ဟွမ်းချောင်ယုရဲ့ အလှည့်၊ သုံးယောက်စီတစ်ဖွဲ့
Vol. 6 Ch. 68
"ကဲပါ... လှဲနေပြီး ကောင်းကောင်းသာ အနားယူလိုက်" ကျန်းယီမင်က ဂူလင်းဖေးရဲ့ ဓားဒဏ်ရာတွေကို ဆေးထည့်ပေးရင်း ပြောလိုက်သည်။
"ကောင်စုတ်လေး... အမှန်အတိုင်းပြောရရင် မင်းရဲ့ တိုက်ကွက်တွေက တော်တော် ရက်စက်တာပဲ။ မဆိုးဘူး... မင်းက ငါ့ပုံစံပေါက်လာပြီ"
ကျန်းလေ့ဂိုဏ်းက တပည့်ကတော့ အခုအချိန်မှာ သေမလား ရှင်မလား မသိနိုင်တဲ့အခြေအနေ ဖြစ်နေသည်။ ဒါက အစမ်းယှဉ်ပြိုင်ပွဲသက်သက်သာ ဖြစ်ပေမဲ့ နှစ်ဖက်စလုံးက သေစေနိုင်တဲ့ တိုက်ကွက်တွေကို သုံးခဲ့ကြတာမို့ အမှားအမှန်ဆိုတာ မရှိတော့ပေ။ ကျန်းယီမင်က ဂူလင်းဖေးကို စောင့်ရှောက်ဖို့ အဘိုးကြီးလင်းကို ခေါ်လိုက်သည်။ ထို့နောက် သူက လေ့ကျင့်ရေးကွင်းပြင်ဆီကို ပြန်သွားလိုက်သည်။ အခုချိန်မှာ သူ့စိတ်ခံစားချက်တွေ အနည်းငယ် ရှုပ်ထွေးနေသည်။
သူ့ပထမတပည့်က ပထမအချီမှာတင် အထိနာပြီးမှ အနိုင်ရခဲ့သည်။ အစထဲက သူ့မှာ တပည့် ၅ ယောက်သာ ရှိသည်။ အခုတော့ ပြိုင်ပွဲမှာ တိုက်ခိုက်နိုင်တဲ့သူ ၄ ယောက်သာ ကျန်တော့သည်။ စိန်ခေါ်တဲ့သူတွေက သူတို့ထက် ကျင့်ကြံမှုအဆင့်မမြင့်ရဘူးလို့ စည်းကမ်းသတ်မှတ်ထားပေမဲ့၊ ကျန်နေတဲ့တပည့်များက အလှည့်ကျလာမယ့် စိန်ခေါ်သူတွေကို တောင့်ခံထားနိုင်မယ်လို့ ဘယ်သူမှ အာမမခံနိုင်ပေ။ ဒီအရာသည် သူအရင်ကတည်းက တွေးပူခဲ့တဲ့ အဓိက ပြဿနာတစ်ခုဖြစ်သည်။
သူ့တပည့်တွေက အားမနည်းကြပေမဲ့ လာစိန်ခေါ်တဲ့သူတွေ အများကြီးကို ရင်ဆိုင်နေရရင် ပင်ပန်းနွမ်းနယ်လာကြပြီး သူတို့ရဲ့စွမ်းဆောင်ရည်တွေက သတ်မှတ်ထားတဲ့ ရည်မှန်းချက်ကို မမီတာဖြစ်သွားနိုင်သည်။ ကံကောင်းတာက သူတို့တွေက အခုတစ်ကြိမ်သည် အဆင့် ၅ အင်အားစုကနေ အဆင့် ၄ အင်အားစုကို တက်လှမ်းဖို့ ကြိုးစားနေတာ ဖြစ်သည်။ ထို့ကြောင့် သူတို့ရင်ဆိုင်ရမယ့် ပြိုင်ဘက်တွေက အဆင့် ၄ သို့မဟုတ် အဆင့် ၃ အင်အားစုတွေလောက်သာ ဖြစ်သည်။ သူ့တပည့်တွေရဲ့ ခွန်အားနဲ့ဆိုရင် ဒီ ၅ရက်တာကာလကို တောင့်ခံထားနိုင်သင့်သည်။ အတွေးများကို သေသေချာချာ စီစစ်ပြီးနောက် ကျန်းယီမင်က ခါးကိုပြန်မတ်လိုက်သည်။ သူ့ရှေ့က လူအုပ်ကြီးကို လှမ်းကြည့်လိုက်သည်။
"နောက်တစ်ယောက်က ဘယ်သူလဲဟ။ အခုပြိုင်ပွဲကြီးက ဒီအတိုင်းပဲ ပြီးသွားမယ်ဆိုရင် သိပ်ပြီး လွယ်ကူလွန်းမနေဘူးလား"
"ပါရမီရှင်" လို့ ခေါ်တဲ့လူတစ်ယောက်က လင်းယွင်ဂိုဏ်းသားတစ်ယောက်ရဲ့ လက်ချက်နဲ့ ဖတ်ဖတ်မောအောင် အရိုက်ခံလိုက်ရသည်။ လင်းယွင်ဂိုဏ်းသားကိုယ်တိုင်လည်း ဒဏ်ရာအပြင်းအထန် ရသွားခဲ့ပေမဲ့ ဘယ်သူကမှ လင်းယွင်ဂိုဏ်းက လူတွေကို အထင်မသေးရဲကြတော့ပေ။ စိန်ခေါ်ဖို့ ဘယ်သူမှ ထွက်မလာရဲတာကို မြင်လိုက်ကြတော့ ဟွမ်းချောင်ယုက လေ့ကျင့်ရေးကွင်းပြင်ထဲ တိုက်ရိုက်ဝင်သွားလိုက်ပြီး "ဘာဖြစ်နေတာလဲ။ မင်းတို့အားလုံး ကြောက်နေကြတာလား" ဟု အော်ပြောလိုက်သည်။
ချက်ချင်းပင် နောက်ထပ်လူတစ်ယောက်က လေ့ကျင့်ရေးကွင်းပြင်ထဲ ခုန်ဆင်းလာခဲ့သည်။ ထိုလူမှာ အမျိုးသမီးတစ်ဦးဖြစ်သည်။
"ကျွန်မက ချင်းဟွေးဂိုဏ်းက လင်မင်ပါ။ ပညာစမ်းဖို့ လာခဲ့တာပါ"
'ချင်းဟွေးဂိုဏ်း....'
စင်အောက်မှာရှိနေတဲ့ ကျန်းယီမင် ဇဝေဇဝါ ဖြစ်သွားသည်။ လင်းယွင်ဂိုဏ်းကို အနိုင်ကျင့်လို့လွယ်တဲ့ဂိုဏ်းလို့ သဘောထားနေကြပုံရသည်။ အဲ့ဒီလိုမှတော့ သူ့တပည့်တွေကို စွမ်းကုန်ထုတ်ပြခိုင်းလိုက်ရုံပေါ့။
"ကောင်းပြီလေ"
ထွက်လာတဲ့သူက မောက်မာတဲ့ပုံ မမြင်ရတော့ ဟွမ်းချောင်ယုရဲ့ မျက်နှာထားလည်း အနည်းငယ် လျော့သွားသည်။ တစ်ယောက်မျက်လုံး တစ်ယောက် ကြည့်ပြီးနောက် ချင်းဟွေးဂိုဏ်းတပည့်မလေးရဲ့ မျက်လုံးများ အေးစက်သွားပြီး သူမကစတင်တိုက်ခိုက်လိုက်သည်။ အေးစက်တဲ့ လေထုက လေ့ကျင့်ရေးကွင်းပြင်တစ်ခုလုံးကို ပြည့်နှက်သွားခဲ့သည်။ ထိုအချက်နဲ့တင် တဖက်လူက ကိုယ်ဖျောက်ခြင်းနဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို အဓိကထားတဲ့ ကျင့်စဉ်တစ်ခုကို လေ့ကျင့်ထားမှန်း ဟွမ်းချောင်ယု သိလိုက်ရသည်။
သူမ တွေဝေသွားသည့်ခဏမှာပင် အေးစက်တဲ့လေထုသည် သူမနောက်ကျောဘက်ကနေ ဦးတည်လာသည်။ ထိုအမျိုးသမီးရဲ့ လှုပ်ရှားမှုက မြန်ဆန်လွန်းသောကြောင့် လူတိုင်းအံ့သြတသ ဖြစ်သွားကြသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ သူမသည် ဟွမ်းချောင်ယုရဲ့ နောက်ကျောဘက်ကနေ ထွက်ပေါ်လာခဲ့သည်။
"ဂိုဏ်းတူညီမလေး... သတိထား..."
ပရိသတ်တွေထဲက ကျန်တဲ့လင်းယွင်ဂိုဏ်းတပည့်များက အော်ဟစ်သတိပေးလိုက်ကြသည်။
"ဟူး... ပြိုင်ဘက်က အဲ့လောက်လည်းမစွမ်းပါဘူး"
ဟွမ်းချောင်ယုက တိုးတိုးလေး သက်ပြင်းချလိုက်သည်။ ထို့နောက် ခမ်းနားထည်ဝါတဲ့ မီးတောက်များက သူမခန္ဓာကိုယ်ထဲကနေ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ချင်းဟွေးဂိုဏ်းက ထိုအမျိုးသမီးသည် ကြီးမားတဲ့ဖိအားကြောင့် လွင့်ထွက်သွားလိုက်သည်။
"ဂိုဏ်းတူညီမလေး..."
ချင်းဟွေးဂိုဏ်းက တခြားတပည့်တစ်ယောက်က အော်ဟစ်လိုက်ပြီး လေ့ကျင့်ရေးကွင်းပြင်ထဲသို့ ပြေးရောက်လာပြန်သည်။
"ကျုပ်က ချင်းဟွေးဂိုဏ်းက လင်ယွင်ပါ။ ကျင့်ကြံသူအချင်းချင်းမလို့ ကျုပ်ကခွန်အားကို ထိန်းထားပေးနိုင်ပေမဲ့ တိုက်ကွက်ပိုင်းမှာတော့ အလျှော့ပေးမှာမဟုတ်ဘဲ အစွမ်းကုန် တိုက်ခိုက်မှာပါ။ သတိထားပါ"
"ရှင်သာ ကိုယ့်ကိုယ်ကိုယ် သတိထားစမ်းပါ" ဟွမ်းချောင်ယုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ချင်းဟွေးဂိုဏ်းတပည့်လည်း သူ့စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး ဓားတစ်လက်အဖြစ် ပြောင်းလိုက်ကာ လက်ထဲမှာကိုင်လိုက်သည်။
"အဖြူရောင်လွှမ်းခြုံခြင်း"
သူ့အမိန့်သံနှင့်အတူ လက်ထဲက ဓားသည် တောက်ပတဲ့အဖြူရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။ ဟွမ်းချောင်ယုက မျက်ခုံးပင့်လိုက်သည်။
'ချင်းဟွေးဂိုဏ်းက တော်တော် စိတ်ဝင်စားစရာ ကောင်းသားပဲ။'
သူမမျက်လုံးထဲတွင် တဖြည်းဖြည်း ကြီးထွားလာတဲ့ဓားကို ကြည့်ရင်း ဟွမ်းချောင်ယုက သူမလက်ကိုမြှောက်လိုက်ပြီး အသာလေးဝှေ့ယမ်းလိုက်ရာ စိတ်ဝိညာဉ်စွမ်းအင်များ သူမအင်္ကျီလက်စထဲမှ တရှိန်ထိုး ထ့က်ပေါ်လာသည်။ နောက်ထပ်လူတစ်ယောက် လေ့ကျင့်ရေးကွင်းပြင်ရဲ့ အကာအကွယ်အတားအဆီးဆီ လွင့်စင်သွားပြန်သည်။
"ဒီကောင်မလေးက တိုက်ခိုက်တဲ့နေရာမှာ တကယ် ညှာတာမှု မရှိပါလား" ကျန်းယီမင်က ခေါင်းခါရင်း ပြုံးပြီး ပြောလိုက်သည်။
"ဖြစ်သင့်ပါတယ်လေ။ သူလည်း အချိန်အကြာကြီး အောင့်အီးသည်းခံထားခဲ့ရတာကိုး"
လင်းယွင်ဂိုဏ်းက သူတို့တွေအချင်းချင်း စကားပြောရယ်မောနေကြတုန်းပဲ တခြားဂိုဏ်းများက လာစိန်ခေါ်တဲ့လူတွေအကုန်လုံး ဟွမ်းချောင်ယုရဲ့ လက်ချက်ဖြင့် ထပ်မံရှုံးနိမ့်သွားကြပြန်သည်။
"ဒီ အဆင့် ၅ နဲ့ အဆင့် ၄ ဂိုဏ်းတွေက ကိုယ့်အခြေအနေကိုယ် မသိကြဘူး" ယဲ့ယွမ်ဖန်က လက်ပိုက်ရင်းနဲ့ ခေါင်းခါလိုက်သည်။
ဒီနေ့ စိန်ခေါ်မှုကိုလာကြတဲ့ ဂိုဏ်းတွေထဲမှာ အရင်တုန်းက လင်းယွင်ဂိုဏ်းကို အနိုင်ကျင့်ခဲ့ဖူးတဲ့ ဂိုဏ်းမနည်းမနော ပါဝင်နေသည်။ အခု ကျန်းယီမင်က လွယ်လွယ်ကူကူ ကစားလို့ရမယ့်သူ မဟုတ်မှန်း သိသွားကြတော့ သူတို့ကအုပ်စုလိုက် ရောက်လာကြခြင်းဖြစ်သည်။ အခုချိန်တွင် ဟွမ်းချောင်ယု လက်ချက်နဲ့ ရှုံးနိမ့်သွားတဲ့ ကျင့်ကြံသူအရေအတွက်မှာ ဂဏန်းနှစ်လုံးမကရှိနေသည်။
ထို့ကြောင့် လင်းယွင်ဂိုဏ်းသည် အရင်တုန်းကလို နွမ်းပါးပြီးအားနည်းတဲ့ ဂိုဏ်းမဟုတ်တော့ကြောင်း ထိုဂိုဏ်းများ နောက်ဆုံးတွင် နားလည်သွားကြသည်။ နောက်ထပ် စိန်ခေါ်သူတစ်ဦးကို အနိုင်ယူပြီးနောက် တိုက်ပွဲလာကြည့်ကြတဲ့ ဘယ်ဂိုဏ်းကမှ စိန်ခေါ်မှုကို လက်မခံရဲကြတော့ပေ။ အချိန်အတော်ကြာပြီးနောက် လူတစ်ယောက် စင်မြင့်ပေါ်ကို ခုန်တက်လာခဲ့သည်။
"ရှင်က ဘယ်ဂိုဏ်းကလဲ"
ဟွမ်းချောင်ယုက ရောက်လာတဲ့သူကို အကဲခတ်လိုက်သည်။ ထိုလူရဲ့ခွန်အားသည် ခနကအသုံးမကတဲ့သူတွေထက် သာလွန်တယ်ဆိုတာ မှန်ပေမယိ့ သူမအတွက်တော့ တိုက်ကွက် ၃ ကွက်အတွင်း သေချာပေါက် အနိုင်ယူနိုင်သည်။
"ခင်ဗျား တကယ်တော်တာပဲ။ ဒီလိုအသက်အရွယ် ငယ်ငယ်လေးနဲ့ ဒီလိုကျင့်ကြံမှုမျိုး ရှိနေတာဆိုတော့ တကယ့်ကို ပါရမီရှင်ပါပဲ"ဟု ထိုလူက လက်သီးဆုပ် အရိုအသေပြုရင်း ပြောလိုက်သည်။
"ဒါပေမဲ့ ခင်ဗျားတို့ဂိုဏ်းမှာ တပည့်တွေ အများကြီး ရှိတာပဲ။ ခင်ဗျားတစ်ယောက်တည်းကပဲ စိန်ခေါ်မှုတွေကို အမြဲလက်ခံနေမယ်ဆိုရင် အတင်းပြောစရာတွေ ဖြစ်မလာဘူးလား"
ဟွမ်းချောင်ယု မျက်မှောင်ကြုတ်လိုက်သည်။ ဒီလူက လေးစားဟန်ပြနေပေမဲ့ စကားကို ဝေ့လည်ကြောင်ပတ် ပြောနေပြီး သူ့စကားတွေရဲ့ နောက်ကွယ်မှာ အဓိပ္ပာယ်တစ်မျိုးရှိနေသည်။
"ရှင်ကရော စကားကို မရေမရာဝေ့ဝိုက်ပြောနေတာ အတင်းပြောခံရမှာ မကြောက်ဘူးလား"
"လင်းယွင်ဂိုဏ်းမှာ အခုလိုပွင့်လင်းရိုးသားတဲ့ အမျိုးသမီးတပည့်တစ်ယောက်ရှိတယ်လို့ ကြားနေတာ ကြာပြီ။ ဒီနေ့မှပဲ ကိုယ်တိုင်တွေ့ရတော့တယ်" ထိုလူ ခနလောက်ရပ်တန့်လိုက်ပြီး ဆက်ပြောလိုက်သည်။
"ဒါဆိုရင် စင်အောက်က တခြားလင်းယွင်ဂိုဏ်းက တပည့်တွေကိုပါ ဝင်တိုက်ခိုင်းလို့ရမလား"
ထိုစကားကို ကြားလိုက်တဲ့အခါ ဟွမ်းချောင်ယုက မယုံနိုင်သလို မော့ကြည့်လိုက်သည်။
"ရှင်တစ်ယောက်တည်းက ကျွန်မတို့သုံးယောက်ကို တိုက်ချင်တာလား"
"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး။ ၃ ယောက်နဲ့ ၃ ယောက် တိုက်မလို့ပါ။ ကျွန်တော်က ကျွန်တော့် ဂိုဏ်းတူညီလေးနှစ်ယောက်ကို ခေါ်လိုက်ပြီး ခင်ဗျားရယ်၊ ခင်ဗျားရဲ့ ဂိုဏ်းတူအစ်ကိုနှစ်ယောက်ရယ်နဲ့ ယှဉ်ပြိုင်ကြည့်ချင်တာပါ။ ဒီတောင်းဆိုမှုက မလွန်ပါဘူးနော်"
ဟွမ်းချောင်ယုက အမြုတေဖွဲ့စည်းခြင်းအဆင့်ကို သိပ်မကြာခင်ကမှ ရောက်ထားတာဖြစ်သည်။ သူမရှေ့က ဂိုဏ်းနာမည်တောင် ပြောတဲ့လူရဲ့ ကျင့်ကြံမှုအဆင့်ကလည်း သူမနှင့် ဆင်တူနေသည်။ အဆင့် ၄ အင်အားစုတစ်ခုက လူတစ်ယောက်အနေနဲ့ ၃ ယောက်ချင်း ယှဉ်ပြိုင်ဖို့ ကမ်းလှမ်းလာတယ်ဆိုရင် သူတို့ဘက်က တန်ပြန်အစီအစဉ်တစ်ခု စဉ်းစားထားပြီးသား ဖြစ်လိမ့်မည်။
'အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူ ၃ ယောက်ကို သုံးပြီးငါတို့ကို ရင်ဆိုင်ဖို့ လုပ်နေတာ ဖြစ်လောက်တယ်။ ကိစ္စမရှိပါဘူး။ တဖက်လူက လင်းယွင်ဂိုဏ်း နဲ့ ယှဉ်ပြိုင်ချင်နေမှတော့လည်း ဖြစ်စေရမှာပေါ့။'
"ဟွန်း... ရှင့်တောင်းဆိုမှုက မလွန်ပါဘူး။ ဒါပေမဲ့ ဟိုဂိုဏ်းတပည့်တွေရဲ့ အဖြစ်အပျက်ကို ရှင်မြင်ပြီးသားပဲ" ဟွမ်းချောင်ယုက အေးစက်စွာ ပြောလိုက်သည်။
"ဒါပေါ့... ဒါပေါ့"
ထိုသို့ပြောပြီးသည်နှင့် နောက်ထပ်လူပုံရိပ်နှစ်ခုက စင်မြင့်ပေါ်ကို ခုန်တက်လာပြီး ထိုလူရဲ့ဘေးတစ်ဖက်တစ်ချက်တွင် ရပ်လိုက်ကြသည်။
"ဟား... အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ၃ ယောက်တောင်ပါလား။ ဒီလိုအဆင့်က တပည့်တွေရှိနေရအောင် ဒါကဘယ်အဆင့် ၄ ဂိုဏ်းလဲဆိုတာ ငါသိချင်မိတယ်" ကျန်းယီမင်က ရယ်မောလိုက်သည်။
"ဂိုဏ်းတူညီလေး... ဒီပွဲကို ငါနဲ့ဂိုဏ်းတူညီလေး တုန်းမီ တာဝန်ယူလိုက်မယ်။ မင်း ဝင်မပါနဲ့ဦး"
အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ၃ ယောက်ကြား တိုက်ပွဲမှာ သူဝင်ပါလိုက်ရင် ဝန်ထုတ်ဝန်ပိုးပဲ ဖြစ်သွားမယ်ဆိုတာ ရှန့်ကွမ်းချင်ယန်လည်း နားလည်ထားသည်။
"နေကြဦး"
သူတို့နှစ်ယောက် အစီအရင်ထဲဝင်ရန် ပြင်နေတုန်းပဲ ကျန်းယီမင် အနည်းငယ်ပြုံးလိုက်ပြီး တားဆီးလိုက်သည်။
"လောစရာမလိုပါဘူးကွ။ ရှန့်ကွမ်းချင်ယန်ကို လွှတ်လိုက်လည်း အဆင်ပြေမယ်လို့ ငါထင်တယ်"
"ဟင်"
တပည့် ၃ ယောက်စလုံး ဇဝေဇဝါဖြစ်သွားကြသည်။ အခုပြိုင်ဘက်တွေက အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ၃ ယောက် ဖြစ်ပြီး၊ ရှန့်ကွမ်းချင်ယန်က အခုမှအုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်ကို ပြီးခဲ့တဲ့ရက်ကမှ ရောက်ထားခြင်းဖြစ်သည်။
'သူ့ကို အခုရင်ဆိုင်ခိုင်းလိုက်ရင် နည်းနည်း အန္တရာယ်မများလွန်းဘူးလား။'
"အဲ့ဒါက ဟုတ်ချင်မှလည်း ဟုတ်မှာ။ ဒါပေမယ့် တပည့်တို့... ငါပြောတာ သေချာနားထောင်ကြ..."