အခန်း (၁၃၅၆-၁၃၆၀)
Vol. 71 Ch. 1356-1360
Chapter 1356 :ဘိုးဘေးခန်းမ
"နင်..."
ယင်လီဖန်း၏မျက်လုံးအတွင်း၌ အံ့အားသင့်တုန်လှုပ်နေသော အရိပ်အယောက်များ ဖြတ်ပြေးသွားသည်။
သူမသည် သူမ၏ညှို့ဓာတ်အား ယုံကြည်ချက်ရှိသည့်အပြင် လုယွီသည် အသွေးအသားများသန်စွမ်းနေသောအရွယ်ဖြစ်ရာ မည်သည်ကြောင့် အကျိုးသက်ရောက်မှု မရှိရသနည်း။
"မင်းက နူးညံတဲ့အသွင်အပြင်ရှိပေမယ့် မင်းရဲ့နှလုံးသားက မြွေပွေးလိုပဲ...မင်းဆီမှာ နက်ရှိုင်းတဲ့ ရန်ငြှိုးမုန်းတီးမှုတွေရှိနေတယ်...ဒါကို မင်းက နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားပေမယ့် ငါ့ရဲ့မျက်လုံးအောက်ကနေ မလွတ်မြောက်နိုင်ဘူး"
လုယွီ၏အသံက အလွန်အမင်း အေးစက်တင်းမာနေသည်။
လုယွီက သူ၏လက်ကိုဆန့်ထုတ်ပြီး ဓားချီဖြင့် ယင်လီဖန်း၏မျက်ခုံးနှစ်ခုကြားသို့ ချိန်ရွယ်လိုက်၏။
ယင်လီဖန်း၏နဖူး၌ သွေးစို့ရာအပေါက်တစ်ခုက ရုတ်ချည်းပေါ်ထွက်လာသည်။သူမ၏မျက်လုံးများ ပြူးကျယ်နေသော်လည်း အလင်းရောင်သည် တဖြည်းဖြည်းမှေးမှိန်လာကာ နောက်ဆုံး၌ လုံးဝပျောက်ကွယ်သွားတော့သည်။
ခရက်...ခရက်...ခရက်...
တိုးညှင်းသောအသံတစ်သံနှင့်အတူ မူလကနူးညံချောမွေ့သော ယင်လီဖန်း၏ခန္ဓာကိုယ်အရေပြားသည် အိုမင်းရင့်ရော်လာကာ သစ်ပင်တစ်ပင်၏သစ်ခေါက်ကဲ့သို့ တောင့်တင်းစပြုလာသည်။သူမ၏နူးညံသောဆံနွယ်များသည်လည်း ခြောက်သွေ့ပြီး စတင်ဖျော့တော့လာပေ၏။
အချိန်တခဏအတွင်းမှာပင် သူမသည် လှပသောမိန်းကလေးတစ်ယောက်သွင်ပြင်မှ အဘွားကြီးတစ်ယောက်အသွင်သို့ ပြောင်းလဲသွားသည်။
"သူ အသက်ရှင်နေတုန်းက ကျင့်ကြံနည်းစနစ်တချို့ကိုအသုံးပြုပြီး သူရဲ့ပုံပန်းသွင်ပြင်ကို ပြောင်းလဲခဲ့တာပဲ"
လုယွီသည် အချိန်တခဏကြာ တွေးတောပြီးနောက် ရုတ်တရက် သူ၏လက်ညှိုးကိုဆန့်ထုတ်ကာ ယင်လီဖန်း၏ခန္ဓာကိုယ်အား ချိန်ရွယ်လိုက်သည်။
တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှ အလယ်ပိုင်းကုန်းမြေ ထိုမှတဆင့် ယခုလက်ရှိ မြောက်ပိုင်းနယ်မြေအထိ နေရာတိုင်းတွင် ယင်လော့ဂိုဏ်း၏လက်ရာခြေရာများကို သူ မြင်တွေ့နေရသည်။
လုယွီသည် ယင်လော့ဂိုဏ်း၏ကျင့်ကြံနည်းစနစ်များ၌ မြေအောက်လောကနယ်မြေ၏အရိပ်အယောင်များစွာကို မြင်တွေ့ခဲ့ပြီးလေပြီ။ထို့ကြောင့် သူသည် ယင်လော့ဂိုဏ်းနှင့်ပတ်သက်၍ ပိုမိုသိချင်စိတ်ပြင်းပြလာသည်။
"ဒါက ယင်လော့ဂိုဏ်း ဘယ်လိုဂိုဏ်းမျိုးလဲဆိုတာ သိနိုင်ဖို့ ပြည့်စုံတဲ့အခွင့်အရေးပဲ"
လုယွီသည် စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်ကိုအသုံးပြု၍ ယင်လီဖန်းထံမှ သဲလွန်စရှာဖွေရန် ကြံရွယ်လိုက်သည်။
သို့ရာတွင် လုယွီ၏လက်အတွင်း၌ အလင်းရောင်တန်း ထွက်ပေါ်လာစဥ်မှာပင် သူ၏မျက်နှာအမူအယာအနည်းငယ် ပျက်ယွင်းသွားသည်။ထို့နောက် လုယွီ၏စိတ်ဝိညာဥ်ပုံရိပ် ချက်ချင်းပျောက်ကွယ်သွားပြီး သူ၏ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ရောက်ရှိလာပေ၏။
လုယွီသည် ယင်ကြွယ်နှင့်ယင်လီဖန်းအား သတ်ဖြတ်ခဲ့စဥ်တွင် ရေခဲနယ်မြေ၏မိုးကောင်းကင်တာအိုအား သူ အပြည့်အဝထိန်းချုပ်ထားပြီးဖြစ်သည်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ ရေခဲနယ်မြေရှိမိုးကောင်းကင်တာအိုသည် တစ်စုံတစ်ခု၏သက်ရောက်ခြင်းခံရသဖြင့် သူ၏ထိန်းချုပ်မှုအောက်မှ အနည်းငယ်လွတ်ကင်းသွားသည်။
"ဘာတွေ ဖြစ်နေတာလဲ"
လုယွီက မျက်မှောင်ကြုတ်နေသည်။
မူအစောင့်အရှောက်ရာထူးပိုင်ဆိုင်ထားသော လူလေးယောက်သာ ကျန်ရှိတော့သည်။ထိုအထဲမှ ယင်လော့ဂိုဏ်း၏ခန်းမသခင်နှစ်ယောက်အား သူ သတ်ဖြတ်ပြီးလေပြီ။လုဝူသီသည် အပြင်းအထန်ဒဏ်ရါရရှိနေသဖြင့် မူအစောင့်အရှောက်ရွှေစည်းတံဆိပ်အား အသက်သွင်းနိုင်မည်မဟုတ်ချေ။လုယွီသည် လုဝူသီအား ကူညီပေးခဲ့သဖြင့် သူကလည်း အကြောင်းပြချက်မရှိဘဲ တိုက်ခိုက်မည်မဟုတ်ချေ။
ဘယ်သူလဲ...
လုယွီက အချိန်အတော်ကြာသည်အထိ တွေးတောနေစဥ်မှာပင် လုမိသားစု၏ပင်မခန်းမမှနေ၍ သွေးညှီနံလွှမ်းနေသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ခုက ရုတ်တရက် ပျံ့နှံ့လာသည်။
ဝီ....ဝီ..
တစ်ချိန်တည်းမှာပင် ခန်းမအနီးပတ်လည်၌ရှိနေသော လူအားလုံး၏မှော်လက်နက်များနှင့်ဓားများ အလိုအလျောက် မြည်ဟီးသံများထွက်ပေါ်လာသည်။
"ဒီအခြေအနေက ဘာဖြစ်နေတာလဲ"
"ဖြစ်နိုင်တာတော့ မှော်ရတနာတွေအားလုံးကို ပဲ့တင်သံထွက်စေတဲ့ ထူးဆန်းတဲ့မှော်ရတနာတစ်ခုခုများ လောကကြီးထဲမှာ ထွက်ပေါ်လာတာလား"
လူများသည် ထင်ကြေးပေးပြောဆိုနေကြပြီး လူအများစု၏မျက်နှာများ ရုတ်တရက် ပြောင်းလဲသွားသည်။
ယခုအချိန်၌ အခြေအနေများအားလုံးကို ထိန်းချုပ်နိုင်ပြီဟု ဆုံးဖြတ်နိုင်ပြီး လုဝူသီသည် လုမိသားစုအား အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်သွားလေပြီ။သို့ရာတွင် ရုတ်တရက်ဖြစ်ပေါ်လာသော အပြောင်းအလဲကြောင့် လူအများစု စိတ်လွတ်သွားပေ၏။
လူအားလုံး စိတ်ရှုပ်ထွေးနေကြ၏။လုဝူကျီးနှင့်လုဝူဟိုင်တို့၏မျက်နှာအမူအယာများပင် ပြောင်းလဲနေသည်။
"မဟုတ်ဘူး"
"တစ်ယောက်ယောက်က ဘိုးဘေးခန်းမထဲကို ဝင်သွားပြီ"
လုဝူကျီးနှင့်လုဝူဟိုင်တို့သည် အပြင်းအထန်ဒဏ်ရါရရှိထားသော်လည်း သူတို့က အားတင်းရုန်းကန်၍ မတ်တတ်ထရပ်လိုက်ကြသည်။
သူ၏စိတ်ဝိညာဥ် ခန္ဓာကိုယ်အတွင်း ပြန်လည်ရောက်ရှိလာသည်နှင့် လုယွီက မျက်လုံးဖွင့်ကာ မေးမြန်းလိုက်သည်။
"ဘိုးဘေးနှစ်ယောက်လုံးပဲ...ဘာတွေဖြစ်နေတာလဲဆိုတာ သိကြလား"
မိုးကောင်းကင်တခွင်လုံး အားကောင်းသောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသဖြင့် သူ့စိတ်ဝိညာဥ်၏စွမ်းအားဖြင့်ပင် အာရုံခံနိုင်စွမ်းမရှိချေ။
ထိုသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ၏တည်နေရာသည် လုမိသားစု၏အနောက်ဘက်ခြံဝန်းမှဖြစ်သည်မှာ သိသာထင်ရှားလှ၏။
"ဆရာသခင်ဝမ်ချန်း...မင်း မြန်မြန်ထွက်သွားသင့်တယ်...ဒီတစ်ကြိမ်မှာ ငါတို့ထိန်းချုပ်နိုင်မှာမဟုတ်ဘူး"
လုဝူသီက သုန်မှုန်နေသောမျက်နှာအမူအယာဖြင့် ပြောဆိုသည်။
ထို့နောက် လုဝူသီက မူအစောင့်အရှောက်ရွှေစည်းတံဆိပ်ကို ထုတ်ယူကာ လုယွီ၏လက်အတွင်းသို့ ထည့်လိုက်သည်။
"မင်း ဒီရွှေစည်းတံဆိပ်ကို ကောင်းကောင်းထိန်းသိမ်းထား...မြောက်ပိုင်းနယ်မြေရဲ့အနာဂတ်က မင်းအပေါ်မူတည်နေတယ်"
Chapter 1357
:
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။ယခုချိန်ထိ အပြောင်းအလဲများစွာဖြစ်နေအုံးမည်ဟု သူ မျှော်လင့်မထားမိချေ။
သူသည် ယင်လော့ဂိုဏ်း၏ခန်းမသခင်နှစ်ယောက်ကို ဆက်တိုက်သက်ဖြတ်ခဲ့ပြီး ကြွင်းကျန်သောလူသုံးယောက်သည် စိတ်ဓာတ်ကျဆင်းသွားခဲ့သည်။ထိုသူသုံးယောက်အားဖြေရှင်းရန်မှာ သူ့အတွက် အင်အားအနည်းငယ်မျှပင် စိုက်ထုတ်ရန်မလိုချေ။
သို့ရာတွင် ရုတ်တရက်ထွက်ပေါ်လာသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကြောင့် လုယွီ သတင်းကင်းလွတ်သွားခဲ့သည်။
ဤသည်က သူ မှန်းဆထားသောကိစ္စများအတွင်း၌ မပါဝင်ချေ။
ထိုအချိန်မှာပင် လုမိသားစု၏အနောက်ဘက်ခြံဝန်းမှနေ၍ အော်ဟစ်ကြုံးဝါးသံကြီး ထပ်မံထွက်ပေါ်လာသည်။
အနီရောင်အလင်းတန်းတစ်တန်းသည် မိုးကောင်းကင်ထံ ထိုးတက်သွားပြီး တိမ်များအားထွင်းဖောက်သွားသည်။တစ်ချိန်တည်းမှာပင် မိုးကောင်းကင်သည် တလိပ်လိပ်အုံကြွလာပြီး ကျယ်လောင်သောစစ်ဗုံသံများက လောကတခွင်လုံး ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
သတ်...သတ်...သတ်...
ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်နေရာတစ်ခုလုံး၌ မြောက်များစွာသောလူများက တပြိုင်နက်တည်း အော်ဟစ်နေသကဲ့သို့ 'သတ်'ဟူသော အသံများ လွှမ်းခြုံသွားပေ၏။
မူလက ကြည်လင်နေသော မိုးကောင်းကင်သည် ရုတ်တရက် သွေးများယိုစီးကျလာသကဲ့သို့ နီမြန်းစပြုလာသည်။
လုဝူသီ၏မျက်နှာ ချက်ချင်းပင် ဖြူရော်သွားသည်။
"သေစမ်း"
ထိုအချိန်မှာပင် ရေခဲနယ်မြေ၌ကြွင်းကျန်သော မိုးကောင်းကင်တာအိုသည် ပြင်ပအါး၏သက်ရောက်မှု ခံရသဖြင့် လုမိသားစု၏အနောက်ဘက်ခြံဝန်းထံသို့ ဦးတည်ကျဆင်းလာသည်။
"မူအစောင့်အရှောက်ရွှေစည်းတံဆိပ်ကို ဖိနှိပ်ပြီး မိုးကောင်းကင်တာအိုကို တိုက်ရိုက်ထိန်းချုပ်နိုင်တဲ့ တစ်စုံတစ်ယောက် ရှိနေပြီ"
လုယွီ၏စိတ်နှလုံးသား ပြင်းပြင်းထန်ထန် လှုပ်ရှားသွားသဖြင့် သူက ရွှေစည်းတံဆိပ်ကို အလျှင်အမြန်ထိန်းချုပ်လိုက်ရာ မီတာသုံးသောင်းခန့်မြင့်မားသော ရွှေရောင်အလင်းတန်းများထွက်ပေါ်လာသည်။
မူလက အစဥ်အမြဲအမိန့်နာခံခဲ့သော မိုးကောင်းကင်တာအိုသည် အဆင့်မြင့်မားသောတည်ရှိမှုကြီးတစ်ခု၏ ထိန်းချုပ်ခံလိုက်ရပုံဖြင့် လုယွီ၏ထိန်းချုပ်မှုမှ လွတ်ကင်းသွားသည်မှာ စိတ်ပျက်ဖွယ်ကောင်းပေ၏။
တစ်ချိန်တည်းမှာပင် လုမိသားစု၏အနောက်ဘက်ခြံဝန်းထံမှ အော်ဟစ်ရယ်မောသံကြီး ထွက်ပေါ်လာသည်။
"ဟား...ဟား..ဟား...ငါက လုမိသားစု ဘိုးဘေးခန်းမရဲ့အသိအမှတ်ပြုမှုကို ရပြီးပြီ...ပြီးတော့ ဘိုးဘေးအမွေအနှစ်ကိုလည်း ဆက်ခံပြီးပြီ...ဒီနေ့ကနေစပြီး ငါက လုမိသားစုရဲ့မိသားစုခေါင်းဆောင်သစ်ပဲ"
ဤအသံသည် ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ပေ၏။လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။
မိုးကောင်းကင်အတွင်း၌ လူရိပ်တစ်ရိပ် ရုတ်တရက် ထွက်ပေါ်လာသည်ကို သူ တွေ့မြင်မိ၏။ထိုလူသည် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး အောက်ရှိလူအုပ်ကြီးကို သူ၏မျက်လုံးဖြင့် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေသည်။
ထိုလူသည် လုမိသားစု၏ဆေးနတ်ဘုရား လုချမ်ချိုးမှတပါး တခြားသူမဟုတ်ချေ။
လုမိသားစု၏ဆေးမျိုးဆက်များသည် မိသားစုအတွင်း၌ အာဏာရှိသောအနေအထားတွင် မရှိသော်လည်း မည်သူမျှလျစ်လျူရှုထား၍မရသော အရေးကြီးအင်အားစုတစ်ခုဖြစ်သည်။
ဆေးနတ်ဘုရားလုချမ်ချိုးသည် ဆေးပညာအရည်အချင်း၌ ဆေးနတ်ဘုရားချုးရှောင်နှင့် တူညီသောအဆင့်အတန်းရှိသည်။လုမိသားစုမှကျင့်ကြံသူများသည် လုချမ်ချိုးထံမှ ဆေးဝါးများကို အထောက်အပံအဖြစ် ရယူကြရ၏။
လုဝူသီက အော်ဟစ်ကြုံးဝါးလိုက်သည်။
"လုချမ်ချိုး...ငါက ခုထိ မင်းကို စာရင်းတောင်လာမရှင်းရသေးဘူး...မင်းက ငါရှေ့မှာ ထွက်ပေါ်လာရဲတယ်ပေါ့"
လုချမ်ချိုးက လုဝူသီကို စောင်းငဲ့ကြည့်ပြီး သရော်တော်တော်လေသံဖြင့် ပြောဆိုသည်။
"မင်းလိုလူအိုကြီးက ဒီနေ့အထိအသက်ရှင်နေတာ ငါ အံ့အားသင့်မိတယ်...ဒါက ဆရာသခင်ဝမ်ချန်းရဲ့ကျေးဇူးကြောင့်ဖြစ်မယ်"
ထို့နောက် သူက လုယွီဘက်သို့လှည့်ကြည့်လိုက်သည်။
"မင်းမှာ အရည်အချင်းတချို့ရှိတာကိုတော့ ငါ ဝန်ခံရမယ်...အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီအဆင့်ထိရောက်လာတာ မင်းက တကယ့်တော်တဲ့သူပဲ...သနားဖို့ကောင်းတာက မင်း အားလုံးကိုတိုက်ခိုက်အပြီးမှာ...ငါ့အတွက် အဆင်သင့်ပြင်ပြီးသား ဖြစ်သွားပြီ"
လုယွီက မျက်မှောင်ကြုတ်လိုက်၏။လုချမ်ချိုး၏စကားများမှတဆင့် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သူ ခံစားမိသည်။
ယေဘုယျကျကျပြောရလျှင် သူသည် အစောပိုင်းကပင် လူတိုင်းအား ထိတ်လန့်ကြောက်ရွံစေသော လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ထားသည်။သို့ရာတွင် လုချမ်ချိုးကိုကြည့်ရသည်မှာ ထိုကိစ္စအား ဂရုစိုက်ပုံမရချေ။
သူထံ၌ အမှီသဟဲပြုစရာ တစ်စုံတစ်ခု ရှိနေသလော။
လုကျန်းဟိုင်က ရုတ်တရက် အော်ငေါက်လိုက်သည်။
"လုချမ်ချိုး...မင်း အတင့်ရဲလှချည်လား...ဘိုးဘေးကို ဒီလိုပုံစံနဲ့ စကားပြောဝံ့တယ်ပေါ့"
သူသည် လေလွင့်အင်မော်တယ်တစ်ယောက်ဖြစ်ပြီး ယခင်က တခြားလေလွင့်အင်မော်တယ်များကိုပင် ဖိနှိပ်ထားနိုင်သူဖြစ်သည်။မည်သို့ပင်ဆိုစေကာမူ သူသည် နှောင်းပိုင်းလေလွင့်အင်မော်တယ်တစ်ယောက်ဖြစ်သည်ကို ငြင်းချက်ထုတ်စရာမရှိချေ။
ထိုအချိန်မှာပင် လုကျန်းဟိုင်က ခြေတစ်လှမ်းရှေ့တက်ပြီးနောက် ပြင်းထန်သောမြည်ဟီးသံနှင့်အတူ ရှည်လျားသောအပြာရောင်မှော်နဂါးက လုချမ်ချိုးထံသို့ တိုးဝင်သွားသည်။
လုချမ်ချိုးက လုကျန်းဟိုင်အား စောင်းငဲ့ကြည့်ပြီး သူ၏မျက်လုံးအတွင်း၌ အထင်အမြင်သေးသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"အရူး...မင်းက မူအစောင့်အရှောက်တောင် မဟုတ်တော့ဘူး...ဒီနေရာမှာ စကားဝင်ပြောခွင့်ရှိတယ်လို့ မင်းကိုယ်မင်း ထင်နေတာလား"
လုချမ်ချိုးက ကြေးနီတံဆိပ်ပြားတစ်ခုကိုကိုင်ဆောင်ကာ လုကျန်းဟိုင်ထံသို့ လက်ညှိုးညွှန်လိုက်သည်။
Chapter 1358 :မိုးကောင်းကင်တာအိုလှောင်အိမ်
ဘုန်း...
ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ ကောင်းကင်ယံမှနေ၍ မိုးကောင်းကင်တာအို ဆင်းသက်လာပြီး လုကျန်းဟိုင်ထံသို့ ပြင်းပြင်းထန်ထန် တိုးဝင်သွားသည်။
လုကျန်းဟိုင်သည် ကြိုးပြတ်သွားသောစွန်ကဲ့သို့ မြေပြင်ပေါ် လွင့်စင်ကျသွားပြီး သူ၏ပါးစပ်မှ သွေးများယိုစီးကျလာသည်။
လက်ညှိုးတစ်ချောင်းဖြင့်ပင် လုကျန်းဟိုင် ဒဏ်ရါအပြင်းအထန်ရရှိသွားပေ၏။
လုယွီက အေးစက်စက်နှာမှုတ်ပြီး သူ၏လက်ချောင်းကို တောက်ထုတ်လိုက်သည်။လုယွီထံမှ အစွမ်းထက်သောမှော်စွမ်းအားများ ထွက်ပေါ်လာပြီး ဆေးလုံးတစ်လုံးအား ရစ်ပတ်သွားကာ လုကျန်းဟိုင်၏ခန္ဓာကိုယ်အား ရိုက်ခတ်သွားသည်။
လုကျန်းဟိုင်၏ဒဏ်ရါများ အလျှင်အမြန် ပြန်လည်ကောင်းမွန်လာပြီး သူ၏အသက်ရှုနှုန်းလည်း အနည်းငယ်တည်ငြိမ်သွားပေ၏။သူက ရုန်းကန်၍မတ်တတ်ထရပ်ပြီး သူ၏ခေါင်းကိုခါယမ်းကာ လုချမ်ချိုးအား ကြည့်လိုက်သည်။သူက အံ့တင်းတင်းကြိတ်ကာ ပြောဆိုလေ၏။
"မဖြစ်နိုင်ဘူး...ဘယ်လိုလုပ်ပြီး မင်းက ဒီလေါက်ထိ အားကောင်းနေတာလဲ"
"သူက အားကောင်းလာတာမဟုတ်ဘူး...ဒါပေမယ့် သူက မိသားစုရတနာကို ကိုင်ထားတာပဲ"
လုဝူသီက လေးနက်တည်ကြည်သောလေသံဖြင့် ပြောဆိုသည်။
မိသားစုရတနာဟု ဆိုသလော။
လုကျန်းဟိုင်က ကြက်သေသေသွားပြီး ပြောဆိုလိုက်၏။
"မင်းက ဘိုးဘေးလေ...မိသားစုရတနာကို ထိန်းချုပ်နိုင်တဲ့သူက မင်း ဖြစ်သင့်တာမဟုတ်လား"
သူသည် လုမိသားစုဝင်တစ်ယောက်ဖြစ်သော်လည်း မိသားစုရတနာ၏တည်ရှိမှုအကြောင်းကို မည်သည့်အချိန်ကမျှမကြားခဲ့ဖူးချေ။
လုဝူသီ၏မျက်နှာပေါ်၌ နာကျင်ကြေကွဲမှု အရိပ်အယောင်များ ထင်ဟပ်နေသည်။
"ငါက နှစ်ပေါင်းများစွာကြာအောင် တံခါးပိတ်ကျင့်ကြံနေခဲ့တော့ မိသားစုရတနာကို ဘိုးဘေးခန်းမမှာထားပြီး အကာအကွယ်ဝင်္ကပါတွေ ခင်းကျင်းထားခဲ့တယ်...အဲ့ဒီကိစ္စကို အရမ်းကြီးလျှို့ဝှက်ထားခဲ့တာ...သူ သိသွားမယ်လို့ ငါ ထင်မထားမိဘူး"
လုယွီက မေးမြန်းသည်။
"ဘိုးဘေး...မိသားစုရတနာက မြင်ရသလောက် မရိုးရှင်းဘူးမလား"
ဤအချိန်အခိုက်အတန့်တွင် လုယွီ၏စိတ်ဝိညာဥ်စွမ်းအားများ ကျဆင်းသွားပြီး မိုးကောင်းကင်တာအိုအား ထိန်းချုပ်နိုင်စွမ်းသည် လုချမ်ချိုး၏လက်အတွင်းရှိ ကြေးနီတံဆိပ်ပြားထံသို့ ခွဲဝေပေးလိုက်ရသည်ကို သူ ချက်ချင်း သတိပြုမိ၏။
ထိုကြေးနီတံဆိပ်ပြားသည် အလွန်ထူးခြားပေ၏။
လုဝူသီက သုန်မှုန်နေသောမျက်နှာဖြင့် ပြောဆိုသည်။
"အဲ့ဒီပစ္စည်းကို မိုးကောင်းကင်ရဲ့ကျားသင်္ကေတလို့ ခေါ်တယ်...အဲ့ဒါက လောကကြီးတခွင်လုံးမှာရှိတဲ့ မိုးကောင်းကင်တာအိုတွေအားလုံးကို ယာယီထိန်းချုပ်နိုင်တယ်....ကျားသင်္ကေတကိုကိုင်ဆောင်ထားတဲ့ ဘယ်သူမဆို မိုးကောင်းကင်တာအိုရဲ့အကျိုးကျေးဇူးကို အပြည့်အဝရနိုင်တယ်...တကယ်လို့ မူအစောင့်အရှောက်တွေဆိုရင်တောင်မှ ကျားသင်္ကေတကိုင်ဆောင်ထားတဲ့သူကိုတွေ့ရင် နောက်ဆုတ်ပေးရလိမ့်မယ်"
ဘာ...
လုယွီ၏မျက်လုံး ဖျတ်ခနဲလက်သွားသည်။
"တကယ်လို့ ကျားသင်္ကေတသာ အဲ့ဒီလေါက်ထိ စွမ်းအားကြီးနေရင် အခုလက်ရှိချိန်မှာ လုမိသားစုက မြောက်ပိုင်းနယ်မြေရဲ့ထောင့်တစ်နေရာမှာ အေးအေးချမ်းချမ်း နေနိုင်နေရမှာမဟုတ်လား"
မူအစောင့်အရှောက်သည် နယ်မြေတစ်ခုလုံး၏မိုးကောင်းကင်တာအိုအား ထိန်းချုပ်နိုင်သည်ကပင် မိုးကောင်းကင်အားဆန့်ကျင်နေလေပြီ။ထို့ထက်ပိုပြီး မိုးကောင်းကင်အားဆန့်ကျင်နိုင်သည့် ကျားသင်္ကေတရှိနေအုံးမည်ဟု သူ မျှော်လင့်မထားမိချေ။
လုဝူသီက ခေါင်းခါယမ်းပြလေသည်။
"ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒါက မိုးကောင်းကင်ကိုတောင် ဆန့်ကျင်နေတယ်...ဒီလူအိုကြီးက ကျားသင်္ကေတကို ဘယ်တုန်းကမှ မသုံးခဲ့ဖူးဘူး"
"တကယ်လို့ ငါတို့က ကျားသင်္ကေတကို အသုံးပြုလိုက်မယ်ဆိုရင်...ဒါက ငါတို့လုမိသားစုအတွက် ဘေးကပ်ဆိုးကြီး ဖြစ်သွားနိုင်တယ်...အဲ့ဒီအချိန်ကျရင် လောကကြီးအတွင်းမှာရှိတဲ့ အဓိကနယ်မြေတွေက အစွမ်းထက်ကျင့်ကြံသူတွေအားလုံး ငါတို့လုမိသားစုကို တိုက်ခိုက်ကြလိမ့်မယ်...မိသားစုဘေးကင်းလုံခြုံဖို့အတွက် ငါက အကာအကွယ်ဝင်္ကပါကို ခင်းကျင်းပြီး ကျားသင်္ကေတကို ချိပ်ပိတ်ခဲ့တာ"
လုယွီက တိတ်ဆိတ်ငြိမ်သက်သွားသည်။လုဝူသီ၏လုပ်ရပ် မှန်ကန်သည်ကို သူ ကောင်းစွာသိရှိပေ၏။
အကယ်၍ လုမိသားစု၌ ဤကဲ့သို့အစွမ်းထက်ရတနာမျိုးရှိကြောင်း တခြားသူများအား အသိပေးလိုက်ပါက အနီးနားနယ်မြေများရှိ ထိပ်သီးကျင့်ကြံသူများ ထိတ်လန့်ကြောက်ရွံသွားကြမည်မှာ သေချာသည်။ထိုအခြေအနေမျိုးရောက်ရှိလာပါက လူအများစုသည် လုမိသားစုအပေါ် မုန်းတီးမှုမရှိလျှင်ပင် ဝင်ရောက်စီးနင်းတိုက်ခိုက်ကြပေမည်။
လူအများစုသည် သူတို့အား အချိန်မရွေးဖျက်ဆီးပစ်နိုင်သော တည်ရှိမှုကြီးကို သူတို့၏နံဘေးနား၌ ထားမည်မဟုတ်ချေ။
"ဝမ်ချန်း...ငါ မင်းကို တကယ်ကျေးဇူးတင်တယ်...တကယ်လို့ မင်းသာမရှိရင် ယင်လော့ဂိုဏ်းက လူတွေကိုရှင်းထုတ်ဖို့ ငါ အချိန်အကြာကြီးယူရလိမ့်မယ်"
လုချမ်ချိုးသည် အနိုင်ရသူတစ်ယောက်၏အပြုအမူမျိုးဖြင့်ပြောဆိုပြီး သူ၏နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ရှိနေလေ၏။
လုယွီက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"မိုးကောင်းကင်တာအိုရဲ့စွမ်းအားမရှိရင်တောင် ငါ မင်းကို သတ်ပစ်နိုင်တုန်းပဲ...မင်းမှာ ဒီလိုမျိုး ယုံကြည်ချက်ရှိလား"
လုချမ်ချိုးကဲ့သို့ သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူအားမဆိုထားနှင့် လေလွင့်အင်မော်တယ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ပင် လုယွီ၏ပြိုင်ဘက်မဖြစ်နိုင်ချေ။
လုချမ်ချိုးက သရော်တော်တော်ပြုံးပြီး လုယွီထံ လက်ညှိုးညွှန်လိုက်၏။
"မူအစောင့်အရှောက်ဝမ်ချန်းကို သူရဲ့တာဝန်ကနေ ထုတ်ပယ်ပြီး အစေခံအဖြစ် အဆင့်ချလိုက်တယ်...သူရဲ့ပြစ်မှုတွေအတွက် မိုးကောင်းကင်တာအိုရဲ့အပြစ်ဒဏ်ကို ခံယူရမယ်"
ဘုန်း....
ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ မိုးကောင်းကင်မှနေ၍ ကြီးမားသောလှောင်အိမ်ကြီးတစ်ခုက လုယွီ၏နံဘေးသို့ ကျရောက်လာသည်။
လုယွီသည် ယခင်က သူနှင့်အလွန်နီးစပ်ခဲ့သော မိုးကောင်းကင်တာအို၏ဥပဒေသများသည် ယခုချိန်၌ သူ့အား ဆန့်ကျင်တိုက်ခိုက်နေပြီး ဥပဒေသတစ်ခုပြီးတစ်ခု ပစ်ပယ်သွားသည်ကို ခံစားရ၏။
"ဟား ဟား ဟား ဟား...မင်းက ကျားသင်္ကေတရဲ့စွမ်းအားနဲ့ ပတ်သက်လို့ ဘာမှသေချာမသိသေးပါဘူး...ငါရဲ့လက်ကို အသုံးမပြုဘဲနဲ့တောင် ငါ မင်းကိုပိတ်လှောင်ထားနိုင်တယ်....မင်း ငါ့ကို ဘယ်လိုတိုက်ခိုက်မှာလဲ"
လုချမ်ချိုးက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။
Chapter 1359 :ရန်သူကို ကူညီခြင်း
"အရှင်သခင်"
"အတင့်ရဲလှချည်လား....ရပ်လိုက်စမ်း"
လုထျန်းကန်နှင့်တခြားအကြီးအကဲများ ထိတ်လန့်တုန်လှုပ်သွားသည်။မူအစောင့်အရှောက်အဆင့်အတန်းရှိသည့် လုယွီသည် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ရှုံးနိမ့်သွားမည်ဟု သူတို့ မျှော်လင့်မထားမိချေ။
သူတို့လူစုအတွက် လုယွီသည် အမာခံကျောရိုးဖြစ်သည်။အကယ်၍ လုယွီသာ တစ်စုံတစ်ခုဖြစ်ပျက်သွားပါက ရေခဲနယ်မြေသည် စွန့်ပစ်ကုန်းမြေတစ်ခုဖြစ်သွားမည်ကို သူတို့အားလုံး စိုးရိမ်နေကြ၏။
"သူ့ကိုသတ်ကြ...ဒါဆိုရင် ငါတို့ရဲ့အရှင်သခင်က ပိတ်လှောင်ခံထားရာကနေ လွတ်မြောက်သွားလိမ့်မယ်"
လုထျန်းကန်က လုချမ်ချိုးအား လက်ညှိုးညွှန်၍ပြောဆိုသည်။
ရုတ်ချည်းဆိုသလိုပင် သိုင်းသူတော်စင်နယ်ပယ် အယောက်တစ်ရာကျော်သည် သူတို့၏မှော်မန္တန်များကိုရွတ်ဆို၍ လုချမ်ချိုးအား ဝိုင်းဝန်းတိုက်ခိုက်လိုက်ကြ၏။
သမားရိုးကျပြောဆိုရလျှင် ထိုသိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူတိုင်းသည် သူတို့၏ခြေတစ်ချက်ဆောင့်လိုက်ရုံဖြင့် မိုးကောင်းကင်ကိုပင် တုန်ခါစေနိုင်သော တည်ရှိမှုကြီးများဖြစ်သည်။သို့ရာတွင် ယခုလက်ရှိအချိန်တွင်မူ သူတို့၏မှော်မန္တန်များကိုရွတ်ဆို၍ တပြိုင်နက်တည်း တိုက်ခိုက်နေကြရာ မိုးကောင်းကင်တစ်ခုလုံးအား မရေမတွက်နိုင်သော မှော်စွမ်းအင်ရောင်စဥ်တန်းများ ဖုံးလွှမ်းသွားသည်။
ပြင်းထန်သောမှော်စွမ်းအားများသည် တဖြည်းဖြည်းနှင့် မိုးကောင်းကင်ယံအတွင်း၌ သိပ်သည်းလာပြီး ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ တောင်ကြီးတစ်လုံးအလား လုချမ်ချိုးပေါ်သို့ ဆင်းသက်သွားပေ၏။
လုချမ်ချိုးသည် သူ၏လက်ကိုမြှောက်ပြီး ကျားသင်္ကေတအား တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ကာ အော်ဟစ်လိုက်သည်။
"ဖိနှိပ်စမ်း"
ဝုန်း...ဝုန်း...ဝုန်း...
လေထုအတွင်း၌ ကျယ်လောင်သောပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
လုချမ်ချိုးထံသို့တိုးဝင်ရန် အဆင်သင့်ဖြစ်နေသော သိုင်းသူတော်စင်တစ်စုသည် သူတို့၏ခေါင်းပေါ်သို့ ဧရာမကျောက်တုံးကြီးတစ်တုံး ကျဆင်းလာသည့်အလား ခံစားလိုက်ရ၏။
မမြင်နိုင်သောအားလှိုင်းတစ်ရပ်က သူတို့၏ခန္ဓာကိုယ်များအား ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားသည်။လူအများစုသည် အပြင်းအထန်ဒဏ်ရါရရှိသွားပြီး သွေးများအန်ထွက်နေကြကာ လေထုအတွင်းမှ ပြုတ်ကျလာသည်။
ရာနှင့်ချီသော သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူများသည် လုချမ်ချိုး၏အနီးသို့ပင် ကပ်နိုင်ခြင်းမရှိချေ။
"ငါက မြောက်ပိုင်းနယ်မြေတစ်ခုလုံးရဲ့မိုးကောင်းကင်ပဲ...ဘယ်သူက ငါ့အမိန့်ကို မနာခံဘဲနေရဲလဲ"
ထိုအခြင်းအရာကိုကြည့်ပြီး လုချမ်ချိုးက အော်ဟစ်ရယ်မောနေသည်။
ထို့နောက် သူက လုမိသားစုဝင်တပည့်များဘက်သို့လှည့်ကာ အသံနက်ကြီးဖြင့် ပြောဆိုလိုက်၏။
"ငါက လုမိသားစုရဲ့မိသားစုခေါင်းဆောင်အသစ်ပဲ...ငါ့ကိုဆန့်ကျင်ရဲတဲ့သူ ဘယ်သူရှိလဲ"
ယခုလက်ရှိနေရာ၌ ရှိနေသူအားလုံး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြသည်။အဖြစ်အပျက်များအားလုံးသည် ရုတ်တရက်ဆန်ဆန် ဖြစ်ပွါးသွားခဲ့ရာ ယခုချိန်ထိတိုင် သူတို့အားလုံး စိတ်သက်သာခြင်းမရှိသေးချေ။
သို့ရာတွင် လုမိသားစုမှဘိုးဘေးသုံးယောက်ကမူ အလျှင်အမြန် တုံ့ပြန်လိုက်သည်။သူတို့က ချက်ချင်းပင် လုချမ်ချိုးအား အရိုအသေပြုကာ ပြောဆိုလေ၏။
"ကျွန်တော်တို့က ဘိုးဘေးကို ဂါရဝပြုပါတယ်"
သူတို့သည် ယခင်က ယင်လော့ဂိုဏ်းအား ထောက်ပံပေးခဲ့ကြသူများဖြစ်သည်။အကယ်၍ လုဝူသီ၏စွမ်းအားများသာ အပြည့်အဝပြန်လည်ကောင်းမွန်သွားပါက သူတို့၏အဆုံးသတ် ကောင်းမည်မဟုတ်ချေ။
သူတို့က ငုတ်တုတ်ထိုင်ပြီး သေဆုံးရမည်ကို စောင့်ဆိုင်းနေမည့်အစား လုချမ်ချိုးနှင့်ပူးပေါင်း၍ အသက်ရှင်ရန်လမ်းကြောင်း ရှာဖွေသည်က ပို၍ကောင်းမွန်သည်ဟု တွေးတောမိကြ၏။
လုမိသားစု၏ဘိုးဘေးသုံးယောက်သည် သူတို့၏ရပ်တည်ချက်အား ရွေးချယ်လိုက်သည်ကိုကြည့်ပြီး မိသားစုခွဲများမှတပည့်များက လုချမ်ချိုး၏ရှေ့၌ အလျှင်အမြန်ဒူးထောက်လိုက်ကြသည်။
လုချမ်ချိုးသည် သူတို့အား အထင်အမြင်သေးသောအကြည့်နှင့်ကြည့်ပြီးနောက် သူ၏အကြည့်သည် ချုးလင်းဖန်ပေါ်သို့ ကျရောက်သွားသည်။
"မင်းက ချုးမိသားစုကလား"
ချူးလင်းဖန်၏မျက်နှာအမူအယာ ပြောင်းလဲသွားပြီး သူက ကျယ်လောင်သောအသံဖြင့် ပြောဆိုသည်။
"ချုးမိသားစုက ဆေးနတ်ဘုရား လုမိသားစုခေါင်းဆောင်ဖြစ်လာတာကို လက်ခံဖို့ဆန္ဒရှိပါတယ်...ကျွန်တော်တို့က ဆေးနတ်ဘုရားကို အပြည့်အဝထောက်ပံပေးပါ့မယ်"
ယခုလက်ရှိချိန်၌ သူသည် တစ်စုံတစ်ယောက်၏အိမ်ခေါင်မိုးအောက်၌ ရောက်ရှိနေခဲ့ရာ သူထံတွင် ဦးညွှတ်ရုံမှတပါး တခြားရွေးချယ်စရာမရှိတော့ချေ။ချူးလင်းဖန်သည် သူ မှန်ကန်သည့်လမ်းကို ရွေးချယ်ခဲ့သည်ဟု ယူဆရသော ဆုံးဖြတ်ချက်ကိုချလိုက်၏။
လုချမ်ချိုးက ရယ်မောပြီး ပြောဆိုသည်။
"ကောင်းတယ်...တကယ်လို့ မင်းက ငါ့ကိုထောက်ပံ့ပေးမယ်ဆိုရင်...ချုးမိသားစုခေါင်းဆောင်နေရာက မင်းအတွက်ပဲ"
"ချုးရှောင်အတွက်ကတော့...သူ့ရဲ့ဆေးပညာအရည်အချင်းက ငါနဲ့အဆင့်ကွာဟလွန်းတယ်...မြောက်ပိုင်းနယ်မြေမှာ ဆေးနတ်ဘုရားအနေနဲ့ ငါရှိနေရင် လုံလောက်ပြီ...ချုးရှောင်နဲ့သူ့တပည့်တွေကတော့ အမှိုက်အဆင့်ပဲရှိတာ....သူတို့အားလုံးရဲ့ကျင့်ကြံဆင့်တွေကို ဖျက်ဆီးပြီး အစေခံလုပ်ခိုင်းလိုက်...ဒါ့မှ သူတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် တာဝန်ယူရမှာကိုသိသွားမှာ"
လုချမ်ချိုး စကားပြောဆိုနေစဥ်တွင် သူ၏မျက်လုံးအတွင်း၌ မုန်းတီးမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
အတိတ်တွင် မြောက်ပိုင်းနယ်မြေအတွင်း၌ လူအများစုသည် ချူးရှောင်ကိုသာ ဆေးနတ်ဘုရားအဖြစ် သိရှိကြပြီး မည်သူကမျှ သူ့အား ဆေးနတ်ဘုရားအဖြစ် သိရှိခြင်းမရှိချေ။
ယခုချိန်၌ သူ၏လက်အတွင်းတွင် ကျားသင်္ကေတကဲ့သို့ အစွမ်းထက်မှော်ရတနာမျိုးရှိနေလေရာ သူရှေ့ရှိလူများနှင့် သူ ရင်ဆိုင်တိုက်ခိုက်ဝံ့ပေ၏။
ချူးလင်းဖန်၏မျက်နှာအမူအယာ ပြောင်းလဲသွားပြီးနောက် သူက အချိန်တခဏတွေးတောလိုက်ကာ အပြုံးနှင့် ပြောဆိုလိုက်သည်။
"ချုးမိသားစုက ဆေးနတ်ဘုရားရဲ့ဆုံးဖြတ်ချက်ကို ထောက်ပံ့ပေးပါ့မယ်...ပြီးတော့ လူအိုကြီးချူးရှောင်က မိသားစုခေါင်းဆောင်နေရာယူထားတာ အချိန်အတော်ကြာနေပြီ...ကျွန်တော်တို့လည်း သူ့ကို သဘောမကျလို့ ဖယ်ထုတ်ချင်နေတာပါ"
ဤသည်က သစ္စာဖောက်ခြင်း ဖြစ်ပေ၏။သို့ရာတွင် ချူးလင်းဖန်၏နောက်ရှိ အကြီးအကဲများ၏မျက်နှာများကိုကြည့်လျှင် သူတို့သည် ချူးလင်းဖန်၏ဆုံးဖြတ်ချက်ကို အပြည့်အဝထောက်ခံကြောင်း သိသာထင်ရှားလှ၏။
"ချူးလင်းဖန်...မင်း လုပ်ရဲလား"
ချူးယွီလော်က အော်ဟစ်လိုက်သည်။
"ငါ့ရဲ့အဖိုးက မင်းကို ဒီနေရာကိုလာခိုင်းခဲ့တာ...မင်းက နတ်ဆိုးကို ထောက်ပံ့ပေးတဲ့အပြင် မိသားစုကိုတောင် သစ္စာဖောက်လိုက်သေးတယ်...မင်း သေချင်နေတာလား"
Chapter 1360
လုချမ်ချိုးသည် မျက်မှောင်ကြုတ်လိုက်ကာ လူအုပ်ကြီးဘက်သို့လှည့်၍ ချူးယွီလော်အား စူးစိုက်ကြည့်လေသည်။သူ၏မျက်လုံးများအတွင်း၌ အလင်းရောင်များ တောက်ပနေပေ၏။
"ငါက ဘယ်သူများလဲလို့ တွေးနေတာ....ခုကြည့်လိုက်မိတော့မှ ချူးမိသားစုရဲ့သခင်မလေးဖြစ်နေတာပဲ"
"အဖိုးကြီးချုးရှောင်က သူ့ရဲ့မြေးမဖြစ်တဲ့မင်းကို အရမ်းချစ်မြတ်နိုးတယ်လို့ ငါ ကြားဖူးတယ်....ငါ့ကို ပြောစမ်းပါ...တကယ်လို့ ငါ မင်းကိုဖမ်းပြီး ဆောင်ကြာမြိုင်ကို ရောင်းလိုက်ရင်...သူ ဘယ်လိုအမူအယာမျိုးဖြစ်သွားနိုင်လဲ...ဟား ဟား ဟား"
ချုးယွီလော်၏ပန်းနုရောင်မျက်နှာ နီမြန်းသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
"အရှက်မဲ့လိုက်တာ"
လုချမ်ချိုးက ပြက်ရယ်ပြုပြောဆိုသည်။
"သတိရအုံး...မင်းက အခု လုမိသားစုကို ရောက်နေတာနော်...လုမိသားစုခေါင်းဆောင်အသစ်တစ်ယောက်အနေနဲ့ ငါက ချုးမိသားစုရဲ့အရေးကိစ္စတွေကို ဝင်စွက်ဖက်တာမကောင်းလောက်ဘူး...ချူးမိသားစုကလူတွေ ငါ့အတွက် ဒီမိန်းကလေးကို ဖမ်းဆီးပေးနိုင်မလား"
လုမိသားစုဝင်တပည့်များသည် လုချမ်ချိုးအား မျက်နှာချိုသွေးသည့်အနေဖြင့် ထိုင်ခုံတစ်လုံးကို ယူဆောင်လာကြသည်။လုချမ်ချိုးကလည်း ယဥ်ကျေးနေခြင်း မရှိချေ။သူသည် ထိုင်ခုံပေါ်ထိုင်၍ ပြပွဲအား ကြည့်ရှုရန် စောင့်ဆိုင်းနေတော့သည်။
"ချူးမိသားစုကို သန့်ရှင်းရေးလုပ်သင့်တာ အချိန်အတော်ကြာနေပြီ...ယွီလော်..မင်းက အရမ်းမောက်မာနေမှတော့ မင်းရဲ့ဝမ်းကွဲကို အပြစ်မတင်နဲ့"
ချူးလင်းဖန်က သူ၏ဓားရှည်ကို ဆွဲထုတ်လိုက်သည်။
သူ၏မှော်စွမ်းအားများကို ဓားရှည်အတွင်းသို့ ထည့်သွင်းပြီးသည်နှင့် ချက်ချင်းဆိုသလို ဓားရှည်တစ်ခုလုံး အပြာရောင်တောက်ပလာသည်။
"ရေနဂါးဓားချီ...."
ချူးလင်းဖန်သည် သူ၏ဓားချီဖြင့် ချူးယွီလော်ထံဦးတည်ပြီး ထိုးနှက်လိုက်သည်။မှော်စွမ်းအင်များကြောင့် လေထုအတွင်းရှိ ရေခိုးရေငွေ့များ သိပ်သည်းသွားပြီး ကြောက်ခမမ်းလိလိ အရှိန်ဖြင့် ချူးယွီလော်ထံ တိုးဝင်သွားသည်။
ချူးယွီလော်သည် လှည့်ဖျားတက်သောယုန်တစ်ကောင်ကဲ့သို့ အံ့တင်းတင်းကြိတ်ကာ ဓားချီကိုသွက်သွက်လက်လက် ရှောင်ရှားလိုက်၏။ရေနဂါးဓားချီသည် မြေပြင်ပေါ်သို့ ကျရောက်သွားသည်နှင့် မူလက ညီညာပြန့်ပြူးနေသောမြေပြင် ချက်ချင်းပင် အက်ကွဲသွားသည်။
"မင်းဘာယ်နေရာမှာ ပုန်းနေနိုင်မှာမလို့လဲ"
ချူးလင်းဖန်က ကျယ်လောင်စွာအော်ဟစ်ပြီး သူ၏လက်ဖဝါးနှစ်ဖက်ကို ပူးကပ်လိုက်သည်။သူ၏ထိန်းချုပ်မှုအောက်၌ ရေခိုးရေငွေ့များအားလုံး အတူတကွစုဝေးစပြုလာသည်။
ရုတ်ချည်းဆိုသလိုပင် ချူးယွီလော်သည် သူမ၏ဘေးပတ်ဝန်းကျင်အား ရေခိုးရေငွေ့များ ဝိုင်းရံထားသဖြင့် သူမလှုပ်ရှားနိုင်စွမ်း မရှိတော့သည်ကို ခံစားမိသည်။
"ပန်းပွင့်ဖွေရှာလေပြင်း..."
ချူးယွီလော်သည်လည်း ပါးလျသောဓားပျော့တစ်ချောင်းကို ဆွဲထုတ်လိုက်သည်။သူမ၏လက်ကောက်ဝတ် အနည်းငယ်လှုပ်ရှားလိုက်ခြင်းနှင့်အတူ ဓားပျော့ထံမှ လှပသောပန်းပွင့်များအလား ဓားချီများထွက်ပေါ်လာပြီး လေထုအား ပိုင်းဖြတ်သွားပေ၏။
ရေနဂါးဓားချီကို ဖြိုခွင်းပြီးသော အချိန်အခိုက်အတန့်တွင် ချူးယွီလော်သည် ရုတ်တရက် အော်ဟစ်ကြုံးဝါးပြီး သူမ၏ဓားပျော့မှနေ၍ ဓားချီတစ်လှိုင်း ထုတ်လွှက်လိုက်သည်။
ဘုန်း...
ထိုဓားချီသည် ရောင်စဥ်တန်းတစ်တန်းနှင့်တူညီပြီး ချူးလင်းဖန်၏အကာအကွယ်များအားလုံးကို ချက်ချင်းထွင်းဖောက်သွားသည်။
ချူးယွီလော်သည် လက်လျှော့အရှုံးမပေးဘဲ သူ့အား ပြန်လည်တိုက်ခိုက်လိမ့်မည်ဟု ချူးလင်းဖန်က မျှော်လင့်မထားမိချေ။
"အကြီးအကဲ...ကျွန်တော်ကို ကူညီပါအုံး"
ချူးလင်းဖန်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"ဟမ့်"
အေးစက်စက်နှာမှုတ်သံတစ်သံ ထွက်ပေါ်လာသည်။မှော်စွမ်းအင်များပါဝင်သော လက်ဝါးတစ်ဖက်သည် ကောင်းကင်ယံမှကျဆင်းလာပြီး ချူးယွီလော်၏ဓားချီကို ပြန့်ကျဲသွားစေသည်။
ချူးမိသားစုမှအကြီးအကဲနှစ်ယောက်သည် တပြိုင်နက်တည်း မတ်တတ်ထရပ်ပြီး ဓားချီအားဟန့်တားလိုက်ခြင်းဖြစ်သည်။
ထိုအကြီးအကဲနှစ်ယောက်လုံးသည် စိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံသူများဖြစ်၍ ချူးယွီလော်ထံ၌ ပြန်လည်ခုခံတိုက်ခိုက်ရန် အခွင့်အရေးမရှိချေ။
"ရပ်လိုက်စမ်း"
ဤအခြေအနေအား မြင်တွေ့သော လုဝူသီနှင့်လုကျန်းဟိုင်တို့သည် သူတို့ရရှိထားသော ဒဏ်ရါများကို လျစ်လျှူရှု၍ ချူးယွီလော်၏ရှေ့၌ ကာကွယ်ဟန့်တားပေးလိုက်ကြသည်။
သူတို့နှစ်ယောက်သည် လေလွင့်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများဖြစ်သည်။ယခုလက်ရှိချိန်၌ သူတို့နှစ်ယောက်လုံး အပြင်းအထန်ဒဏ်ရါရရှိထားသည့်တိုင် သူတို့၏အရှိန်အဝါများ ကျန်ရှိနေဆဲပင်။ချူးမိသားစုမှအကြီးအကဲများသည် ချက်ချင်းပင် နောက်သို့ဆုတ်လိုက်ကြ၏။
"မင်းက ဘာကိုကြောက်နေတာလဲ...မင်းကိုထောက်ပံ့ပေးမယ့် ငါတစ်ယောက်လုံး ရှိနေတယ်လေ...ဘယ်သူက ငါ့ကို တားဆီးဝံ့လဲ"
လုချမ်ချိုးက ကျယ်လောင်စွာ အော်ဟစ်ရယ်မောပြီး သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။မိုးကောင်းကင်တာအို၏စွမ်းအားများသည် လှောင်အိမ်နှစ်ခုအဖြစ် ထပ်မံ၍သိပ်သည်းသွားပြီး အောက်သို့ကျဆင်းလာသည်။
လုဝူသီသည် ဒေါသတကြီး အော်ဟစ်ကြုံးဝါးပြီး သူ၏လက်ဝါးဖြင့် လှောင်အိမ်ကို ရိုက်နှက်လိုက်၏။သို့ရာတွင် လှောင်အိမ်သည် အနည်းငယ်မျှသာ တုန်ခါသွားပြီး မပျက်မစီးတည်ရှိနေမည်ဟု သူ မျှော်လင့်မထားမိချေ။
"ဟား ဟား...မင်းရဲ့အင်အားတွေကို မဖြုန်းတီးပစ်ဖို့ ငါ မင်းကို အကြံပေးချင်တယ်...ဒီလှောင်အိမ်ကို မိုးကောင်းကင်တာအိုကနေ ဖန်တီးထားတာ...မင်း ဖျက်ဆီးလို့ရမှာမဟုတ်ဘူး"
လုချမ်ချိုး၏အကြည့်က လုဝူသီ၏မျက်နှာပေါ်သို့ ကျရောက်သွားပြီးနောက် သူက အူလှိုက်သည်းလှိုက်ရယ်မောလိုက်၏။
"မင်း ဘယ်လောက်ပဲပြင်းပြင်းထန်ထန် တိုက်ခိုက်နေပါစေ အသုံးဝင်မှာမဟုတ်ဘူး...အဆုံးသတ်ကျရင် မင်း လက်လျှော့အရှုံးပေးရမှာပဲ..လုဝူသီ...ငါ အခု မင်းကို မသတ်သေးဘူး...ငါက မင်းရဲ့မိတ်ဆွေဟောင်းကြီး ချုးရှောင်ကို ဖမ်းပြီးတာနဲ့...မင်းရဲ့မျိုးဆက်တွေကိုပါဖမ်းဆီးပြီး မင်းရှေ့မှာ တစ်ယောက်ပြီးတစ်ယောက် ငါ သတ်ပြမယ်"