← Chapters

ယင်ယန် သေခြင်းရှင်ခြင်းတံခါး

Vol. 5 Ch. 65

ယင်ယန် သေခြင်းရှင်ခြင်းတံခါး

Vol. 5 Ch. 65

လူတိုင်း စုရွှမ်နောက်သို့ လိုက်ပါသွားကြပြီး မကြာမီ ခြေလှမ်းများ ရပ်တန့်သွားကြသည်။

အကြောင်းမှာ...

ရှေ့တွင် ဆန်းကြယ်သော တံခါးပေါက်တစ်ခု ပေါ်လာသောကြောင့် ဖြစ်သည်။

တံခါးပေါက်တွင် ထိုက်ကျိပုံစံ ယင်တစ်ဝက်၊ ယန်တစ်ဝက် ပါရှိပြီး ၊ ယင်နှင့် ယန် ပေါင်းစပ်နေသည်မှာ အသက်နှင့် သေဆုံးခြင်းကို ယှဉ်တွဲ‌ဖော်ပြခြင်းပင် မဟုတ်လော။

“ဒါ ဘာလဲ...” စုရွှမ်၏ခြေလှမ်းများ ရပ်တန့်သွားသည်။

တခြားလူများလည်း ထိုတံခါးပေါက်ကို မြင်သောအခါ ကြောင်အမ်းသွားကြပြီး ၊ ဘာကိုဆိုလိုသည်ကို မသိကြပေ။

ထိုတံခါးပေါက်မှ မှိန်ဖျဖျ ရတနာအလင်းရောင်များကို ထုတ်လွှတ်နေပြီး အလွန် ထူးခြားဆန်းကြယ်ကာ လျှို့ဝှက်နက်နဲမှုကို ဖော်ပြနေ၏။

“ဒါက ယင်ယန် သေခြင်းရှင်ခြင်းတံခါး ပဲ... တစ်ဝက်က ယင်၊ တစ်ဝက်က ယန်... ရှန်သန်ခြင်း နဲ့ သေဆုံးခြင်း က တစ်ဝက်စီ ရှိနေတယ်...”

လူတိုင်း သံသယ ဖြစ်နေကြစဉ် ၊ ကောင်းကင်မှ သီချင်းသံကဲ့သို့ သာယာသော အသံတစ်ခုသည် ဟင်းလင်းပြင်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုသူမှာ လမ့်ရိုလီ ပင် ဖြစ်၏။

လူတိုင်းက လမ့်ရိုလီ ကို လှည့်ကြည့်လိုက်ကြပြီး ၊ ၎င်းတို့၏မျက်လုံးများထဲတွင် သံသယများဖြင့် ပြည့်နှက်နေသည်။

...ဒီအမျိုးသမီးက ဘယ်လိုလုပ်ပြီး ကြေးနီအမတနန်းတော် ထဲက ပစ္စည်းတွေကို သိနေတာလဲ...

ကြေးနီအမတနန်းတော် ဆိုတာ ရှေ့ပိုင်းစွန့်ပစ်နယ်မြေ ရဲ့ ထူးဆန်းအံ့ဖွယ် ဒဏ္ဍာရီ ခုနစ်ခုထဲက တစ်ခုလေ...

အထဲဝင်သွားတဲ့ ကောင်းကင်ပါရမီရှင် အများစုက အထဲမှာပဲ သေကုန်ကြတာ...

အသက်ရှင်လျက် ပြန်ထွက်လာနိုင်တဲ့ ကောင်းကင်ပါရမီရှင် တွေကလည်း ဒီအကြောင်း လုံးဝ ပါးစပ်မဟကြဘူး...

ဒါကြောင့် လူတွေက ကြေးနီအမတနန်းတော် အကြောင်း သိတာ သိပ်နည်းတယ်...

ဒါဆိုရင် စုရွှမ် ဘေးနားက ဒီအမျိုးသမီးက ကြေးဝါအမတနန်းတော် အကြောင်း ဘယ်လိုလုပ်ပြီး နားလည်နေတာလဲ...

သူမက ဘယ်သူလဲ... ဘယ်က လာတာလဲ...

“မင်းက ဘယ်သူလဲ... ဘာအဆင့်အတန်း ရှိလဲ...”

ဖာဟိုင်သည် လမ့်ရိုလီ ကို စိုက်ကြည့်ကာ အေးစက်စွာ မေးလိုက်သည်။

ထိုအချိန်တွင် လူတိုင်း၏ အကြည့်များက လမ့်ရိုလီ ထံသို့ ရောက်ရှိနေသဖြင့် လမ့်ရိုလီမှာ အနည်းငယ် ကြောင်သွားသည်။

“ငါ့အဆင့်အတန်းက မင်းတို့နဲ့ ဘာဆိုင်လို့လဲ...” လမ့်ရိုလီ က အေးစက်စွာ ပြန်ဖြေလိုက်သည်။ သူမ၏မျက်နှာသည် နှင်းခဲများ ဖုံးလွှမ်းနေသကဲ့သို့ အေးစက်လှပေသည်။

“ဒကာမလေးကို ကျုပ် တရားချပေးရလိမ့်မယ်...”

ဖာဟိုင်က ပြောလိုက်သည်။ သူ၏လေသံမှာ ခိုင်မာပြတ်သားသည်။

ဘုန်း...

ဖာဟိုင် အသံထွက်လာပြီး နောက်တစ်စက္ကန့်တွင်...

လက်သီးရောင်ခြည်တစ်ခုက ဘုန်းခနဲ ကျဆင်းလာပြီး ၊ ဖာဟိုင်ကို အသားစ အဖြစ် ချက်ချင်း ပြောင်းလဲပစ်လိုက်သည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

လူတိုင်း မျက်လုံးပြူးသွားကြသည်။ အကြည့်များက ကြောင်တောင်တောင် ဖြစ်နေပြီး ၊ သူတို့၏ ကိုယ်ခန္ဓာများသည် တောင်ကြီးတစ်လုံး၏ ဖိနှိပ်မှုကိုခံထားရသကဲ့သို့ အသက်ရှူရန်ပင် ခက်ခဲကာ တောင့်‌တောင့်ကြီး ဖြစ်နေသည်။

လမ့်ရိုလီ ပင်လျှင် လန့်သွားပြီး ဘေးနားရှိ လူငယ်ကို ကြည့်ကာ ရင်ထဲတွင် တုန်ခါသွားသည်။

မှန်၏။ စုရွှမ် လက်စွမ်းပြလိုက်ခြင်း ပင်ဖြစ်သည်။

“ငါ့မိန်းမကို တရားချချင်တယ် ဟုတ်လား... ရယ်စရာပဲ... ဒါက မင်း တရားချနိုင်တဲ့ အရာလား...”

စုရွှမ်၏ အေးစက်သော အသံသည် ဟင်းလင်းပြင်ထဲတွင် ပဲ့တင်ထပ်သွားရာ၊ ထိုနေရာရှိ လူတိုင်း ရင်ထဲတွင် တင်းကျပ်စွာဖြင့် တံတွေးများ မျိုချလိုက်ကြသည်။

မည်သူမျှ စုရွှမ်ကို မေးခွန်းမထုတ်ရဲသလို၊ ပြန်လည်တုံ့ပြန်ပြောဆိုရန် သတ္တိမရှိပေ။

ဤဖိအားသည် အလွန်ကို ပြင်းထန်လွန်းလှသည် မဟုတ်လော။

“ငါ နားမထောင်ချင်တဲ့ စကားမျိုး ထပ်ပြောတဲ့ကောင် ရှိရင်... ဟမ်...”

စုရွှမ်သည် မျက်ခုံးပင့်လိုက်ပြီး မြေကြီးပေါ်ရှိ အသားစများကို ညွှန်ပြလိုက်သည်။

“သူ့လိုပဲ ဇာတ်သိမ်းသွားလိမ့်မယ်...”

မည်သူမျှ မေးခွန်းမထုတ်ရဲ၊ တိတ်ဆိတ်ငြိမ်သက်နေကြသည်။

“စုရွှမ် ဒီကောင်က တော်တော် ကြည့်ကောင်းတာပဲ...”

စုရွှမ်၏ မာန်ပါသော စကားများနှင့်အတူ ဖြောင့်စင်းသန့်ပြန့်သော မျက်နှာထားတို့ကို ကြည့်ရင်း ဧကရီ ဝင်စားသည့် လမ့်ရိုလီ ပင်လျှင် ရင်ထဲ၌ လှိုင်းဂယက်များ ထသွားသည်။

ဒါက အကာအကွယ် ပေးခံရတဲ့ ခံစားချက်ဆိုတာလား...

စုရွှမ်သည် ကျိုးကြောင်းဆီလျော်မှု၊ အမှန်တရားဘက်မှ ရပ်တည်ခြင်းမျိုးကို စိတ်မဝင်စားဘဲ ကိုယ့်လူကိုယ်သာ ကာကွယ်ပေးတတ်သည်။

လမ့်ရိုလီအနေဖြင့် ဤကဲ့သို့ခံစားချက်မျိုးကို ယခင်ဘဝတွင် သူမသည် တစ်ခါလေးမှ မခံစားခဲ့ဖူး‌ချေ။

ယခုဘဝတွင်မူ ၊ တွေ့ကြုံ ခံစားလိုက်ရသည်။

ဤခံစားချက်သည် အတော်လေး ကောင်းမွန်မှန်း သူမ သိလိုက်ရသည်။

ဘုန်းကြီးကတုံးကို ရှင်းလင်းပြီးနောက် စုရွှမ်သည် လမ့်ရိုလီ ကို ကြည့်လိုက်သည်။

“ရိုလီ... ငါတို့ ဘယ်ဘက် သွားသင့်သလဲ...”

လမ့်ရိုလီ သည် ဤယင်ယန် သေခြင်းရှင်ခြင်း တံခါး အကြောင်းကို သိနေသဖြင့် သူမ၏ အကြံဉာဏ်ကို မေးခြင်းက ပို၍ အမှန်ကန်ဆုံး ဖြစ်ပေလိမ့်မည်။

လမ့်ရိုလီက ခေါင်းခါလိုက်သည်။

“ငါလည်း မသိဘူး... ငါက ကြားဖူးရုံပဲ ရှိတာ... အသေးစိတ်တော့ မသိဘူး...”

ထိုစကားကို ကြားသောအခါ လူတိုင်း၏ မျက်နှာများမှာ လေးနက်သွားကြသည်။

သူတို့ထဲတွင် ဤယင်ယန်သေခြင်းရှင်ခြင်းတံခါး အကြောင်း သိသော တစ်ဦးတည်းသော သူပင်လျှင် ဘယ်ဘက်သွားရမည် မသိပါက ၊ သူတို့ ကျန်လူများအနေဖြင့် မည်သိုသိနိုင်တော့မည်နည်း။

“ဒါက သေခြင်းရှင်ခြင်း တံခါး ဆိုမှတော့... ငါတို့ ‘ရှင်သန်ခြင်း’ ကို ရွေးလိုက်ရင် မပြီးဘူးလား...”

ကျီဖူ မြင့်မြတ်သားတော် က ပြောလိုက်သည်။

“ဟုတ်သားပဲ... ငါတို့ ‘ရှင်သန်ခြင်း’ ကို ရွေးရင် အသက်ရှင်မှာပဲလေ...”

ဓားခန်းမ ဆက်ခံသူ ကလည်း ထိုသို့ ပြောလိုက်သည်။

ကောင်းကင်ပါရမီရှင် အများစုက ထိုသို့ တွေးကြသည်။ ဤသည်မှာ ရိုးရှင်းပြီး တိုက်ရိုက်ကျသည်။

“ငါတော့ အဲဒီလောက် မရိုးရှင်းဘူးလို့ ထင်တယ်... တခါတလေ ရှင်သန်ခြင်းက သေဆုံးခြင်း ဖြစ်နိုင်သလို သေဆုံးခြင်းကလည်း ရှင်သန်ခြင်းဖြစ်နိုင်တယ်...”

ဝူတိက ယင်ယန်သေခြင်းရှင်ခြင်းတံခါး ကို စိုက်ကြည့်ရင်း မျက်လုံးထဲတွင် အရောင်များ တောက်ပလျက် ပြောလိုက်သည်။

“ငါလည်း အဲဒီလိုပဲ ထင်တယ်... ဘယ်လိုလုပ် အဲဒီလောက် ရိုးရှင်းမှာလဲ...” ရွှေတောင်ပံဌက်မျိုးနွယ် ဘုရင်လေး က ထောက်ခံလိုက်သည်။

“အင်း...”

စုရွှမ်၏ ခန္ဓာကိုယ်ကို ဟွမ်သွမ့်ချီ များ လွှမ်းခြုံထားပြီး မျက်လုံးထဲတွင် လောကသုံးထောင် ကို ပုံဖော်နေကာ အလွန် ထူးခြားဆန်းကြယ်နေသည်။

သူသည် မည်သည့် စကားမှမပြောချေ။

ခေတ္တမျှ စဉ်းစားပြီးနောက်၊ စုရွှမ်၏ မျက်လုံးထဲမှ ဟွမ်သွမ့် အလင်းရောင်တစ်ခုသည် ရုတ်ချည်း ထွက်ပေါ်လာလေသည်။

“ရွေးချယ်ရမယ် ဟုတ်လား... ဘာလို့ ရွေးချယ်ရမှာလဲ...”

စုရွှမ်၏ လက်ထဲတွင် သူတော်စင်လက်နက် ဓားတစ်ချောင်း ရုတ်တရက် ပေါ်ထွက်လာသည်။

“ငါဆိုတဲ့ကောင်က... ရွေးချယ်ရတာ အမုန်းဆုံးပဲ...”

နောက်တစ်စက္ကန့်တွင် စုရွှမ်သည် သူတော်စင်ဓားကို မြှောက်လိုက်ပြီး ရှေ့သို့ အားကုန် ခုတ်ချလိုက်၏။

ဘုန်း...

ဖုန်မှုန့်များ ထသွားသည်။

ယင်ယန်သေခြင်းရှင်ခြင်းတံခါး ချက်ချင်းပင် ကြေမွသွားသည် ။

စုရွှမ်၏ လုပ်ရပ်ကြောင့် လူတိုင်း အံ့သြသွားကြပြီး မယုံကြည်နိုင် ဖြစ်သွားကြသည်။

စုရွှမ်သည် ယင်ယန်သေခြင်းရှင်ခြင်းတံခါး ကို အကြမ်းဖက်နည်းဖြင့် ဖြိုခွဲခဲ့လေသလော။

ဒီလောက်ထိ ကြမ်းတမ်းရတာလား...

အတော်ကြာမှ လူတိုင်း သတိပြန်ဝင်လာကြပြီး ဒီရေလှိုင်းကဲ့သို့ အာမေဋိတ်သံများ ထွက်ပေါ်လာကြသည်။

“တာယန် မြင့်မြတ်သားတော် က တကယ် မိုက်တာပဲ... ခွန်အားကြီးတာတင် မဟုတ်ဘူး... ဦးနှောက်ကလည်း တော်တော် ကောင်းတာပဲ...”

“ဟုတ်တယ်... ရွေးချယ်ရမယ် ဆိုတာက အန္တရာယ် ရှိတယ် ဆိုတဲ့ သဘောလေ... အဲဒီတော့ တံခါးကို တိုက်ရိုက် ဖြိုခွဲလိုက်တာက ပိုမကောင်းဘူးလား...”

“စုရွှမ် အစ်ကိုက တကယ် ဉာဏ်ကောင်းတာပဲ...”

ရှေ့ပိုင်းစွန့်ပစ်နယ်မြေ မှ ကောင်းကင်ပါရမီရှင် များသည် စုရွှမ်ကို မြှောက်ပင့်ပြောဆိုနေကြရာ စုရွှမ်ပင်လျှင် အားနာသလို ဖြစ်သွားသည်။

မင်းတို့ ကောင်တွေ လူကို အတော်မြှောက်တတ်တာပဲ...

လုံအောင့်ထျန်း သည် စုရွှမ်ကို လေးစားသော အကြည့်ဖြင့် ကြည့်လိုက်ပြီး သူ့ပေါင်သူ နောင်တဖြင့် ရိုက်လိုက်သည်။

ငါ ဘာလို့ ဒါကို မတွေးမိခဲ့တာပါလိမ့်...

ရွှေတောင်ပံဌက်မျိုးနွယ် ဘုရင်လေး လည်း ထိုနည်းလည်းကောင်းပင်။ သိပ်မကောင်းပုံရသော သူ့ဦးနှောက်ကြောင့် နောင်တရနေမိသည်။

ဝူတိ တစ်ယောက်သာ မျက်လုံးထဲတွင် ထူးခြားသော အရောင်တစ်ခု ဝင်းလက်သွားသည်။

ဒီ ယင်ယန်သေခြင်းရှင်ခြင်းတံခါး က ကြည့်ရတာ သာမန် မဟုတ်ဘူး... ငါသာ တိုက်ခိုက်ရင်တောင် ပွင့်ချင်မှ ပွင့်မှာ...

ဒါပေမဲ့ စုရွှမ်ကတော့ တိုက်ရိုက် ခုတ်ပိုင်းပစ်ခဲ့တယ်...

ယင်ယန်သေခြင်းရှင်ခြင်းတံခါး ပွင့်သွားပြီးနောက် ၊ စုရွှမ်တို့အဖွဲ့သည် အထဲသို့ ဝင်ရောက်သွားကြသည်။

ရှေ့တွင် ဖရိုဖရဲ ဖြစ်နေသည်ကို တွေ့ရပြီး မှိန်ဖျဖျ အမတ အလင်းရောင်များ ပျံ့လွင့်နေကာ တာအို တရားသံများ ဆက်တိုက် ပဲ့တင်ထပ်နေသကဲ့သို့ ရှိသည်။

ထိုခံစားချက်သည် အလွန် ဆန်းကြယ်ပြီး လူတိုင်း၏ အသိစိတ်ကို အလွန် ကြည်လင်သွားစေကာ လောကအရာရာကို ဉာဏ်အလင်းပွင့်သွားစေနိုင်သကဲ့သို့ ဖြစ်စေသည်။

စုရွှမ်သည် ခြေလှမ်းကျဲကြီးများဖြင့် တစ်လှမ်းချင်း လျှောက်လှမ်းသွားပြီး စိတ်ထဲတွင် သတိထားနေသည်။

ရှေ့တွင် နောက်ထပ် တံခါးပေါက်တစ်ခု ပေါ်လာပြန်သည်။၎င်းသည် အမတ အလင်းရောင်များဖြင့် တောက်ပနေသည်။

ထိုတံခါးပေါက်ကို မြင်လိုက်ရချိန်တွင် စုရွှမ်၏ ခေါင်းထဲ၌ အသံတစ်ခု ထွက်‌ပေါ်လာသည်။

“တင်လိုက်စမ်း... တင်လိုက်ရင် အမတ ဖြစ်နိုင်ပြီ...”

ထိုအသံသည် စုရွှမ်၏ ခေါင်းထဲတွင်သာ ပေါ်လာခြင်း မဟုတ်ဘဲ အခြား ကောင်းကင်ပါရမီရှင် များ၏ ခေါင်းထဲတွင်လည်း ပေါ်လာကာ လူတိုင်း ထိုအသံ၏ နှောင့်ယှက်ခြင်းကို ခံလိုက်ကြရသည်။

“မဟုတ်ဘူး... ထူးဆန်းတယ်...”

စုရွှမ်သည် လန့်သွားပြီး သတိပြန်ဝင်လာသည်။

ဘေးနားရှိ လမ့်ရိုလီ လည်း တစ်ကိုယ်လုံး တုန်ခါသွားသည်။

စုရွှမ်နှင့် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး၊ သူမ၏ မျက်ဝန်းထဲတွင် ထူးခြားသော အရောင်များ ဖြတ်ပြေးသွား၏။

ထိုအချိန်တွင်ပင် ရှေ့ပိုင်းစွန့်ပစ်နယ်မြေ မှ ပိုင်မိသားစု ဧကရာဇ်သားတော်သည် ထိုအသံ၏ မြှူဆွယ်မှုကို ခံလိုက်ရပြီး ရှေ့သို့ တိုးသွားကာ ထိုတံခါးပေါက်ပေါ်သို့ လက်တင်လိုက်သည်။

ဘုန်း...

အမတ အလင်းရောင်တစ်ခု ရုတ်တရက် တောက်ပလာသည်။

ပိုင်မိသားစု ဧကရာဇ်သားတော် ၏ သွေးစွမ်းအင်များသည် တစ်ခဏချင်းပင် စုပ်ယူခံလိုက်ရပြီး ခန္ဓာကိုယ်သည် ချက်ချင်းပင် ခြောက်သွေ့သော အရိုးစုအဖြစ် ရောက်ရှိသွားလေသည်။

အမ်...

တစ်ခဏချင်းပင် လူတိုင်း သတိပြန်ဝင်လာကြပြီး မျက်လုံးများ ကျဉ်းမြောင်းသွားကာ ၊ ကြောက်လန့်သွားကြသည်။

ထိုခြောက်သွေ့သော အရိုးစုကို ကြည့်ရင်း လူတိုင်း အေးစိမ့်သွားကြသည်။

All Chapters