ကျန်းလေ့ဂိုဏ်းရဲ့ ရန်စမှု
Vol. 6 Ch. 73
အချိန်မှာ ညနေစောင်းနေပြီဖြစ်သည်။ အကယ်၍ ထိုလူများသည် လာရောက်စိန်ခေါ်လိုချင်တယ်ဆို ဘာကြောင့် မနက်ခင်းတွင်မလာဘဲ အခုအချိန်ကိုမှ ရွေးချယ်ပြီး ရောက်လာခဲ့သလဲ.....။ လင်းယွင်ဂိုဏ်းမှ တပည့်များလည်း နားမလည်နိုင်ဖြစ်နေကြသဖြင့် စစ်ဆေးကြည့်ဖို့အတွက် ဂိုဏ်းတံခါးဝဆီသို့ ပြေးသွားလိုက်ကြသည်။
"ဟေ့... ဘာလို့အဲ့ဒီလူတွေက လာရင်းတန်းလန်း ဗုံတွေ မောင်းတွေပါ တီးနေကြတာလဲ။ အို... မဖြစ်နိုင်တာ၊ ကျန်းလေ့ဂိုဏ်းက အဲ့တပည့်တကယ်သေသွားပြီး သူ့အဖေက အခုလူတွေခေါ်လာပြီး ငိုကြွေးပြနေတာများလား?"
ဗုံသံ၊ မောင်းသံများကို ကြားလိုက်ရတဲ့အခါ ဂူလင်းဖေးက မျက်နှာပျက်သွားပြီး အမြန်ထွက်ကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်းပင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဝတ်အစားများ ဝတ်ဆင်ထားတဲ့ လူအုပ်ကြီးတစ်စုက လင်းယွင်ဂိုဏ်းဘက်ကို ဦးတည်လာနေတာကို သူမြင်လိုက်ရသည်။
"သောက်ကျိုးနည်းကောင်တွေကွာ...."
ဂူလင်းဖေးက ဒေါသတကြီး ကျိန်ဆဲရင်း တံတွေးထွေးလိုက်သည်။ သူ့ဒဏ်ရာများ အပြည့်အဝမသက်သာသေးသော်လည်း တော်တော်များများတော့ အဆင်ပြေနေပြီဖြစ်သည်။
"ငါတို့ဂိုဏ်း အောင်ပွဲခံနေတဲ့နေ့မှာမှ မင်းတို့ပြဿနာလာရှာရဲတယ်ဆိုတော့လည်း ကောင်းပြီလေ.... မင်းတို့ထဲက ဘယ်ကောင်မှပြန်မသွားနိုင်စေရဘူး...."
သူထိုသို့ ပြောလိုက်တဲ့ချိန်တွင် ထိုလူအုပ်ကြီးက လင်းယွင်ဂိုဏ်းရှေ့ကို ရောက်နေပြီဖြစ်သည်။ လမ်းတစ်လျှောက်လုံးတွင်လည်း လာကြည့်တဲ့သူ တော်တော်များများကို ဆွဲဆောင်လာခဲ့သေးသည်။
"အမလေး .... ငါ့ရဲ့ သားလေးရေ... ငယ်ငယ်ရွယ်ရွယ်နဲ့ အမြုတေဖွဲ့စည်းခြင်းအဆင့်ကိုရောက်ခဲ့တဲ့ သားလေးရဲ့..... အနာဂတ်က အတိုင်းအဆမရှိ တောက်ပနေခဲ့ရမှာ... သားလေးရဲ့ ရှေ့ခရီးလမ်းက ဖြောင့်ဖြူးကျယ်ပြန့်နေခဲ့ရမှာ....."
ရှေ့ဆုံးကနေ ဦးဆောင်လာတဲ့အဘိုးကြီးက ငိုကြွေးနေပြီး အလွန်အမင်းဝမ်းနည်းပူဆွေးနေသလို ဖြစ်နေသည်။ ဘေးပတ်ဝန်းကျင်က လူများကလည်း အသက်ဝင်စွာ ဆွေးနွေးငြင်းခုံနေကြသည်။ လင်းယွင်ဂိုဏ်းမှ တပည့်များရဲ့စွမ်းဆောင်ရည်ကြောင့် လင်းယွင်ဂိုဏ်းသည် သိပ်မကြာမီ အဆင့် ၄ ဂိုဏ်းအဖြစ်ကို တိုးတက်ပြောင်းလဲတော့မည်ဟူသော သတင်းသည် မကြာသေးမီကပဲ တောမီးပမာပျံ့နှံ့ခဲ့သည်။ ကိစ္စအားလုံး ပြီးသွားပြီဖြစ်၍ ပွဲပြီးသွားပြီလို့ သူတို့ထင်ထားခဲ့ကြသည်။ အခုလိုမျိုး ပြဇာတ်တစ်ခု ကပြလိမ့်မည်ဟု ဘယ်သူကမှ ထင်မထားခဲ့ကြပေ။
"ခင်ဗျားတို့က ဘယ်သူတွေလဲ။ ဝမ်းနည်းပူဆွေးချင်ရင် တခြားနေရာသွားလုပ်ကြ။ လင်းယွင်ဂိုဏ်းက ခင်ဗျားတို့ လာငိုပြရမယ့်နေရာမဟုတ်ဘူး။"
ဂူလင်းဖေးက ဂိုဏ်းတံခါးဝရှေ့တွင် ရပ်ကာ ပြတ်သားစွာ အော်ပြောလိုက်သည်။
"မင်းပဲ... မင်းပဲ... ဂိုဏ်းအချင်းချင်း ပညာချင်းဖလှယ်တာ စည်းမကျော်သင့်ပေမယ့် မင်းကငါ့သားကို ရက်ရက်စက်စက် ရိုက်သတ်လိုက်တဲ့ လင်းယွင်ဂိုဏ်းက တပည့်ပဲ..." ထိုလူက ဂူလင်းဖေးရဲ့ မျက်နှာကို လက်ညှိုးထိုးကာ ငိုယိုအော်ဟစ်လိုက်သည်။
"ကျင့်ကြံတဲ့သူတစ်ယောက်အနေနဲ့ ဒီလောက်တောင် ရက်စက်ရသလားကွာ... မင်းတို့ လင်းယွင်ဂိုဏ်း... လင်းယွင်ဂိုဏ်းဆိုတာ ဘယ်လိုဂိုဏ်းမျိုးလဲကွ... ငါ့သားလေးရေ... အဖေ ဒီနေ့လင်းယွင်ဂိုဏ်းရဲ့ ရုပ်ဆိုးအကျည်းတန်တဲ့ မျက်နှာဖုံးကိုခွာချပြနိုင်ရင် ကောင်းကင်ဘုံက သားရဲ့ဝိညာဉ် ငြိမ်းချမ်းစွာ အနားယူနိုင်မှာပါနော်...."
အဘိုးကြီးပြောတာကို ကြားလိုက်ရတဲ့အခါ ရှေ့ဆုံးမှာရပ်နေတဲ့ ဂူလင်းဖေးသည်လည်း ဒေါသကြောင့် ပေါက်ကွဲလုနီးပါး ဖြစ်သွားသည်။
"ခင်ဗျားလို အရှက်မရှိတဲ့လူ... ငါ့ဂိုဏ်းရှေ့လာပြီး ဟောင်ရဲသေးတယ်ပေါ့... အဲ့ဒီနေ့က ဘာဖြစ်ခဲ့လဲဆိုတာ လူတိုင်းမြင်ခဲ့တယ်... ခင်ဗျားသားက အရင် မာန်မာနတခွဲသားနဲ့ပြောပြီး ငါ့ဂိုဏ်းကိုအရှက်ခွဲခဲ့တာ။ စိန်ခေါ်ပွဲတုန်းကလည်း ခင်ဗျားသားကပဲ လူသတ်တိုက်ကွက်တွေကို အရင်ထုတ်သုံးခဲ့တာ...."
ယဲ့ယွမ်ဖန်က ဒေါသတကြီးပြောလိုက်ရာ သူ့ခန္ဓာကိုယ်ပတ်လည်တွင် စိတ်ဝိညာဉ်စွမ်းအားများ ဝန်းရံလာခဲ့သည်။
"လာကြည့်တဲ့သူအများကြီးလည်း မျက်မြင်သက်သေရှိတယ်။ ခင်ဗျားတို့တွေ ငါတို့ဂိုဏ်းကို လာပြီးအကြောင်းမဲ့သက်သက် ရန်စရတဲ့ ရည်ရွယ်ချက်က ဘာလဲ... တိုက်ချင်ရင် လာတိုက်လိုက်လေ။ သတ္တိရှိရင် ခင်ဗျားသားအတွက် လက်စားလာချေကြည့်စမ်း...."
လင်းယွင်ဂိုဏ်းမှ တပည့်များမှာ ဒေါသလည်းထွက် ရယ်လည်းချင်နေကြသည်။ သူတို့ရှေ့တွင် ဦးနှောက်မရှိသလိုလုပ်နေတဲ့ အဘိုးကြီးကိုကြည့်ရင်း ကျန်းလေ့ဂိုဏ်းအင်အားမှာ လင်းယွင်ဂိုဏ်းထက် များစွာနိမ့်ကျနေတာကို သိတဲ့အတွက်ကြောင့် တိုက်ရိုက်မလှုပ်ရှားရဲခြင်းဖြစ်မယ်လို့ တွေးမိလိုက်ကြသည်။ ဘယ်သူကမှ ဟောက်ယွင်ဂိုဏ်းရဲ့ လမ်းစဉ်ကို မလိုက်ချင်ကြပေ။ ထို့ကြောင့် သူက အခုလို ရယ်စရာကောင်းတဲ့ နည်းလမ်းကို အသုံးပြုပြီး တခြားသူတွေအထင်လွဲအောင် လှည့်ဖြားရန် ကြိုးစားနေခြင်းဖြစ်သည်။
"မင်းတို့ ဂျူနီယာလေးတွေ... မင်းတို့ဂိုဏ်းချုပ်က အစွမ်းအစရှိရုံနဲ့ မင်းတို့က မာန်တက်နေကြတာလား.... ကဲ... မင်းတို့ဂိုဏ်းချုပ် အခုဘယ်မှာလဲ...."
အဘိုးကြီးရဲ့မျက်လုံးများမှာ ဝမ်းနည်းပူဆွေးမှုများနဲ့ ပြည့်နှက်နေပြီး တစ်ကိုယ်လုံးလည်း ပေပွနေသည်။
"ဟမ်..... မင်းတို့ဂိုဏ်းချုပ်က အခုကျတော့ သူရဲဘောကြောင်သွားပြီလား... ဒါမှမဟုတ် မင်းတို့ရဲ့ တကယ့်ဆရာဆီကနေ အကူအညီသွားတောင်းနေတာလား? ဒီနေ့ ငါသူ့ဆီကနေ တရားမျှတမှုကို တောင်းဆိုရမယ်..."
"ယုတ်မာတဲ့ အဘိုးကြီး... ခင်ဗျားသာ ငါ့ဆရာ အကြောင်း နောက်ထပ်မဟုတ်တာတစ်ခုခု ထပ်ပြောပြီး ခင်ဗျားနောက်က မင်္ဂလာမရှိတဲ့အရာတွေနဲ့အတူတူ ထွက်မသွားဘူးဆိုရင် ငါရိုင်းတယ်လို့ အပြစ်မတင်နဲ့...."
"ပုံစံတကျ နေရာယူကြ... ဂိုဏ်းချုပ်ကို ကာကွယ်ကြ..."
ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တန်းစီနေတဲ့လူအုပ်ထဲမှ တစ်ယောက်ယောက်က အမိန့်ပေးလိုက်ရာ ကျင့်ကြံသူတချို့က အဘိုးကြီးကို ချက်ချင်းဝိုင်းရံလိုက်ကြသည်။
"ဘာတွေဖြစ်နေတာလဲ? ငါ့ခြံဝန်းကနေတောင် ဂိုဏ်းရှေ့က ဆူညံသံတွေကို ကြားနေရတယ်"
လင်းယွင်ဂိုဏ်း တံခါးပွင့်လာပြီး လူငယ်ကျင့်ကြံသူတစ်ဦး ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာခဲ့သည်။ ထိူသူမှာ လင်းယွင်ဂိုဏ်း ဂိုဏ်းချုပ် ကျန်းယီမင်ဖြစ်သည်။
"ဆရာ... ဒီအဘိုးကြီးက ကျွန်တော်တို့ဂိုဏ်းထဲကို အတင်းဝင်ဖို့ ကြိုးစားနေတာ၊ ပြီးတော့ အမှားအမှန်တွေကို ရောထွေးသွားအောင်လုပ်ပြီး အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတယ်... ကြည့်ပါဦး... ကျွန်တော်တို့ ဘာလုပ်ကြမလဲ..."
လင်းယွင်ဂိုဏ်းချုပ်သည် ရောက်လာတဲ့သူတွေကို သေချာကြည့်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"ဟားဟားဟားဟားဟား.... ဒါကျန်းလေ့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆိုတာလားကွ... ဒီလောက်အသက်ကြီးနေပြီကို ဘာလို့မိသားစုဘဝကို အေးအေးဆေးဆေးမဖြတ်သန်းဘဲ ငါ့ဂိုဏ်းကို လာပြီးပြဿနာရှာနေရတာလဲ... အော်... ခင်ဗျားရဲ့အသုံးမကျတဲ့သားက သူ မနိုင်နိုင်မှန်းသိလာတော့ ငါ့တပည့်ကို လူသတ်အကွက်နဲ့ တိုက်ခိုက်ခဲ့လို့လား.. သူက သောက်သုံးမကျပြီး ငါ့ဂိုဏ်းကတပည့် သတ်တာခံရလိမ့်မယ်လို့ ထင်မထားခဲ့ဘူးထင်တယ် ဟုတ်တယ်မလား.. ဒါက ဖွတ်မရ ဓါးမဆုံးဆိုသလို ဖြစ်နေပြီကွ... ဟားဟားဟားဟား....."
ကျန်းယီမင်သည် သူ့ကိုယ်သူ မထိန်းနိုင်အောင်ပင် အော်ဟစ်ရယ်မောနေလိုက်သည်။ သူရယ်နေတာ ရပ်သွားတဲ့အခါ သူ့ဆီကနေသတ်ဖြတ်လိုတဲ့ အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။
"ခင်ဗျားတို့က ဒီလိုလုပ်ရုံလေးနဲ့ ငါ ကျန်းယီမင်က အလျှော့ပေးလိုက််မယ်လို့ ထင်နေတာလား... ဟာသပဲ... ငါအရင်ကပြောခဲ့ဖူးတယ်၊ ငါ့ဂိုဏ်းကို စော်ကားရဲတဲ့သူတွေ သေရမယ်...."
ဘေးပတ်ဝန်းကျင်က လူအုပ်ကြီးမှာလည်း ကြောက်လန့်တုန်လှုပ်သွားပြီး ထွက်သွားချင်နေကြသည်။ လင်းယွင်ဂိုဏ်း ဂိုဏ်းချုပ်ရဲ့ ခွန်အားမှာ ခန့်မှန်းလို့မရနိုင်လောက်အောင်ပင်ဖြစ်သည်။ ဟောက်ယွင်ဂိုဏ်းက လာရောက်ရန်စတုန်းက သူနှင့်ဟောက်ယွင်ဂိုဏ်းမှ မွေးဖွားခြင်းအဆင့်အကြီးအကဲ တို့ရဲ့ တိုက်ပွဲမှနေ ထွက်ပေါ်လာတဲ့ ရိုက်ခတ်မှုလှိုင်းများကြောင့် သူတို့အားလုံး အဝေးမှသာ ကြည့်ရဲခဲ့ကြသည်။
"အင်း... ဒါပေမဲ့ ဒီနေ့ ငါမဆင်မခြင်လှုပ်ရှားလိုက်ရင် သိပ်မကောင်းဘူးဖြစ်နေမယ်" ကျန်းယီမင် ခေါင်းခါလိုက်သည်။ ကောင်းကင်ထိတိုင် ထိုးတက်နေတဲ့ စိတ်ဝိညာဉ်စွမ်းအားများသည် ချက်ချင်း ပျောက်ကွယ်သွားသည်။
"ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်းမြင့်မားနေတယ်။ ငါ့မျက်လုံးထဲမှာတော့ ခင်ဗျားတို့က အမှိုက်တစ်သိုက်၊ ကြက်တစ်ကောင်လောက်တောင် အသုံးမကျဘူး။ ဂူလင်းဖေး... မင်းက မင်းရဲ့ဂျူနီယာညီလေး ညီမလေးတွေကိုဦးဆောင်ပြီး ဒီနေ့ သူတို့ကို လေ့ကျင့်ရေးတစ်ခုအဖြစ် သုံးလိုက်လေ..."
ကျန်းလေ့ဂိုဏ်းမှ လူတိုင်းထိတ်လန့်သွားကြသည်။ အစက သူတို့သည် လင်းယွင်ဂိုဏ်းကို တရားမမျှတတဲ့ဂိုဏ်းဆိုတဲ့ အနေအထားကိုရောက်အောင် တွန်းပို့ပြီး ရန်သူကိုတိုက်ခိုက်စရာမလိုဘဲ အနိုင်ယူနိုင်မယ်လို့ ထင်ထားခဲ့ကြသည်။ သို့သော် အဘယ်ကြောင့် အခြေအနေများ လွဲချော်သွားရတာလဲ...။
"ကျွန်တော်လည်း အဲ့လိုပဲသဘောရတယ်။ အဖေလုပ်တဲ့သူက သားထက်တောင် ပိုအူကြောင်ကြောင်နိုင်မယ်လို့ မထင်ထားခဲ့ဘူး။ ဒီအဘိုးကြီးကို ကျွန်တော့်တာဝန်သာ ထားလိုက်"
သူတို့ဆရာရဲ့ ခွင့်ပြုချက်ရလိုက်တဲ့အခါ လင်းယွင်ဂိုဏ်းမှ တပည့်များက စိတ်လှုပ်ရှားသွားကြသည်။
လိုက်လာခဲ့တဲ့ ကျန်းလေ့ဂိုဏ်းအကြီးအကဲတချို့လည်း ထိတ်လန့်သွားကြသည်။ သို့သော် ယနေ့ရောက်လာတဲ့ ကျန်းလေ့ဂိုဏ်းက လူများမှာ အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူ ၅ ယောက်နှင့် အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့် ကျင့်ကြံသူ တစ်အုပ်ကြီးဖြစ်သည်။
သူတို့ရဲ့ ပြိုင်ဘက်များဘက်မှာ လူ ၅ ယောက်သာရှိပြီး အမြုတေဖွဲ့စည်းခြင်းအဆင့် ၃ ယောက်နှင့် အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့် ၂ ယောက်သာ ရှိသည်။ ဘယ်လိုပဲကြည့်ကြည့် အသာစီးရနေတာ သူတို့ဘက်ကသာ ဖြစ်သည်။ လင်းယွင်ဂိုဏ်းချုပ်ကို သူတို့ တစ်ခုခုမလုပ်နိုင်ရင်တောင် သူ့တပည့်များကိုတော့ ဒဏ်ရာရအောင် လုပ်နိုင်ပေလိမ့်မည်။
"အဆုံးမဲ့ကျင်းယုလှံကျင့်စဥ်..."
သူတို့ ပြန်မတုံ့ပြန်နိုင်ခင်မှာပင် စိတ်ဝိညာဉ်စွမ်းအင်ဓားသွားများက လေထဲရောက်ရှိနေပြီဖြစ်သည်။
"စင်မြင့်ပေါ်က စိန်ခေါ်ပွဲဆိုရင် ငါအလျှော့ပေးမိမှာပဲ၊ ဒါပေမဲ့ ခင်ဗျားတို့တစ်သိုက်က သေချင်နေကြမှတော့ ငါလည်းယဉ်ကျေးမနေတော့ဘူး..."
ရှန့်ကွမ်းချင်းယန်က စိတ်ဝိညာဉ်စွမ်းအင်ဓားသွားများကို ဝှေ့ယမ်းလိုက်ရာ ငွေရောင်လှံတစ်ချောင်းက သူ့လက်ထဲတွင် ပေါ်ထွက်လာသည်။ ချက်ချင်းပင် သူက ကျန်းလေ့ဂိုဏ်းမှ စစ်ခင်းကျင်းထားတဲ့ အစီအရင်ထဲသို့ ဝင်ရောက်သွားသည်။
"ဂျူနီယာညီလေး.... မင်းတစ်ယောက်တည်း ပျော်မနေနဲ့ကွ... စီနီယာအစ်ကိုကြီးကိုလည်း ပျော်ခွင့်ပေးပါဦးလေ..."
ယဲ့ယွမ်ဖန်သည်လည်း ကမောက်ကမဖြစ်နေတဲ့ လူစုထဲကို ဝင်ရောက်တိုက်ခိုက်လိုက်သည်။
"ကောင်းပြီလေ၊ စီနီယာအစ်ကိုကြီးတို့က စိတ်ပါလက်ပါရှိနေကြမှတော့ ကျွန်တော်ဝင်မရှုပ်တော့ပါဘူးဗျာ" တုန်းမီက တခစ်ခစ်နဲ့ရယ်လိုက်ပြီး ရေရွတ်လိုက်သည်။
ထို့နောက် စိတ်ဝိညာဉ်စွမ်းအားအမျှင်တန်းတချို့က သူ့ခန္ဓာကိုယ်ထဲက ထွက်လာပြီး သူ့စီနီယာအစ်ကိုကြီးများရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားလိုက်သည်။ စိတ်ဝိညာဉ်စွမ်းအားများ ဖြည့်သွင်းခံရပြီးတဲ့နောက် ဂူလင်းဖေးသည် သူ့ရင်ထဲမှ တိုက်ခိုက်လိုစိတ်များ ပိုပြင်းထန်လာသည်ကို ခံစားလိုက်ရသည်။
"ကဲ... ဂျူနီယာညီလေးရဲ့ အကူအညီနဲ့ဆို ငါ ဒီအဖွဲ့ခေါင်းဆောင်ကို အရင်ဖမ်းလိုက်ပြီး ခင်ဗျားတို့ သားအဖကို အရင်ဆုံးတွေ့ခိုင်းလိုက်မယ်... အဘိုးကြီးရေ... ငါလာပြီ..."