အခန်း (၁၃၆၁-၁၃၆၅)
Vol. 71 Ch. 1361-1365
Chapter 1361
"မင်း လုပ်ရဲလား"
လုဝူသီသည် လှောင်အိမ်၏အစွန်းကို သူ၏လက်နှစ်ဖက်ဖြင့် တင်းတင်းကျပ်ကျပ်ကိုင်ထားပြီး ဒေါသတကြီးအော်ဟစ်လိုက်၏။
လုချမ်ချိုး၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။သူက ဆက်လက်၍ ပြက်ရယ်ပြုပြောဆိုသည်။
"ငါက ဘာလို့မလုပ်ရဲရမှာလဲ...မင်းကို လုံလောတ်တဲ့အကြောက်တရားပေးလိုက်တာနဲ့ မင်း ငါ့ကို ယုံကြည်ပြီးရင်း ယုံကြည်လာစေရမယ်"
ယခုလက်ရှိချိန်၌ သူထံတွင် အကြွင်းမဲ့စွမ်းအားမျိုးရှိနေပြီး လုယွီသည်လည်း မိုးကောင်းကင်တာအိုလှောင်အိမ်အတွင်း၌ လှောင်ပိတ်မိနေသည်ဖြစ်ရာ အရာရာတိုင်းသည် သူ၏ထိန်းချုပ်မှုအောက်၌ ရှိနေပေ၏။
လုယွီက အစမှအဆုံးထိ မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်နေသည်။သူ၏နှုတ်ခမ်းများလှုပ်ရှားနေပြီး တစ်စုံတစ်ခုကို တီးတိုးရေရွတ်နေပေ၏။
လုချမ်ချိုးသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိပြုမိသွားသဖြင့် လုယွီရှိနေသောနေရာသို့ လက်ညှိုးညွှန်လိုက်သည်။
"မင်း...သူ ဘာလုပ်နေတာလဲဆိုတာ သွားကြည့်စမ်း"
"ဟုတ်ကဲ့"
ချုးလင်းဖန်သည် လုချမ်ချိုး၏လက်ပါးစေအဖြစ် သူ၏ဆန္ဒအလျောက် လုပ်ဆောင်နေသဖြင့် သူက လုယွီအားချုပ်နှောင်ထားသော လှောင်အိမ်နံဘေးသို့ အပြေးသွားလေ၏။
"ဒါက ငါတို့ရဲ့ မဟာပါရမီရှင်ကြီး မဟုတ်လား...မြင့်မြတ်တဲ့ ထိပ်သီးလူငယ်တစ်ယောက်လေ...ခုဏလေးကတင် မင်း အရမ်အစွမ်းထက်နေခဲ့တာ...အခုကျတော့ လှောင်အိမ်ထဲရောက်နေတဲ့ခွေးတစ်ကောင်လို ပါပဲလား"
ချုးလင်းဖန်က သရော်တော်တော်ပြောဆိုပြီး ရယ်မောလိုက်သည်။
ယခုလက်ရှိချိန်၌ သူ စိတ်ရောကိုယ်ပါ သက်တောင့်သက်သာရှိနေသည်။အစောပိုင်းက လုယွီသည် ရန်သူများအား သတ်ဖြတ်လိုက်ခြင်းကို ချူးလင်းဖန်မြင်တွေ့ချိန်တွင် သူကိုယ်သူ အတော်ဆုံးလူဟု ခံယူထားသူဖြစ်သဖြင့် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ မနာလိုဖြစ်နေမိသည်။ဤအချိန်တွင် လုယွီ၏ကံဆိုးမှုကို သူ မြင်တွေ့ရသဖြင့် အလွန်စိတ်ကျေနပ်နေပေ၏။
လုယွီက ချူးလင်းဖန်အား စောင်းငဲ့ကြည့်ပြီး ပြောဆိုသည်။
"ငါက အပြင်မထွက်နိုင်တာနဲ့ဘဲ...မင်းကို မသတ်နိုင်ဘူးလို့ မင်း ထင်နေတာလား"
ရုတ်ချည်းဆိုသလိုပင် ချူးလင်းဖန်၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။မူလက သူ၏သရော်တော်တော်မျက်နှာထားသည် ချက်ချင်းပင် ပျောက်ကွယ်သွားလေ၏။
အစောပိုင်းက လုယွီသည် ရန်သူများအား သတ်ဖြတ်ခဲ့သည့်မြင်ကွင်းမှာ သူ၏စိတ်အတွင်း၌ လက်လက်ဆတ်ဆတ်ရှိနေဆဲပင်။
"မင်း ဘာတွေကြောက်နေတာလဲ...ငါ့ရဲ့မိုးကောင်းကင်တာအိုလှောင်အိမ်က အရာအားလုံးကို ပိတ်ပင်တားဆီးနိုင်တယ်...သူ ဘယ်လောက်ပဲအစွမ်းထက်နေပါစေ မင်းရဲ့ခေါင်းပေါ်က ဆံချည်တစ်မျှင်ကိုတောင် သူ ထိနိုင်မှာမဟုတ်ဘူး"
လုချမ်ချိုး၏အထင်အမြင်သေးစွာ ပြောဆိုလိုက်သည့်အသံ ထွက်ပေါ်လာသည်။
ချူးလင်းဖန်၏အသိစိတ် ပြန်ဝင်လာပြီးနောက် သူက ဒေါသထွက်သွားသည်။
"လှောင်ပိတ်ခံထားရတဲ့သူတစ်ယောက်က ဒီလိုမျိုး မောက်မာဝံ့တယ်ပေါ့လေ"
ချူးလင်းဖန်၏မျက်နှာပေါ်၌ ကောက်ကျစ်ယုတ်မာသောအပြုံးမျိုးရှိနေသည်။
"မင်းက ချူးယွီလော်နဲ့ ဆက်ဆံရေးကောင်းရှိတယ်လို့ ငါ ကြားထားတယ်....ငါ သူ့ကို ဘယ်လိုညှင်းပန်းနှိပ်စက်မလဲဆိုတာ မင်း ကြည့်နေလိုက်"
လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားပေ၏။
"မင်းကလား...မင်းမှာ ဒီလိုအခွင့်အရေးမျိုးမရှိမှာ ငါ စိုးရိမ်မိတယ်"
ချုးလင်းဖန်သည် တစ်စုံတစ်ခုပြောဆိုလိုသော်လည်း ရုတ်တရက် တစ်စုံတစ်ယောက်က နောက်ကျောမှနေ၍ သူ၏လည်ပင်းအား ဆုပ်ကိုင်လိုက်ခြင်းကို ခံစားမိသည်။ထို့ကြောင့် သူ စကားတစ်ခွန်းမျှ မဆိုနိုင်တော့ချေ။
ခရက်...
တိုးညှင်းသောအသံတစ်သံနှင့်အတူ ချူးလင်းဖန်၏မြင်ကွင်း ရှေ့မှနောက်သို့ ပြောင်းလဲသွားသည်။သူ၏လည်ပင်အား လိမ်ချိုးခံလိုက်ရခြင်း ဖြစ်ပေ၏။
သူ၏နောက်၌ တည်ကြည်လေးနက်ပြီးမြင့်မြတ်သော ပုံပန်းသွင်ပြင်ရှိသည့် လူလတ်ပိုင်းကြီးတစ်ယောက် ရောက်ရှိနေသည်။
လုယွီက ပြောဆိုလိုက်သည်။
"ဒါကို ဖွင့်လိုက်တော့"
လူလတ်ပိုင်းကြီးသည် လုယွီ၏အမိန့်အား နာခံပုံရပြီး သူ၏လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ကာ လှောင်အိမ်အား ထိုးနှက်လိုက်၏။
ဘုန်း...
မိုးကောင်းကင်တာအိုလှောင်အိမ်သည် တုနှိုင်းစရာမရှိသည်အထိ တောင့်တင်းခိုင်မာသော်လည်း ပြင်းထန်သောအတွဲလိုက် လက်သီးထိုးချက်များအောက်တွင် တွန့်လိမ်ပြီးပုံပျက်စပြုလာသည်။လှောင်အိမ်၏သံတိုင်တစ်ခုစီမှနေ၍ အက်ကွဲသံများထွက်ပေါ်လာပြီး အသက်ရှုချိန်အနည်းငယ်အတောအတွင်းမှာပင် လှောင်အိမ်တစ်ခုလုံး ကြေမွပျက်စီးသွားတော့သည်။
မိုးကောင်းကင်တာအိုလှောင်အိမ်၏အပိုင်းအစများသည် လွင့်စင်သွားပြီးနောက် လေထုအတွင်းမှာပင် ပျောက်ကွယ်သွားသည်။လှောင်အိမ်ကျိုးပဲ့သွားသည်နှင့် မိုးကောင်းကင်တာအို၏အငွေ့အသက်များလည်း ချက်ချင်းပင် လွင့်ပြယ်သွားပေ၏။
လူလတ်ပိုင်းကြီးသည် ထိုကိစ္စအား ပြုလုပ်ပြီးသည်နှင့် မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့သကဲ့သို့ တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေသည်။
သူသည် လုယွီ၏နောက်ထပ် ကိုယ်ပွါးတစ်ခုဖြစ်သော ကောင်းကင်ဘုံဧကရာဇ်ဖြစ်ပေ၏။
ဤလောကကြီး၏မိုးကောင်းကင်တာအို အလွန်အားကောင်းနေလျှင်ပင် အတိတ်မှအုပ်ချုပ်သူအရှင်သခင်၏ လက်သီးတစ်ချက်ကို ခံနိုင်ရည်ရှိမည်မဟုတ်ချေ။
"ဘာ..."
လုချမ်ချိုး၏စိတ်နှလုံးသား တုန်ရီသွားပြီး သူက အံ့အားသင့်တုန်လှုပ်စွာဖြင့် မတ်တတ်ထရပ်လိုက်သည်။
တစ်စုံတစ်ယောက်သည် မိုးကောင်းကင်တာအိုလှောင်အိမ်အား ဖျက်ဆီးပစ်နိုင်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။
ဤသည်က လူသားတစ်ယောက်၏စွမ်းအားမျိုး မဖြစ်နိုင်ပေ။
"အဲ့ဒီပစ္စည်းက မင်းလက်ထဲမှာရှိနေရင်...မှားယွင်းတဲ့အရာတွေကိုပဲ လုပ်ဆောင်ရလိမ့်မယ်"
လုယွီ၏အသံ ထွက်ပေါ်လာသည်နှင့် ကောင်းကင်ဘုံဧကရာဇ်ကိုယ်ပွါးက ရှေ့သို့တရကြမ်း ပြေးတက်သွားသည်။
"မင်း လုပ်ရဲလား"
လုချမ်ချိုးက အလျှင်အမြန်နောက်ဆုတ်ပြီး သူကိုယ်သူကာကွယ်နိုင်ရန်အတွက် သူ၏လက်အတွင်းမှ ကျားသင်္ကေတကိုအသုံးပြု၍ မိုးကောင်းကင်တာအိုအား ဆင့်ခေါ်လိုက်သည်။
ကံဆိုးစွာဖြင့် မိုးကောင်းကင်တာအို၏စွမ်းအားသည် ကောင်းကင်ဘုံဧကရာဇ်အား ရင်ဆိုင်အံ့တုနိုင်စွမ်းမရှိချေ။ကျားသင်္ကေတသည် ကောင်းကင်ဘုံဧကရာဇ်ကိုယ်ပွါးထံမှ အဝေးသို့ ရှောင်ထွက်ပြေးသွားတော့သည်။
Chapter 1362
ကျားသင်္ကေတသည် ကောင်းကင်ဘုံဧကရာဇ်ကိုယ်ပွါး၏ လိုက်လံဖမ်းဆီးခြင်းခံနေရသည်ကို မြင်တွေ့ရသော လုချမ်ချိုးက အံ့သြထိတ်လန့်သွားသည်။
သူသည် နည်းလမ်းတချို့ကိုအသုံးပြု၍ မိသားစုရတနာအား ရှာဖွေတွေ့ရှိခဲ့သည်။လုဝူသီတို့လူစု ပင်မခန်းမရှေ့၌ တိုက်ခိုက်နေစဥ်တွင် သူက အနောက်ဘက်ခြံဝန်းအတွင်းသို့ခိုးဝင်၍ ကျားသင်္ကေတအား ရရှိခဲ့သည်။
အစောပိုင်းတွင် ကျားသင်္ကေတသည် သူ၏ထိန်းချုပ်မှုအောက်၌ ရှိနေသဖြင့် ထိုရတနာ၏စွမ်းအားကို သူ ကောင်းစွာသိရှိသည်။
မူအစောင့်အရှောက်ကဲ့သို့ မြင့်မြတ်သူမျိုးပင်မက တခြားမည်သူမဆို ကျားသင်္ကေတ၏စွမ်းအားရှေ့၌ အရှုံးပေးရပေမည်။
ထိုကျားသင်္ကေတနှင့်ဆိုပါက သူသည် လုမိသားစုခေါင်းဆောင်ဟူသော နေရာ၌ အခိုင်အမာရပ်တည်နိုင်မည်ဟု လုချမ်ချိုးက တွေးထင်ထားသည်။သို့ရာတွင် လုယွီသည် သူ၏ကိစ္စရပ်များအား ဖျက်လိုဖျက်ဆီးလုပ်မည်ဟု သူ မျှော်လင့်မထားမိချေ။
သူ့အားပို၍ စိတ်မသက်မသာခံစားရစေသည်မှာ လုယွီ၏နံဘေး၌ မတ်တတ်ရပ်နေသော လူလတ်ပိုင်းကြီးဖြစ်သည်။သူသည် ထိုလူလတ်ပိုင်းကြီး၏ကျင့်ကြံဆင့်နယ်ပယ်အား ထွင်းဖောက်မြင်နိုင်ခြင်းမရှိချေ။
သို့ရာတွင် လက်သီးထိုးနှက်ချက်သက်သက်ဖြင့် မိုးကောင်းကင်တာအိုလှောင်အိမ်အား ကျိုးပဲ့စေသော တစ်ဖက်လူသည် လွယ်ကူသူမဟုတ်ခြင်းကို လုချမ်ချိုး ကောင်းစွာသိရှိသည်။
"လွတ်မြောက်စမ်း"
လုချမ်ချိုးသည် ကျားသင်္ကေတအား ပြန်လည်၍အလိုမရှိတော့ချေ။သူသည် ယခင်ကပင် လုယွီ၏ပြိုင်ဘက် မဖြစ်နိုင်ချေ။ယခုလက်ရှိချိန်တွင် လုယွီထံသို့ ကျားသင်္ကေတရောက်ရှိသွားပြီဖြစ်သဖြင့် သူ ခုခံတိုက်ခိုက်ခြင်းပင် ပြုလုပ်နိုင်တော့မည်မဟုတ်ပေ။
သူ အသက်ရှင်နိုင်ရန်အတွက် တစ်ခုတည်းသောရွေးချယ်စရာမှာ ထွက်ပြေးရန်ပင်။
"ပြေးချင်သေးတာလား"
လုယွီက အေးစက်စက်နှာမှုတ်ပြီး သူ၏လက်ကိုဆန့်ထုတ်ကာ နဂါးနက်လက်သည်းကို ချက်ချင်းအသုံးပြုလိုက်သည်။
နဂါးနက်လက်သည်းသည် လေထုအတွင်းမှ ပျံဝဲရောက်ရှိလာပြီး လုချမ်ချိုး၏ခြေချင်းဝတ်ကို ဆုပ်ကိုင်လိုက်၏။လုချမ်ချိုးက ခုခံရန်ဟန်ပြင်နေစဥ်မှာပင် လုယွီ၏လက် အောက်သို့ကျဆင်းလာခြင်းနှင့်အတူ ပြင်းထန်သောဖိအားလှိုင်းထွက်ပေါ်လာပြီး လုချမ်ချိုးအား မြေပြင်ပေါ်၌ ဖိနှိပ်ထားလေသည်။
လုချမ်ချိုးသည် မြေပြင်ပေါ်၌ ဖိနှိပ်ခံရသည်နှင့် သူက ဒေါသတကြီးအော်ဟစ်လိုက်၏။
"မိသားစုရတနာ...အရှင်သခင်ကို မြန်မြန်ကာကွယ်စမ်း"
ဝုန်း...
ဤအချိန်အခိုက်အတန့်တွင် ကျားသင်္ကေတမှ ရွှေရောင်အလင်းတန်းများ တောက်ပစွာဖြာထွက်လာပြီး ကောင်းကင်ဘုံဧကရာဇ်ကိုယ်ပွါး၏ လက်ဖဝါးအတွင်းမှ လွတ်မြောက်နိုင်ရန် ရုန်းကန်နေတော့သည်။
လုချမ်ချိုးက ရယ်မောပြီး အပြုံးနှင့်ပြောဆိုသည်။
"စိတ်ကြီးဝင်နေတဲ့ ကောင်စုတ်လေး...မင်းက ကျားသင်္ကေတကို ရထားတယ်ဆိုရင်တောင် ဘာလုပ်နိုင်မှာမလို့လဲ...ဒါက မိသားစုရတနာကွ....ဒီလိုရတနာမျိုးက ငါတို့လုမိသားစုရဲ့သွေးမျိုးဆက်ရှိတဲ့သူတွေကလွဲရင် တခြားသူအသုံးပြုလို့မရဘူး...မင်းလိုကောင်ကတော့...မင်းကိုယ်မင်း ဘာထင်နေလဲ"
လုယွီက မျက်မှောင်ကြုတ်ပြီး ကောင်းကင်ဘုံဧကရာဇ်ကိုယ်ပွါး၏နံဘေးသို့ လျှောက်လှမ်းသွားကာ ကျားသင်္ကေတအား တိတ်တဆိတ်ကြည့်ရှုလိုက်သည်။
"လုမိသားစုသွေးမျိုးဆက်လား...ဒါက မခက်ခဲပါဘူး"
လုယွီက တည်ငြိမ်စွာပြောဆိုသည်။
လုချမ်ချိုးက ပြက်ရယ်ပြုလိုက်၏။
"မင်းက တခြားသူဆီကသွေးကို ငှါးရမ်းယူဖို့ တွေးနေတာလား...ဟား ဟား ဟား...သွေးယဇ်ပူဇော်ပြီး မိသားစုရတနာကို သန့်စင်တဲ့သူကပဲ အရှင်သခင်ဖြစ်နိုင်နိုင်တယ်.....မင်းရဲ့မှော်ရတနာကို တခြားသူကိုပေးဖို့ မင်း ဆန္ဒရှိလို့လား"
သူက စိတ်ဝမ်းကွဲပြားစေရန် ရည်ရွယ်၍ သွေးထိုးပေးခြင်းဖြစ်သည်။
အဆုံးသတ်၌ ဝမ်ချန်းသည် သူစိမ်းတစ်ယောက်ဖြစ်ပေ၏။လက်ရှိလုမိသားစုအခြေအနေသည် အတွင်းရေးပဋိပက္ခဖြစ်နေသည်ဟု ဆိုနိုင်သည်။
လုချမ်ချိုး မည်မျှပင်ရမ်းကားနေပါစေ သူသည် လုမိသားစုဝင်တစ်ယောက်ဖြစ်သည်။အပြင်လူတစ်ယောက်ဖြစ်သော ဝမ်ချန်းသည်သာ လုမိသားစုရတနာအား ယူဆောင်ထားခြင်းမျိုး ဖြစ်နေပေ၏။
လုမိသားစုအကြီးအကဲသုံးယောက်က မတ်တတ်ထရပ်ပြီး ပြောဆိုသည်။
"ဝမ်ချန်း...ငါတို့ရဲ့ အမွေခံရတနာကို ပေးပါ"
"မိသားစုခေါင်းဆောင်ဘယ်လိုရွေးမလဲဆိုတာ ငါတို့လုမိသားစုရဲ့ကိစ္စ...မင်း ပါဝင်ပတ်သက်လို့မရဘူး"
လုမိသားစုလား....
လုယွီက ပြောဆိုလိုက်၏။
"ဒါက ငါ့အတွက် အခက်အခဲရှိတာမျိုးမှ မဟုတ်တာ"
သူက ခေါင်းမော့ပြီးနောက် သူ၏လက်ချောင်းထိပ်၌ သွေးတစ်စက်ကိုသိပ်သည်း၍ ကျားသင်္ကေတပေါ်သို့ ချလိုက်သည်။
"ဟား ဟား ဟား...မိုက်မဲလိုက်တာ...ဒီတစ်ကြိမ်တော့ မင်းကို ငါကိုယ်တိုင်ရှင်းစရာတောင် မလိုလောက်တော့ဘူး...ဒါက ငါတို့လုမိသားစုရဲ့ အမွေခံရတနာဆိုတာ မင်း သိလား...တကယ်လို့ အပြင်လူတစ်ယောက်က ဒါကိုသန့်စင်ဖို့ အတင်းအကြပ်ကြိုးစားမယ်ဆိုရင်...တန်ပြန်ဒဏ်ကို ခံစားရလိမ့်မယ်...မင်း သေဖို့သာပြင်ထားတော့"
လုချမ်ချိုးက အူလှိုက်သည်းလှိုက် ရယ်မောနေလေ၏။
သို့ရာတွင် သူ၏ရယ်မောသံသည် ကြာရှည်မခံဘဲ အချိန်တခဏအတွင်းမှာပင် ရပ်တန့်သွားသည်။
လုယွီ၏သွေးသည် ကျားသင်္ကေတနှင့် ချက်ချင်းပင်ပေါင်းစပ်သွားပေ၏။သူကိုကြည့်ရသည်မှာလည်း သာမာန်အတိုင်းတည်ငြိမ်နေပြီး မည်သည့်တန်ပြန်ဒဏ်မှ ခံစားရပုံမပေါ်ချေ။
Chapter 1363 :
လုယွီ၏သွေးစက် ပျော်ဝင်သွားသည်နှင့် ကျားသင်္ကေတ၏မျက်နှာပြင်ပေါ်မှနေ၍ တောက်ပသောရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
ထိုရွှေရောင်အလင်းတန်းများသည် ယခင် လုချမ်ချိုးအသုံးပြုစဥ်ကထက် ပို၍တောက်ပပြီး အစွမ်းထက်ပုံရသည်။
ရွှေရောင်ရှေးဟောင်းစည်းတံဆိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီးနောက် သာယာနာပျော်ဖွယ်အသံတစ်သံနှင့်အတူ ထူးဆန်းသောသဘာဝလွန်ပုံရိပ်တစ်ခုက မိုးကောင်းကင်ယံ၌ ထွက်ပေါ်လာသည်။
အစောပိုင်းက နီမြန်းတောက်ပနေသော မိုးကောင်းကင်သည် ရုတ်တရက် မှိန်ကျသွားသည်။တိမ်စိုင်တိမ်လိပ်များက အဆက်မပြတ် လူးလွန့်နေပြီး သံချပ်ကာဝတ်စစ်သားများ၏ပုံရိပ်ယောင်များကို ရံဖန်ရံခါမြင်နေရသည်။
သံချပ်ကာဝတ်စစ်သားများ၏ပုံရိပ်ယောင်များသည် အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာ ကုန်ဆုံးပြီးနောက် ပျောက်ကွယ်သွားပေ၏။
ထိုသဘာဝလွန်ပုံရိပ်သည် အချိန်အနည်းငယ်သာ ထွက်ပေါ်လာသော်လည်း လူအမြောက်အများ တွေ့မြင်ကြရသည်။
"သူက အမွေခံရတနာကို သန့်စင်ခဲ့တာပဲ"
"ဒီသဘါဝလွန်ပုံရိပ်ကိုကြည့်ရတာ အရင်လုချမ်ချိုး သန့်စင်ခဲ့တုန်းကထက် ပိုအစွမ်းထက်ပုံရတယ်...ဒီဝမ်ချန်းရဲ့နောက်ခံက ဘာများပါလိမ့်"
အစောပိုင်းက စကားပြောဆိုနေခဲ့သော လုမိသားစုအကြီးအကဲသုံးယောက်သည် သူတို့၏နေရာများမှာပင် မတ်တတ်ရပ်၍ အံ့သြထိတ်လန့်နေသောအမူအယာများဖြင့် မိုးကောင်းကင်အား မော့ကြည့်နေကြ၏။
"မဖြစ်နိုင်ဘူး...ဘယ်လိုမှမဖြစ်နိုင်ဘူး...ငါရထားတဲ့ သတင်းအချက်အလက်က မမှားနိုင်ဘူး...အမွေခံရတနာက ရှေးအချိန်တွေကတည်းကနေ လုမိသားစုအစဥ်အဆက်ပဲ လက်ဆင့်ကမ်းလို့ရတာ...ဒီရတနာရဲ့အသိအမှတ်ပြုမှုကို လုမိသားစုကလူတွေပဲခံယူနိုင်မှာ"
လုချမ်ချိုး၏မျက်နှာ ရှုံမဲ့နေပြီး သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။ရုတ်တရက် သူက တစ်စုံတစ်ခုကိုတွေးတောမိသွားပုံဖြင့် သူ၏မျက်နှာအမူအယာ ရုတ်တရက်ပြောင်းလဲသွားသည်။
လုချမ်ချိုးက လုယွီထံ လက်ညှိုးညွှန်၍ စူးရှရှအော်ဟစ်လေသည်။
"မင်းရဲ့သရုပ်မှန်ကို ဖုံးကွယ်ထားတာပဲဖြစ်မယ်...ဘယ်လိုပဲဖြစ်ဖြစ် မင်းက ဝမ်ချန်းဆိုတာ မဖြစ်နိုင်ဘူး"
ထိုစကားသံကြားသည်နှင့် လူအုပ်ကြီးထံမှ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။
လူတချို့က လုယွီသည် သူ၏အစစ်အမှန်ပုံပန်းသွင်ပြင်ကို ဖုံးကွယ်ထားသော အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဟု ယခင်ကတည်းက မှန်းဆခဲ့ကြသည်။လုယွီ၏သရုပ်မှန်နှင့်ပတ်သက်၍ ပြောဆိုဆွေးနွေးကြသော လူများလည်း ရှိခဲ့ပေ၏။
ဤကဲ့သို့ အချေအတင်ငြင်းခုံကြရသည့် အကြောင်းအရင်းမှာ လုယွီသည် ဤနယ်မြေအတွင်း၌ ရုတ်တရက်ဆန်စွာ ပေါ်ထွက်လာခြင်းကြောင့်ဖြစ်သည်။သူ၏ကျင့်ကြံဆင့်နှင့်ခွန်အားသည် သက်တူရွယ်တူများအား အကြီးအကျယ်ဖိနှိပ်ထားနိုင်ခဲ့သည်။ထို့ပြင် သက်ကြီးမျိုးဆက်မှ အစွမ်းထက်ကျင့်ကြံသူအများစုပင် လုယွီ၏ပြိုင်ဘက်ဖြစ်ရန် အလှမ်းကွာဟနေပေ၏။
နောက်ပိုင်းတွင် လုယွီသည် ရေခဲနယ်မြေ၏တာအိုမီးပိုးကောင်မှ လိုက်လံဖမ်းဆီးခြင်းကို ခံရပြီးနောက် အရိပ်အယောင်မကျန်ဘဲ ပျောက်ကွယ်သွားမှသာလျှင် ထိုငြင်းခုံမှုများ တဖြည်းဖြည်း ရပ်တန့်သွားခဲ့သည်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ လုချမ်ချိုး၏ကျယ်လောင်သော အော်ဟစ်ပြောဆိုသံနှင့်အတူ လူအများက လုယွီအား တစ်ဖန်ပြန်၍ အာရုံစူးစိုက်လာကြသည်။
သူသည် လုမိသားစု၏အမွေခံရတနာအား သန့်စင်နိုင်ခဲ့သဖြင့် လုမိသားစုဝင်တစ်ယောက် ဖြစ်နေသလော။
လုမိသားစုမှမည်သည့်ကျင့်ကြံသူသည် ဝမ်ချန်း ဖြစ်နေသနည်း။
"ဟား ဟား ဟား...မင်းက လုမိသားစုကိုကူညီဖို့ အရမ်းစိတ်အားထက်သန်နေတာ အံ့အားသင့်စရာမရှိတော့ဘူး...ဒီအခြေအနေမျိုးရောက်နေတာတောင် မင်းက ဆက်ပြီးဟန်ဆောင်ချင်သေးတာလား"
လုချမ်ချိုး၏အမူအယာသည် တဖြည်းဖြည်းနှင့် ရူးသွပ်စပြုလာပြီး သူက ဒေါသတကြီးအော်ဟစ်လိုက်၏။
"မင်းက ဘယ်သူလဲ"
ဤအချိန်တွင် သူ အပြည့်အဝရှုံးနိမ့်သွားပြီဖြစ်ကြောင်းကို လုချမ်ချိုးက သိရှိထားသည်။သို့ရာတွင် သူ၏နောက်ဆုံးအချိန်အခိုက်အတန့်၌ သူ မည်သူအားရှုံးနိမ့်ခဲ့သည်ကို သိလိုပေ၏။
ပတ်ဝန်းကျင်၌ တိတ်ဆိတ်ငြိမ်သက်မှုများ ကြီးစိုးနေပြီး လုဝူသီနှင့်လုဝူဟိုင်တို့၏အကြည့်များပင် လုယွီထံ စူးစိုက်၍ကျရောက်နေသည်။လုယွီသည် အပြင်လူတစ်ယောက်ဟု ယခင်က သူတို့တွေးတောခဲ့ကြသည်။သို့ရာတွင် လုယွီသည် လုမိသားစုဝင်တစ်ယောက်ဖြစ်ကြောင်း ထင်ရှားလာချိန်တွင် ဘိုးဘေးနှစ်ယောက်လုံး ဇဝေဇဝါဖြစ်နေကြသည်။
"အဲ့ဒီနေ့တုန်းက သူ့ရဲ့အရိုးစစ်ဆေးမှုကနေ သူ့ရဲ့အသက်ကို ငါ မြင်တွေ့ပြီးပြီ...ဒါက မမှားနိုင်တာ သေချာတယ်...သူရဲ့အသက်က တကယ့်ကို ဒီအရွယ်ပဲ...ဒါပေမယ့် ဒီလိုအသက်အရွယ်မျိုးမှာ လုဝူယာကလွဲရင် ခုလောက်အံ့အားသင့်စရာ ပါရမီကောင်းတဲ့လူမျိုး ငါတို့လုမိသားစုမှာမရှိဘူး"
လုဝူသီသည် လုယွီ၏သရုပ်မှန်ကို မှန်းဆနေသော်လည်း သူ တွေး၍ရသောလူအများစုကို ဖယ်ထုတ်ခဲ့ရသည်။
လုယွီက လုချမ်ချိုးကို တစ်ချက်ကြည့်ပြီး သက်ပြင်းချလိုက်၏။သူ ထိုက်ကျိပြောင်းလဲခြင်းဖြင့် ပြုလုပ်ထားသော ပုံပန်းသွင်ပြင်မှ သူ၏မူလသွင်ပြင်သို့ ပြန်လည်ပြောင်းလဲလိုက်တော့သည်။
ဝမ်ချန်း၏မျက်နှာအောက်တွင် ပို၍ငယ်ရွယ်ချောမောသောမျက်နှာ ရှိနေပေ၏။
အကယ်၍ တစ်စုံတစ်ယောက်က အနီးကပ်ကြည့်ရှုပါက လုယွီ၏မျက်ခုံးကြားမှထွက်ပေါ်နေသော လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အရှိန်အဝါသည် လုဝူသီထံမှ အရှိန်အဝါနှင့် တူညီမှုတချို့ရှိနေသည်ကို မြင်တွေ့ရပေမည်။
"မင်းပြောတာ မှန်တယ်...ငါ့ရဲ့ နာမည်အစစ်အမှန်က ဝမ်ချန်းမဟုတ်ဘူး"
လုယွီက ခေါင်းမော့၍ လုမိသားစုလူအားလုံးကို ဝေ့ဝိုက်ကြည့်လိုက်သည်။သူ၏အသံသည် လုမိသားစုများရှိနေရာ နေရာတိုင်း၌ ပဲ့တင်ထပ်နေသည်။
"ငါ့နာမည်က လုယွီ...ငါ့အဖေနာမည်က လုခိုင်ရှန်...ပြီးတော့ ငါ့အမေက ဟန်ယွီရုံပဲ"
Chapter 1364
လုယွီ...
ဤနာမည်သည် လုမိသားစုဝင်များနှင့် အစိမ်းသက်သက်ဖြစ်သည်။သို့ရာတွင် လုခိုင်ရှန်ဟူသော အမည်ကိုမူ မည်သူတစ်ဦးတစ်ယောက်ကမျှ မေ့လျော့ခြင်းမရှိချေ။
အတိတ်ကိုပြန်ကြည့်ပါက လုမိသားစု၏ဘိုးဘေးငယ်ဖြစ်သော လုခိုင်ရှန်သည် အလွန်ထူးချွန်ပြီး ချောမောခန့်ညားသူဖြစ်သည်။သူ ငယ်ရွယ်စဥ်က သက်တူရွယ်တူလူငယ်အမြောက်အများကို ဖိနှိပ်နိုင်သည်အထိ ထူးချွန်ခဲ့သူပင်။သူသည် လုမိသားစု၏အထူးချွန်ဆုံး လူငယ်မျိုးဆက်ဟူသော အဆင့်အတန်း၌ တည်တည်ငြိမ်ငြိမ်ရပ်တည်နိုင်ခဲ့သည်။
သို့ရာတွင် ပင်မလုမိသားစု၏မတော်တဆဖြစ်ရပ်အပြီးတွင် မိသားစုဝင်များ၏ကျင့်ကြံဆင့်နယ်ပယ်များ နိမ့်ကျသွားခဲ့ရာ လုခိုင်ရှန်သည်လည်း ချွင်းချက်မဟုတ်ချေ။
လုခိုင်ရှန်၏ကျင့်ကြံဆင့်နယ်ပယ်သည် အဆက်မပြတ်နိမ့်ပါးလာခဲ့ပြီး လုမိသားစုသည်သေရေးရှင်ရေး အခြေအနေတွင်း ရောက်ရှိနေသည်ကိုလည်း သူ ရှင်းရှင်းလင်းလင်း နားလည်ထားခဲ့သည်။ထို့ကြောင့် သူက လုမိသားစုဝင်တချို့ကိုခေါ်ယူ၍ တောင်ပိုင်းစွန့်ပစ်ကုန်းမြေသို့ ဦးတည်ထွက်ခွါသွားတော့သည်။
ထိုအချိန်မှစ၍ လုခိုင်ရှန်ဟူသောနာမည်အား လုမိသားစုအတွင်း၌ ဖော်ပြသည်မှာ အလွန်ရှားပါးလာသည်။
နှစ်အနည်းငယ်ကြာပြီးနောက်တွင် လုခိုင်ရှမ်သည် မိသားစုသို့ပြန်လာခြင်းမရှိသော်လည်း သူ၏သားဖြစ်သူကမူ အံ့သြထိတ်လန့်ဖွယ်အပြုအမူမျိုးနှင့် ပြန်လည်ရောက်ရှိလာမည်ဟု မည်သူကမျှ မျှော်လင့်ထားခြင်းမရှိချေ။
ဆေးဝါးတာအို၏အရှင်သခင်..ငယ်ရွယ်သောသိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူ..ရေခဲနယ်မြေ၏မူအစောင့်အရှောက်
အဆင့်အတန်းတစ်ခုစီသည် တောင်ကြီးတစ်လုံးတမျှ လေးလံသော်လည်း လုယွီထံတွင် အဆင့်အတန်းအားလုံး စုစည်းနေသည်။
"သူက လုယွီတဲ့လား...ဦးလေးလုရဲ့သားပေါ့လေ...သူက ငါ့ရဲ့...."
ချူးယွီလော်၏မျက်လုံးအကြည့်သည် လေထုအတွင်းမှပုံရိပ်ထံတွင်သာ စူးစိုက်၍ကျရောက်နေပြီး သူမ၏နှလုံးသား တုန်ရီနေပေ၏။
ရုတ်ချည်းဆိုသလိုပင် သူမ၏မျက်နှာပူနွေးလာသည်ကို ခံစားမိသည်။သူမသည် အလွန်ရှက်ရွံနေသော်လည်း ဖြေဖျောက်လိုစိတ်မရှိချေ။
"သူက ရှန်အာရဲ့သားပဲ...ဒါက ငါ့ရဲ့မြေးလို့ဆိုလိုတာ မဟုတ်လား"
လုဝူသီသည် လေထုအတွင်းရှိလူငယ်လေးကို ဝေခွဲရခက်စွာ ကြည့်လိုက်မိသည်။
ယခင်ကတည်းက လုယွီအားဆွဲခေါ်ထားရန် ကြံရွယ်ခဲ့သော သူ၏စိတ်ကို သူပြန်ကျေးဇူးတင်ရပေမည်။
"ငါရဲ့ဘဝမှာ လုခိုင်ရှမ်ကြောင့် အကျိုးကျေးဇူးတွေအများကြီး ရရှိခဲ့တယ်...သူဒဏ်ရါရထားတာကို ငါကတစ်ကိုယ်ကောင်းဆန်ပြီး ငါ့ရဲ့ဒဏ်ရါတွေကိုကုသဖို့ တံခါးပိတ်ကျင့်ကြံမှုသာမလုပ်ခဲ့ဘူးဆိုရင်...သူ တောင်ပိုင်းစွန့်ပစ်ကုန်းမြေကို ထွက်ပြေးသွားမှာမဟုတ်ဘူး...သူက မိန်းမယူပြီး ကလေးတွေရသွားတာတောင် ငါ မသိခဲ့ဘူး"
လုဝူသီ၏မျက်နှာပေါ်၌ ခါးသည်းမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
"ဒါက အဆုံးသတ်သွားပြီ"
လုမိသားစုအကြီးအကဲသုံးယောက်သည် သူတို့၏စိတ်နှလုံးသားအတွင်းမှနေ၍ နက်နက်ရှိုင်းရှိုင်းခံစားနေရ၏။အစောပိုင်းက သူတို့သည် လုယွီအား အပြင်လူဟူသော အကြောင်းပြချက်ဖြင့် မောင်းထုတ်ရန် ကြိုးစားခဲ့ကြသည်။သို့ရာတွင် ယခုလက်ရှိအချိန်တွင်မူ သူတို့ထံ၌ နည်းလမ်းမရှိတော့ချေ။
တစ်ဖက်လူသည် ငယ်ရွယ်သောအစွမ်းထက်ကျင့်ကြံသူ ဖြစ်နေရုံသာမက လုမိသားစု၏စစ်မှန်သောမျိုးဆက်လည်း ဖြစ်နေသည်။သူပြန်လာခြင်းသည် မိသားစုခေါင်းဆောင်ရာထူးကို ရယူရန်ဟုဆိုလျှင်ပင် လမ်းကြောင်းမှန်သာဖြစ်ပေ၏။
ဆန့်ကျင်ဘက်အနေဖြင့် သူတို့သုံးယောက်သည် မိသားစုအားသစ္စာဖောက်ခဲ့သူများ ဖြစ်သွားသည်။
"ဟား ဟား ဟား ဟား"
လုချမ်ချိုးသည် ရုတ်တရက် အူလှိုက်သည်းလှိုက် ရယ်မောလိုက်၏။
"လုခိုင်ရှန်လား...သူက ပြန်မလာဘဲ သူ့ရဲ့သားကို လွှက်လိုက်တာပေါ့လေ...ဘာလဲ...ငါ့ကိုတွေ့ဖို့ ပြန်မလာရဲလို့လား...ဟား ဟား ဟား"
လုယွီက ပြောဆိုသည်။
"မင်းကိုယ်မင်း အရမ်းအရေးကြီးတယ်လို့ ထင်နေပုံပဲ...မင်းက ငါကိုတောင် မယှဥ်ပြိုင်နိုင်တာ...ငါ့ရဲ့အဖေကို ပြန်လာဖို့ပြောရဲသေးတာလား"
"ငါက လုမိသားစုအကြောင်းကို အတော်များများစုံစမ်းပြီးပြီ...အတိတ်ကိုပြန်ကြည့်ရင် မင်းက ငါ့အဖေရဲ့ပြိုင်ဘက် မဖြစ်နိုင်ခဲ့ဘူး...မင်းက ဘယ်လိုလျှို့ဝှက်နည်းလမ်းတွေကိုပဲ သုံးခဲ့သုံးခဲ့...ငါ့အဖေကို မယှဥ်ပြိုင်နိုင်ခဲ့ဘူး...ဒါကြောင့် ငါ့အဖေ လုံးဝစိတ်မဝင်စားတဲ့ ဆေးတာအိုလမ်းကြောင်းကိုရွေးချယ်ဖို့ မင်း ဆုံးဖြတ်ခဲ့တယ်...အဲ့ဒီနည်းလမ်းကသာ မင်းရဲ့ဘဝင်မြင့်တဲ့အတွင်းစိတ်ကို ကျေနပ်နှစ်သိမ့်မှုပေးနိုင်မှာလေ"
လုချမ်ချိုး၏မျက်နှာသည် ရှက်ရွံမှုကြောင့် နီမြန်းသွားပေ၏။သူက အော်ဟစ်လိုက်သည်။
"မင်း ဘာသိလို့လဲ...ငါ့ရဲ့ဆေးတာအိုအရည်အချင်းက ဘယ်သူကိုမှမရှုံးနိမ့်နိုင်ဘူးကွ...ငါက လုမိသားစုရဲ့ဆေးနတ်ဘုရားပဲ"
"ဆေးနတ်ဘုရားလား"
လုယွီက ခေါင်းခါယမ်းလိုက်၏။
"မောက်မာပြီး အဆင်အခြင်မဲ့လိုက်တာ"
ထိုစကားလုံးများသည် လုချမ်ချိူး၏နားအတွင်းသို့ ပြင်းပြင်းထန်ထန် ဝင်ရောက်လာသည်။အချိန်အတော်ကြာသည်အထိ လုချမ်ချိုး၏စိတ်အတွင်း၌ ထိုစကားလုံးများကသာ အဆက်မပြတ်ပဲ့တင်ထပ်နေပေ၏။
လုယွီက ဆက်လက်ပြောဆိုသည်။
"ငါက မင်းရဲ့ဆေးဖော်စပ်နည်းတွေကို မြင်ဖူးပြီးပြီ...မင်းက ရှေးဟောင်းအမွေအနှစ်တချို့ကို ဆက်ခံထားပုံရတယ်...မင်းရဲ့ဆေးဖော်စပ်နည်းမှာအသုံးပြုရတဲ့ ဆေးဖက်ဝင်ပစ္စည်းအများစုက ရှေးဦးခေတ်ကတည်းက လက်ဆင့်ကမ်းလာခဲ့တာတွေ..."
"ဒါပေမယ့် ဆေးတာအိုအပေါ် မင်းရဲ့နားလည်သဘောပေါက်မှုက ဆံချည်တစ်မျှင်စာတောင်မရှိဘူး...မင်း ဆက်ခံထားတဲ့ ဆေးဖော်စပ်နည်းတွေကို တစ်ပုံစံတည်း ပုံတူကူးချပြီး အသုံးပြုခဲ့တယ်...မင်း သိရဲ့လား...ရှေးဟောင်းဆေးဖော်စပ်နည်းတွေက အမှားအယွင်းမရှိပေမယ့် မင်း လွဲမှားနေတဲ့အချက်တစ်ချက်ရှိတယ်...ရှေးဟောင်းဆေးဖော်စပ်နည်းတွေက ရှေးခေတ်ကလူတွေအတွက် ရည်ရွယ်ပြီးဖော်စပ်ထားတာ...ဒါပေမယ့် အခုလက်ရှိလူတွေရဲ့ ခန္ဓာကိုယ်အခြေအနေက ရှေးခေတ်ကလူတွေနဲ့ ကွာဟချက်အကြီးကြီးရှိတယ်"
"တကယ်လို့သာ မင်းမှာ မင်းကိုယ်ပိုင်ထင်မြင်ချက်တချို့ရှိနေရင်...ငါ မင်းကို နည်းနည်းလောက်တော့ လေးစားမိအုံးမယ်...ဒါပေမယ့် မင်းက ရှေးဟောင်းဆေးဖော်စပ်နည်းတွေထဲက ဆေးတချို့ကိုသန့်စင်နိုင်တာနဲ့ပဲ စိတ်ကြီးဝင်ပြီး မင်းကိုယ်မင်း ဆေးနတ်ဘုရားလို့ သတ်မှက်လိုက်တယ်ပေါ့လေ...ရယ်စရာကောင်းလိုက်တာ"
Chapter 1365
လုယွီ၏စကားလုံးများသည် မြောက်များစွာသောဓားများကဲ့သို့ လုချမ်ချိုး၏စိတ်နှလုံးသားကို ထိုးစိုက်နေသည်။သူ၏မျက်နှာတစ်ခုလုံးနီမြန်းနေပြီး သူက အံ့တင်းတင်းကြိတ်ကာ လုယွီကိုလက်ညှိုးညွှန်၍ အော်ဟစ်လိုက်သည်။
"မင်း...မင်း...."
လုယွီက ဆက်လက်ပြောဆိုသည်။
"မင်းရဲ့ဆေးတာအိုအကြောင်းတော့ ငါ ပြောပြီးသွားပြီ...အခု မင်းရဲ့အမူအကျင့်အကြောင်း ငါ ပြောမယ်...မိသားစုအတွင်းရေးပဋိပက္ခတွေမှာ နည်းလမ်းမျိုးစုံ အသုံးပြုကြလေ့ရှိကြတယ်...တချို့နည်းလမ်းတွေက စက်ဆုပ်ဖို့ကောင်းတယ်ဆိုပေမယ့် အနည်းဆုံးတော့ ငါ နားလည်ပေးလို့ရသေးတယ်...ဒါပေမယ့် မင်း မလုပ်သင့်ဆုံးကိစ္စတစ်ခုကတော့ ငါ့ကိုရန်စစော်ကားတာပဲ"
ယခင်က လုချမ်ချိုးသည် လုမိသားစုဝင်များအားလုံးကိုဖမ်းဆီး၍ လုဝူသီ၏ရှေ့၌ သူတို့အား ညှင်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ပစ်မည်ဟု ပြောဆိုခဲ့ဖူးသည်။
ဤသည်က လူသားတစ်ယောက် လုပ်သင့်သည့် ကိစ္စမျိုးမဟုတ်ချေ။
လုယွီက ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။
"မင်းက ဆေးတာအိုမှာလည်း ငါနဲ့ယှဥ်ပြိုင်လို့မရဘူး...မင်းရဲ့ကျင့်ကြံဆင့်နယ်ပယ်နဲ့ခွန်အားက ပိုလို့တောင်အားနည်းသေးတယ်...ငါ့ရဲ့လက်သီးတစ်ချက်ကိုတောင် မင်း ခံနိုင်မှာမဟုတ်ဘူး...ဒါတေါင်မှ မင်းက ငါ့ရဲ့အဖေကို ဒီနေရာထိလာစေချင်သေးတယ်...မင်းကိုယ်မင်း ဘာကောင်ထင်နေလဲ"
"ဖူး..."
လုချမ်ချိုး၏စိတ်နှလုံးသား တုန်ရီနေသည်။သူ၏ခံစားချက်သည် ရှက်ရွံမှုမှသည် ဒေါသထွက်ခြင်းသို့ ပြောင်းလဲသွားပေ၏။နောက်ဆုံး၌ သူ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာပြီး မြေပြင်ပေါ်သို့ မေ့လဲကျသွားတော့သည်။
သတိလစ်မေ့မျောနေသော လုချမ်ချိုးကို လျစ်လျှူရှု၍ လုယွီက လုမိသားစုအကြီးအကဲသုံးယောက်ဘက်သို့လှည့်ကာ သူ၏လက်ညှိုးကိုဆန့်ထုတ်လိုက်သည်။
"သူတို့သုံးယောက်ရဲ့ကျင့်ကြံဆင့်တွေကို ချိပ်ပိတ်ပြီး ထောင်သွင်းအကျဥ်းချထားရမယ်"
ဝုန်း...ဝုန်း...ဝုန်း...
ရုတ်ချည်းဆိုသလိုပင် မိုးကောင်းကင်မှနေ၍ အနက်ရောင်လှောင်အိမ်သုံးခု ကျဆင်းလာပြီး လုမိသားစုအကြီးအကဲသုံးယောက်ကို ပိတ်လှောင်ထားလေ၏။
အကြီးအကဲသုံးယောက်သည် ခုခံခြင်းမပြုကြချေ။ယခုအချိန်၌ သူတို့ မည်သည့်အရာကိုပဲ ပြုလုပ်ပါစေ အချည်းနှီးဖြစ်သည်ကို သူတို့က သိထားကြသည်။
လုယွီက ရုတ်တရက်ဆိုသလိုပင် လေထုအတွင်းသို့ ပျံဝဲတက်သွားပြီး အော်ဟစ်လိုက်၏။
"ဒီပုန်ကန်မှုမှာပါဝင်တဲ့ မိသားစုခွဲက တပည့်တွေနဲ့နောက်လိုက်တွေအားလုံး ဒီနေရာကနေ ခြေတစ်လှမ်းမှမရွေ့ဖို့ ငါ ပြောချင်တယ်"
မိုးကောင်းကင်တာအို၏စွမ်းအားလှိုင်းတစ်လှိုင်းက ထပ်မံ၍ ကျဆင်းလာသည်။
ချူးမိသားစုမှ အကြီးအကဲတချို့ အပါအဝင် ပုန်ကန်မှု၌ ပါဝင်ပတ်သက်ခဲ့သော လူအားလုံး၏မျက်နှာများ ဖြူရော်သွားပြီး သူတို့က နောက်ဆုံးတရားစီရင်ချက်ကို တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေရတော့သည်။
ယခုလက်ရှိချိန်၌ သူတို့သည် ခြေတစ်လှမ်းစာပင် ရွေ့လျား၍မရချေ။သူတို့၏နံဘေးပတ်ဝန်းကျင်၌ မိုးကောင်းကင်တာအို၏စွမ်းအားများ စုဝေးနေပြီး သူတို့အား နေရာ၌ပင် မလှုပ်နိုင်အောင် ချည်နှောင်ထားသည်။
လုမိသားစုဝင်များကမူ ထောင့်တစ်နေရာ၌ ရှိနေပေ၏။လုနန်ဖုန်းသည် ထိတ်လန့်ကြောက်ရွံစွာဖြင့် သူ၏ခြံဝန်းသို့ အပြေးပြန်သွားခဲ့သည်။ထို့နောက် သူ၏ယုံကြည်ရသောသက်တော်စောင့်များနှင့် အစေခံများကို ခေါ်ဆောင်ကာ စိတ်ဝိညာဥ်ကျောက်တုံးများအားလုံးကို သင်္ဘောပျံပေါ်သို့ တင်ဆောင်စေသည်။
လုယွီ သတ်ဖြတ်မှုများ စတင်ကတည်းက သူ တိတ်တဆိတ် ရှောင်ပြေးလာခဲ့သည်။သူထံ၌ ကြီးမားသောအခွင့်အရေး ရှိနေခဲ့သော်လည်း အချိန်မရွေးလွတ်မြောက်နိုင်ရန် အရန်အစီအစဥ်တစ်ခုအား သူ ပြင်ဆင်ထားသည်။ယခုချိန်၌ ထိုပြင်ဆင်ထားမှုသည် သူ့အတွက် အဆင်ပြေသွားစေ၏။
"သူက လုခိုင်ရှန်ရဲ့သားပဲ...ငါ ဘာလို့ အဲ့ဒါကို မတွေးမိပါလိမ့်"
လုနန်ဖုန်းက အလွန်အမင်း ထိတ်လန့်ကြောက်ရွံနေသည်။အကယ်၍ လုယွီသာ အပြင်လူတစ်ယောက်ဖြစ်နေပါက သူ့အတွက် အခွင့်အရေးရှိနိုင်သည်။
သို့ရာတွင် လုယွီ၏သရုပ်မှန်ကို သိရှိပြီးနောက် လုနန်ဖုန်းသည် တွေဝေနေခြင်းမျိုးမရှိတော့ချေ။အတိတ်တွင် သူသည် လုမိသားစုခွဲများမှခေါင်းဆောင်များနှင့် ပူးပေါင်း၍ လုခိုင်ရှန်အား လုမိသားစုမှ မောင်းထုတ်ခဲ့သည်။အကယ်၍သာ လုယွီထံ၌ လုမိသားစု၏အင်အား ရရှိသွားပါက သူ့အား အလွတ်ပေးမည်မဟုတ်ချေ။
"အစကတည်းက ငါ တောင်ပိုင်းစွန့်ပစ်ကုန်းမြေကို လူလွှက်ပြီး လုခိုင်ရှမ်ကို အပြတ်ရှင်းခဲ့သင့်တာ"
လုနန်ဖုန်း၏စိတ်နှလုံးသားတစ်ခုလုံး နောင်တတရားများ ဖိစီးနေသည်။
တောင်ပိုင်းစွန့်ပစ်ကုန်းမြေသည် မြောက်ပိုင်းနယ်မြေနှင့် အလွန်ဝေးကွာသောအရပ်၌ တည်ရှိသည်။ထိုအချိန်တုန်းက လုခိုင်ရှန်၏ကျင့်ကြံဆင့်သည် ရှီထျန်းနယ်ပယ်ထိ နိမ့်ကျသွားခဲ့ရာ မည်သည့်ပြဿကိုမျှ ဖန်တီးနိုင်စွမ်းရှိတော့မည်မဟုတ်ဟု သူ အခိုင်အမာယုံကြည်ထားခဲ့သည်။
စိတ်ပျက်ဖို့ကောင်းသည်မှာ နောင်တတရားသည် ယခုလက်ရှိချိန်၌ သူ့အတွက် အသုံးမဝင်တော့ချေ။
"မြန်မြန်...စိတ်ဝိညာဥ်ကျောက်တုံးတွေကိုသာ မြန်မြန်ထည့်ကြ...အဲ့ဒီ အဆင့်နိမ့်မှော်လက်နက်တွေကို ထားခဲ့တော့"
လုနန်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
ဤသင်္ဘောအတွင်းမှ ရတနာများနှင့်အတူ သူ၏သိုင်းသူတော်စင်ကျင့်ကြံဆင့်ကို ထည့်ပေါင်းပါက သူ တစ်ဖန်ပြန်လည်မြင့်တက်ရန် အခွင့်အရေးရှိနိုင်သည်။
ရုတ်ချည်းဆိုသလိုပင် သူ၏ဘေးပတ်ဝန်းကျင်ကို စွမ်းအားလှိုင်းတစ်လှိုင်း လွှမ်းခြုံလာသည်ကို သူ ခံစားမိလေ၏။
"မကောင်းတော့ဘူး"
လုနန်ဖုန်းက စူးရှကျယ်လောင်စွာအော်ဟစ်ပြီး ပိတ်ဆို့ခံရမှုကို ချိုးဖျက်ရန် ကြိုးစားလိုက်သည်။
သို့ရာတွင် မိုးကောင်းကင်တာအို၏စွမ်းအားကို သူ မည်သည့်နည်းဖြင့် ချိုးဖျက်နိုင်မည်နည်း။
လုနန်ဖုန်းသည် နေရာမှာပင် လှောင်ပိတ်ခံလိုက်ရပြီး ခြေတစ်လှမ်းမျှ မရွေ့လျားနိုင်တော့ချေ။
Thank For Reading.