ကျန်းလေ့ဂိုဏ်းမှ ရန်စခြင်း
Vol. 6 Ch. 66
တုန်းမီသည် သူ့ကိုယ်ကို ကျန်းလေဂိုဏ်းမှ တပည့်လ်ု့ပြောပြီး ရန်လာစတာကို လျစ်လျူရှုလိုက်သည်။ ထို့နောက် သူကမတ်တတ်ထရပ်ကာ ဘေးပတ်လည်က လူတွေကို လက်သီးဆုပ် အရိုအသေပြုရင်း ပြောလိုက်သည်။
"ကျွန်တော် ပြောပြီးပါပြီ။ ကန့်ကွက်စရာရှိတယ်ဆိုရင် ဒီ ၅ရက်အတွင်း ဂိုဏ်းကိုလာပြီး စိန်လာခေါ်နိုင်ပါတယ်။ ခင်ဗျားတို့ထဲက ဘယ်သူမဆို မကျေနပ်ချက်ရှိရင် ကျွန်တော်ဂိုဏ်းထဲမှာ စောင့်နေပါ့မယ်"
သူ့ခွန်အားက မဆိုးဘူးဆိုသော်လည်း ဒီနေရာမှာ ပြဿနာရှာတာက အကျိုးအကြောင်းနဲ့ မကိုက်ညီပေ။ အကယ်၍ သူသာမဆင်မခြင် လုပ်လိုက်မိပါက သူ့ဂိုဏ်းကို သိက္ခာကျစေနိုင်သည်။
"ဟွန်း... လင်းယွင်ဂိုဏ်း ဟုတ်လား။ စောင့်ကြည့်နေလိုက်။ ဒီနေ့ဂိုဏ်းက ပေးလိုက်တဲ့ကိစ္စတွေကို ဖြေရှင်းပြီးတာနဲ့ မင်းကို ကောင်းကောင်း ပညာလာပေးရသေးတာပေါ့"
တုန်းမီက ခေါင်းခါလိုက်ပြီး ထွက်သွားလိုက်သည်။ လင်းယွင်ဂိုဏ်းတွင် ရန်သူသိပ်မများပေမဲ့ ဂိုဏ်းတစ်ခုက အဆင့်တက်ချင်တဲ့ခါတိုင်း တားဆီးမည့်သူများ သေချာပေါက်ရှိလာသည်။ ထိုသို့တားဆီးခြင်းက ပါရမီရှင်အသစ်များကို ဖိနှိပ်ထားနိုင်ရုံသာမက မိမိတို့ဂိုဏ်းရဲ့ ဂုဏ်သတင်းကိုလည်း ပျံ့နှံ့စေနိုင်သောကြောင့် ဖြစ်သည်။ ကျင့်ကြံခြင်းကို စွဲလမ်းသူများအတွက်တော့ ထိုအရာသည် တိုက်ပွဲအခြေအနေကို လေ့လာသင်ယူရန် အခွင့်အလမ်းကောင်းတစ်ခုလည်း ဖြစ်ပေသည်။
.......
နောက်တစ်နေ့တွင် လင်းယွင်ဂိုဏ်းတံခါးဝ၌ လူတွေအများကြီး စုဝေးနေသည်။ လူအများစုက လင်းယွင်ဂိုဏ်းရဲ့ ဂုဏ်သတင်းကြောင့် ရောက်လာကြခြင်း ဖြစ်သည်။ လင်းယွင်ဂိုဏ်းတွင် ဂိုဏ်းချုပ်တစ်ယောက်တည်းကပဲ ထူးချွန်တာလား၊ သို့မဟုတ် သူသင်ပေးထားတဲ့ သူ့တပည့်များလည်း ထူးချွန်သလားဆိုတာကို လူတိုင်း သိချင်နေကြသည်။
"အချိန်တန်ပြီ၊ တံခါးဖွင့်ပြီး ဧည့်သည်တွေကို ကြိုဆိုလိုက်ကြ"
လေ့ကျင့်ရေးကွင်းပြင်တွင် ထိုင်နေတဲ့ ကျန်းယီမင်က ဘေးမှာ သွားရပ်နေလိုက်သည်။ ထိုအခါ လင်းယွင်ဂိုဏ်းရဲ့ တံခါးမကြီးလည်း ဖြည်းညင်းစွာ ပွင့်လာလိုက်သည်။ ခဏချင်းမှာပဲ ပုရွက်ဆိတ်တွေလို လူအုပ်ကြီးက လေ့ကျင့်ရေးကွင်းပြင်တွင် ပြည့်နှက်သွားသည်။ မနေ့က ဈေးတွင် တုန်းမီကို ရန်စခဲ့တဲ့သူက ရှေ့ဆုံးကနေ ထွက်လာခဲ့သည်။ သူက လေ့ကျင့်ရေးကွင်းပြင်ထဲသို့ ခုန်ဝင်လိုက်သည်။
"ဝါး... သူ့ပုံစံက ရန်လိုနေလိုက်တာ။ ကလဲ့စားချေဖို့ ရောက်လာတာများလား။ မင်းတို့ထဲက ဘယ်သူနဲ့များ ရန်ငြိုးရှိထားလို့လဲ" ကျန်းယီမင်က မျက်ခုံးပင့်ကာ မေးလိုက်သည်။
"မနေ့တုန်းက ဈေးမှာ ကျွန်တော် ဒီလူနဲ့စကားနည်းနည်း ပြောခဲ့ဖူးတယ်။ ဒီရက်ပိုင်း ဂိုဏ်းမှာ ပြိုင်ပွဲကျင်းပမှာမို့လို့ ကျွန်တော်က ပြဿနာမရှာချင်ခဲ့တာ" တုန်းမီက သူ့ကိုယ်သူ ကိုယ်လက်ဆန့်တန်းလိုက်ပြီး "သူနဲ့ ရင်ဆိုင်ဖို့ ကျွန်တော့်ကို သွားခွင့်ပြုပါ" ဟု ပြောလိုက်သည်။
သူ့ရှေ့ကိုသွားရန် ပြင်လိုက်တုန်းပဲ ဂူလင်းဖေးက တားလိုက်သည်။
"ဂိုဏ်းတူညီလေး... ဒီလူနဲ့ငါ့ကြားမှာ ရာဇဝင်တချို့ ရှိတယ်။ ဒီနေ့ သူကမဖိတ်ဘဲ ရောက်လာတယ်ဆိုမှတော့ ငါက သူ့ကို ကြိုဆိုပေးရမှာပေါ့"
တုန်းမီ တစ်ခုခုပြောဖို့ ပြင်လိုက်သော်လည်း ဂိုဏ်းတူအစ်ကိုကြီးရဲ့ မျက်လုံးထဲမှ ဒေါသကို မြင်လိုက်ရသဖြင့် ပါးစပ်ပိတ်ထားလိုက်သည်။ ဂူလင်းဖေးက ပြောပြီးတာနှင့် အရိပ်တစ်ခုအသွင်သို့ ပြောင်းလဲသွားပြီး ကွင်းအလယ်သို့ ချက်ချင်း ရောက်သွားသည်။
"ဝိုး... ဂူလင်းဖေးကြီးပါလား။ မင်းက လင်းယွင်ဂိုဏ်းရဲ့ ပထမတပည့်မဟုတ်လား။ ဟမ်... မနေ့က ငါ့ကို အာချောင်ခဲ့တဲ့ကောင်က စိန်ခေါ်တာကို လက်မခံရဲလို့၊ မင်းလိုအသုံးမကျတဲ့ ဂိုဏ်းတူအစ်ကိုက ဝင်ရှင်းပေးရတာလား"
"လေ့ယမ်ယွမ်... မင်း စကားလျှော့ပြောတာ ပိုကောင်းမယ်။ အဲ့ဒီလိုမှမဟုတ်ဘူးဆို ခဏနေမင်းဒူးထောက်ရတဲ့အခါ အရှက်ကွဲလိမ့်မယ်"
"ဂူလင်းဖေး... အော်... ဂူလင်းဖေး။ မင်း အကူအညီတောင်းဖို့ ငါ့ဂိုဏ်းကို ရောက်လာတုန်းကလေ.. အဲ့ဒီတုန်းက ငါပြောခဲ့တဲ့စကားတွေက နည်းနည်းလွန်သွားတာမှန်ပါတယ်။ ပြီးတော့ ငါ မှတ်မိသလောက်..." လေ့ယမ်ယွမ်ရဲ့ မျက်နှာတွင် အထင်သေးတဲ့ အမူအရာများ ပေါ်လာပြီး အသည်းအသန် ပြန်စဉ်းစားနေဟန် ဆောင်လိုက်သည်။
"ငါ မှတ်မိသလောက်ဆိုရင် ငါမင်းကို ရိုက်တောင် ရိုက်လိုက်သေးတယ် မဟုတ်လား။ အိုး... ဘုရားရေ... မင်းကို အဲ့ဒီလောက် အကြီးအကျယ် ရိုက်နှက်မိခဲ့တဲ့အတွက် တောင်းပန်ပါတယ်ကွာ"
လေ့ယမ်ယွမ်ရဲ့ စကားကို ကြားလိုက်ရသောအခါ ဘေးပတ်လည်က လူအုပ်ကြီးလည်း တီးတီးတိုးတိုးပြောလာကြသည်။
"သူတို့နှစ်ယောက်လုံး အမြုတေဖွဲ့စည်းခြင်းအဆင့် ရောက်နေတဲ့ပုံပဲ"
"ကျန်းလေ့ဂိုဏ်းက အဲ့ကောင်က အမြုတေဖွဲ့စည်းခြင်းအဆင့်မှာဆိုတာ မင်းမသိဘူးလား"
"လင်းယွင်ဂိုဏ်းက တပည့်ကိုတော့ ငါမသိဘူး။ ဒါပေမဲ့ အခုကြည့်လိုက်ရင် သိရမှာပေါ့။ တကယ်လို့ သူက အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့် မှာပဲ ရှိသေးပြီး အမြုတေဖွဲ့စည်းခြင်းအဆင့်ကို လာတိုက်တာဆိုရင်တော့ တစ်ကွက်တည်းနဲ့ ရှုံးသွားလိမ့်မယ်လို့ ငါထင်တယ်"
အားလုံးက တိုက်ပွဲကို စောင့်မျှော်နေကြသည်။
"လေ့ယမ်ယွမ်... မင်း လွန်လာပြီ"
ဂူလင်းဖေးက သူ့ရင်ထဲမှ ဒေါသကို မထိန်းနိုင်တော့ပေ။ မိုးကြိုးပစ်ချလိုက်သည့်အလား အရှိန်အဟုန်နဲ့ ခုန်ထွက်သွားသည်။
"တစ်ခုခုမလုပ်ခင် ဦးနှောက်သုံးဖို့ မင်းကိုဘယ်သူကမှ မသင်ပေးဖူးဘူးလား။ ဒီနေ့ မင်းကို ငါသင်ခန်းစာပေးမယ်။ လာခဲ့စမ်း"
လေ့ကျင့်ရေးကွင်းပြင်ကို ကျန်းယီမင်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်များဖြင့် ဝန်းရံထားပြီးဖြစ်တာမို့လို့ အပြင်ဘက်မှ လူတွေကို ထိခိုက်ရစေမှာမဟုတ်ပေ။ ကြည့်နေတဲ့သူအားလုံးက စိတ်လှုပ်ရှားလာကြသည်။ ပထမဆုံးနေ့ရဲ့ ပထမဆုံးတိုက်ပွဲမှာတင် ဒီလို ပြင်းထန်နေမယ်လို့ ဘယ်သူကထင်ထားမှာလဲ။
"ငါတို့ မတွေ့တာကြာပြီပဲ။ ငါ့ကျင့်ကြံအဆင့် ဘယ်လောက်တိုးတက်လာလဲ မင်းစိတ်ကူးလို့တောင် ရနိုင်မှာ မဟုတ်ဘူး။ ဒီတိုက်ပွဲမှာ မင်းကို အနိုင်ယူဖို့ တစ်ကွက်ပဲလိုတယ်ကွ"
လေ့ယမ်ယွမ်က အော်ဟစ်လိုက်ပြီး လက်ဖြင့် စည်းတံဆိပ်တစ်ခု အမြန်ဖော်လိုက်သည်။ သူ့ရှေ့မှ္ တံခါးတစ်ချပ်ရုတ်တရက် ထွက်ပေါ်လာပြီး မရေမတွက်နိုင်တဲ့ဓားများ ထွက်ပေါ်လာကာ ဂူလင်းဖေးဆီကို အရှိန်နဲ့တိုးဝင်သွားသည်။
"လာစမ်း... စမ်းကြည့်လိုက်လေ"
ဂူလင်းဖေးရဲ့ ခန္ဓာကိုယ်တုန်ခါသွားပြီး ကိုယ်ပွား ၄ ယောက်အဖြစ် ကွဲထွက်သွားသည်။ ကိုယ်ပွား ၄ ယောက်စလုံးရဲ့ လက်ထဲတွင် စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းနေသည်။
"သွားစမ်း"
အဘိုးလင်းသည်လည်း အစီအရင်ထဲမှ တိုက်ပွဲကို စောင့်ကြည့်နေပြီး မချီးကျူးဘဲ မနေနိုင်ပေ။
"အံ့သြစရာပဲ... အံ့သြစရာပဲ။ ငါသင်ပေးထားတဲ့ ကိုယ်ပွားခွဲနည်းကျင်ြစဥ်ကို ဒီလောက်ထိ သုံးနိုင်လိမ့်မယ်လို့ မထင်ထားဘူး။ အမြုတေဖွဲ့စည်းခြင်းအဆင့်မှာတင် ကိုယ်ပွား ၄ ယောက် ခွဲနိုင်တယ်ဆိုတော့ တကယ့်ကို အလားအလာရှိတဲ့ လူငယ်လေးပဲ"
ဂူလင်းဖေးက ဟိန်းဟောက်လိုက်ပြီး သူဖန်တီးထားတဲ့ ကိုယ်ပွားများအားလုံးရဲ့ လက်ထဲက စိတ်ဝိညာဉ်စွမ်းအင်များကို ပစ်ထုတ်လိုက်ကြသည်။ စွမ်းအင်လှိုင်းနှစ်ခုက ထိပ်တိုက်တွေ့ဆုံသွားရာ အကာအကွယ်အတားအဆီးတောင် တုန်ခါသွားခဲ့သည်။
နှစ်ဦးစလုံးက လေထဲတွင် ဟန်ချက်ညီသွားအောင် အမြန်ထိန်းလိုက်ကြသည်။ ဂူလင်းဖေးက အသက်ကို အမြန်ရှူထုတ်လိုက်ပြီး စိတ်ဝိညာဥ်စွမ်းအင်များကို ခန္ဓာကိုယ်အနှံ့ လည်ပတ်လိုက်သည်။ ထိုအရာက သူအသစ်သင်ထားတဲ့ ကျင့်စဉ်တစ်ခု ဖြစ်သည်။
"ဝူတန်ကိုးပါးယန်ကျင့်စဉ်..."
တိုက်စစ်ဆင်သည့်နေရာတွင် ထိုကျင့်စဉ်ကို အသုံးပြုခြင်းက ခန္ဓာကိုယ်ခွန်အားကို အကြီးအကျယ် မြှင့်တင်ပေးနိုင်ပြီး တူညီတဲ့ ကျင့်ကြံမှုအဆင့်ရှိသူရဲ့ စိတ်ဝိညာဉ်စွမ်းအင် တိုက်ခိုက်မှုကိုလည်း ခုခံနိုင်စွမ်း ရှိစေသည်။
"ဟမ်... ဒီလို ခန္ဓာကိုယ်ကျင့်စဉ်ကို မင်းဘယ်က ခိုးသင်လာတာလဲ"
ဂူလင်းဖေးရဲ့ ပိုမိုအားကောင်းလာတဲ့ အရှိန်အဝါကို အာရုံခံမိပြီးနောက် လေ့ယမ်ယွမ်က အေးစက်စွာ ရယ်မောလိုက်သည်။
"ဟား...ဟား... ဒီလိုအားကောင်းတဲ့ ခန္ဓာကိုယ်ကျင့်စဉ်မျိုးရှိတာ မင်းတစ်ယောက်တည်း မဟုတ်ဘူးကွ"
ထိုသို့ပြောပြီးတာနှင့် သူ့စိတ်ဝိညာဉ်စွမ်းအင်များက သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်သွားပြီး တစ်ကိုယ်လုံးကို ကာကွယ်ပေးထားတဲ့ သံချပ်ကာအင်္ကျီအဖြစ် ပြောင်းလဲသွားသည်။ လူတိုင်းက တညီတညွတ်တည်း အာမေဋိတ်သံများ ထွက်သွားကြသည်။
"ဆရာ... ဟိုလူကလည်း ဂိုဏ်းတူအစ်ကိုကြီးနဲ့ ဆင်တူတဲ့ ကျင့်စဉ်ကို လေ့ကျင့်ထားတာလား"
"အင်း... ဟုတ်မယ့်ပုံပဲ"
လေ့ကျင့်ရေးကွင်းပြင်ထဲက မြင်ကွင်းကို ကြည့်နေရင်း ကျန်းယီမင်က လေအေးတစ်ချက် ရှူသွင်းမိလိုက်သည်။ နှစ်ဖက်စလုံးက အလွန်ရက်စက်ကြမ်းကြုတ်ပြီး လွှမ်းမိုးနိုင်စွမ်းရှိတဲ့ တိုက်ခိုက်ရေးကျင့်စဉ်မျိုးကို လေ့ကျင့်ထားကြသည်။ သူတို့က တခြားလက်နက်တွေကို အားမကိုးဘဲ သူတို့ရဲ့ ခန္ဓာကိုယ်ကို လက်နက်အဖြစ် အသုံးပြုနေကြသည်။ ဘာလို့လဲဆို သူတို့ရဲ့ခန္ဓာကိုယ်က ကမ္ဘာပေါ်မှာ အထက်ဆုံးလှံတွေ ဖြစ်နေကြလို့ပဲဖြစ်သည်။
"လာလေ... စမ်းကြည့်ကြတာပေါ့"
"ငါလည်း အဲ့ဒီလိုပဲ တွေးနေတာ"
အစီအရင်ထဲက လူနှစ်ယောက်သည် လျှပ်စီးလက်သွားသလို လှုပ်ရှားလိုက်ပြီး ထိပ်တိုက်ရင်ဆိုင်လိုက်ကြသည်။ နှစ်ယောက်သား ပြိုင်တူကန်မိလိုက်ကြပြီး တစ်ယောက်ရဲ့ ခြေထောက်က တခြားတစ်ယောက်ရဲ့ ဝမ်းဗိုက်အောက်ပိုင်းကို ကန်သွားမိသည်။
ဘုန်း...!
လူ့ပုံရိပ်နှစ်ယောက်က လေထဲကနေ လွင့်ထွက်သွားခဲ့သည်။ သူတို့က မြေကြီးပေါ်မှာ အရှိန်ပြင်းပြင်းနဲ့ ပြုတ်ကျသွားကြသည်။ နှစ်ယောက်သား ပြန်ထလာပြီးတဲ့နောက် လေပေါ်မှာ ဆက်မတိုက်တော့ပေ။ ထိုအစား တစ်ယောက်နှင့်တစ်ယောက် ခြေတစ်လှမ်းချင်းစီ ရှေ့တိုးလာကြသည်။ ထို့နောက် လက်သီးချင်း ယှဉ်ထိုးလိုက်ကြတော့သည်။
"ဒီလက်သီးတစ်ချက်... မင်းကို ပြန်ပေးလိုက်မယ်"
"ဟား... မင်းလုပ်နိုင်တာ ဒါအကုန်ပဲလားကွ"
ဘုန်း....!
ဘုန်း....!
ဂူလင်းဖေးနှင့် လေ့ယမ်ယွမ်တို့က ရူးသွပ်သွားသကဲ့သို့ ဖြစ်နေကြသည်။ မျက်နှာတွင် သွေးများ ဖုံးလွှမ်းနေသော်လည်း တိုက်ခိုက်နေတာကို ရပ်တန့်လိုက်မည့် အရိပ်အယောင်များ မရှိကြပေ။ သာမန်လူမိုက်နှစ်ယောက် ရန်ဖြစ်နေသလို ထင်ရသော်လည်း သတ်မှတ်ထားတဲ့ ကျင့်ကြံရေးအဆင့်တစ်ခုကို ရောက်နေသည့်ကျင့်ကြံသူများသာလျှင် ဒီတိုက်ပွဲရဲ့ သိမ်မွေ့နက်နဲမှုကို မြင်တွေ့နိုင်သည်။
အဘယ်ကြောင့်ဆို သူတို့နှစ်ဦး လေ့ကျင့်ထားတဲ့ ကျင့်စဉ်များအရ စိတ်ဝိညာဉ်စွမ်းအင်များသည် ခန္ဓာကိုယ်ရဲ့ မာကျောမှုနှင့် ခွန်အားများအဖြစ် ပြောင်းလဲသွားသောကြောင့် ဖြစ်သည်။ လက်တွေ့တွင် သူတို့နှစ်ဦးရဲ့လက်သီးထိုးချက်တိုင်းက နေ့မနားညမနား ကျင့်ကြံထားသလို စိတ်ဝိညာဉ်စွမ်းအင်များ ပါဝင်နေသည်။ သာမန်ကျင့်ကြံသူတစ်ယောက်သာ ထိုလက်သီးချက်တစ်ချက်ကို ခံလိုက်ရပါက တစ်စစီ ကြေမွသွားလောက်သည်။
"မင်းတို့ ဂိုဏ်းတူအစ်ကိုကြီးကို ဒီကျင့်စဉ် မသင်ပေးလိုက်သင့်ဘူး" ကျန်းယီမင် မျက်မှောင်ကြုတ်လိုက်သည်။
"တကယ်ကို အရိုင်းဆန်ပြီး ကြောက်စရာကောင်းလွန်းတယ်။ ဟူး... ထားလိုက်ပါတော့။ သူကြိုက်တယ်ဆိုမှတော့လည်း လွှတ်ထားပေးလိုက်ရတာပေါ့"
အစီအရင်အလယ်တွင်ရှိနေတဲ့ ဂူလင်းဖေးက သူတစ်ကိုယ်လုံး နာကျင်နေတာကို မေ့လျော့သွားသည်။ တဖက်လူရဲ့ လက်သီးနှင့် တံတောင်ဆစ်များက သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအသီးသီးကို အဆက်မပြတ် ထိုးနှက်နေသည်။