← Chapters

ဒဏ်ရာများနဲ့ ထိုက်တန်တဲ့အနိုင်

Vol. 6 Ch. 67

ဒဏ်ရာများနဲ့ ထိုက်တန်တဲ့အနိုင်

Vol. 6 Ch. 67

သေချာပေါက် သူသည်လည်း ပြန်တိုက်ခိုက်နေသည်။ တဖက်လူရဲ့ တိုက်ခိုက်မှုတိုင်းကို သူကရက်စက်စွာ အလျော့မပေးဘဲ ပြန်လည်တုံ့ပြန်လိုက်သည်။ နှစ်ပေါင်းများစွာ ကြိတ်မှိတ်ထားခဲ့ရတဲ့ ဒေါသများသည် သူ့လက်သီးများကြားတွင် ပုန်းကွယ်နေသည်။ သူ့ခန္ဓာကိုယ်တွင်းထဲက စိတ်ဝိညာဉ်စွမ်းအင်များသည် သူ့ခန္ဓာကိုယ်ကို လျင်လျင်မြန်မြန် ပြန်ပြုပြင်ပေးနေပြီး ခွန်အားများကို ပြန်ဖြည့်တင်းပေးနေသည်။

လေ့ယမ်ယွမ်သည်လည်း သေချာပေါက် ကောင်းမွန်တဲ့ အခြေအနေတွင်မရှိပေ။ စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး ခန္ဓာကိုယ်ကို သန်မာစေတဲ့ ဒီခန္ဓာကိုယ်အားဖြည့်ကျင့်စဉ်ကို လေ့ကျင့်ထားသဖြင့် သူသည်လည်း ဂိုဏ်းထဲမှာ ပြိုင်ဘက်ကင်း ဖြစ်ခဲ့ဖူးသည်။ ဂိုဏ်းလေ့ကျင့်ရေးပွဲများတွင် သူ့ထက် အနည်းငယ်အဆင့်မြင့်တဲ့ ကျင့်ကြံသူများကိုပင် သူ အနိုင်ယူနိုင်ခဲ့သည်။

“မင်း... အဟွတ်... အဟွတ်... မင်းလည်း အမြုတေဖွဲ့စည်းခြင်းအဆင့် ရောက်နေပြီလား”

“ငါက နတ်ဘုရားတောင်ဖြစ်နေပြီကွ။ ဘာအမြုတေဖွဲ့စည်းခြင်းအဆင့် လဲ”

အစီအရင်ထဲက လူနှစ်ယောက်ရဲ့ လှုပ်ရှားမှုများသည် အတော်လေး နှေးကွေးသွားကြသည်။ သူတို့ စကားပြောနေကြစဉ်ပဲ နှစ်ယောက်စလုံးက အသက်ကိုလုရှူနေကြရသည်။ စကားတစ်ခွန်းပြောလိုက်တိုင်း သူတို့ပါးစပ်ကနေ သွေးများ အန်ထွက်လာသည်။

“ဆ-ဆရာ... သူတို့ကို တားလိုက်ကြရင် မကောင်းဘူးလား။ ဒီ... ဒီအတိုင်း ဆက်သွားရင် ဂိုဏ်းတူအစ်ကိုကြီး...”

သွေးအန်နေတဲ့ ဂူလင်းဖေးကို ကြည့်ရင်း တပည့်များက ကျန်းယီမင်ကို အမြန်ဆုံး တားဆီးရန် တောင်းဆိုလိုက်ကြသည်။

“မလောပါနဲ့။ ငါ အခုဝင်ပါလိုက်ရင် မင်းတို့ရဲ့ဂိုဏ်းတူအစ်ကိုကြီးက ငါ့ကို အပြစ်တင်လိမ့်မယ်”

ကျန်းယီမင်ရဲ့ မျက်နှာသည် ထုံးစံအတိုင်း ခံစားချက်များကင်းမဲ့နေသော်လည်း သူ့လက်ဖဝါးများတွင် ချွေးစေးများ ပြန်နေတာကို ဘယ်သူမှ သတိမထားမိကြပေ။ ဒီအတိုင်းသာ ဆက်သွားနေရင် ဂူလင်းဖေး အန္တရာယ်ရှိနိုင်မှန်း သူသိနေသည်။ သို့သော် ဂူလင်းဖေးရဲ့ မျက်လုံးထဲက အရှုံးမပေးလိုတဲ့စိတ်များကို သူမြင်နေရသောကြောင့်ဖြစ်သည်။ အကယ်၍ သူသာ ဒီနေ့ မကျေနပ်ချက်တွေအကုန်ကို သူ့ဒေါသတွေနဲ့ အပြည့်အဝ ပေါက်ကွဲနိုင်ခဲ့ရင် အဆင့်တက်ရန် အခွင့်အရေးတစ်ခုပင် ဖြစ်လာနိုင်သည်။

ထိုအချိန်တွင် ဘေးကနေ ကြည့်နေတဲ့သူများလည်း အံ့အားသင့်ကာ ငေးမောနေကြသည်။ ဒီကျင့်ကြံခြင်းကမ္ဘာတွင် ကျင့်ကြံအားထုတ်ခြင်းသည်သာ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အခုလို လက်သီးချင်းယှဉ်ထိုးတဲ့ တိုက်ပွဲမျိုးသည် ကြည့်လို့မလှပပေမယ့်လည့် သန်မာမှုကို အကောင်းဆုံးပြသနေသည်။

“မင်းလုပ်နိုင်တာ ဒီလောက်ပဲလား။ လေ့ယမ်ယွမ်... ဟမ်....”

သူတို့ အချိန်ဘယ်လောက်ကြာအောင် တိုက်ခိုက်ခဲ့သလဲဆိုတာတောင် မသိကြတော့ပေ။ နောက်ဆုံး အစီအရင်ထဲတွင် လုံးထွေးနေတဲ့ နှစ်ယောက်သားက တဖြေးဖြေး လူချင်းခွာလိုက်ကြသည်။ ဂူလင်းဖေးရဲ့ ညာဘက်လက်မောင်းတွင် စွမ်းအင်တစ်ခုက ပုံမှန်လေး စုစည်းလာခဲ့သည်။ လေ့ယမ်ယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ ပုံမှန်ဆို ဒီလိုမျိုး ပြင်းထန်တဲ့ ခန္ဓာကိုယ်အားဖြည့်ကျင့်စဉ်များကို အသုံးပြုပြီး တိုက်ခိုက်ပြီးနောက် စိတ်ဝိညာဉ်စွမ်းအင်ကိုသုံးပြီး ကျင့်စဥ်တိုက်ကွက်များကို ထုတ်ဖော်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပေ။

သို့သော် တကယ်လို့ ခန္ဓာကိုယ်ကျင့်စဉ်နှင့် ကိုက်ညီတဲ့ စိတ်ဝိညာဉ်စွမ်းအင်ကျင့်စဥ်များကိုပါ တွဲဖက်လေ့လာထားမှသာ အခုအချိန်တွင် စိတ်ဝိညာဉ်စွမ်းအင်တိုက်ခိုက်မှုကို ဖော်နိုင်ထုတ်မည်ဖြစ်သည်။ အစီအရင်ထဲတွင် သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားကြသည်။ သူတို့ရဲ့ အသက်ရှူသံများက နားထဲတွင် ပဲ့တင်ထပ်နေသည်။

“ဟူး... ဟူး... ဟူး...”

စိတ်ဝိညာဉ်စွမ်းအင် စုစည်းတဲ့အရှိန်သည် ခနကလိုမျိုး စမ်းချောင်းပေါင်းထောင်ချီက ပင်လယ်ထဲကို စီးဝင်လာသလို မမြန်ဆန်တော့သော်လည်း၊ ဂူလင်းဖေးရဲ့ လက်ထဲတွင်တဖြည်းဖြည်း ပုံပေါ်လာနေသည်။ စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားတဲ့ သံချပ်ကာသည် လေ့ယမ်ယွမ်ရဲ့ ခန္ဓာကိုယ်ကနေ ပျောက်ကွယ်သွားလိုက်သည်။ သူ့အရှိန်အဝါသည် အခုအချိန်တွင် အလွန်မတည်ငြိမ် ဖြစ်နေသည်။ ထိပ်တိုက်ရင်ဆိုင်ခြင်းသည် လေ့ယမ်ယွမ်တစ်ယောက်အတွက် ရွေးချယ်မှုကောင်းတစ်ခု မဟုတ်ပေ။

“ယင်-ယန် ဓာတ်ကြီးငါးပါး... ထိန်းချုပ်စမ်း”

လေယွမ်ယွမ်က သူ့လက်ဖဝါးကို သူ့ရှေ့ထုတ်လိုက်သည်။ ထိုအခါ အစီအရင်ပုံတစ်ခုက သူ့ရှေ့တွင် ပေါ်လာခဲ့သည်။

“ငါ့ရဲ့ အစီအရင်က ရန်သူတိုက်လိုက်တာကို စွမ်းအင်အဖြစ် ပြန်ပြောင်းပစ်လိုက်ပြီး ခုခံတဲ့နေရာမှာ အကောင်းဆုံးပဲ။ ဂူလင်းဖေး... မင်းရဲ့ ကျင့်စဥ်ကရလာတဲ့ စွမ်းအားကို မင်းဆီ ပြန်ပေးလိုက်မယ်”

“ဆိုရိုးစကားရှိတယ်လေ... အဆုံးစွန်သော ခွန်အားရဲ့ ရှေ့မှောက်မှာ ဘယ်နည်းဗျူဟာမှ အသုံးမဝင်ဘူးတဲ့။ အဲ့ဒီ အသုံးမကျတဲ့ ခံစစ်အစီအရင်လေးက ငါ့ကို တစ်ခဏလေးတောင် တားဆီးနိုင်မယ် မထင်ဘူး”

‘ဟား... ကောင်စုတ်လေး။’

ဂူလင်းဖေးရဲ့ ညာဘက်လက်မောင်းတွင် နဂါးတစ်ကောင်နှင့် ကျားတစ်ကောင်ရဲ့ပုံရိပ်များ ခပ်ဝါးဝါး ထွက်ပေါ်လာသည်။ စိတ်ဝိညာဥ်စွမ်းအင်များကို လက်တွေ့အရာတစ်ခုအဖြစ် စုစည်းပြီး လေဟာနယ်ထဲသို့ ပေါင်းစပ်နိုင်ထဲက ဂူလင်းဖေးသည် သူ့ကျင့်စဥ်ရဲ့ ၈၀ သို့မဟုတ် ၉၀ ရာခိုင်နှုန်းခန့်ကို နားလည်သဘောပေါက်ထားပြီဟု ဆိုလိုနိုင်သည်။

ကျန်းယီမင်သည် အစီအရင်ထဲက စွမ်းအင်များ ပေါက်ကွဲထွက်လာတာကို ခံစားလိုက်ရပြီး သူ့မျက်လုံးများ ပြူးကျယ်သွားသည်။ ယင်-ယန် ဓာတ်ကြီးငါးပါးကျင့်စဉ်သည် ခံစစ်သာမက တိုက်စစ်ပါ ပါဝင်သောကြောင့် တကယ်ကို တိုက်ပွဲရလာဒ်ကိာ ပြောင်းလဲနိုင်စွမ်းရှိသည်။ သို့သော် ဂူလင်းဖေးပြောတာ မမှားယွင်းပေ။

‘အဆုံးစွန်သော ခွန်အားရဲ့ ရှေ့မှောက်မှာ ဘယ်နည်းဗျူဟာမှ အသုံးမဝင်ဘူး။’

“အရိုးခေါင်းခွဲခွန်အား”

ပြိုင်ဘက်နှင့် ထိလိုက်တဲ့အခါ ဂူလင်းဖေးရဲ့ လက်သီးစွမ်းအားသည် အဆုံးစွန်သော အကန့်အသတ်ကို ရောက်ရှိနေသည်။ ဂူလင်းဖေးရဲ့ လက်သီးသည် ခံစစ်အစီအရင်နှင့် ထိမိလိုက်သည်နှင့်တစ်ပြိုင်နက် အစီအရင်သည် ချက်ချင်းပင် ကြေမွပျက်စီးသွားခဲ့သည်။ သူ့တိုက်ကွက်အောက်တွင် ပြိုင်ဘက်ရဲ့ခံစစ်သည် ဘာမှမဟုတ်တော့ပေ။

ထိလိုက်တာနှင့်တစ်ပြိုင်နက် ကြေမွသွားခဲ့ရသည်။

သူ့ရှေ့က ကြေမွပျက်စီးသွားတဲ့ အစီအရင်ကို ကြည့်ရင်း လေ့ယမ်ယွမ် အကြီးအကျယ်ထိတ်လန့်သွားပြီး မျက်လုံးများမှာ ဇဝေဇဝါဖြစ်နေတဲ့ အကြည့်တွေနဲ့ ပြည့်နှက်သွားသည်။ သူက နောက်ထပ်စည်းတံဆိပ်တစ်ခုပုံဖော်ပြီး နောက်အစီအရင်တစ်ခု ထပ်မံဖန်တီးရန် ကြိုးစားလိုက်သော်လည်း အချိန်နှောင်းသွားခဲ့သည်။

“ကောင်းကင်ကြယ် ပြိုလဲခြင်းကိုယ်ခန္ဓာ....”

သူ့ရှေ့က ပြိုင်ဘက်သည် အဆင့်နိမ့်ဂိုဏ်းတစ်ခုရဲ့ တပည့်တစ်ယောက်ပဲဖြစ်ပြီး မကြာသေးခင်ကမှ သူ့ဂိုဏ်းကနေ သွေးရူးသွေးတန်း ထွက်ပြေးသွားခဲ့ရတဲ့ အရှုံးသမားတစ်ယောက်သာ ဖြစ်သည်။ ဒါပေမဲ့ ဘာလို့ ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ဂူလင်းဖေးရဲ့ အဆင့်က သူ့ထက် သာလွန်နေရတာလဲဆိုတာကို လေ့ယမ်ယွမ်တွေးမရအောင် ဖြစ်နေသည်။ ထို့အပြင် သူ့ကျင့်စဉ်နဲ့ တိုက်ကွက်တွေကလည်း ရှားပါးပြီး သန်မာတဲ့ရတနာကျင့်စဥ်တွေ ဖြစ်နေသည်။

‘ဒီနေ့တိုက်ပွဲမှာသာ ငါရှုံးသွားခဲ့ရင် ငါ့ဂိုဏ်းဝင်တွေကို ငါဘယ်လို မျက်နှာပြရတော့မလဲ...။’

ထိုသို့တွေးမိရင်း လေ့ယမ်ယွမ်က အလွန်အားပြင်းတဲ့ တိုက်ကွက်တစ်ကွက်ကို ထုတ်သုံးလိုက်သည်။

ဘုန်း...!

နှစ်ယောက်သား ဆန့်ကျင်ဘက်အရပ်မျက်နှာဆီကို ပြိုင်တူ လွင့်ထွက်သွားကြသည်။ သူတို့ရဲ့ ခန္ဓာကိုယ်တွေက အစီအရင်အကာအကွယ်အတားအဆီးကို အရှိန်နဲ့ ဝင်တိုက်မိသွားကြသည်။ စင်အောက်က ပရိသတ်များအားလုံး ထိတ်လန့်သွားကြသည်။ ဒီတိုက်ပွဲ ပြီးသွားတဲ့အခါ ဒီတိုက်ခိုက်ခဲ့တဲ့ နှစ်ယောက်စလုံး မသေရင်တောင် ဒုက္ခိတဖြစ်သွားလောက်တယ်လို့ သူတို့တွေးနေမိကြသည်။

“စီနီယာအစ်ကိုကြီး... စီနီယာအစ်ကိုကြီး”

ကျန်းလေ့ဂိုဏ်းမှလူများက လေ့ယမ်ယွမ်ရဲ့ အခြေအနေကို စစ်ဆေးရန် အစီအရင် ထဲကို မြန်မြန်ဆန်ဆန် ပြေးဝင်သွားကြသည်။ လေ့ကျင့်ရေးကွင်းပြင်ရဲ့ အခြားတစ်ဖက်မှာလည်း အရှိန်ကြောင့် ဖြစ်လာတဲ့ မီးခိုးငွေ့တွေထဲမှ ပုံရိပ်တစ်ခုက ယိုင်နဲ့နဲ့ဖြင့် မတ်တတ်ရပ်လာခဲ့သည်။

“ဂူလင်းဖေး......”

လုံးဝသတိလစ်သွားတဲ့ လေ့ယမ်ယွမ်နှင့်မတူဘဲ သူကခန္ဓာကိုယ်ထဲမှ အားအင်များ ကုန်ခမ်းနေပြီဖြစ်သော်လည်း မတ်တတ်ရပ်နိုင်ဖို့အတွက်တော့ သူထိန်းထားနိုင်သေးသည်။ လူအုပ်ကြီးက နောက်တစ်ကြိမ် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

“ကြည့်စမ်း... သူ... သူ... မတ်တတ်ရပ်နိုင်သေးတယ်ဟ”

“ကျန်းလေ့ဂိုဏ်းက တစ်ယောက်ရော ဘယ်လိုနေလဲ။ သူ့ကို ငါမြင်ဖူးသလိုပဲ။ သူက ကျန်းလေ့ဂိုဏ်းအတော်ဆုံးတပည့်တွေထဲက တစ်ယောက်မဟုတ်လား”

“ဟုတ်တယ်... သူက သေချာပေါက် ထိပ်တန်းပါရမီရှင်တစ်ယောက်ပဲ”

“ဘာ... ဒါပေမဲ့ ငါမမှားဘူးဆိုရင် ကျန်းလေ့ဂိုဏ်းက ပါရမီရှင်ကို လင်းယွင်ဂိုဏ်းက တပည့်က အနိုင်ယူလိုက်တာလား”

“ကြည့်ရတာ လင်းယွင်ဂိုဏ်းမှာ ပါရမီရှင်တွေ အများကြီး ဝှက်ထားပုံပဲကွ။ သူတို့တွေ အတိတ်တုန်းက ဘယ်လို ကံကောင်းခြင်းတွေ ကြုံခဲ့ရလို့လဲ မသိဘူး”

ကျန်းယီမင် ရင်ထဲဒိတ်ကနဲဖြစ်သွားပြီး သူ့တပည့်ကို ထူမပေးရန် ကွင်းထဲကို အလျင်အမြန် ပြေးဝင်သွားလိုက်သည်။ လက်သီးချင်း ယှဉ်ထိုးခဲ့ကြသောကြောင့် ဂူလင်းဖေးရဲ့ မျက်နှာသည်လည်း ရုပ်ပျက်ဆင်းပျက် ဖြစ်လုနီးပါးဖြစ်နေသည်။

“ဆ-ဆရာ”

သူ အကောင်းဆုံးကြိုးစားပြီး ပြုံးပြလိုက်သည်။ ကျန်းယီမင်ရဲ့ မျက်လုံးများထဲတွင် ကျေနပ်ဂုဏ်ယူမှုများ ပြည့်နှက်နေသည်။

“ဆရာ... ဟဲဟဲ... ကျွန်တော်လုပ်နိုင်ခဲ့ပြီ။ ဟိုကောင် လေ့ယမ်ယွမ်က လင်းယွင်ဂိုဏ်းကို လာစော်ကားရဲတယ်၊ အဟွတ်... အဟွတ်”

ကျန်းယီမင်က ကုသရေးဆေးလုံးတစ်လုံးကို မြန်မြန်ထုတ်လိုက်ပြီး ဂူလင်းဖေးကို တိုက်လိုက်သည်။ ထို့နောက် ကျန်းယီမင်က ဂူလင်းဖေးကို သူ့ခြံဝန်းထဲသို့ ပြန်ပို့ပေးလိုက်သည်။ သူ့တပည့်ကြီးရဲ့ ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးဖို့ သူ့စိတ်ဝိညာဉ်စွမ်းအင်ကို အလျင်အမြန်သုံးလိုက်သည်။

“ဟူး... အဆင်ပြေပါတယ်။ အားလုံးက အပြင်ဒဏ်ရာတွေပဲ။ ပွန်းပဲ့ဒဏ်ရာတွေကြောင့် သွေးကြောတချို့ ပိတ်နေတာပဲ ရှိတယ်” စစ်ဆေးပြီးနောက် ကျန်းယီမင်က သက်ပြင်းချလိုက်သည်။

အရေးအကြီးဆုံးအခိုက်အတန့်တွင် သူ့တပည့်ကို ယုံကြည်ဖို့ သူရွေးချယ်ခဲ့သည်။ အကယ်၍ ဒီတိုက်ပွဲမှာ ဂူလင်းဖေးသာ ရှုံးနိမ့်ခဲ့ရင် ကျန်းယီမင်တစ်ယောက် သူ့ကိုယ်သူဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်ပေ။

“ဆရာ... ဒီနေ့ ကျွန်တော် ဆရာ့ကိုအရှက်မခွဲခဲ့ဘူး ဟုတ်တယ်မလား” ဂူလင်းဖေးထထိုင်လိုက်ပြီး စကားပြောဖို့ ကြိုးစားလိုက်ရာ ပါးစပ်မှသွေးများ ထပ်အန်ထွက်လာလိုက်သည်။

All Chapters