အခန်း (၁၃၇၆-၁၃၈၀)
Vol. 72 Ch. 1376-1380
C1376:အပြစ်ပုံချခြင်း
ဂိုဏ်းတူစီနီယာတစ်ယောက်က ယန်ချန်းအား လူသတ်ခဲ့သည်ဟု စွပ်စွဲပြစ်တင်နေပေ၏။
လေလွင့်ကျင့်ကြံသူတစ်ယောက်က ပြောဆိုလိုက်သည်။
"ကြည့်ရတာတော့ အဲ့ဒီလျိုမူက ဂိုဏ်းတစ်ဂိုဏ်းလုံးကို ဆွဲချဖို့ ကြံစည်နေပုံပဲ"
ဂိုဏ်းတစ်ဂိုဏ်းအတွင်း၌ မည်သည့်ပြဿနာမျိုးရှိနေပါစေ ဤကဲ့သို့ကိစ္စမျိုးဖြစ်ပွါးပါက ဂိုဏ်း၏အတွင်းရေးဟုသာ သတ်မှတ်ပြီး မည်သူမျှ လက်လွတ်စပါယ်ပြောဆိုမည်မဟုတ်ချေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ လျိုမူသည် ပြင်ပလူစိမ်းများဘက်မှ ပြောင်ပြောင်တင်းတင်းကူညီနေပြီး ယန်ချန်းအား အပြစ်ဖို့နေသည်။
မိုဒေါင်ချင်သည် သူ၏လက်များကို တဖြောက်ဖြောက်ချိုးနေပြီး သူ့မျက်နှာသည် သုန်မှုန်နေပေ၏။
"လျိုမူ...မင်းမှာ သက်သေရှိလို့လား...မင်းရဲ့အတွေးတစ်ခုတည်းနဲ့ ပေါက်ကရစကားတွေမပြောသင့်ဘူး"
"ငါ ပေါက်ကရစကားတွေ ပြောနေတာမဟုတ်ဘူး"
လျိုမူက ကျယ်လောင်သောအသံဖြင့် ပြောဆိုသည်။
"အဲ့ဒီအချိန်တုန်းက မြွေနတ်ဆိုးတွေရဲ့အတွင်းပိုင်းနယ်မြေကို ငါတို့ ဖြတ်သွားခဲ့ကြတယ်....ငါနဲ့အတူ လူတချို့က မြွေနတ်ဆိုးတွေကို အာရုံလွှဲပြီး အဝေးကိုမျှားခေါ်သွားခဲ့တာ...ယန်ချန်း နန်ကုန်းသခင်လေးနဲ့တပည့်တချို့ပဲ မြွေနတ်ဆိုးတွေရဲ့အသိုက်ထဲကို ဝင်သွားခဲ့တယ်"
"ရလဒ်အနေနဲ့...မြွေနတ်ဆိုးအသိုက်ထဲက ပြန်ထွက်လာချိန်မှာ နန်ကုန်းရွှမ် သေဆုံးခဲ့ရပြီးတော့ ယန်ချန်းနဲ့တခြားတပည့်တွေမှာ ဘာထိခိုက်ဒဏ်ရါမှ မရရှိခဲ့ဘူး...ဟ ဟ...နန်ကုန်းရွှမ်ရဲ့ကျင့်ကြံဆင့်က တခြားသူတွေအားလုံးထက် ပိုမြင့်တယ်...သူတို့အားလုံးပူးပေါင်းပြီး နန်ကုန်းရွှမ်ကို လှည့်စားပြီးသတ်ခဲ့တာကလွဲလို့ တခြားဘာအကြောင်းပြချက် ရှိနိုင်သေးလို့လဲ"
လုရှားက နံဘေးဘက်မှနေ၍ အော်ဟစ်ကြိမ်းမောင်းလိုက်သည်။
"သူပြောတာ ကြားကြလား...ငါ့ဆီမှာ သက်သေရှိနေပြီလေ...နင်တို့ ဘာပြောချင်ကြသေးတုန်း"
ယန်ချန်း၏အပြစ်ကင်းစင်သောမျက်နှာသည် အလွန်တည်ငြိမ်အေးချမ်းနေပေ၏။သူက လျိုမူကို အေးစက်စက်ကြည့်ပြီး ပြောဆိုလိုက်သည်။
"စပါးကြီးမြွေနတ်ဆိုးတောင်မှာတုန်းက မင်းရဲ့လှုပ်ရှားမှုတွေကိုကြည့်ရတာ ကသိကအောက်ဖြစ်နေတော့...မင်းကို အန္တရာယ်မများစေချင်လို့ ငါ အပြင်မှာပဲ နေခိုင်းခဲ့တယ်...မြွေနတ်ဆိုးတွေရဲ့အသိုက်ထဲကို မင်း ဘယ်တုန်းကမှ မဝင်ခဲ့ဘူး...အခု မင်း ပြောသွားတာတွေက မင်းရဲ့ထင်ကြေးသက်သက်ပဲ...ဘယ်မှာသက်သေရှိလို့လဲ"
လျိုမူက ဒေါသတကြီး အော်ဟစ်လိုက်၏။
"ဒါဆိုရင် မင်း အပြစ်ကင်းစင်တယ်လို့ ပြောဖို့ရော သက်သေရှိလို့လား...မင်း ပိုပြီးငြင်းဆန်နေလေလေ မင်း လူသတ်လိုက်တယ်ဆိုတာ ဖြစ်နိုင်တဲ့အလားအလာက ပိုများလာလေလေပဲ"
လျိုမူ၏စိတ်နှလုံးသားအတွင်းတွင် မနာလိုမှုများ ပွင့်အံထွက်ပြီးဖြစ်သည်။ဂိုဏ်းအတွင်းသို့ ယန်ချန်း ရောက်မလာသေးခင်အချိန်တွင် သူသည် အုတ်ဂူဟောင်းဂိုဏ်း၏တပည့်ခေါင်းဆောင်ဖြစ်ပေ၏။သူ၏လက်တစ်ဖက် ဆုံးရှုံးထားလျှင်ပင် သူ၏ကျင့်ကြံမှုကို များစွာလွှမ်းမိုးနိုင်စွမ်းမရှိချေ။သူ၏အသိစိတ်အား အမှန်တကယ် လွတ်ကင်းသွားစေသည့် အကြောင်းအရင်းမှာ ယန်ချန်း၏တိုးတက်လာမှုဖြစ်သည်။
မည်သည့်အကြောင်းအရင်းကြောင့်မှန်း မသိရဘဲ ယန်ချန်း၏ ကျင့်ကြံဆင့်နှင့်သိုင်းပညာရပ်များသင်ယူမှုသည် အံ့အားသင့်ဖွယ်ကောင်းသည်အထိ မြန်ဆန်လှသည်။ဤသည်က တစ်ရက်တည်းဖြင့် မိုင်တစ်ထောင်ခရီးပေါက်အောင် သွားလာနိုင်သည်နှင့် အလားတူညီပေ၏။
ယန်ချန်းသည် ဒြပ်စင်ငါးခုခန္ဓာကိုယ်အမျိုးအစားပိုင်ရှင်ဟုလည်း လူသိများကျော်ကြားသည်။မည်သည့်ကျင့်ကြံနည်းစနစ်အား သူအသုံးပြုသည်ဖြစ်စေ အရာရာတိုင်း သူနှင့်အံဝင်ခွင်ကျဖြစ်နေပြီး အနည်းငယ်မျှပင် ကသိကအောက်ဖြစ်ပုံမရချေ။
မကြာမီမှာပင် ယန်ချန်းသည် လျိုမူ၏နေရာကို အစားထိုးဝင်ကာ အုတ်ဂူဟောင်းဂိုဏ်း၏တပည့်ခေါင်းဆောင်အသစ် ဖြစ်လာတော့သည်။
လျိုမူသည် ထိုရလဒ်အား လက်သင့်မခံနိုင်သဖြင့် ယန်ချန်းအား အကြိမ်ပေါင်းများစွာ စိန်ခေါ်ခဲ့သော်လည်း သူသာလျှင် အစဥ်အမြဲရှုံးနိမ့်ခဲ့ရ၏။
နောက်ဆုံး၌ အုတ်ဂူဟောင်းဂိုဏ်းရှိ တပည့်များအားလုံးသည် တဖြည်းဖြည်းနှင့် လျိုမူအား မေ့လျော့လာကြပြီး ယန်ချန်းကိုသာလျှင် သူတို့၏စီနီယာအကိုကြီးအဖြစ် လေးလေးစားစား ဆက်ဆံကြတော့သည်။
'ဒါက သူ့ကို ဆွဲချဖို့ အခွင့်အရေးကောင်းပဲ...နောင်တစ်ချိန် ငါ အုတ်ဂူဟောင်းဂိုဏ်းမှာ မနေရတော့ရင်တောင် ငါ အဲ့ဒီကောင်စုတ်လေးကို ရအောင်ဖျက်ဆီးပစ်မယ်'
လျိုမူ၏စိတ်နှလုံးသားအတွင်း၌ မနာလိုမှုများက တလိမ့်လိမ့်လှိုင်းထနေသည်။
လျိုမူ၏စကားကိုကြားပြီးနောက် လုရှားက ခြေတစ်လှမ်းရှေ့တက်ပြီး အော်ဟစ်လိုက်၏။
"ဒါက အမှန်ပဲ...နင် အပြစ်ကင်းစင်တယ်လို့ သက်သေပြလို့ရတဲ့အရာ နင့်မှာရှိလား"
ယန်ချန်းက မျက်မှောင်ကြုတ်နေသည်။ထိုအချိန်တုန်းက သူတို့အားလုံး မြွေနတ်ဆိုး၏အသိုက်အတွင်း ဝင်ရောက်ခဲ့ကြသည်။ထိုနေရာရှိ အရာရာတိုင်းသည် အလွန်အန္တရာယ်များသဖြင့် လူတိုင်း အလွန်အမင်း သတိထားနေခဲ့ရသည်။သက်သေအထောက်အထားတစ်ခု ချန်ထားရန် မည်သူက တွေးတောမိမည်နည်း။
လုရှားက မျက်ခုံးပင့်၍ ဒေါသတကြီး အော်ဟစ်ပြောဆိုသည်။
"ဘာသက်သေမှလည်း မရှိဘူး...ဒါတောင် နင်က ငါ့ရှေ့မှာလာပြီး ငြင်းခုံချင်နေတုန်းပဲ...ငါ နင့်ကို ဖမ်းပြီးတဲ့အချိန်အထိ စောင့်နေလိုက်...ငါက နင့်ရဲ့ကျင့်ကြံဆင့်ကိုဖျက်ဆီးပြီး နင့်ပါးစပ်ကို အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲပစ်မယ်"
သူမ၏အသံသည် အလွန်ရုန့်ရင်းကြမ်းတမ်းပြီး နတ်ဆိုးမတစ်ကောင်က ကျိန်စာရွတ်ဆိုနေသည်နှင့် အလားတူပေ၏။သူမ၏အသံကိုကြားရသော လူအများစုသည် ကြောက်ရွံမှုကြောင့် တုန်လှုပ်ချောက်ချားသွားကြသည်။
"ငါ့မှာ သက်သေရှိတယ်"
ဤအချိန်အခိုက်အတန့်မှာပင် ယန်ချန်း၏နောက်ရှိ လူအုပ်အတွင်းမှ တပည့်မတစ်ယောက်က ရှေ့ထွက်လာသည်။သူမသည် မိုးကောင်းကင်သစ္စာတောင်ထိပ်မှ ဖန်ကျင်းယွင်ဖြစ်သည်။
"စီနီယာအမဖန်...ကျွန်တော် ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်"
ယန်ချန်းက အလျင်စလို ပြောဆိုသည်။
ဖန်ကျင်းယွင်သည် သူ့အား စာနာထောက်ထား၍ ဝင်ရောက်ပြောဆိုခြင်း ဖြစ်နိုင်သော်လည်း တစ်ဖက်လူအုပ်စုသည် ဂုဏ်သတင်းကြီးမားသောလုမိသားစုမှလူများဖြစ်နေသည်။သူသည် ဖန်ကျင်းယွင်အား ဘေးကပ်ဆိုးကြီးအတွင်းသို့ ဆွဲထည့်လိုစိတ်မရှိချေ။
C1377:မှတ်ဥာဏ်သလင်းကျောက်
"မစိုးရိမ်ပါနဲ့...ငါရှေ့ထွက်လာတယ်ဆိုကတည်းက ငါ့ဆီမှာ ခိုင်မာတဲ့သက်သေရှိပြီးသားပါ"
ဖန်ကျင်းယွင်သည် သူ၏သိုလှောင်အိတ်အတွင်းမှ သလင်းကျောက်တစ်ခုကို ထုတ်ယူလိုက်သည်။သူမ၏မှော်စွမ်းအင်လှိုင်းတစ်လှိုင်းနှင့် သလင်ငဘးကျောက် ရိုက်ခတ်မိသည်နှင့် သလင်းကျောက်၏အစွန်အဖျားမှ အလင်းများ ရောင်ပြန်ဟပ်လာပြီး မိုးကောင်းကင်ထံထိုးတက်သွားသည်။
လေထုအတွင်း၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
"ဒါက မှတ်ဥာဏ်သလင်းကျောက်ပဲ"
ပတ်ဝန်းကျင်ရှိလူအများက အံ့အားသင့်စွာ ရေရွတ်လိုက်ကြ၏။
လေလွင့်ကျင့်ကြံသူကလည်း အလွန်အံ့အားသင့်နေသည်။
"ဒါက ရှားပါးတဲ့အရာတစ်ခုပဲ...အုတ်ဂူဟောင်းဂိုဏ်းရဲ့တပည့်တွေမှာ ဒီလိုပစ္စည်းမျိုးရှိနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
မှတ်ဥာဏ်သလင်းကျောက်သည် ကိုင်ဆောင်ထားသူ၏ရှေ့ရှိ မြင်ကွင်းများကို မှတ်တမ်းတင်ထားနိုင်ပြီး သင့်လျော်သောအချိန်အတိုင်းအတာတစ်ခုတွင် ပြန်လည်ပြသနိုင်သည်။
ထိုပစ္စည်းအားသန့်စင်နိုင်ရန် သလင်းကျောက်အတွင်းသို့ ရှေးဟောင်းဒဏ္ဍာရီလာသားရဲဖြစ်သော စပါးကြီးမြွေ၏သွေး ရောစပ်ရန်လိုအပ်သည်ဟု အဆိုရှိပေ၏။ထို့ကြောင့် မှတ်ဥာဏ်သလင်းကျောက်သည် အလွန်အဖိုးတန်ရှားပါးပြီး လေလံအိမ်များတွင်သာ ရံဖန်ရံခါတွေ့ရှိရတက်သည်။
"ကြည့်ကြစမ်း...ပုံရိပ်ထဲမှာ မြွေနတ်ဆိုးတွေရှိနေတယ်"
"မြွေနတ်ဆိုးတွေ အများကြီးပါလား...သူတို့ရဲ့ခေါင်းတွေကို ကြည့်လိုက်....အဲ့ဒီမြွေနတ်ဆိုးတွေက မှော်ပညာရပ်တွေကိုကျင့်ကြံပြီး လူသားဘာသာစကားပြောဆိုနိုင်တဲ့ နယ်ပယ်အဆင့်ကိုတောင် ရောက်နေလောက်ပြီ"
လူတိုင်း၏မျက်လုံးအကြည့်များသည် သလင်းကျောက်ထံမှ ပုံရိပ်များထံတွင်သာ စူးစိုက်၍ကျရောက်နေကြ၏။
မကြာမီမှာပင် ယန်ချန်းနှင့်ဖန်ကျင်းယွင်တို့သည် မြွေနတ်ဆိုးများ၏အတွင်းပိုင်းနယ်မြေအတွင်းသို့ ဝင်ရောက်လာသည်ကို လူများအားလုံး တွေ့မြင်ကြရသည်။
ဤနေရာသည် မြွေနတ်ဆိုးအသိုက်၏ အလယ်ဗဟိုလည်းဖြစ်သည်။
မြွေနတ်ဆိုးများအား တချို့သူများက သွေးဆောင်ခေါ်ယူသွားသဖြင့် ယန်ချန်းတို့လူစု မြွေနတ်ဆိုးအသိုက်အတွင်းရောက်စဥ်တွင် အလွန်ပြန့်ပြူးသောမြေပြင်ကြီးကို တွေ့မြင်လိုက်ရ၏။
မြွေနတ်ဆိုးများ ဤနေရာတွင် စုဝေးနေကြသည်မှာ အချိန်မည်မျှကြာမြင့်ပြီမှန်း မသိနိုင်ချေ။အတိတ်တွင် ကျင့်ကြံသူပေါင်းများစွာကို အမဲလိုက်ခဲ့ပြီး သူတို့က ရတနာပေါင်းများစွာ စုစည်းထားသည်။
သလင်းကျောက်အားကြည့်နေကြသည့် လေလွင့်ကျင့်ကြံသူများပင် ထိုရတနာများအား မြင်တွေ့ချိန်တွင် သူတို့၏စိတ်နှလုံးသားများ ပူပြင်းလောင်ကျွမ်းလာသကဲ့သို့ ခံစားနေရသည်။
"စပါးကြီးမြွေတောင်ရဲ့အတွင်းပိုင်းနယ်မြေမှာ ရတနာအမြောက်အများ ရှိနေတာပါလား...တကယ်လို့ ငါသာကြိုသိခဲ့ရင် အရင်ဆုံးသွားပါတယ်ကွာ"
"ဟား ဟား...မင်းမှာ အဲ့ဒီလိုလုပ်နိုင်တဲ့ ခွန်အားမျိုးရောရှိလို့လား...မြွေနတ်ဆိုးအသိုက်ထဲ ကျုးကျော်ပြီး ဝင်သွားနိုင်တဲ့လူတွေကို မင်း တစ်ချက်ကြည့်ကြည့်အုံး...သူတို့အားလုံးက ဒီအနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ ဂိုဏ်းကြီးတွေက ကျော်ကြားတဲ့တပည့်တွေချည်းပဲ...သူတို့ထဲက ဘယ်သူမဆို ငါတို့ကိုအသာလေး သတ်ပစ်နိုင်မှာတောင် ငါ စိုးရိမ်မိတယ်"
လေလွင့်ကျင့်ကြံသူများ တိုင်ပင်ဆွေးနွေးနေကြချိန်တွင် သလင်းကျောက်ပုံရိပ်အတွင်းရှိ ယန်ချန်းတိူ့လူစုသည် ရတနာများကို စတင်၍စုစည်းနေပြီး သူတို့၏သိုလှောင်အိတ်များအတွင်း၌ သိုဝှက်ထားကြ၏။
ထို့နောက် ယန်ချန်းတိူ့လူစုသည် ရှေ့သို့ဆက်လက်၍ လျှောက်လှမ်းသွားကြသည်။အချိန်တခဏကြာ လျှောက်လှမ်းပြီးနောက် ရောင်စုံဖြာနေသောအလင်းတန်းများက သူတို့၏မျက်လုံးရှေ့၌ ထွက်ပေါ်လာသည်။
အံ့အားသင့်ဖွယ်ကောင်းသော ရေတံခွန်တစ်ခုက သူတို့၏ရှေ့၌ ရုတ်တရက်ထွက်ပေါ်လာသည်။ထိုရေတံခွန်မှ ကြည်လင်သန်ရှင်းသောရေများ စီးကျနေပြီး နေရာအနှံ့အပြားသို့ ရေများဖြာထွက်နေပေ၏။
ရေတံခွန်အောက်ရှိ ရေကန်၏အလယ်ဗဟိုတွင် အလွန်အမင်းတောက်ပသော ပန်းတစ်ပွင့်က တဖြည်းဖြည်းပွင့်လန်းနေသည်။ထိုပန်းပွင့်၏အလယ်ဗဟို၌ ရင့်မှည့်လုနီးပါးဖြစ်သော သစ်သီးတစ်လုံးရှိနေပေ၏။ပတ်ဝန်းကျင်ရှိ ရောင်စုံအလင်းတန်းများသည် ထိုသစ်သီးမှထွက်ပေါ်နေခြင်းဖြစ်သည်။
"ငါးရောင်ခြယ် မူလဘူတစိတ်ဝိညာဥ်သစ်သီးလား"
တစ်စုံတစ်ယောက်က စိတ်မထိန်းချုပ်နိုင်တော့ဘဲ သစ်သီး၏အမည်ကို ထုတ်ဖော်ပြောဆိုလိုက်သည်။
လေထုအတွင်းရှိမိုဒေါင်ချင်ပင်လျှင် ထိုမြင်ကွင်းအား စူးစိုက်ကြည့်နေသည်။
ထိုအခြင်းအရာကိုကြည့်ပြီး လုထျန်းကန်က သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။
"ဒါက စိတ်ဝိညာဥ်ကို အားဖြည့်ပေးနိုင်တဲ့ နတ်ဘုရားဆေးဝါးပဲ....တကယ်လို့ ဒီသစ်သီးရဲ့အကူအညီနဲ့သာဆိုရင် စိတ်ဝိညာဥ်နယ်ပယ်ကို ချိုးဖျက်ဖို့ဖြစ်နိုင်ချေက အများကြီးတိုးတက်သွားနိုင်တယ်"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"ဒီသစ်သီးက ငါးရောင်ခြယ်မူလဘူတစိတ်ဝိညာဥ်သစ်သီးမဟုတ်မှာကို ငါ စိုးရိမ်မိတယ်"
ဘာ....
လုထျန်းကန်က အံ့အားသင့်တုန်လှုပ်စွာဖြင့် မေးမြန်းလိုက်သည်။
"ဒါက မဖြစ်နိုင်ဘူး...ကျွန်တော် အရင်က ဒီလိုသစ်သီးမျိုးကို အသုံးပြုဖူးတယ်...အဲ့ဒီသစ်သီးကလည်း ဒီလိုပုံစံမျိုးပဲလေ"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"ပုံစံခြင်းကတော့ အတူတူပဲ...ဒါပေမယ့် သစ်သီးအောက်မှာရှိတဲ့ သစ်ရွက်ကိုကြည့်လိုက်....ငါးရောင်ခြယ်မူလဘူတစိတ်ဝိညာဥ်သစ်သီးမှာ အမြဲတမ်းအရွက်သုံးရွက်ပဲရှိတယ်...တကယ်လို့ အရွက်တစ်ရွက် ကြွေကျသွားတာနဲ့ အသီးတစ်ခုလုံး ညှိုးနွမ်းခြောက်သွေ့သွားတယ်...ဒီအပင်မှာ အရွက်နှစ်ရွက်ပဲ ရှိတော့တာတောင် သန်သန်မာမာ ရှင်သန်နေတုန်းပဲ...ဒါကြောင့် ဒီအသီးက ငါးရောင်ခြယ်မူလဘူတစိတ်ဝိညာဥ်သစ်သီးမဟုတ်တာ သေချာတယ်"
သလင်းကျောက်ပုံရိပ်အတွင်း၌ အခြေအနေများ ပြောင်းလဲနေသည်။
ယန်ချန်းသည် ချုံခိုတိုက်ခိုက်ခံရမည်ကို စိုးရွံသဖြင့် တခြားရတနာများကိုသာ အရင်ဆုံး စုဆောင်းရန် တခြားသူများအား သတိပေးခဲ့သည်။ရေကန်အတွင်းရှိ သစ်သီးကိုမူ ရယူရန်မကြိုးစားသင့်ကြောင်း သူက ပြောဆိုခဲ့လေ၏။
အုတ်ဂူဟောင်းဂိုဏ်း၏ တပည့်ခေါင်းဆောင်ဖြစ်သည့်အတွက် ယန်ချန်းတွင် ဆွဲဆောင်စည်းရုံးနိုင်စွမ်းရှိသည်။တခြားသူများသည် လောဘတက်နေကြသော်လည်း သူတို့က ယန်ချန်း၏စကားကိုနားထောင်၍ အနီးအနားပတ်ဝန်းကျင်ရှိရတနာများကိုသာ လှည့်ပတ်ရှာဖွေနေကြသည်။
သို့သော် ထိုအချိန်မှာပင် လူအုပ်အကြားရှိ နန်ကုန်းရွှမ်သည် ရုတ်တရက်ပြေးထွက်လာပြီး ရေအိုင်ဆီသို့ ပျံဝဲသွားလေ၏။
C1378:နင်တို့အားလုံးက ကြံရာပါတွေပဲ
"ဟား ဟား ဟား...မင်းတို့ ဒါကိုမလိုချင်ဘူးဆိုမှတော့...ငါ မင်းတို့အတွက် သိမ်းထားပေးမယ်"
နန်ကုန်းရွှမ်က ရယ်မောရင်း ပြောဆိုသည်။
သူသည် ရုတ်တရက်လှုပ်ရှားလိုက်ခြင်းဖြစ်ရာ တခြားသူများတုံ့ပြန်ရန် အချိန်မမီချေ။
"အဲ့ဒီနေရာကိုမသွားနဲ့...အန္တရာယ်ကို ဂရုစိုက်အုံး"
ယန်ချန်းက အော်ဟစ်၍ သတိပေးလိုက်သည်။
"ဘာအန္တရာယ်ရှိနိုင်မှာမလို့လဲ...တကယ်လို့ မင်း ဒါကို မလိုချင်ဘူးဆိုရင်...ငါ ဝမ်းမြောက်ဝမ်းသာလက်ခံလိုက်မယ်"
နန်ကုန်းရွှမ်က အထင်အမြင်သေးသောလေသံဖြင့် ပြောဆိုသည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် နန်ကုန်းရွှမ်သည် ရေကန်၏အလယ်ဗဟိုသို့ ရောက်ရှိသွားသည်။သူက ငါးရောင်ခြယ်သစ်သီးကို ခူးဆွတ်ရန် သူ၏လက်ကိုဆန့်ထုတ်လိုက်၏။
သို့ရာတွင် နန်ကုန်းရွှမ်၏လက်ဖြင့် ထိတွေ့မိသော်လည်း သစ်သီးသည် လှုပ်ရှားသွားခြင်းမရှိချေ။
"ဟမ်"
နန်ကုန်းရွှမ်ထံမှ အံ့အားတသင့်ရေရွတ်သံတစ်သံ ထွက်ပေါ်လာပြီးနောက် သူက ထပ်မံ၍အားစိုက်ထုတ်လိုက်သည်။
ထိုအချိန်တွင် မထင်မှတ်ပဲ ရေမျက်နှာပြင်အောက်မှနေ၍ ကျယ်လောင်သောဆူညံသံကြီး ထွက်ပေါ်လာပြီး ရေလှိုင်းများ တလိမ့်လိမ့်ထိုးတက်လာသည်။ဧရာမအနက်ရောင်စပါးကြီးမြွေကြီး ရုတ်တရက်ထွက်ပေါ်လာပြီး သူ၏ပါးစပ်ကိုဖွင့်ဟကာ နန်ကုန်းရွှမ်ကို ဝါးမြိုလိုက်၏။
နန်ကုန်းရွှမ်သည် အကူအညီတောင်းရန်ပင် အော်ဟစ်နိုင်ခြင်းမရှိဘဲ စပါးကြီးမြွေ၏ဝမ်းဗိုက်အတွင်း နစ်မြုပ်သွားတော့သည်။
မှတ်ဥာဏ်သလင်းကျောက်မှပုံရိပ်များက ဤနေရာအရောက်တွင် ရပ်တန့်သွားသည်။
ဖန်ကျင်းယွင်သည် မှတ်ဥာဏ်သလင်းကျောက်ကို ပြန်လည်သိမ်းဆည်းပြီး ကျယ်လောင်စွာအော်ဟစ်လိုက်၏။
"နင် မြင်ပြီလား...နန်ကုန်းရွှမ်က သူ့အပြစ်နဲ့သူ ခံရတာ...ငါတို့ အုတ်ဂူဟောင်းဂိုဏ်းနဲ့ ဘာမှမဆိုင်ဘူး"
မှတ်ဥာဏ်သလင်းကျောက်အား အတုအယောင်ဖန်တီး၍ မရချေ။အကြောင်းအရင်းမှာ ထိုပစ္စည်းသည် မူလကတည်းက အလွန်အမင်းမာကျောကြမ်းတမ်းပြီး အစစ်အမှန်မြင်ကွင်းတစ်ခုတည်းကသာလျှင် ရှေးဟောင်းဒဏ္ဍာရီလာစပါးကြီးမြွေ၏သွေးကို သက်ဝင်လှုပ်ရှားစေပြီး ပုံရိပ်များအဖြစ် ပြောင်းလဲပေးနိုင်သည်။
လုရှားကမူ ဒေါသထွက်နေဆဲပင်။သူမက ခါးထောက်ပြီး အော်ဟစ်ပြောဆိုလိုက်၏။
"ဒါဆိုလည်း နင်တို့ သူ့ကို ကယ်သင့်တယ်လေ...သူ သေတာကို နင်တို့က ကြည့်နေကြတာ...နင်တို့အားလုံးက ကြံရာပါတွေပဲ"
ဖန်ကျင်းယွင်က ကူကယ်ရာမဲ့စွာ ရယ်မောလိုက်သည်။
"သူ့ဟာသူ အတင်းအကျပ်ပြေးဝင်ပြီး သေသွားတာလေ...ဒါကိုတောင် နင်က ငါတို့ကို အပြစ်ပုံချချင်သေးတာလား"
ထိုအချိန်တုန်းက ယန်ချန်းသည် ရေကန်အတွင်း၌ အန္တရာယ်ရှိနိုင်ကြောင်း သတိပေးပြောဆိုခဲ့သည်။
ထို့ပြင် နန်ကုန်းရွှမ် လှုပ်ရှားလိုက်ချိန်တွင်လည်း ယန်ချန်းသည် အန္တရာယ်ရှိနိုင်ကြောင်း အော်ဟစ်၍ အထူးသတိပေးခဲ့သည်။
သို့ရာတွင် နန်ကုန်းရွှမ်သည် ယန်ချန်း၏စကားကို မကြားသကဲ့သို့ပြုမူပြီး ရေကန်အတွင်းသို့ တရကြမ်းပြေးပြီး သူ့သေလမ်းသူရှာသွားခြင်းသာဖြစ်သည်။
"မဟုတ်ဘူး...ဒါတွေအားလုံးက နင်တို့ရဲ့အပြစ်ပဲ...ငါ့ခင်ပွန်းလောင်းကို နင်တို့သတ်ခဲ့တာ...တကယ်လို့ အဲ့ဒီနေရာမှာအန္တရာယ်ရှိတယ်ဆိုရင် ဘာလို့ တစ်ယောက်ယောက်ကို အရင်ဆင်းမကြည့်ခိုင်းတာလဲ....ငါ့ခင်ပွန်းလောင်းက အဲ့ဒီပစ္စည်းကို လိုချင်နေတယ်ဆိုရင်...တစ်ယောက်ယောက်ကို သွားခူးဆွတ်ခိုင်းပြီး သူ့ကိုပေးရမှာလေ...နင်တို့က သူရဲ့သေဆုံးမှုအတွက် တာဝန်ရှိတဲ့သူတွေပဲ"
လုရှားက ဒေါသတကြီး ပြောဆိုသည်။
ထိုစကားအားကြားချိန်တွင် အနီးအနားပတ်ဝန်းကျင်၌ စောင့်ကြည့်နေကြသော လေလွင့်ကျင့်ကြံသူများပင် သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ကြတော့ဘဲ လုရှားကို အထင်အမြင်သေးစွာ ကြည့်လိုက်ကြသည်။
နန်ကုန်းရွှမ် သေဆုံးရခြင်းသည် သူ့အပြစ်နှင့်သူသာ ဖြစ်သော်လည်း လုရှားက အုတ်ဂူဟောင်းဂိုဏ်းထံသို့ အပြစ်အားလုံး ပုံချနေသည်။
အကယ်၍ လုမိသားစု၏စွမ်းအားနှင့်သြဇာလွှမ်းမိုးမှုသာမရှိပါက ထိုလူများအားလုံး လုရှားအား ကျယ်လောင်စွာ အော်ဟစ်ဆဲဆိုနေပေမည်။
"တော်သင့်ပြီ"
စူးရှရှအော်ဟစ်သံတစ်သံက ပတ်ဝန်းကျင်နေရာတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွားသည်။
မိုဒေါင်ချင်၏မျက်လုံး အေးစက်စက်တောက်ပလာပြီးနောက် လွှမ်းမိုးချုပ်ကိုင်နိုင်သောဖိအားအရှိန်အဝါသည် အဘက်ဘက်သို့ပျံ့နှံ့သွားပေ၏။လုရှား၏နောက်မှ လုမိသားစုအစောင့်အကြပ်များ၏မျက်နှာအမူအယာများ ရုတ်ချည်းပြောင်းလဲသွားသည်။
"စိတ်ပုံထွင်းနယ်ပယ် ကျင့်ကြံသူလား"
လုမိသားစုမှ အစောင့်များ၏ခန္ဓာကိုယ်များ တုန်ရီသွားပေ၏။
မိုဒေါင်ချင်က ခြေလှမ်းရှေ့တိုးလိုက်ရာ လုမိသားစုမှအစောင့်များသည် ပြင်းထန်သောဖိအားအရှိန်အဝါကို ခံစားရသဖြင့် နောက်သို့ဆုတ်လိုက်ကြရသည်။
မိုဒေါင်ချင်၏နောက်၌ သိပ်သည်းစပြုနေသော ဝေဝါးဝါး သင်္ကေတအမှတ်အသားများရှိနေသည်။သူသည် စိတ်ဝိညာဥ်နယ်ပယ် နှောင်းပိုင်းအဆင့်ကျင့်ကြံသူဖြစ်ပြီး စိတ်ပုံထွင်းနယ်ပယ်သို့ရောက်ရှိရန် ခြေတစ်လှမ်းသာ ကွာဝေးတော့၏။
လုရှားက မောက်မာရိုင်းပျစွာ အော်ဟစ်လိုက်သည်။
"နင်က ပုန်ကန်ဖို့ကြိုးစားနေတာလား...ငါ နင့်ကိုပြောပြမယ်...ငါက လုမိသားစုကနော်... ငါ့ရဲ့ဆံပင်တစ်ချောင်းကိုတောင် နင် ထိရဲရင်ထိကြည့်စမ်း"
သူမသည် စိတ်ဝိညာဥ်နယ်ပယ်အစောင့်များကိုသာ ခေါ်ဆောင်လာခဲ့သော်လည်း သူမ၏အဆင့်အတန်းကို မှီခို၍ မိုဒေါင်ချင်အား သူမမျက်လုံးထဲပင် ထည့်ထားခြင်းမရှိချေ။
မိုဒေါင်ချင်က လေးနက်တည်ကြည်သောအသံဖြင့် ပြောဆိုသည်။
"အမှန်တော့ လုမိသားစုမှာ မင်းရဲ့အဆင့်အတန်းက အရမ်းကို မြင့်မြတ်ပါတယ်...တကယ်လို့ ငါ မင်းကို အပြစ်ပြုမိရင် အဆုံးသတ်မကောင်းမှာ ငါ စိုးရိမ်မိတယ်"
လုရှားက ခေါင်းမော့ပြီး အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုလိုက်၏။
"နင် သိနေတယ်ဆိုရင်လည်း...ဘာလို့ ခုထိ ငါ့အမိန့်ကို ရိုရိုကျိုးကျိုးနဲ့ မနာခံသေးတာလဲ"
မိုဒေါင်ချင်က ခက်ထန်စွာ ပြောဆိုလေသည်။
"ငါက လုမိသားစုကို အပြစ်ပြုမိပြီဆိုမှတော့ ဒီနေရာမှာပဲ မင်းကိုသတ်ပြီး ငါ အဝေးကိုထွက်သွားတော့မယ်...ငါ မြောက်ပိုင်းနယ်မြေကနေ ထွက်သွားရလည်း လောကကြီးက အကျယ်ကြီးပါ...မင်းတို့လုမိသားစုက ငါ့ကိုရှာနိုင်မလားဆိုတာ ကြည့်ကြရအောင်"
C1379:ဂုဏ်သရေရှိဧည့်သည်တော် တံဆိပ်ပြား
မိုဒေါင်ချင်၏ခြိမ်းခြောက်စကားကိုကြားချိန်တွင် လုရှား၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။သူမနောက်ရှိ လုမိသားစုသည် အင်အားကြီးမားသည်မှာ အမှန်ဖြစ်သော်လည်း ယခုလက်ရှိချိန်၌ သူမက စိတ်ဝိညာဥ်နယ်ပယ်အစောင့်တချို့ကိုသာ ခေါ်ဆောင်လာခဲ့သည်။
ထိုအစောင့်များသည် သန်မာအားကောင်းသယောင် ထင်ရသော်လည်း မိုဒေါင်ချင်ကဲ့သို့ စိတ်ဝိညာဥ်နယ်ပယ်အထွတ်အထိပ်နှင့် ရင်ဆိုင်ရပါက သူမအား ကာကွယ်ပေးနိုင်မည်မဟုတ်ချေ။
ခြေဗလာသာရှိသောသူသည် ဖိနပ်မစီးရမည်အား ကြောက်ရွံမည်မဟုတ်ပေ။အကယ်၍ မိုဒေါင်ချင်သာ သူမအား အမှန်တကယ်သတ်ဖြတ်ရန် ရည်ရွယ်ထားပါက သူမ၏အသက် အဆုံးသတ်သွားရပေမည်။
"ဒါက အဆုံးသတ်မဟုတ်ဘူး"
လုရှား၏မျက်နှာထက်၌ ဝေခွဲရခက်သောအရိပ်အယောင်များ ထင်ဟပ်လာပြီး သူမက နောက်ပြန်လှည့်ကာ ဝေါယာဥ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားတော့သည်။
လုမိသားစုအစောင့်များသည်လည်း မိုဒေါင်ချင်အား ထိတ်လန့်ကြောက်ရွံစွာကြည့်ပြီး နောက်ပြန်ဆုတ်ကာ ဝေါယာဥ်အား စောင့်ကြပ်၍ကာကွယ်လိုက်ကြသည်။
အုတ်ဂူဟောင်းဂိုဏ်း၏အကျပ်အတည်းကြီး ဖြေရှင်းပြီးသွားလေပြီ။
တစ်ချိန်တည်းမှာပင် အခြေအနေအား စောင့်ကြည့်နေကြသော လေလွင့်ကျင့်ကြံသူများထံမှ သက်ပြင်းချသံများ ထွက်ပေါ်လာသည်။
"အင်း...ငါ ဒီနေ့တော့ အခွင့်အရေးရတော့မယ်မထင်ဘူး"
လေလွင့်ကျင့်ကြံသူသည် လုယွီတို့ဘက်သို့လှည့်၍ ပြောဆိုလိုက်၏။
"မင်းတို့နှစ်ယောက်...ဒီအနီးအနားမှာ မြို့တစ်မြို့ရှိတယ်...ငါတို့ အဲ့ဒီကိုအရင်သွားပြီး စောင့်နေကြရအောင်"
လုထျန်းကန်က မေးမြန်းသည်။
"အခု အုတ်ဂူဟောင်းဂိုဏ်းက ဘာမှမဖြစ်တော့ဘူးမလား...မင်းမှာ အခွင့်အရေးမရှိမှာ ငါ စိုးရိမ်မိတယ်"
လေလွင့်ကျင့်ကြံသူက ခေါင်းခါယမ်း၍ ထူးဆန်းသောအပြုံးမျိုးပြုံးကာ ပြောဆိုသည်။
"မင်းတို့နှစ်ယောက်က မသိလို့ ဒီစကားမျိုးပြောတာ...အဲ့ဒီလုမိသားစုရဲ့သခင်မလေးက ရန်လိုစိတ်ကြီးတယ်လို့ လူသိများတယ်...ဒီတစ်ကြိမ်မှာ သူ အရှုံးပေးလိုက်ရပေမယ့်...နောက်တစ်ကြိမ်ပြန်လာမှာ သေချာတယ်...အဲ့ဒီအချိန်ကျရင် အုတ်ဂူဟောင်းဂိုဏ်းလို သေးငယ်တဲ့ဂိုဏ်းမျိုးက လုမိသားစုရဲ့ဒေါသကို တောင့်မခံနိုင်လောက်ဘူး"
"လုမိသားစုကလူတွေက အမြဲတမ်းမောက်မာတက်တယ်...သူတို့က အုတ်ဂူဟောင်းဂိုဏ်းရဲ့ဂုဏ်သိက္ခာကို ဂရုစိုက်ကြမှာမဟုတ်ဘူး....အုတ်ဂူဟောင်းဂိုဏ်းရဲ့ပစ္စည်းတချို့ကို ရယူနိုင်တဲ့ အခွင့်အရေး ငါတို့ရလာနိုင်တယ်....ဒီလို ကိစ္စမျိုးကို မင်းတို့လည်း လက်လွှက်မခံသင့်ဘူး"
လုထျန်းကန်က လက်သီးပူးဆုပ်၍ နှုတ်ဆက်စကား ပြောဆိုလိုက်၏။
"ဒါဆို အဲ့ဒီလိုမျိုးလား...ငါတို့က ဒီနားတစ်ဝိုက်ကို လှည့်ပတ်ကြည့်အုံးမှာမို့ မင်းနဲ့အတူမလိုက်တော့ဘူး"
လေလွင့်ကျင့်ကြံသူ ထွက်ခွာသွားချိန်တွင် လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
"လုကျန်းဟိုင်ဆီ စာတစ်စောင်ပို့လိုက်...သူရဲ့သမီးကို ထိန်းချုပ်ခိုင်းထား...လုမိသားစုက အားကောင်းတာမှန်ပေမယ့် တကယ်လို့ ငါတို့ဒီအတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် လူအများကြီးကို ရန်စမိသလိုဖြစ်ပြီး ရန်သူတွေတိုးလာလိမ့်မယ်"
လုယွီက လေးနက်တည်ကြည်သောလေသံဖြင့် ပြောဆိုသည်။
နန်ကုန်းရွှမ်၏သေဆုံးမှုသည် သူကိုယ်တိုင်သေလမ်းရှာခြင်းသာဖြစ်ကြောင်း ပိုင်းခြားသိမြင်နိုင်သည့် လူများအားလုံး တွေ့မြင်နိုင်သည်။
သို့ရာတွင် လုရှားသည် နန်ကုန်းရွှမ်၏သေဆုံးမှုအတွက် ယန်ချန်းကိုသာ အပြစ်တင်နေပြီး သူ၏အသက်ကိုပင် ရယူလိုခဲ့သည်။
"ဟုတ်ကဲ့ပါ သခင်လေး"
လုထျန်းကန်သည် အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူ၍ သူ၏မှော်စွမ်းအင်များ ထည့်သွင်းလိုက်သည်။ထိုအဆောင်လက်ဖွဲ့သည် ချက်ချင်းပင် မီးဘောလုံးတစ်ခုအသွင်ပြောင်းသွားပြီး လေထုအတွင်းသို့ ပျံဝဲသွားလေ၏။
အမှန်အားဖြင့် လုယွီသည် ဤကိစ္စငယ်များကို စိုးရိမ်ပူပန်ခြင်းမရှိချေ။သူ ဤနေရာသို့လာရောက်သည့် အစစ်အမှန်ရည်ရွယ်ချက်မှာ နောက်ဆုံးကျန်ရှိသောအမွေအနှစ်ကို ဆက်ခံနိုင်ရန်သာဖြစ်သည်။
မကြာမီအချိန်မှာပင် လုယွီနှင့်လုထျန်းကန်တို့သည် အုတ်ဂူဟောင်းဂိုဏ်း၏ တံခါးမကြီးရှေ့သို့ ရောက်ရှိလာသည်။
"အုတ်ဂူဟောင်းဂိုဏ်းက ဧည့်သည်တွေ လက်မခံသေးပါဘူး...လူကြီးမင်းနှစ်ယောက် ကျေးဇူးပြုပြီး ပြန်ကြပါတော့"
တံခါးအားစောင့်ကြပ်နေသည့် တပည့်က စိတ်မရှည်သောလေသံဖြင့် ပြောဆိုသည်။
အစောပိုင်းက အုတ်ဂူဟောင်းဂိုဏ်း ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရချိန်တွင် လေလွင့်ကျင့်ကြံသူများသည် အခြေအနေအား အခွင့်ကောင်းယူရန် ပုန်းအောင်းကြည့်နေကြသည်ကို ဂိုဏ်းသားများအားလုံး မြင်တွေ့ခဲ့ရသည်။
ထို့ကြောင့် အုတ်ဂူဟောင်းဂိုဏ်းသားများသည် လေလွင့်ကျင့်ကြံသူများအပေါ် ဆိုးရွားသောအမြင်သာရှိပေ၏။
လုယွီသည် အပိုစကားထပ်မဆိုတော့ဘဲ သူ့အား မိုဒေါင်ချင်ပေးထားသော တံဆိပ်ပြားကိုထုတ်ယူ၍ တံခါးစောင့်ဂိုဏ်းသားအား ပေးလိုက်သည်။
"ဂုဏ်သရေရှိဧည့်သည်တော် တံဆိပ်ပြားလား"
တံခါးစောင့်ဂိုဏ်းသား၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။သူက ဇဝေဇဝါဖြစ်နေဟန်ဖြင့် လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ပြောဆိုသည်။
"ဒီနေရာမှာ ခဏစောင့်နေပါအုံး...ကျွန်တော် ဂိုဏ်းချုပ်ဆီသွားပြီး အကြောင်းကြားလိုက်အုံးမယ်"
ထိုဂုဏ်သရေရှိဧည့်သည်တော်တံဆိပ်ပြားသည် ဂိုဏ်းမှအလွန်အမင်းလေးစားရသော လူတချို့ကိုသာ ပေးအပ်လေ့ရှိသည်။
တခြားနေ့ရက်များတွင် တစ်စုံတစ်ယောက်မှ ဤတံဆိပ်ပြားကို ပြသလာပါက သာမာန်ကိစ္စသာဖြစ်သည်။သို့ရာတွင် ယခုကဲ့သို့ လုမိသားစုနှင့်ပြဿနာတက်ထားသော အခြေအနေမျိုး၌ လူများသည် အုတ်ဂူဟောင်းဂိုဏ်းနှင့်ပတ်သက်ရန် ရှောင်ရှားကြသည်။မည်သည်ကြောင့် ဂိုဏ်းထံသို့ လာရောက်လည်ပတ်သူ ရှိနေရသနည်း။
အချိန်တခဏကြာပြီးနောက် အုတ်ဂူဟောင်းဂိုဏ်း၏တံခါးမကြီး ရုတ်တရက်ပွင့်လာပြီး မိုဒေါင်ချင်နှင့်ယန်ချန်းတို့သည် စိတ်လှုပ်ရှားနေသောအမူအယာဖြင့် ပြင်ပသို့ထွက်လာကြ၏။
"တာအိုမိတ်ဆွေလေး"
"အကိုကြီး"
လုယွီကို ထပ်မံတွေ့ဆုံရသဖြင့် သူတို့နှစ်ယောက်လုံး အပျော်လွန်သွားသည်။သူတို့အတွက် လုယွီသည် ကျေးဇူးရှင်တစ်ယောက်ဖြစ်ပေ၏။
"ဧည့်သည်တော်နှစ်ယောက်...ကျေးဇူးပြု၍"
မိုဒေါင်ချင်သည် ယဥ်ကျေးသိမ်မွေ့စွာဖြင့် လုယွီတို့နှစ်ယောက်အား ဂိုဏ်းအတွင်းသို့ဝင်ရန် ဖိတ်ခေါ်လိုက်သည်။
C1380:လေထုအတွင်းပြည့်နှက်နေသော သေဆုံးခြင်းအရှိန်အဝါ
အုတ်ဂူဟောင်းဂိုဏ်း...ဂိုဏ်းချုပ်၏ပင်မခန်းမ..
လုယွီသည် ဂုဏ်သရေရှိဧည့်သည်တော်ထိုင်ခုံ၌ ထိုင်နေပြီး အုတ်ဂူဟောင်းဂိုဏ်း၌ လက်ရှိဖြစ်ပျက်နေသည့် အဖြစ်အပျက်များနှင့်ပတ်သက်၍ မိုဒေါင်ချင်အား မေးမြန်းနေသည်။
ရေခဲနယ်မြေအတွင်းရှိ ကျင့်ကြံသူများ သတ်ဖြတ်ခံရမှုတွင် ကူညီကယ်ဆယ်ပေးခဲ့သော သူ၏လုပ်ရပ်ကြောင့် အုတ်ဂူဟောင်းဂိုဏ်းသည် မြောက်ပိုင်းနယ်မြေမဟာမိတ်အဖွဲ့ထံမှ အရင်းအမြစ်တချို့ရရှိပြီး ဂိုဏ်းသည်လည်း ယခင်ထက်များစွာပို၍ ကြီးမားကျယ်ပြန့်လာသည်။
ယန်ချန်းသည် သူ၏ထူးချွန်သောအရည်အချင်းကြောင့် အုတ်ဂူဟောင်းဂိုဏ်းဝင်ဖြစ်ပြီး မကြာမီမှာပင် ထင်ရှားကျော်ကြားလာသည်။
အချိန်တစ်နှစ်ခန့်အတောအတွင်းမှာပင် ယန်ချန်းသည် ဂိုဏ်း၏လူငယ်တပည့်များအကြား၌ အားအကောင်းဆုံးသူ ဖြစ်လာပေ၏။
"ဒီတစ်ကြိမ်မှာ မင်း ဘာလို့ဒီကို ရောက်လာတာလဲ"
မိုဒေါင်ချင်က မေးမြန်းသည်။
လုယွီသည် ရှည်လျားသောဇာတ်လမ်းကို အကျဥ်းချုပ်ပြောဆို၍ သူ ကောင်းကင်ဘုံရေကန်အတွင်းသို့ ဝင်ရောက်လိုကြောင်း ပြောဆိုလိုက်သည်။
ရုတ်တရက် မိုဒေါင်ချင်က သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
"တကယ်လို့ လွန်ခဲ့တဲ့ရက်အနည်းလောက်ကဆိုရင်...မင်းကို အဲ့ဒီနေရာဆီခေါ်သွားဖို့ ဘာပြဿနာမှမရှိဘူး...ဒါပေမယ့် ခုလတ်တလော ကောင်းကင်ဘုံရေကန်မှာ ပြဿနာတစ်ခုဖြစ်သွားခဲ့တယ်....တကယ်လို့ မင်း သွားချင်တယ်ဆိုရင် အချိန်ခဏလောက်တော့ စောင့်ရလိမ့်မယ်"
လုယွီက မျက်မှောင်ကြုတ်နေပေ၏။
"ဘာဖြစ်ခဲ့တာလဲ"
မိုဒေါင်ချင်က ပြောဆိုသည်။
"ပြောရမယ်ဆိုရင် ငါ့အတွက်အရှက်ရစရာပါပဲ...ငါတို့ဂိုဏ်းအတွက် မင်းခင်းကျင်းပေးထားတဲ့ အကာအကွယ်ဝင်္ကပါက ရန်သူအသေးအမွှားလေးတွေကို ကာကွယ်တားဆီးပေးနိုင်ခဲ့တယ်...လွန်ခဲ့တဲ့ခုနစ်ရက်လောက်က တစ်စုံတစ်ယောက်က ငါတို့ရဲ့တပည့်တွေကို ချောင်းမြောင်းတိုက်ခိုက်ပြီး ကောင်းကင်ဘုံရေကန်ထဲကို ခိုးဝင်သွားတယ်...အဲ့ဒီလူက ကောင်းကင်ဘုံရေကန်ကို ဖျက်ဆီးသွားခဲ့တယ်"
ဘာ....
လုယွီက အလေးအနက်ထားသောလေသံဖြင့် မေးမြန်းလိုက်၏။
"အဲ့ဒီလူကို ဖမ်းမိလား"
"မမိဘူး...အဲ့ဒီအချိန်တုန်းက ငါ ဂိုဏ်းထဲမှာမရှိဘူး...ဓမ္မရုပ်ထုနယ်ပယ်အကြီးအကဲတချို့ပဲ ဂိုဏ်းကိုစောင့်ကြပ်ပြီးကျန်ခဲ့တာ...အဲ့ဒီလူရဲ့ ဖုံးကွယ်ခြင်းနည်းစနစ်က အရမ်းအဆင့်မြင့်တယ်...ဘယ်သူမှ သဲလွန်စရှာမတွေ့ဘူး...သူက ဂိုဏ်းထဲကိုဝင်လာတာနဲ့ ကောင်းကင်ဘုံရေကန်ကိုပဲ ပစ်မှတ်ထားခဲ့တယ်...အကြီးအကဲတွေ ရောက်သွားတဲ့အချိန်မှာ သူက ကောင်းကင်ဘုံရေကန်ကို ဖျက်ဆီးပြီးသွားပြီ"
လုယွီ၏စိတ်နှလုံးသား ထိတ်ခနဲဖြစ်သွားသည်။အကယ်၍ ထိုလူသည် တိတ်တဆိတ်ခိုးဝင်လာသော သူခိုးတစ်ယောက်သာဖြစ်ပါက လုယွီ မည်သို့မျှ ခံစားရမည်မဟုတ်ချေ။သို့ရာတွင် တစ်ဖက်လူ၏ပစ်မှတ်သည် ကောင်းကင်ဘုံရေကန်ဖြစ်ပေ၏။
အုတ်ဂူဟောင်းဂိုဏ်း၌ ကောင်းကင်ဘုံရေကန်သည် စိတ်ဝိညာဥ်စွမ်းအင်များစုဝေးရာ လျှို့ဝှက်ရတနာသိုက်ကြီးဖြစ်သည်။ထိုလူသည် ကောင်းကင်ဘုံရေကန်အတွင်းသို့ဝင်၍ ကျင့်ကြံသွားပါကလည်း သူ နားလည်နိုင်သည်။သို့ရာတွင် တစ်ဖက်လူသည် ဂိုဏ်းအတွင်းသို့ခိုးဝင်ရန် အင်အားများစွာစိုက်ထုတ်ခဲ့ပြီးမှ ကောင်းကင်ဘုံရေကန်အား ဖျက်ဆီးသွားခဲ့သည်။
"ငါ တစ်ချက်ကြည့်လို့ရအောင် ခေါ်သွားပေးလို့ရမလား"
လုယွီက လေးလေးနက်နက် ပြောဆိုသည်။
မိုဒေါင်ချင်သည် လုယွီကိုခေါ်ဆောင်သွားရာ အချိန်တခဏအကြာမှာပင် ကောင်းကင်ဘုံရေကန်သို့ ရောက်ရှိလာကြသည်။
လုယွီသည် ခေါင်းမော့၍ ကောင်းကင်ဘုံရေကန်၏အထက်ရှိ မိုးကောင်းကင်ကိုကြည့်လိုက်သည်။
မူလက နတ်ဘုံနတ်နန်းကဲ့သို့ ခမ်းနားကြီးကျယ်သော ကောင်းကင်ဘုံရေကန်သည် ယခုအချိန်၌ နံရံများကျိုးပဲ့ပြီး အပျက်အစီးများအဖြစ်သာ ကြွင်းကျန်တော့သည်။
ရေကန်အတွင်းရှိ ရေများသည် ယခင်က စိတ်ဝိညာဥ်စွမ်းအားများဖြင့် ပြည့်နှက်နေသော်လည်း ယခုအချိန်၌ အလွန်တည်ငြိမ်နေပြီး စိတ်ဝိညာဥ်စွမ်းအားအနည်းငယ်ကိုပင် ထုတ်လွှင့်နေသောအရိပ်အယောင်မရှိချေ။
မိုဒေါင်ချင်က ပြောဆိုသည်။
"တာအိုမိတ်ဆွေလေး...ဂိုဏ်းထဲမှာပဲ ရက်နည်းနည်းလောက် စောင့်လိုက်ပါလား...ငါတို့က ဒီနေရာကို ပြင်ဆင်ပြီးတာနဲ့ ငါ တစ်ယောက်ယောက်ကိုလွှက်ပြီး မင်းကို ခေါ်ခိုင်းလိုက်မယ်"
လုယွီက ခေါင်းခါပြလေသည်။
"မင်းတို့ လှုပ်ရှားဖို့မလိုပါဘူး...ငါ တစ်ချက်သွားကြည့်လိုက်မယ်"
လုယွီက ခြေတစ်လှမ်းရှေ့တိုးပြီး ကောင်းကင်ဘုံရေကန်အတွင်းသို့ ဆင်းသက်သွားခဲ့သည်။
ရေကန်အတွင်းရှိရေသည် ရေခဲတမျှအေးစက်နေပြီး ယခင်က ပူနွေးသောရေနှင့် အပြည့်အဝ ကွဲပြားခြားနားနေသည်။
"ဒါက ပြင်းထန်တဲ့ သေဆုံးခြင်းအရှိန်အဝါကြောင့် ဖြစ်သွားခဲ့တာပဲ..တကယ်လို့ အခုချိန်မှာ နေခြစ်ခြစ်တောက်ပူနေတာကြောင့်သာမဟုတ်ရင် ဒီရေကန်တစ်ခုလုံး ရေခဲကန်အဖြစ် ပြောင်းလဲသွားလိမ့်မယ်"
လုယွီက ထိတ်လန့်တုန်လှုပ်သွားသည်။
ယခင်က မှတ်ဥာဏ်များအရ လုယွီသည် ရှေးဟောင်းတာအိုအင်မော်တယ် နေထိုင်သွားခဲ့သော လှိုဏ်ဂူကို တွေ့ရှိခဲ့သည်။လှိုဏ်ဂူအား ဖျက်ဆီးသွားသော အရိပ်အယောင်များကိုလည်း သူ မြင်တွေ့ရ၏။လုယွီက လှိုဏ်ဂူအတွင်းသို့ ဝင်လိုက်သည်နှင့် တုန်လှုပ်ချောက်ချားဖွယ်ဖိအားအရှိန်အဝါက သူထံသို့ ဆင်းသက်လာသည်။
ထိုဖိအားအရှိန်အဝါသည် ရှေးဟောင်းတာအိုအင်မော်တယ်ထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။သို့ရာတွင် ဤနေရာပတ်ဝန်းကျင်တစ်ခုလုံး ဗလာဟင်းလင်း ဖြစ်နေပေ၏။သူက လှိုဏ်ဂူ၏အနက်ပိုင်းသို့ ဝင်လိုက်သည်နှင့် နှလုံးသားတစ်ခုက သူ့မျက်လုံးရှေ့၌ ထွက်ပေါ်လာသည်။ထိုနှလုံးသားမှနေ၍ တုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါ ထွက်ပေါ်နေခြင်းပင်။
လုယွီက ရုတ်တရက် ရပ်တန့်လိုက်ပြီး သူ၏မျက်လုံးအတွင်း၌ အံ့အားသင့်သောအရိပ်အယောင်များ ဖြတ်ပြေးနေသည်။
ထိုနှလုံးသား၏နှလုံးခုန်ခြင်း ရပ်တန့်နေပြီး ခပ်ဖျော့ဖျော့ သေဆုံးခြင်းအရှိန်အဝါများ ထုတ်လွှက်နေသည်။