← Chapters

ယင်ရှန်ခန်းမကို အနိုင်ပိုင်းခြင်း

Vol. 6 Ch. 71

ယင်ရှန်ခန်းမကို အနိုင်ပိုင်းခြင်း

Vol. 6 Ch. 71

လေ့ကျင့်ရေးကွင်းပြင်ထဲက ပေါက်ကွဲမှုကြီးနဲ့ လူအုပ်ကြီးကြားမှာ အကာအကွယ်အတားအဆီးတစ်ခု ခြားနားထားပေမယ့်လည်း ထိုပေါက်ကွဲမှုရဲ့ ရိုက်ခတ်မှုလှိုင်းများကြောင့် လူအုပ်ကြီးမှာ အနည်းငယ် နောက်ဆုတ်သွားကြရသည်။

"အဟွတ်... အဟွတ်...အဟွတ်..."

သတိပြန်လည်လာတဲ့ ယင်ယန်ကို ယင်မြောင်က တွဲထူပေးလိုက်သည်။ တကယ်ဆို ယင်ယန်အနေနဲ့ သူသည် ခုနက လမ်းဆုံးရောက်နေပြီဖြစ်သည်။ အကယ်၍ သူနဲ့အတူတူ လင်းယွင်ဂိုဏ်းမှ အမျိုးသမီးတပည့်သာ ထိုအကျပ်အတည်းအခြေအနေမှာ နောက်ထပ်စက္ကန့်သုံးဆယ်ခန့် ဆက်တိုက်နေခဲ့မယ်ဆိုရင် အခုအချိန်တွင် သူသည်ဘဝတစ်ပါးကို ကူးပြောင်းသွားလောက်သည်။

"အဟွတ်... အဟွတ်...၊ လင်းယွင်ဂိုဏ်း ဂိုဏ်းချုပ်က နတ်ဘုရားတစ်ပါးလို့ အရှိန်အဝါကြီးမားလှပါတယ်။ အဲ့ဒါအပြင် ဂိုဏ်းချုပ်ကျန်းရဲ့တပည့်တွေကလည်း ကိုယ်ကျင့်တရားကောင်းမွန်ပြီး ပါရမီပါကြတဲ့အတွက် တကယ်ကိုဂုဏ်သတင်းနဲ့ လိုက်ဖက်ညီလှပါတယ်"

မိမိရှုံးနိမ့်သွားပြီမှန်း သိလိုက်တဲ့ယင်ယန်သည် ခန္ဓာကိုယ်ကိုမတ်လိုက်ပြီး လင်းယွင်ဂိုဏ်းကို ဂုဏ်ပြုစကားဆိုလိုက်သည်။ အစကတည်းက သူတို့က ဂိုဏ်းရဲ့တာဝန်ပေးချက်အရ လင်းယွင်ဂိုဏ်းရဲ့ အင်အားကို လာရောက်စမ်းသပ်ခြင်းသာဖြစ်သည်။ ယနေ့တိုက်ပွဲက သူ့အား လင်းယွင်ဂိုဏ်းရဲ့ အဆင့် ၄ဂိုဏ်းတစ်ဂိုဏ်းအဖြစ် ထိုက်တန်မှုကို အပြည့်အဝ ယုံကြည်သွားစေခဲ့သည်။

"မင်းတို့လည်းမဆိုးပါဘူး။ မင်းတို့သုံးယောက်ရဲ့ ပေါင်းစည်းတိုက်ကွက်တွေကြောင့် ငါတို့တောင် မနည်းပြန်ခုခံလိုက်ရတယ်"

ယဲ့ယွမ်ဖန်ကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။တစ်ဖက်လူက ရှုံးနိမ့်သွားခဲ့သော်လည်း တိုက်ခိုက်ချိန်တွင်းမှာ သူတို့ပြခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှုသည် အတုယူစရာပင်ဖြစ်သည်။

"မင်းတို့တွေ အရမ်းကိုနှိမ့်ချလွန်းပါပြီဗျာ။ ဒီစကားပြောရတာ ရှက်စရာကောင်းပေမယ့် ဒီနေ့ဒီကိုလာတုန်းကတော့ ဒီစိန်ခေါ်ပွဲက ကလေးကစားစရာလိုပဲ လွယ်မယ်လို့ထင်ခဲ့မိတာ။"

"ယင်ရှန်ခန်းမနဲ့ လင်းယွင်ဂိုဏ်းကြားက ကွာခြားချက်က ပိုးစုန်းကြူးနဲ့လမင်းကြီးလို ကွာခြားနေမယ်လို့ ဘယ်သူကထင်ထားမိမှာလဲ..."

"ကျုပ်တို့တွေ အရင်ကမာန်မာနကြီးပြီး မိုက်မဲခဲ့မိပါတယ်။ ဒီနေ့တော့ ကျုပ်တို့ကိုယ့်ကိုယ်ကိုယ်နှိမ့်ချတတ်ဖို့ သင်ခန်းစာရသွားပြီ။ နောင်တစ်ချိန်ကျရင် ကျေးဇူးတင်တဲ့အနေနဲ့ လက်ဆောင်တွေယူပြီး လာလည်ပါဦးမယ်"

ယင်ညီအစ်ကိုများက တစ်ယောက်တစ်ခွန်းပြောရင်း ကျန်းယီမင်နှင့် တခြားလူများကို ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။

"ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေစရာ မလိုပါဘူး။ အနာဂတ်မှာ အဆင်ပြေရင် ငါတို့ဂိုဏ်းကို လာလည်ပြီး ပညာဖလှယ်ဖို့ဖိတ်ခေါ်ပါတယ်"

ထိုညီအစ်ကိုများရဲ့ လေးစားမှုရှိပြီးရိုးသားတဲ့ သဘောထားကို မြင်လိုက်ရသောကြောင့် သူတို့ကရန်သူအဖြစ်ထက် မိတ်ဆွေဖွဲ့လိုလိုက်ကြသည်။ ထို့ကြောင့် လင်းယွင်ဂိုဏ်းမှ တပည့်များကလည်း ပြန်လည် ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။

"မင်းတို့အားလုံးနဲ့ ပညာဖလှယ်ဖို့အခွင့်အရေးရဦးမယ်ဆိုရင် ကျုပ်တို့လည်း ဝမ်းသာပီတိဖြစ်မိမှာပါ။ ကဲ... ကျုပ်တို့ မင်းတို့ကို ဆက်ပြီးအနှောင့်အယှက် မပေးတော့ဘူး။ ဒီနေ့လက်ရည်ယှဉ်ပြိုင်ရင်းနဲ့ ကျုပ်တို့ကြားမှာ မိတ်ဆွေသံယောဇဉ်တစ်ခုအဖြစ် တိုးသွားပြီ။ အနာဂတ်မှာ ကျွန်တော်ယင်ယန်နဲ့အတူ ယင်ဆန်၊ ယင်မြောင်တို့ကနေ ကူညီပေးနိုင်တာမျိုးရှိရင် ကျုပ်တို့ညီအစ်ကိုတွေ အစွမ်းကုန်ကူညီပေးပါ့မယ်။"

ယင်မိသားစုမှ တပည့်များထွက်သွားတာကို ကြည့်ရင်း လူအုပ်ကြီးက တစ်ဖန်ပြန်ပြီး လှုပ်လှုပ်ရှားရှားဖြစ်လာကြသည်။ ဒီနေ့အတွက် စိန်ခေါ်ပွဲအစီအစဉ်မှာ ပြီးဆုံးတော့မည်ဖြစ်သည်။ စောစောတုန်းက စင်မြင့်ပေါ်တက်ပြီး ယှဉ်ပြိုင်ခဲ့ကြတဲ့ အဆင့် ၄ သို့မဟုတ် အဆင့် ၅ ဂိုဏ်းများမှ ထိပ်တန်းပါရမီရှင်များနဲ့ ထူးချွန်တဲ့တပည့်များမှာ မနည်းလှပေ။ နာမည်ဂုဏ်သတင်းအသင့်အတင့်ရှိသူများမှာ လင်းယွင်ဂိုဏ်းမှတပည့်များနှင့် တိုက်ကွက်အနည်းငယ်လောက် ယှဉ်ပြိုင်နိုင်ခဲ့ကြပေမယ့် ကျန်တဲ့ဂိုဏ်းငယ်လေးများမှ တပည့်များအတွက်တော့ သူတို့ရှေ့မှာ တိုက်ကွက်တစ်ချက်ကလေးတောင် မခုခံနိုင်ကြပေ။

တခြားဂိုဏ်းများအနေဖြင့် လင်းယွင်ဂိုဏ်းကို လာရောက်စိန်ခေါ်ရန် စုစုပေါင်းငါးရက်အချိန်ရသည်။

သို့သော် ဒီနေ့တွင်ပဲ အဆင့် ၄ နှင့် အဆင့်၅ ဂိုဏ်းများအကြားက ထိပ်တန်းစာရင်းဝင်တဲ့ ဂိုဏ်းများအားလုံး ရှုံးနိမ့်သွားခဲ့ရသည်။ လာမည့်ရက်များတွင် ဘယ်သူကမှ အလွယ်တကူ လာမစိန်ခေါ်ရဲလောက်ပေ။ စိန်ခေါ်ပွဲရဲ့ ပထမဆုံးရက်ကုန်ဆုံးသွားပြီဖြစ်တာမလို့ လာကြည့်သူလူအုပ်ကြီးလည်း တဖြည်းဖြည်း လူစုကွဲသွားကြခဲ့သည်။

"ဆရာ၊ ကျွန်တော်တို့ပြောတဲ့အတိုင်းပဲနော်...."

တပည့်တချို့မှာ စိတ်ဝိညာဥ်စွမ်းအားနှင့် ခန္ဓာကိုယ်စွမ်းအားကို ပြန်ကောင်းလာအောင် လုပ်နေရင်း သူတို့ဆရာထံကနေ အသိအမှတ်ပြုမှုရရန် ကြိုးစားနေကြသည်။

"ဟုတ်တယ်... ဟုတ်တယ်... တပည့်တို့ရဲ့အမြုတေဖွဲ့စည်းခြင်းအဆင့် ဂျူနီယာမောင်လေး ဝင်ပါစရာတောင်မလိုဘူး။ တပည့်တို့လူနည်းနည်းလေးနဲ့တင် ဟိုအဆင့်၄၊ အဆင့်၅ဂိုဏ်းတွေကို ယှဉ်ပြိုင်တိုက်ခိုက်ဖို့က လုံလောက်တာထက် ပိုနေသေးတယ်။"

ဟွမ်းချောင်ယုရဲ့ မျက်နှာတွင် စိတ်လှုပ်ရှားမှုများက အပြည့်ပေါ်နေသည်။ တကယ်ဆိုရင် သူမသည် ယနေ့ပွဲစဥ်ရဲ့ အဓိကအာရုံစိုက်ခံရသူဖြစ်ခဲ့သည်။ သူမလက်ချက်ဖြင့် ရှုံးနိမ့်သွားတဲ့ ကျင့်ကြံသူအရေအတွက်မှာ မရေမတွက်နိုင်အောင်ပင် များပြားလှသည်။ အခုအချိန်တွင် လင်းယွင်ဂိုဏ်းရဲ့ တစ်ဦးတည်းသောအမျိုးသမီးတပည့်သည် အလွယ်တကူ ကစားလို့ရတဲ့သူမဟုတ်ကြောင်း လူတိုင်းသိသွားကြသည်။

"ဆရာ၊ ကျွန်တော်တို့ အဆင့်၄ အင်အားစု ဖြစ်လာပြီးရင် အဆင့်၃အင်အားစုဖြစ်ဖို့ မြန်မြန်ပြန်လုပ်ကြရအောင်လေဗျာ...."

ယဲ့ယွမ်ဖန်ကလည်း သူ့ပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်ပေ။ သူတို့ရဲ့ခွန်အားမှာ ရုတ်တရက် အတော်လေးတိုးတက်လာခဲ့သည်။ သူတို့သည် အဆင့် ၄ သို့မဟုတ် အဆင့်၅ ဂိုဏ်းများအကြား ရှေ့ကနေဦးဆောင်နိုင်တဲ့ အနေအထားကို ရောက်နေသည်။

"မင်းတို့က ဒီနေ့ ငါးပိန်းငါးရံ့လေးတွေကို အနိုင်ရပြီးတာနဲ့ စိတ်ကြီးဝင်ပြီး စိတ်မရှည်ဖြစ်လာကြတာလား။" ကျန်းယီမင်က မျက်လုံးမှိတ်လျက် ကျင့်ကြံနေရင်း ပြောလိုက်သည်။

"ဒီနေ့ ယင်ညီအစ်ကိုတွေကိုပဲ ကြည့်ကြည့်လိုက်စမ်း။ တကယ်လို့ သူတို့သာ နောက်ဆုံးအချိန်မှာ အမှားမလုပ်ဘဲ ယင်မြောင်နဲ့ယင်ဆန်ကို အစွမ်းကုန် ခုခံကာကွယ်ခိုင်းပြီး သူတို့နှစ်ယောက်စလုံး ခံစစ်နဲ့တိုက်စစ်ကို တစ်ချိန်ထဲလုပ်နိုင်တဲ့အစီအရင်ကို တည်ဆောက်နိုင်ပြီး တိုက်ပွဲကိုသာ အချိန်ဆွဲထားခဲ့မယ်ဆိုရင် ယဲ့ယွမ်ဖန်နဲ့ ရှန့်ကွမ်းချင်းယန်တို့ သူတို့တွေကို တစ်ခုခုလုပ်နိုင်မယ်လို့ မင်းတို့တွေထင်နေကြတာလား"

ဒီနေ့တိုက်ပွဲအများစုကို အလွယ်တကူအနိုင်ရရှိခဲ့သော်လည်း ဂူလင်းဖေးနှင့် ကျန်းလေ့ဂိုဏ်းက တပည့်တို့ရဲ့ တိုက်ပွဲ၊ ထို့အပြင် ယင်ညီအစ်ကိုတွေရဲ့ ပေါင်းစပ်အစီအရင်တို့က သူ့ကိုအတော်လေး အထင်ကြီးစေခဲ့သည်။

"ဒါပေမဲ့ ဒီနေ့ မင်းတို့ရဲ့စွမ်းဆောင်ရည်တွေက ချီးကျူးစရာ ကောင်းပါတယ်"

တပည့်များရဲ့ စိတ်အခြေအနေ ရုတ်တရက်ကျဆင်းသွားတာကို မြင်လိုက်ရသောကြောင့် ကျန်းယီမင်က အလျင်အမြန် ပြန်ပြောလိုက်ရသည်။

"အထူးသဖြင့် ရှန့်ကွမ်း၊ မင်းက ငါ့ကို အကြီးအကျယ် အံ့အားသင့်စေခဲ့တယ်။ တခြားတပည့်တွေလည်း ကျင့်ကြံခြင်းအဆင့်တိုးတက်လာတာပဲဖြစ်ဖြစ်၊ သိုင်းစွမ်းရည်နဲ့ ကျင့်စဉ်တွေကို ကျွမ်းကျင်ပိုင်နိုင်မှုမှာပဲဖြစ်ဖြစ် မင်းတို့အားလုံးက ပိုပြီးသန်မာလာကြတယ်။ မင်းတို့ရဲ့ဆရာအနေနဲ့ ငါအရမ်းကျေနပ်မိတယ်။ အနာဂတ်မှာ ငါခရီးထွက်ရမယ်ဆိုရင်တောင် မင်းတို့တစ်သိုက်က ဂိုဏ်းရဲ့ အဓိကကျောထောက်နောက်ခံတွေ ဖြစ်လာမှာ"

ထိုအချိန်တွင် ဂူလင်းဖေးလည်း နိုးလာခဲ့သည်။ သူကယိုင်နဲ့နဲ့ဖြင့် လျှောက်လာပြီး ဒီနေ့အခြေအနေကို မေးမြန်းလိုက်သည်။

"အဟွတ်... အဟွတ်...၊ ကျန်းလေ့ဂိုဏ်းတပည့်က တကယ်အရမ်းရက်စက်တာပဲ" ဂူလင်းဖေးက ထိုတစ်ယောက်နှင့် ယှဉ်ပြိုင်ခဲ့ရတဲ့တိုက်ပွဲကို ပြန်တွေးမိလိုက်သည်။ သူ့မျက်လုံးထဲတွင် ကြောက်ရွံ့မှုတချို့ ရှိနေသေးသည်။

"အဲ့တစ်ယောက် အခုဘယ်လိုနေလဲ မသိဘူး။"

ရှန့်ကွမ်းချင်းယန်အတွက်တော့ ဒီနေ့တိုက်ပွဲက အလွန်ပျော်စရာကောင်းတယ်လို့ ဆိုရမည်။ သူ့စီနီယာအစ်ကိုကြီးရဲ့ မေးခွန်းကို ကြားလိုက်ရတဲ့အခါ သူက မြန်မြန်ပဲဝင်ပြောလိုက်သည်။

"အာ... စီနီယာအစ်ကိုကြီး၊ အစ်ကိုတော့မမြင်လိုက်ရဘူး၊ အဲ့ဒီလူက သေမှန်းရှင်မှန်းတောင်မသိ လဲကျသွားတာ။ သူ့ဂိုဏ်းကလူတစ်ယောက် လာထမ်းသွားတယ်"

"ဒါပေမဲ့ အဲ့ဒီလူက ကျန်းလေ့ဂိုဏ်းမှာ တအားအရေးကြီးတဲ့ တပည့်လိုလိုပဲ....." ဂူလင်းဖေးက ခေါင်းကုတ်ရင်း ပြောလိုက်သည်။

"သူ့အဖေကကျန်းလေ့ဂိုဏ်းရဲ့ လက်ရှိဂိုဏ်းချုပ်ဖြစ်တဲ့ပုံပဲကွ။ တကယ်လို့ ကျွန်တော်သာ သူ့ကိုသတ်လိုက်မိရင် သူ့အဖေရောက်ချလာမှာကို စိုးရိမ်မိတယ်။ ဒါပေမဲ့ပြောရရင် သူ့အဖေကဖြင့် အခြေတည်စိတ်ဝိညာဥ်အဆင့်ကိုတောင် ရောက်ပုံမရပါဘူးကွာ...."

"ဝါး... စီနီယာအစ်ကိုကြီး၊ အစ်ကို နှလုံးသားနတ်ဆိုးများ ရသွားတာလား..." ဟွမ်းချောင်ယုက လှမ်းစလိုက်သည်။

"ဒီနေ့ နေ့လယ်လေ့ကျင့်ရေးကွင်းပြင်မှာ ရှိနေတုန်းက အခြေအနေနဲ့ မတူပါလား...."

ဂူလင်းဖေးက ပြုံးရုံသာပြုံးပြီး ခေါင်းခါလိုက်သည်။

"တကယ်လို့ သူတို့က ငါတို့နဲ့တိုက်ခိုက်ချင်တယ်ဆိုရင်တောင် ငါ နည်းနည်းလေးမှမကြောက်ဘူး။ ဒါပေမဲ့..."

"ဒါပေမဲ့ ဘာဖြစ်လဲ?"

သူတို့စီနီယာအစ်ကိုကြီးမျက်လုံးထဲမှာ ဇဝေဇဝါဖြစ်နေတာကို မြင်လိုက်သောအခါ ကျန်တဲ့လူများက မေးလိုက်ကြသည်။

"ဂိုဏ်းချုပ်အပြောင်းအလဲဖြစ်ပြီးကတည်းက ကျန်းလေ့ဂိုဏ်းက အရင်တုန်းကငါတို့သိခဲ့တဲ့ တရားမျှတပြီး ဖြောင့်မတ်တဲ့ဂိုဏ်းမဟုတ်တော့ဘူး။ ဒါကြောင့် ဟိုးတလောက ငါအကူအညီရလိုရငြား သူတို့ဂိုဏ်းကို ငါသွားခဲ့တုန်းက လေ့ယမ်ယွမ်နဲ့ သူ့လူတွေက ငါ့ကို မောင်းထုတ်ခဲ့ကြတာ" ဂူလင်းဖေးက ထိုဝမ်းနည်းစရာအမှတ်တရများကို ပြန်သတိရသွားသည်။

"သူတို့တွေ ငါတို့နောက်ကျောကို ဓားနဲ့ထိုးပြီး ငါတို့ဂိုဏ်းနာမည်ကို ဖျက်ဆီးမှာပဲ ငါစိုးရိမ်တာ"

ထိုစကားကြားလိုက်တဲ့အခါ တခြားတပည့်များလည်း တိတ်ဆိတ်သွားကြသည်။ လူအများမြင်ကွင်းမှာ ပစ်လိုက်တဲ့လှံကို ရှောင်တိမ်းရန်လွယ်ကူသော်လည်း အမှောင်ထဲကနေပစ်လိုက်တဲ့မြှားကို ကာကွယ်ရန်မှာ ခက်ခဲလှသည်။ လေ့ယမ်ယွမ်ရဲ့ မာန်မာနကြီးပြီး နိုင်ထက်စီးနင်းပြုတတ်တဲ့အမူအရာကို ပြန်ကြည့်ကြည့်လိုက်ရင် ဂိုဏ်းချုပ်တစ်ယောက်ဖြစ်တဲ့ သူ့ဖခင်သည်လည်း လူကောင်းတစ်ယောက်ဖြစ်ပုံ မရပေ။

"ချစ်တပည့်တွေကလည်း... ငါဒီမှာထိုင်နေတယ်လေ။ ဘာလို့အလကားနေရင်း စိတ်ပူနေကြတာလဲ။"

ညအမှောင်အောက်တွင် တိတ်ဆိတ်မှုကို ကျန်းယီမင်ရဲ့ စကားသံက ဖြိုခွင်းလိုက်သည်။

"ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စကို လူတွေအားလုံး မျက်မြင်ကိုယ်တွေ့ပဲလေ။ ဒါကဂိုဏ်းအချင်းချင်းပညာဖလှယ်တဲ့ ပွဲသက်သက်ပဲ။ အဲ့ကောင်က အရင်ရိုင်းရိုင်းစိုင်းစိုင်းစပြောပြီး လူအသတ်အကွက်တွေ ထုတ်သုံးလာတာလေ။ ကျင့်ဝတ်သိက္ခာပိုင်းအရ ပြောကြေးဆိုရင်တောင် ဒါကသေချာပေါက် သူတို့အမှားပဲ။ ငါတို့နဲ့ ဘာဆိုင်လို့လဲ? အဲ့ဒါအပြင်..."

All Chapters