သူ့တပည့်တွေသောင်းကြမ်းတာကို ထိုင်ကြည့်နေတဲ့ ကျန်းယီမင်
Vol. 6 Ch. 74
ကျန်းယီမင်သည် တုန်းမီကို အံ့သြတကြီးနဲ့ လှမ်းကြည့်လိုက်မိသည်။ ဂိုဏ်းမှ စိန်ခေါ်မှုများလက်ခံနေသည့် ရက်အနည်းငယ်အတွင်း တုန်းမီကဘာလို့ ဝင်တိုက်ခိုက်ခြင်းမရှိခဲ့တာကို အံ့သြစရာမလိုတော့ပေ။ သူလေ့လာခဲ့သော ကျင့်စဥ်များနှင့် သိုင်းပညာရပ်များမှာ ထောက်ပံ့ရေးကိုအဓိကထားတဲ့ အရာတွေဖြစ်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လွန်ခဲ့သောရက်အနည်းငယ်က သူ့စီနီယာအစ်ကို၊ အစ်မများ အစီအရင်ထဲတွင် ပျော်ပျော်ရွှင်ရွှင်နဲ့ တိုက်ခိုက်နေချိန်တွင် သူ့ကျင့်ကြံခြင်းအဆင့်က မနိမ့်ပါးနေသော်လည်း သူဝင်ရောက်တိုက်ခိုက်ခြင်း မပြုခဲ့ပေ။ ဘေးကလာကြည့်သူများသည်လည်း အံ့အားသင့်သွားကာ စုတ်သပ်နေမိကြသည်။
"ငါမှတ်မိတာမမှားရင် ကျန်းလေ့ဂိုဏ်းက အဆင့်၄ ဂိုဏ်း သက်သက်ပဲမဟုတ်လား"
"ဒါပေါ့ဟ။ သူတို့ဂိုဏ်းထဲမှာ အခြေတည်စိတ်ဝိညာဥ်အဆင့်ရောက်တဲ့သူ တစ်ယောက်မှ မရှိဘူး"
"ဟုတ်တယ်၊ ကြည့်လိုက်ဦး။ ဟောက်ယွင်ဂိုဏ်းက လင်းယွင်ဂိုဏ်းတံခါးဝထိ လာခဲ့တုန်းက အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်အုပ်ကြီးနဲ့ မွေးဖွားခြင်းအဆင့်တစ်ယောက်တောင် ပါသေးတယ်။ ဒါပေမဲ့ လင်းယွင်ဂိုဏ်းချုပ်ရဲ့ ပြိုင်ဘက်မဖြစ်ခဲ့ဘူးလေ...."
"ဒီတစ်ခေါက်တော့ ဘာပဲဖြစ်ဖြစ် ကျန်းလေ့ဂိုဏ်းက တပည့် အရင်ပြဿနာရှာခဲ့တာပဲ"
"ဘာအကြောင်းပြချက်မှမရှိဘဲ လင်းယွင်ဂိုဏ်းကို သွားပြီးရန်စခဲ့တာဆိုတော့ သူနေရတာ ငြီးငွေ့လွန်းလို့ သေချင်ပြီလို့ တွေးခဲ့တာနေမှာပေါ့ဟ...."
ကျန်းလေ့ဂိုဏ်းမှ လူအများစုသည် ဒီတစ်ခေါက်လာရတာကို သိပ်ပြီးစိတ်မသန့်ကြပေ။ ထိုနေ့က သူတို့ရဲ့မျှော်လင့်ချက်ကြယ်ပွင့်လေးမှာ စင်မြင့်ပေါ်တွင် တစ်ချက်ထဲနဲ့ပေါ်တင် အသတ်ခံလိုက်ရသည်။ ထို့နောက် လင်းယွင်ဂိုဏ်းက တပည့်သုံးယောက် ပူးပေါင်းကာ အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူသုံးယောက်က ပူးပေါင်းတိုက်ခိုက်တာကို အနိုင်ယူခဲ့သည်။ သာမန်လို့ထင်ရတဲ့ အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်တပည့်တစ်ယောက်ကတောင် လှံရှည်တစ်လက်ကိုကိုင်ပြီး အစီအရင်အတွင်းမှာ တားဆီးလို့မရနိုင်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ သူတို့ရဲ့ ဂိုဏ်းချုပ်အကြောင်းကို ထည့်ပြောစရာပင်မလိုတော့ပေ။
"ဟွန်း.... မင်းတို့မသိနားမလည်တဲ့ ဂျူနီယာငါးကောင်... မင်းတို့က ငါ့သားကိုသတ်ခဲ့ရုံတင်မကဘူး၊ အခု ငါ့ကိုပါသတ်ချင်နေတာလား..."
ကျန်းလေ့ဂိုဏ်းချုပ်သည် သူ့ရဲ့ကောက်ကျစ်ပြီး ချောက်တွန်းလိုက်တဲ့ အကွက်က လုံးဝအရာမထင်တာကို မြင်လိုက်ရသည်။ လင်းယွင်ဂိုဏ်းချုပ်ဆိုရင် သူ့ကိုမျက်လုံးထဲတောင် မထည့်၊ အလေးပေးမဆက်ဆံခဲ့ပေ။ သူ့တပည့်ကိုသာ ဝင်တိုက်ခိုက်ခိုင်းသည်။ ကျန်းလေ့ဂိုဏ်းချုပ်သည် ယနေ့ ဘယ်လိုပင်ဖြစ်ပါစေ သူ့သားအတွက် လက်စားချေရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် ကျန်းလေ့ဂိုဏ်းချုပ်သည် လေထဲသို့ပျံတက်သွားပြီး လျှပ်စီးနှင့် မီးတောက်လှိုင်းများက သူ့လက်ထဲတွင် ပေါ်လာခဲ့သည်။ ထိုစိတ်ဝိညာဉ်စွမ်းအားများသည် လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဂူလင်းဖေးဆီသို့ အရှိန်ပြင်းပြင်းဖြင့် ဝင်ရောက်သွားလိုက်သည်။
"စီနီယာအစ်ကိုကြီး၊ သတိထား...."
တုန်းမီရဲ့လက်ထဲတွင် စိတ်ဝိညာဉ်စွမ်းအားများ စုစည်းလာသည်။ အစတုန်းက စီနီယာအစ်ကို၊ အစ်မများရဲ့ တိုက်ခိုက်စွမ်းရည်ကို မြှင့်တင်ရန်အတွက်သာ အသုံးပြုခဲ့သော စိတ်ဝိညာဉ်စွမ်းအားများက အကာအကွယ်အတားအဆီးတစ်ခုအဖြစ် တိုက်ရိုက် ပြောင်းလဲသွားလိုက်သည်။ ပေါက်ကွဲအားပြင်းတဲ့ လျှပ်စီးတန်းသည် အကာအကွယ်အတားအဆီးပေါ်ကို ကျရောက်သွားသော်လည်း အတားအဆီးမှာ အနည်းငယ်လေးတောက် တုန်ခါသွားခြင်းမရှိပေ။
တပည့်အနည်းငယ်သာရှိတဲ့ လင်းယွင်ဂိုဏ်းလို ဂိုဏ်းငယ်လေးတစ်ခုတွင် ထောက်ပံ့ရေးကို အဓိကထားပြီး ကျင့်ကြံခြင်းအဆင့်မနိမ့်လှတဲ့ တပည့်တစ်ဦးရှိနေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ ကျန်းလေ့ဂိုဏ်းချုပ်သည် နောက်ဆုံးတွင် အချက်တစ်ချို့ကို သတိပြုမိသွားသည်။ အရင်တုန်းက စိန်ခေါ်ပွဲများများကို စင်ပေါ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လူအရေအတွက်နှင့် ပြိုင်ပွဲပေါ်သုံးတဲ့ ခွန်အားတွေကို ကန့်သတ်ချက်များရှိခဲ့သည်။ အခုချိန်တွင် စင်ပေါ်မဟုတ်ဘဲ အပြင်နေရာတွင် တိုက်ခိုက်နေကြခြင်းဖြစ်ပြီး သူကစတင်ပြီး ပြဿနာရှာခဲ့ခြင်းဖြစ်သောကြောင့် တစ်ဖက်လူက လုံးဝအလျှော့ပေးမည့်ပုံမပေါ်ပေ။
ဂူလင်းဖေးရဲ့ လက်ထဲမှစိတ်ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့သည်။ သူသည် အစတည်းက စိတ်ဝိညာဉ်စွမ်းအားနှင့် ခန္ဓာကိုယ်ကို အားကုန်ထုတ်သုံးရတဲ့ ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်နည်းများကို လေ့ကျင့်ထားသူဖြစ်သည်။ ယခုအခါ သူ့ဂျူနီယာညီလေးရဲ့ စိတ်ဝိညာဉ်စွမ်းအားအကာအကွယ်ကို ရထားသောကြောင့် သူကတခြားတပည့်တွေထက် ပိုပြီးထိန်းချုပ်မရအောင် သန်မာလာတော့သည်။
"ဂိုဏ်းချုပ်ကို ကာကွယ်ကြ.... ဂိုဏ်းချုပ်ကို ကာကွယ်ကြ...." တိုက်ပွဲထဲမှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အော်ဟစ်လိုက်သည်။
"မင်းတို့ဂိုဏ်းက အဘိုးကြီးအတွက် တွေးပူမနေနဲ့... မင်းကိုယ်မင်းသာ အရင်စိတ်ပူဖို့ အကြံပေးချင်တယ်...." ရှန့်ကွမ်းချင်းယန်သည် သူ့အနားကို ပြေးသွားလိုက်သည်။
သူ့လက်ထဲက ငွေရောင်လှံသည် ရန်သူရဲ့ လည်ပင်းတည့်တည့်ဆီကို ဦးတည်သွားသည်။ သူ့ရှေ့က လှံသွားဖျားကိုကြည့်ရင်း လူလတ်ပိုင်းအရွယ် အမျိုးသားသည် သေခြင်းတရားနှင့် အခုလို နီးနီးကပ်ကပ်ရှိနေတာကို ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။
"ထွက်သွားစမ်း...."
ကျန်းလေ့ဂိုဏ်းမှ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်က လင်းယွင်ဂိုဏ်းတပည့်များရဲ့ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ခပ်မ့န်မြန်ပဲ ရှုံးနိမ့်သွားကြသည်။
ကျန်းလေ့ဂိုဏ်းချုပ်သည် သူဒီကိုမရောက်လာခင်ကတည်းက အစီအစဉ်အကုန် ဆွဲထားခဲ့သည်။ အကယ်၍ လင်းယွင်ဂိုဏ်းချုပ်သာ ဝင်တိုက်ခိုက်ခဲ့ပါက သူသည်သူ့ဂိုဏ်းသားများကို ခေါ်ဆောင်ပြီး ဆုတ်ခွာသွားမည်။ ထို့နောက် လင်းယွင်ဂိုဏ်းသည် သူတို့ရဲ့အင်အားကို အခွင့်ကောင်းယူပြီး တခြားသူတွေကို အနိုင်ကျင့်သည်လို့ စွပ်စွဲလိုက်မည်ဖြစ်သည်။ သို့သော် လင်းယွင်ဂိုဏ်းချုပ်သည် လုံးဝ ဝင်ရောက်တိုက်ခိုက်ခြင်း မလုပ်ခဲ့ပေ။ ထိုအစား သူ့တပည့်များကိုသာ တိုက်ခိုက်စေခဲ့သည်။
မတရားမှုတိုင်းတွင် ကျူးလွန်သူရှိစမြဲ။ အကယ်၍ တစ်ဖက်လူတွင် စွမ်းရည်ရှိပါက ကိုယ်တိုင် လက်စားချေရန် ကြိုဆိုသည်။ သို့သော် အခုချိန်မှာတော့ ဂူလင်းဖေးရဲ့တိုက်တာကို ရင်ဆိုင်နေရတဲ့ ကျန်းလေ့ဂိုဏ်းချုပ်သည် လုံးဝတောင့်မခံနိုင်တော့ပေ။
"အဘိုးကြီး... ခင်ဗျားသားအတွက်လက်စားချေချင်တယ်ဆိုပြီး ငါတို့ဂိုဏ်းကို ကိုယ့်သဘောနဲ့ကိုယ် ရောက်လာခဲ့တာ မဟုတ်ဘူးလား..."
ဂူလင်းဖေးသည် ကျန်းလေ့ဂိုဏ်းချုပ်ရဲ့ မျက်နှာကို ဘယ်ပြန်ညာပြန် ဆက်တိုက်ထိုးနှက်လိုက်သည်။ ကျန်းလေ့ဂိုဏ်းချုပ်သည် အစောတုန်းကတော့ သူ့လက်ကိုသုံးပြီး ခုခံကာကွယ်နိုင်ခဲ့သော်လည်း သူ့ပြိုင်ဘက်သည်လည်း အမြုတေဖွဲ့စည်းခြင်းအဆင့်တွင်ရှိပြီး သူ့ထက်သာလွန်တဲ့ကျင့်ကြံခြင်းနှင့် သိုင်းပညာရပ်များကို ပိုင်ဆိုင်ထားသဖြင့် သူဘယ်လိုမှ မခုခံနိုက်တော့ပေ။
"ဆရာ၊ စီနီယာအစ်ကိုကြီးနဲ့အစ်မကြီးတို့ ဒီလိုတိုက်ခိုက်နေတာ တကယ်ပဲအဆင်ပြေလို့လား?"
"မင်းက လူသစ်ဆိုတော့ လင်းယွင်ဂိုဏ်း အကျပ်အတည်းကြုံခဲ့ရတုန်းက အကြောင်းတွေကို မသိတာ မဆန်းပါဘူး" ကျန်းယီမင်က ခေါင်းခါရင်း ဆက်ပြောသည်။
"ငါတို့တွေ အရင့်အရင်တုန်းက မြက်ပင်လေးတွေလိုပဲဖြစ်ခဲ့ရတာ။ ဖြတ်သွားဖြတ်လာက ဘယ်သူမဆို ငါတို့ကို နင်းချေသွားနိုင်တယ်။ ဒါကြောင့် အခုငါတို့ဂိုဏ်းကို ဘယ်သူမဆို လာစော်ကားရဲရင် ငါတို့သာ သူတို့ကို သင်ခန်းစာမပေးဘူးဆိုရင် လင်းယွင်ဂိုဏ်း က အရင်လိုမဟုတ်တော့ဘူးဆိုတာ ဘယ်သူက မှတ်မိမှာလဲ"
သူ့ဆရာရဲ့ စကားကိုကြားလိုက်ရသောအခါ တုန်းမီက လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ့စီနီယာအစ်ကိုများရဲ့ ခန္ဓာကိုယ်ပေါ်တွင် ချိတ်ဆက်ပေးထားတဲ့ စိတ်ဝိညာဉ်စွမ်းအားကြိုးမျှင်များကို အဆပေါင်းများစွာ ပိုသန်မာလာအောင် လုပ်ပေးလိုက်သည်။
"ကောင်းတယ်....ကောင်းတယ်...ကောင်းတယ်..."
ကျန်းလေ့ဂိုဏ်းချုပ်သည် တိုက်ကွက်အနည်းငယ်အတွင်းမှာပဲ ရှုံးနိမ့်သွားသည်။ သူက ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာသည်။ သူပြန်မထနိုင်ခင်မှာပင် ဂူလင်းဖေးက သူ့ရှေ့ကို ခုန်ဆင်းလာလိုက်သည်။ ဂူလင်းဖေးသည် အဘိုးကြီးရဲ့ ရင်ဘတ်ကို ခြေထောက်ဖြင့် နင်းလိုက်ရာ သူ့ပါးစပ်ကနေ သွေးများ အန်ထွက်လာသည်။
"ရပ်ပါတော့...ရပ်ပါတော့...ဒီနေ့ဖြစ်ခဲ့တာတွေက တကယ်ပဲ ငါတို့ဂိုဏ်းရဲ့မဆင်မခြင်လုပ်ရပ်ပါ..."
သူတို့ဂိုဏ်းချုပ် ခုခံနေတာ ရပ်လိုက်တာကို မြင်လိုက်ရသောအခါ ကျန်နေသေးတဲ့ တပည့်များလည်း အလျင်အမြန် လက်နက်ချလိုက်ကြသည်။ သူတို့ဂိုဏ်းက အမြုတေဖွဲ့စည်းခြင်းအဆင့် အကြီးအကဲများတောင် ဒီဘီလူးသရဲစီးနေသူများရဲ့ မျက်လုံးထဲတွင် အရာမဝင်ပါက အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်မှာသာရှိတဲ့ သူတို့အတွက်တော့ ပြောစရာပင်မလိုတော့ပေ။
"မောက်မာတဲ့ အရှုးအိုကြီး... ခင်ဗျားလိုအဘိုးကြီးက တပည့်တွေခေါ်... ဗုံတွေမောင်းတွေတီး... ဒီအထိ ရောက်လာခဲ့တာလေ။ လင်းယွင်ဂိုဏ်းအရှက်ကွဲတာကို ခင်ဗျားမြင်ချင်ခဲ့တာ မဟုတ်ဘူးလား... အခုကျမှ ခင်ဗျားတို့ကမဆင်မခြင်လုပ်မိပါတယ်လို့ ပြောလိုက်ရုံနဲ့ ငါတို့ကို ဒီကိစ္စခွင့်လွှတ်ပေးစေချင်တာလား.... ဟမ်...."
ကျန်းလေ့ဂိုဏ်းချုပ်သည် အရင်က မယုံကြည်ခဲ့သော်လည်း ဒီနေ့တွင်တော့ သူအလွန်သန်မာအားကောင်းတဲ့ ပြိုင်ဘက်ကို ရန်စမိလိုက်ပြီဆိုတာ နောက်ဆုံးတွင်နားလည်သွားခဲ့သည်။
"ငါ့ဂိုဏ်းက အမှားလုပ်ခဲ့မိပါတယ်... ငါ့ဂိုဏ်းရဲ့ အမှားပါ.... ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးပါ။ အနာဂတ်မှာ ကျန်းလေ့ဂိုဏ်းက..." ကျန်းလေ့ဂိုဏ်းချုပ်သည် အံကြိတ်ရင်းစကားလုံးတချို့ကို ညှစ်ထုတ်ကာ ပြောလိုက်သည်။
"လင်းယွင်ဂိုဏ်းရဲ့ လက်အောက်ခံအဖြစ် နေပါ့မယ်"
"ဆရာ... ဒီအဘိုးကြီးကိုဘာလုပ်ကြမလဲ"
"ပြီးခဲ့တဲ့တစ်ခေါက် ဟောက်ယွင်ဂိုဏ်း လာပြဿနာရှာတုန်းက ငါ့ရဲ့ဖြေရှင်းနည်းကို မင်းတို့အားလုံး သိကြမယ်လို့ ငါယုံကြည်တယ်... ဟုတ်တယ်မလား..."
ကျန်းယီမင်က ပြုံးလိုက်ပြီး ကျန်းလေ့ဂိုဏ်းထံသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။
"မလုပ်ပါနဲ့... မလုပ်ပါနဲ့... ကျေးဇူးပြုပြီး သဘောထားကြီးပေးပါ၊ ကျေးဇူးပြုပြီး သဘောထားကြီးပေးပါ... ငါ့ရဲ့အသုံးမကျတဲ့သားက မင်းတို့ကို အရင်စော်ကားပြောခဲ့တယ်ဆိုပေမယ့် သူသေလောက်တဲ့အထိတော့ အပြစ်မရှိပါဘူး... ငါက ငါ့သားအတွက်တရားမျှတမှုကို တောင်းဆိုချင်ရုံပါ...."
ဂူလင်းဖေးက တစ်ဖက်လူရဲ့ ရင်ဘတ်ပေါ်မှ သူ့ခြေထောက်ကို ဖယ်လိုက်ရာ ကျန်းလေ့ဂိုဏ်းချုပ်သည် မြန်မြန်ပြေးပြီး ဒူးထောက်လိုက်သည်။ သူကကျန်းယီမင်ကို ကိုးကြိမ်တိုင်တိုင် ဦးခိုက်လိုက်သည်။
"တရားမျှတမှုကို တောင်းဆိုချင်တာ... တကယ်လို့ ခင်ဗျားသာ လူကိုယ်တိုင် လူလိူသူလိုလေး အေးအေးဆေးဆေးလာခဲ့မယ်ဆိုရင် ငါခင်ဗျားကို အသက်ရှင်ခွင့်ပေးကောင်းပေးခဲ့လိမ့်မယ်။ ဒါပေမဲ့ ဒီနေ့ ခင်ဗျားလုပ်ရပ်က ဒီတိုင်းငါ့ဂိုဏ်းကို အရှက်ခွဲဖို့ ရည်ရွယ်ချက်သက်သက်ပဲ... ကျွတ်... ကျွတ်... အသက်ဒီလောက်ကြီးနေပြီကို မလုပ်ခင် မစဉ်းစားတတ်ဘူး.. ငါသနားမိတယ်..." ကျန်းယီမင်သည် တစ်ဖက်လူရဲ့ အသနားခံမှုကို လစ်လျူရှုပြီး ဆက်ပြောလိုက်သည်။
"ကျေးဇူးပြုပြီး မလုပ်ပါနဲ့... ကျန်းလေ့ဂိုဏ်းက မသန်မာပေမယ့် ဂိုဏ်းကိုမြှင့်တင်ဖို့ နှစ်ပေါင်းများစွာ ငါကြိုးစားအားထုတ်ခဲ့ရတာပါ။ စိတ်ဝိညာဥ်ကျောက်တုံးတွေ၊ ကျင့်စဉ်တွေ၊ သိုင်းပညာရပ်တွေ၊ အားလုံးကို အနာဂတ်မှာ မင်းတို့ကို ပေးအပ်ပါ့မယ်... လင်းယွင်ဂိုဏ်းအတွက် အရှိန်အဟုန်ကူညီပေးဖို့ ငါ့ဂိုဏ်းသားတွေကိုလည်း အမိန့်ပေးလိုက်ပါ့မယ်... ရက်အနည်းငယ်အတွင်း မင်းတို့ဂိုဏ်းမှာ တပည့်တွေနဲ့ အပြည့်..."
သူ့စကား မဆုံးခင်မှာပင် ကျန်းယီမင်ရဲ့ လက်ထဲမှ စိတ်ဝိညာဉ်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး မြေပြင်ပေါ်တွင် ဒူးထောက်နေတဲ့ ကျန်းလေ့ဂိုဏ်းချုပ်သည် ဘေးသို့လဲကျသွားသည်။
"ခင်ဗျားက တကယ်ပြဿနာရှာတတ်တဲ့အပြင် စကားတွေလည်း အရမ်းများလွန်းတယ်..."