လမ့်ရိုလီ ရောက်ရှိလာခြင်း
Vol. 5 Ch. 58
“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ငါ... ငါ ရှုံးသွားတာလား...”
မြေကြီးပေါ်သို့ လွင့်ထွက်ကျသွားသူမှာ လုံအောင့်ထျန်း ပင် ဖြစ်ကြောင်း ထင်ရှားလှသည်။
စောစောက တိုက်ခိုက်မှုကို ပြန်စဉ်းစားလိုက်သည်။
ထိုခံစားချက်က ကြီးမားသော နတ်ဘုရား တောင်တန်းကြီး တစ်ခုကို ရင်ဆိုင်နေရသကဲ့သို့ပင် ဖြစ်ပြီး အစွမ်းကုန် ထုတ်သုံးလိုက်သည့်တိုင် တုပ်တုပ်မျှ မလှုပ်နိုင်ခဲ့ချေ။
ထိုခံစားချက်က သူ့ကို ကြောက်လန့်သွားစေပြီး အသက်ရှူကျပ်သွားစေသည်။
“အိုင်း... တာယန် မြင့်မြတ်သားတော် က တကယ်ကို သန်မာလွန်းတာပဲ...”
လူအချို့မှာ အိပ်မက်ယောင်နေသကဲ့သို့ တီးတိုး ရေရွတ်လိုက်ကြ၏။
“ငါက ဘိုးဘေးနဂါးသိုက် ရဲ့ နှစ်တစ်ထောင်အတွင်း အထူးချွန်ဆုံး ကောင်းကင်ပါရမီရှင် ကွ... နဂါးဧကရာဇ်သွေးကို ပိုင်ဆိုင်ထားတာ... ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ...”
“ငါ မယုံဘူး...”
လုံအောင့်ထျန်း ကုန်းထရန် ပြင်လိုက်သည်။
ဘုန်း...
ရုတ်တရက် ခြေထောက်တစ်ဖက် ကျရောက်လာပြီး လုံအောင့်ထျန်း ကို တွင်းချိုင့်ကြီးထဲသို့ ဖိနင်းချလိုက်၏။
“လောင်းကြေး ဘယ်မှာလဲ...”
စုရွှမ်၏ မျက်နှာပေါ်တွင် လှောင်ပြောင်အပြုံးတစ်ခု ချိတ်ဆွဲလျက် အေးစက်စွာ မေးလိုက်သည်။
ငါနဲ့ တိုက်ချင်တယ် ဟုတ်လား...
မင်းမှာ ဘာအရည်အချင်း ရှိလို့လဲ...
ဒါက လက်တစ်ဖက်တည်းနဲ့ ဖိနှိပ်လိုက်တာ မဟုတ်ဘူးလား...
“ဘာလောင်းကြေးလဲ... ငါ မသိဘူး...”
စုရွှမ်က ပြုံးလိုက်သည်။
ဘုန်း...
သူ၏ခြေထောက်ဖြင့် တဖက်လူကို အားကုန် နင်းချလိုက်သည်။
လုံအောင့်ထျန်း ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ မြေကြီးထဲသို့ မြုပ်ဝင်သွားသည်။
ထို့နောက် စုရွှမ်သည် သူ၏ လက်ဝါးကို ဆန့်ထုတ်လိုက်ပြီး ဆွဲယူလိုက်သည်။
လုံအောင့်ထျန်း၏ သိုလှောင်လက်စွပ်မှာ သူ၏ လက်ထဲသို့ တန်းခနဲ ရောက်ရှိလာ၏။
“မင်းက အရှုံးမပေးချင်မှတော့ အကုန်လုံး ငါ့အပိုင်ပဲပေါ့...”
စုရွှမ်က ပြုံးရင်း ပြောလိုက်သည်။
“အ...”
လုံအောင့်ထျန်း ပါးစပ်ထဲမှ သွေးတစ်လုပ် အန်ထွက်လာပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာပါ ထိခိုက်သွားတော့သည်။
စုရွှမ်သည် သူ၏ ခြေထောက်ကို ဖယ်လိုက်ပြီး အဝတ်ပေါ်ရှိ ဖုန်မှုန့်များကို ခါကာ ဖြည်းညင်းစွာ လျှောက်ထွက်လာခဲ့၏။
“စုရွှမ်... ဒီခေတ်မှာ မင်းရှိနေတော့ သိပ်ပြီး ပျင်းစရာ ကောင်းမှာ မဟုတ်တော့ဘူး...”
ဝူတိ၏ ချောမောသော မျက်နှာပေါ်တွင် ကြည်လင်သော အပြုံးတစ်ခု ပေါ်လာသည်။
“အခွင့်အရေး ရရင် လက်ရည် ယှဉ်ကြည့်ကြတာပေါ့...”
“ကောင်းပြီလေ...”
စုရွှမ်သည် ခေါင်းညိတ်လိုက်ပြီး တစ်ဖက်လူ၏ အကြံပြုချက်ကို မငြင်းဆန်ခဲ့ပေ။
တကယ့် ထိပ်တန်း ကောင်းကင်ပါရမီရှင် တစ်ယောက်ဆိုပါက ၊ သူသည်လည်း စိတ်ဝင်စားသလို ကောင်းကောင်းမွန်မွန် တိုက်ခိုက်ကြည့်ချင်သေးသည်။
“မင်းတို့ နှစ်ယောက်က အခုမှ ကြည်နူးနေကြတာလား...”
လူတစ်ယောက် လျှောက်လှမ်းလာ၏။ထိုသူမှာ ဖာဟိုင် ပင် ဖြစ်သည်။
ယခုအချိန်တွင် ဖာဟိုင်သည် သူတို့ နှစ်ယောက်ကို စိုက်ကြည့်ရင်း မျက်နှာပေါ်တွင် လှောင်ပြောင်အပြုံးတစ်ခု ရှိနေခဲ့သည်။
“ဘယ်က ဘုန်းကြီးကတုံးလဲ...”
ဝူတိသည် တစ်ဖက်လူ၏ လေသံတွင် စိန်ခေါ်မှု ပါဝင်နေသည်ကို ခံစားလိုက်ရသဖြင့် လက်သီးဖြင့် ထိုးချလိုက်သည်။
ဘုန်း...
အသံအကျယ်ကြီး ထွက်ပေါ်လာ၏။
ဖာဟိုင်မှာ ဘာဖြစ်သွားမှန်းပင် မသိလိုက်ရဘဲ ဝူတိ၏ လက်သီးချက်ကြောင့် နောက်သို့ လွင့်ထွက်သွားကာ မြေကြီးပေါ်သို့ အရှိန်ပြင်းစွာ ကျရောက်သွားပြီး ဖုန်မှုန့်များ ထသွားသည်။
“တကယ့်ကို ကြောက်စရာ ကောင်းတဲ့ ခွန်အားပဲ... ဖာဟိုင် ကိုတောင် ဝူတိ ဆိုတဲ့လူက အလွယ်တကူ ဖိနှိပ်လိုက်ပါလား...”
ကျင့်ကြံသူ အများအပြားမှာ အံ့သြတုန်လှုပ်သွားကြပြီး ရင်ထဲ၌ လှိုင်းလုံးကြီးများ ရိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ဝူတိ၏ ခွန်အားမှာလည်း မှန်းဆ၍ မရနိုင်လောက်အောင်ပင်။
“မင်း... မင်းက သိုင်းကျင့်ဝတ် နားမလည်ဘူးလား...”
ဖာဟိုင်သည် မတ်တပ်ထရပ်လိုက်သည်။ သူ၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ဗုဒ္ဓဘာသာ လျှို့ဝှက်ပညာ များကို အလျင်အမြန် လည်ပတ်ကာ ဒဏ်ရာ ကုစားလိုက်ရ၏။
“ဟမ်... ဘယ်သူက မင်းကို လာရောခိုင်းလို့လဲ... ကိုယ့်နေရာကိုယ် မသိဘူး...”
ဝူတိက မျက်စောင်းထိုးကြည့်လိုက်ပြီး မာန်ပါပါ ပြောလိုက်သည်။
ဖာဟိုင်၏ မျက်နှာမှာ မည်းမှောင်သွားသော်လည်း တစ်ဖက်လူ၏ ခွန်အားက မိမိထက် သာလွန်နေကြောင်း သဘောပေါက်သွားသဖြင့် ပြန်လည် မပြောဆိုတော့ပေ။
“မှတ်ထားကြ... မင်းတို့ နှစ်ယောက်လုံး... ငါ ဖာဟိုင်က မင်းတို့ကို တနေ့ကျရင် တရားချပေးပြီး ငါ့ရဲ့ သစ္စာအရှိဆုံး နောက်လိုက်တွေ ဖြစ်အောင် လုပ်ပြမယ်...”
စိတ်ပျက်သွားပုံရသော ဖာဟိုင်က သူ တရားချထားသည့် လှပသော မိန်းမပျိုလေး တစ်ဦးကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး မျက်လုံးများ မှေးစင်းလျက် ဘဝအဓိပ္ပာယ်ကို ဆွေးနွေးရန် ပြင်လိုက်သည်။
“ဟမ်... ဒီဘုန်းကြီးက တော်တော် ညစ်ပတ်တာပဲ... ဒီကောင်က ဘယ်လိုလုပ် အနောက်ဘက် ကောင်းကင်ဘုံဘုရားကျောင်း ရဲ့ ဗုဒ္ဓသားတော် ဖြစ်လာတာလဲ မသိဘူး...”
ထိုမြင်ကွင်းကို မြင်သော ကျင့်ကြံသူ တစ်ယောက်က မနေနိုင်ဘဲ ပြောလိုက်၏။
“စုရွှမ်... ရှင် ရောက်လာပြီပဲ...”
ပြတ်သားသော အသံတစ်သံသည် စုရွှမ်၏ နားထဲသို့ ဝင်လာသဖြင့် ချက်ချင်း လှည့်ကြည့်လိုက်သည်။
လှပသော မိန်းမပျိုလေး တစ်ဦးက ကြာဖူး ခြေလှမ်းများဖြင့် သူ့ထံသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရ၏။
ယောင်ကွမ်းမြင့်မြတ်သမီးတော် ဖြစ်နေသည်။
“ယောင်ကွမ်း မြင့်မြတ်သမီးတော်...”
စုရွှမ်က ခေါင်းအသာညိတ်ပြလိုက်၏။
သူသည် ယောင်ကွမ်း မြင့်မြတ်သမီးတော် အပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိသော်လည်း ၊ အရင်က ယောင်ကွမ်းမြင့်မြတ်နယ်မြေသည် သူ၏ တာယန်မြင့်မြတ်နယ်မြေ ဘက်မှ ရပ်တည်ပေးခဲ့သည့် တစ်ခုတည်းသော အဖွဲ့အစည်း ဖြစ်ပေသည်။
ထို့ကြောင့် စုရွှမ် အနေဖြင့် ယောင်ကွမ်း မြင့်မြတ်သမီးတော် အပေါ် အနည်းငယ် ယဉ်ကျေးပြလိုက်ခြင်း ဖြစ်သည်။
“စုရွှမ်... ခုနက ရှင် တော်တော် ကြည့်ကောင်းတာပဲ...”
ယောင်ကွမ်း မြင့်မြတ်သမီးတော် က စုရွှမ်ကို ကြည့်ပြီး ပြုံးလိုက်သည်။ မျက်လုံးများထဲတွင် အားကျမှုများ အပြည့်ပင်။
“အင်း...”
တစ်ဖက်လူ၏ အရူးမူး ဖြစ်နေပုံကို ကြည့်ပြီး စုရွှမ် ဘာပြောရမှန်း မသိ ဖြစ်သွား၏။
“ကြေးနီအမတနန်းတော် က အမတနယ်မြေ က ပုဂ္ဂိုလ်နဲ့ ပတ်သက်မှု ရှိလောက်တယ်...”
ရုတ်တရက် နတ်သီချင်းသံသဖွယ် သာယာသော အသံတစ်သံသည် ကောင်းကင်ယံတွင် ထွက်ပေါ်လာရာ ပတ်ဝန်းကျင် တစ်ခုလုံး လတ်ဆတ်သွားသကဲ့သို့ ဖြစ်သွားသည်။
လေထုထဲတွင် အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီး ပုံရိပ်တစ်ခုသည် တိတ်တဆိတ် ပေါ်ထွက်လာလေသည်။
တစ်ခဏချင်းပင် လူတိုင်း၏ အကြည့်များမှာ ထိုပုံရိပ်ထံသို့ ရောက်ရှိသွားကြသည်။
လူများ မော့ကြည့်လိုက်ကြသောအခါ လေထုတစ်ခုလုံး ခဲသွားသကဲ့သို့ ဖြစ်သွားပြီး အသံတစ်သံမျှပင် မထွက်တော့ချေ။
ဘယ်လို ပုံရိပ်မျိုးပါလိမ့်...
အဖြူရောင် ဝတ်စုံသည် လေထဲတွင် တလူလလွင့်မျောနေသည်။ အပြစ်အနာအဆာ ကင်းမဲ့သော မျက်နှာ၊ အချိုးအစား ကျနသော ခန္ဓာကိုယ်၊ နှင်းကဲ့သို့ ဖြူဝင်းသော အသားအရေ...
သွယ်လျသော ခန္ဓာကိုယ်ကို မှိန်ဖျဖျ အမတအလင်းရောင်က လွှမ်းခြုံထားပြီး ဆံနွယ်များက လေထဲတွင် ဝဲပျံနေသည်။
ကြယ်တာရာများသဖွယ် မျက်ဝန်းတစ်စုံက အလွန် ကြည်လင်တောက်ပနေသော်လည်း မာန်ဝင့်သော အငွေ့အသက်များလည်း ပါဝင်နေပြန်၏။
အလင်းရောင် မိုးစက်ပွင့်များက ထိုမိန်းကလေး အပေါ်သို့ ကျရောက်နေသည်။
သူမ၏ ဘေးပတ်ဝန်းကျင်တွင် ကြည်လင်သော ပန်းပွင့်ဖတ်များ ဝဲပျံနေသကဲ့သို့ ဖြစ်နေပြီး ကောင်းကင်ဘုံကိုးထပ် မှ နတ်သမီးတစ်ပါး ကမ္ဘာမြေသို့ ဆင်းသက်လာသကဲ့သို့ပင်။
တကယ့်ကို ခေတ်တစ်ခေတ်၏ အလှဘုရင်မဟု တင့်စားရပေမည်။
ထိုနေရာရှိ ကျင့်ကြံသူ အားလုံးမှာ သူမ၏ ပြီးပြည့်စုံသော အလှအပအောက်တွင် ဖမ်းစားခြင်း ခံလိုက်ရသည်။
လှလိုက်တာ... တကယ့်ကို လှလွန်းတာပဲ... ပန်းချီကားထဲက ထွက်လာတဲ့ နတ်သမီးလေး အတိုင်းပဲ... ဘာအပြစ်အနာအဆာမှကို မရှိဘူး...
“သိပ်လှတဲ့ မိန်းကလေးပဲ... သူ ဘယ်သူလဲ...”
ရွှေတောင်ပံဌက်မျိုးနွယ် ဘုရင်လေး မှာ ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိသည်။
သူသည် မူလကတည်းက မိန်းမကြိုက်သူ ဖြစ်ရာ ဤမျှ လှပသော မိန်းကလေးကို တွေ့လိုက်ရသဖြင့် သွားရည်များပင် ကျလာတော့သည်။
“တကယ့် အလှဘုရင်မလေးပဲ... ကြည့်ရတာ ငါ့ရဲ့ တရားအလင်း ပေးတာကို ခံယူဖို့ လိုနေပြီ ထင်တယ်...”
ဗုဒ္ဓသားတော် ဖာဟိုင်၏ မျက်လုံးများသည်လည်း အရောင်တောက်လာပြီး ရင်ခွင်ထဲမှ မိန်းကလေးကိုပင် စိတ်မဝင်စားတော့ပေ။
“ရိုလီ... မင်းလည်း ရောက်လာတာလား...”
စုရွှမ်၏ ရင်ထဲတွင် လှိုင်းဂယက်များ ထသွားသည်။
ကြေးနီအမတနန်းတော် ပေါ်လာသည့်အခါ သူ့မိန်းမလည်း ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထို့အပြင် မိန်းမဖြစ်သူသည် ပို၍ပင် လှပလာပြီး အရှိန်အဝါလည်း နတ်သမီးတစ်ပါးအလား ထင်မှတ်ရသည် ။
သူမ၏ ကျင့်ကြံခြင်း အဆင့်မှာ ချမ်းသွမ့်နယ်ပယ် အလယ်အလတ် အဆင့်ကိုပင် ရောက်နေပြီ ဖြစ်သည်။
ချမ်းသွမ့်အဆင့် ၄... ငါ့ထက် တစ်ဆင့်ပဲ နိမ့်တော့တာလား...
ဟူ.. စုရွှမ် သက်ပြင်းချလိုက်မိသည်။
ငါ့လို ‘စနစ်’ သုံးပြီး ကျင့်ကြံတာတောင် သူ့ကို ကပ်သီးလေးပဲ နိုင်တော့တာလား...
“ဒီမိန်းမလည်း ရောက်လာတာလား...”
ယောင်ကွမ်း မြင့်မြတ်သမီးတော် က အံ့ကိုကြိတ်၍ မျက်မှောင်ကြုတ်လိုက်သည်။ သူမ မကျေမနပ်ဖြစ်သွား၏။
“ဒကာမလေး... မင်းရဲ့ မျက်နှာမှာ အမည်းရောင် သန်းနေတာ တွေ့ရတယ်... မကြာခင် သွေးမြေကျမယ့် ကိန်း ရှိတယ်... ကျုပ် မင်းကို တရားချပေးဖို့ လိုမလား...”
ဖာဟိုင်က မေးလိုက်သည်။
“မင်းက... ငါ့မိန်းမကို တရားပေးချင်သေးတာလား...”
နောက်တစ်စက္ကန့်တွင် လက်သီးချက်တစ်ခု ထွက်ပေါ်လာ၏။
ဘုန်း...
ဖာဟိုင်၏ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်ထွက်သွားပြီး မြေကြီးနှင့် ဝင်ဆောင့်ကာ တွင်းချိုင့်ကြီးတစ်ခု ဖြစ်သွားသည်။
အာ..
ဖာဟိုင် ပါးစပ်ထဲမှ သွေးများ အန်ထွက်လာပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသွားသည်။
အမ်...
ထိုမြင်ကွင်းကြောင့် ကောင်းကင်ပါရမီရှင်များ အားလုံး လေအေးများကို ရှူရှိုက်လိုက်မိကြပြီး ရင်ထဲ၌ အလွန်အမင်း တုန်လှုပ်သွားကြ၏။
ဖာဟိုင် ဆိုတာ အနောက်ဘက် ကောင်းကင်ဘုံဘုရားကျောင်း ရဲ့ ဆက်ခံသူ... လက်ရှိ ဗုဒ္ဓသားတော်... သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က ခန့်မှန်းလို့ မရနိုင်အောင် နက်ရှိုင်းတယ်...
ဒါပေမဲ့ စုရွှမ် ရှေ့ရောက်တော့ လက်သီးတစ်ချက်တောင် မခံနိုင်ဘဲ အပြတ်အသတ် အရေးနိမ့်သွားသတဲ့လား...
“တာယန် မြင့်မြတ်သားတော် ရဲ့ ခွန်အားက ပိုပြီး ကြောက်စရာ ကောင်းလာပါလား...”
ကောင်းကင်ပါရမီရှင် တစ်ဦးက သက်ပြင်းချရင်း ပြောလိုက်သည်။
“ဒီခွန်အားမျိုးက... ထားလိုက်တော့... ငါ နည်းနည်း ထိန်းထားတာပဲ ကောင်းမယ်...”
ရွှေတောင်ပံဌက်မျိုးနွယ် ဘုရင်လေး မှာ ကျောချမ်းသွားပြီး ခေါင်းထဲထိ အေးခနဲ ဖြစ်သွားကာ သူ၏စိတ်ကူးယဉ် အိပ်မက်များကို စွန့်လွှတ်လိုက်ရတော့သည်။