ဖြစ်ရပ်ဆန်းတစ်ခု၊ ငရဲမြို့တော်ရဲ့ လျှို့ဝှက်ချက်
Vol. 6 Ch. 76
'သူတို့ဆရာတပည့်တွေ အောင်ပွဲခံဖို့ပဲ ထွက်လာကြတာလေ၊ ဒါပေမဲ့ သူက တုန်းမီရဲ့ပြဿနာကိုပါ အဆင်ပြေပြေ ဖြေရှင်းနိုင်တော့မှာလား.... တကယ်လို့သတင်းသာဟုတ်ခဲ့တယ်ဆိုရင် ကံကောင်းတာတွေက နှစ်ထပ်ကွမ်းရောက်လာတယ်လို့ ပြောလို့ရတာပေါ့....'
ကျန်းယီမင်သည် သူ့ရင်ထဲမှစိတ်လှုပ်ရှားမှုတွေကို မထိန်းချုပ်နိုင်တော့ပေ။ သူက မတ်တတ်ထရပ်လိုက်ပြီး ငရဲမြို့တော်အကြောင်း ပြောဆိုနေကြတဲ့လူနှစ် ယောက်ရဲ့ ဘေးတွင်ဝင်ထိုင်လိုက်သည်။
"မိတ်ဆွေတို့... ခင်ဗျားတို့က ဘာလို့ဒီလိုအရသာမရှိတဲ့ ဝိုင်ကိုသောက်နေကြတာလဲ၊ စားပွဲထိုး... ဝိုင်ကောင်းကောင်း နှစ်အိုးချပေးစမ်း..."
"လာပါပြီခင်ဗျာ..."
သူစိမ်းတစ်ယောက်က သူတို့စားပွဲတွင် ရုတ်တရက် လာထိုင်ပြီး သူတို့အတွက် ဝိုင်ကောင်းကောင်း နှစ်အိုး မှာပေးလိုက်သည်ကို မြင်လိုက်ရသောအခါ ထိုလူနှစ်ဦးမှာ ကြောင်အမ်းအမ်းဖြစ်သွားကြသည်။
"ကျွန်တော်တို့နှစ်ယောက်က ကျင့်ကြံသူတွေမဟုတ်ပါဘူး၊ အဲ့လို အရည်အချင်းမျိုးလည်း မရှိပါဘူးဗျာ..."
"ခင်ဗျားတို့ရဲ့ကျင့်ကြံခြင်းအဆင့်ကမဆိုးပါဘူး၊ ဖုံးကွယ်ထားစရာ မလိုပါဘူး ဟုတ်တယ်မလား..."
ထိုလူနှစ်ယောက်က ထိတ်လန့်သွားကြသည်။ သူတို့ရဲ့ အရှိန်အဝါကိုလျှို့ဝှက်နည်းလမ်းဖြင့် ဖုံးကွယ်ထားသော်လည်း သူတို့ရှေ့က သာမန်လို့ထင်ရသော လူက တစ်ချက်ကြည့်ရုံဖြင့် သိမြင်သွားခဲ့သည်။
"ခင်ဗျား လူမှားနေတယ်လို့ထင်ပါတယ်ဗျာ..."
"မမှားပါဘူး၊ ကျွန်တော်က ခင်ဗျားတို့ ပြောနေတဲ့ စကားဝိုင်းကို စိတ်ဝင်စားမိလို့ပါ။ ကျွန်တော့်ကို ပြောပြနိုင်မလားလို့ သိချင်ပါတယ်..." ကျန်းယီမင်က ပြုံးရင်း လက်နှစ်ဖက်ကိုဆုပ်ကာ အရိုအသေပြုလိုက်သည်။
"ကျွန်တော့်ကို ကျင့်ကြံသူတစ်ယောက်လို့ သတ်မှတ်နိုင်ပါတယ်။ ကျွန်တော့်မျိုးရိုးနာမည်က ကျန်း ပါ။ ခင်ဗျားတို့ကို ကျွန်တော်ဘယ်လိုခေါ်ရမလဲ..."
"ကျွန်တော့်မျိုးရိုးနာမည်က ထန် ပါ၊ သူ့နာမည်က ဖန်း ပါ"
"ရောင်းရင်းထန်... ရောင်းရင်းဖန်း... ခင်ဗျားတို့ကို အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်... ဒါပေမဲ့ ခင်ဗျားတို့သိထားတဲ့အရာတွေက ကျွန်တော့်အတွက် အသုံးဝင်နိုင်လို့ လာမေးမြန်းတာပါ..." ကျန်းယီမင်ပြောရင်း စိတ်ဝိညာဥ်ကျောက်တုံး အနည်းငယ်ကို ထုတ်ယူလိုက်ကာဆက်ပြောလိုက်သည်။
"သိုင်းလောကရဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း ကျွန်တော် နားလည်ပါတယ်။ ခင်ဗျားတို့ ဘယ်လိုသဘောရလဲ..."
သူတို့ရှေ့က လျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်ကြံရေးအဆင့်ရှိပုံရတဲ့ ရက်ရောသောကျင့်ကြံသူကို ကြည့်ကာ ထန်နှင့် ဖန်းတို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို့နောက် စားပွဲပေါ်က စိတ်ဝိညာဥ်ကျောက်တုံးများကို လှမ်းယူလိုက်ကြသည်။
"ကျွန်တော်တို့ ပြောနေတဲ့ အကြောင်းအရာတွေက လိပ်နက်နယ်မြေမှာ ဖြစ်ပျက်ခဲ့တာ။ အဲ့ဒီမှာ ငရဲမြို့တော်လို့ခေါ်တဲ့ နေရာတစ်ခုရှိတယ်" သူတို့နှစ်ယောက်က အသံကိုနှိမ့်ကာ ပြောလိုက်သည်။
"ငရဲမြို့တော်က လိပ်နက်နယ်မြေရဲ့ မြောက်ဘက်အစွန်းပိုင်းမှာ ရှိတယ်။ အဲ့ဒီအလွန်ကတော့ သမုဒ္ဒရာကြီးကြီးပဲ ကျန်တော့တယ်"
ကျန်းယီမင်ခေါင်းညိတ်လိုက်ပြီး တစ်ဖက်လူ ပြောစကားများကို သေချာအာရုံစိုက်နားထောင်လိုက်သည်။
"ငရဲမြို့တော်ဆိုတာ ကောင်းကင်ဘုံ ဖရိုဖရဲဖြစ်ပြီး ငရဲပြည်နဲ့ လူ့ပြည်ရဲ့နယ်နိမိတ်တွေ ထပ်သွားတဲ့အချိန် ငရဲပြည်ကနေလူ့ပြည်ထဲ မတော်တဆ ရောက်လာတဲ့ ဝိညာဉ်တွေတည်ဆောက်ထားတဲ့ မြို့တစ်မြို့လို့ ပြောစမှတ်ပြုကြတယ်"
ထိုအရာကို ကြားလိုက်ရတဲ့အခါ ကျန်းယီမင်က လေအေးတစ်ချက် ရှူသွင်းလိုက်မိသည်။
"ကောင်းကင်ဘုံ ဖရိုဖရဲဖြစ်ခြင်း" နှင့် "ငရဲပြည်နဲ့ လူ့ပြည်ရဲ့ နယ်နိမိတ်တွေထပ်သွားခြင်း" ဆိုသည့် စကားလုံးများသည် တုန်းမီရဲ့ အရန်တာဝန်နှင့် နီးနီးကပ်ကပ်ကို ဆက်နွယ်နေပုံရသည်။
"ငရဲမြို့တော်ရဲ့ မူလဇစ်မြစ်ကို ဘယ်သူမှမသိကြပေမယ့် အဲ့ဒီလိုပဲသတင်းတွေက ပျံ့နှံ့နေတာပေါ့။ သာမန်လူဘယ်သူကမှ ငရဲမြို့တော်ကို မသွားချင်ကြဘူး။ ဒါပေမဲ့ ဘယ်တုန်းကမှန်းသေချာမသိတဲ့ အချိန်တစ်ခုက သူတို့ကိုလိုက်လံဖမ်းဆီးတာကနေ မလွတ်မြောက်နိုင်တဲ့ အပြစ်သားတစ်ဖွဲ့က ငရဲမြို့တော်မှာ ပုန်းခိုခဲ့ကြဖူးတယ်" စကားပြောနေရင်း ထိုလူရဲ့မျက်လုံးထဲတွင် ကြောက်ရွံ့မှုအရိပ်အယောင်များ ပေါ်လာခဲ့သည်။
"အဲ့ဒီလိုနဲ့ ငရဲမြို့တော်က ကျယ်ပြန့်လာပြီး ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်။ မရေမတွက်နိုင်တဲ့ မကောင်းမှု ဒုစရိုက်လုပ်ငန်းတွေ မြို့ထဲမှာလုပ်လာကြတယ်။ အခုချိန်ဆိုရင် မြို့ထဲမှာစည်းမျဉ်းအသစ်တွေတောင် ပေါ်ထွက်လာခဲ့တယ်။ အချုပ်ပြောရရင် အဲ့ဒီနေရာက ရေမြောင်းဆိုးကြီးတစ်ခုလို ဖြစ်နေပြီးဘယ်သူကမှ ခြေမချချင်ကြဘူး"
"ဒါပေမဲ့ အဲ့ဒီနေရာက ကောင်းကင်နဲ့မြေကြီးရဲ့ အမျက်ဒေါသကို တကယ်ပဲဆွပေးနေတယ်ဆိုရင် ဘယ်ကျင့်ကြံရှင်မှ ဝင်တိုက်ပြီးချေမှုန်းတာမျိုး မလုပ်ကြဘူးလား..." ကျန်းယီမင်က မေးခွန်းထုတ်လိုက်သည်။
"လုပ်တာပေါ့ဗျာ။ ငရဲမြို့တော်က ဘယ်နှစ်နှစ်လောက် ဖွံ့ဖြိုးလာခဲ့မှန်း မသိနိုင်ဘူး၊ ပြီးတော့ မြို့ထဲမှာ ပုန်းအောင်းနေတဲ့ ကျင့်ကြံရှင်တွေလည်း မရေမတွက်နိုင်အောင် ရှိတယ်ကွ။ ခင်ဗျားပြောသလို အရင်တုန်းက အကြိမ်အနည်းငယ်လောက် ဖြစ်ခဲ့ဖူးပေမယ့် အခုတော့ငရဲမြို့တော်က အပြင်ကမ္ဘာနဲ့ အဆင်ပြေတဲ့ဟန်ချက်ညီမှုကို ဖွဲ့ထားနိုင်ပြီး အဆက်အသွယ်ရှိလာကြတယ်" သူတို့နှစ်ဦးက ခွက်ကိုမြှောက်လိုက်ရာ ကျန်းယီမင်လည်း ခေါင်းညိတ်လိုက်သည်။ နောက်ထပ်ဝိုင်တစ်ခွက်ကို မော့သောက်လိုက်ကြသည်။
"ငရဲမြို့တော်က အလွန်အန္တရာယ်များတယ်ဆိုပေမယ့် အဲ့ဒီမှာအခွင့်အလမ်းတွေလည်း အများကြီး ပုန်းကွယ်နေတယ်။ ရောင်းရင်းဖန်း နဲ့ ကျွန်တော်က စီးပွားရှာဖို့ မြို့ထဲဝင်ခဲ့ကြတာ။ ရောင်းရင်းကျန်း မသိလို့ပါ၊ ကျွန်တော်တို့တွေ ငါးယောက်ဖွဲ့ပြီးသွားခဲ့ကြတာ။ အခုတော့ကျွန်တော်တို့နှစ်ယောက်ပဲ ကျန်တော့တယ်" ထိုသို့ပြောရင်း ထန်မျိုးရိုးအမည်ရှိသူက သူ့ခွက်ထဲမှလက်ကျန်ဝိုင်ကို မြေကြီးပေါ်သို့ သွန်ချလိုက်သည်။
"ခုနက ခင်ဗျားတို့ပြောတာ ကြားမိသလောက်ဆိုရင် ခင်ဗျားတို့ရဲ့ခရီးစဉ်က အတော်လေးအမြတ်အစွန်းရခဲ့တယ်လို့ ဆိုလို့ရတယ်... ဟုတ်တယ်မဟုတ်လား။ ခင်ဗျားတို့ မြို့ထဲမှာနေတာ နှစ်ဝက်လောက်ရှိနေပြီဆိုပေမယ့် ခြေကုပ်မရသေးဘူးလား.. ဘာလို့ ပြန်လာခဲ့ကြတာလဲ..."
"ဟဲဟဲ၊ ရောင်းရင်းကျန်း၊ စိတ်မလောနဲ့လေ။ ကျွန်တော်တို့ ရေစက်ဆုံတယ်လို့ ယူဆလို့သာ ခင်ဗျားကို ပြောပြတာ" သူတို့နှစ်ယောက်က အသံကိုနှိမ့်၊ ကိုယ်ကိုကိုင်းလိုက်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ပုံစံဖြင့် ဆက်ပြောလိုက်သည်။
"ကောင်းကင်ဘုံဖြစ်ရပ်ဆန်းတွေက နောက်တစ်ကြိမ် သံသရာစက်ဝန်းထဲဝင်လာပြီလို့ ပြောတယ်ဗျ။ ဆိုလိုတာက သိပ်မကြာခင်ပဲ ငရဲပြည်က ပြန်ပွင့်လာတော့မယ်..."
ထိုသတင်းကို ကြားလိုက်ရတဲ့အခါ ကျန်းယီမင်က ထိတ်လန့်သွားခဲ့သည်။
'လောကကြီးမှာ ဒီလိုတိုက်ဆိုင်မှုမျိုး ဘယ်လိုလုပ်ရှိနိုင်မှာလဲ.... တုန်းမီနဲ့ ပတ်သက်တဲ့တာဝန်က အခုလေးတင် ထွက်လာတာ၊ ပြီးတော့လိပ်နက်နယ်မြေက ငရဲမြို့တော်က နောက်တစ်ကြိမ် ပြန်ပွင့်လာတော့မယ်တဲ့....'
"ရောင်းရင်းကျန်း၊ ငရဲပြည်ပွင့်လာတဲ့အခါ အဲ့ဒီမှာ လူနဲ့ သရဲတစ္ဆေတွေ ခွဲခြားလို့မရနိုင်တော့ဘူးလို့ ကောလာဟလတွေ ရှိတယ်... ငရဲမြို့တော်တစ်ခုလုံး အလွန်အန္တရာယ်များလာလိမ့်မယ်..."
"ဟုတ်တယ်၊ ရောင်းရင်းကျန်း... ရောင်းရင်းထန် ပြောတဲ့အတိုင်းပဲ။ ခင်ဗျားရဲ့ကျင့်ကြံခြင်းအဆင့်က အတော်လေးမြင့်မယ်ဆိုတာ ကျွန်တော်တို့သိပါတယ်၊ ကျွန်တော်တို့နှစ်ယောက်လုံး ခင်ဗျားနဲ့ယှဉ်လို့မရဘူးဆိုတာလည်း သိတယ်။ ဒါပေမဲ့ ခင်ဗျားအခွင့်အလမ်းရှာဖို့ မြို့ထဲဝင်ချင်ရင်တောင် ဖြစ်ရပ်ဆန်းတွေ ပြီးသွားတဲ့အထိစောင့်ပါဦး..."
ကျန်းယီမင်ရဲ့မျက်နှာတွင် သူတို့စကားကို ကြားပြီးတဲ့နောက် ချက်ချင်းသွားချင်စိတ်ပြင်းပြနေတာကို မြင်လိုက်ရသဖြင့် ဖန်းက ပြောလိုက်သည်။ အကယ်၍ သူအခုငရဲမြို့တော်ထဲ ဝင်သွားမည်ဆိုရင် သေမင်းထံ တိုက်ရိုက်သွားတာနှင့် ဘာမှမခြားပေ။
"ဟားဟားဟားဟား....၊ ကျွန်တော့်ကိုပြောပြပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်... ငရဲမြို့တော်ထဲ ဝင်မဝင်ဆိုတာကတော့ ကျွန်တော့်မှာ အတွေးတွေရှိပါတယ်..." ကျန်းယီမင်က လက်နှစ်ဖက်ကို ဆုပ်ပြီး ဦးညွှတ်လိုက်ပြီးနောက် မတ်တတ်ထရပ်ကာ သူ့တပည့်များဆီကို ပြန်သွားလိုက်သည်။
"ဟမ်... ဆရာ... ဆရာဘယ်သွားနေတာလဲလို့ တပည့်တို့ စဥ်းစားနေကြတာ။ ဘာလို့ အခုပြန်ရောက်လာတော့ ဒီလောက်တောင် ပျော်ရွှင်နေရတာလဲ..."
"ဒီမှာပြောဖို့ မသင့်တော်ဘူး။ ပြန်ရောက်မှ မင်းတို့အားလုံးကို ပြောပြမယ်"
ဒီနေ့ သူသိခဲ့ရတဲ့အရာတွေက သူ့ကိုအရမ်းစိတ်လှုပ်ရှားစေခဲ့သည်။ တုန်းမီကိစ္စနဲ့ပတ်သက်တဲ့ သဲလွန်စကို နောက်ဆုံးတော့ သူရခဲ့သည်။
"ဆရာက အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်ပြနေတာပဲ..." ပြောလိုက်သူကတော့ ဟွမ်းချောင်ယုပင် ဖြစ်သည်။
တုန်းမီအပါအဝင် တခြား ယောကျာ်းလေးတပည့်များမှာ မူးပြီးယိုင်နဲ့နဲ့ ဖြစ်နေကြသည်။
"ဟူး... ဒီနေ့တော့... ရှောင်ယုရေ၊ မင်းလည်း ငါနဲ့အတူတူ ကူညီပေးရတော့မယ် ထင်တယ်..." ကျန်းယီမင်က ပြုံးရင်းခေါင်းခါလိုက်သည်။
ငွေရှင်းပြီးတဲ့နောက် သူကရှောင်ယုကို အကူအညီတောင်းလိုက်ပြီး သူတို့နှစ်ယောက်က မူးနေတဲ့တပည့်များကို ဂိုဏ်းငို ပြန်သယ်လာခဲ့ကြသည်။ တပည့်များကို သေချာနေရာချပေးပြီးနောက် ကျန်းယီမင်က သူ့ခြံဝန်းဆီကို ပြန်လာခဲ့သည်။ ထို့နောက် ကျင့်ကြံနေတဲ့ အဘိုးလင်းကို သူလှမ်းခေါ်လိုက်သည်။ အဘိုးလင်းသည် ဂိုဏ်းထဲအတွင်း ကျင့်ကြံခွင့်နှင့် သွားလာလှုပ်ရှားခွင့်ရရှိထားသည်။ သူ့သခင်ရဲ့ ခေါ်သံကို ကြားလိုက်သောအခါ အမြန်ရောက်လာခဲ့သည်။
"ဒီနေ့ သခင့်ရဲ့ ဂိုဏ်းကနောက်ထပ်အဆင့်တစ်ခု တက်သွားပြီပဲ၊ ဂုဏ်ယူပါတယ်... ဂုဏ်ယူပါတယ်..."
ကျန်းယီမင် တဟားဟားနဲ့ရယ်လိုက်သည်။
"နောက်နောင် အခုလိုမြှောက်ပင့်ပြောတာမျိုးတွေ မပြောနဲ့။ ငါ မကြိုက်ဘူး....."
"ဟုတ်ကဲ့ပါ...."
"ငါမေးစရာရှိလို့၊ လိပ်နက်နယ်မြေမှာ ငရဲမြို့တော် လို့ခေါ်တဲ့ နေရာတစ်ခုရှိတယ်၊ မင်းကြားဖူးသလား..."
ထိူစကားကို ကြားလိုက်ရတဲ့အခါ အဘိုးလင်းက မျက်လုံးမှေးသွားပြီး သူ့မှတ်ဉာဏ်တွေကို ပြန်လည်ရှာဖွေလိုက်သည်။
"အင်း... ကျွန်တော်အရင်က နယ်မြေအနှံ့ ခရီးသွားတုန်းက အဲ့ဒီလိုနေရာမျိုး ရောက်ဖူးတယ်။ အဲ့ဒီကနေတောင် အဆင့်သတ်မှတ်ချက်မရှိတဲ့ ကျင့်စဉ်တချို့ကို ရခဲ့သေးတယ်"
"ဒါဆိုရင် 'ကောင်းကင်ဘုံဖြစ်ရပ်ဆန်းတွေ ဖရိုဖရဲဖြစ်လာတဲ့အခါ ငရဲပြည်ထွက်ပေါ်လာလိမ့်မယ်' ဆိုတဲ့ စကားကို မင်းကြားဖူးသလား..."
ထိုစကားကို ကြားလိုက်ရတဲ့အခါ အဘိုးလင်းက မျက်မှောင်ကြုတ်လိုက်သည်။
"ဒါက... ကျွန်တော် ကြားဖူးပါတယ်။ ဟုတ်တယ်၊ ငရဲပြည်နဲ့ လူ့ပြည် ထပ်သွားတဲ့အချိန်ဆို ငရဲမြို့တော်တစ်ခုလုံးက အဲ့ဒီဧရိယာထဲမှာ ဖုံးလွှမ်းသွားလိမ့်မယ်။ တကယ်လို့ တစ်ယောက်ယောက်က အတွင်းထဲမှာပိတ်မိနေရင် ငရဲပြည်ထဲဝင်ဖို့ မလွယ်ကူသလို၊ ငရဲသားတွေ ငရဲပြည်ကနေ ထွက်လာဖို့ လွယ်သလားဆိုတာကိုတော့ ကျွန်တော် မသေချာဘူး"
ကျန်းယီမင် ခေါင်းညိတ်လိုက်ပြီး ဆက်ပြောရန် အချက်ပြလိုက်သည်။
"ဒါပေမဲ့ အဲ့ဒီအချိန်ကျရင် ငရဲပြည်က ရက်စက်ကြမ်းကြုတ်တဲ့သားရဲတွေ ထွက်လာပြီး လူတွေကို စိတ်ထင်တိုင်း ဝါးမျိုကြတယ်လို့ ပြောကြတယ်။ အချုပ်ပြောရရင် ငရဲပြည်ထဲထိ နက်နက်ရှိုင်းရှိုင်း သွားမိရင် အသက်ရှင်ဖို့ အခွင့်အလမ်းက အရမ်းနည်းပါးလိမ့်မယ်..."