← Chapters

အခန်း (၁၃၈၁-၁၃၈၅)

Vol. 72 Ch. 1381-1385

အခန်း (၁၃၈၁-၁၃၈၅)

Vol. 72 Ch. 1381-1385

C1381:လျှို့ဝှက်ဆန်းကြယ်သော ရွှေရောင်အလင်းတန်း

ရှေးဟောင်းတာအိုအင်မော်တယ် သေဆုံးသွားခြင်းများ ဖြစ်နေသလော။

ရှေးဟောင်းတာအိုအင်မော်တယ်၏ အသက်စွမ်းအင်သည် လွန်စွာအားကောင်းကြောင်း လုယွီ သိရှိထားသော်လည်း သူ၏စိတ်နှလုံးသား လေးလံသွားသည်။မည်သို့ပင်ဆိုစေကာမူ ယခုအချိန်သည် ရှေးဟောင်းမူလဘူတခေတ်နှင့် အလွန်အလှမ်းကွာဟနေလေပြီ။အင်မော်တယ်တစ်ယောက်ပင်လျှင် ထာဝရအသက်ရှင်နိုင်မည်မဟုတ်ချေ။

အကြွင်းမဲ့မူလဘူတခန္ဓာကိုယ်သည် ရှေးဟောင်းတာအိုအင်မော်တယ်၏ အမွေအနှစ်တစ်စိတ်တစ်ပိုင်းသာဖြစ်သည်။ထိုနည်းစနစ်တစ်ခုတည်းဖြင့် ရှန်လင်းလုံအား ရင်ဆိုင်တိုက်ခိုက်ရန်မှာ အောင်မြင်နိုင်ချေမရှိပေ။

"ခိုးဝင်လာတာ ဘယ်သူများပါလိမ့်"

လုယွီ၏မျက်လုံးက အေးစက် တောက်ပနေသည်။

ထိုလူ၏ရည်ရွယ်ချက်မှာ ကောင်းကင်ဘုံရေကန်အား ဖျက်ဆီးရန်မဟုတ်ချေ။သူက ကောင်းကင်ဘုံရေကန်အတွင်းရှိ အင်မော်တယ်နှလုံးသားကို အစစ်အမှန်ပစ်မှတ်ထားခြင်း ဖြစ်နိုင်သည်။

အရာအားလုံးသည် လုယွီ၏ခန့်မှန်းထားသည်ထက် ကျော်လွန်နေပေ၏။

ရှေးဟောင်းတာအိုအင်မော်တယ်၏နှလုံးသားကို ဖျက်ဆီးလိုသော တစ်စုံတစ်ယောက်ရှိနေမည်ဟု သူ မျှော်လင့်မထားမိချေ။

"မဟုတ်သေးဘူး...အမတ်ကြီးချွယ်က မူလဘူတခေတ်မှာဖြစ်ခဲ့တဲ့ အကျပ်အတည်းကနေတောင် အသက်ရှင်လာခဲ့တာ...ဘယ်လိုလုပ်ပြီး ဒီလိုမျိုး အလွယ်တကူ သေဆုံးနိုင်မှာလဲ"

လုယွီက ခေါင်းမော့ပြီး သူ့စိတ်ဝိညာဥ်၏စွမ်းအားများကို တဖြည်းဖြည်းဖြန့်ကျက်ကာ ပတ်ဝန်းကျင်အား စစ်ဆေးလိုက်သည်။

ဤနေရာပတ်ဝန်းကျင်ရှိ ဖိအားအရှိန်အဝါကလည်း ကြောက်ခမန်းလိလိ မြင့်မားနေသည်။အင်မော်တယ်နှလုံးသားသည် နှလုံးခုန်မှုရပ်တန့်နေသည့်တိုင် ယခုချိန်၌ ရှေးဟောင်းတာအိုအင်မော်တယ်တစ်ယောက်၏စွမ်းအားသည် သူ တောင့်ခံနိုင်သည့်အရာမျိုးမဟုတ်ချေ။

လုယွီက အင်မော်တယ်နှလုံးသား၏နံဘေး၌ ရွှေရောင်အလင်းတစ်ခု ဝေဝါးဝါး ရှိနေသည်ကို သတိပြုမိသွား၏။

အင်မော်တယ်နှလုံးသားသည် မြင့်မားသောတောင်နံရံကြီးများနှင့်တူညီပြီး နံဘေးဘက်မှကြည့်လျှင်ပင် ကွဲပြားခြားနားမှုမရှိချေ။သို့ရာတွင် သူ အနီးကပ်ကြည့်လိုက်ချိန်၌ အင်မော်တယ်နှလုံးသားအတွင်းတွင် ရွှေရောင်အလင်းတစ်ခုရှိနေခြင်းကို တွေ့ရှိမိသည်။

"ငါ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ ဖိအားအရှိန်အဝါက နည်းနည်းပိုတိုးလာသလိုပဲ"

လုယွီ၏စိတ်နှလုံးသား လေးလံသွားသည်။

ရွှေရောင်အလင်းသည် တစ်စုံတစ်ခုအား သတိပြုမိသွားပုံဖြင့် မူလက မှောင်မည်းနေသောလှိုဏ်ဂူကို ရွှေရောင်အလင်းတန်းများ လွှမ်းခြုံသွားပေ၏။

ကျယ်လောင်သောတုန်ခါသံနှင့်အတူ ပတ်ဝန်းကျင်ရှိဖိအားအရှိန်အဝါသည် ဧရာမတောင်ကြီးတစ်လုံးကဲ့သို့ လေးလံလာပြီး လုယွီအား သုတ်သင်ဖယ်ရှားရန် တိုက်ခိုက်လာခဲ့သည်။

ထိုရွှေရောင်အလင်းတန်းသည် သာမာန်မဟုတ်သည်မှာ သိသာထင်ရှားလှ၏။

"ပျက်ပြယ်စမ်း"

လုယွီက ကျယ်လောင်စွာအော်ဟစ်ပြီး သူ၏ခန္ဓာကိုယ်အမျိုးအစားသုံးမျိုးစလုံးအား တပြိုင်နက်တည်း အသက်ဝင်စေသည်။

ရုတ်ချည်းဆိုသလိုပင် လုယွီ၏ခွန်အား အဆများစွာတိုးလာပြီး သူက ရွှေရောင်အလင်းတန်း တည်ရှိရာနေရာသို့ ခြေလှမ်းတချို့ ရှေ့တိုးလိုက်သည်။

လုယွီသည် အင်မော်တယ်နှလုံးသားနှင့် နီးကပ်လာသည်နှင့်အမျှ သူ၏နံဘေးပတ်ဝန်းကျင်ရှိ ဖိအားအရှိန်အဝါ ပို၍ပို၍ပြင်းထန်လာသည်။

"ဖူး..."

ရုတ်တရက် လုယွီက သွေးတစ်လုတ်အန်ထုတ်လိုက်ရပြီးနောက် သူ၏မျက်လုံးအတွင်း၌ ရုန့်ရင်းကြမ်းတမ်းသောအရိပ်အယောင်များ ထင်ဟပ်လာသည်။

ယခုလက်ရှိ သူ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်အား လေလွင့်အင်မော်တယ်များပင် ထိခိုက်နာကျင်အောင် မပြုလုပ်နိုင်ချေ။သို့ရာတွင် သေဆုံးပြီးဖြစ်သော ရှေးဟောင်းတာအိုအင်မော်တယ်တစ်ယောက်၏ အရှိန်အဝါသက်သက်ကပင် သူ့အား ထိခိုက်နာကျင်စေခဲ့သည်။

"မူလဘူတ အကြွင်းမဲ့အစပျိုးခြင်း....မဟာအထီးကျန်ခြင်းနဲ့ မိုးကောင်းကင်ကိုကျော်ဖြတ်မယ်"

လုယွီက သူ၏ခန္ဓာကိုယ်ရှိ မှော်စွမ်းအားများအားလုံးကိုစုစည်းပြီး နောက်ဆုံးကျန်ရှိသော ခြေလှမ်းများကို အလွန်အမင်းခက်ခက်ခဲခဲ အားယူလှမ်းလိုက်သည်။

ဘုန်း...

သူ၏ခြေထောက်အောက်ကျသွားသည်နှင့် မြေပြင်ပေါ်၌ ခြေဖဝါးရာတစ်ခု စွဲထင်ကျန်ရစ်သည်။

ပတ်ဝန်းကျင်ရှိ ဖိအားအရှိန်အဝါကြောင့် သူ၏ကြွက်သားနှင့်အရိုးအရွတ်များ ကျိုးကြေသွားခဲ့သည်။သို့ရာတွင် သူက သူကိုယ်သူဖိအားပေး၍ အင်မော်တယ်နှလုံးသားထံသို့ ဆက်လက်လျှောက်လှမ်းနေသည်။

လုယွီ၏လက်သီးချက်သည် မာကျောသောကျောက်နံရံနှင့်တူသည့် အင်မော်တယ်နှလုံးသားပေါ်သို့ ကျဆင်းသွားသည်။

အင်မော်တယ်နှလုံးသား ကျိုးပဲ့သွားပြီး လုယွီက ရွှေရောင်အလင်းတန်းများ ဖုံးလွှမ်းနေသည့်အရာကို ထုတ်ယူလိုက်၏။

အလင်းတန်းများအကြား၌ ဝါးစာလိပ်တစ်လိပ်ရှိနေသည်။ထိုဝါးစာလိပ်သည် ကြီးမားသောကျောက်ဆောင်ကြီးအလား လေးလံမည်ဟု လုယွီက မျှော်လင့်မထားမိချေ။

သူက ဝါးစာလိပ်အား ဖြည်းဖြည်းချင်းဖြည်ချလိုက်ရာ အတွင်းတွင် ရွှေရောင်စည်းတံဆိပ်အက္ခရာများ ရေးထွင်းထားသည်ကို သူ တွေ့မြင်ရ၏။စာလုံးတစ်လုံးစီသည် ရွှေရောင်အလင်းတန်းများဖြင့် လင်းလက်တောင်ပနေသည်။

လုယွီက ထိုရှေးဟောင်းအက္ခရာများကို ကောင်းစွာသိရှိသည်။ဝါးစာလိပ်ကိုကြည့်ရသည်မှာ ရှေးဟောင်းမှတ်တမ်းတစ်ခု ဖြစ်ပုံရသည်။

ထိုမှတ်တမ်းတွင် ရှေးဟောင်းကောင်းကင်ဘုံတရားရုံး၏နိမ့်ပါးလာမှုနှင့်ရှုံးနိမ့်သွားခဲ့ရမှုများကို မှတ်တမ်းတင်ထားသည်။

အတိတ်နေ့ရက်များတွင် ရှေးဟောင်းကောင်းကင်ဘုံတရားရုံးသည် လောကကြီးအတွင်းရှိ မရေမတွက်နိုင်သော သက်ရှိမျိုးနွယ်များကို ထိန်းချုပ်ထားသည်။

သို့ရာတွင် ထိုနေ့တွင် ဧရာမလက်ဖဝါးကြီးတစ်ဖက် မိုးကောင်းကင်မှကျဆင်းလာပြီး ကောင်းကင်ဘုံတရားရုံးပေါ်သို့ ရိုက်ချလိုက်သည်။

မြောက်များစွာသောအဆောင်များနှင့် ခံ့ညားထည်ဝါသောခန်းမများ တစ်ကြိမ်တည်းဖြင့် ဖျက်ဆီးခံခဲ့ရ၏။အစွမ်းထက်သောအင်မော်တယ်များပင်လျှင် ထိုဧရာမလက်ဖဝါးကြီးအား ခုခံတိုက်ခိုက်ရန် အခွင့်အရေးမရခဲ့ချေ။အရာအားလုံး အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားပေ၏။

ဟူး....

ရှေးဆန်သောသက်ပြင်းချသံတစ်သံက ရုတ်တရက် ဝါးစာလိပ်မှ ထွက်ပေါ်လာသည်။

C1382:ဟယ်ဒေါင်နန်းတော်၏အမွေဆက်ခံသူ

ဤအချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိဖိအားအရှိန်အဝါသည် ပို၍ပြင်းထန်လာပြီး ဝါးစာလိပ်မှနေ၍ ရုတ်တရက် ဝေဝါးဝါးပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

"စီနီယာကို နှုတ်ခွန်းဆက်သပါတယ်"

ပုံရိပ်ကိုမြင်သည်နှင့် လုယွီက ဝါးစာလိပ်ကို အလျင်စလိုဘေးဖယ်ပြီး သူ၏လက်သီးနှစ်ဖက်ကိုပူးဆုပ်ကာ ဂါရဝပြုနှုတ်ဆက်လိုက်၏။

လေထုအတွင်းရှိပုံရိပ်ယောင်သည် ယခင်က သူ့အားပညာရပ်များ လက်ဆင့်ကမ်းသင်ကြားပေးခဲ့သော အမတ်ကြီးချွယ်ဖြစ်သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ရှေးဟောင်းတာအိုအင်မော်တယ်ထံတွင် ယခင်နှင့်တူညီသော အရှိန်အဝါမျိုးမရှိတော့ချေ။လေထုအတွင်း၌ ရှိနေသော ပုံရိပ်ယောင်သည် အလွန်အမင်းဝေဝါးနေသည်။သူကိုကြည့်ရသည်မှာ ပုံရိပ်ယောင်သိပ်သည်းရာ၌ အခက်အခဲရှိခဲ့ပုံရသည်။

ပုံရိပ်ယောင်ကိုကြည့်ရသည်မှာ ရှေးဟောင်းကောင်းကင်ဘုံတရားရုံး၏အမတ်ကြီးတစ်ယောက် ဖြစ်ပုံရသည်။သူ ဟယ်ဒေါင်နန်းတော်သို့ ရောက်ရှိသွားစဥ်အချိန်တုန်းက တံခါးစောင့်သည် ပုံရိပ်ယောင်အား အမတ်ကြီးချွယ်ဟု ခေါ်ဆိုခဲ့သည်။

"မင်း ရောက်လာပြီလား"

အမတ်ကြီးချွယ်၏အသံသည် တည်ငြိမ်နေပြီး သူ၏အမူအယာကလည်း လေးနက်တည်ကြည်နေသည်။

လုယွီက ရိုသေလေးစားစွာ တုံ့ပြန်ပြောဆိုသည်။

"ဒီဂျူနီယာက မူလဘူတအကြွင်းမဲ့ခန္ဓာကိုယ်နည်းစနစ်ကို မဟာပြည့်စုံခြင်းအဆင့်ထိရောက်အောင် လေ့ကျင့်ပြီးပါပြီ...ဒါကြောင့် ဒီနေရာကိုလာပြီး မူလဘူတခေတ်က အမွေအနှစ်အပြည့်အစုံကိုဆက်ခံနိုင်ဖို့ စီနီယာကိုလာပြီးမေးမြန်းတာပါ"

အမတ်ကြီးချွယ်က လုယွီကိုကြည့်ပြီး အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်သွားသည်။

"တကယ်လို့သာ မင်းဆီမှာ မြင့်မြတ်တဲ့ဧကရာဇ်မင်းရဲ့ခန္ဓာကိုယ်နည်းစနစ် ရှိမနေဘူးဆိုရင်...ငါ မင်းကို အစောကြီးကတည်းက သတ်ပစ်လိုက်ပြီ"

လုယွီ၏စိတ်နှလုံးသား တုန်ခါသွားသော်လည်း သူ၏မျက်နှာအမူအယာက တည်ငြိမ်နေဆဲပင်။

"ဒီဂျူနီယာက စီနီယာ​ ဘာကိုဆိုလိုချင်တယ်ဆိုတာ နားမလည်ဘူး"

"လွန်ခဲ့တဲ့ခုနစ်ရက်လောက်တုန်းက အသက်ရှင်နေတဲ့ နတ်ဆိုးတစ်ကောင် ငါ့ဆီကိုရောက်လာတယ်...သူက ရှေးခေတ်က အသက်ရှင်ကျန်ရစ်တဲ့သူယောင်ဆောင်ပြီးတော့ ငါ့ရဲ့အနားကိုချဥ်းကပ်လာပြီး ငါ့ရဲ့ခန္ဓာကိုယ်ကိုအပိုင်စီးဖို့ ကြိုးစားခဲ့တယ်...ငါက နောက်ဆုံးအချိန်ထိ တစ်ခုခုမှားယွင်းနေတာကို သတိမပြုခဲ့မိဘူး...သူ့ရဲ့အားနည်းချက်ကို မတော်တဆထုတ်ဖော်ပြသခဲ့လို့သာ ငါ သူ့ကို မောင်းထုတ်နိုင်ခဲ့တာ"

"ကံဆိုးချင်တော့ ငါ ချန်ထားခဲ့တဲ့အကြွင်းအကျန်စိတ်ဝိညာဥ်က ပျက်ပြယ်ခါနီးနေပြီ...သူ့ကို မောင်းထုတ်ရုံလောက်ပဲ တက်နိုင်ခဲ့တယ်...ဒါက အမှန်လား အမှားလားဆိုတာတောင် ငါ မပြောနိုင်ဘူး...မင်းကတော့ တကယ်လို့မင်းဆီမှာသာ ဧကရာဇ်မင်းရဲ့ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ရှိမနေရင် ငါ မင်းကို သတ်ပြီးလောက်ပြီ"

မြင့်မြတ်သောဧကရာဇ်မင်း၏ ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ဟု ဆိုလိုက်သလော။

ဤသည်က အတိတ်တွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်လေ့ကျင့်ခဲ့သော ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ဖြစ်သည်။

လုယွီက မေးမြန်းလိုက်သည်။

"မြင့်မြတ်တဲ့ဧကရာဇ်မင်းရဲ့ ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်မှာ ထူးခြားတာတစ်ခုခုရှိလို့လား"

"အမြင့်မြတ်ဆုံးကောင်းကင်ဘုံနယ်မြေမှာ ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ် သုံးဆယ့်ခြောက်မျိုးရှိတယ်...မြင့်မြတ်တဲ့ဧကရာဇ်မင်းရဲ့ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ကတော့ အကြီးမြတ်ဆုံးပဲ....မြေကမ္ဘာမကောင်းဆိုးရွားအဆင့် နည်းစနစ်ခုနစ်ဆယ့်နှစ်မျိုးမှာတော့ အကြွင်းမဲ့မူလဘူတခန္ဓာကိုယ်နည်းစနစ်က အားအကောင်းဆုံးပဲ...အကြွင်းမဲ့မူလဘူတခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ရဲ့အထူးသဘောသဘာဝက အင်မော်တယ်ဧကရာဇ်တွေရဲ့မျိုးဆက်တွေကပဲ ဒီအမွေအနှစ်ကို ဆက်ခံနိုင်မယ်"

အမတ်ကြီးချွယ်က လုယွီကို ကြည့်လိုက်၏။

"မင်းက မြင့်မြတ်တဲ့ဧကရာဇ်မင်းရဲ့ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ကို ဘယ်လိုရခဲ့လဲဆိုတာ ငါမသိပေမယ့်...ဒီနည်းစနစ်ကို လူသားတွေပဲ ကျင့်ကြံနိုင်တယ်လို့ ရှေးဟောင်းကောင်းကင်ဘုံတရားရုံးကလူတွေက ပြောဆိုခဲ့တယ်...တကယ်လို့ နတ်ဆိုးတွေကသာ ဒီနည်းစနစ်ကိုကျင့်ကြံမယ်ဆိုရင် သူတို့က သေလမ်းရှာနေတာပဲဖြစ်မှာ"

ဝိုးတဝါးပုံရိပ်တစ်ခုက လုယွီ၏စိတ်အတွင်း၌ ရုတ်တရက်ထွက်ပေါ်လာသည်။လုယွီက မေးမြန်းလိုက်၏။

"စီနီယာပြောတဲ့ နတ်ဆိုးက သက်ရှိမျိုးနွယ်တွေရဲ့အသွင်အားလုံးကိုယူနိုင်ပြီး ထွင်းဖောက်မြင်နိုင်ဖို့မလွယ်ဘူးဆိုတာ အမှန်ပဲလား"

"အမှန်ပဲ...တကယ်လို့ ငါ ခန့်မှန်းတာမမှားဘူးဆိုရင် အဲ့ဒီနတ်ဆိုးက ကောင်းကင်ဘုံနယ်မြေကနေလာတာ ဖြစ်ရမယ်"

အမတ်ကြီးချွယ်က ပြောဆိုသည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏ခေါင်းအတွင်း၌ အတွေးများဖြင့် ဝီခေါ်သွားသည်။

ရေခဲနယ်မြေမှထွက်ခွါလာပြီးနောက် လုယွီသည် လူတချို့အား လျှို့ဝှက်စေလွှက်၍ ကောင်းကင်နတ်ဆိုးဘိုးဘေး မည်သည့်နေရာ၌ ရှိနေသည်ကို စုံစမ်းခိုင်းခဲ့သည်။

လုယွီ၏ယူဆချက်အရ ကောင်းကင်နတ်ဆိုးဘိုးဘေးသည် အချိန်တခဏကြာ လျှို့ဝှက်ပုန်းအောင်းနေပြီး သူ၏ဒဏ်ရါများအား ပြန်လည်ကုသနေပေမည်။

တစ်ဖက်လူသည် သူထက်ခြေတစ်လှမ်းသာပြီး ကောင်းကင်ဘုံရေကန်အတွင်းသို့ ခိုးဝင်ကာ ရှေးဟောင်းတာအိုအင်မော်တယ်၏ အမွေအနှစ်ကို ရယူလိုနေမည်ဟု သူ မျှော်လင့်မထားမိချေ။

လုယွီသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေးအား အစွမ်းကုန်ကြိုးစား၍ တိုက်ခိုက်ခဲ့ရသည်။မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ကောင်းကင်ဘုံဧကရာဇ်၏ရုပ်အလောင်းအား ယူဆောင်ရန်ကြိုးစားခဲ့သော်လည်း တန်ပြန်ဒဏ်ကိုသာ ခံစားခဲ့ရသည်။အကြောင်းအရင်းမှာ ကောင်းကင်ဘုံဧကရာဇ်၏ ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ကြောင့် ဖြစ်ပေမည်။

"အတိုချုံးပြောရရင် တကယ်လို့ မင်း အမွေအနှစ်ကိုလိုချင်တယ်ဆိုရင် ငါ မင်းကိုပေးနိုင်တယ်...ဒါပေမယ့် ငါ မင်းကို ကြိုပြောပြချင်တာ တစ်ခုရှိတယ်...တကယ်လို့ မင်း ငါ့ရဲ့အမွေအနှစ်ကို ဆက်ခံမယ်ဆိုရင် အတိတ်ကအကြောင်းအကျိုးတွေကြားမှာ ပါဝင်ငြိစွန်းသွားပြီ...နောင်ဖြစ်လာမယ့်ကိစ္စတွေကို မင်း မရှောင်ရှားနိုင်မှာ ငါ စိုးရိမ်မိတယ်"

အမတ်ကြီးချွယ်၏အသံက အလွန်အမင်းအက်ရှရှဖြစ်လာသည်။

ဝါးစာလိပ်အတွင်းရှိ ရွှေရောင်အက္ခရာများသည်လည်း တဖြည်းဖြည်း ပြာအမျှင်တန်းများအဖြစသို့ ပြောင်းလဲသွားပြီး လေထုအတွင်း၌ ပျောက်ကွယ်သွားပေ၏။

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

"စီနီယာ...ကျေးဇူးပြုပြီး ရှင်းရှင်းလင်းလင်းပြောပေးပါ"

အမတ်ကြီးချွယ်က လုယွီအား စူးစိုက်၍ ကြည့်လေသည်။

"ငါ တွက်ချက်ကြည့်ရသလောက် ရှေးဟောင်းကောင်းကင်ဘုံတရားရုံးရဲ့ အပျက်အစီးနယ်မြေပွင့်ဖို့ အချိန်ဘယ်လောက်မှမလိုတော့ဘူး...အဲ့ဒီအတွက် ပုန်းအောင်းနေတဲ့ ကျားတွေ နဂါးတွေ တိုက်ခိုက်ကြလိမ့်မယ်...တကယ်လို့ မင်း သတိလက်လွတ်နေလိုက်မယ်ဆိုရင် မင်း မုန့်မုန့်ညက်ညက်ကြေသွားလိမ့်မယ်"

"တကယ်လို့ မင်း ခုချိန်မှာ တံခါးပိတ်ကျင့်ကြံလိုက်မယ်ဆိုရင်...မင်းရဲ့အရည်အချင်းနဲ့ဆို နောင်အနာဂတ်မှာ ကောင်းကင်ဘုံတရားရုံးကို ဘယ်သူထိန်းချုပ်နေပါစေ...မင်းအတွက် နေရာတစ်နေရာ ရလာလိမ့်မယ်"

C1383:တာအိုအင်မော်တယ်၏စွမ်းအားကို ဆက်ခံခြင်း

အမတ်ကြီးချွယ်၏စကားများသည် မိုးကောင်းကင်အား ချိုးဖြတ်မည့် တူကြီးတစ်လက်ကဲ့သို့ ပြင်းထန်လှ၏။

လုယွီ၏စိတ်နှလုံးသားအတွင်း၌ အလွန်အမင်း အံ့အားသင့်တုန်လှုပ်နေသည်။ရှေးဟောင်းကောင်းကင်းဘုံတရားရုံး၏အပျက်အစီးနယ်မြေ ပွင့်လာတော့မည်ဆိုသည်မှာ မည်ကဲ့သို့အဓိပ္ပါယ်မျိုးဖြစ်သနည်း။

ကောင်းကင်ဘုံနယ်မြေရှိ အားအကောင်းဆုံးတာအိုသခင်ပင်လျှင် ထာဝရအသက်လမ်းကြောင်း၏ဆွဲဆောင်မှုကို ခံရသည်။

လက်ရှိကောင်းကင်ဘုံနယ်မြေ၌ ရှိနေသူများသည် သူတို့ကိုယ်သူတို့ အင်မော်တယ်များဟု ခေါ်ဝေါ်ကြသော်လည်း အမှန်အားဖြင့် အတုအယောင်အင်မော်တယ်များသာဖြစ်သည်။တာအိုသခင်တစ်ယောက်၏ဘဝသက်တမ်းသည် နှစ်တစ်သောင်းခန့်ရှိသော်လည်း ထာဝရအသက်မဟုတ်၍ သူ၏သက်တမ်းကုန်ဆုံးသည့် တစ်ရက်ရက်ရှိလာနိုင်သည်။

အကယ်၍ ရှေးဟောင်းကောင်းကင်ဘုံတရားရုံး၏ အပျက်အစီးနယ်မြေသာ အမှန်တကယ်ပွင့်လာပါက မြောက်များစွာသောထိပ်သီးကျင့်ကြံသူများ ထိုအရာအတွက် တိုက်ခိုက်ကြပေမည်။

လုယွီက အမတ်ကြီးချွယ်အား ဂါရဝပြု၍ပြောဆိုသည်။

"ကျေးဇူးပြုပြီး ကျွန်တော်ကို အကြံဥာဏ်ပေးပါအုံး"

အမတ်ကြီးချွယ်က လုယွီအား စူးစိုက်၍ကြည့်လိုက်သည်။

"မင်းက တစ်ချိန်တုန်းက အရမ်းအစွမ်းထက်တဲ့ အင်မော်တယ်တစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာ ငါ ပြောနိုင်တယ်...ရှေးဟောင်းအပျက်အစီးနယ်မြေပွင့်လာတယ်ဆိုတဲ့ အဓိပ္ပါယ်က ဘာလဲဆိုတာ မင်း သိသင့်တယ်...မင်းရဲ့အခုလက်ရှိ ကျင့်ကြံဆင့်နယ်ပယ်နဲ့ တကယ့်ထိပ်သီးကျင့်ကြံသူတွေကို သွားပြီးတိုက်ခိုက်မယ်ဆိုရင် ပုရွက်ဆိတ်တစ်ကောင်က သစ်ပင်ကြီးကို လှုပ်ယမ်းချင်သလို ဖြစ်နေမှာပဲ...တကယ်လို့ မင်းသေသွားရင်တောင် ဘာအစအနမှကျန်ခဲ့မှာမဟုတ်ဘူး"

"ဂျုနီယာက ရွေးချယ်မှုတစ်ခု ပြုလုပ်ပြီးသားပါ"

လုယွီက အခိုင်အမာဆုံးဖြတ်ချက်ချထားပုံဖြင့် ပြောဆိုသည်။

"တကယ်လို့ ဒီလိုသေးငယ်တဲ့ဒုက္ခကိုတောင် မခံနိုင်ဘူးဆိုရင် သွေးစွန်းတဲ့ကျင့်ကြံခြင်းလမ်းကြောင်းကို ကျွန်တော် ဘယ်လိုဆက်ပြီးလျှောက်လှမ်းပြီး ရန်သူတွေကို လက်စားချေနိုင်မှာလဲ"

"ကောင်းပြီလေ"

အမတ်ကြီးချွယ်သည် ထပ်မံ၍အချိန်မဖြုန်းတော့ဘဲ သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်မှုနှင့်အတူ ဝါးစာလိပ်ပေါ်၌ စာလုံးကြီးလေးလုံးက အံ့အားသင့်ဖွယ်ပေါ်ထွက်လာသည်။

ကောင်းကင် မြေကြီး ရွှမ် အဝါရောင်

"ငါက နှစ်ပေါင်းတစ်သိန်းငါးသောင်းရှစ်ထောင်ကျော် ကျင့်ကြံခဲ့ပြီးတော့ ငါ့ရဲ့ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ကြောင့် ထင်ရှားကျော်ကြားတယ်...အဲ့ဒီစကားလုံးလေးလုံးက ငါဘဝရဲ့ သွေးချွေးတွေနဲ့ရင်းခဲ့ရတဲ့ အရင်းအမြစ်ပဲ...မင်း ဒါကို တောင့်ခံနိုင်မနိုင်ဆိုတာ မင်းရဲ့ကံကောင်းမှုပေါ်မူတည်တယ်"

အမတ်ကြီးချွယ်သည် သူ၏လက်ကိုမြှောက်၍ ဝါးစာလိပ်အား ရိုက်နှက်လိုက်သည်။ဝါးစာလိပ်အတွင်းမှစာလုံးလေးလုံးသည် လုယွီထံသို့ တန်းတန်းမတ်မတ်ပျံဝဲလာသည်။

ထိုရွှေရောင်စာလုံးလေးလုံးသည် လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်သွားသည်နှင့် သူက တောင့်မခံနိုင်တော့ဘဲ ကျယ်လောင်စွာအော်ဟစ်လိုက်ရ၏။

ခရက်...

အက်ကွဲသံများ တဖြောက်ဖြောက်မြည်သံများ အတွဲလိုက်နှင့်အတူ လုယွီ၏ခန္ဓာကိုယ်အတွင်းရှိ မရီးဒါန်းများ ချက်ချင်းဆိုသလိုပွင့်သွားသည်။သို့ရာတွင် အကန့်အသတ်မရှိသောစိတ်ဝိညာဥ်စွမ်းအားများသည် ရပ်တန့်သွားခြင်းမရှိဘဲ လုယွီ၏ကြွင်းကျန်သောမရီးဒါန်းများကို ဆက်လက်၍တိုက်ခိုက်နေပေ၏။

လုယွီ၏ခန္ဓာကိုယ်အရေပြားမှနေ၍ သွေးစီးကြောင်းများ ယိုစီးကျလာသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိမရီးဒါန်းများ ကြေမွသွားပြီး အသစ်တဖန် ပြန်လည်ပေါင်းစပ်နေပေ၏။စူးရှရှနာကျင်မှုက လုယွီ၏ခန္ဓာကိုယ်အနှံ့ စတင်ပျံ့နှံ့နေသည်။

"ဒီမှော်စွမ်းအားက တော်တော်ပြင်းထန်တာပဲ"

လုယွီက အံ့ကြိတ်၍တင်းခံနေပြီး သူ၏နဖူးပြင်ပေါ်၌ အပြာရောင်သွေးကြောတစ်ကြောက ဖောင်းထလာသည်။

"ဒါတွေအားလုံးက မင်းရဲ့ရွေးချယ်မှုပဲ...တကယ်လို့ မင်း သေသွားခဲ့ရင် ဒါက မင်းရဲ့ကံမကောင်းမှုပဲ"

သူ့ထံ၌ လုယွီကို ကူညီပေးရန် ရည်ရွယ်ချက်မရှိချေ။လုယွီနှင့်သူသည် ကံကြမ္မာအရ တွေ့ဆုံခဲ့ရခြင်းသာဖြစ်ပြီး ဆရာတပည့်ဆက်ဆံရေးမျိုးလည်းမဟုတ်ပေ။အကယ်၍ လုယွီသည် သူရှာတွေ့နိုင်သည့် တစ်ယောက်တည်းသောသူသာ မဟုတ်ပါက သူ၏အမွေအနှစ်ကို လက်ဆင့်ကမ်းပေးခဲ့မည်မဟုတ်ချေ။

"မြင့်မြတ်တဲ့ဧကရာဇ်ရဲ့ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ကို သူရထားတာ တကယ်ဖြစ်နေပါလား...ကြည့်ရတာတော့ မြင့်မြတ်တဲ့ဧကရာဇ်က အမွေအနှစ်တချို့ချန်ထားခဲ့ပုံပဲ"

အမတ်ကြီးချွယ်က နံဘေးမှစောင့်ကြည့်နေရင်း ရေရွတ်လိုက်သည်။

ရုတ်တရက် အဆက်မပြတ်လှုံဆော်မှုတစ်ခုနှင့်အတူ လုယွီ၏မျက်ခုံးနှစ်ခုကြားမှ မိုးကြိုးသင်္ကေတများ ထွက်ပေါ်လာသည်။

လုယွီ၏နံဘေးတွင် နန်းတော်ပုံရိပ်တစ်ခုက ဝိုးတဝါးထွက်ပေါ်လာပြီး မှော်စွမ်းအားများ၏တစ်စိတ်တစ်ပိုင်းကို ကူညီ၍ချေဖျက်ပေးနေသည်။

အမတ်ကြီးချွယ်က အံ့အားသင့်တုန်လှုပ်စွာဖြင့် လွှက်ခနဲအော်ဟစ်လိုက်သည်။

"ဒါက တကယ့်ကို ဟယ်ဒေါင်နန်းတော်ပဲ...သူက ဟယ်ဒေါင်နန်းတော်ရဲ့အရှင်သခင်ဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

ဤတစ်ကြိမ်တွင် အမတ်ကြီးချွယ်၏ လုယွီအားကြည့်နေသောအကြည့်သည် ယခင်နှင့် အနည်းငယ်ကွဲပြားသွားသည်။

"တကယ်လို့ သူ ဒါကိုသာတောင့်ခံနိုင်မယ်ဆိုရင်...သူ့ကို အရာရာတိုင်းပြောပြဖို့ အဆင်ပြေသွားပြီ"

အမတ်ကြီးချွယ်က သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ရေရွတ်နေလေသည်။

ဤအချိန်တွင် လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးကို ရွှေရောင်အလင်းတန်းများ လွှမ်းခြုံနေပြီး ခပ်အုပ်အုပ်မြည်သံများကလည်း သူ့ထံမှ ရံဖန်ရံခါထွက်ပေါ်နေသည်။

လုယွီ၏ခန္ဓာကိုယ်သည် ပို၍အားကောင်းလာပြီး တုန်လှုပ်ချောက်ချားဖွယ် အရှိန်အဝါတစ်ခုကိုလည်း ထုတ်လွှက်ပေးနေသည်။

လုယွီ၏ခန္ဓာကိုယ်အရေပြားအပေါ်ယံတွင် ရွှေရောင်ရှေးဟောင်းစည်းတံဆိပ်များ စတင်၍ထွက်ပေါ်လာသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများကိုလည်း ရွှေရောင်အလင်းတန်းများ လွှမ်းခြုံနေကာ အသစ်တဖန်ပြန်လည်တည်ဆောက်နေပြီး ယခင်ထက်အဆပေါင်းများစွာ ပို၍သန်မာလာသည်ကို လုယွီက ခံစားမိလေ၏။

ထိုအချိန်မှာပင် လုယွီ၏ရင်ဘတ်ပေါ်၌ လျှို့ဝှက်ဆန်းကြယ်သောထိုက်ကျိအမှတ်အသား ပြန်လည်ထွက်ပေါ်လာသည်။

လျှို့ဝှက်ဆန်းကြယ်သော ထိုက်ကျိအမှတ်အသား ပေါ်ထွက်လာမှုနှင့်အတူ ပတ်ဝန်းကျင်၌ကြွင်းကျန်နေသော မှော်စွမ်းအားများအားလုံးကို ထိုအရာက စုပ်ယူလိုက်သည်။မူလက အဆက်မပြတ်ပြန့်ကားနေသော မှော်စွမ်းအင်များ တည်ငြိမ်သွားပေ၏။

"ဒါက တကယ့်ကို သူပါလား...ဒီကလေးက သူ့ရဲ့အမွေအနှစ်ကို ဆက်ဆံထားတာပဲ"

အမတ်ကြီးချွယ်က ရုတ်တရက် မယုံကြည်နိုင်မှုများဖြင့် ရေရွတ်လိုက်သည်။

C1384:မင်းက တစ်ယောက်တည်းသောသူပဲ

အချိန်လေးနာရီ ကုန်ဆုံးသွားလေပြီ။

လုယွီက တဖြည်းဖြည်း နိုးထလာသည်။သူ၏နံဘေး၌ ရွှေရောင်အလင်းမျှင်တန်းများ မှိန်ပျပျတောက်ပနေသည်။

"မင်း နိုးပြီလား"

အမတ်ကြီးချွယ်က ပေါ့ပေါ့ပါးပါးလေသံဖြင့် မေးမြန်းလိုက်၏။

လုယွီက ခေါင်းညိတ်ပြပြီး သူ၏လက်ကိုအားယူ၍ မတ်တတ်ထရပ်လိုက်သည်။မြေပြင်နှင့်သူ၏လက် ထိတွေ့မိချိန်တွင် လက်ဖဝါးရာကြီးထင်ကျန်ရစ်မည်ဟု သူ မျှော်လင့်မထားမိချေ။

လုယွီက အနည်းငယ်အံ့အားသင့်သွားသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် မကြုံစဖူးအင်အားများဖြင့် ပြည့်နှက်နေသည်ကို သူ ရုတ်တရက် ခံစားမိလေ၏။

"မင်းက ငါ့ခွန်အားရဲ့ အနည်းဆုံးဆယ်ရာခိုင်နှုန်းလောက်ကို စုပ်ယူပြီးပြီ...မင်းရဲ့အခုလက်ရှိကျင့်ကြံဆင့်နဲ့ ဒီအဆင့်ထိရောက်တာ အတော်ကောင်းနေပြီ"

အမတ်ကြီးချွယ်က တည်ငြိမ်စွာ ပြောဆိုသည်။

လုယွီက အလျှင်အမြန်မတ်တတ်ထရပ်ပြီး အမတ်ကြီးချွယ်အား ဂါရဝပြုကာ ပြောဆိုလိုက်၏။

"စီနီယာကို ကျေးဇူးအများကြီးတင်ပါတယ်"

သူ၏ခန္ဓာကိုယ်အတွင်း၌ ချိပ်ပိတ်ထားသောစွမ်းအားများသည် အထွတ်အထိပ်သို့ရောက်ရှိနေပြီကို သူ အာရုံခံနိုင်သည်။

ယခုလက်ရှိ သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားဖြင့် ဆဋ္ဌမအဆင့်သရဲတစ္ဆေစစ်ဗိုလ်ချုပ်ကိုပင် ယှဥ်ပြိုင်တိုက်ခိုက်နိုင်မည်ဟု လုယွီက ခံစားမိသည်။

"ထိုင်ပါဦး...ငါ မင်းကိုပြောချင်တဲ့ ကိစ္စတချို့ရှိတယ်"

အမတ်ကြီးချွယ်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

တစ်ဖက်လူ၌ အချိန်များစွာ မကျန်တော့ကြောင်းကို လုယွီက ကောင်းစွာသိရှိထားသည်။

အမတ်ကြီးချွယ်၏ပုံရိပ်သည် အလွန်ဝေဝါးနေပြီး သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းကိုသာ ထိန်းသိမ်းထားနိုင်တော့သည်။သူ၏အကန့်အသတ်သို့ ရောက်ရှိနေသည်မှာ သိသာထင်ရှားလှ၏။

အမတ်ကြီးချွယ်က ပြောဆိုသည်။

"မင်းရဲ့ခြေဖဝါးအောက်က မြေပြင်က တစ်ခုခုထူးခြားနေတယ်ဆိုတာ မင်း သိလား"

"အမှန်တော့ အဆင့်နိမ့်နယ်မြေတွေအားလုံးဟာ ကောင်းကင်ဘုံနယ်မြေရဲ့ တားမြစ်ကန့်သတ်ချက်တွေကနေ မလွတ်မြောက်နိုင်ဘူး...တချို့အဆင့်နိမ့်နယ်မြေတွေဟာ ကိုယ်ပိုင်မိုးကောင်းကင်တာအိုကို သိပ်သည်းနိုင်ခဲ့ရင်တောင် စကြာဝဠာရဲ့နိယာမတွေက ကန့်သတ်ချုပ်ချယ်ထားဆဲပဲ...ဒါကြောင့် အဆင့်နိမ့်နယ်မြေကလူတွေက ပုရွက်ဆိတ်တွေနဲ့တူညီတယ်...ကောင်းကင်ဘုံနယ်မြေက တစ်စုံတစ်ယောက် ဆင်းသက်လာတာနဲ့ အဆင့်နိမ့်နယ်မြေကသက်ရှိမျိုးနွယ်တွေအားလုံးကို အနိုင်ယူဖယ်ရှားနိုင်တယ်"

"ဒါပေမယ့် ဒီနေရာမှာတော့ မတူဘူး"

"ဒီလောကကြီး အစပြုဖြစ်ပေါ်လာချိန်မှာ ကြီးမားတဲ့အင်အားစုတွေရဲ့ရန်ကနေ ကာကွယ်တားဆီးနိုင်ဖို့ရည်ရွယ်ပြီးတော့ ငါတို့က ဒီနေရာမှာ အစွမ်းထက်တဲ့မိုးကောင်ကင်တာအိုကို ဖန်တီးခဲ့တယ်...အဲ့ဒီမိုးကောင်းကင်တာအိုက အမှီအခိုကင်းကင်းနဲ့ ရပ်တည်နိုင်ပြီးတော့ ကောင်းကင်ဘုံနယ်မြေရဲ့နှောက်ယှက်ခြင်းမခံရအောင် ကာကွယ်တားဆီးပေးတယ်"

လုယွီက ခေါင်းညိတ်ပြလိုက်သည်။သူ ထိုကိစ္စကို ယခင်ကတည်းက ရှာဖွေတွေ့ရှိပြီးဖြစ်သည်။

ဤနေရာရှိမိုးကောင်းကင်တာအိုသည် လောကီအင်မော်တယ်နယ်ပယ်ကျင့်ကြံသူများကိုပင် သက်ရောက်မှုရှိသည်။ထိုကျင့်ကြံသူများ၏ ပုံရိပ်ယောင်များသာလျှင် ယာယီထွက်ပေါ်လာနိုင်ပေ၏။

အစကဏဦး၌ ဤနေရာရှိမိုးကောင်းကင်တာအိုသည် အလွန်အားကောင်းသည်ဟု သူ တွေးထင်မိသည်။သို့ရာတွင် ယခုလက်ရှိချိန်၌မူ ထိုမိုးကောင်းကင်တာအိုအား ဖန်တီးခဲ့သူများမှာ အလွန်အစွမ်းထက်သောကြောင့်ဟု သူ သိရှိလိုက်ရ၏။

"ဘာလို့လည်းဆိုတော့ မင်းရဲ့ခြေဖဝါးအောက်က မြေပြင်က ရှေးဟောင်းကောင်းကင်ဘုံတရားရုံးရဲ့ အပျက်အစီးနယ်မြေမလို့ပဲ"

အမတ်ကြီးချွယ်က ရုတ်တရက် လောကကြီးတစ်ခုလုံး တုန်ဟီးသွားစေသော စကားတစ်ခွန်းကို ပြောဆိုလိုက်သည်။

လုယွီက နေရာမှာပင် မတ်တတ်ရပ်နေပြီး အချိန်အတော်ကြာသည်အထိ မည်သည့်စကားတစ်ခွန်းမျှ မဆိုနိုင်ချေ။

"မင်းက ဟယ်ဒေါင်နန်းတော်ရဲ့အရှင်သခင်အဖြစ် အသိအမှတ်ပြုခံထားရတယ်....အဲ့ဒီနေရာက ရှေးဟောင်းကောင်းကင်ဘုံတရားရုံးရဲ့နေရာတွေထဲက တစ်ခုပဲ"

"ရှေးခေတ်က မဟာကပ်ဆိုးကြီးကျရောက်လာချိန်မှာ ကောင်းကင်ဘုံတရားရုံး ပျက်စီးပြီး ကျယ်ပြန်တဲ့တိုက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတယ်...အဲ့ဒီထဲမှာ အတိတ်က အရာရှိကြီးတွေနဲ့မဟာမိုးကောင်းကင်ရွှေအင်မော်တယ် အပိုင်စားရတဲ့ နယ်မြေတွေကနေ ပင်လယ်ကြီးလေးစင်း စွန့်ပစ်နယ်မြေရှစ်ခုနဲ့နယ်မြေခြောက်ခုဆိုပြီး ကွဲထွက်သွားတယ်...နယ်မြေတစ်ခုဆီမှာ မိုးကောင်းကင်တာအိုရဲ့ရွှေစည်းတံဆိပ်တစ်ခုဆီရှိတယ်...သက်ဆိုင်ရာရွှေစည်းတံဆိပ်ကို ကိုင်ဆောင်ထားတဲ့သူဟာ အဲ့ဒီနယ်မြေတစ်ခုလုံးမှာရှိတဲ့ သက်ရှိတွေအားလုံးကို အမိန့်ပေးနိုင်တယ်"

အမတ်ကြီးချွယ်က လုယွီအား လက်ညှိုးညွှန်၍ ပြောဆိုသည်။

"မင်းဆီမှာ မိုးကောင်းကင်တာအိုရဲ့ရွှေစည်းတံဆိပ် တစ်ခုထက်ပိုပြီးရှိနေတယ်...မိုးကောင်းကင်တရားရုံးထွက်ပေါ်လာတဲ့အချိန်ကျရင် အဲ့ဒီရွှေစည်းတံဆိပ်ကိုင်ဆောင်ထားတဲ့သူတွေဟာ ဗဟိုချက်ထိ ဝင်နိုင်လိမ့်မယ်...နောက်ဆုံးတော်ဝင်ကျောက်စိမ်းစည်းတံဆိပ်ကိုရရှိတဲ့ ဘယ်သူမဆို အင်မော်တယ်ဧကရာဇ်ဖြစ်လာလိမ့်မယ်"

ထိုအချိန်မှာပင် အမတ်ကြီးချွယ်၏အသံက တဖြည်းဖြည်း ပို၍ပို၍တိုးလာသည်။

သူက လေသံယဲ့ယဲ့ဖြင့် ပြောဆိုလိုက်သည်။

"ဒီကိစ္စကို အတိအကျသိတဲ့သူက မင်းနဲ့ငါ နှစ်ယောက်တည်းပဲရှိတယ်....ဟိုနတ်ဆိုးလည်း သိချင်သိလိမ့်မယ်...မဟုတ်ရင် သူ ငါ့ကိုလာပြီးတိုက်ခိုက်မှာ မဟုတ်ဘူး...ဒါက မင်းရဲ့အခွင့်အရေးပဲ"

"အတိတ်တုန်းက အင်မော်တယ်ဧကရာဇ်က နတ်ဆိုးတွေပေါ်မှာ တားမြစ်မန္တန်တစ်ခုထားခဲ့တယ်...ဒါကြောင့် နတ်ဆိုးက ရှေးဟောင်းကောင်းကင်ဘုံတရားရုံးရဲ့လျှို့ဝှက်ချက်တွေကို ထုတ်ဖော်ပြောဆိုနိုင်မှာမဟုတ်ဘူး...ဒါကြောင့် ဒီလောကမှာ မင်းက ဒီလျှို့ဝှက်ချက်ကိုသိတဲ့ တစ်ယောက်တည်းသောသူပဲ"

C1385:ခွန်အားများ အဆများစွာတိုးပွါးလာခြင်း

လုယွီက တည်ငြိမ်စွာဖြင့် မေးမြန်းလိုက်သည်။

"ရှေးဟောင်းကောင်းကင်ဘုံတရားရုံးရဲ့ အကြွင်းအကျန်နယ်မြေက ဘယ်ချိန်ဖွင့်မှာလဲ"

ဤအရာသည် မိုးကောင်းကင်မှပြုတ်ကျလာသော ပိုင်မုန့်ကဲ့သို့ ရိုးစင်းသည်မဟုတ်ချေ။အမွေအနှစ်သည် အရေးကြီးသည့်တိုင် ရှေးခေတ်မှအင်မော်တယ်ဧကရာဇ်ဟူသောနေရာကို လွယ်လင့်တကူရရှိနိုင်မည်မဟုတ်ပေ။

အမတ်ကြီးချွယ်သည် အမွေအနှစ်များကို သူ့ထံလက်ဆင့်ကမ်းပေးခဲ့သော်လည်း လုယွီက သတိလက်လွတ်မနေဝံ့ချေ။

အမတ်ကြီးချွယ်က ပြောဆိုသည်။

"ငါ့ရဲ့တွက်ချက်မှုအရတော့...အဲ့ဒါက ဒီနေ့ပဲ"

"ဒီနေ့လား"

လုယွီက ထိတ်လန့်တုန်လှုပ်သွားသည်။သူက အမတ်ကြီးချွယ်အား ကြည့်လိုက်၏။

"ကောင်းကင်ဘုံတရားရုံးရဲ့အကြွင်းအကျန်နယ်မြေက ဘယ်နေရာမှာလဲ"

"ငါ မသိဘူး...ကောင်းကင်ဘုံတရားရုံးရဲ့အကြွင်းအကျန်နယ်မြေ တည်နေရာကို အတိတ်က ကောင်းကင်ဘုံဧကရာဇ်တွေပဲ သိနိုင်တယ်...ဒါပေမယ့် အဲ့ဒါက ဒီလောကကြီးထဲမှာရှိနေမှတော့ အရှိန်အဝါ အတော်ပြင်းထန်မှာပဲ...မင်း အဲ့ဒါကိုရှာတွေ့ဖို့ ခက်ခဲမှာမဟုတ်ဘူး"

အမတ်ကြီးချွယ်၏ပုံရိပ်ယောင်သည် အလွန်လျှင်မြန်သောအရှိန်ဖြင့် လွင့်ပြယ်နေပြီး ပျောက်ကွယ်လုနီးနီးဖြစ်နေလေပြီ။သူ၏အသံတစ်ခုတည်းကသာလျှင် လေထုအတွင်း၌ ပဲ့တင်ထပ်နေသည်။

"မင်း အာရုံစိုက်ရမယ့် အချက်နှစ်ချက်ရှိတယ်"

"ပထမအချက်က ရှေးဟောင်းကောင်းကင်ဘုံတရားရုံးရဲ့အကြွင်းအကျန်နယ်မြေ ပွင့်လာမှုက လောကကြီးတစ်ခုလုံး တုန်လှုပ်သွားကြလိမ့်မယ်...ပြင်ပအင်အားစုတွေကလည်း ပါဝင်စွက်ဖက်လာကြမှာပဲ...တကယ်လို့ သူတို့က ဒီနေရာဟာ ကောင်းကင်ဘုံတရားရုံးရဲ့အကြွင်းအကျန်နယ်မြေလို့ မသိရင်တောင် ရှေးဟောင်းအကြွင်းအကျန်နယ်မြေလို့ ဆုံးဖြတ်ကြလိမ့်မယ်...ဒါကြောင့်မို့ မင်းက ကောင်းကင်ဘုံတရားရုံးရဲ့အမွေအနှစ်ကို ဆက်ခံချင်တယ်ဆိုရင်...အဲ့ဒီလူတွေနဲ့ အရင်ဆုံးတိုက်ခိုက်ရလိမ့်မယ်"

"ဒုတိယအချက်က တကယ်လို့ နောင်အနာဂတ်မှာ မင်း တာအိုကိုအောင်မြင်နိုင်ပြီဆိုရင် ငါ့ကိုပြန်ပြီးအသက်သွင်းပေးနိုင်မယ်...ဒါက ငါ့ရဲ့အမွေအနှစ် မင်းကိုလက်ဆင့်ကမ်းပေးခဲ့တဲ့အတွက် ငါ ပြန်လိုချင်တဲ့ဆုလာဘ်ပဲ"

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

"စီနီယာရဲ့ခန္ဓာကိုယ်က ပျက်စီးသွားပြီး စိတ်ဝိညာဥ်ကလည်း ပျောက်ကွယ်တော့မှာလေ...စီနီယာကိုပြန်အသက်သွင်းဖို့က အဲ့ဒီလောက်ထိမရိုးရှင်းမှာကို ကျွန်တော်စိုးရိမ်မိတယ်"

အားအကောင်းဆုံးတာအိုသခင်တစ်ယောက်ပင်လျှင် လူတစ်ယောက်အား ပြန်လည်အသက်သွင်းလိုပါက ထိုသို့ပြုလုပ်ရန် တစ်ဖက်လူ၏စိတ်ဝိညာဥ်အား လိုအပ်သည်။

"အင်မော်တယ်ဧကရာဇ်ရဲ့မြင့်မြတ်တဲ့နည်းစနစ်က မင်း စိတ်ကူးယဥ်ပုံဖော်နိုင်တဲ့အရာမျိုးမဟုတ်ဘူး...လူသေတစ်ယောက်ကိုပြန်အသက်သွင်းဖို့က လက်တစ်ဖက်လှန်လိုက်သလိုမျိုးလွယ်ကူတယ်"

အမတ်ကြီးချွယ်၏အသံသည် ပြတ်တောင်းပြတ်တောင်းဖြစ်လာပြီး နောက်ဆုံး၌ပျောက်ကွယ်သွားတော့သည်။

သူသည် ရှေးခေတ်မှမြင့်မြတ်သူတစ်ယောက်ဖြစ်သော်လည်း အချိန်ကာလ၏ရွေ့လျားမှုကို တောင့်မခံနိုင်တော့ချေ။နောက်ဆုံး၌ သူသည် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"ဒီစွမ်းအားတွေက အလဟဿမဟုတ်ဘူး"

လုယွီက မျက်လုံးစုံမှိတ်ပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိစွမ်းအားများကို အာရုံခံလိုက်သည်။

လုယွီ၏နတ်ဘုရားစမ်းရေအိုင်အတွင်းရှိ မြေအောက်လောကနိုင်ငံတော်တွင် မြို့ပေါင်းခုနှစ်ရာကျော်၏စွမ်းအားများကို စုစည်းထားသည်။လုယွီ၏လက်ရှိကျင့်ကြံဆင့်သည် အလယ်အလတ်ဆင့်သိုင်းသူတော်စင်နယ်ပယ်ဖြစ်သော်လည်း သူနှင့်ကျင့်ကြံဆင့်တူညီသူများ၏အဆခုနှစ်ရာကျော်စွမ်းအားနှင့် သူ၏စွမ်းအား ညီမျှသည်။

ဤသည်က ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော်လည်း ကောင်းကင်ဘုံနယ်မြေမှသူများသည် အဆင့်နိမ့်ကြယ်နယ်မြေများအား လက်သီးတစ်ချက်ဖြင့်ပင် ဖျက်ဆီးနိုင်သည်ကို သူ သိရှိပြီးဖြစ်ရာ သူ၏စွမ်းအား မလုံလောက်သေးဟု ယူဆနိုင်သည်။

အတွေးတစ်ချက်ဖြင့်ပင် သူ၏ခန္ဓာကိုယ်ပေါ်၌ မှိန်ပျပျရွှေရောင်အလင်းလွှာ ထွက်ပေါ်လာသည်။

သူ၏လက်သီးအား ပေါ့ပေါ့ပါးပါးဝှေ့ယမ်းလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိလေဟာနယ်လှုပ်ခတ်သွားပြီး သူ၏နံဘေးပတ်လည်ရှိနံရံများ တုန်ခါသွားပေ၏။

"ငါ့ရဲ့လက်ရှိကျင့်ကြံဆင့်နယ်ပယ်နဲ့ ဒီစွမ်းအားကို အပြည့်အဝမစုပ်ယူနိုင်သေးဘူး...ကြည့်ရတာတော့ အစောပိုင်းကကိစ္စမှာ ထိုက်ကျိအမှတ်အသားက ငါ့ရဲ့အသက်ကို ကယ်လိုက်ပုံပဲ"

လုယွီက ပြန်လည်တွေးတောကြည့်ရာတွင် အမတ်ကြီးချွယ်ထံမှမှော်စွမ်းအားများကို သူ လက်ခံခဲ့သည့်အချိန်အား ရှင်းရှင်းလင်းလင်းမှတ်မိနေသည်။

ရှေးဟောင်းတာအိုအင်မော်တယ်ဖြစ်သော အမတ်ကြီးချွယ်သည် ပျောက်ကွယ်လုနီးနီးဖြစ်နေသော်လည်း သူ၏စွမ်းအားများက လုယွီ တွေးထင်ထားသည်ထက် ကျော်လွန်နေပေ၏။

သူ၏ထိုက်ကျိအမှတ်အသားအား အမတ်ကြီးချွယ်မြင်ချိန်တွင် အံ့အားတသင့် ရေရွတ်လိုက်သည်ကိုလည်း သူ ဝိုးတဝါးအမှတ်ရမိသည်။

"ကြည့်ရတာတော့ ထိုက်ကျိအမှတ်အသားရဲ့မူရင်းဇစ်မြစ်ကို ငါရှာဖွေဖို့ လိုအပ်ပုံပဲ"

လုယွီက သူ၏စိတ်ကိုအဆင်သင့်ပြင်ဆင်ပြီး ဤနေရာမှထွက်ခွါရန် ပြင်ဆင်လိုက်သည်။

သို့သော် ထိုအချိန်မှာပင် သူရှိနေသောလှိုဏ်ဂူ ရုတ်တရက်တုန်ခါသွားသည်။

"အမ်..."

လုယွီက ခေါင်းမော့ကြည့်လိုက်ပြီး သူ၏မျက်လုံးအတွင်း၌ အလင်းတန်းများ ဖြတ်ပြေးသွားသည်။

သူက လှိုဏ်ဂူပြင်ပသို့ ပျံဝဲ၍ထွက်လိုက်၏။ပြင်ပသို့ရောက်သည်နှင့် မြောက်များစွာသောကျင့်ကြံသူများ သူတို့၏နေရာများမှ တရကြမ်းပြေးထွက်လာသည်ကို သူ တွေ့မြင်မိသည်။သူတို့၏မျက်နှာများပေါ်တွင် ကြောက်ရွံထိတ်လန့်နေသောအမူအယာများရှိပြီး လုယွီကို ကြည့်နေကြသည်။

"သခင်လေး..အရေးကြီးကိစ္စတစ်ခု ဖြစ်ပွားသွားတဲ့ပုံပဲ"

လုထျန်းကန်က လေးနက်သောအမူအယာဖြင့် ပြောဆိုလေသည်။

ဤအချိန်အခိုက်အတန့်တွင် အဆင့်နိမ့်နယ်မြေအတွင်း၌ နေထိုင်သည့် လူများအားလုံးသည် အလင်းတန်းကြီးတစ်ခု ကောင်းကင်ယံထံထိုးတက်သွားပြီး တိမ်များအားထွင်းဖောက်သွားသည်ကို တွေ့မြင်ကြရ၏။

မြေပြင်တစ်ခုလုံး အဆက်မပြတ်တုန်ခါနေပြီး မမြင်နိုင်သောဖိအားအရှိန်အဝါတစ်ရပ်ကို ထုတ်လွှက်နေသည်။

ရှေးခေတ်မှဆင်းသက်လာပုံရသော အသံတစ်သံကလည်း ကောင်းကင်ယံတခွင်လုံး၌ ပဲ့တင်ထပ်နေပေ၏။

လုယွီက လေးနက်တည်ကြည်သောအသံဖြင့် ပြောဆိုလိုက်သည်။

"အလင်းတန်း ဘယ်နေရာကထွက်လာတာလဲဆိုတာ တစ်ယောက်ယောက်ကိုလွှက်ပြီး ခုချက်ချင်းစုံစမ်းခိုင်းလိုက်"

Thank For Reading.

မှတ်ချက် -လုယွီ ရဲ့အဆင့်သတ်မှတ်ချက်လေးပါ

တာအိုပထမဆင့်

ဟိုထျန်းနယ်ပယ်

ရှီထျန်းနယ်ပယ်

လုံချီနယ်ပယ်

နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်

အမြူတေဖွဲ့စည်းခြင်းနယ်ပယ်

ကမ္ဘာမြေသင်္ကေတနယ်ပယ်

ကောင်းကင်သင်္ကေတနယ်ပယ်

အဝိုင်းသေးနယ်ပယ်

အဝိုင်းကြီးနယ်ပယ်

တာအိုဒုတိယဆင့်

သဘာဝလွန်စွမ်းအင်နယ်ပယ်

ဓမ္မရုပ်ထုနယ်ပယ်

ဥာဏ်အလင်းပွင့်နယ်ပယ်

စိတ်ဝိညာဥ်နယ်ပယ်

*စိတ်ပုံထွင်းနယ်ပယ်

*သိုင်းသူတော်စင်နယ်ပယ်

*လေလွင့်အင်မော်တယ်နယ်ပယ်

*ပြထားတဲ့သုံးခုမှာ နောက်ရေးတဲ့အမက

*သင်္ကေတထွင်းထုခြင်းနယ်ပယ်

*အဆင့်လွန်အဆင့်

*နတ်သူငယ်နယ်ပယ်လို့ သုံးထားပါတယ်..စာစဥ် ၇၂ကစပြီး အရင်အတိုင်း ညီမ ပြန်ရေးသွားပါမယ်။

နတ်ဘုရားစမ်းရေအိုင်=တော်ဝင်စမ်းရေကန်

နယ်သာလောက=မြေအောက်လောက

ဆိုတဲ့ အခေါ်အဝေါ်တချို့ကိုလည်း ညီမပြင်ဆင်သွားပါမယ်...

အဆင်မပြေတာ မရှင်းလင်းတာရှိက လုယွီ page မှာလာရောက်မေးမြန်းနိုင်ပါတယ်။

All Chapters