မင်္ဂလာဆောင်ဝတ်စုံ (၂)
Vol. 4 Ch. 184
ကျွန်မ လူငယ်ဘဝတုန်းက သိပ်ဆိုးခဲ့တာ။ ဆိုင်ကယ်တစ်စီးနဲ့ မြို့အနှံလျှောက်သွားနေခဲ့ပြီး ကျောင်းပြေးခဲ့တာပေါ့။ စာမေးပွဲ တစ်ဘုန်းဘုန်းကျရင်း ကျောင်းမှာကျောင်းပျော်ကြီး ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါတယ်။
မိဘတွေလည်း လက်မြှောက်အရှုံးပေးခဲ့ရပြီး ဆရာအများစုလည်း ကျွန်မကို ဘာမှမပြောကြတော့ဘူး။ ဒါပေမဲ့....
“ရီတာ၊ အနည်းဆုံးတော့ ဒီတစ်ခေါက် ဆရာ့ဘာသာမှာ အောင်မှတ်ရအောင် ကြိုးစားကြည့်ပါလား။”
တစ်ယောက်ကတော့ ကျွန်မနောက်ကနေ အမြဲလိုက်ပြီး သူ့ဘာသာကို အောင်အောင်ဖြေဖို့ တိုက်တွန်းနေဆဲပါပဲ။ သူ့နာမည်က ဒရူး၊ ကျွန်မအထက်တန်းကျောင်း နောက်ဆုံးနှစ်တက်တော့ ပြောင်းလာတဲ့ဆရာပဲ။ ဒါပေမဲ့ သူသင်တဲ့ဘာသာနဲ့ သုံးကြိမ်သုံးခါကျပြီးတဲ့နောက်မှာ ကျောင်းမှာရှိနေတာ အတော်ကြာပြီဖြစ်တဲ့ ဆရာစာရင်းထဲ ပါသွားပါလေရော။
“ရှင်သင်တဲ့ သင်ခန်းစာတွေက ပျင်းစရာကြီး၊ ဗြဲ။”
ဘရွန်း... ဘရွန်း... ဘရွန်း....
ကျွန်မသူ့ကို အမြဲပြောင်ပြပြီး ကျောင်းဝင်းထဲကနေ ဆိုင်ကယ်မောင်းထွက်သွားနေကျပါ။
...
ဒါပေမဲ့ တစ်နေ့တော့....
“ကြည့်ရတာ လိပ်ပြာနတ်ဆိုးက ထင်ထားသလောက် မကြမ်းပါလား။”
ကျိုးသွားတဲ့ ကျွန်မလက်ကို ဆုပ်ကိုင်ထားရင်းနဲ့ ကျွန်မကို အဘက်ဘက်ကနေ ဝိုင်းထားတဲ့သူတွေကို ကြည့်လိုက် မိပါတယ်။ နံစော်နေတဲ့ အရက်နံ၊ အဆီဝေ့နေတဲ့ မျက်နှာတွေနဲ့ လူထွားကြီးတွေ။ ကျောင်းလူမိုက်အဖွဲ့ မဟုတ်တဲ့ တကယ့်လူမိုက်တွေပါပဲ။
“တစ်ယောက်တည်းကို လူအများကြီးနဲ့ ဝိုင်းတိုက်ပြီးတော့များ။”
မတရားတာကြောင့် ဒေါသထွက်မိပေမဲ့ အော်ဟစ်နေရုံက လွဲပြီးတော့ ဘာမှမတတ်နိုင်ခဲ့တဲ့ ကျွန်မအခြေအနေပါ။
“ကောင်မ၊ စကားတော့တတ်သားပဲ။ နံရံနဲ့ခေါင်းနဲ့ ဆောင့်ပေးပြီး နင့်မိဘတွေ နင့်မျက်နှာမမှတ်မိအောင် လုပ်ရသေးတာပေါ့။”
ခေါင်းဆောင်လုပ်တဲ့သူက ကျွန်မဆံပင်ကို ဆောင့်ဆွဲလိုက်တယ်။ အဲဒီနောက်တော့ လူတစ်ယောက်က ကျွန်မတို့ ရန်ဖြစ်နေတဲ့နေရာကိုပြေးလာပြီး ဝင်တားတယ်။
“ရပ်ကြ၊ ငါရဲခေါ်လိုက်ရမလား။ အဲဒီကျောင်းသူက ငါတို့ကျောင်းကကွ။”
သူက လက်ထဲက စာရွက်စာတမ်းထည့်တဲ့အိတ်နဲ့တောင် လူမိုက်တွေကို လှမ်းရိုက်လိုက်သေးတယ်။
‘နေပါဦး၊ ပုံမှန်ဆိုရင် ဒါငါလုပ်နေကျ အကွက်မဟုတ်ဘူးလား။'
ဖူးယောင်နေတဲ့ မျက်လုံးတွေနဲ့မလို့ ဘယ်သူလဲ ကျွန်မ မသိခဲ့ပါဘူး။ ပထမတော့ တော်တော်ကြမ်းတဲ့လူတစ်ယောက် ဖြစ်မယ်လို့ထင်ခဲ့ပေမဲ့။
“ဘာမှမဟုတ်တဲ့ကောင်ကများ မြင်းဖြူစီးသူရဲကောင်း လုပ်ချင်နေသေးတယ်။ ထိုးကြကွာ...”
တကယ့်တကယ်တမ်းမှာတော့ ရန်ပွဲနောက်တစ်ချီစချိန်မှာ သူက ကျွန်မထက်အရင်မှောက်သွားရော။ ပြောရရင်သူက တခြားသူတွေကို ပြန်တောင်ထိုးနိုင်ခဲ့တာ မဟုတ်ဘူးရယ်။
“ဘယ်လိုပိန်းဥမျိုးက ရန်မဖြစ်တတ်ဘဲ ရန်ပွဲထဲ ဝင်ပါရတာပါလိမ့်။”
ကျွန်မ နားမလည်ခဲ့ဘူး။ ပထမကတော့ နှစ်ယောက်လုံး သေတော့မယ်ထင်ခဲ့ပေမဲ့ ကင်းလှည့်ရဲကားတစ်စင်း ရောက်လာတဲ့အတွက်ကြောင့် ကံကောင်းသွားခဲ့တယ်။
...
“အဲဒီတုန်းက ရှင်ကတော်တော် ရဲရင့်တာပဲ။”
တစ်ယောက်လက်ကိုတစ်ယောက် တွဲထားရင်းနဲ့ ပါရီမြို့ လမ်းမတွေထက်မှာ ကျွန်မတို့အတူလျှောက်ဖြစ်ခဲ့တယ်။ ကျွန်မဆရာက ကျွန်မထက်ဆယ်နှစ်ကျော်လောက် ကြီးပါတယ်။ ဒါပေမဲ့ ကျွန်မသူ့ကိုသဘောကျတယ်။ မိန်းကလေးတစ်ယောက်လို နုနယ်ပြီးတုံးအပေမဲ့ ဒီလူကြီးက လူကောင်းတစ်ယောက်ပါ။
“ ကျောင်းပြီးရင် လက်ထပ်ကြမယ်ဆိုတဲ့ ကတိအတိုင်း တကယ်ဖြစ်လာတာ မယုံနိုင်ဘူး။”
ကျွန်မလက်ထဲက အနက်ရောင်လိပ်စာကတ်ကို ပြန်ကြည့်ရင်း ပြောလိုက်မိတယ်။ ကျွန်မအထက်တန်း အောင်ပြီးသွားပြီ။ အသက်က ၂၂ ဖြစ်နေတာမလို့ ရယ်စရာကောင်းနေပေမဲ့ပေါ့။
“ဒီတော့ ချစ်ပြောတဲ့ အံ့ဩစရာကောင်းတဲ့ မင်္ဂလာဆောင် ဝတ်စုံဆိုင်ဆိုတာ ဒီဆိုင်လား။”
ကျွန်မတို့နှစ်ယောက်ရှေ့မှာ ခမ်းနားတဲ့ အပ်ချုပ်ဆိုင်ကြီး တစ်ဆိုင်ရှိနေပါတယ်။ မင်္ဂလာဆောင်ဝတ်စုံတွေပဲ ချုပ်တာမဟုတ်ပေမဲ့ သီးသန့်ချုပ်တဲ့ဆိုင်တွေထက် ဒီဇိုင်းကောင်းတာကို သိသိသာသာမြင်နိုင်တယ်။
ဒီဆိုင်ရဲ့လိပ်စာကတ်ကိုလည်း ကံကောင်းလို့ ကျွန်မ ရခဲ့တာပါ။ ဘက်စ်ကားပေါ်တက်ပြီး မျက်လှည့်ပြတဲ့ မိန်းကလေးတစ်ယောက်က မှော်ဆန်တဲ့အဝတ်အစားတွေ ရနိုင်တဲ့နေရာဆိုပြီး ညွန်ပေးသွားခဲ့တာလေ။
“အင်း... ကြည့်ကြည့်ရအောင်....” ကျွန်မ ခေါင်းညိတ်ပြပြီး ကျွန်မချစ်ရတဲ့ခင်ပွန်းနဲ့အတူ ဆိုင်ထဲဝင်လိုက်ပါတယ်။ ဆိုင်ထဲမှာတော့ ကပ်ညေးကိုင်ပြီး အထည်စတွေကို ဖြတ်နေတဲ့ အသက်နှစ်ဆယ်နှောင်းပိုင်းအရွယ် မိန်းမတစ်ယောက်ရှိနေတယ်။
ပုံစံကြည့်ရတာတော့ အရှေ့အလယ်ပိုင်းက မိန်းမလိုပဲ။ အနက်ရောင်ဆံပင်ပါးပါးနဲ့ ပိန်ပါးတဲ့ခန္ဓာကိုယ်မျိုး။
“အလင့်အပ်ချုပ်ဆိုင်ကနေ ကြိုဆိုလိုက်ပါတယ်။ ဘယ်လိုအဝတ်မျိုး လိုချင်တာပါလဲရှင့်။ ရှင်တို့စိတ်ကူးနိုင်သမျှ အရာအားလုံးကို ဒီဆိုင်မှာ အစအဆုံးထုတ်လုပ်ပေးနိုင်ပါတယ်။”
ဆိုင်ရှင်ရဲ့စကားဆုံးတော့ ဆိုင်ပြတင်းမှာပြထားတဲ့ မင်္ဂလာဆောင်ဝတ်စုံကို ကျွန်မ လက်ညိုးထိုးပြဖြစ်တယ်။
“လိပ်ပြာနတ်သမီးလေးလိုမျိုး ဖြစ်နေစေမယ့် မင်္ဂလာဆောင်ဝတ်စုံမျိုး ရှင်ချုပ်ပေးနိုင်မလား။”
“ရတာပေါ့၊ ရှင်တို့စုံတွဲအတွက် မမေ့နိုင်စရာ မင်္ဂလာအခမ်းအနားတစ်ခုဖြစ်အောင် လုပ်ပေးမယ်။”
နောက်တော့ ဆိုင်ရှင်က အပ်ချုပ်သမားပီသစွာပဲ ကျွန်မကို ကိုယ်တိုင်းစယူပါတယ်။ ဒီဇိုင်းရွေးပြီးတော့ ပြန်ရတော့မယ် ထင်ထားပေမဲ့ သူကဝတ်စုံကို စောင့်ယူဖို့ပြောလာတယ်။
“ဟိုလေ.... ဝတ်စုံချုပ်တာက တစ်ပတ်နှစ်ပတ်လောက် စောင့်ရတယ်မဟုတ်ဘူးလား။”
“ဟောဒီ့၊ အလင့်ရဲ့ဆိုင်မှာတော့ စောင့်စရာမလိုပါဘူး။”
ဆိုင်ရှင်က နောက်ဝင်သွားပြီးတဲ့နောက် ကျောင်းခရီးစဥ် တစ်ခုမှာမြင်ဖူးတဲ့ လက်ယက်ကန်းစက်က ထွက်တဲ့အသံမျိုးထွက်လာတာ ကျွန်မကြားရတယ်။ နာရီပိုင်း ကြာပြီးတဲ့နောက်မှာတော့ လိပ်ပြာတောင်ပံပါတဲ့ မင်္ဂလာဆောင်ဝတ်စုံ လှလှလေးနဲ့သူပြန်ရောက်လာခဲ့ပါတယ်။
“ ဒီချစ်စရာကောင်းတဲ့ ဝတ်စုံလေးကို ဝတ်ကြည့်ဖို့ အချိန်ကျပါပြီ၊ သတို့သမီးလေး။”
ကျွန်မလည်း အများကြီးတွေးမနေဘဲ သူပြောတဲ့အတိုင်း ဝတ်စုံကိုဝတ်ကြည့်ခဲ့ပါတယ်။ ကိုယ်လုံးပေါ်မှန်ရှေ့မှာ ဝတ်ပြီးကြည့်တော့ တကယ့်ကို လိပ်ပြာနတ်သမီးလေး အတိုင်းပါပဲ။
“စိတ်တိုင်းကျပါရဲ့လား...”
“အင်း၊ ဘယ်လောက်ကျလဲဟင်....”
ကျွန်မတို့ ငွေအကြေချေပြီးတဲ့နောက်မှာတော့ ဆိုင်ကနေ ထွက်လာခဲ့တယ်။ ဘာကြောင့်မှန်းမသိဘဲ ဒီဝတ်စုံကို ကျွန်မဆက်ဝတ်ထားမိတယ်။
“ချစ်၊ ရိုးရိုးဝတ်စုံ ပြန်မလဲတော့ဘူးလား။ တော်ကြာ၊ ညစ်ပတ်ကုန်ဦးမယ်။”
ကျွန်မ ခေါင်းခါလိုက်မိတယ်။ “အိမ်ပြန်ရောက်မှ လဲကြမလား။ နည်းနည်းဝတ်ထားချင်သေးတယ်။”
“အင်း....” ကျွန်မခင်ပွန်းက ကျွန်မရဲ့သဘာဝမကျတဲ့ တောင်းဆိုမှုကို လက်ခံခဲ့တယ်။ ကြင်စဦးဖြစ်တော့မယ့် စုံတွဲနှစ်ယောက်အတွက် ပျော်စရာအချိန်လေးတစ်ခု ဖြစ်ခဲ့တယ်ဆိုပေမဲ့ မကြာခင်မှာပဲ အိပ်မက်ဆိုးတစ်ခု ဖြစ်လာခဲ့တယ်။
ကျွန်မအိမ်ပြန်ရောက်တဲ့ အချိန်မှာတော့...
အဲဒီဝတ်စုံက ချွတ်လို့မရတော့ဘဲ အသားနဲ့တစ်သားတည်း ဖြစ်သွားခဲ့တယ်။
....
“ဒီတော့ အကြမ်းဖျင်းအားဖြင့် ပြောမယ်ဆိုရင် AC&B က မတူညီတဲ့ လူသုံးယောက်နဲ့ မတူညီတဲ့ စီးပွားရေးလုပ်ငန်း သုံးခုကို ညွန်ပြတယ်လို့ ယူဆရမလား။ A... Aliceက အထည်ဆိုင်ဖွင့်ထားတယ်။ B... Bunnyက မျက်လှည့်ပစ္စည်းဆိုင် ဖွင့်ထားတယ်။ ကြော်ငြာတာတို့ မားကတ်တင်းဆင်းတာတို့လည်း တာဝန်ယူထားပုံပဲ။”
ရိုစယ်လီယာရဲ့ပြဿနာကို လေ့လာပြီးတဲ့နောက်မှာ ကျွန်မတို့တွေ အချက်အလက်တွေထပ်ပြီးမျှဝေဖို့ ဖြစ်လာခဲ့ပါတယ်။
“ဒါပေမဲ့ Cက ဘယ်သူလဲ။”
ကျွန်မ တွေးနေရင်းနဲ့ စက္ကူအိတ်ထဲကနေ သကြားဖြူး ပလိန်းဒိုးနတ်တစ်ကွင်းကို ပါးစပ်ထဲ ထိုးထည့်လိုက်တယ်။ ညနေစောင်းလာပြီမလို့လားမသိပေမဲ့ ဗိုက်ကဆာလာပြီ။ ကျွန်မဗိုက်ထဲကနေ အသံစုံမြည်လာတော့ ရိုစယ်လီယာက သနားသွားဟန်နဲ့ ကျွန်မတို့ဖို့ ဒိုးနတ်တွေဝယ်ပေးထားတာ။
“ငါတို့မသိသေးတဲ့ နောက်ထပ်လုပ်ငန်းတစ်ခု ရှိနေသေးတဲ့ ပုံပေါ်တယ်။ Aနဲ့Bလိုပဲ မကောင်းတဲ့ဟာတစ်ခုပဲဖြစ်မှာ။”
ရိုစယ်လီယာက ပြောလိုက်တယ်။ အစပိုင်းတော့ ဒီမိန်းကလေးက အလျင်လိုနေခဲ့ပေမဲ့ ပုံမှန်နည်းတွေနဲ့ ရှာလို့မရမှန်း သတိထားမိပြီးတဲ့နောက်မှာတော့ ခေါင်းအေးအေးထားပြီးတော့ စဥ်းစားဖို့ကြိုးစားနေတယ်။
“လိပ်စာကတ်မရှိဘဲ ဆိုင်ကိုလိုက်ရှာလို့မရပြန်ဘူး။ မြို့ထဲမှာ တစ်ဆိုင်ချင်းစီလိုက်ဖို့ကလည်း ဒီလူအင်အားနဲ့ မဖြစ်ပြန်ဘူး။ ရိုစယ်လီယာ၊ နင့်မီးလျှံကျောင်းတော်က လူတွေကို ဆင့်ခေါ်လို့မရဘူးလား။”
တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နဲ့ ဘန်နီကိုလိုက်ရှာလို့ အလုပ်မဖြစ်ခဲ့ကတည်းက ဒီအချက်အလက်တွေကို ကျွန်မသိထားပြီးသား။ ပလိန်းရှူးဂါးဒိုးနတ်ကုန်သွားတော့ ကျွန်မလက်က ယိုသွပ်ဒိုးနတ်လေးထောင့်လေးပေါ် ရောက်သွားတယ်။ ပါစီဗယ်က အဲဒီမုန့်ပေါ်ကို လက်လှမ်းထားပြီးသားဆိုပေမဲ့ ချက်ချင်းပဲ လက်ကိုရုပ်လိုက်ပြီး ကျွန်မကိုပြုံးပြပါတယ်။
“တကယ်က ငါမီးလျှံကျောင်းတော်ကနေ ထွက်ပြေးလာတာ။”
“.....” ရိုစယ်လီယာ ရုတ်တရက်ပြောလိုက်တဲ့ စကားကြောင့် ကျွန်မမျက်လုံးပြူးသွားတယ်။
“နင်တို့ကို ဝင်တိုက်ပြီးကတည်းက ငါတို့ဆဲလ်ဆာဘုတ်က အဲလ်ဒါဖြစ်တဲ့ငါ့ကို မဆင်မခြင်လုပ်လွန်းတယ်ဆိုပြီးတော့ မီးလျှံနတ်စွမ်းအားအသစ်တစ်ခုမသုံးတတ်မချင်း ရဲတိုက်က မထွက်ရဘူးဆိုပြီး အကျယ်ချုပ်ချထားတာ။”
ဒါဖြင့် ကျွန်မတို့က ထောင်ဖောက်ပြေးလာတဲ့ အကျဥ်းသားကို ကူညီပေးသလိုဖြစ်မနေဘူးလား။ တော်ကြာအမှုတွဲထဲ ထပ်ပါပြီး လိုက်အတိုက်ခံနေရဦးမယ်။
“ဒါနဲ့၊ နင်တို့ကရော.... နင်လည်းဆီနိတ်တာဖြစ်နေပြီ မဟုတ်ဘူးလား။ လက်အောက်ငယ်သားလေးဘာလေး မရှိဘူးလား။”
ရိုစယ်လီယာက ပြန်မေးတော့ ကျွန်မဘေးက ပါစီဗယ်ကို လက်ညိုးထိုးပြလိုက်မိတယ်။ “ဒီအကောင်နဲ့ သူ့သရဲတွေပဲ ရှိတာ။”
ပြောရရင် ကျွန်မက နက်ဆန်ဆီက အလုပ်ထွက်ပြီး ပါရီမြို့ကိုရောက်လာတာလေ။ ဆီနိတ်တာရာထူးကို ဘယ်တုန်းကမှ အတည်မှတ်ခဲ့ဖူးတာမဟုတ်ဘူး။ ဒီတော့ ကျွန်မအခြေအနေက ရိုစယ်လီယာနဲ့အတူတူပဲ။
“.....” ဒီတစ်ခါတော့ ကျွန်မစကားကြောင့် ရိုစယ်လီယာ ဆွံအသွားပုံရတယ်။ နောက်ပြဿနာတစ်ခုက ပါစီဗယ့်သရဲတွေက သာမန်လူတွေနဲ့မတူတော့ သူတို့ကိုသာလွှတ်ပြီး စုံစမ်းခိုင်းရင် ပါရီမြို့ကလူတွေထွက်ပြေးကုန်မှာ။ ကံမကောင်းရင် EUOCကတောင် လိုက်ဖမ်းဦးမယ်။
“ဟုတ်သားပဲ...” ရုတ်တရက် ကျွန်မလက်ကိုကျွန်မ ထုလိုက်မိတယ်။
“ရိုစယ်လီယာ... မင်္ဂလာဆောင်ဝတ်စုံက AC&Bက လုပ်ထားတာမဟုတ်ဘူးလား။ ခြေရာခံမှော်နဲ့ နေရာ ခန့်မှန်းရင်ရော...”
နက်ဆန်အရင်တုန်းက ငွေခွက်ထဲ ဆန်ထည့်ပြီးတော့ နာတာရှာကိုလိုက်ရှာဖူးတယ်မဟုတ်လား။ အဲဒီလိုမျိုး အခုရောလုပ်လို့ရမရ ကျွန်မသိချင်မိတယ်။
“ခြေရာခံတဲ့မှော်လား.. အရင်က ဘာလို့မစဥ်းစားမိတာပါလိမ့်... ငါတို့မီးလျှံကျောင်းက အဲဒီလို ကိစ္စမျိုးတွေမှာ သိပ်မကျွမ်းပေမဲ့ အဲဒီလိုမှော်အစီအရင်မျိုး ရှိမယ်ထင်တာပဲ။”
နောက်တော့ ရိုစယ်လီယာက သူ့အင်္ကျီထဲထည့်ထားတဲ့ သားရေစာအုပ်တစ်အုပ်ကို ထုတ်လိုက်ပြီး စဖတ်တော့တာပဲ။ ကြည့်ရတာ ရိုစယ်လီယာမှာလည်း နက်ဆန်လိုမျိုး အဖိုးရဲ့မှော်စာအုပ်ဘာညာ ရှိတဲ့ပုံပဲ။ ရိုစယ်လီယာ့ဟာက အဖွားရဲ့မှော်စာအုပ်ဖြစ်ရင်ဖြစ်မှာပေါ့။
“ တွေ့ပြီ... ရိုးရှင်းတယ်ဆိုပေမဲ့ အလုပ်ဖြစ်မယ် ထင်တာပဲ။”
အဲဒီနောက်တော့ ရိုစယ်လီယာက အိပ်ရာထဲလဲနေတဲ့ ရီတာရဲ့မင်္ဂလာဆောင်ဝတ်စုံအစတစ်စကို ကပ်ကြေးနဲ့ ညှပ်လိုက်ပြီး နက်ဆန်ရဲ့မှော်အစီအရင်မဟုတ်ပေမဲ့ အာနိသင်တူညီလောက်တဲ့ မှော်အစီအရင်တစ်ခုကို စဖန်တီးတော့တာပါပဲ။
...
ဂရီမိုရီစာအုပ်ဆိုင်။
မော်လီက ကြိုးဖုန်းကိုကိုင်ထားပြီး တစ်ဖက်က တစ်စုံတစ်ယောက်နဲ့စကားပြောနေပါတယ်။ သူ့လေသံက အတော်ကိုတည်ငြိမ်လေးနက်နေပြီး သူစကားပြောနေတဲ့ သူက အတော်အရေးကြီးပုံပေါ်ပါတယ်။
“မစိုးရိမ်ပါနဲ့ ရွှေငါးက ငါးစာနောက်ကို လိုက်နေပါပြီ။ မကြာခင်မှာ ထိပ်တိုက်ရင်ဆိုင်မိလိမ့်မယ်ထင်တယ်။”
မော်လီက တစ်ဖက်ကပြန်ပြောနေတာကို နားထောင်တဲ့ ပုံစံမျိုးနဲ့ပြောနေတာကို ခဏရပ်လိုက်ပြီး နားထောင်တယ်။
“နားလည်ပါပြီ၊ အဲဒီလိုဖြစ်လာတဲ့အခါကျရင် ကျွန်မတို့ ဝင်လှုပ်ရှားပါမယ်။”
မော်လီက ထပ်ပြီးတော့ ခေါင်းညိတ်လိုက်ပြန်တယ်။ အဲဒီနောက် ဖုန်းကိုချလိုက်ပြီး လက်ကိုပိုက်ထားရင်း ပြတင်းပေါက်နားကို ကပ်ထားလိုက်ပါတယ်။
“သာမန်အတိုင်း ကလေးတစ်ယောက်လို အပျော်ကစားနေတာလို့ ထင်ခဲ့မိတာ။ အခုတော့ တော်တော်ခရီးပေါက်လာတဲ့ပုံပဲ။ ကဲ... နင်တို့ဘယ်လောက် လုပ်နိုင်မလဲ စောင့်ကြည့်ရသေးတာပေါ့။”
မော်လီက ပြောပြောဆိုဆိုနဲ့ လက်ထဲမှာရှိနေတဲ့ အနက်ရောင် လိပ်စာကတ်တွေကို စားပွဲပေါ်ပစ်တင်လိုက်တယ်။ စုစုပေါင်း လိပ်စာကတ်ဆယ်ကတ်ကျော်ရှိပြီး အားလုံးလိုလိုက AC&B လို့ရေးထားပြီး လိပ်စာတွေတော့ မပါပါဘူး။