို့စကားမျိုး မပြောရဲချေ...
အမတ ဆိုတာ ဝိုးတဝါး စကားလုံး တစ်ခုပဲ... ရှေးဟောင်း သမိုင်းတွေထဲမှာပဲ ရှိတာ... လက်ရှိလောကမှာ မရှိဘူး... ဘယ်သူမှ တကယ် မမြင်ဖူးဘူး...
အမတ ဖြစ်သွားရင် ဒီကမ္ဘာက လက်မခံတော့ဘဲ ပိုမြင့်တဲ့ ကမ္ဘာကို ပျံတက်သွားရမယ်...
“ခင်ဗျား ဘယ်လိုလုပ် ဒီလောက်ထိ ယုံကြည်မှု ရှိရတာလဲ...”
အကြာကြီး တိတ်ဆိတ်ပြီးနောက် ဝူတိသည် သံသယဖြင့် မေးလိုက်သည်။
“လက်ရှိ ကျုပ်က...သေချာပေါက် ပြိုင်ဘက်ကင်း ဖြစ်ရမယ်...”
“အနာဂတ် ကျုပ်က... ပြောင်းလဲခြင်း တစ်ခု ဖြစ်လာပြီး... ထာဝရ တစ်ဦးတည်းသော သူ ဖြစ်ရမယ်...”
“ ပြောကြည့် ကျုပ်သာ အမတ မဖြစ်ရင် ဘယ်သူ ဖြစ်နိုင်မလဲ...”
စုရွှမ်သည် ခုနကလိုပဲ တည်ငြိမ်ပြီး ယုံကြည်မှု ရှိရှိ ပြောလိုက်သည်။သူ့မျက်နှာပေါ်တွင် မည်သည့်လှုပ်ရှားမှုမှ သိပ်မရှိပေ။
အမ်...
စုရွှမ်၏ စကားကို ကြားလိုက်ရချိန်တွင် ဝူတိမှာ လုံးဝ မှင်တက်သွားသည်။
ဒီလောက် ယုံကြည်မှု ရှိတဲ့ ကောင်းကင်ပါရမီရှင်မျိုး သူ တစ်ခါမှ မတွေ့ဖူးဘူး...
ထိုအချိန်တွင် ဝူတိ တင်မက လမ့်ရိုလီပင်လျှင် အံ့သြသွားသည်။
လမ့်ရိုလီ သည် အံ့ကို တင်းတင်းကြိတ်ကာ စုရွှမ်ကို စိုက်ကြည့်လိုက်သည်။
သူ့မျက်နှာပေါ်တွင် တုံ့ဆိုင်းခြင်း၊ ကြောက်ရွံ့ခြင်း စသည့်အရာများ ရှိနေမလားဟု ရှာဖွေနေပုံရသည်။
သို့သော် သိသာသည်မှာ သူမ ဘာမှ မတွေ့ခဲ့ချေ။
စုရွှမ်၏ မျက်နှာပေါ်တွင် စကားလုံး နှစ်လုံးသာ ရှိသည်... ဤသည်မှာ --
ယုံကြည်မှု...
“သူ တကယ်ပဲ ယုံကြည်မှု ရှိတာပဲ... ငါ သူ့ကို ပထမဆုံး စတွေ့တုန်းကလိုပဲ...”
လမ့်ရိုလီသည် အတွေးတွင် ပြန်လည် စီးဆင်းသွားပြီး ကောင်းကင်ဘုံကိုးခုမြင့်မြတ်နန်းတော်တွင် စုရွှမ် ပြောခဲ့ဖူးသော စကားလုံးများကို သတိရသွားသည်။
“မကြာခင်မှာပဲ... ငါက ကောင်းကင်ပါရမီရှင် အကုန်လုံးကို ဖယ်ရှားပြီး လောကမှာ ပြိုင်ဘက်ကင်း ဖြစ်စေရမယ်...”
အခု သူ တကယ်ပဲ လုပ်နိုင်ခဲ့ပြီ ထင်ပါရဲ့...
ထိုအရာကို တွေးမိပြီး လမ့်ရိုလီ၏ရင်ထဲတွင် တုန်လှုပ်သွားသည်။
ဒါဆိုရင်... အနာဂတ်မှာ စုရွှမ် သူမပြောခဲ့သလိုပဲ တကယ် ဖြစ်လာနိုင်မလား...
သေချာပေါက် ပြိုင်ဘက်ကင်း ဖြစ်ပြီး... ပြောင်းလဲခြင်း တစ်ခု ဖြစ်လာကာ... ထာဝရ တစ်ဦးတည်းသော သူ...
…