← Chapters

အခန်း (၁၃၇၁-၁၃၇၅)

Vol. 72 Ch. 1371-1375

အခန်း (၁၃၇၁-၁၃၇၅)

Vol. 72 Ch. 1371-1375

C1371:စေ့စပ်သင်္ကေတ

လုမိသားစု၏ပင်မခန်းမအတွင်းတွင် လူအိုကြီးနှစ်ယောက်သည် သူတို့၏ထိုင်ခုံများ၌ထိုင်ကာ စကားစမြည်ပြောရင်း ကျယ်လောင်စွာ အော်ဟစ်ရယ်မောနေကြ၏။

ချူးယွီလော်သည် တခြားတစ်ဖက်၌ထိုင်နေပြီး လူအိုကြီးနှစ်ယောက်၏စကားပြောဆိုနေမှုကို နားထောင်နေသည်။သူမ၏ပန်းနုရောင်မျက်နှာလေးသည် ရှက်သွေးဖြာပြီး နီမြန်းနေပေ၏။ယနေ့တွင် သူမက အပြာနုရောင်ပန်းပွင့်များပါသောဝတ်စုံကို ဝတ်ဆင်ထားသည်။သူမ၏သွင်ပြင်သည် အလွန်လှပတင့်တယ်နေခြင်းမျိုးမဟုတ်သော်လည်း နူးညံသိမ်မွေ့ပြီးချစ်စဖွယ်ကောင်းနေသည်။

"ယွီအာ...မင်း ရောက်လာပြီလား...ထိုင်ပါအုံး"

လုဝူသီသည် အပြုံးနှင့်အတူ သူ၏လက်ကိုဝှေ့ယမ်းပြပြီး လုယွီအား ထိုင်ရန်အချက်ပြလိုက်သည်။

လုယွီသည် ထိုင်ခုံ၌ဝင်ထိုင်ပြီးနောက် ချူးရှောင်၏ရည်ရွယ်ချက်ကို ခန့်မှန်းနေလေ၏။

"သခင်လေးကတော့ တကယ့်ကို အစစ်အမှန်ပါရမီရှင်တစ်ယောက်ပဲ...ပြန်တွေးကြည့်ရင် မင်းရဲ့အကူအညီအတွက် ငါ ကျေးဇူးတင်ရမှာ...မဟုတ်ရင် ဒီလူအိုကြီးကတော့ ဒီနေ့ထိ အသက်ရှင်နိုင်မှာမဟုတ်ဘူး"

ချူးရှောင်က စိတ်ခံစားချက်အပြည့်ဖြင့် ပြောဆိုသည်။

လုယွီက လက်သီးဆုပ်၍ ဂါရဝပြုကာ ပြောဆိုလိုက်၏။

"ဘိုးဘေးက အရမ်းအလေးအနက်ထားနေတာပဲ...ဒါက ကျွန်တော်လုပ်သင့်တဲ့ကိစ္စပါ"

ချူးရှောင်က စိတ်ကျေနပ်မှုအပြည့်ရှိသော အမူအယာမျိုးဖြင့် လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်နေသည်။

ပုံပန်းသွင်ပြင်အရကြည့်လျှင် လုယွီသည် ချောမောခန့်ညားပြီး တက်ကြွဖျက်လတ်သော လူငယ်တစ်ယောက်ဖြစ်သည်။

ခွန်အားအရကြည့်လျှင် လုယွီသည် ထိပ်တန်းကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး လေလွင့်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများပင် သူ၏ပြိုင်ဘက်မဖြစ်နိုင်ချေ။

အဆင့်အတန်းအရဆိုပါကလည်း လုယွီသည် လုမိသားစု၏သခင်လေးဖြစ်ရုံသာမက ရေခဲနယ်မြေ၏မူအစောင့်အရှောက်လည်း ဖြစ်နေပေ၏။

ထို့ပြင် လုမိသားစုနှင့်ချူးမိသားစုတို့သည် မျိုးရိုးစဥ်ဆက် မိတ်ဆွေကောင်းများ ဖြစ်ခဲ့ကြ၏။

ချူးရှောက်သည် သူ၏မြေးမဖြစ်သူကို အလွန်ချစ်မြတ်နိုးသဖြင့် သူ၏မြေးသမက်ဖြစ်လာရန် လိုလားချက်များမှာလည်း အလွန်တင်းကြပ်သည်။

လုယွီကမူ ချုးရှောင်၏မြေးသမက်ဖြစ်လာရန် လိုအပ်ချက်များနှင့် ကိုက်ညီနေပေ၏။

"ယွီအာ...ငါ မင်းကို ဒီနေ့ခေါ်လိုက်တဲ့ကိစ္စကို မင်းလည်းပဲ မှန်းဆပြီးသားဖြစ်မှာပါ...မင်းနဲ့ယွီလော်တို့ကို စေ့စပ်ထားခဲ့တာ အချိန်အတော်ကြာနေပြီ...အခု မင်းက လက်ထပ်ရမယ့်အရွယ်ရောက်ပြီဆိုမှတော့...ငါတို့ မင်္ဂလာပွဲအတွက် ဆုံးဖြတ်ကြရအောင်"

လုဝူသီက အပြုံးနှင့်ပြောဆိုသည်။

ထိုစကားကိုကြားသည်နှင့် အနီးပတ်ဝန်းကျင်တွင်ရှိနေသော အစေခံများပင် မအောင့်မအည်းနိုင်တော့ဘဲ ခေါင်းညိမ့်လိုက်ကြ၏။

ချူယွီလော်သည် မြောက်ပိုင်းနယ်မြေအတွင်း၌ နာမည်ကျော်ကြားသော အလှနတ်သမီးတစ်ပါးဖြစ်ပြီး သူမအား ချစ်ခွင့်ပန်သော လူငယ်ကျင့်ကြံသူ အမြောက်အများရှိသည်။သူမသည် လူငယ်မျိုးဆက်သစ်များကြားတွင် ထူးချွန်သူတစ်ယောက်ဟု ဆိုနိုင်ရုံသာမက ဆေးဖော်စပ်သည့်အရည်အချင်းတွင်လည်း ထူးချွန်ပေ၏။

လုယွီနှင့်ချူးယွီလော်သည် ပြီးပြည့်စုံသောစုံတွဲဖြစ်သည်။

လုယွီက မတ်တတ်ထရပ်ပြီး လက်သီးဆုပ်ကာ ဂါရဝပြုလိုက်၏။

"ဘိုးဘေးတို့...ကျေးဇူးပြုပြီး အချိန်ခဏလောက်စောင့်ဆိုင်းပေးလို့ရမလား...ကျွန်တော် ယွီလော်နဲ့ သီးသန့်စကားနည်းနည်းပြောချင်လို့ပါ"

ချူးရှောင်၏စရိုက်သဘာဝသည် အတွေးလွန်တက်သူမဟုတ်ချေ။သူ၏မုတ်ဆိတ်မွှေးကို ပွတ်သပ်နေရင်းမှ အပြုံးနှင့်ပြောဆိုလိုက်သည်။

"ဒါက အဆင်ပြေပါတယ်...မင်းတို့လူငယ်လေးတွေက ကိုယ့်အလုပ်နဲ့ကိုယ်ရှိမှာပဲလေ...ငါတို့လိုလူအိုကြီးတွေကို အာရုံစိုက်မနေကြနဲ့"

တစ်ဖက်လူ၏ဆိုလိုရင်းသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို လုယွီက သတိပြုမိသော်လည်း သူက အလျင်စလိုရှင်းမပြချင်ပေ။သူနှင့်ချူးယွီလော်သည် ပင်မခန်းမဘေးရှိ အခန်းတစ်ခန်းအတွင်းသို့ ရောက်လာသည်။

ဤအချိန်တွင် ချူးယွီလော်၏မျက်နှာသည် ရှက်ရွံမှုကြောင့် နီမြန်းနေပေ၏။သူမက ခေါင်းငုံနေပြီး လုယွီနှင့် မျက်နှာခြင်းမဆိုင်ဝံ့ချေ။

"တကယ်တော့..."

"တကယ်တော့..."

သူတို့နှစ်ယောက်သည် တပြိုင်နက်တည်း စကားပြောဆိုလိုက်သော်လည်း ရုတ်တရက် နှစ်ယောက်လုံး ရပ်တန့်သွား၏။

ချုးယွီလော်က သူမ၏မျက်နှာ ပို၍ပို၍ပူပြင်းလာသကဲ့သို့ ခံစားမိသဖြင့် တီးတိုးပြောဆိုလိုက်သည်။

"ရှင် အရင်ပြောပါ"

ဤအချိန်တွင် ချုးယွီလော်၏နှလုံးခုန်နှုန်း အလွန်အမင်းမြန်ဆန်နေပြီး သူမက စိတ်အခြေအနေ ဖရိုဖရဲဖြစ်နေသည်။သူမက လုယွီနှင့် သီးသန့်စကားပြောဆိုရမည်ဟု မျှော်လင့်မထားမိချေ။သူမက မည်သည့်အရာအား ပြောဆိုသင့်သနည်း။

သူမအား ကူညီစောင့်ရှောက်ပေးခဲ့သောလူငယ်သည် အမှန်တကယ်ကိုပင် သူမနှင့်စေ့စပ်ထားသူဖြစ်နေပေ၏။ဤကိစ္စသည် ချုးယွီလော်အား အလွန်ရှက်ရွံနေစေပြီး သူမက လုယွီအား မျက်နှာချင်းမဆိုင်ဝံ့ချေ။

လုယွီက ပြောဆိုသည်။

"မင်းနဲ့ငါ မမွေးခင်ကတည်းက ငါတို့နှစ်ယောက်ကို စေ့စပ်ထားခဲ့တာ...ငါ့ရဲ့အမြင်အရတော့ ဒါကိုထည့်မတွက်သင့်ဘူး...တကယ်လို့ မင်း ဆန္ဒမရှိဘူးဆိုရင် ငါက ဒီလက်ထပ်ပွဲကို ဖျက်သိမ်းပေးမယ်...မင်းရဲ့ဂုဏ်သတင်းကို ဘယ်လိုမှထိခိုက်နစ်နာမှု မရှိစေရဘူး"

ချုးယွီလော်က ရုတ်တရက်ခေါင်းမော့ပြီး မျက်လုံးအပြူးသားဖြင့် လုယွီအားကြည့်လိုက်၏။သူမ၏မျက်လုံးအတွင်း၌ လုယွီအား အပြစ်တင်လိုသောအရိပ်အယောင်သန်းနေပေ၏။

ဒီ..ငအကောင်ကတော့...

သူမသည် သူ့အားသဘောကျသည်ဟူသော ကိစ္စမျိုးကို ကိုယ်တိုင်ကိုယ်ကျ ထုတ်ဖော်ပြောဆိုရမည်လော။

လုယွီက ရုတ်တရက် ခပ်ဖျော့ဖျော့ပြုံးလိုက်၏။

"တကယ်တော့...တကယ်လို့သာ နတ်သမီးချူက မျက်နှာသာပေးမယ်ဆိုရင် ငါ ဂုဏ်ယူမိမှာပါ...ငါက ဒီလက်ထပ်ပွဲကို ငြင်းဆန်မှာမဟုတ်ဘူး"

လုယွီက သူ၏သိုလှောင်အိတ်အတွင်းမှ သက်တန့်ရောင်လိပ်ပြာဆွဲသီးကိုထုတ်ယူ၍ ချူးယွီလော်၏လက်အတွင်းသို့ ထည့်ပေးလိုက်သည်။

"ဒီထဲမှာ ငါက ဝင်္ကပါတစ်ခုကို ချိပ်ပိတ်ထားတယ်...ဒီဟာကို မင်းရဲ့ခန္ဓာကိုယ်မှာ ဝတ်ဆင်ထားတာနဲ့ မင်းရဲ့ကျင့်ကြံမှုအရှိန်နှုန်း မြန်ဆန်လာလိမ့်မယ်...ဒါက မင်းအတွက် ငါ့ရဲ့စေ့စပ်သင်္ကေတပဲ"

"ငါ့မှာ လုပ်စရာတွေအများကြီးရှိသေးတယ်...တကယ်လို့ ခုချိန်မှာ မင်း ငါနဲ့အတူနေမယ်ဆိုရင်...အရမ်းအန္တရာယ်များတယ်...ငါ မင်းကို ကတိပေးတယ်...နောင်တစ်ချိန်မှာ ငါ့ရဲ့ကိစ္စတွေအားလုံး အခြေကျတာနဲ့ မင်းဆီအရောက်ပြန်လာပြီး မင်းကိုလက်ထပ်မယ်"

C1372:လုမိသားစုမှထွက်ခွာခြင်း

ချူးယွီလော်က ခေါင်းငုံ၍ ကျောက်စိမ်းဆွဲသီးကို ယူဆောင်လိုက်သည်။သူမ၏မျက်နှာပေါ်၌ ရှက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်နေပေ၏။

အကယ်၍ လုယွီသည် သူမအား ယခုချက်ချင်းလက်ထပ်လိုသည်ဆိုပါက သူမ ငြင်းဆန်မည်မဟုတ်ချေ။သူမ၏အကျင့်စရိုက်သည် အစဥ်အမြဲ နူးညံသိမ်မွေ့ပေ၏။

ချူးယွီလော်သည် သက်တန့်ရောင်လိပ်ပြာကျောက်စိမ်းဆွဲသီးကို ယူလိုက်သည့်အချိန်အခိုက်အတန့်တွင် လုယွီ၏လက်ဖဝါးမှ ပူနွေးမှုကိုခံစားရရာ သူမ၏နှလုံးခုန်နှုန်း ပို၍မြန်ဆန်သွားသည်။

"ကျွန်မ ရှင့်ကို စောင့်နေမယ်"

ချူးယွီလော်က ခေါင်းမော့၍ ပြုံးလိုက်ရာ သူမ၏မျက်နှာထက်၌ ချစ်စဖွယ်ကောင်းပြီး ဆွဲဆောင်မှုရှိသည့်အပြုံးမျိုး ထင်ဟပ်နေသည်။

သူတို့နှစ်ယောက်ကြားရှိ စကားပြောဆိုနေမှုကို မလှမ်းမကမ်းအကွာအဝေး၌ရှိနေသော လုဝူသီနှင့်ချူးရှောင်တို့ ရှင်းရှင်းလင်းလင်းမြင်နေရမှန်း ချူးယွီလော် မသိချေ။

"မျှော်လင့်ထားသလိုပဲ...သူ ငြင်းလိုက်တယ်"

ချုးရှောင်သည် ဤကဲ့သို့ရလဒ်ကို မျှော်လင့်ထားပြီးသကဲ့သို့ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

လုဝူသီက တီးတိုးပြောဆိုသည်။

"သူက အသက်နှစ်ဆယ်ပဲရှိသေးပေမယ့် အောင်မြင်မှုတွေအများကြီး ရနေပြီ...ဒီအဆင့်နိမ့်လောကမှာ သူ ဆက်နေမှာမဟုတ်တော့ဘူး...အနှေးနဲ့အမြန် သူက ကောင်းကင်ဘုံနယ်မြေကို တက်လှမ်းသွားလိမ့်မယ်"

ချူးရှောင်က သက်ပြင်းတစ်ချက် ထပ်မံရှိုက်သွင်းပြီး သူ့ကိုကြည့်ရသည်မှာ အနည်းငယ်အထီးကျန်ဆန်နေပုံရသည်။

နောက်တစ်နေ့တွင် လုမိသားစုသည် ချူးမိသားစုနှင့် မဟာမိတ်ဖွဲ့လိုက်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။လုမိသားစု၏ဆေးဝါးနယ်ပယ်အား ချူးမိသားစုရှိ ဆေးဝါးပညာရှင်များက ထိန်းချုပ်ပေမည်။

သို့ရာတွင် လုမိသားစု၏ဆေးဝါးနယ်ပယ်အား အုပ်ချုပ်မည့် ခေါင်းဆောင်အသစ်သည် မည်သူမျှမျှော်လင့်မထားမိသော ချူးယွီလော်ဖြစ်နေသည်။

ထိုကိစ္စထွက်ပေါ်လာသည်နှင့် လူအများအပြား အံ့အားသင့်သွားကြ၏။

လုချမ်ချိုးသည် ဖမ်းဆီးထိန်းသိမ်းခံထားရသဖြင့် လုမိသားစုဆေးဝါးနယ်ပယ်၌ ခေါင်းဆောင်မရှိချေ။ထိုနေရာအား လုမိသားစုမှ ဆေးဝါးပညာရှင်တစ်ယောက်ဖြင့် အစားထိုးမည်ဟု လူအများက ခန့်မှန်းထားကြသော်လည်း ချူးယွီလော် ဖြစ်နေခဲ့သည်။

ချူးယွီလော်၏ဆေးပညာတာအိုသည် ထူးချွန်သည့်အပြင် သူမ၏အသက်ငယ်ရွယ်စဥ်ကပင် ချုးရှောင်၏အနီးကပ်သင်ကြားပေးခြင်းကို ခံယူခဲ့ရပြီး စိတ်ဝိညာဥ်အဆင့်ဆေးလုံးကို သန့်စင်နိုင်သည့်တိုင် သူမသည် လုမိသားစုအတွက် အပြင်လူတစ်ယောက်သာဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အဆုံးသတ်၌ လုဝူသီသည် ချူးယွီလော်အား ဖိအားပေး၍ လုမိသားစုထံသို့ ပြောင်းရွှေ့နေထိုင်စေသည်။

လူအများ၏တိုင်ပင်ဆွေးနွေးနေမှုများအကြားတွင် တချို့လူများသည် လုယွီနှင့်ချူးယွီလော်အား စေ့စပ်ထားသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်ပြီး မိသားစုနှစ်စုကြားရှိ ဆက်ဆံရေးဟောင်းတစ်ခုဖြစ်ကြောင်း ရှာဖွေတွေ့ရှိသွားသည်။

ထိုအကြောင်းကိုတွေးတောမိမှသာ လူတိုင်း စိတ်သက်သာရာရသွားကြ၏။ပြန်တွေးကြည့်ပါက ချူးယွီလော်သည် လုမိသားစု၏အနာဂတ်သခင်မလောင်းလျာ ဖြစ်နေသည်။

သူတို့သည် လုယွီ၏နည်းလမ်းများကို ယခင်က မြင်တွေ့ဖူးပြီးဖြစ်သည်။စေ့စပ်ထားသောသတင်း ထွက်ပေါ်လာသည်နှင့် မူလက ထင်ကြေးပေးနေမှုများသည် မီးခိုးငွေ့ကဲ့သို့ လေထုအတွင်း ပျောက်ကွယ်သွားတော့သည်။လုမိသားစုမှဆေးဝါးပညာရှင်များပင်လျှင် ဤကိစ္စမှာ လွဲမှားနေသည်ဟု ခံစားရခြင်းမရှိချေ။

သို့ရာတွင် လုယွီနှင့် စေ့စပ်ကြောင်းလမ်းရန် ကြံစည်ထားသူများသည် လက်လျှော့သွားခြင်းမရှိချေ။ထိုသို့ဖြစ်ရမည့်အစား လုယွီသည် ကိုယ်လုပ်တော်တချို့ လက်ခံမည့်အတွေးမျိုး ရှိနေသလောဟု သူတို့က စုံစမ်းနေကြ၏။

ထိုလူများအားလုံးကို လုမိသားစုက တိုက်ရိုက်ငြင်းဆန်လိုက်ပြီး လုယွီသည် လုမိသားစုမှ ထွက်ခွါသွားပြီဖြစ်ကြောင်း သူတို့အား ပြောဆိုလိုက်သည်။

မြောက်ပိုင်းနယ်မြေ....

အလင်းတန်းနှစ်တန်းက မိုးကောင်းကင်ယံအား ဖြတ်သန်းသွားသည်။ရုတ်ချည်းဆိုသလိုပင် မိုင်ပေါင်းများစွာကွာဝေးသောနေရာ၌ လူရိပ်နှစ်ရိပ် ထွက်ပေါ်လာပေ၏။

"အရှင်သခင်...သခင်လေးက အသက်ငယ်ရွယ်သေးတော့ ကလေးတွေရှိနေတာရဲ့ကောင်းကျိုးကို မသိသေးဘူး...သခင်လေး သိလား...ကျွန်တော်မှာ ဇနီးမယားနဲ့ကိုယ်လုပ်တော်တွေ ဆယ်ယောက်ကျော်ရှိတယ်...ကျွန်တော်တို့ ရေခဲနယ်မြေက ထွက်ခွာမလာခင်မှာပဲ ကျွန်တော်ရဲ့သုံးယောက်မြောက်မြေး မွေးဖွားပြီးပြီလို့ ပြောကြတယ်"

လုထျန်းကန်က အဆက်မပြတ် ပြောဆိုနေသည်။

လုယွီက ထူးဆန်းသောအမူအယာနှင့် လုထျန်းကန်အားကြည့်လိုက်၏။

"တစ်လမ်းလုံး မင်း ငါ့ကို ဒီအကြောင်းတွေပဲပြောနေတာ....မင်း ဘာလိုချင်နေတာလဲဆိုတာသာပြော"

လုထျန်းကန်က ကိုးရိုးကားရားရယ်သံဖြင့် ရယ်မောလိုက်သည်။

"ကျွန်တော်မှာ အသက်ဆယ့်ရှစ်နှစ်အရွယ် တူမလေးတစ်ယောက်ရှိတယ်...သူက ဂီတ စစ်တုရင် လက်ရေးလှရေးသားတာနဲ့ပန်းချီပညာမှာ ထူးချွန်တယ်...အထူးသဖြင့် ချက်ပြုတ်တဲ့ပညာရပ်မှာပဲ...သူကို ချူးမိသားစုကသခင်မလေးနဲ့ နှိုင်းယှဥ်လို့မရပေမယ့် ကိုယ်လုပ်တော်တစ်ယောက်ဖြစ်ဖို့တော့ လုံလောက်တာထက်ပိုတယ်"

"ထွက်သွားစမ်း"

သူတို့နှစ်ယောက်သည် စကားပြောရင်း ရယ်မောရင်းနှင့် မြောက်ပိုင်းနယ်မြေ၏တောင်ပိုင်းဒေသသို့ ရောက်ရှိလာသည်။

ဤနေရာ၌ မြင့်မားသောတောင်တစ်လုံးသည် တိမ်စိုင်များအတွင်းသို့ပင် ထွင်းဖောက်ပြီး မားမားမတ်မတ်တည်ရှိနေသည်။တောင်ထိပ်တွင် မြူများကရစ်သိုင်းနေပြီး အရာရာတိုင်း မှုန်ဝါးနေသည်။

လုယွီသည် တောင်၏တံခါးမကြီးမှ 'တောင်ကွဲဂိုဏ်း'ဟုရေးထားသော စာလုံးသုံးလုံးကို ကြည့်လိုက်သည်။

သူသည် လင်းရှန်ဂိုဏ်း၏ကောင်းကင်ဘုံရေကန်အတွင်း၌ ရှေးဟောင်းတာအိုအင်မော်တယ်တစ်ယောက်၏အမွေအနှစ်ကို ဆက်ခံရရှိခဲ့သည်။ဤတစ်ကြိမ်တွင် လုယွီသည် ကြွင်းကျန်သောအမွေအနှစ်ကိုသင်ယူရန် ရည်ရွယ်ချက်ဖြင့် ဤနေရာသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။

"သခင်လေး...ဒီတံခါးနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေသလိုပဲ...ကြည့်ရတာ အကာအကွယ်ဝင်္ကပါကို အသက်သွင်းထားပုံရတယ်...တစ်ခုခု ဖြစ်နေတာများလား"

လုထျန်းကန်က မျက်မှောင်ကြုတ်ပြီး ပြောဆိုလိုက်၏။

C1373:အုတ်ဂူဟောင်းဂိုဏ်း အန္တရာယ်ကျရောက်နေပြီ

လုယွီက ခေါင်းမော့ကြည့်လိုက်သည်။ခပ်ဖျော့ဖျော့အလင်းလွှာတစ်လွှာသည် အုတ်ဂူဟောင်းဂိုဏ်း၏တောင်အဝင်ဝတံခါးအား လွှမ်းခြုံထားသည်ကို သူ တွေ့မြင်လိုက်ရ၏။

လုယွီသည် ထိုအလင်းလွှာနှင့် လွန်စွာရင်းနှီးကျွမ်းဝင်ပြီးဖြစ်သည်။သူ အုတ်ဂူဟောင်းဂိုဏ်းမှထွက်ခွါခဲ့စဥ်က ဂိုဏ်းအားကာကွယ်နိုင်ရန် လုယွီက ဤဝင်္ကပါကို ခင်းကျင်းခဲ့ခြင်းဖြစ်သည်။

"ဖြစ်နိုင်တာတော့ အုတ်ဂူဟောင်းဂိုဏ်းမှာ အကျပ်အတည်းတစ်ခုခုနဲ့ ကြုံတွေ့နေရတာများလား"

လုယွီက စိတ်အတွင်းမှနေ၍ တွေးတောနေမိ၏။

လုထျန်းကန်က ပြောဆိုသည်။

"သခင်လေး...ကျွန်တော် အဲ့ဒီကိုသွားပြီး ဘာတွေဖြစ်နေတာလဲဆိုတာ ကြည့်လိုက်ရမလား"

လုယွီ၏ယခုလက်ရှိခွန်အားနှင့်ဆိုပါက မြောက်ပိုင်းနယ်မြေတစ်ခုလုံးတွင် သူနှင့်ယှဥ်ပြိုင်တိုက်ခိုက်နိုင်သော ကျင့်ကြံသူဟူ၍ အနည်းစုသာရှိသည်။

လုယွီက မျက်မှောင်ကြုတ်၍ ပြောဆိုသည်။

"အခု ဘာသံမှမထွက်နဲ့အုံး...အပြင်ဘက်ကနေစောင့်ပြီး ဘာတွေဖြစ်နေတာလဲဆိုတာ ကြည့်ကြရအောင်"

သူတို့နှစ်ယောက်သည် မြေပြင်ပေါ်သို့ဆင်းသက်ပြီး အုတ်ဂူဟောင်းဂိုဏ်း၏တံခါးမကြီးသို့ လျှောက်လှမ်းသွားလိုက်၏။

ဤအချိန်တွင် အုတ်ဂူဟောင်းဂိုဏ်း၏ပြင်ပ၌ လေလွင့်ကျင့်ကြံသူအမြောက်အများရှိနေပြီး သူတို့က တစ်စုံတစ်ရာကို တိုင်ပင်ဆွေးနွေးနေကြသည်။

လုယွီနှင့်လုထျန်းကန်တို့ ရောက်ရှိသွားချိန်တွင်လည်း ကျန်ရှိသောလူများသည် သူတို့နှစ်ယောက်အား လေလွင့်ကျင့်ကြံသူအဖြစ်သာယူဆပြီး လျစ်လျှူရှုထားခြင်းမရှိချေ။

"လူတွေအများကြီးပါလား...အုတ်ဂူဟောင်းဂိုဏ်းမှာ ဘာတွေဖြစ်နေလို့လဲ...ဘာလို့ ဒီနေရာပတ်ဝန်းကျင်မှာ လူတွေအများကြီးစုဝေးနေတာလဲ"

လုထျန်းကန်သည် သူ၏နံဘေး၌ရှိနေသော လေလွင့်ကျင့်ကြံသူတစ်ယောက်ကို အရင်ဆုံးမေးမြန်းလိုက်သည်။

ထိုကျင့်ကြံသူသည် အစပထမ၌ ကြောင်အနေသော်လည်း လုထျန်းကန်ထံမှ စိတ်ဝိညာဥ်ကျောက်တုံးတချို့ကို ရယူပြီးနောက်တွင် သူက အပြုံးနှင့် ပြောဆိုလေ၏။

"ဒီတစ်ကြိမ်တော့ အုတ်ဂူဟောင်းဂိုဏ်းအတွက် ကံမကောင်းတဲ့အချိန်ပဲ...ဒီကပ်ဘေးကနေ သူတို့လွတ်မြောက်နိုင်မယ်လို့ ငါတို့တော့မထင်ဘူး...ငါတို့အားလုံးက အုတ်ဂူဟောင်းဂိုဏ်း ပျက်စီးသွားတာနဲ့ ကြွင်းကျန်မယ့်ပစ္စည်းတွေကို ကြည့်ဖို့လာခဲ့တာလေ"

အုတ်ဂူဟောင်းဂိုဏ်း ပျက်စီးတော့မည်လော။

လုထျန်းကန်က ဆက်လက်၍ မေးမြန်းသည်။

"အုတ်ဂူဟောင်းဂိုဏ်းက ဒီအနီးအနားပတ်ဝန်းကျင်မှာ ဂိုဏ်းကြီးတစ်ဂိုဏ်းလို့ ငါ ကြားဖူးတယ်...ဘယ်လိုလုပ်ပြီး ဒီလိုပျက်စီးတော့မယ့်အခြေအနေမျိုး ဆိုက်ရောက်သွားတာလဲ"

လေလွင့်ကျင့်ကြံသူက လျှို့ဝှက်ချက်တစ်ခုကို ထုတ်ဖော်ပြောဆိုပုံဖြင့် ပြောဆိုလေ၏။

"ဒါက ငါ မင်းတို့ကိုမို့ ပြောပြတာနော်...ဒီကိစ္စက အုတ်ဂူဟောင်းဂိုဏ်းကတပည့်တွေ စပါးကြီးမြွေတောင်ရဲ့စမ်းသပ်ပွဲကို ပါဝင်ယှဥ်ပြိုင်တာကနေ စတင်ခဲ့တာ"

"ဒီနေရာကနေမြောက်ဘက် မိုင်ပေါင်းရာအနည်းငယ်လောက် ကွာဝေးတဲ့နေရာမှာ စပါးကြီးမြွေတောင်ရှိတယ်...အဲ့ဒီတောင်ကို စပါးကြီးမြွေနတ်ဆိုးတွေက အပိုင်စီးထားပြီးတော့ စိတ်ဝိညာဥ်နယ်ပယ်စပါးကြီးမြွေနတ်ဆိုးတွေကိုတောင် မြင်တွေ့ရတက်တယ်...အဲ့ဒီမြွေနတ်ဆိုးတွေက မကြာခဏ လမ်းသွားလမ်းလာတွေကို တိုက်ခိုက်တက်လို့ အရမ်းအန္တရာယ်များတယ်"

"စပါးကြီးမြွေတောင်က အရမ်းအန္တရာယ်များတဲ့နေရာဖြစ်ပေမယ့် တောင်အတွင်းပိုင်းမှာ အဖိုးတန်ရှားပါးတဲ့ရတနာတွေရှိနေတယ်...ရှားပါးဆေးပင်တချို့ကိုတောင် တွေ့ရတက်တယ်...ဂိုဏ်းတော်တော်များများက အဲ့ဒီနေရာကို လူငယ်တပည့်တွေအတွက် စမ်းသပ်ကွင်းပြင်လို့ သက်မှတ်ထားတာ...လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုန်းက စပါးကြီးမြွေတောင်မှာ စမ်းသပ်ပွဲတစ်ခုပြုလုပ်ခဲ့တယ်...အဲ့ဒီစမ်းသပ်ပွဲမှာ မမျှော်လင့်ဘဲ လူတစ်ယောက်သေဆုံးသွားတယ်"

လုထျန်းကန်က သိချင်စိတ်ပြင်းပြစွာ မေးမြန်းလိုက်၏။

"စမ်းသပ်ပွဲတစ်ခုမှာ လူတစ်ယောက်လောက်သေတာက အရမ်းကိုသာမာန်ဆန်တဲ့ကိစ္စမျိုး မဟုတ်ဘူးလား"

"တကယ်လို့ သာမာန်တပည့်တစ်ယောက်သေသွားရင် ဒါက ပြဿနာမရှိဘူး...ဒါပေမယ့် ပြဿနာက သေသွားတဲ့လူက နန်ကုန်းမိသားစုရဲ့သခင်လေးဖြစ်နေတာပဲ"

လေလွင့်ကျင့်ကြံသူက ရယ်မောရင်း ပြောဆိုသည်။

လုထျန်းကန်က ဆက်လက်၍မေးမြန်းလိုက်၏။

"နန်ကုန်းမိသားစုက အရမ်းအားကောင်းလို့လား"

သူသည် မြောက်ပိုင်းနယ်မြေ၌ နန်ကုန်းမိသားစု တည်ရှိကြောင်းကို မည်သည့်အချိန်ကမျှ မကြားခဲ့ဖူးချေ။

"မင်းက နန်ကုန်းမိသားစုအကြောင်းတောင် မသိဘူးလား"

လေလွင့်ကျင့်ကြံသူက လုထျန်းကန်အား စူးစိုက်၍ကြည့်လိုက်သည်။

"ဒါဆိုရင် မင်း မြောက်ပိုင်းနယ်မြေက လုမိသားစုကိုသိလား"

လုထျန်းကန်က ခေါင်းညိတ်ပြသည်။

"ဒါတော့ ငါ သိတယ်လေ"

သူတို့နှစ်ယောက်သည် အစောပိုင်းကပင် လုမိသားစုမှ ထွက်ခွာလာခဲ့သည်မဟုတ်လော။

လေလွင့်ကျင့်ကြံသူ၏လေသံက အနည်းငယ်မြင့်တက်သွားသည်။

"နန်ကုန်းမိသားစုရဲ့သခင်လေးက လုမိသားစုရဲ့မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်တော့မှာ...ဒီစမ်းသပ်ပွဲပြီးတာနဲ့ သူတို့က လက်ထပ်ဖို့ပြင်ဆင်ထားတာ...ဘယ်သူသိမှာလဲ...အဲ့ဒီလူက ကံဆိုးပြီး စမ်းသပ်ပွဲထဲမှာ သေဆုံးသွားမယ်လို့"

"နန်ကုန်းမိသားစုရဲ့သခင်လေး စမ်းသပ်ပွဲထဲမှာ သေဆုံးသွားခဲ့တာ အုတ်ဂူဟောင်းဂိုဏ်းရဲ့တပည့်ခေါင်းဆောင်ကြောင့်လို့ ငါ ကြားထားတယ်...နန်ကုန်းမိသားစုက ဒီနေရာကိုလာတာ လူသိရှင်ကြားစွမ်စွဲပြစ်တင်ဖို့နဲ့ အပြစ်သားကိုထုတ်ပေးဖို့ လာပြီးတောင်းခံတာပဲ"

ထိုသူ စကားပြောဆိုနေစဥ်မှာပင် အဝေးတစ်နေရာရှိ ကောင်းကင်ယံမှနေ၍ အလံများတလူလူလွင့်လာသည်ကို တွေ့မြင်ကြရ၏။

မိုးကောင်းကင်ယံ၌ လူတစ်စုသည် ခမ်းနားထည်ဝါသောဝေါယာဥ်ကို ခြံရံ၍ အုတ်ဂူဟောင်းဂိုဏ်းအနီးသို့ တရွေ့ရွေ့ချဥ်းကပ်လာကြသည်။ထိုလူအုပ်စုအပြင် နတ်ဆိုးသားရဲများကိုစီးနင်းထားသည့် ကျင့်ကြံသူများကလည်း လေထုအတွင်း၌ ပျံဝဲနေပေ၏။ဤသည်က ခမ်းနားကြီးကျယ်သော မြင်ကွင်းတစ်ခုပင်။

"လက်စားချေမယ့်လူတွေ ရောက်လာပြီ"

လေလွင့်ကျင့်ကြံသူသည် ပြပွဲကောင်းတစ်ခုကို ကြည့်ရတော့မည့်အလား ရယ်ပြုံး၍ပြောဆိုလိုက်သည်။

C1374:လုမိသားစု၏သခင်မလေး

မိုးကောင်းကင်ယံ၌ မြောက်များစွာသောအလံများ လေတိုက်ခတ်မှုနှင့်အတူ လူးလွန့်နေသည်မှာ အလွန်ခမ်းနားကြီးကျယ်သော မြင်ကွင်းဖြစ်သည်။

လုထျန်းကန်သည် ထိုလူစုအား ငေးမောကြည့်ပြီးနောက် လုယွီဘက်သို့လှည့်၍ ပြောဆိုလိုက်၏။

"သခင်လေး...ဒါက တတိယမိသားစုခွဲရဲ့အလံပဲ"

ကျင့်ကြံသူများ ခရီးသွားလာစဥ်တွင် သူတို့ ခင်းကျင်းပြသသောအလံများကို လက်လွတ်စပါယ်အသုံးမပြုသင့်ချေ။လုမိသားစု၏အလံကို လုမိသားစုဝင်များသာ အသုံးပြုနိုင်သည်။အကယ်၍ တခြားသူများသည် မဆင်မခြင်အသုံးပြုလိုက်ပါက လုမိသားစု၏အပြစ်ပေးခြင်းနှင့် ရင်ဆိုင်ကြုံတွေ့ရပေမည်။

လုယွီ၏မျက်နှာအမူအယာ ပျက်ယွင်းသွားခြင်းမရှိဘဲ သူက ပြောဆိုလိုက်၏။

"ဘာတွေဖြစ်လာမလဲဆိုတာ ဆက်ပြီးစောင့်ကြည့်ပါအုံး"

လေလွင့်ကျင့်ကြံသူတစ်ယောက်၏ အတင်းအဖျင်းစကားကိုသာ သူ ကြားသိရသေး၍ အမှန်တရားများဟု သူ မှတ်ယူမထားချေ။

သို့ရာတွင် သူကိုယ်တိုင် အုတ်ဂူဟောင်းဂိုဏ်းထံ ပို့ဆောင်ခဲ့သော ထိုကလေးသည် ယခုကိစ္စများကို တာဝန်ယူနိုင်မည်ဟု သူ မျှော်လင့်မထားပေ။

လူတစ်စုသည် ခမ်းနားကြီးကျယ်သောပုံစံဖြင့် အုတ်ဂူဟောင်းဂိုဏ်း၏တံခါးဝသို့ရောက်လာပြီးနောက် အမျိုးသမီးတစ်ယောက်၏ မောက်မာဝံ့ကြွားသောအသံက လေထုအတွင်း၌ ထွက်ပေါ်လာသည်။

"ယန်ချန်း...ဒီနေရာကို ထွက်လာခဲ့စမ်း"

ဘုန်း...

ရုတ်ချည်းဆိုသလိုပင် ထိုအသံသည် တောင်ကြားတစ်ခုလုံး ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

လေလွင့်ကျင့်ကြံသူ၏မျက်နှာအမူအယာသည် ချက်ချင်းဆိုသလိုပင် အလွန်အမင်းအံ့အားသင့်မှုသို့ ပြောင်းလဲသွားသည်။

"လုမိသားစုကလူတွေကိုယ်တိုင် ဒီနေရာကိုရောက်လာမယ်လို့ ငါ ထင်မထားမိဘူး...ကြည့်ရတာတော့ နန်ကုန်းသခင်လေးနဲ့စေ့စပ်ထားတဲ့ အမျိုးသမီး ရောက်လာပုံပဲ"

သို့ရာတွင် ထိုအသံအား မကြားရသကဲ့သို့ အုတ်ဂူဟောင်းဂိုဏ်း၏တံခါးမကြီးသည် ရွေ့လျားသွားခြင်းမရှိချေ။

ဝေါယာဥ်အတွင်းမှအမျိုးသမီးသည် ဒေါသတကြီးအော်ဟစ်လိုက်၏။

"အဲ့ဒီဂိုဏ်းတစ်ဂိုဏ်းလုံးကို အမြစ်ပြတ်သုတ်သင်လိုက်စမ်း"

ထို့နောက်မှနေ၍ လုမိသားစုအစောင့်အကြပ်တချို့သည် အမိန့်ကိုရရှိသည်နှင့် သူတို့၏မှော်မန္တန်များကိုအသုံးပြု၍ အုတ်ဂူဟောင်းဂိုဏ်း၏တံခါးမကြီးရှိ အကာအကွယ်ဝင်္ကပါအား စတင်တိုက်ခိုက်ကြတော့သည်။

ဝုန်း...ဝုန်း...ဝုန်း...

လုမိသားစုအစောင့်များ တိုက်ခိုက်လိုက်သည့် အချိန်တွင် ကောင်းကင်ယံတစ်ခုလုံး၌ စိတ်ဝိညာဥ်ပုံရိပ်များ ထွက်ပေါ်လာပေရာ အလွန်အမင်းအံ့အားသင့်ဖွယ်မြင်ကွင်းပင်။

လေလွင့်ကျင့်ကြံသူက အံ့အားတသင့်ရေရွတ်လိုက်သည်။

"အဲ့အမျိုးသမီးက တကယ့်ကို လုမိသားစုကပဲ...သူက စိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံသူတွေကိုတောင် အစောင့်အနေနဲ့ထားနိုင်တယ်...ကြည့်ရတာတော့ ဒီနေ့အုတ်ဂူဟောင်းဂိုဏ်းက ပျက်စီးတော့မယ့်ပုံပဲ"

စိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံသူအစောင့်များ၏ အဆက်မပြတ်တိုက်ခိုက်မှုအောက်တွင် အကာအကွယ်ဝင်္ကပါသည် အလင်းရောင်များပို၍တောက်ပလာပြီး တုန်ခါလာသော်လည်း ပြိုလဲသွားမည့်အရိပ်အယောင်မရှိချေ။

"သခင်မလေး...အဲ့ဒီဝင်္ကပါကိုကြည့်ရတာ ထူးဆန်းနေတယ်...ကျွန်တော်တို့ တိုက်ခိုက်လေလေ ဝင်္ကပါကပိုပြီးအားကောင်းလေလေပဲ"

အစောင့်တစ်ယောက်က အော်ဟစ်ပြောဆိုသည်။

"အမှိုက်တစ်သိုက်ပဲ"

ဝေါယာဥ်၏လိုက်ကာပွင့်သွားပြီး သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက် အတွင်းမှထွက်လာသည်။

ထိုအမျိုးသမီး၏ပုံပန်းသွင်ပြင်သည် အလွန်ဝဖြိုးသဖြင့် သူမ၏နံဘေးပတ်ဝန်းကျင်၌ တုတ်ခိုင်သန်မာသောသက်တော်စောင့်များရှိနေသည့်တိုင် သူမ၏ကြီးမားသောခန္ဓာကိုယ်ကြီးအား ဖုံးကွယ်ထားနိုင်စွမ်းမရှိချေ။အမျိုးသမီး၏ဝဖိုင့်သောမျက်နှာပေါ်တွင် အရေးအကြောင်းများပြည့်နှက်နေပြီး သူမ၏မျက်လုံးအတွင်း၌ နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။

"အမ်...သူက လုမိသားစုရဲ့သခင်မလေးလား"

လေလွင့်ကျင့်ကြံသူသည် အစောပိုင်းက သူသောက်ထားသောရေများပင် ပြန်အန်ထုတ်လိုက်ရ၏။သူ၏မျက်လုံးအတွင်း၌ အံ့အားသင့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။

နန်ကုန်းမိသားစု၏သခင်လေးသည် ပါရမီရှိသောလူငယ်တစ်ယောက်ပင်။မည်သည်ကြောင့် သူက ဤကဲ့သို့မိန်းမမျိုးကိုလက်ထပ်ပြီး အိမ်ခေါ်သွားရန် စိတ်ကူးခဲ့သနည်း။

"ဒီလက်ထပ်ပွဲကို မိသားစုအချင်းချင်းတွေ့ဆုံပြီး စီစဥ်ခဲ့တာလို့တော့ ငါ ကြားထားတယ်...တကယ်လို့သာ နန်ကုန်းမိသားစုက လုမိသားစုနဲ့ လက်ထပ်ပေါင်းစည်းလိုက်မယ်ဆိုရင်...နန်ကုန်းမိသားစုရဲ့စွမ်းအားက အဆင့်တစ်ခုထိမြင့်တက်သွားမှာသေချာတယ်...သနားဖို့ကောင်းတာကတော့ နန်ကုန်းမိသားစုရဲ့သခင်လေးပဲ...သူ သေသွားတာလည်း ကောင်းပါတယ်...တကယ်လို့ သူသာ ဒီလိုမိန်းမမျိုးနဲ့လက်ထပ်ရမယ်ဆိုရင် ကြွင်းကျန်တဲ့ဘဝတလျှောက်လုံးမှာ သူ ငိုနေရလိမ့်မယ်"

လေလွင့်ကျင့်ကြံသူ၏လေသံသည် ပြက်ရယ်ပြုလိုသောအရိပ်အယောင်များ ပြည့်နှက်နေပေ၏။

ထိုအမျိုးသမီးသည် အုတ်ဂူဟောင်းဂိုဏ်း၏ပိတ်ထားသော တံခါးကိုကြည့်ပြီး စူးရှရှလေသံဖြင့် ပြောဆိုသည်။

"ငါ့နာမည်က လုရှား...ငါ့အဖေက တတိယလုမိသားစုခွဲရဲ့အရှင်သခင်ပဲ...နင်တို့အားလုံးက တစ်ဂိုဏ်းလုံးကို အမြစ်ပြတ်သုတ်သင်ခံချင်တာလား...မြန်မြန် တံခါးဖွင့်ကြစမ်း"

လုရှားစကားပြောဆိုလိုက်သော အချိန်အခိုက်အတန့်တွင် မူလက ပြောဆိုဆွေးနွေးနေကြသောအသံများသည် မီးခိုးငွေ့များကဲ့သို့ လေထုအတွင်းပျောက်ကွယ်သွားတော့သည်။

"ဒါဆို သူက လုကျန်းဟိုင်ရဲ့သမီးပေါ့...နန်ကုန်းမိသားစု ဒီလောက်ထိ မျက်နှာချိုသွေးပြီးခယနေတာ အံ့အားသင့်စရာမရှိတော့ဘူး"

"ဒီတစ်ကြိမ်မှာ ပင်မလုမိသားစုက မိသားစုတစ်စုလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်...လုကျန်းဟိုင်က လုမိသားစုဘိုးဘေးနောက်ကိုလိုက်ပြီး အခွင့်အာဏာတွေ ရရှိလာတာ...အခုချိန်မှာ တတိယလုမိသားစုခွဲကို ဘယ်သူမှဟန့်တားနိုင်မှာမဟုတ်ဘူး"

လုထျန်းကန်၏မျက်နှာပေါ်၌ ထူးဆန်းသောအရိပ်အယောင်များ ထင်ဟပ်နေသည်။သူသည် သူရှေ့ရှိလုရှားကိုကြည့်ပြီး လုကျန်းဟိုင်အကြောင်း တွေးတောနေမိ၏။သူ မည်မျှပင် တွေးတောနေပါစေ ထိုလူနှစ်ယောက်အား ဆက်စပ်၍မရချေ။

ဤအချိန်မှာပင် တုန်ခါသံတစ်သံနှင့်အတူ အုတ်ဂူဟောင်းဂိုဏ်း၏တံခါးမကြီးပွင့်သွားပေ၏။

C1375:ငါ့ဆီမှာ သက်သေရှိတယ်

အုတ်ဂူဟောင်းဂိုဏ်း၏တံခါးမကြီးထံမှ ရှည်လျားသောသက်ပြင်းချသံတစ်သံထွက်ပေါ်လာသည်။ဂိုဏ်းချုပ်မိုဒေါင်ချင်သည် အကြီးအကဲများ တပည့်များနှင့်အတူ အပြင်ထွက်လာပြီး လုရှား၏ရှေ့၌ မတ်တတ်ရပ်လိုက်သည်။

"မိန်းကလေးလုက ဒီနေရာကို ရောက်လာခဲ့တာပဲ...ငါတို့အုတ်ဂူဟောင်းဂိုဏ်းက မင်းအတွက် ဘာလုပ်ပေးရမလဲ"

မိုဒေါင်ချင်က လေသံဖျော့ဖျော့ဖြင့် ပြောဆိုသည်။

လုရှားက ရန်ငြှိုးမုန်းတီးမှုအပြည့်ဖြင့် အော်ငေါက်လိုက်၏။

"ခွေးကောင်စုတ်ယန်ချန်းက ငါ့ရဲ့ခင်ပွန်းလောင်းကို သတ်ပစ်လိုက်တယ်...သူ့ကို ထုတ်ပေးစမ်း"

ဒေါသအလွန်အမင်းထွက်နေမှုကြောင့် လုရှား၏ခန္ဓာကိုယ်မှ အဆီများပင် အထိန်းအချုပ်မဲ့ တုန်ခါနေသည်။

မိုဒေါင်ချင်၏မျက်နှာအမူအယာသည် မပြောင်းမလဲ တည်ငြိမ်နေဆဲပင်။

"ငါ ဒီကိစ္စအကြောင်းကို ကြားထားပြီးပြီ...နန်ကုန်းသခင်လေးကို ယန်ချန်းက သတ်လိုက်တယ်လို့ သခင်မလေးက ပြောပေမယ့်...လုံလောက်တဲ့ သက်သေအထောက်အထားမရှိဘူးလေ...တကယ်လို့ မင်းက အုတ်ဂူဟောင်းဂိုဏ်းကိုစွပ်စွဲပြစ်တင်ချင်တယ်ဆိုရင်တောင်...မင်းတို့လုမိသားစုကလူတွေ ခုလိုလုပ်တာနည်းနည်းတော့ လွန်နေတယ်မလား"

မိုဒေါင်ချင်၏ခန္ဓာကိုယ်မှနေ၍ ပြင်းထန်သောအရှိန်အဝါများ ရုတ်ချည်းထွက်ပေါ်လာသည်။သူသည် စိတ်ဝိညာဥ်နယ်ပယ်သို့ ရောက်ရှိနေသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်ပြီး စိတ်ပုံထွင်းနယ်ပယ်နှင့်ပင် နီးကပ်နေလေပြီ။

လုမိသားစုအစောင့်များသည် စိတ်လှုပ်ရှားစွာဖြင့် မိုဒေါင်ချင်ကို စူးစိုက်ကြည့်နေကြသည်။မိုဒေါင်ချင်က ရုတ်တရက် လုရှားအား ဝင်ရောက်တိုက်ခိုက်မည်ကို သူတို့အားလုံး စိုးရွံနေကြ၏။

သို့ရာတွင် လုရှားကမူ ထိုသို့မတွေးချေ။သူမက သရော်တော်တော်လေသံဖြင့် ပြောဆိုလေသည်။

'နင်တို့ အုတ်ဂူဟောင်းဂိုဏ်းက ဘာမလို့လဲ....နင့်ကိုအမှန်အတိုင်းပြောရရင်...တကယ်လို့ ငါတို့လုမိသားစုကသာ အုတ်ဂူဟောင်းဂိုဏ်းကို ဖျက်ဆီးချင်တယ်ဆိုရင်...ဒါက လက်ချောင်းတစ်ချောင်းမြှောက်တင်လိုက်ရုံမျိုး ရိုးရိုးရှင်းရှင်းပြီးသွားမှာ...နင်တို့ဘာတွေတွေးနေလဲဆိုတာ ငါ ဂရုစိုက်မယ်လို့ ထင်နေတာလား"

မိုဒေါင်ချင်က အငြင်းစကား ပြောဆိုသည်။

"ဘယ်သူကမှ တိကျတဲ့သက်သေမရှိဘဲ အုတ်ဂူဟောင်းဂိုဏ်းကတပည့်ကို ထိလို့မရဘူး"

"သေချင်နေတာလား"

လုရှား၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအကြည့်မျိုး ထွက်ပေါ်လာသည်။

သူမသည် လုကျန်းဟိုင်၏သမီးဖြစ်နေသောကြောင့် သူမ မွေးဖွားလာစဥ်ကတည်းက မည်သူကမျှ သူမ၏အမိန့်ကို မနာခံဘဲမနေဝံ့ချေ။

"တကယ်လို့ မင်း တစ်ခုခုလိုအပ်တယ်ဆိုရင်...ငါ့ကို လာရှာလို့ရတယ်...ငါ့ရဲ့ဂိုဏ်းကို ဆွဲမထည့်နဲ့"

ထိုအချိန်မှာပင် အုတ်ဂူဟောင်းဂိုဏ်း၏တံခါးမကြီးထံမှ ကြည်လင်ပြတ်သားသောအသံတစ်သံ ထွက်ပေါ်လာသည်။

ရုပ်ရည်ချောမောခန့်ညားသော ဆယ်ကျော်သက်အရွယ် လူငယ်တစ်ယောက်သည် ခြေလှမ်းကျဲကြီးများဖြင့် တံခါးမကြီးမှထွက်လာစဥ် အော်ဟစ်ပြောဆိုလိုက်ခြင်းဖြစ်သည်။

ထိုလူငယ်သည် အုတ်ဂူဟောင်းဂိုဏ်း၏တပည့်ခေါင်းဆောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။သူ၏နောက်တွင် အုတ်ဂူဟောင်းဂိုဏ်းမှတပည့်တစ်စု ကပ်ပါလာပြီး သူတို့က ဒေါသထွက်နေသော အမူအယာများဖြင့် လုရှားကိုကြည့်နေကြ၏။

"ငါက ယန်ချန်းပဲ...နန်ကုန်းရွှမ်က ငါ့ကြောင့် သေသွားတာမဟုတ်ဘူး...တကယ်လို့ မင်း စွပ်စွဲပြစ်တင်ချင်တယ်ဆိုရင်....လူမှားနေပြီလို့ပဲ ငါ ပြောချင်တယ်"

ယန်ချန်းက အော်ဟစ်ပြောဆိုသည်။

ယန်ချန်း ထွက်လာသည်ကိုကြည့်ပြီး လုရှား၏မျက်နှာပေါ်ရှိ ရက်စက်ကြမ်းကြုတ်သောအမူအယာသည် ပို၍သိသာထင်ရှားလာပေ၏။

"နင်...ခွေးကောင်စုတ်လေး...နင် ထွက်လာရဲသေးတယ်ပေါ့လေ"

လုရှားက အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်သည်။

ယန်ချန်းက လုရှားထံသို့ တန်းတန်းမတ်မတ်ကြည့်လိုက်၏။

"ငါက ဘာလို့ထွက်မလာရဲရမှာလဲ...ငါ ဘယ်သူကိုမှ သတ်မထားတဲ့အတွက် ငါ့လိပ်ပြာငါလုံတယ်"

"ဟား ဟား ဟား...ဘာ...လိပ်ပြာလုံတယ်တဲ့လား...နင်က ငါ့ရဲ့ခင်ပွန်းလောင်းကို သတ်ခဲ့တာလေ...အခု နင်က ဒီကိုလာပြီး စကားကြီးစကားကျယ်ပြောရဲသေးတယ်...နင့်ကိုငါ မသတ်ရဲဘူးလို့ ထင်နေတာလား"

လုရှားက ဒေါသတကြီး အော်ငေါက်လေသည်။

မိုဒေါင်ချင်က မျက်မှောင်ကြုတ်ပြီး ပြောဆိုသည်။

"လု မိန်းကလေး....မင်းမှာ သက်သေတစ်ခုခုရှိလား...ယန်ချန်းက ငါတို့ဂိုဏ်းရဲ့တပည့်ခေါင်းဆောင်ပဲ...မင်း သူကို မတော်မတရားမစွပ်စွဲသင့်ဘူး"

ယခုလက်ရှိချိန်၌ မိုဒေါင်ချင်သည်လည်း အလွန်အမင်း ဒေါသထွက်နေသည်။လုရှားသည် ဤနေရာသို့ရောက်ရှိလာပြီးနောက် သက်သေအထောက်အထားမရှိဘဲ သူ၏တပည့်ဖြစ်သူအား စွပ်စွဲပြစ်တင်နေသည်မှာ သူ့အား အလွန်စိတ်ဆိုးဒေါသထွက်စေသည်။

လုရှား၏မျက်လုံးအတွင်း၌ သရော်တော်တော်အရိပ်အယောင်များ ထင်ဟပ်လာသည်။

"တကယ်လို့ နင် သက်သေလိုချင်တယ်ဆိုရင်လည်း ရတယ်လေ...ငါ့ဆီမှာ သက်သေရှိတယ်"

သူမက နောက်လှည့်၍ သူမ၏လူများကို တီးတိုးပြောဆိုလိုက်သည်။

"သွား...လူကို ဒီနေရာခေါ်လာခဲ့တော့"

အချိန်တခဏကြာပြီးနောက် လုမိသားစုမှအစောင့်များသည် လက်တစ်ဖက်ပြတ်နေသော လူငယ်တစ်ယောက်အား ခေါ်ဆောင်လာပေ၏။

"စီနီယာအကိုလျိုမူ...ဒါက မင်းလား"

"ဘယ်လိုဖြစ်ရတာလဲ...ယန်ချန်းရဲ့အပြစ်ကို သက်သေခံဖို့ ဘာလို့စီနီယာအကိုလျိုမူက ထွက်လာခဲ့တာလဲ"

အုတ်ဂူဟောင်းဂိုဏ်းမှလူများအားလုံး ကြက်သေသေနေကြ၏။သူတို့၏ရှေ့ရှိ လက်တစ်ဖက်ပြတ်လူငယ်သည် အုတ်ဂူဟောင်းဂိုဏ်း၏တပည့်တစ်ယောက်ဖြစ်သော လျိုမူဖြစ်နေသည်။

ထိုအချိန်တုန်းက လျိုမူသည် ကောင်းကင်ဘုံရေကန်အတွင်းသို့ အတင်းအကြပ်ဝင်နိုင်ရန် ကြိုးစားခဲ့သော်လည်း လုယွီ၏ဟန့်တားနှောက်ယှက်ခြင်း ခံခဲ့ရသည်။

လျိုမူသည် မနာလိုမှုနှင့်နာကျည်းမုန်းတီးမှုများ ပြည့်နှက်နေသော အကြည့်ဖြင့် ယန်ချန်းအား စူးစိုက်ကြည့်ကာ ပြောဆိုလိုက်သည်။

"သခင်မလေးလု...သခင်လေးနန်ကုန်းရွှမ်က သူသတ်တာ ခံလိုက်ရတာပါ...ကျွန်တော် သက်သေခံနိုင်တယ်"

All Chapters