← Chapters

ရန်သူကိုရင်ဆိုင်ရမည့်နည်းလမ်း

Vol. 6 Ch. 70

ရန်သူကိုရင်ဆိုင်ရမည့်နည်းလမ်း

Vol. 6 Ch. 70

"ဟမ်... မင်းကဂိုဏ်းတူမောင်လေးလုပ်ပြီး ငါ့ကိုဆရာလုပ်နေတာလား။ ဂိုဏ်းအဆင့်မြှင့်တင်တဲ့ကိစ္စပြီးသွားမှ မင်းကိုငါကောင်းကောင်း ပညာပေးရသေးတာပေါ့" ဟွမ်းချောင်ယုက ပြောလိုက်သည်။

သူတို့က ခပ်မြန်မြန်စိတ်ငြိမ်သွားအောင် လုပ်လိုက်ပြီး တန်ပြန်တိုက်ခိုက်မည့်နည်းလမ်းများကို ဆွေးနွေးလိုက်ကြသည်။

"ဒီလူ ၃ ယောက်က ဆရာပြောသလို ဖြစ်လောက်တယ်။ သူတို့က တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ် နေနေကြပြီး ကျင့်စဉ်တွေကိုလည်း အတူတူ ဖွဲ့စည်းမှ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်နိုင်တာဖြစ်လောက်မယ်"

ယဲ့ယွမ်ဖန် ခေါင်းညိတ်လိုက်သည်။

"ခုနက ငါတို့တွေအထိနာခဲ့ပြီးပြီ။ သူတို့ကို နောက်ထပ် ပေါင်းပြီးတိုက်ခိုက်ခွင့်ပေးလို့ မဖြစ်တော့ဘူး။ ဂိုဏ်းတူညီမလေး... မင်းရဲ့မီးဓာတ်က တဖက်လူထက် နည်းနည်းလေးတောင် အောက်မလျော့ဘူး။ ငါတို့တွေ ဝင်တိုက်ခိုက်လို့ရမယ့် အခြေအနေတစ်ခု ဖန်တီးပေး။ ဂိုဏ်းတူညီလေး... မင်းနဲ့ငါက အရင်က လေ့ကျင့်ထားတဲ့ ကျင့်စဉ်တွေနဲ့ အနိုင်ရဖို့အတွက် အမြန်နှုန်းကို အားကိုးရတယ်။ ဂိုဏ်းတူညီမလေးက သူတို့တွေကို အလုပ်ရှုပ်အောင် လုပ်ထားတဲ့အချိန်မှာ ငါတို့ကအခြေအနေကို ပြောင်းပြန်လှန်နိုင်မယ့် အခွင့်အရေးကို ရှာကြမယ်"

"ကောင်းပြီ"

တစ်ဖက်က ပူးပေါင်းလိုက်တဲ့အခါ ထွက်လာတဲ့ ခွန်အားမှာ သန်မာပေမယ့် အားနည်းချက်တစ်နေရာကိုသာ ရှာဖွေနိုင်ခဲ့လျှင် ပြီးပြည့်စုံတဲ့ အောင်ပွဲကိုရရှိနိုင်မည်ဖြစ်သည်။ ယင်ညီအစ်ကိုများလည်း နောက်တစ်ကြိမ် လူစုခွဲလိုက်ကြသည်။ သူတို့သည် မွေးကတည်းက တိုက်စစ်နှင့် ခံစစ်ကို ပေါင်းစပ်ဆောင်ရွက်နိုင်တဲ့ နည်းလမ်းမျိုးစုံကို လေ့လာခဲ့ကြသည်။ ခုနကတိုက်ပွဲကနေ အနည်းငယ်အထိနာခဲ့သော်လည်း တန်ပြန်တိုက်မည့်နည်းလမ်းများကို အလျင်အမြန် ပြင်ဆင်နိုင်ခဲ့ကြသည်။

လင်းယွင်ဂိုဏ်းတပည့်တွေက သူတို့ခြေထောက်အောက်ကနေ တစ်စုံတစ်ရာမှ လှမ်းဆွဲထားသလို ခံစားလိုက်ရသည်။ စိတ်ဝိညာဉ်စွမ်းအင် အမျှင်တန်းတချို့သည် မြေကြီးအောက်မှနေ ဖောက်ထွက်လာပြီး နွယ်ပင်များအဖြစ်ပြောင်းလဲသွားကာ သူတို့ကို ရစ်ပတ်လိုက်ကြသည်။ ထိုအချိန်မှာပင် လေ့ကျင့်ရေးကွင်းပြင်တစ်ခုလုံးက သက်ရှိများရှင်သန်ကြီးထွားလာသလို အငွေ့အသက်များနဲ့ ပြည့်နှက်သွားသည်။

"ဟွန်း... ဒါပဲလား"

ဟွမ်းချောင်ယုက နှာခေါင်းရှုံ့လိုက်သည်။ သူမ လက်ဖြင့် ဖွဖွလေး ရိုက်ထုတ်လိုက်ရာ ပူပြင်းတဲ့ စိတ်ဝိညာဉ်စွမ်းအင်များက သူတို့ ၃ ယောက်ကို လှမ်းဆွဲလာနေတဲ့ နွယ်ပင်တွေကြီးထွားလာတာကို အလျင်အမြန် တားဆီးလိုက်သည်။ သို့သော် ထိုနွယ်ပင်သည် သစ်သားဓာတ်စိတ်ဝိညာဉ်စွမ်းအင် သက်သက်ဖြင့် ပြုလုပ်ထားခြင်းမဟုတ်ဘဲ ရေဓာတ် စိတ်ဝိညာဉ်စွမ်းအင်တစ်လွှာဖြင့်လည်း ဖုံးအုပ်ထားတဲ့အတွက် ဟွမ်းချောင်ယုရဲ့ မီးစိတ်ဝိညာဉ်စွမ်းအင်ကို ဟန့်တားထားလိုက်သည်။

"ယင်မြောင်... ယင်ဆန်... လက်မလျော့ကြနဲ့။ ငါ မီးတောက်လုံးဖန်တီးလို့ပြီးသွားတဲ့အထိ တောင့်ခံပေးထားကြ"

ထိုစကားပြောလိုက်သူမှာ ယင်ညီအစ်ကိုများရဲ့ ခေါင်းဆောင်ဖြစ်သူ ယင်ယန်ပဲ ဖြစ်သည်။

"ကောင်းပြီ"

ယင်မြောင်နှင့် ယင်ဆန်တို့က ချုပ်နှောင်ခြင်းကျင့်စဥ်ကို အတူတူသုံးလိုက်ပြီး သူတို့ပြိုင်ဘက်၃ ယောက်ကို တစ်ပြိုင်နက်တည်း ထိန်းချုပ်လိုက်ကြသည်။ ပိတ်လှောင်တာ ထိရောက်ပုံရှိသော်လည်း ထိုကျင့်စဥ်သည် သူတို့ရဲ့စွမ်းအင်များကို ခါတိုင်းထက် အဆများစွာကုန်ဆုံးစေသည်။ သူတို့အစ်ကိုကြီးက ပိုကြမ်းပြီးသန်မာတဲ့ တိုက်ကွက်ပြင်ဆင်တာပြီးဆုံးမှသာ သူတို့ရပ်နိုင်ပြီး အသက်ရှူချောင်နိုင်မည် ဖြစ်သည်။

"ကျွန်ေတာ့်ကို စိတ်မပူနဲ့....။ ဂိုဏ်းတူအစ်ကိုနဲ့ ဂိုဏ်းတူအမတို့သာ... သတိထားကြ"

ရှန့်ကွမ်းချင်ယန်က တိုးတိုးလေး အော်ပြောလိုက်သည်။ ထိုသို့ပြောပြီးတာနှင့် စိတ်ဝိညာဉ်စွမ်းအင်များက သူ့ခန္ဓာကိုယ်မှနေ ပေါက်ကွဲထွက်လာပြီး သူ့ကို ချုပ်နှောင်ထားတဲ့အရာအားလုံးကို ဖြတ်တောက်လိုက်သည်။ စိတ်ဝိညာဉ်စွမ်းအင်များက ထက်ရှတဲ့ဓားသွားများအဖြစ် ပြောင်းလဲသွားပြီး သူ့ဂိုဏ်းတူအစ်ကိုနှင့် ဂိုဏ်းတူအမအပေါ်က ချုပ်နှောင်ထားတဲ့နွယ်ပင်များကိုပါ ဖြတ်တောက်ပေးလိုက်သည်။

သူ ကောင်းကင်ရွှယ်တင်ဖလှယ်ကျင့်စဥ်ကို စလေ့ကျင့်ထဲက စိတ်ဝိညာဉ်စွမ်းအင်များကို ဓားသွားများအဖြစ် ပြောင်းလဲနိုင်စွမ်းကို အဆက်မပြတ် မြှင့်တင်နေခဲ့ရသည်။ ကွာခြားချက်မှာ ထိုစဉ်က စိတ်ဝိညာဉ်စွမ်းအင်ကို အပ်ချောင်းများအဖြစ် ပြောင်းလဲရန် လိုအပ်ခဲ့သော်လည်း ယခုအခါ ဓားသွားများအဖြစ် ပြောင်းလဲရန်သာ လိုအပ်ခြင်းဖြစ်သည်။ အဆုံးမဲ့ကျင်းယုလှံကျင့်စဉ်သည်လည်း ထိုကဲ့သို့သောကျင့်စဥ်တစ်ခု ဖြစ်သည့်အတွက် သူက လျင်လျင်မြန်မြန်ပဲ ကျွမ်းကျင်ပိုင်နိုင်ခဲ့သည်။

"တော်တယ်... ဂိုဏ်းတူညီလေး။ ငါနဲ့လိုက်ခဲ့။ သူတို့ ၃ယောက်ထဲမှာ တစ်ယောက်က တိုက်ခိုက်ရေး၊ တစ်ယောက်က ထိန်းချုပ်ရေး၊ တစ်ယောက်က ထောက်ပံ့ရေးကို အဓိကထားတယ်။ ရေဓာတ်ကို ထိန်းချုပ်တဲ့ကောင်ကို အရင်ဆုံးရှင်းပစ်ကြမယ်"

ယဲ့ယွမ်ဖန်ရဲ့ ခန္ဓာကိုယ်ပေါ်ကနေ ချုပ်နှောင်ထားတာ ကင်းလွတ်သွားတာနှင့် တပြိုင်နက် သူလေထဲသို့ ခုန်တက်လိုက်သည်။ ရှန့်ကွမ်းချင်ယန်လည်း ချက်ချင်း သဘောပေါက်သွားသည်။ ခြေဖျားဖြင့် ဖွဖွလေး မြေပြင်ကို ထိလိုက်ရုံဖြင့် သူတို့ရဲ့အမြန်နှုန်းသည် အမြင့်ဆုံးအရှိန်သို့ ချက်ချင်းရောက်သွားသည်။ သူတို့၂ယောက်လုံးက ဘယ်ဘက်မှတစ်ယောက်၊ ညာဘက်မှတစ်ယောက် ပြိုင်ဘက်ဆီကို ဦးတည်သွားကြသည်။ စိတ်ဝိညာဉ်စွမ်းအင် စုစည်းနေဆဲဖြစ်တဲ့ ယင်ယန်ကို လုံးဝလျစ်လျူရှုထားလိုက်သည်။

ထိုအစား အဖွဲ့ထဲတွင် ထောက်ပံ့ရေးအဖြစ် ပါဝင်နေတဲ့ ပြိုင်ဘက်ရဲ့ အခြေခံအုတ်မြစ်ကို တန်းတိုက်ရိုက် ဦးတည်လိုက်သည်။ သူတို့ပြိုင်ဘက်က သေချာပေါက် အဓိကကာကွယ်ပေးရမယ့်သူကို တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

"မကောင်းတော့ဘူး"

သူ့စိတ်ဝိညာဉ်စွမ်းအင်များ လုံးဝပြိုကွဲသွားတာကို မြင်လိုက်ရသဖြင့် ယင်ဆန်က တစ်ခုခုမှားနေမှန်း သိလိုက်သည်။ သူက သူ့ရှေ့မှာအကာအကွယ်အတားအဆီးတစ်ခုကို အလျင်အမြန် ဖန်တီးလိုက်သည်။ လင်းယွင်ဂိုဏ်းက ယောကျ်ားလေးတပည့်နှစ်ယောက်က ဘယ်လိုကျင့်စဉ်တွေများ လေ့ကျင့်ထားသလဲဟု သူတွေးနေမိသည်။ သူတို့ရဲ့ တိုက်ခိုက်ရေးကျင့်စဥ်များကို အသက်သွင်းလိုက်တာနှင့် သူတို့ရဲ့ လှုပ်ရှားမှုများက သရဲတစ္ဆေများလိုဖြစ်သွားပြီး လေထဲတွင် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်။

ယင်မြောင်လည်း အလျင်အမြန်ရပ်လိုက်ပြီး အတားအဆီးတစ်ခု ဖန်တီးဖို့ လုပ်လိုက်သည်။ သို့သော် သတ်ဖြတ်လိုစိတ်တွေ အပြည့်နဲ့ မျက်နှာတစ်ခုက သူ့ရှေ့မှာ ပေါ်လာခဲ့သည်။

"အဆုံးမဲ့ကျင်းယု....."

ဒေါသတကြီး ဟိန်းဟောက်သံတစ်ခုက လေ့ကျင့်ရေးကွင်းပြင်တွင် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ထိုအသံသည် ရှန့်ကွမ်းချင်ယန် ကျင့်စဉ်များကနေ နားလည်သဘောပေါက်ထားတဲ့ နာမည်တူ သိုင်းကွက်တစ်ခုဖြစ်သည်။ သူ့စိတ်ဝိညာဉ်စွမ်းအင်များက ခန္ဓာကိုယ်ထဲမှ အဆက်မပြတ် ပေါက်ကွဲထွက်လာပြီး ချက်ချင်းပင်ထက်ရှတဲ့ ဓားသွားများအဖြစ် ပြောင်းလဲသွားလိုက်သည်။ လေထုသည် ရုတ်တရက် အေးစက်ပြီး ကြက်သီးထစရာ ကောင်းသွားတာကို လူတိုင်းခံစားလိုက်ရသည်။ ရှန့်ကွမ်းချင်ယန်သည် သူ့စိတ်ဝိညာဉ်စွမ်းအင်ကို လည်ပတ်လိုက်ပြီး တစ်ချိန်တည်းမှာပဲ မရေမတွက်နိုင်တဲ့ ထက်ရှသည့် ဓားသွားများကို ထိန်းချုပ်ကာ သူ့ရှေ့ကလူကို ထိုးစိုက်လိုက်သည်။

ယင်ဆန်က အဝေးမှာ စိတ်ဝိညာဉ်စွမ်းအင်စုစည်းနေတဲ့ ယင်ယန်ကို ဂရုစိုက်ဖို့ အချိန်မရတော့ပေ။ သူက ယင်မြောင်ရဲ့ ရှေ့ကိုခုန်ဝင်လိုက်ပြီး ကောင်းကင်မှ ကျဆင်းလာတဲ့ ဓားသွားမိုးကို ကာကွယ်ပေးလိုက်သည်။

"မဆိုးဘူး... မဆိုးဘူး။ ဟားဟားဟား... ရှန့်ကွမ်းချင်ယန်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်ထိန်းချုပ်တာက ဂူလင်းဖေးထက်တောင် ပိုကောင်းနေပါလား"

လေ့ကျင့်ရေးကွင်းပြင်ထဲမှ ဓားသွားမိုးများသည် ခေါင်းပြတ်နေတဲ့ ယင်ကောင်တစ်ကောင်လို ဟိုပြေးဒီပြေးဖြစ်နေသလိုထင်ရပေမယ့် ကျန်းယီမင်ရဲ့ မျက်လုံးထဲတွင် စိတ်ဝိညာဉ်စွမ်းအင်ဓားသွားတိုင်းက ရှန့်ကွမ်းချင်ယန်ရဲ့ ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း မြင်တွေ့နေရသည်။

"တော်တယ်... ဂိုဏ်းတူညီလေး။ ဂိုဏ်းတူညီမလေး... သူတို့စိတ်ဝိညာဉ်စွမ်းအင် စုစည်းနေတာကို သွားနှောင့်ယှက်လိုက်"

ယဲ့ယွမ်ဖန်သည် ယင်မြောင်ရဲ့ နောက်ကျောဘက်တွင် ပေါ်ထွက်လာသည်။

"နဂါးရိုင်း...."

သူတို့နောက်ကျောဘက်ကနေ ဟိန်းဟောက်သံကို ကြားလိုက်ရသဖြင့် ယင်ဆန်နှင့် ယင်မြောင်နှစ်ယောက်စလုံး ကျောချမ်းသွားကြသည်။ ထိုအချိန်တွင် သူတို့က မုန်တိုင်းများသဖွယ် ကျဆင်းလာတဲ့ စိတ်ဝိညာဉ်စွမ်းအင် ဓားသွားများကို တစ်ချိန်တည်းမှာ ထိပ်တိုက်ရင်ဆိုင်နေရသည်။ တကယ်လို့ နောက်ကျောဘက်မှ လက်သီးချက်ကိုပါ ရင်ဆိုင်တားဆီးဖို့ သူတို့စိတ်ဝိညာဉ်စွမ်းအင်ကို ခွဲလိုက်ရရင် သူတို့ တောင့်ခံနိုင်တော့မည်မဟုတ်ပေ။

ယင်မြောင်သည် ယင်ဆန်ဖန်တီးထားတဲ့ အကာအကွယ်အတားအဆီးထဲကို သူ့စိတ်ဝိညာဉ်စွမ်းအင်များကို မြန်မြန်ထည့်လိုက်ပြီး ခိုင်ခံ့အောင် လုပ်လိုက်သည်။ အတားအဆီးသည် အရှိန်နဲ့ မြန်မြန်ဆန်ဆန်ကျယ်လာပြီး သူတို့နှစ်ယောက်လုံးကို ကာကွယ်ထားလိုက်သည်။

"ညီလေးတို့... မကြောက်ကြနဲ့။ ငါလာပြီ"

ထိုအသံကို ကြားလိုက်ရသဖြင့် ယင်မြောင်နှင့် ယင်ဆန်တို့ရဲ့ မျက်လုံးများ တောက်ပလာခဲ့သည်။

'အစ်ကိုကြီးပဲ....။'

အစ်ကိုကြီးသာ အချိန်ယူပြီး ဖွဲ့စည်းထားတဲ့ သိုင်းကွက်ကိုထုတ်သုံးလိုက်နိုင်ရင် အခြေအနေကို ပြောင်းပြန်လှန်နိုင်မယ့် အခွင့်အရေးရလာနိုင်သည်။

"မလောကြပါနဲ့။ ငါ့ကိုအရေးမပါတဲ့သူလို သဘောထားနေကြတာလား"

ဟွမ်းချောင်ယုလည်း ရှန့်ကွမ်းချင်းယန်တို့ရဲ့ ဘေးနားကို ရောက်လာခဲ့သည်။

"မင်းနဲ့ငါ နှစ်ယောက်စလုံးက မီးဓာတ်စိတ်ဝိညာဉ်စွမ်းအင်ကို ကျင့်ကြံထားကြတာ။ ဒီနေ့ ဘယ်သူ့မီးက ပိုစွမ်းလဲစမ်းကြည့်ကြတာပေါ့"

ဟွမ်းချောင်ယုရဲ့ တစ်ကိုယ်လုံးတွင် ကြောက်မက်ဖွယ်ရာ အရှိန်အဝါများနဲ့ ပြည့်နှက်သွားသည်။ သူမနဲ့ ယင်ယန်နှစ်ယောက်စလုံးက ကောင်းကင်နှင့်မြေကြီးကြားက မီးဓာတ်စိတ်ဝိညာဉ်စွမ်းအင်များကို အလုအယက် စုပ်ယူနေကြသည်။

"လာခဲ့စမ်း"

သူတို့လက်ထဲက မီးဓာတ်စိတ်ဝိညာဉ်စွမ်းအင်များက ပိုပိုအားကောင်းလာခဲ့ပြီး လေထဲတွင် မီးလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ သူတို့နှစ်ယောက်စလုံးကို လွှမ်းခြုံထားလိုက်သည်။

"ငါတို့ ဆက်အချိန်စောင့်နေလို့ မဖြစ်တော့ဘူး...။ ဂိုဏ်းတူညီလေး... ပိုကြိုးစားလိုက်ဦး...."

တခြားတစ်ဖက်တွင်လည်း ယဲ့ယွမ်ဖန်နှင့် ရှန့်ကွမ်းချင်ယန်တို့သည်လည်း ယင်မြောင်၊ယင်ဆန်တို့နှင့် အကြိတ်အနယ် ရင်ဆိုင်နေကြသည်။

"ကန္တာရ ဝိညာဉ်ထိုးဖောက်ခြင်း"

ငွေရောင်လှံတစ်ချောင်းက ရှန့်ကွမ်းချင်ယန်ရဲ့ လက်ထဲတွင် ထွက်ပေါ်လာပြီး ယင်ဆန်ရဲ့ခံစစ်ကို တိုက်ရိုက် ထိုးဖောက်သွားသည်။ လှံသည် ယင်ဆန်ရဲ့ နှလုံးဆီသို့ တည့်တည့်ဦးတည်သွားသည်။

"မဟုတ်ဘူး....."

ယင်ညီအစ်ကိုများရဲ့ ပေါင်းစပ်ကျင့်စဉ်သည် အလွန်သိမ်မွေ့တဲ့ ဟန်ချက်ညီမှုကို အမြဲထိန်းသိမ်းထားရသည်။ အနည်းငယ် ချိတ်ဆက်မှုပြတ်တောက်သွားတာနှင့် သူတို့ကြားက ဆက်နွယ်မှုလည်း ပျက်ပြားသွားမည်ဖြစ်သည်။ ယင်ညီအစ်ကိုများကြားက ဆက်နွယ်မှုပြတ်တောက်သွားတာကို ကျန်းယီမင် ခံစားမိလိုက်သည်။

ဟွမ်းချောင်ယုနှင့် ယင်ယန်တို့ရဲ့ မျက်လုံးများလည်း တိုက်ပွဲကြောင့် သွေးချင်းချင်းနီနေသည်။ သူတို့ကို အထင်သေးခဲ့သော ကျန်းလေ့ဂိုဏ်းနှင့် မတူဘဲ ယင်ရှန်ခန်းမသည် လင်းယွင်ဂိုဏ်းနှင့် အများအပြား ဆက်ဆံမှုလည်းမရှိခဲ့ဖူးသလို ရန်ငြိုးရန်စလည်းမရှိပေ။ တကယ်လို့ တိုက်ပွဲသာဆက်ဖြစ်နေသေးရင် အစီအရင်ထဲမှာ ရှိနေတဲ့သူ့တပည့်များ ဒဏ်ရာရသွားနိုင်သည်။ ထိုသို့တွေးလိုက်ရင်း ကျန်းယီမင်သည် အစီအရင်ထဲတွင် ပေါ်လာခဲ့သည်။

"မင်းတို့အားလုံး အောက်ဆင်းကြတော့။ ငါ ရှောင်ယုကို သွားတားလိုက်မယ်"

ဆရာ့ရဲ့ အမိန့်သံကို ကြားလိုက်ရသဖြင့် ယဲ့ယွမ်ဖန်နှင့် ရှန့်ကွမ်းချင်ယန်တို့သည် သူတို့အနိုင်ယူထားတဲ့ ယင်မြောင်နှင့် ယင်ဆန်ကို ခေါ်သွားပြီး လေ့ကျင့်ရေးကွင်းပြင်ကို ထွက်ခွာသွားလိုက်ကြသည်။ ဟွမ်းချောင်ယုနှင့် ယင်ယန်တို့မှာ တစ်ယောက်ကိုတစ်ယောက် သေအောင်သတ်ကြတော့မယ် အနေအထားထိ ဖြစ်နေကြသည်။ သူတို့ရဲ့ စိတ်ဝိညာဉ်စွမ်းအင် အားလုံးနီးပါးကို လက်ထဲတွင်စုစည်းထားလိုက်ကြသည်။ သူတို့ရဲ့ တစ်ခုတည်းသောဆန္ဒမှာ ပြိုင်ဘက်ကို အပိုင်းပိုင်းအစစဖြစ်သွားတဲ့အထိ ချေမှုန်းပစ်ရန်သာဖြစ်သည်။

"ရပ်လိုက်စမ်း"

သူတို့နှစ်ယောက်လုံး လုံးထွေးသတ်ပုတ်နေတုန်းပဲ သူတို့ကြားထဲတွင် တစ်ယောက်ယောက်က ရုတ်တရက်ထွက်ပေါ်လာပြီး တစ်ယောက်ကိုလက်ဝါးတစ်ချက်စီ ရိုက်ထုတ်ကာ လေ့ကျင့်ရေးကွင်းပြင် အပြင်ဘက်ကလူအုပ်ကြီးထဲဆီ အတင်းအဓမ္မ ပို့ဆောင်လိုက်သည်။ ထို့နောက် ကျန်းယီမင်လည်း သူတို့နှစ်ယောက်လုံး ထုတ်လွှတ်နေတဲ့ စွမ်းအင်များကို ယာယီချိတ်ပိတ်လိုက်ပြီး သူက လေ့ကျင့်ရေးကွင်းပြင်ရဲ့ အကာအကွယ်အတားအဆီးအပြင်ဘက်ကို ထွက်လာလိုက်သည်။

"ဘုန်း..."

ကျန်းယီမင် ပိတ်လှောင်ထားတဲ့ စွမ်းအင်များက သူ့ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်သွားတာနှင့်တပြိုင်နက် လေ့ကျင့်ရေးကွင်းပြင်ထဲတွင် ပေါက်ကွဲသွားခဲ့သည်။ ပေါက်ကွဲမှုရဲ့ခွန်အားသည် မွေးဖွားခြင်းအဆင့်ကျင့်ကြံသူတစ်ယောက် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်တဲ့ ခွန်အားအောက်မလျော့နည်းပေ။ ကျန်းယီမင်တည်ဆောက်ထားတဲ့ အကာအကွယ်အတားအဆီးပင် ထိုကဲ့သို့လှိုင်းထန်နေတဲ့ စွမ်းအင်ပေါက်ကွဲမှုကို မနည်းတောင့်ခံလိုက်ရသည်။

All Chapters