← Chapters

အခန်း (၁၃၆၆-၁၃၇၀)

Vol. 72 Ch. 1366-1370

အခန်း (၁၃၆၆-၁၃၇၀)

Vol. 72 Ch. 1366-1370

C1366:လုမိသားစုမှ အသိအမှတ်ပြုခြင်း

အမွေခံရတနာကျားသင်္ကေတ၏စွမ်းအားသည် လုမိသားစုတစ်စုလုံးအား ပျံ့နှံ့သွားပေ၏။

လုယွီ၏အမိန့်အောက်တွင် ပုန်ကန်မှုအတွင်းပါဝင်ခဲ့သူအားလုံး နေရာမှာပင် ပိတ်လှောင်ခံထားရပြီး မရွေ့လျားနိုင်တော့ချေ။

လုယွီသည် လုဝူသီနှင့်လုဝူဟိုင်တို့ချုပ်နှောင်ခံထားရသော မိုးကောင်းကင်တာအိုလှောင်အိမ်နှစ်ခုကို ဖယ်ရှားပေးပြီး သူ၏သိုလှောင်အိတ်အား ထိတွေ့လိုက်သည်။သိုလှောင်အိတ်မှနေ၍ မြောက်များစွာသော လင်းရောင်စဥ်တန်းများ ထွက်ပေါ်လာပေ၏။

လင်းရောင်စဥ်တန်းတစ်ခုစီသည် စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့်ဆေးလုံးတစ်လုံးစီကို ရစ်ပတ်သွားပြီး လူတချို့၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

အချိန်အနည်းငယ်အတွင်းမှာပင် လုဝူသီ လုဝူကျီး လုဝူဟိုင်နှင့် ပုန်ကန်မှုအတွင်းပါဝင်ခြင်းမရှိခဲ့သော လုမိသားစုဝင်တပည့်များအပါအဝင် ရေခဲနယ်မြေမှလူတချို့၏ဒဏ်ရာများ တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာသည်။

ထိုနည်းလမ်းသည် လူများအား တစ်ဖန်ထပ်၍ ထိတ်လန့်ကြောက်ရွံသွားစေသည်။

သို့ရာတွင် လုယွီ၏နဂိုမူလ အဆင့်အတန်းဖြစ်သော ဆေးတာအိုအရှင်သခင်ဟူသည်ကို တွေးတောမိမှသာ သူတို့အားလုံး စိတ်သက်သာရာရသွားသည်။

"ဘိုးဘေး...ဒီလူတွေကို ဘယ်လိုလုပ်မယ်ဆိုတာ ဘိုးဘေးပဲဆုံးဖြတ်ပါ"

လုယွီက လုဝူသီကိုကြည့်၍ ပြောဆိုလိုက်သည်။

လုဝူသီသည် စိတ်ရှုပ်ထွေးသောအမူအယာဖြင့် လုယွီအား ကြည့်နေသည်။တစ်ဖက်လူသည် သူ၏မြေးအရင်းမှန်း သူသိနေသော်လည်း သူ့အားအသိအမှတ်ပြုရန် အချိန်မရသေးချေ။

"ကျန်းဟိုင်...ငါ့ကို လူစာရင်းပေး"

လုဝူသီ၏မျက်နှာ သုန်မှုန်နေပေ၏။

မကြာမီမှာပင် လုဝူသီ၏တင်းကြပ်သော စောင့်ကြည့်မှုအောက်တွင် လုမိသားစုအကြီးအကဲသုံးယောက် လုနန်ဖုန်းနှင့် မိသားစုခွဲခေါင်းဆောင်တချို့သည် လုမိသားစု၏သေမင်းအကျဥ်းထောင်အတွင်း၌ အကျဥ်းချခံရတော့သည်။

ကြွင်းကျန်သော မိသားစုခွဲမှတပည့်များအတွက်မူ လုဝူသီက ညင်သာသောနည်းဗျူဟာကို ကျင့်သုံးခဲ့သည်။သူတို့၏ပြစ်မှုများအတွက် ပြန်ပေးဆပ်ရန် ပင်မလုမိသားစုအား သစ္စာခံစေပြီး တာဝန်များလည်းထမ်းဆောင်ပေးရမည်။

ဤသည်မှာ လုဝူသီသည် နူးညံသောစိတ်နှလုံးသားရှိခြင်းကြောင့်မဟုတ်ဘဲ လက်ရှိလုမိသားစု၏အခြေအနေဖြင့် လူအမြောက်အများအား သေဆုံးခွင့်မပြုနိုင်ခြင်းကြောင့်ဖြစ်ပေ၏။

နေရာအသီးသီးမှ လုမိသားစုခွဲများကိုမူ ပင်မလုမိသားစုက ပြန်လည်ထိမ်းချုပ်သွားပေမည်။အကယ်၍သာ မိသားစုခွဲများမှလူအားလုံးကို သတ်ဖြတ်လိုက်ပါက လုမိသားစုသည် ဒုတိယတန်းစားမိသားစုအဖြစ် အဆင့်နိမ့်ကျသွားနိုင်သည်။

လုဝူသီသည် လုယွီ၏အကြံပြုချက်ကိုနားထောင်၍ လုမိသားစု၏စုံစမ်းစစ်ဆေးရေးများကို ပြန်လည်ခေါ်ယူပြီး တခြားသူများနှင့်အစားထိုးလိုက်သည်။အစားထိုးခံရသော လုမိသားစုစစ်ဆေးရေးမှူးအများစုသည် တတိယမိသားစုခွဲမှဖြစ်သည်။လုဝူသီ၏ကူညီထောက်ပံမှုဖြင့် တတိယမိသားစုခွဲ၏ခွန်အား အကြီးအကျယ်တိုးတက်လာမည်ဖြစ်ပြီး ပင်မလုမိသားစု၏နောက်မှနေ၍ ဒုတိယအင်အားအကြီးဆုံးမိသားစုခွဲ ဖြစ်လာပေမည်။

ဤသည်မှာ ယခင်က လုဝူဟိုင်၏လောင်းကြေးထပ်ခြင်း မှန်ကန်ခဲ့သောကြောင့်ပင်။လုနန်ဖုန်းနှင့်ပူးပေါင်းခဲ့သော အကြီးအကဲများမှာမူ သေဒဏ်အထိအပေးမခံရသော်လည်း တတိယမိသားစုခွဲမှ မောင်းထုတ်ခံရကာ မိုးကောင်းကင်ရှုခင်းမြို့မှထွက်ခွါသွားရန် နယ်နှင်ဒဏ်ပေးခံရသည်။

လုယွီ၏ကယ်တင်ခြင်းခံရသော ပင်မလုမိသားစုမှ လူများသည် နေရောင်ခြည်အား တစ်ဖန်ပြန်၍မြင်တွေ့ရသကဲ့သို့ ခံစားနေရ၏။

မြောက်ပိုင်းနယ်မြေ၏နယ်စပ်တွင် ကြွင်းကျန်နေသော လုမိသားစုဝင်များကိုလည်း မိသားစုအတွင်းသို့ ပြန်လည်ခေါ်ယူခဲ့သည်။

လုယွီ၏သရုပ်မှန်ကိုသိရှိပြီးနောက် လုချင်ရှားသည် မယုံကြည်နိုင်မှုဖြင့် ပါးစပ်အဟောင်းသားဖြစ်နေသည်။

ပြန်တွေးကြည့်ပါက သူ၏ကျေးဇူးရှင်သည် လုမိသားစုခေါင်းဆောင်ငယ်၏သားဖြစ်နေပေ၏။

ခုနစ်ရက်ကြာပြီးနောက်...

လုမိသားစု၏အခြေအနေသည် အခြေခံအားဖြင့် တည်ငြိမ်သွားပြီး သစ္စာဖောက်ခဲ့သော အင်အားစုမှန်သမျှ အမြစ်ပြတ်သုတ်သင်ရှင်းလင်းခြင်း ခံခဲ့ရသည်။

မိသားစုခေါင်းဆောင်ငယ်၏သားဖြစ်သူသည် လုမိသားစု၏ချီးမြှင့်ထိုက်သောအကြီးအကဲတစ်ယောက်လည်း ဖြစ်နေသဖြင့် လုယွီသည် ဂုဏ်သရေရှိဧည့်သည်တစ်ဦးအနေဖြင့် အလေးထားခံရပြီး ခမ်းနားထည်ဝါသောခြံဝန်းအတွင်း၌ နေထိုင်ရ၏။

"ဝမ်...သခင်လေး...ဘိုးဘေးက သခင်လေးကို စကားစမြည်ပြောဆိုရအောင် ပင်မခန်းမကိုလာရောက်ဖို့ ခေါ်ဆောင်ခိုင်းလိုက်တယ်"

အစေခံတစ်ယောက်သည် လုယွီ၏ခြံဝန်းအတွင်းသို့ ဝင်လာပြီးနောက် သူ၏မသိစိတ်မှနေ၍ ဆရာသခင်ဝမ်ချန်းဟူသောအမည်ကိုခေါ်လိုခဲ့သည်။

သို့ရာတွင် အချိန်တခဏကြာပြီးနောက် သူရှေ့မှလူသည် မိသားစုခေါင်းဆောင်၏မြေးဖြစ်ကြောင်း အမှတ်ရသွားသည်။

လုယွီက ခေါင်းညိတ်ပြပြီး အစေခံနောက်မှလိုက်၍ ပင်မခန်းမသို့ လိုက်သွားလေ၏။

ပင်မခန်းမအတွင်း၌ လုဝူသီနှင့်လုဝူဟိုင်တို့ အဓိကထိုင်ခုံနှစ်လုံးပေါ်၌ ထိုင်နေသည်။ဤအချိန်တွင် ပုန်ကန်မှုအား တွေ့ကြုံရပြီးနောက် ရန်သူဟောင်းနှစ်ဦးသည် အတူပေါင်းစည်း၍ လုမိသားစုခေါင်းဆောင်နေရာကို ယူဆောင်လိုက်ကြသည်။

"မင်း ရောက်လာပြီလား"

လုဝူသီက လုယွီကိုကြည့်ပြီး သူ၏မျက်နှာပေါ်၌ စိတ်ကျေနပ်နေသောအပြုံးမျိုးက ထင်ရှားပေါ်လွင်နေသည်။

လုယွီက ထိုင်ခုံ၌ထိုင်ပြီး မေးမြန်းလိုက်၏။

"ဘိုးဘေးက ဘာကိစ္စရှိလို့ ကျွန်တော်ကို ဒီနေရာလာဖို့ ခေါ်လိုက်တာလဲ"

ဟူး...

လူဝူသီက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

"ကိစ္စတွေအားလုံးက ဒီလိုအခြေအနေမျိုးထိ ရောက်လာတာတောင်...မင်းက ငါ့ကို အဖိုးအဖြစ် အသိအမှတ်မပြုချင်သေးဘူးလား"

C1367:အတိတ်

လုယွီ၏မျက်လုံး တောက်ပသွားသော်လည်း သူက မည်သည့်စကားတစ်ခွန်းမျှမဆိုချေ။သူ၏အဖိုးကို အသိအမှတ်ပြုရန် သူ အလျင်မလိုပေ။သူ၏အရှေ့တွင်ရှိသော အဖိုးဆိုသူအား သူ စိမ်းသက်သက်ခံစားနေရပြီး ခံစားချင်တစ်စုံတစ်ရာလည်း ရှိမနေချေ။

နှစ်ပေါင်းများစွာကြာသည်အထိ တံခါးပိတ်ကျင့်ကြံနေပြီး မိသားစုအရေးကိစ္စများကို ဂရုမစိုက်ခဲ့သော မိသားစုခေါင်းဆောင်တစ်ယောက်ဟုသာ သူ တွေးမိသည်။အကယ်၍ ထိုနှစ်များအတွင်း၌ သူသာ တံခါးပိတ်ကျင့်ကြံမနေပါက လုမိသားစုသည် ဤမျှထိ ရှုပ်ထွေးနေမည်မဟုတ်ချေ။သူ၏ဖခင် လုခိုင်ရှန်သည်လည်း တောင်ပိုင်းစွန့်ပစ်ကုန်းမြေ၏ သေမျိုးနိုင်ငံတစ်နိုင်ငံသို့ ထွက်ပြေးသွားရမည်မဟုတ်ပေ။

ဤပြဿနာများဖြစ်ခဲ့ရခြင်း၏ရင်းမြစ်မှာ လုဝူသီကိုယ်တိုင်သာ ဖြစ်ပေ၏။

လုဝူသီက သက်ပြင်းတစ်ချက်ရှိုက်ပြီး လေသံယဲ့ယဲ့နှင့် ပြောဆိုသည်။

"လွန်ခဲ့တဲ့အနှစ်သုံးဆယ်လောက်တုန်းက ဒီလူအိုကြီးဟာ လေလွင့်အင်မော်တယ်နယ်ပယ်ရဲ့အထွတ်အထိပ်မှာ ရောက်နေခဲ့တယ်...ခြေတစ်လှမ်းထပ်လှမ်းနိုင်တာနဲ့ ငါက လောကီအင်မော်တယ်နယ်ပယ်ကိုရောက်ပြီ...မင်းလည်း ကျင့်ကြံခြင်းလမ်းကြောင်းထဲကို ခြေချပြီးပြီဆိုတော့ လောကီအင်မော်တယ်နယ်ပယ်ဆိုတာ ငါတို့လိုကျင့်ကြံသူတွေအတွက် ဘယ်လိုအဓိပ္ပါယ်မျိုးလဲဆိုတာ မင်း သိမှာပါ"

လုဝူသီ ပြောဆိုနေသောစကားများသည် မှန်ကန်နေသဖြင့် လုယွီက ခေါင်းညိတ်ပြလိုက်၏။

ကျင့်ကြံခြင်းလမ်းကြောင်း၌ အဆင့်သုံးဆင့်ရှိသည်။ယေဘုယျကျကျပြောဆိုရလျှင် ပထမအဆင့်နှစ်ဆင့်သည် ကျင့်ကြံခြင်းအခြေခံကို ကျစ်လျစ်သိပ်သည်းစေရန်သာဖြစ်သည်။

ကျင့်ကြံသူတစ်ယောက်သည် တာအိုတတိယဆင့်သို့ ဝင်ရောက်နိုင်မှသာ 'အင်မော်တယ်တက်လှမ်းခြင်း'ဟု ခေါ်ဆိုနိုင်သည်။ထိုအဆင့်သို့ရောက်မှသာ လူသားခန္ဓာကိုယ်သည် အကြီးအကျယ်ပြောင်းလဲမှုနှင့် ကြုံတွေ့ရပြီး အစစ်အမှန်တာအိုအား ပိုင်ဆိုင်နိုင်သူ ဖြစ်လာပေမည်။

အရေးအကြီးဆုံး အပြောင်းအလဲမှာ ဘဝသက်တမ်းပင်။

တာအိုဒုတိယဆင့်ကျင့်ကြံသူတစ်ယောက်သည် မည်မျှပင်ကျင့်ကြံဆင့်မြင့်မားနေပါစေ နယ်ပယ်တိုးမြှင့်နိုင်ခြင်းမရှိပါက ထိုလူ၏ဘဝသက်တမ်းသည် ယေဘုယျအားဖြင့် သက်တမ်းနှစ်နှစ်ရာအောက်တွင်သာရှိသည်။

အင်မော်တယ်တစ်ယောက်ဖြစ်လာရန်အတွက် အရေးအကြီးဆုံးမှာ အသက်ရှည်ခြင်းကို ရယူနိုင်ရန်ပင်။လောကီအင်မော်တယ်နယ်ပယ်ကျင့်ကြံသူများသည် အနည်းဆုံးအသက်ရာနှင့်ချီ၍ ရှည်ကြပေ၏။ကျင့်ကြံဆင့်နက်ရှိုင်းသောလူများဆိုလျှင် နှစ်ထောင်ပေါင်းများစွာတိုင် အသက်ရှည်ကြသည်။

လုဝူသီက ဆက်လက်ပြောဆိုသည်။

"အဲ့ဒီအချိန်မှာပဲ ကောင်းကင်ဘုံလမ်းကြောင်း ပွင့်လာတယ်...ငါရဲ့ကျင့်ကြံဆင့်နဲ့ဆိုရင် မြောက်ပိုင်းနယ်မြေတစ်ခုလုံးမှာ ငါရဲ့ပြိုင်ဘက်ဖြစ်နိုင်တဲ့လူ အနည်းစုပဲရှိတယ်...ငါက အရမ်းကိုမာနထောင်လွှားနေခဲ့တော့ ကောင်းကင်ဘုံလမ်းကြောင်းထဲကိုဝင်မယ်လို့ ဆုံးဖြတ်ခဲ့တယ်...ဒါကြောင့် လုမိသားစုက ကျင့်ကြံသူတချို့ကိုခေါ်ဆောင်ပြီး ကောင်းကင်ဘုံလမ်းကြောင်းဆီကို သွားခဲ့တယ်"

"အဖြစ်မှန်ကလည်း ငါမျှော်လင့်ထားသလိုပါပဲ...ကောင်းကင်ဘုံလမ်းကြောင်းပေါ်မှာ ငါနဲ့ယှဥ်ပြိုင်တိုက်ခိုက်နိုင်တာ လူအနည်းငယ်ပဲရှိတယ်...သာမန်နေ့ရက်မျိုးတွေမှာဆို လျှို့ဝှက်ပုန်းအောင်းပြီးနေတက်တဲ့ အစွမ်းထက်ကျင့်ကြံသူတွေတောင် ငါ့ကို အရေးနိမ့်ခဲ့ကြတယ်"

"ဒါပေမယ့်...ကောင်းကင်ဘုံလမ်းကြောင်းရဲ့နဝမအလွှာမှာ ငါ မတော်တဆကိစ္စတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ်"

ထိုစကားကိုပြောနေသော လုဝူသီ၏မျက်နှာပေါ်တွင် အထီးကျန်ဆန်သောအရိပ်အယောင်များ ထင်ဟပ်လာသည်။

နဝမအလွှာဟု ဆိုသလော။

လုယွီ၏စိတ်နှလုံးသားအတွင်း၌ သံသယများအနည်းငယ်ဝင်ရောက်လာသည်။ယခုလက်ရှိအချိန်ထိတိုင် ကောင်းကင်ဘုံလမ်းကြောင်းနှင့်ပတ်သက်၍ ဝေဝါးသောအယူအဆများကိုသာ သူ ရရှိခဲ့သည်။

သူ၏အတိတ်ဘဝတွင် အဆင့်နိမ့်နယ်ပယ်မှကျင့်ကြံသူများ၏ ကျင့်ကြံဆင့်နယ်ပယ်လုံလောက်သည်နှင့် တားမြစ်ကန့်သတ်ချက်များကိုချိုးဖျက်၍ ကောင်းကင်ဘုံနယ်မြေသို့ လွယ်လင့်တကူသွားရောက်နိုင်သည်။

တူညီသောလောကကြီးအတွင်း၌ရှိနေသော အဆင့်နိမ့်နယ်မြေမှကျင့်ကြံသူများသည် တက်လှမ်းနိုင်ရန် မည်သည်ကြောင့်ခက်ခဲနေရသနည်း။

လုဝူသီက ဆက်လက်ပြောဆိုသည်။

"အဲ့ဒီအချိန်တုန်းက ငါက ကောင်းကင်ဘုံနယ်မြေနဲ့ခြေတစ်လှမ်းအကွာကို ရောက်နေပြီးတော့ ငါ့ကိုကာကွယ်ပေးမယ့် မိသားစုအကြီးအကဲတွေလည်း ရှိနေတယ်...ဒီလောကကြီးထဲမှာရှိတဲ့ တစ်ဦးတစ်ယောက်ကမှ ငါ့ကိုမဟန့်တားနိုင်ခဲ့ဘူး..ဒါပေမယ့် ကောင်းကင်ဘုံနယ်မြေကလူက ဝင်ရောက်စွက်ဖက်မယ်လို့ ငါ ထင်မထားခဲ့မိဘူး"

"အဲ့ဒီလူရဲ့ကျင့်ကြံဆင့်နယ်ပယ်က မနိမ့်ဘူး...သူ ငါ့ကို တစ်ချက်ကြည့်လိုက်တာနဲ့တင် ငါ့ရဲ့စိတ်ဝိညာဥ် ကြေမွသွားသလို ခံစားရတယ်"

လုဝူသီ၏မျက်နှာပေါ်၌ ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

"သူက ကောင်းကင်ဘုံနယ်မြေကလူဖြစ်နေပေမယ့်...ငါ့ရဲ့ခန္ဓာကိုယ်ကိုအပိုင်စီးပြီး အဆင့်နိမ့်နယ်မြေကို ဝင်ရောက်ချင်နေပုံရတယ်"

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

"ဖြစ်နိုင်တာက သူ ဒဏ်ရါရနေလို့ ပုန်းအောင်းဖို့နေရာ ရှာနေတာများလား"

ယေဘုယျကျကျပြောဆိုရလျှင် ကောင်းကင်ဘုံနယ်မြေနှင့်အဆင့်နိမ့်နယ်မြေများသည် အရှိန်အဝါခြင်း တူညီမှုမရှိချေ။

အထူးတလည်အကြောင်းကိစ္စမရှိပါက ကောင်းကင်ဘုံနယ်မြေမှလူများသည် သူတို့၏သဘောဆန္ဒများအလျောက် အဆင့်နိမ့်နယ်မြေသို့ ဝင်ရောက်မည်မဟုတ်ပေ။

"သူ ဒဏ်ရာရမထားဘူး...သူက ကောင်းကင်ဘုံလမ်းကြောင်းရဲ့ပြင်ပကနေ ငါ့ကိုစောင့်နေတာလို့ ငါ ခံစားမိတယ်...အဲ့ဒီနေရာမှာ ကျင့်ကြံသူတွေအများကြီးရှိပေမယ့် သူက ငါ့ကို အကြည့်တစ်ချက်နဲ့တင် ရှာတွေ့သွားတာ...သူက ငါ့ဆီကနေ မိသားစုရဲ့ အမွေခံရတနာကို လိုချင်နေတာကိုလည်း ငါ မှတ်မိသေးတယ်"

C1368:ပြိုင်ဘက်ကင်း

လုဝူသီက လုယွီအား ကြည့်လိုက်သည်။

"မင်းက အမွေခံရတနာရဲ့အရှင်သခင်ပဲလေ...ကျားသင်္ကေတကို မင်း ဘယ်လိုထင်လဲ"

"ပြိုင်ဘက်မရှိဘူး"

လုယွီက ပြောဆိုသည်။

ထိုအချိန်တုန်းက လုချမ်ချိုးသည် အစောပိုင်းသိုင်းသူတော်စင်နယ်ပယ်သာရှိသည်။ထိုကျားသင်္ကေတ၏အကူအညီဖြင့် သူသည် ပြိုင်ဘက်ကင်းအဆင့်အတန်းမျိုး၌ ရပ်တည်နိုင်ပေ၏။လေလွင့်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများပင် သူ့အား မည်သို့မျှမလုပ်နိုင်ချေ။

ထိုအကြောင်းအရင်းသည် ကျားသင်္ကေတ၏စွမ်းအားကြီးပုံကို ပြသနေသည်။

လုဝူသီက ဖြည်းဖြည်းချင်း ဆက်လက်ပြောဆိုသည်။

"ဒီကျားသင်္ကေတက လုမိသားစုဘိုးဘေးစဥ်ဆက် အမွေဆက်ခံလာခဲ့တာ...အဲ့ဒီအချိန်တုန်းက လုမိသားစုဟာ မြောက်ပိုင်းနယ်မြေရဲ့ထိပ်တန်းအဆင့်မှာမရှိဘူး...သာမာန်ပထမတန်းစားမိသားစုလို့ပဲ သက်မှတ်နိုင်တယ်...အရင်မိသားစုခေါင်းဆောင်တွေလက်ထက်တုန်းကလည်း ဒီအမွေခံရတနာကို အသုံးမပြုခဲ့ဘူး...ဒီရတနာက အရမ်းအစွမ်းထက်လွန်းတော့ ဘေးဒုက္ခတွေသယ်ဆောင်လာမှာကို သူတို့စိုးရိမ်နေတာပဲဖြစ်မယ်"

"အဲ့ဒီအချိန်တုန်းက ကောင်းကင်ဘုံနယ်မြေကအစွမ်းထက်ပုဂ္ဂိုလ်ရဲ့ရည်မှန်းချက်က ငါတို့ရဲ့အမွေခံရတနာဖြစ်နိုင်တယ်...ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ သူက မိုးကောင်းကင်တာအိုရဲ့ပြင်းပြင်းထန်ထန် ဟန့်တားခြင်းကိုခံရတယ်...ဒါကြောင့် ငါက အသက်ရှင်လွတ်မြောက်ဖို့ အခွင့်အရေးရလာခဲ့တယ်"

"အဲ့ဒီနေ့ကစပြီး...အဲ့ဒီကောင်းကင်ဘုံနယ်မြေကလူ ငါ့ကိုရှာတွေ့သွားမှာကို ငါ အမြဲတမ်းစိုးရိမ်ပူပန်နေရတယ်...ဒါကြောင့် ငါက တံခါးပိတ်ကျင့်ကြံမှုကနေ ထွက်မလာနိုင်တာ...တစ်ဖက်က ကြည့်ရင် ငါရဲ့ဒဏ်ရာတွေ ပြန်လည်ကောင်းမွန်လာပေမယ့် တခြားတစ်ဖက်ကကြည့်ရင် ငါ့ရဲ့လွှမ်းမိုးနိုင်မှုတဖြည်းဖြည်း အားနည်းသွားတဲ့အတွက် တခြားသူတွေက ငါ့ကိုအလေးမထားကြတော့ဘူး"

လုယွီက တိတ်ဆိတ်ငြိမ်သက်သွားသည်။လုဝူသီသည် ကျင့်ကြံရာ၌အမှားအယွင်းတချို့ ပြုလုပ်မိသဖြင့် ပြန်လည်ကောင်းမွန်ရန်တံခါးပိတ်ကျင့်ကြံနေရသည်ဟု သူ ကြားသိခဲ့ရ၏။ဤကိစ္စ၏နောက်ကွယ်၌ ယခုကဲ့သို့အကြောင်းပြချက်မျိုးရှိနေမည်ဟု သူ မျှော်လင့်မထားမိချေ။

လုဝူသီ၏မျက်နှာထက်၌ လျှို့ဝှက်ဆန်းကြယ်သောအမူအယာတစ်ခု ရုတ်တရက်ထင်ဟပ်သွားသည်။

"ဒီနှစ်တွေမှာ မူအစောင့်အရှောက်စည်းတံဆိပ် ဒါမှမဟုတ် ကျားသင်္ကေတနဲ့ ပတ်သက်ပြီး သဲလွန်စတွေကို ငါ ရှာဖွေခဲ့တယ်...”အဲ့ဒီရတနာနှစ်ခုစလုံးမှာ ရှေးဟောင်းလျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားသည်။

"ဒါပေမယ့် ငါက အစွန်အဖျားလေးကိုပဲသိရတာ...လုမိသားစုဘိုးဘေးတွေရဲ့မှတ်တမ်းတွေကနေ ငါ အချက်အလက်တချို့ရရှိခဲ့ပေမယ့်...အဲ့ဒီရတနာတွေ ဘယ်နေရာကရောက်လာတယ်ဆိုတာ ငါ ခုထိမသိရသေးဘူး"

လုယွီ၏မျက်နှာအမူအယာသည် တဖြည်းဖြည်း ပို၍ပို၍တည်ကြည်လေးနက်လာသည်။

မူအစောင့်အရှောက်စည်းတံဆိပ်သည် ကောင်းကင်ဘုံတာအို၏ရတနာတစ်ခုဟု ယခင်က သူ တွေးထင်ခဲ့သည်။သို့ရာတွင် လုဝူသီက ထိုရတနာအတွင်း၌ လျှို့ဝှက်ချက်တစ်ခုရှိသည်ဟု ပြောနေပေ၏။သို့မဟုတ်ပါက ကောင်းကင်ဘုံနယ်မြေမှကျင့်ကြံသူ၏စိတ်အာရုံကို ဆွဲဆောင်နိုင်မည်မဟုတ်ချေ။

"ကောင်းကင်ဘုံလမ်းကြောင်းကနေ ပြန်လာပြီးနောက်မှာ ငါကိုယ်ငါ မြန်မြန်ဆန်ဆန်ပြန်ကောင်းလာမယ်လို့ တွေးခဲ့မိတယ်...ဒါပေမယ့် ကောင်းကင်ဘုံနယ်မြေကလူရဲ့စွမ်းအားက အရမ်းကြီးတုန်လှုပ်ချောက်ချားဖွယ်ကောင်းနေမယ်လို့ ငါ ထင်မထားမိဘူး...သူက ငါ့ကိုအသက်ရှင်ဖို့အခွင့်အရေးတောင် ပေးချင်ပုံမရဘူး...ငါက အစွမ်းကုန်ကြိုးစားပြီး ငါ့ရဲ့ခန္ဓာကိုယ်ထဲကစွမ်းအားတွေကို တွန်းထုတ်ပေမယ့်...အဆုံးသတ်မှာ ငါက ပြန်လည်ကောင်းမွန်မလာတဲ့အပြင် ပိုပြီးအပြင်းအထန်ဒဏ်ရာရရှိသွားတယ်"

လုဝူသီသည် စိတ်ရှုပ်ထွေးနေသောအကြည့်ဖြင့် လုယွီအားကြည့်လိုက်၏။

"ဒီနှစ်တွေမှာ ပင်မလုမိသားစုအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စရပ်အားလုံးကို ငါ သိတယ်....အရင်တုန်းက မင်းရဲ့အဖေကိုမြေတောင်မြှောက်ပေးခဲ့တာ ငါကိုယ်တိုင်ပဲ...ဒါပေမယ့် ကံဆိုးစွာနဲ့ သူ့ကိုထိခိုက်နာကျင်စေတာကလည်း ငါပဲဖြစ်နေတယ်"

လုယွီသည် တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှ ရောက်ရှိလာသူဖြစ်သည့်တိုင် ဤကဲ့သို့ခွန်အားမျိုးကို ပြသနိုင်ခဲ့သည်။အကယ်၍သာ သူသည် လုမိသားစု၏ထောက်ပံမှုအား အပြည့်အဝသာရရှိပါက မည်ကဲ့သို့အ​ခြေအနေမျိုး သူ ရောက်ရှိနေမည်နည်း။

သူ တံခါးပိတ်ကျင့်ကြံခဲ့ခြင်းကြောင့် လုမိသားစုခွဲများ၏ပုန်ကန်ခြင်းကိုခံရပြီး ပင်မလုမိသားစု၏အပြစ်တင်ခြင်းများကိုပါ ခံခဲ့ရသည်။လုဝူသီက ရှက်ရွံစွာ ပြောဆိုလိုက်သည်။

"ဒီတစ်ကြိမ်တော့...တကယ်လို့ မင်းသာမကူညီရင် လုမိသားစုတစ်စုလုံးရဲ့ မိသားစုခေါင်းဆောင် ပြောင်းလဲသွားလောက်ပြီ...ငါလည်း တခြားသူတွေရဲ့ဓားချက်အောက်မှာသေဆုံးပြီး ဝိညာဥ်ဘဝရောက်နေမှာပဲ"

လုယွီက စိတ်သက်သာရာရသွားပုံဖြင့် လေးလံသောသက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။လုဝူသီပြောဆိုသောစကားများမှတဆင့် ဤနှစ်များအတွင်းရှိ သူ၏စိုးရိမ်ပူပန်မှုများအားလုံးကို ဖယ်ရှားနိုင်ခဲ့၏။

လုခိုင်ရှန် ငယ်ရွယ်စဥ်ကလေးဘဝကတည်းက သူ၏ဖခင်လုဝူသီသည် မိသားစုသခင်လေးအဖြစ် မြှောက်စားခဲ့ပြီးဖြစ်သည်။လုဝူသီသည် သူ၏သားဖြစ်သူကို စွန့်ပစ်ခဲ့ခြင်းမဟုတ်ချေ။ဆန့်ကျင်ဘက်အနေဖြင့် သူသည် မြောက်ပိုင်းနယ်မြေ၏အရှင်သခင်ဖြစ်သော်လည်း သူ၏ကိုယ်ပိုင်အခက်အခဲများ ရှိနေသည့်အပြင် မည်သူကိုမျှလည်း သူ ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိချေ။

"ဒီရက်အနည်းငယ်အတွင်းမှာ ငါက ကိစ္စတွေအားလုံးကို ရှင်းရှင်းလင်းလင်း တွေးတောနိုင်ခဲ့တယ်...ငါက လုမိသားစုတစ်စုလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမယ့် မြောက်ပိုင်းနယ်မြေတစ်ခုလုံးကို ထိန်းချုပ်နိုင်တဲ့စွမ်းအားမျိုးမရှိဘူး...ခုချိန်မှာ မင်းက ရေခဲနယ်မြေရဲ့အရှင်သခင်ဖြစ်နေမှတော့ မူအစောင့်အရှောက်ရွှေစည်းတံဆိပ်နဲ့မိသားစုအမွေခံရတနာကို မင်း သေချာထိန်းသိမ်းထားသင့်တယ်...မြောက်ပိုင်းနယ်မြေနဲ့ရေခဲနယ်မြေကြားက ရန်ငြှိုးအာဃာတတွေကိုလည်း မင်း ဖြေရှင်းနိုင်မှာပါ"

C1369:ရွှေရောင်စည်းတံဆိပ်နှင့်ပေါင်းစပ်ခြင်း

လုယွီသည် ကျားသင်္ကေတနှင့်မူအစောင့်အရှောက်စည်းတံဆိပ်ကို သိမ်းဆည်းထားသော်လည်း သူ၏စိတ်နှလုံးသား အနည်းငယ်လှုပ်ရှားနေသည်။သူ၏ရှေ့မှလူအိုကြီးသည် လွှမ်းမိုးချုပ်ကိုင်နိုင်ပြီးခက်ထန်သူဖြစ်ခြင်းကို လူအိုကြီး၏အမည်မှတဆင့် သိမြင်နိုင်သည်။

သို့ရာတွင် ကိစ္စတော်တော်များများကို ကြုံတွေ့ခဲ့ရပြီးနောက် လုဝူသီသည် သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့သော်လည်း တဖြည်းဖြည်းအားနည်းလာသည်။

ထိုအကြောင်းကိုစဥ်းစားမိသော လုယွီက ​ရိုသေလေးစားစွာ ပြောဆိုလိုက်၏။

"အဖိုး..လုမိသားစုနဲ့မြောက်ပိုင်းနယ်မြေကို ကျွန်တော် သေချာစောင့်ရှောက်ပါမယ်"

လုဝူသီ၏ခန္ဓာကိုယ်တုန်ရီနေပြီး သူ၏ဝေဝါးနေသောမျက်လုံးတစ်စုံအတွင်း၌ မျက်ရည်များပြည့်နှက်နေသည်။သူက ပျော်ရွှင်ဝမ်းမြောက်စွာ ပြောဆိုလိုက်သည်။

"ကောင်းတယ်...ကောင်းတယ်...မင်းလိုမျိုး လူငယ်ပါရမီရှင်နဲ့ဆိုရင်...ငါတို့လုမိသားစုရဲ့တိုးတက်မှုတွေက နှိုင်းယှဥ်ပြစရာတောင်ရှိမှာမဟုတ်တော့ဘူး"

သာယာပျော်ရွှင်ဖွယ်အချိန်တချို့ကို ဖြတ်သန်းပြီးနောက် လုဝူသီက လုယွီသည် လုမိသားစု၏သခင်လေးအသစ်ဖြစ်ကြောင်းကို တရားဝင်ထုတ်ပြန်လိုက်သည်။

လုမိသားစု၏သခင်လေးဟူသော အဆင့်အတန်းသည် တခြားဂိုဏ်းများမှ သခင်လေးများနှင့် တူညီသည်။ထိုထက်ပို၍ လုယွီသည် လုဝူသီအပြင် လုမိသားစု၏အစစ်အမှန်ခေါင်းဆောင်လည်း ဖြစ်ပေ၏။

လုမိသားစု၏မိသားစုခွဲများမှ ခေါင်းဆောင်များသည် အကြီးအကဲများဖြစ်ပြီး အဆင့်အတန်းမြင့်မားသည့်တိုင် လုဝူသီမရှိပါက သူတိုအားလုံး လုယွီ၏အမိန့်ကို နာခံရပေမည်။

ထိုသတင်းအား ထုတ်ပြန်ကြေငြာလိုက်သည်နှင့် မြောက်ပိုင်းနယ်မြေတစ်ခုလုံး တုန်လှုပ်ချောက်ချားသွားကြသည်။

လုယွီ၏သရုပ်မှန်အကြောင်းကို လူအမြောက်အများမှနေ၍ စုံစမ်းနေကြ၏။သူတို့က လုယွီသည် မြောက်ပိုင်းနယ်မြေ၌နာမည်ကျော်ကြားသော ဆရာသခင်ဝမ်ချန်းဟူသောအချက်ကိုသာ သိရှိကြရသည်။

သူသည် ဆေးဝါးပညာရှင်တစ်ယောက် ဖြစ်နေသည်သာမက ရေခဲနယ်မြေ၏မူအစောင့်အရှောက်လည်း ဖြစ်နေပေ၏။

ထို့ပြင် လုယွီသည် လုမိသားစုခေါင်းဆောင်ငယ်၏သားဖြစ်နေရုံသာမက လုဝူသီ၏တရားဝင်အကြီးဆုံးမြေးလည်းဖြစ်သည်။

လူများသည် လုယွီ၏အသက်အရွယ်ကိုကြားသိပြီးနောက် အံ့သြထိတ်လန့်နေကြပြီး မကြာမီမှာပင် သူတို့က အရေးကြီးသောသတင်းစကားတစ်ခုကို ကြားသိလိုက်ရသည်။

လုယွီသည် ယခုထိတိုင် ထိမ်းမြှားခြင်းမပြုရသေးချေ။လက်ရှိချိန်၌ လုယွီ၏အသက်အရွယ်သည် ငယ်ရွယ်သေးသော်လည်း လက်ထပ်ထိမ်းမြှားရန်အရွယ်သို့ ရောက်ရှိနေလေပြီ။

လုမိသားစု၏သခင်လေးဟူသော အဆင့်အတန်းကို ဘေးဖယ်ထားလျှင်ပင် သူ၏ကိုယ်ပိုင်စွမ်းအားနှင့်သူ ထိန်းချုပ်ထားသော အင်အားစုများ၏စွမ်းအားသည် လူပေါင်းများစွာ၏အာရုံကို ဆွဲဆောင်နိုင်သည်။

အချိန်တိုအတွင်းမှာပင် မြောက်ပိုင်းနယ်မြေအတွင်းရှိ အင်အားစုများသည် သင့်လျော်သောအသက်အရွယ်နှင့်မိန်းမပျိုများကို သူတို့၏အင်အားစုများအတွင်း၌ စတင်ရှာဖွေကြတော့သည်။မိသားစုများမှအောင်သွယ်များသည်လည်း လုမိသားစု၏အနီးအနား၌ရှိနေပြီး စေ့စပ်ကြောင်းလမ်းရန် အဆင်သင့်ဖြစ်နေကြ၏။

အမှန်အားဖြင့် လုယွီသည် ထိုကိစ္စရပ်များအား သိရှိခြင်းမရှိချေ။

လုမိသားစု...သခင်လေး၏အိမ်တော်...

မူလက လုချန်ဖုန်းနေထိုင်ခဲ့သော အိမ်တော်ကို အပြည့်အဝအဆင့်မြှင့်တင်ထားသည်။အိမ်တော်အသစ်သည် အဟောင်းနှင့်နှိုင်းယှဥ်ပါက ပို၍ခမ်းနားထည်ဝါသည့်အပြင် အိမ်တော်ရှိအစေခံအရေအတွက်သည် မိသားစုခေါင်းဆောင်၏အိမ်တော်နှင့် တူညီလုနီးပါးပင်။

လုယွီသည် အိမ်တော်၏အခန်းတစ်ခန်းအတွင်း၌ ပလ္လင်ခွေထိုင်နေပြီး တိတ်ဆိတ်ငြိမ်သက်စွာ ကျင့်ကြံနေသည်။သူ၏နောက်၌ မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးကလည်း ပလ္လင်ခွေထိုင်နေပြီး ဖျော့တော့တော့အနက်ရောင်အလင်းဘီးက တရွေ့ရွေ့ လည်ပတ်နေပေ၏။အဝေးတစ်နေရာမှကြည့်လျှင် ဤအိမ်တော်သည် နတ်ဘုရားတစ်ပါး၏ဗိမာန်နှင့် တူညီသည်။

ဘုန်း....

တုန်ခါနေသောအသံထွက်ပေါ်လာပြီးနောက် ပတ်ဝန်းကျင်၌ မျောလွင့်နေသော ရွှေစည်းတံဆိပ်သုံးခုမှနေ၍ ကြည်လင်ပြတ်သားသောအသံတစ်သံ ထွက်ပေါ်လာပြီးနောက် လုယွီ၏နတ်ဘုရားစမ်းရေအိုင်အတွင်းသို့ ကျရောက်သွားသည်။

"ဒီရွှေစည်းတံဆိပ်လေးခုကို တကယ်ကြီး ပေါင်းစပ်နိုင်တာပဲ"

လုယွီ၏မျက်လုံးအတွင်း၌ အလင်းရောင်များတောက်ပနေသည်။

ယခုလက်ရှိချိန်တွင် သူထံ၌ ရေခဲနယ်မြေ မြောက်ပိုင်းနယ်မြေ အနောက်ပိုင်းပင်လယ်နှင့်မြောက်ပိုင်းပင်လယ်တို့၏ ရွှေစည်းတံဆိပ်များရှိနေသည်။

ထိုရွှေစည်းတံဆိပ်များအားလုံးကို လုယွီ သန့်စင်လိုက်ချိန်တွင် လျှို့ဝှက်ဆန်းကြယ်သောအသံတစ်သံက သူ၏စိတ်အတွင်း၌ ပဲ့တင်ထပ်လာပေ၏။

"ဒီရွှေစည်းတံဆိပ်လေးခုနဲ့တင်ပဲ....ပတ်ဝန်းကျင်မှာရှိနေတဲ့ စိတ်ဝိညာဥ်စွမ်းအားတွေကို ငါ အရင်ထက်ရှစ်ဆလောက် ပိုပြီးမြန်မြန်ဆန်ဆန် စုပ်ယူနိုင်ခဲ့တယ်"

လုယွီက ကူကယ်ရာမဲ့စွာဖြင့် ထိတ်လန့်ကြောက်ရွံမှုကို ခံစားနေရ၏။ဤအရှိန်နှုန်းသည် အလွန်ကြောက်ခမမ်းလိလိဖြစ်ဖွယ်ပင်။

"တကယ်လို့သာ ငါ ရွှေစည်းတံဆိပ်တွေအားလုံးကို ပေါင်းစပ်နိုင်မယ်ဆိုရင်....ငါရဲ့ကျင့်ကြံမှုအရှိန်နှုန်းက ဘယ်လောက်ထိတောင် မြန်ဆန်သွားလိမ့်မလဲ"

လုယွီသည် ကူကယ်ရာမဲ့စွာဖြင့် သူ၏စိတ်နှလုံးသားများ ပူပြင်းလောင်မြိုက်လာသကဲ့သို့ ခံစားရသည်။

ယခုလက်ရှိချိန်၌ သူသည် သိုင်းသူတော်စင်နယ်ပယ် အလယ်ဆင့်သို့ရောက်ရှိနေသည်။သို့ရာတွင် လုယွီ၏ကျင့်ကြံခြင်းအခြေခံသည် အလွန်ကျစ်လျစ်သိပ်သည်းရာ အဆင့်ချိုးဖျက်ရာ၌ လိုအပ်သောစိတ်ဝိညာဥ်စွမ်းအားများသည် သာမာန်လူများထက် ပို၍လိုအပ်ပေ၏။

သရဲတစ္ဆေစစ်ဗိုလ်ချုပ်သည် လုယွီအား အပြင်းအထန် ဒဏ်ရာရရှိစေခဲ့သည်။ကောင်းကင်ဘုံလမ်းကြောင်းမှာလည်း ပွင့်တော့မည်ဖြစ်ရာ လုယွီသည် သူ၏ကိုယ်ပိုင်ခွန်အားကို အလျှင်အမြန်စုစည်းရန်လိုအပ်သည်။

C1370:ရူးချင်စဖွယ် လက်ထပ်ရန်ကမ်းလှမ်းကြခြင်းများ

လုမိသားစုသခင်လေး၏အိမ်တော်၌ လုယွီသည် အရူးအမူး စတင်လေ့ကျင့်နေသည်။စိတ်ဝိညာဥ်စွမ်းအားစုပ်ယူနှုန်း ရှစ်ဆမြန်ဆန်လာမှုနှင့်အတူ လုယွီ၏ကျင့်ကြံမှုအမြန်နှုန်းသည် တစ်နေ့လျှင် မိုင်တစ်ထောင်နီးပါးသွားနေသကဲ့သို့ ခရီးရောက်နေပေ၏။ရံဖန်ရံခါတွင် မရီဒါန်းများ ချိုးဖျက်သံများက လုယွီ၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်နေသည်။

ပြင်ပမှအရေးကိစ္စများကိုမူ လုယွီက လျစ်လျှူရှုထားရန်သာ ရွေးချယ်ခဲ့သည်။သူ၏ကျင့်ကြံမှုအရှိန်နှုန်း အလွန်လျှင်မြန်နေခြင်းကြောင့် သူထံ၌ အတိတ်ဘဝမှအတွေ့အကြုံများရှိနေလျှင်ပင် သိပ်သည်းသောအခြေခံရှိရန် လိုအပ်နေဆဲပင်။

ဆယ်ရက်တိုင်တိုင်ကျင့်ကြံပြီးနောက် ကောင်းကင်ကြီးတုန်ခါသွားစေသော နဂါးဟိန်းသံတစ်သံက လုယွီ၏အခန်းအတွင်းမှ ထွက်ပေါ်လာသည်။

ထိုနဂါးဟိန်းသံနှင့်အတူ လေပြင်းများလည်းတိုက်ခတ်လာလေရာ ပတ်ဝန်းကျင်ရှိအခန်းတံခါးများအားလုံး ပွင့်ထွက်သွားသည်။

ဝုန်း...ဝုန်း...

အခန်းတံခါးဝတွင် လုယွီသည် ပိုးထည်ဝတ်စုံကိုဝတ်ဆင်ထားပြီး စွမ်းအင်ပြည့်ဝကာ သွက်လက်တက်ကြွသောအမူအယာဖြင့် မတ်တတ်ရပ်နေသည်။

အကယ်၍ တစ်စုံတစ်ယောက်မှ အနီးကပ်ကြည့်ရှုပါက လုယွီ၏လက်ရှိအရှိန်အဝါသည် ယခင်ထက်အနည်းငယ်ပို၍အားကောင်းလာသည်ကို တွေ့မြင်မိပေမည်။သို့ရာတွင် လုယွီ၏အတွေးတစ်ချက်နှင့်အတူ သူ၏ခန္ဓာကိုယ်မှထွက်ပေါ်နေသော အရှိန်အဝါကို ပြန်ရုတ်သိမ်းပြီးဖြစ်ကာ သာမာန်ကျင့်ကြံသူတစ်ယောက်အသွင်သို့ ပြောင်းလဲသွားသည်။

"သခင်လေး...အပြင်ထွက်လာပြီလား"

လုထျန်းကန်က ရိုသေလေးစားစွာ ပြောဆိုလိုက်၏။

ရေခဲနယ်မြေရှိ တခြားကျင့်ကြံသူများအားလုံး ပြန်သွားသော်လည်း လုထျန်းကန်ကမူ ဤနေရာ၌ ကျန်ရစ်ခဲ့သည်။

ရေခဲနယ်မြေရှိတခြားကျင့်ကြံသူများသည် လုယွီနှင့်ရင်းနှီးကျွမ်းဝင်မှုမရှိချေ။ထို့ကြောင့် လုယွီက လုထျန်းကန်ကိုသာ ခေါ်ဆောင်ထားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

လုယွီက ခေါင်းညိတ်ပြလိုက်သည်။

"ဒီရက်တွေအတွင်းမှာ လုမိသားစုရဲ့အခြေအနေ ဘယ်လိုရှိလဲ"

"သခင်အိုကြီးက လုမိသားစုရဲ့အာဏာကို အပြည့်အဝချုပ်ကိုင်ထားပါတယ်....မျက်စေ့ကန်းပြီးပုန်ကန်ချင်တဲ့ လူနည်းစုကလွဲရင် တခြားနေရာတွေအားလုံး အေးအေးချမ်းချမ်းရှိပါတယ်"

လုထျန်းကန်၏မျက်နှာပေါ်၌ ထူးဆန်းသောအရိပ်အယောင်တချို့ ဖြတ်ပြေးသွားပြီးမှ သူက ဆက်လက်ပြောဆိုသည်။

"ဒါပေမယ့် ဒီနေ့ လုမိသားစုကို ဧည့်သည်တွေအများကြီး လာလည်ကြတယ်...မြို့ထဲကိုလူတွေအများကြီးရောက်လာတော့ မိုးကောင်းကင်ရှုခင်းမြို့မှာရှိတဲ့ တည်းခိုခန်းတွေနဲ့စားသောက်ဆိုင်တွေမှာတောင် လူတွေပြည့်နှက်နေတယ်"

လုယွီက မျက်မှောင်ကြုတ်နေသည်။

"ဒီလိုကိစ္စမျိုးကို ငါ့ဆီ မင်း ဘာလို့ သတင်းပို့နေတာလဲ"

လုဝူသီသည် လုမိသားစု၏အာဏာကို ပြန်လည်ရရှိသွားသဖြင့် အတိတ်တွင်ဘေးထွက်နေကြသော မိသားစုများသည် သူတို့၏ရပ်တည်ချက်ကိုဖော်ပြရန် လာရောက်ကြသည်မှာ သဘာဝပင်။

လုထျန်းကန်၏မျက်နှာအမူအယာကို ကြည့်ရသည်မှာ ပို၍စိတ်ဝင်စားစရာကောင်းလာပေ၏။

"သူတို့က သခင်လေးကို လာရှာကြတာ"

"ဘာလို့ ငါကိုလာရှာကြတာလဲ"

"အဲ့ဒီမိသားစုတွေထဲက အများစုက သခင်လေးနဲ့မိတ်ဖွဲ့ဖို့ သူတို့ရဲ့မိသားစုထဲမှာရှိတဲ့ မိန်းမပျိုလေးတွေကိုခေါ်လာကြတယ်"

လုထျန်းကန်သည် ထိုစကားကို အလေးအနက်ထား၍ပြောဆိုပြီးနောက် သူ၏နှုတ်ခမ်းထောင့်မြင့်တက်သွားသည်အထိ ပြုံးနေသည်။

လုယွီက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်သည်။

"အကုန်လုံးကို ငြင်းဆန်လိုက်"

သူက တည်ငြိမ်အေးဆေးစွာ ပြောဆိုလေ၏။

လုထျန်းကန်က အလျှင်အမြန် တုံ့ပြန်ပြောဆိုသည်။

"ဟုတ်ကဲ့...ဒီငယ်သားက သူတို့အားလုံးကို ထွက်သွားခိုင်းလိုက်ပါပြီ..ဒါပေမယ့် ချူးမိသားစုရဲ့ဘိုးဘေးကျတော့...ရှင်းပြဖို့ခက်ခဲတယ်"

သူက လုယွီ၏မျက်နှာပျက်နေသည်ကို တွေ့ချိန်တွင် အလျင်စလိုဆက်လက်ပြောဆိုသည်။

"သခင်လေး...ဒါက သခင်လေး လက်ထပ်ရမယ့်အချိန်ရောက်နေပြီလို့ ကျွန်တော်ထင်တယ်...သခင်လေးရဲ့အသက်အရွယ်လောက်တုန်းက ကျွန်တော်ဆိုရင် ဇနီးမယားနဲ့မယားငယ်တွေ ဆယ်ယောက်ကျော်နေပြီ"

လုယွီက အဖြေပြန်ပေးခြင်းမပြုဘဲ ပြောဆိုလေ၏။

"ချူးမိသားစုရဲ့ဘိုးဘေးကို ငါကိုယ်တိုင် သွားတွေ့မယ်"

……

လုမိသားစု...ပင်မခန်းမ

လုယွီ ခန်းမအတွင်းသို့ မဝင်မီမှာပင် အတွင်းမှရယ်မောသံများ ထွက်ပေါ်လာသည်။

"ဟား ဟား ဟား...ဝမ်ချန်း ရုတ်တရက်ကြီး ပေါ်ထွက်လာတဲ့နေ့ကတည်းက ဒီလိုမျိုးသာမာန်ထက်ထူးကဲတဲ့ပါရမီရှင်မျိုး ဘယ်မိသားစုကထွက်လာပါလိမ့်လို့ ငါ တွေးနေတာ...ဒါက လူအိုကြီးလုရဲ့မြေးဖြစ်နေမယ်လို့ ငါ ထင်မထားမိဘူး...ဒါက ကံကြမ္မာပဲ"

ချုးရှောင်သည် ထိုင်ခုံတစ်လုံး၌ထိုင်နေပြီး လုဝူသီနှင့် စကားပြောဆိုနေပေ၏။

လုဝူသီ၏မျက်နှာသည်လည်း ပြုံးရွှင်နေသည်။

"ညီအကိုချူ...ဒီကလေးနှစ်ယောက်ကို ငါတို့ဘာမှ နှိုင်းယှဥ်နေစရာမလိုပါဘူး...သူတို့နှစ်ယောက်က အရင်ကတည်းက အရမ်းနီးစပ်တယ်ဆိုတာလည်း ငါ ကြားထားတယ်...သူတို့နှစ်ယောက်ရဲ့ ပါရမီအရည်အချင်းနဲ့နာမည်ကျော်ကြားမှုတွေနဲ့ဆိုရင် လိုက်ဖက်တဲ့ဇနီးမောင်နှံဖြစ်လာမှာပဲ...ပြီးတော့ အရင်ကတည်းက သူတို့နှစ်ယောက်ကြားမှာ စေ့စပ်ကြောင်းလမ်းမှု ရှိပြီးသားလေ...ဒီရက်တွေမှာ သတ်ဖြတ်မှုတွေ အများကြီး လုပ်ဆောင်ခဲ့ရတယ်...ငါတို့က နေ့ကောင်းရက်သားရွေးပြီး သူတို့ကိုလက်ထပ်ပေးလိုက်ရင် ပျော်စရာတွေ ဖြစ်လာနိုင်တယ်"

"သခင်လေး ရောက်လာပါပြီ"

ခန်းမတံခါးရှေ့ရှိ အစောင့်တစ်ယောက်က အော်ဟစ်လိုက်သည်နှင့် အခန်းအတွင်းရှိ လူအားလုံး၏အကြည့်က ခန်းမအတွင်းသို့ဝင်လာသော လုယွီထံ ကျရောက်သွားသည်။

All Chapters