ကမ္ဘာဦးမီးပြင်းဖို
Vol. 5 Ch. 66
“ဒါ ဘယ်လိုဖြစ်တာလဲ... ငါတို့ အဲဒီ အသံရဲ့ မြှူဆွယ်တာကို ခံလိုက်ရတာလား...”
“ဖြစ်လောက်တယ်... ကြည့်ရတာ ဒီနေရာက အရိုးစုတွေ အကုန်လုံးက သမိုင်းကြောင်း တစ်လျှောက် ဒီကို လာခဲ့ကြတဲ့ ကျင့်ကြံသူတွေ ထင်တယ်...”
နေရာတိုင်းတွင် ပြည့်နှက်နေသော အရိုးစုများကို ကြည့်ရင်း လူတိုင်း သက်ပြင်းချလိုက်သည်။
ခြောက်သွေ့ အထီးကျန်ဆန်သော အငွေ့အသက်တစ်ခု က မျက်နှာကို လာရိုက်ခတ်နေသကဲ့သို့ပင်။
အမတ ဖြစ်ခြင်း... အမတ ဖြစ်ခြင်း...
အမတ ဖြစ်ချင်လွန်းလို့ ကိုယ့်အသက်ကိုတောင် စွန့်လွှတ်ခဲ့ကြတယ်...
တကယ်ရော... တန်ရဲ့လား...
အရိုးစုများ တောင်လို ပုံနေပြီး ဟင်းလင်းပြင် တစ်ခုလုံးတွင် နာကျည်းချက် အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
ယခုအချိန်တွင် ယခင်က အမတ အလင်းရောင်များ ထွက်ပေါ်နေသော တံခါးပေါက်ကြီး မရှိတော့ဘဲ ယင်းအစား သွေးကဲ့သို့ နီရဲကာ ပေကျံနေသော နံရံတစ်ခုက အစားထိုး ဝင်ရောက်လာသည် ။
နံရံပေါ်တွင် ရေးထားသော “အမတ” ဟူသော သွေးရောင် စာလုံးကြီးက ကောင်းကင်ထိ တိုင်အောင် ကြီးမားသော နာကျည်းချက်များကို ထုတ်လွှတ်နေပြီး နိမိတ်မကောင်းသော၊ ဆိုးရွားသော ခံစားချက်ကို ပေးစွမ်းနေသည်။
ဤ “အမတ” ဆိုသော စာလုံးသည် ကောင်းတဲ့အရာ မဟုတ်မှန်း စုရွှမ်သည် တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။ မတော်တဆ ထိလိုက်မိလိုက်ပါက ၊ ချက်ချင်းလက်ငင်း သေဆုံးသွားနိုင်သည်။
“ကြေးနီအမတနန်းတော် က ရှေ့ပိုင်းစွန့်ပစ်နယ်မြေ ရဲ့ ထူးဆန်းအံ့ဖွယ် ဒဏ္ဍာရီ ခုနစ်ခုထဲက တစ်ခု ဖြစ်တာ မထူးဆန်းတော့ဘူး... တကယ့်ကို ဆန်းကြယ်မှုတွေနဲ့ ပြည့်နေတာပဲ... သတိမထားမိတာနဲ့ လမ်းမှားရောက်သွားပြီး ပြန်လှည့်မရ ဖြစ်သွားနိုင်တယ်...”
စုရွှမ်သည် စိတ်ထဲတွင် တွေးလိုက်မိသည်။
“ခ်ခ်ခ်...”
ထိုအချိန်တွင်ပင် လူတိုင်း၏ နားထဲသို့ မိန်းကလေးငယ် တစ်ဦး၏ ရယ်မောသံက ရုတ်တရက် ဝင်ရောက်လာ၏။
ထိုရယ်သံလေးသည် ငွေခေါင်းလောင်းသံလေးကဲ့သို့ ကြည်လင် ပြတ်သားလွန်းလှသည်။
သို့သော် ဤထူးဆန်းသော နန်းတော်ကြီးထဲတွင် ထွက်ပေါ်လာခြင်းက လူကို အတော်လေး ကြောက်လန့်သွားစေသည် ။
“ဒါ ဘာဖြစ်တာလဲ... ကြေးနီအမတနန်းတော် ထဲမှာ ဘာလို့ မိန်းကလေးငယ် တစ်ယောက်ရဲ့ ရယ်သံကို ကြားနေရတာလဲ... သရဲလား...”
ကျီဖူ မြင့်မြတ်သားတော် ၏ မျက်လုံးအိမ်များမှာ ပြူးကျယ်သွားပြီး ထိတ်လန့်တကြား ဖြစ်နေသည်။
ထိုအခိုက်အတန့်တွင် ရှိနေသော လူများ အားလုံး၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး ကြောက်ရွံ့မှုများ လွှမ်းခြုံသွား၏။
မိန်းကလေးငယ်၏ အသံသည် ဝိုးတဝါး ဖြစ်လွန်းသည်။ ရှိသလိုလို မရှိသလိုလိုဖြင့် ဆန်းကြယ်ပြီး နိမိတ်မကောင်းပေ။
“ဒီအသံက တော်တော် ရင်းနှီးနေသလိုပဲ... တစ်နေရာရာမှာ ကြားဖူးသလို ခံစားနေရတယ်... ဒါပေမဲ့ ချက်ချင်း စဉ်းစားလို့ မရသေးဘူး...”
မိန်းကလေးငယ်၏ အသံကို ကြားရသောအခါ လမ့်ရိုလီ၏ ရင်ထဲတွင် တုန်ခါသွားပြီး တစ်စုံတစ်ခုကို ဝင်တိုက်မိသွားသကဲ့သို့ ခံစားလိုက်ရသည်။
ဤမိန်းကလေးငယ်နှင့် သူမကြားတွင် တစ်ခုခု ပတ်သက်ဆက်နွယ်နေသကဲ့သို့ လမ့်ရိုလီ ခံစားမိသည်။
ဒါပေမဲ့ ဒီ ကြေးနီအမတနန်းတော် က အမတနယ်မြေ က ဟိုတစ်ယောက်နဲ့ သက်ဆိုင်တာ မဟုတ်ဘူးလား...
သူမက ဟိုတစ်ယောက်နဲ့မှ မရင်းနှီးတာ...
ဘယ်လိုလုပ် သူမကို ဒီလို ခံစားချက်မျိုး ပေးနိုင်တာလဲ...
လမ့်ရိုလီ၏ မျက်နှာထားသည် ထူးဆန်းသွားပြီး သံသယမေးခွန်းများ ဝင်ရောက်လာသည်။
ကြေးနီအမတနန်းတော် ထဲမှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်က တော်တော် ကြီးမားပုံရတယ်...
“ငါ မမှတ်မိတာ မမှားဘူး ဆိုရင်... ဟိုတစ်ယောက်ရဲ့ အမွေအနှစ်က... သုံးချောင်းထောက်အိုး တစ်လုံး ဖြစ်ရမယ်...”
“ပြီးတော့ အဲဒီ သုံးချောင်းထောက်အိုး ရဲ့ နာမည်က ဒီလို ခေါ်တယ် ထင်တယ်...”
“ကမ္ဘာဦးမီးပြင်းဖို...”
မကြာမီ လူတိုင်းကို ကြောက်လန့်စေသော မိန်းကလေးငယ်၏ ရယ်သံသည် တဖြည်းဖြည်း ပျောက်ကွယ်သွားမှသာလျှင် လူတိုင်း သက်ပြင်းချနိုင်တော့သည်။
ကြေးနီအမတနန်းတော် မသိနားမလည်သော အရာတိုင်းက ထူးခြားဆန်းကြယ်လွန်းသည် မဟုတ်လော။
လူတိုင်း ရှေ့ဆက်သွားကြသည်။
ကြေးနီအမတနန်းတော် ၏ အနက်ရှိုင်းဆုံး နေရာသို့ ရောက်သောအခါ...
နန်းတော်ကြီး တစ်ခုလုံး၏ အပေါ်ဘက်မှ ကမ္ဘာမြေကို တုန်လှုပ်စေသော ဟိန်းဟောက်သံကြီး တစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
လူတိုင်း ခေါင်းမော့ကြည့်လိုက်ကြသည်။
ထိုနေရာတွင် ဟွမ်သွမ့် စွမ်းအင်များ ပြည့်နှက်နေပြီး တိမ်တိုက်များသဖွယ် ထူထဲသော အငွေ့အသက်များ ရှိနေသည်။
နောက်တစ်စက္ကန့်တွင် ထိုအငွေ့အသက်များသည် အရှိန်ပြင်းစွာဖြင့် အောက်သို့ ကျဆင်းလာ၏။
အငွေ့အသက် တစ်မျှင်ချင်းစီတိုင်းက အနက်ရောင်နှင့် အဝါရောင် နှစ်ရောင်စပ် ဖြစ်ပြီး၊ ဖော်ပြ၍ မရနိုင်လောက်အောင်ပင် ကမ္ဘာပျက်မတတ် ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါများ ပါဝင်နေသည်။
“ဒါ ဘာကြီးလဲ...”
ယောင်ကွမ်းမြင့်မြတ်သမီးတော် ၏ မျက်လုံးအိမ်များမှာ ကျဉ်းမြောင်းသွားပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
“ငါ အမြင် မမှားဘူး ဆိုရင်... ဒါက ဒဏ္ဍာရီလာ ကမ္ဘာဦးမီးပြင်းဖို ထဲက အငွေ့တွေပဲ...”
ဝူတိ က ပြောလိုက်သည်။ သူ၏ လေသံတွင်လည်း မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
ကမ္ဘာဦးမီးပြင်းဖို အငွေ့ ၊ ထိုအရာကို ဟွမ်သွမ့် စွမ်းအင် လို့လည်း ခေါ်ပေသည်။
ကမ္ဘာမြေ စတင် ဖြစ်ပေါ်လာစဉ်က ထိုစွမ်းအင်များဖြင့် ကောင်းကင်နဲ့ မြေကြီး ၊ အရာခပ်သိမ်းကို တည်ဆောက်ခဲ့သည်ဟု ဆိုသည်။
ဤသို့ဖြင့် အရာအားလုံး စတင် ဖြစ်ထွန်းလာကာ မျိုးပွားရှင်သန်လာကြသည်။
ထို့ကြောင့် ထိုစွမ်းအင်ကို မူလမိခင်စွမ်းအင်ဟု ခေါ်ဆိုကြသည်။
ထို့အပြင် ကမ္ဘာဦးမီးပြင်းဖို၏စွမ်းအင်သည် လောကတွင် အရှားပါးဆုံး စွမ်းအင်ဖြစ်ပြီး၊ ဧကရာဇ်လက်နက်များကို သွန်းလုပ်ရန် အကောင်းဆုံး ပစ္စည်းဖြစ်သည်။
ဤကဲ့သို့ ရတနာမျိုးကို တာအိုနယ်မြေတင် မဆိုနှင့်... လောကသုံးထောင်တွင်ပင် တစ်မျှင်လေး ရှိရုံဖြင့် ၊ အဖွဲ့အစည်းများစွာသည် ထိုအရာကို လုယူရန် အတွက် ကမ္ဘာပျက်မတတ် စစ်ပွဲကြီးကို ဆင်နွှဲကြပေလိမ့်မည်။
“ဘာ... ကမ္ဘာဦးမီးပြင်းဖို စွမ်းအင် ဟုတ်လား...”
ယခုအချိန်တွင် လူတိုင်းသည် ရတနာကို တွေ့လိုက်ရသော်လည်း ပျော်ရွှင်နိုင်ခြင်း မရှိကြပေ။
အဘယ်ကြောင့်ဆိုသော်...
ယခုအချိန်တွင် ထိုကမ္ဘာဦးမီးပြင်းဖို စွမ်းအင်သည် သူတို့အပေါ်သို့ ကျဆင်းလာခြင်းကြောင့် ဖြစ်သည်။
သေမင်းတမန် အငွေ့အသက်တစ်ခုက လူတိုင်းအပေါ်သို့ လွှမ်းခြုံသွားသည်။
လူတိုင်း လန့်ဖျပ်သွားကြပြီး သူတို့၏ နတ်ဘုရားစွမ်းရည် များကို အလျင်အမြန် ထုတ်သုံးကာ ခုခံရန် ကြိုးစားလိုက်ကြ၏။
သို့သော် ကမ္ဘာဦးမီးပြင်းဖို စွမ်းအင်ကို သာမန် ကောင်းကင်ပါရမီရှင် များအနေဖြင့် မည်သို့ ခုခံနိုင်မည်နည်း။
ထိုအရာ ကျဆင်းလာသည်နှင့် အမျှ...
ကျီဖူ မြင့်မြတ်သားတော်၊ ဓားခန်းမ ဆက်ခံသူ၊ ယောင်ကွမ်းမြင့်မြတ်သမီးတော်
ချမ်းသွမ့်အဆင့် အောက် ကျင့်ကြံသူ အားလုံး ချက်ချင်းပင် ကြေမွသွားသည်။
တစ်ခဏချင်းပင် ဟင်းလင်းပြင် တစ်ခုလုံးတွင်...
စုရွှမ်၊ လမ့်ရိုလီ၊ ဝူတိ၊ ရွှေတောင်ပံဌက်မျိုးနွယ် ဘုရင်လေး နှင့် လုံအောင့်ထျန်း ငါးဦးသာ ကျန်ရစ်တော့သည်။
“ကမ္ဘာဦးမီးပြင်းဖို စွမ်းအင်က တကယ်ကို ကြောက်စရာ ကောင်းတာပဲ...”
စုရွှမ်သည် အသားစ ပုံများကို ကြည့်ရင်း၊ ရင်ထဲတွင် လှိုင်းဂယက် အနည်းငယ် ထသွားသည်။
သို့သော်လည်း စုရွှမ်၏ မျက်နှာတွင်မူ မည်သည့် ခံစားချက်မျှ ပေါ်မလာဘဲ ထိုသူများ သေဆုံးသွားသည့်အတွက် ဝမ်းနည်းပုံမပေါ်ချေ။
သူတို့က အမတ ကံကြမ္မာကို လုယူဖို့ ကြေးနီအမတနန်းတော် ထဲ ဝင်လာမှတော့... ဒီလို ဇာတ်သိမ်းမျိုး ဖြစ်လာနိုင်တယ် ဆိုတာ ကြိုတွေးထားပြီးသား ဖြစ်ရမှာပေါ့...
အဲ့တော့ တခြားသူကို အပြစ်တင်လို့ မရဘူးလေ...
ဒါက မဟာရွှေခေတ် ရဲ့ ရက်စက်မှု တစ်ခုပဲ...
နောက်တစ်စက္ကန့်တွင်၊ နန်းတော်ကြီး တစ်ခုလုံး၌ ကျယ်လောင်သော မြည်ဟီးသံကြီး တစ်ခု ထွက်ပေါ်လာခဲ့သည်။
တစ်ခဏချင်းပင် အမတ အလင်းရောင်များ ထွက်ပေါ်လာပြီး ဟင်းလင်းပြင် တစ်ခုလုံးကို ပိတ်လှောင်လိုက်ကာ အကျဉ်းထောင် တစ်ခုသဖွယ် ဖြစ်သွားစေသည်။
“မဖြစ်ဘူး... အခြေအနေ မဟန်ဘူး...”
ရွှေတောင်ပံ ဌက်မျိုးနွယ် ဘုရင်လေးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး နောက်ကျောမှ တောင်ပံများကို ဖြန့်ကားကာ ထက်မြက်သော ဓားသွားများအသွင် ပြောင်းလဲ၍ အကျဉ်းထောင်ကို ထိုးခွဲရန် ကြိုးစားလိုက်၏။
သို့သော် နောက်တစ်စက္ကန့်တွင်...ဤအကျဉ်းထောင်သည် သာမန် မဟုတ်မှန်း သူ သိလိုက်ရသည်။
“သောက်ကျိုးနည်း... ဒါ ဘာဖြစ်တာလဲ...”
လုံအောင့်ထျန်းသည် အော်ဟစ်လိုက်ပြီး လက်သီးဖြင့် ထိုးလိုက်သည်။
ဘုန်း...
အသံအကျယ်ကြီး မြည်ဟိန်းသွားသည်။
ရွှေရောင် အလင်းတန်းများဖြင့် ပြုလုပ်ထားသော အကျဉ်းထောင်မှာမူ ဘာမှ မဖြစ်သွားပေ။
“သွားပြီ... ငါတို့ ဒီထဲမှာ တစ်သက်လုံး ပိတ်မိပြီး အရိုးစု ဖြစ်သွားတဲ့အထိ နေရတော့မယ် ထင်တယ်...”
ရွှေတောင်ပံဌက်မျိုးနွယ် ဘုရင်လေးက မကျေမချမ်း အော်ဟစ်လိုက်သည်။
“ငါ စမ်းကြည့်မယ်...”
ဝူတိသည် အော်ဟစ်လိုက်ပြီး ရှေးဟောင်းမြင့်မြတ်ခန္ဓာ ကို အသက်သွင်းလိုက်ရာ ၊ သွေးစွမ်းအင်များသည် ဟုန်းခနဲ ထွက်ပေါ်လာပြီး ဟင်းလင်းပြင် တစ်ခုလုံးကို လွှမ်းခြုံသွားစေသည်။
ထို့နောက် အားယူပြီး လက်သီးဖြင့် ပြင်းပြင်းထန်ထန် ထိုးချလိုက်၏။ ၎င်း၏ ထိုးနှက်မှုသည် ကမ္ဘာမြေကိုပင် တုန်လှုပ်သွားစေသည်။
ဤလက်သီးချက်သည် အကျဉ်းထောင်ကို ထိမှန်သွားပြီး အကျဉ်းထောင် တစ်ခုလုံး တုန်ခါသွားသည်။
သို့သော် တုန်ခါရုံမျှသာ။
ထို့အပြင် အကျဉ်းထောင်သည် ကွဲထွက်သွားမယ့် အရိပ်အယောင်ဟူ၍ နည်းနည်းမှ မရှိ။
“ဒီ ရွှေရောင် အကျဉ်းထောင်က သာမန် မဟုတ်ဘူး... ခွဲရ ခက်တယ်... ဒီတစ်ခါတော့ တကယ် ဒုက္ခရောက်ပြီ...”
ဝူတိက ခါးသီးစွာ ပြုံးလိုက်သည်။
ဝူတိပင်လျှင် အကာအကွယ် အလွှာကို မခွဲနိုင်ခဲ့ချေ။
ရွှေတောင်ပံဌက်မျိုးနွယ် ဘုရင်လေး နှင့် လုံအောင့်ထျန်း တို့ နှစ်ယောက်၏ မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှုများ ပေါ်ထွက်လာသည်။
ဝူတိ၏ စွမ်းရည်သည် နက်ရှိုင်းပြီး ရှေးဟောင်းမြင့်မြတ်ခန္ဓာ ပိုင်ရှင် ဖြစ်သဖြင့် ခွန်အား ပေါက်ကွဲမှု အပိုင်းမှာ သူတို့ထက် အများကြီး သာလွန်သည်။
သို့သော် သူပင်လျှင် ဤအကျဉ်းထောင်ကို မခွဲနိုင်ခဲ့လေရာ တစ်နည်းအားဖြင့် မျှော်လင့်ချက် မရှိတော့သည်ဟု ဆိုလိုခြင်းပင် မဟုတ်လော။
ယခုအချိန်တွင် သုံးယောက်စလုံးက စုရွှမ်ကို ကြည့်လိုက်ကြသည်။
ဒီအချိန်ရောက်မှတော့... ဒီအကာအကွယ်ကို ခွဲနိုင်မယ့်သူက သူပဲ ရှိတော့မယ် ထင်ပါရဲ့...
သူတို့၏ အကြည့်များကို သတိပြုမိသောအခါ စုရွှမ်က ပြုံးလိုက်ပြီး မျက်နှာသေဖြင့် အေးဆေးစွာ ပြောလိုက်သည်။
“ငါ စမ်းကြည့်ပေးမယ်...”
နောက်တစ်စက္ကန့်တွင်...
စုရွှမ်၏ နောက်ကျောဘက်တွင် မဟာဧကရာဇ် ပုံရိပ်ယောင် သုံးခု တပြိုင်နက် ပေါ်ထွက်လာ၏။
ချက်ချင်းပင် စုရွှမ်၏ ခန္ဓာကိုယ်ကို ဟွမ်သွမ့် အလင်းရောင်များ လွှမ်းခြုံသွားသည်။
ထို့နောက် စုရွှမ်သည် လက်သီးဖြင့် ပြင်းပြင်းထန်ထန် ထိုးချလိုက်သည်။
အရာခပ်သိမ်း... ပြန်လည်မွေးဖွားခြင်းလမ်းခြောက်သွယ်လက်သီး...
ဘုန်း...
ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွားသည်။
ဂလွမ်း...
အကာအကွယ် အလွှာသည် ဖန်ခွက်ကွဲသလို ကွဲကြေသွားပြီး အပိုင်းပိုင်းအစစ ဖြစ်သွားသည် ။
ကြမ်းပြင်ပေါ်သို့ ကျသွားပြီး ကြည်လင်သော အသံများ ထွက်ပေါ်လာသည်။
အမ်...
လူတိုင်း အံ့သြသွားကြသည်။
စုရွှမ်၏ စွမ်းရည်သည် တကယ်ပင် တွင်းနက်ကြီးကဲ့သို့ နက်ရှိုင်းလွန်းပေသည်။ သူ၏ ကန့်သတ်ချက် အတိုင်းအတာကို မည်သူမှ မသိနိုင်ပေ။
ဝူတိတစ်ယောက် သက်ပြင်းချလိုက်သည်။
ငါ တကယ်ပဲ စုရွှမ်ရဲ့ ပြိုင်ဘက် မဟုတ်တော့ဘူး ထင်တယ်...
……