← Chapters

ငရဲမြို့တော်၊ တုန်းမီအတွက်သဲလွန်စ

Vol. 6 Ch. 75

ငရဲမြို့တော်၊ တုန်းမီအတွက်သဲလွန်စ

Vol. 6 Ch. 75

"ငါ လင်းယွင်ဂိုဏ်းချုပ်ဖြစ်လာတဲ့အချိန်ကစပြီး ငါပြောခဲ့တာ တစ်ခါနှစ်ခါမကတော့ဘူး"

ကျန်းယီမင်က ခေါင်းခါရင်း လှည့်ထွက်သွားလိုက်ကာ ဆက်ပြောလိုက်သည်။

"ငါအာညောင်းတဲ့အထိ မပြောချင်ဘူး။ ငါ့ဂိုဏ်းကို နောက်ထပ် ဘယ်သူမဆိုလာပြီးပြဿနာရှာရဲရင် ဒါက မင်းတို့အားလုံးအတွက် ဇာတ်သိမ်းပဲ"

ဂိုဏ်းထဲသို့ ပြန်ဝင်တော့မည့်ဆဲဆဲတွင် သူပြန်လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ဂူလင်းဖေး၊ ဂိုဏ်းတံခါးဝရှေ့ကို သန့်ရှင်းရေးလုပ်လိုက်။ ဂိုဏ်းရဲ့အေးချမ်းတဲ့လေထုကို အနှောင့်အယှက်မဖြစ်စေနဲ့"

ထိုသို့ပြောပြီးနောက် သူက လူတိုင်းရဲ့အမြင်အာရုံမှ ပျောက်ကွယ်သွားခဲ့သည်။

"ငါ့ ဆရာ ပြောတာ မင်းတို့မကြားဘူးလား။ ဒီနေရာကို မြန်မြန် ရှင်းလင်းလိုက်ကြ..."

ဂူလင်းဖေးက အကြောက်လွန်ပြီး စိတ်နဲ့ကိုယ်နဲ့မကပ်တော့တဲ့ ကျန်းလေ့ဂိုဏ်းသားများဘက်ကို လှည့်ကာ အော်ဟစ်လိုက်သည်။ ဂူလင်းဖေးရဲ့အမိန့်ကို ကြားလိုက်ရတဲ့အခါမှ သူတို့ကကပ်ဆိုးကြီးကနေ လွတ်မြောက်သွားပြီဖြစ်ကြောင်း နောက်ဆုံးတွင် နားလည်လိုက်ကြသည်။ သူတို့က ဂူလင်းဖေးကို အလျင်အမြန်ကျေးဇူးတင်စကားဆိုရင်း အစီအရင် ထဲတွင် သေမှန်းရှင်မှန်းမသိလဲကျနေသူများကို သယ်ထုတ်သွားကြသည်။ ထို့နောက် တိုက်ပွဲကြောင့် ကျန်ရစ်ခဲ့တဲ့ အပျက်အစီးတွေကို စတင်ရှင်းလင်းကြသည်။

ကောင်းကင်ကြီးသည် မှောင်မိုက်နေပြီဖြစ်ပြီး လင်းယွင်ဂိုဏ်းရဲ့ အဆင့်တိုးမြှင့်ခြင်းစမ်းသပ်မှုလည်း ပြီးဆုံးသွားခဲ့သည်။ လင်းယွင်ဂိုဏ်းသည် တရားဝင် အဆင့်လေးအင်အားစုစာရင်းဝင်ဂိုဏ်း တစ်ဂိုဏ်းဖြစ်သွားသည်။ သို့သော် လက်ရှိတွင် ယလင်းယွင်ဂိုဏ်းမှာ တပည့်အနည်းငယ်သာ ရှိသေးကြောင်း လူအများစု သိထားကြသည်။

သူတို့နောက်ထပ် တပည့်တွေလက်ခံလိုက်တာနှင့်တပြိုင်နက် သူတို့ရဲ့လျှို့ဝှက်ကျင့်စဥ်များနှင့် အင်အားများကြောင့် နောက်ထပ်ခြေလှမ်းတစ်လှမ်းထိပါ တိုးတက်လာနိုင်ပြီး အဆင့်သုံးဂိုဏ်းအဖြစ် ချက်ချင်းတိုးလာနိုင်သည်။ ဂူလင်းဖေးက ကျန်သေးတဲ့ကိစ္စများကို သူ့ဂျူနီယာညီလေး၊ ညီမလေးများနဲ့အတူတူ ဦးဆောင်ဖြေရှင်းပြီးနောက် ဂိုဏ်းကိုပြန်ရောက်သောအခါ သူ့ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီး လျော့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။

"ဟူး... လင်းယွင်ဂိုဏ်းက နောက်ဆုံးတော့အဆင့် ၄ ဂိုဏ်း ပြန်ဖြစ်သွားပြီ..."

"ဟုတ်တယ်၊ ခုနက ပြသနာတစ်ခုတက်သွားပေမယ့် အနည်းဆုံးတော့ ငါတို့အစီအစဉ်က မပျက်စီးသွားခဲ့ဘူး"

သူ့တပည့်များ ပြန်ရောက်လာတာကို မြင်လိုက်သောအခါ ကျန်းယီမင်ရဲ့ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ အထင်းသားပေါ်လာခဲ့သည်။

"ငါ သေချာမကြိုးစားခဲ့မိလို့ အခုလိုဖြစ်ရတာပါ။ ငါ့ဘက်က အကြိမ်အနည်းငယ်လောက် ရက်စက်ပြလိုက်ရင် ဘယ်သူကမှ လင်းယွင်ဂိုဏ်းကို လာမစော်ကားရဲတော့ဘူးလို့ ထင်ထားခဲ့တာ" သူက ပြုံးရင်း ခေါင်းခါလိုက်သည်။

"ဒါပေမဲ့ သေမှာမကြောက်တဲ့လူတွေ အမြဲရှိနေလိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး"

"ဆရာ.... နောက်နောင်ဒီလိုကိစ္စမျိုးတွေမှာ ဆရာကိုယ်တိုင် လှုပ်ရှားစရာမလိုပါဘူး..." ဂူလင်းဖေးနှင့် ယဲ့ယွမ်ဖန်တို့က ပြိုင်တူပြောလိုက်ကြသည်။ သူတို့ရဲ့ အင်အားဖြင့် အဆင့် ၄ အဖွဲ့အစည်းအများစုကို ယှဉ်ပြိုင်ဖို့ဆိုတာ လုံလောက်တာထက် ပိုနေသည်။

"ဟုတ်တယ်... အနာဂတ်မှာ ဒီလိုကိစ္စမျိုးထပ်ဖြစ်လာရင် ကျွန်တော်နဲ့ စီနီယာအစ်ကိုကြီးတွေကိုပဲ ဖြေရှင်းခိုင်းလိုက်ပါ..." ရှန့်ကွမ်းချင်းယန်က တိုက်ခိုက်လို့ ဝသေးပုံမရဘဲ ဆက်ပြောလိုက်သည်။

လွန်ခဲ့သောနှစ်လကသာ သူက အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတစ်ဦးကို မျက်နှာချင်းဆိုင်အနိုင်ယူနိုင်လိမ့်မယ်လို့ တစ်ယောက်ယောက်ကပြောခဲ့ရင် သူဘယ်လိုမှ ယုံကြည်မည် မဟုတ်ပေ။ ဒါပေမဲ့ အခုတော့ သူ့ခွန်အားကအရာအားလုံးကို လက်တွေ့ဖြစ်လာစေခဲ့သည်။

"အော်... ဟုတ်သားပဲ၊ ဂျူနီယာညီလေးတုန်းမီ၊ မင်းရဲ့ကျင့်စဉ်က တိုက်ခိုက်တာကို အဓိကထားတဲ့ ငါတို့ကျင့်စဉ်တွေနဲ့ မတူဘူးပဲ..."

ဟွမ်းချောင်ယုက ရုတ်တရက်သတိရသွားပုံဖြင့် မေးလိုက်သည်။ ခုနက တိုက်ပွဲတွင်တုန်းမီရဲ့ ကျင့်စဉ်အထောက်အပံ့ကြောင့် သူတို့ရဲ့ကျင့်ကြံရေးအဆင့်များ အတော်လေး တိုးတက်လာတယ်လို့ ခံစားခဲ့ရသည်။

"အံ့ဩစရာပဲ... ဒီလိုကျင့်စဉ်မျိုးတွေက အစကတည်းက ကျင့်ကြံဖို့မလွယ်ကူဘူး၊ ဒါပေမဲ့ ဂျူနီယာညီလေးတုန်းမီက ဒီလောက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဒီလိုအဆင့်မျိုးထိ ရောက်နေပြီ။ စီနီယာအစ်ကိုကြီးက မင်းကိုတကယ်လေးစားပါတယ်" ယဲ့ယွမ်ဖန်က ချီးကျူးလိုက်သည်။

တုန်းမီမှာမူ အနည်းငယ်ရှက်ရွံ့သွားပြီး

"စီနီယာအစ်ကိုကြီးနဲ့ အစ်မကြီးတို့က သိပ်မြှောက်လွန်းပါပြီဗျာ။ သိပ်မြှောက်လွန်းပါပြီ... ကျွန်တော်က ကံနည်းနည်းကောင်းသွားရုံပါ" ဟုပြောလိုက်သည်။

"ကဲ... ကဲ... ဟုတ်ပါပြီ...မင်းတို့တစ်တွေ အနာဂတ်မှာ ထပ်ပြီး ကြိုးကြိုးစားစားလေ့ကျင့်ဖို့ လိုသေးတယ်..." ကျန်းယီမင်က လက်ဝှေ့ယမ်းလိုက်ပြီး တပည့်များကို သူ့စကားနားထောင်ရန် အချက်ပြလိုက်သည်။

"ဒီနေ့က လင်းယွင်ဂိုဏ်းရဲ့ ဝမ်းမြောက်စရာနေ့လေး ဖြစ်တဲ့အတွက် မင်းတို့သဘောအတိုင်း လုပ်ကြတာပေါ့။ အပြင်ထွက်ပြီး အောင်ပွဲခံဖို့စားသောက်ဆိုင်ကောင်းကောင်း သွားရှာကြစို့...."

ကျန်းယီမင်ရဲ့ စကားဆုံးသွားသည်နှင့် ခနတိုက်ပွဲက ပင်ပန်းနွမ်းနယ်မှုများ အားလုံးလွင့်ပါးသွားခဲ့သည်။ တပည့်များက ကျန်းယီမင်ကို လမင်းကြီးအား ဝန်းရံထားတဲ့ ကြယ်စင်များပမာ အုံဖွဲ့ပြီး ဂိုဏ်းကနေထွက်ခွာလာကြသည်။

.....

"ဒါ လင်းယွင်ဂိုဏ်းချုပ်နဲ့ သူ့တပည့်တွေ မဟုတ်လား..."

"လင်းယွင်ဂိုဏ်းအဆင့်တိုးသွားတဲ့အတွက် ဂုဏ်ယူပါတယ်... ခင်ဗျားတို့ရဲ့ အနာဂတ်က အတိုင်းအဆမရှိ တောက်ပနေမှာပဲ..."

"တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာနယ်မြေမှာ အခုလိုလိုမြန်မြန်ဆန်ဆန် အဆင့်တိုးနိုင်တဲ့ တစ်ခုတည်းသောဂိုဏ်းက လင်းယွင်ဂိုဏ်းပဲ ဖြစ်လောက်တယ်...."

ညဈေးတန်းတွင် လျှောက်သွားနေစဉ် ပတ်ဝန်းကျင်ရှိဆိုင်ရှင်များက သူ့တပည့်များကို မှတ်မိသွားကြပြီး လေးစားစွာဖြင့် နှုက်ဆက်ပြောနေကြသည်။ ကျန်းယီမင်နှင့် သူ့တပည့်များ တိုင်ပင်ဆွေးနွေးပြီးတဲ့နောက် နောက်ဆုံးတွင်စားသောက်ဆိုင်တစ်ဆိုင်ကို ရွေးချယ်လိုက်ကြသည်။

"အို... ဘုရားရေ... ဘယ်သူတွေများရောက်လာပါလိမ့်လို့ တွေးနေတာ... လင်းယွင်ဂိုဏ်းချုပ်က သူ့တပည့်တွေကိုခေါ်ပြီး ဒီကိုရောက်လာတာဆိုတော့ ကျွန်တော့်ရဲ့ဆိုင်လေးက တကယ့်ကိုဂုဏ်ယူဝမ်းမြောက်ရပါတယ်ခင်ဗျာ..." သူတို့ထိုင်လိုက်တာနှင့် စားပွဲထိုးလေးက အပြေးအလွှားရောက်လာပြီး ပါးစပ်ကနေ ချီးမွမ်းစကားများ တရစပ်ပြောလိုက်တော့သည်။

"ဟေး... ငါပြောဦးမယ်....ပုံမှန်ဆို ငါလာသောက်တုန်းက မင်းဒီလောက် ဂရုစိုက်တာ မတွေ့ပါဘူး..."

"ဟေး... ခင်ဗျားကိုကြည့်ပါဦး... ဂူလင်းဖေးရာ... ခင်ဗျားကိုချီးကျူးလိုက်တာနဲ့ ဘဝင်မြင့်သွားတယ်ပေါ့... ခင်ဗျားဆရာနဲ့ ဂျူနီယာလေးတွေကို ကျွန်တော့်ဆိုင်လေးဆီ ခေါ်လာမှတော့ ဒီနေ့ဘာသုံးဆောင်ချင်ပါသလဲခင်ဗျာ...." စားပွဲထိုးလေးက ဂူလင်းဖေးကို လူစိမ်းတစ်ယောက်လို သဘောမထားဘဲ ရင်းရင်းနှီးနှီးစနောက်လိုက်သည်။

"မင်းဆိုင်က ဆိုင်သေးသေးလေး... ကြည့်ကြပ်လည်းရွှီးဦး... ဟမ်... မင်းဆိုင်က အကောင်းဆုံးဟင်းပွဲတွေကို မြန်မြန်ချပေးစမ်းပါ..." ဂူလင်းဖေးပြောပြီးတာနှင့် ကျန်းယီမင်ကို စိုးရိမ်တကြီး ကြည့်ကာပြောလိုက်သည်။

"ဆရာလည်း သိတဲ့အတိုင်း၊ ကျွန်တော်က ဒီရက်ပိုင်း ကျင့်ကြံခြင်းမှာပဲ အာရုံစိုက်ထားတော့ ပိုက်ဆံနည်းနည်း ပြတ်လပ်နေတာ..."

"ဝါး... ဂူလင်းဖေး၊ မင်းကအခု မင်းဆရာဆီကနေ အခွင့်အရေးပြန်ယူဖို့ စဉ်းစားနေတာလား... ထားပါ... ထားပါ... ကိစ္စမရှိဘူး... မင်းတို့တွေ ငါတို့ဂိုဏ်းရဲ့ဘဏ္ဍာတိုက်ကို ကုန်အောင်သုံးနိုင်မယ်လို့ ငါမယုံဘူး..."

"ဟုတ်ကဲ့ပါ..."

တပည့်တချို့ကတော့ တကယ်စူးစမ်းချင်နေကြသည်။ သူတို့ဆရာသည် မကြာသေးမီကမှ တန်ဖိုးကြီးမားလှတဲ့ကျင့်စဉ်များစွာကို ရထားပြီး ငွေကြေးလည်း အကန့်အသတ်မရှိသုံးစွဲနိုင်ပုံရနေသည်။ သူတို့နားမလည်နိုင်ဖြစ်နေကြသော်လည်း ဆရာက ထုတ်မပြောသောကြောင့် သူတို့လည်းဆက်ပြီး မမေးမြန်းကြတော့ပေ။

သေရည်သုံးဝိုင်းစာလောက် သောက်ပြီးနောက် ဆိုင်ထဲရှိ တခြားဖောက်သည်များ ပြန်သွားလိုက်ကြပြီး လူသစ်များ ထပ်ရောက်လာကြသည်။ ကျန်းယီမင်နှင့် သူ့တပည့်များ စိတ်ကြိုက်သောက်စားနေကြစဉ် ခရီးပန်းလာပုံရတဲ့လူနှစ်ဦးက ဘေးစားပွဲတွင်လာထိုင်လိုက်ကြသည်။ ကျန်းယီမင်ရဲ့ ကျင့်ကြံခြင်းအဆင့်မြင့်မားလာတာနှင့်အမျှ သေရည်သောက်ရင် မူးမလား၊ မမူးဘူးလားဆိုတာကို သူ့စိတ်ဝိညာဥ်စွမ်းအင်ဖြင့် ထိန်းချုပ်နိုင်သည်။

ထိုလူနှစ်ဦးထိုင်လိုက်သည်နှင့် သူတို့ကရိုးရှင်းသောလူတွေမဟုတ်ကြောင်း ကျန်းယီမင် သတိထားမိလိုက်သည်။ သူတို့က အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူနှစ်ဦး ဖြစ်နေသည်။ ကြည့်ရသည်မှာ သူတို့ ၂ ယောက်က တစ်နေရာရာကနေ ပြန်ရောက်လာပုံရသည်။

"ဝိုး... ဒီကိုရောက်မလာတာ နှစ်ဝက်လောက် ရှိပြီ၊ နောက်ဆုံးတော့ တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာ နယ်မြေကို ပြန်ရောက်လာပြီပဲ..."

"စားသောက်ဆိုင်က စားဖိုမှူးများပြောင်းသွားပြီလား မသိဘူး။ တကယ်လို့ အရင်ကဟင်းအရသာ မဟုတ်တော့ရင် တခြားဆိုင်သွားကြမလား...."

"မမှားနိုင်ပါဘူးကွာ။ ဒီအနံ့၊ ဒီဟင်းပွဲတွေက သေချာပေါက် အဲ့ဒီလူရဲ့လက်ရာပဲဖြစ်ရမယ်..."

"ကောင်းတာပေါ့ အဲ့တာဆိုလည်း...။ ပြန်တွေးကြည့်လိုက်ရင် လိပ်နက်နယ်မြေမှာ ငါတို့အသက်ရှင်ဖို့ အခွင့်အရေးကသိပ်နည်းခဲ့တာ... အခုလွတ်မြောက်လာပြီဆိုတော့ အဲ့ဒီနေရာကို ငါဘယ်တော့မှပြန်မသွားချင်တော့ဘူး"

ကျန်းယီမင်က ထိုလူနှစ်ဦးရဲ့စကားဝိုင်းကို မသိမသာ နားစွင့်နေလိုက်သည်။

'ဒီအခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူနှစ်ဦးက လိပ်နက်နယ်မြေကနေ ပြန်လာတာလား....။ သူတို့စကားအရဆိုရင် လိပ်နက်နယ်မြေက အန္တရာယ်များပြီး ခန့်မှန်းရခက်တဲ့နေရာလို့ ပြောချင်တာလား...'

သူ့ရဲ့ တပည့်အသစ်တုန်းမီက လိပ်နက်နယ်မြေမှာ ရောက်လာခဲ့သည်။

'အရန်တာဝန်အသစ်ကများ လိပ်နက်နယ်မြေနဲ့ သက်ဆိုင်နေတာလား...။'

ကျန်းယီမင်က သိလိုစိတ်များပြင်းပြလာသဖြင့် သေချာအာရုံစိုက် နားထောင်နေလိုက်သည်။ အကယ်၍ အသုံးဝင်တဲ့သဲလွန်စများရှိလာပါက သူသွားရောက် မေးမြန်းနိုင်ပေသည်။

"အေးကွာ၊ တကယ်လို့ ငါတို့ နောက်ထပ် နှစ်ရက်လောက် ထပ်နေမိရင်..." စကားပြောနေသူက သေရည်တစ်ခွက်မော့သောက်လိုက်ပြီး ဆက်ပြောသည်။

"ငရဲမြို့တော်ပွင့်လာတဲ့အချိန်ဆိုရင် ငါတို့ ထွက်လာနိုင်မှာ မဟုတ်တော့ဘူးလို့ ငါထင်တယ်"

"ကဲပါကွာ... ငါတို့ အဲ့ဒီနေရာကနေရတနာတွေ အများကြီး ရခဲ့ပြီးပြီပဲ။ မင်းမကျေနပ်သေးဘူးလား...."

ကျန်တစ်ယောက်က ခွက်ကိုမြှောက်ပြီး သူ့ခွက်နှင့် တိုက်လိုက်သည်။

'အဲ့ဒီနေရာ....'

'ငရဲမြို့တော်....'

'သဲလွန်စတွေ ရှာရခက်နေတာ၊ အခုတော့ လွယ်လွယ်ကူကူနဲ့ ရလိုက်ပြီပဲ...'

All Chapters