အရှင်မြတ် သုံးဦးကို ရင်ဆိုင်တိုက်ခိုက်ခြင်း
Vol. 5 Ch. 71
“တာယန် မြင့်မြတ်သားတော်… ကျွန်တော် သိချင်တာ တစ်ခုက… ယောင်ကွမ်း မြင့်မြတ်သမီးတော် က ဘယ်လိုပုံစံနဲ့ ကျဆုံးသွားခဲ့တာလဲ…”
ယောင်ကွမ်းမြင့်မြတ်နယ်မြေ မှ အကြီးအကဲသည် မျက်နှာထား လေးနက်စွာဖြင့် စုရွှမ်ကို ကြည့်၍ မေးလိုက်သည်။
ထိုအခိုက်အတန့်တွင် ထိုနေရာရှိ အင်အားစု အားလုံးသည် စုရွှမ်ကိုသာ စူးစိုက်ကြည့်နေကြ၏။
“ယောင်ကွမ်း မြင့်မြတ်သမီးတော် ကို ကျုပ် သတ်တာ မဟုတ်ဘူး… သူမရဲ့ ကျင့်ကြံမှု အဆင့် နိမ့်တာရယ်… အမတ နန်းတော်ထဲမှာ မတော်တဆ ကျဆုံးခဲ့ရတာပါ…”
စုရွှမ်က ယောင်ကွမ်းမြင့်မြတ်နယ်မြေ မှ အကြီးအကဲကို ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
သူ သတ်တာ ဆိုလျှင်ဖြင့်၊ စုရွှမ်သည် သေချာပေါက် ဝန်ခံပေမည်။
သို့သော် သူသတ်တာ မဟုတ်လျှင်တော့ ဝန်ခံစရာ အကြောင်း မရှိသည် မဟုတ်လော။
“အဲဒီလိုလား…”
ယောင်ကွမ်းမြင့်မြတ်နယ်မြေ အကြီးအကဲ၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားပြီး စိတ်ထဲတွင် ယိမ်းယိုင်သွားသည်။
တာယန် မြင့်မြတ်သားတော် ကိုယ်တိုင်က အဲဒီလို ပြောလာမှတော့… ယောင်ကွမ်းမြင့်မြတ်နယ်မြေ အနေနဲ့ ဒီအတိုင်း ပြန်သွားလိုက်ရတော့မလား…
မည်သို့ပင်ဖြစ်စေ၊ ယောင်ကွမ်းမြင့်မြတ်နယ်မြေ အနေဖြင့် တာယန်မြင့်မြတ်နယ်မြေနှင့် ပြဿနာ မဖြစ်လိုပေ။ ထိုအပြင် နောက်ခံ စုမိသားစု နှင့် စုရွှမ်ကျီ တို့ကို ပို၍ပင် မငြိစွန်းလိုပေ။
“တာယန် မြင့်မြတ်သားတော်… ဒါဆို ငါတို့ ကျီဖူ မြင့်မြတ်သားတော် ကရော…”
“ငါတို့ ဓားခန်းမ ဆက်ခံသူ က ဘယ်လိုလုပ် သေဆုံးသွားတာလဲ…”
“ငါတို့ ကျန်းမိသားစု ဧကရာဇ်သားတော် ကရော…”
ရှေ့ပိုင်းစွန့်ပစ်နယ်မြေ မှ အင်အားစု အသီးသီးက အလုအယက် မေးလာကြသည်။
“သူတို့ အားလုံးကို ကျုပ် မသတ်ဘူး… နန်းတော်ထဲမှာ ကျုပ် ကိုယ်တိုင် သတ်ဖြတ်ခဲ့တာ ဆိုလို့… နဂါးဘိုးဘေးသိုက် က နဂါးတစ်ကောင် ရယ်… ရွှေတောင်ပံ ဌက်မျိုးနွယ် က ငှက်တစ်ကောင် ရယ်… ဘုန်းကြီးကတုံး တစ်ကောင် ရယ်… ရှေးဟောင်းမြင့်မြတ်ခန္ဓာ ပိုင်ရှင် တစ်ယောက် ရယ်… ဒီလောက်ပါပဲ… ကျန်တာ ကျုပ်နဲ့ မဆိုင်ဘူး…”
“ကျုပ် မိန်းမနဲ့လည်း မဆိုင်ဘူး…”
စုရွှမ်က ဖြည့်စွက်ပြောလိုက်၏။
စုရွှမ်သည် အမှန်တရားကို ဖုံးကွယ်ထားလိုရန် ဆန္ဒ မရှိပေ။ ထို့ကြောင့် သူသည် အဖြစ်မှန် အတိုင်း တဲ့တိုး ပြောလိုက်ခြင်း ဖြစ်သည်။
ဤသို့ ပြောလိုက်မှသာ ကျီဖူမြင့်မြတ်နယ်မြေ၊ ဓားခန်းမ နှင့် အခြား ရှေ့ပိုင်းစွန့်ပစ်နယ်မြေ မှ ဧကရာဇ် မိသားစု တို့သည် အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။
စုရွှမ်ဘက်မှ ဤသို့ ပြောလာခြင်းသည် သူတို့အတွက် လွတ်လမ်းတစ်ခု ပေးလိုက်ခြင်းပင် မဟုတ်လော။
သူတို့ အနေဖြင့် ထိုလမ်းအတိုင်း လိုက်၍ စီးမျောသွားရုံသာ ။
အဘယ့်ကြောင့် ဆိုသော်၊ စုရွှမ်၏ နောက်တွင် ဧကရာဇ် စုမိသားစု ရှိနေသောကြောင့်ပင်။
စုရွှမ်သည် သူ သတ်ခဲ့သည်ဟု ဝန်ခံခဲ့မည်ဆိုတောင် ၊ သူတို့အနေဖြင့် စုရွှမ်ကို ဘာမှမလုပ်ဝံ့ပေ။
စိန်ခေါ်ဝံ့ပါက ၊ တစ်နေ့ စုမိသားစု က လာရောက် ပြစ်ဒဏ်ခတ်ခဲ့လျှင်ဖြင့် ပျက်စီးရမည်မှာ သူတို့ အင်အားစု တစ်ခုလုံး ဖြစ်သွားနိုင်သည်။
“ဟူး… နှမြောစရာပဲ… မြင့်မြတ်သားတော် ကျဆုံးသွားပြီ ဆိုတော့… မြင့်မြတ်သားတော် အသစ် တစ်ယောက် ထပ်ရှာရဦးမှာပေါ့…”
“အင်း… အားပြိုင်မှု ပြင်းထန်တဲ့ ခေတ်ကြီးမှာ ကောင်းကင်ပါရမီရှင် တွေ ကျဆုံးတာ ပုံမှန်ပါပဲ…”
…
ရှေ့ပိုင်းစွန့်ပစ်နယ်မြေ မှ အင်အားစု အသီးသီးမှ စွမ်းအားရှင်များသည် ထိုသို့ ပြောဆိုကြပြီး မျက်နှာများ မကောင်းသော်လည်း နာကျည်းဝမ်းနည်းမှုကိုသာ ပြသကြကာ ယခင်ကကဲ့သို့ ဒေါသ မထွက်ကြတော့ပေ။
“တာယန် မြင့်မြတ်သားတော်… ငါတို့ နားလည်ပါပြီ… ဒီတော့ ပြန်ခွင့်ပြုပါဦး…”
ယောင်ကွမ်းမြင့်မြတ်နယ်မြေ၊ ကျီဖူမြင့်မြတ်နယ်မြေ၊ ဓားခန်းမ နှင့် အခြား ဧကရာဇ် မိသားစု များမှ စွမ်းအားရှင်များသည် ထိုသို့ ပြောဆိုပြီးနောက် သက်တံ့ရောင် အလင်းတန်းများ အသွင်ပြောင်းကာ ပြန်လည် ထွက်ခွာသွားကြတော့သည်။
“ဘာ… ငါတို့ ရွှေတောင်ပံ ဌက်မျိုးနွယ် ရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်ကို သတ်တာ မင်းလား…”
“ငါတို့ နဂါးဘိုးဘေးသိုက် ရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်ကို သတ်ရဲတယ်ပေါ့… ကောင်စုတ်လေး… မင်း သေချင်နေတာလား…”
“ငါတို့ အနောက်ဘက် ကောင်းကင်ဘုံဘုရားကျောင်း မှာ နှစ်ပေါင်းများစွာ ကြာမှ ဆက်ခံသူ ထွက်လာတာ… အခု မင်း လက်ချက်နဲ့ သေရတယ်… ပြောစမ်း… မင်း ဘယ်လို လျော်ကြေးပေးမလဲ…”
သဲကန္တာရပြင်ကျယ်ကြီး၏ ဟင်းလင်းပြင် အထက်တွင် ယခုအခါ အင်အားစုကြီး သုံးခုသာ ကျန်ရစ်တော့သည်။
ရွှေတောင်ပံ ဌက်မျိုးနွယ်၊ နဂါးဘိုးဘေးသိုက် နှင့် အနောက်ဘက် ကောင်းကင်ဘုံငယ်…
“ဟမ်… မင်းတို့ အင်အားစု သုံးခုက တော်တော် ရယ်ရတာပဲ…”
“အားပြိုင်မှု ပြင်းထန်တဲ့ ခေတ်ကြီးမှာ… ကောင်းကင်ပါရမီရှင် တွေ အချင်းချင်း ယှဉ်ပြိုင်ကြတာပဲလေ… မင်းတို့ရဲ့ ဆက်ခံသူတွေက အမှိုက်တွေမို့လို့ ငါ့လက်ထဲမှာ ရှုံးသွားတာလေ… ရှုံးလို့ ငါ သတ်လိုက်တာ ဘာဆန်းလဲ…”
စုရွှမ်က အေးစက်စွာ ရယ်မောလိုက်သည်။
“ဟမ်…. အောင့်ထျန်း က ငါတို့ နဂါးဘိုးဘေးသိုက် ရဲ့ နှစ်တစ်ထောင်အတွင်း အသန်မာဆုံး ပါရမီရှင်ကွ… မင်းမှာ သူ့ကို သတ်နိုင်တဲ့ အစွမ်းအစ ရှိလို့လား… ယုတ်မာတဲ့ နည်းလမ်းတွေ သုံးပြီး သတ်တာ သေချာတယ်… ဒီနေ့ မင်းကို အရှင် မထားဘူး…”
“ရွှေတောင်ပံငှက်မျိုးနွယ် ဘုရင်လေး က မဟာဧကရာဇ် ရွှေကျီးနက် အမွေအနှစ် ကို ရထားတာ… ပါရမီ က ပြိုင်ဘက်ကင်းတယ်… မျက်နှာချင်းဆိုင် တိုက်ရင် ဘယ်လိုလုပ် မင်းလက်ချက်နဲ့ သေမှာလဲ… မင်း ချောင်းမြောင်းတိုက်ခိုက်တာ သေချာတယ်…”
“ဒီတစ်ဆက် ဗုဒ္ဓသားတော် က ဗုဒ္ဓမိစ္ဆာ ခန္ဓာသုံးထောင် ပိုင်ဆိုင်ထားပြီး ဗုဒ္ဓတရား တော်တော် ပေါက်မြောက်နေပြီ… ရှေ့ပိုင်းစွန့်ပစ်နယ်မြေ က လူငယ်တွေ ကြားမှာ မပြောနဲ့… ဗဟိုလွင်ပြင် တစ်ခုလုံးကို ကြည့်ရင်တောင်… သူက လောကကို လွှမ်းမိုးနိုင်တဲ့ ပါရမီရှင်မျိုးပဲ…
ဘယ်လိုလုပ် မင်းလက်ထဲမှာ သေဆုံးနိုင်မှာလဲ… မင်း… ဘယ်လို ယုတ်မာတဲ့ နည်းလမ်းတွေ သုံးလိုက်တာလဲ…”
အင်အားစု သုံးခုက အလျှော့မပေးဘဲ အတင်းအကျပ် ဖိအားပေးနေကြသည်။
သူတို့၏ ကောင်းကင်ပါရမီရှင် များသည် ထူးချွန်သော ပါရမီစွမ်းရည် ရှိကာ တိုက်ရည်ခိုက်ရည်မှာ ကမ္ဘာကျော်သည်ဟုပင် ယူဆထားကြသည်။ ထို့ကြောင့် စုရွှမ်သည် မျက်နှာချင်းဆိုင် တိုက်ခိုက်ပြီး အနိုင်ယူနိုင်လိမ့်မည်ဟု လုံးဝ မယုံကြည်ကြဘဲ ယုတ်မာသော နည်းလမ်းများ သုံးခဲ့သည်ဟုသာ စွပ်စွဲခဲ့ကြသည်။
“သြော်… ဟိုကောင် သုံးကောင်က ဘာလို့ အမှိုက် ဖြစ်နေလဲ ဆိုတာ ငါ သိပြီ… နောက်က အင်အားစုကြီး တွေကလည်း အတူတူပဲကိုး…”
စုရွှမ်သည် အင်အားစုကြီး သုံးခုမှ စွမ်းအားရှင်များကို ကြည့်ရင်း အေးစက်စွာ လှောင်ပြောင်လိုက်သည်။
“မင်း… ဘာပြောလိုက်တာလဲ…”
အင်အားစုကြီး သုံးခုစလုံး ဒေါသတကြီး ဖြစ်ကာ အော်ဟစ်လိုက်ကြသည်။
“ငါ ပြောလိုက်တာက… မင်းတို့ အင်အားစုကြီး သုံးခုစလုံးက အမှိုက်တွေလို့… ဒါကြောင့် မွေးထုတ်ပေးလိုက်တဲ့ ကောင်းကင်ပါရမီရှင် တွေကလည်း အမှိုက်တွေ ဖြစ်ကုန်တာလေ…”
စုရွှမ်သည် ဟင်းလင်းပြင်ထဲတွင် မတ်မတ် ရပ်နေပြီး မျက်နှာထား မပြောင်းလဲဘဲ ဖြည်းညင်းစွာ ပြောလိုက်သည်။
“ကောင်စုတ်လေး… မင်း တော်တော် မာနကြီးနေပါလား… ဒီနေ့ မင်းကို အရှင်မထားဘူး…”
ယခုအချိန်တွင် အင်အားစုကြီး သုံးခုသည် ဘာကိုမှ ဂရုမစိုက်နိုင်ကြတော့ပေ။ ချက်ချင်းပင် စုရွှမ်ကို သတ်ဖြတ်ရန် ပြင်လိုက်ကြသည်။
ဤ စော်ကားမှုကို သူတို့ သည်းမခံနိုင်ကြတော့ပေ။
စကားဆုံးသည်နှင့် အင်အားစုကြီး သုံးခုမှ စွမ်းအားရှင်များ ရှေ့ထွက်လာကြသည်။ စုရွှမ်၏ မျက်နှာချင်းဆိုင်တွင် ပေါ်ထွက်လာပြီး မျက်နှာများ မည်းမှောင်လျက် စုရွှမ်ကို စိုက်ကြည့်နေကြ၏။
ဤသုံးယောက်သည် အရှင်မြတ်အဆင့် များ ဖြစ်ကြသည်။ သူတို့၏ အရှိန်အဝါများကို အလုံးစုံ ထုတ်လွှတ်လိုက်ရာ မိုးမြေ တစ်ဝှမ်းလုံး လွှမ်းခြုံသွားသည်။
“ကောင်စုတ်လေး… ဒီနေ့ ဒီနေရာမှာ မင်း သေရမယ်…”
ကျယ်လောင်သော အော်သံနှင့်အတူ အင်အားစုကြီး သုံးခုမှ စွမ်းအားရှင်များသည် တပြိုင်နက်ထဲ တိုက်ခိုက်လာကြသည်။
တစ်ခဏချင်းပင် ကောင်းကင်နှင့် မြေကြီးမှာ အရောင်ပြောင်းသွားသည်။
ဟင်းလင်းပြင် တစ်ခုလုံး အဆုံးမဲ့ နတ်ဘုရားစွမ်းအား များဖြင့် ပြည့်နှက်သွားပြီး အဆုံးမဲ့ ဂမ္ဘီရသင်္ကေတ များမှ နတ်အလင်းရောင်များ တောက်ပလာ၏။
“ရိုလီ… ငါ့နောက်မှာ နေ… ယောကျ်ား မင်းကို ကာကွယ်ပေးမယ်…”
စုရွှမ်သည် နောက်လှည့်၍ လမ့်ရိုလီ ကို ကြည့်ကာ ပြုံးလျက် တိုးတိုးလေး ပြောလိုက်သည်။
နောက်တစ်စက္ကန့်တွင် စုရွှမ်သည် မည်သည်ကိုမျှ ချန်ထားခြင်း မရှိတော့ဘဲ အရှိန်အဝါ အားလုံးကို ထုတ်လွှတ်လိုက်သည်။
စုရွှမ်၏ နောက်ကျောဘက်တွင် မဟာဧကရာဇ် ပုံရိပ်ယောင် သုံးခု အပြည့်အဝ ပေါ်ထွက်လာပြီး အဆုံးမဲ့ ဟွမ်သွမ့် စွမ်းအင်များ ပျံ့နှံ့လာသည်။
တစ်ခဏချင်းပင် စုရွှမ် တစ်ကိုယ်လုံး ဟွမ်သွမ့် အလင်းရောင်များ လွှမ်းခြုံသွားပြီး အလွန် လျှို့ဝှက်ဆန်းကြယ်နေ၏။
ယခုအချိန်တွင် စုရွှမ်သည် ကောင်းကင်တာအို ဝင်စားသည့်အလား ဖြစ်နေပြီး မျက်လုံးများထဲတွင်ပင် လောကသုံးထောင် ဖြစ်ပျက်နေသည့် ပုံရိပ်များကို ပြသနေသည်။
“ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ…”
ကြားဖူးနားဝ ရှိခဲ့သော်လည်း…
အင်အားစုကြီး သုံးခုမှ ကျင့်ကြံသူများသည် ခန္ဓာကိုယ်ဖွဲ့စည်းပုံ သုံးထောင်တွင် နံပါတ်တစ် ဖြစ်သော ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ ကို အမှန်တကယ် မြင်တွေ့လိုက်ရသောအခါ ခေါင်းနပန်းကြီးသွားကြသည်အထိ တုန်လှုပ်သွားကြသည်။
ဤ ခန္ဓာကိုယ်ဖွဲ့စည်းပုံသည် တားမြစ်ထားသော အရာတစ်ခုကဲ့သို့ပင် ထွက်ပေါ်လာသော အရှိန်အဝါမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှပြီး သူတို့၏ ရင်ထဲတွင်ပင် ထိတ်လန့်မှုကို ခံစားခဲ့ရသည်။
သူတို့သည် အရှင်မြတ်အဆင့်များ ဖြစ်၏။သို့သော် စုရွှမ်သည် ချမ်းသွမ့်အဆင့် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သေးသည်။
အနည်းငယ် တုန်လှုပ်သွားပြီးနောက် စွမ်းအားရှင်ကြီး သုံးဦး၏ တိုက်ခိုက်မှုသည် ပို၍ ပြင်းထန်လာပြီး စုရွှမ်ကို တပြိုင်နက်ထဲ တိုက်ခိုက်လာကြသည်။
စုရွှမ်က ပြုံးလိုက်သည်။
“အားလုံးက ငါ့ကို သတ်ချင်မှတော့… မင်းတို့ကို မျက်စိဖွင့်ပေးရတာပေါ့…”
အရာခပ်သိမ်း… ပွင့်…!
တိုက်ခိုက်စွမ်းအား ဆယ်ဆ တိုးမြှင့်ခြင်း…!
စုရွှမ် တစ်ကိုယ်လုံး ရွှေရောင် အလင်းတန်းများ တောက်ပလာပြီး သံမဏိ လက်သီးနှစ်ဖက်ဖြင့် ပြင်းပြင်းထန်ထန် ထိုးချလိုက်သည်။
ကမ္ဘာမြေကို တုန်လှုပ်စေသော လက်သီးရောင်ခြည်သည် လမ်းကြောင်းခြောက်သွယ် ကို ထိုးခွဲပြီး သံသရာကို ဖျက်ဆီးပစ်တော့မည့်အလားပင်။
တဆက်တည်းမှာပင်…
အလွန် ကြောက်မက်ဖွယ် ကောင်းသော ကပ်ဘေးအလင်းရောင် တစ်ခု ဘုန်းခနဲ ကျဆင်းလာ၏။
နတ်ဘုရား အပြစ်ပေးခြင်းကဲ့သို့ပင်…
ပြန်လည်မွေးဖွားခြင်းလမ်းခြောက်သွယ်
ကောင်းကင်ဘုံကိုးခုမှ အမတဘုရင် ဆင်းသက်ခြင်း
ဘုန်း
ကောင်းကင်နှင့် မြေကြီးကြားတွင် မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သော အသံတစ်ခု ပေါ်ထွက်လာသည်။
ကြောက်မက်ဖွယ် အရှိန်အဝါများသည် ဟင်းလင်းပြင် တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားပြီး ဟင်းလင်းပြင်ကို စုတ်ဖြဲပစ်လိုက်သည်။
ကြောက်မက်ဖွယ် တိုက်ပွဲ ဂယက်များသည် ကျယ်ပြောလှသော သဲကန္တာရပြင်ကျယ်ကြီး တစ်ခုလုံး ပျံ့နှံ့သွားပြီး အလွန် ဝေးကွာသော နေရာများအထိ ရောက်ရှိသွားကာ လူပေါင်းများစွာကို တုန်လှုပ်သွားစေပြီး အော်ဟစ်သွားစေသည်။
ဤမျှ ကြောက်မက်ဖွယ် ကောင်းသော တိုက်ပွဲ အရှိန်အဝါသည် အင်အားစုကြီး သုံးခုမှ ကျင့်ကြံသူများကို ကြောင်အမ်းအမ်း ဖြစ်သွားစေပြီး ရင်ထဲတွင် မုန်တိုင်းများ တိုက်ခတ်သွားစေသည်။
ဒါ… တကယ်ပဲ ချမ်းသွမ့်အဆင့် ကျင့်ကြံသူ တစ်ယောက် လုပ်နိုင်တဲ့ အရာလား…
ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ ဆိုတဲ့အတိုင်းပဲ…
ဟင်းလင်းပြင်ထဲတွင် စုရွှမ်နှင့် အရှင်မြတ် သုံးဦးတို့သည် ခြေလှမ်းများစွာ နောက်ဆုတ်သွားကြပြီး အပြန်အလှန် စိုက်ကြည့်နေကြကာ တိုက်ခိုက်လိုစိတ်များဖြင့် ဆူပွက်သွားသည်။
တစ်ချက်တည်း တိုက်ခိုက်လိုက်ရုံဖြင့် ၊ စုရွှမ်သည် အရှင်မြတ် သုံးဦးကို သရေကျအောင် တိုက်ခိုက်နိုင်ခဲ့သည်။
အမ်…
…