ဆရာတပည့်တွေ ခရီးထွက်ကြခြင်း
Vol. 6 Ch. 77
အဘိုးလင်း စကားဆုံးသောအခါ သူက ကျန်းယီမင်ကို မော့ကြည့်လိုက်ပြီး "သခင်၊ သခင်က ငရဲမြို့တော်ကို သွားမလို့တာလား?" ဟု မေးလိုက်သည်။
"ဒီကိစ္စတွေ မမေးနဲ့။ အခု မင်းသွားလို့ရပြီ" ကျန်းယီမင်က လက်ဝှေ့ယမ်းလိုက်ပြီး သူ့ကိုထွက်သွားရန် အချက်ပြလိုက်သည်။
အဘိုးလင်းလည်း ထိုကိစ္စများကို သူသိပ်မသေချာကြောင်း ထင်ရှားနေသည်။ အဘိုးလင်း ထွက်သွားပြီးခါမှ တံခါးခေါက်သံ ထပ်မံကြားလိုက်ရသည်။ ထိုသူကတော့ တုန်းမီဖြစ်သည်။ သူက တစ်ခုခုကို ပြောချင်သော်လည်း ရှက်ရွံ့နေသည့်ပုံစံဖြင့် စကားထစ်နေသည်။
"ဘာပြောချင်တာရှိလဲဆိုတာ ပြောလိုက်ပါ။ ဆရာနဲ့ တပည့်ကြားမှာ ဘာမှဖုံးကွယ်ထားစရာ မလိုပါဘူး"
တုန်းမီက ဖြေးဖြေးလေး ပြောလိုက်သည်။
"ခုနက ကျွန်တော် တအားအများကြီး သောက်လိုက်မိပြီး သတိမေ့နေခဲ့တာ။ အဲ့လိုသေရည်မူးနေတဲ့အချိန်မှာ ပုံရိပ်ယောင်တစ်ခုက ကျွန်တော့်မျက်လုံးရှေ့မှာ ဆက်တိုက် ပေါ်လာနေခဲ့တယ်။ ကျွန်တော် ကိုယ့်ကိုကိုယ်ထိန်းချုပ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့် အဲ့ဒီပုံရိပ်ယောင်တွေက ကျွန်တော့်စိတ်ထဲမှာ ဆက်တိုက် ပေါ်လာနေခဲ့တယ်"
ကျန်းယီမင် မတ်တတ်ထရပ်လိုက်သည်။ ငရဲမြို့တော်မှာ ဖြစ်ခဲ့တဲ့ကိစ္စက တုန်းမီရဲ့ တကယ်ပဲ သက်ဆိုင်နေပုံရသည်။
"တုန်းမီ၊ စိတ်မပူပါနဲ့။ ဖြည်းဖြည်းပြော"
"အဲ့ဒီမြင်ကွင်းက ဝေါဝါးလွန်းလို့ ဖော်ပြလို့တောင် မရနိုင်ဘူး။ ထွက်ပြေးနေတဲ့ လူတချို့ကို သားရဲဆိုးတွေက ဆက်တိုက်ဝါးမျိုနေသလိုမျိုးပဲ၊ ဒါပေမဲ့ တစ်ယောက်ယောက်က ကျွန်တော့်နားနားကပ်လာပြီး ကံကြမ္မာကိုရှောင်လွှဲလို့မရဘူး ဆိုတဲ့ စကားမျိုးတွေ ဆက်တိုက်တိုးတိုးလေး ပြောနေသလိုပဲ"
ထိုလူတွေက ငရဲပြည်ကိုဝင်ဖို့ ကြိုးစားနေတဲ့သူတွေ ဖြစ်လောက်သည်။ ပြီးတော့ သားရဲဆိုးတွေကလည်း အဘိုးလင်းနဲ့ စားသောက်ဆိုင်က လူတွေ ပြောခဲ့တဲ့အတိုင်းပဲ ဖြစ်နေသည်။ တုန်းမီရဲ့ပြဿနာကို ဖြေရှင်းမယ့်နည်းလမ်း အဲ့ဒီမှာပဲ ရှိနေပုံရသည်။
"ဆရာ၊ ဘာလို့ ဆရာက ပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေပုံပေါက်နေရတာလဲ..." ကျန်းယီမင်ရဲ့တုံ့ပြန်ချက်ကို မြင်လိုက်သောအခါ တုန်းမီထူးဆန်းသလို ခံစားနေသည်။
"တုန်းမီ၊ မကြောက်နဲ့။ မင်းရဲ့ပြဿနာကို ဖြေရှင်းမယ့်နည်းလမ်းကို ငါသိပြီ"
"ဆရာ... ဆရာ ကျွန်တော့်ကို တပည့်အဖြစ် လက်ခံတာ ရက်အနည်းငယ်ပဲ ရှိသေးတယ်.." တုန်းမီရဲ့ မျက်နှာတွင် မယုံကြည်နိုင်ခြင်းများ ပြည့်နှက်နေသည်။
"ဒီရက်အနည်းငယ်အတွင်းပဲ ဆရာက ဖြေရှင်းနည်းကို ရှာတွေ့ပြီလား...."
"ဟုတ်တယ်၊ မင်းဆရာကို အထင်မသေးပါနဲ့"
အဘိုးလင်း ခုနကပြောခဲ့တဲ့အတိုင်းဆိုရင် ငရဲပြည်ပွင့်လာတဲ့အခါ ငရဲမြို့တော်တစ်ခုလုံးကို ဝါးမျိုသွားလိမ့်မည်။ သူသာ ခြေလှမ်းနှေးခဲ့မယ်ဆိုရင် အခွင့်အရေးကို လွဲချော်သွားလိမ့်မည်။ ဒီလို မြင်ကွင်းမျိုးက နှစ်တစ်ထောင်မှတစ်ခါ ရှားရှားပါးပါး ပေါ်လာတာမျိုးဖြစ်သည်။
'အချိန်ဆွဲလို့ မဖြစ်တော့ဘူး... ငါနဲ့ တုန်းမီချက်ချင်း သွားရမယ်....'
"ဒီလိုဆိုရင် မင်း ငါနဲ့အတူမနက်ဖြန် မနက်စောစော ထွက်မယ်။ သွားပြီး မြန်မြန်အိပ်တော့။ ဟုတ်သားပဲ၊ အဝတ်အစားပို များများယူခဲ့ဦး.."
တုန်းမီ ဆွံ့အသွားသည်။
"ကျွန်တော်တို့ မြောက်ဘက်အစွန်ဆုံးက နယ်မြေကို သွားကြမှာလား..."
"ဟုတ်တယ်..."
နောက်နေ့မနက်တွင် ကျန်းယီမင်က သူ့တပည့်များကို ခေါ်လိုက်သည်။ သူက ဖြစ်ကြောင်းကုန်စင်ကို အကြမ်းဖျင်း ပြောပြလိုက်သည်။
"ဒါဆို လိပ်နက်နယ်မြေက တအားအန္တရာယ်များတယ်လို့ ဆိုလိုတာပေါ့..." ဟွမ်းချောင်ယုက စိုးရိမ်တကြီးမျက်နှာဖြင့် အရင်မေးလိုက်သည်။
"ငါတို့အရင်တုန်းက ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေတွေထဲမှာ ဘယ်အခြေအနေက အန္တရာယ်မများခဲ့ဖူးလို့လဲ... မင်း စိတ်ပူစရာမလိုပါဘူး...." ကျန်းယီမင် ပြုံးလိုက်သည်။
သူ့တပည့်ရဲ့ကိစ္စဖြစ်နေတာမို့လို့ ငရဲမြို့တော်လို မြို့ငယ်လေးကို အသာထား၊ ဓားတောင်ကို တက်ခိုင်းရင်ပဲဖြစ်ဖြစ်၊ ဆီအိုးထဲ ခုန်ဆင်းခိုင်းရင်ပဲဖြစ်ဖြစ် သူငြင်းဆန်မှာ မဟုတ်ပေ။
"ဒီရက်ပိုင်းတွေမှာ တုန်းမီနဲ့ ငါဂိုဏ်းကနေ ခဏခရီးနေချိန်မှာ မင်းတို့ကျင့်ကြံတာကို မနားရဘူး။ အရည်အချင်းရှိတဲ့သူတွေနဲ့ ငါတို့ဂိုဏ်းကိုဝင်ချင်တဲ့သူတွေကို တွေ့ရင်လည်း ဒီကိုခေါ်လာနိုင်တယ်"
ဂူလင်းဖေး ခေါင်းညိတ်လိုက်သည်။
"ဆရာ စိတ်မပူပါနဲ့"
"ရန်သူတွေလာတိုက်ရင်လည်း ပုံစံတစ်ထောင်ပြောင်းလဲခြင်းအစီအရင်ကို သုံးလိုက်။ အဘိုးလင်းရဲ့ လက်ရှိခွန်အားက အခြေတည်စိတ်ဝိညာဥ်အဆင့် အထက်မှာရှိတယ်၊ ဒါကြောင့် သူလည်းဂိုဏ်းကာကွယ်ရေးအစီအရင်မှာ လူတိုင်းကို ကူညီပေးနိုင်တယ်" ကျန်းယီမင်က အဘိုးလင်းကို မျက်ခုံးပင့်ပြလိုက်သည်။
"ဟုတ်ကဲ့ပါ၊ သခင် ပေးအပ်တဲ့တာဝန်တွေကို အကောင်းဆုံး လုပ်ဆောင်ပါ့မယ်..."
"ဆရာ နဲ့ ဂျူနီယာညီလေးတို့ ဒီခရီးမှာ သတိထားကြပါ..."
"ကျွန်တော်တို့ ဂိုဏ်းမှာ ဆရာပြန်လာတာကို စောင့်နေပါ့မယ်..."
တုန်းမီအပါအဝင် တပည့်များရဲ့မျက်လုံးများတွင် ကြောက်ရွံ့မှုအချို့ ရှိနေကြသည်။ ဒါပေမဲ့ သူတို့ ဆရာက အန္တရာယ်ဖြသ်လာရင် အမြဲတမ်းအရန်အစီအစဉ်ရှိတယ်လို့ သူတို့ယုံကြည်ကြသည်။ သူတို့ဆရာက တုန်းမီနှင့်အတူ ဘေးဘေးကင်းကင်း ပြန်လာလိမ့်မည်။
ကျန်းယီမင်နှင့် တုန်းမီတို့က သူတို့ရဲ့ဓားများကို ခေါ်လိုက်ကြပြီး ဓားပျံများကို စီးကာထွက်လာကြသည်။
"ဆရာ၊ ကျွန်တော့်ပေါ်မှာ ကျရောက်နေတဲ့ ကျိန်စာကို ငရဲမြို့တော်မှာ တကယ်ပဲဖြေရှင်းနိုင်မယ့်နည်းလမ်းရှိတယ်လို့ ဆရာပြောတာ တကယ်လားဗျ..."
ဆရာနှင့် တပည့်တို့က ဓားများပေါ်တွင် ပျံသန်းနေသည်မှာ တစ်နေ့နီးပါးရှိနေပြီဖြစ်သည်။ ကောင်းကင်မှောင်လာတာကို မြင်လိုက်သောအခါမှ သူတို့ နားရန်ရပ်လိုက်ကြသည်။ တုန်းမီရဲ့ မျက်လုံးများတွင် သံသယအချို့ ကျန်နေသေးသည်။ သူ့ဆရာရဲ့ခွန်အားကို မယုံကြည်ခြင်းမဟုတ်၊ သူ့ဆရာက ထိုနယ်မြေတွင် ဖြေရှင်းမယ့်နည်းကို ရှာတွေ့နိုင်တယ်လို့ မည်သို့သောအကြောင်းပြချက်ကြောင့် ဒီလောက်တောင် သေချာနေရတာလဲဆိုတာကို သူ အံ့ဩနေခြင်းဖြစ်သည်။
"ငါတို့ အခုသိထားတဲ့ သဲလွန်စတွေ အားလုံးကငရဲမြို့တော်ကို ဦးတည်မနေဘူးလား... စိတ်မပူနဲ့ တုန်းမီ။ ရက်အနည်းငယ်အတွင်း မင်းနဲ့ မင်းရဲ့မိသားစု ဘေးကင်းလုံခြုံသွားလိမ့်မယ်..."
တုန်းမီ ခေါင်းညိတ်လိုက်ပြီး သူဒီနေ့သုံးခဲ့ရတဲ့ စိတ်ဝိညာဉ်စွမ်းအားများကို ပြန်ဖြည့်တင်းရန် ဆေးလုံးတစ်လုံးကို သောက်လိုက်သည်။ အမှန်တော့ သူသာလိပ်နက်နယ်မြေမှာ မျှော်လင့်ချက်မထားခဲ့ဘဲ အခြားသဲလွန်စတွေ ရှာဖွေနေဦးမယ်ဆိုရင် သဲထဲက အရိုးရှာရသလို ဖြစ်နေလိမ့်မည်။ ငရဲမြို့တော်သည် ဒီကမ္ဘာကြီးရဲ့ မြောက်ဘက်ပိုင်းမှာ တည်ရှိသည်။ ထိုအြို့တော်သည် အလွန်အေးခဲနေတဲ့ တောကန္တာရထဲတွင် တစ်ညအတွင်း ရုတ်တရက်ပေါ်လာတဲ့ မြို့တစ်မြို့ဖြစ်သည်။
ဘယ်သူတည်ဆောက်ခဲ့သည်၊ ဘာကြောင့် တည်ဆောက်ခဲ့သည်ကို ဘယ်သူကမှ မသိကြပေ။ ကျန်းယီမင်နှင့် တုန်းမီတို့ ညလုံးပေါက်ခရီးသွားနေသည်မှာ နှစ်ရက်ရှိပြီဖြစ်သည်။ သူတို့က လိပ်နက်နယ်မြေထဲ ရောက်နေပြီဖြစ်သော်လည်း ငရဲမြို့တော် မှ အတော်လေးဝေးနေသေးသည်။ သူတို့နှစ်ယောက်က အနည်းငယ်မောပန်းနေကြသဖြင့် မြို့ထဲတွင် တည်းခိုရန် ဧည့်ရိပ်သာတစ်ခုကို ရှာလိုက်ကြသည်။
"ဝိုး... မြောက်ဘက်နဲ့ နီးလေလေ အပူချိန်က ပိုအေးလေလေပဲ"
ဒါက တုန်းမီအတွက် ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သောကြောင့် အရာအားလုံးကို စူးစမ်းချင်စိတ် ပြင်းပြနေသည်။
"ဟဲဟဲ... ဧည့်သည်တော်တို့ ဓားပျံကိုစီးပြီး လာကြတာဖြစ်ကြမယ်... ကျေးဇူးပြုပြီး ကိုယ်လက်နွေးသွားအောင် ဝိုင်နွေးနွေးလေး အရင်သုံးဆောင်လိုက်ပါဦး..." ဆိုင်ရှင်က ဝိုင်နှစ်အိုးကို သူတို့နှစ်ယောက်ရှေ့ ချပေးလိုက်သည်။
"ဧည့်သည်တော်တို့... တစ်ခုလောက်မေးပါရစေ။ ကျွန်တော့်ဆိုင်ငယ်လေးက ပုံမှန်ဆိုကုန်သည်တွေပဲ လာကြတာများတယ်။ ဒါပေမဲ့ ခင်ဗျားတို့နှစ်ယောက်ကတော့ ကုန်သည်တွေမဟုတ်ဘူးဆိုတော့ မဖြစ်နိုင်တာ..." ဆိုင်ရှင်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ခင်ဗျားတို့ မြောက်ဘက်က ငရဲမြို့တော် ကို သွားကြမယ်လို့ မပြောနဲ့နော်..."
ကျန်းယီမင် မျက်လုံးကို မော့လိုက်ပြီးဆိုင်ရှင်ကို အကဲခတ်လိုက်သည်။
"ခင်ဗျားပြောပုံအရဆိုရင် ငရဲမြို့တော်အကြောင်းကို အများကြီး သိပုံရတယ်...."
ဒီနေရာက ငရဲမြို့တော်နဲ့ သိပ်မဝေးတော့ပေ၊ ဒါကြောင့် ငရဲမြို့တော်မှာ အသက်ရှင်ဖို့ ရုန်းကန်နေရတဲ့သူတွေ ဒီမှာလာတည်းခိုနေနိုင်သည်။ ဒီလူသာ ဒီလိုနေရာမျိုးမှာ ဧည့်ရိပ်သာဖွင့်နိုင်တယ်ဆိုရင် သူကအင်အား တစ်ခုခုတော့ ရှိရမည်။
"အများကြီးတော့မသိပါဘူး၊ ဒါပေမဲ့ ကျွန်တော့် ဧည့်ရိပ်သာက ငရဲမြို့တော်နဲ့ သိပ်မဝေးတဲ့အတွက် ကောလာဟလအချို့တော့ သိပါတယ်။ ငရဲမြို့တော် အကြောင်းကို ကျွန်တော် အများကြီးပြောရဲတာ မဟုတ်ဘူး၊ ခင်ဗျားတို့ကို အကြံပေးနိုင်တာကတော့..."
ကျန်းယီမင် ခေါင်းကို မော့လိုက်သည်။
"ငရဲမြို့တော်မှာ ကိုယ့်ခွန်အားကို အထင်မကြီးပါနဲ့။ နေဝင်ပြီးနောက်ပိုင်း အပြင်ထွက်ဖို့ မကြိုးစားပါနဲ့..."
"အင်း... ကျေးဇူးတင်ပါတယ်" ဆရာနှင့် တပည့်နှစ်ယောက်သားက ခေါင်းညိတ်လိုက်ကြသည်။
သူတို့ နောက်ထပ်မေးခွန်းများ ဆက်မေးလိုက်ကြသည်။
"ဆိုင်ရှင်... ငရဲမြို့တော်မှာက..."
"ကျွန်တော် ဒီအထိပဲကူညီပေးနိုင်ပါတယ်။ တခြား ဘာမှမသိပါဘူး။ ဝိုင်ထပ်လိုချင်ရင် ခေါ်လိုက်ပါ"
ထိုဆိုင်ရှင်သည် စကားများလွန်းရင် ဘေးဖြစ်မည်ကိုသိသောကြောင့် စကားဆက်မပြောတော့ပေ။ ငရဲမြို့တော်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုသည် သူတို့ရဲ့ စိတ်ထဲတွင် တစ်ဖန်တိုးလာပြန်သည်။
.......
"လိပ်နက်နယ်မြေ၊ ငရဲမြို့တော်...."
ကျန်းယီမင်နှင့် တုန်းမီတို့က လျှို့ဝှက်ဆန်းကြယ်တဲ့မြို့ကို နောက်ဆုံးတော့ ရောက်လာကြသည်။ အသွင်အပြင်အားဖြင့် တခြားမြို့များနှင့် မခြားနားပေ။ ခြားနားသည်မှာ လေထဲတွင်ငါးညှီနံ့သင်းသင်းလေး ရောနှောနေခြင်းသာ ဖြစ်သည်။ ထူးဆန်းသည်မှာ မြို့ပြင်တွင် ကျန်းယီမင်နှင့် တုန်းမီမှလွဲပြီး တခြားလူများမရှိခြင်းပင်ဖြစ်သည်။
"ဆရာ၊ ဘာလို့ ဒီနေရာကထူးဆန်းနေတယ်လို့ ကျွန်တော် ခံစားရတာလဲ..." တုန်းမီသည် လေထဲမှ လေအေးကို ရှူသွင်းလိုက်သည်။
လှိုင်းလုံးများရိုက်ခတ်နေတဲ့အသံကို သူကြားနေရသည်။ ဤမြောက်ဘက်အစွန်ဆုံး နယ်မြေတွင် အမြဲတမ်း ဆောင်းရာသီဖြစ်နေသည်။ သူတို့ မျက်စိရှေ့တွင် မြင်နေရသည့် တစ်ခုတည်းသောအရာမှာ ဖြူစင်သော နှင်းစက်များသာ ဖြစ်သည်။