← Chapters

အခန်း (၁၃၈၆-၁၃၉၀)

Vol. 73 Ch. 1386-1390

အခန်း (၁၃၈၆-၁၃၉၀)

Vol. 73 Ch. 1386-1390

Chapter 1386 : ကောင်းကင်ဘုံတရားရုံး၏ အကြွင်းအကျန်နယ်မြေ

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လောကကြီးတစ်ခုလုံး တုန်ခါသွားသည်။

ကျင့်ကြံသူဖြစ်စေ သေမျိုးဖြစ်စေ လူများအားလုံးသည် ကောင်းကင်ယံတိုင် ထိုးတက်နေသော အလင်းတန်း၏ဆွဲဆောင်ခြင်းကို ခံနေရ၏။

"ဘာတွေဖြစ်နေတာလဲ"

"ဘယ်လိုတောင် ပြင်းထန်တဲ့ဖိအားအရှိန်အဝါပါလိမ့်...ရတနာတစ်ခုခုများ ထွက်ပေါ်လာတာများလား"

တချို့ကျင့်ကြံသူများသည် လေထုအတွင်းသို့ ပျံဝဲပြီး သူတို့၏နတ်ဘုရားစိတ်အာရုံကိုအသုံးပြု၍ ပတ်ဝန်းကျင်အား လှည့်ပတ်စစ်ဆေးနေကြသည်။

ဒေါင်....

တည်ငြိမ်သောခေါင်းလောင်းသံတစ်သံက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ထိုအသံကိုကြားသည်နှင့် နယ်မြေများအားအုပ်ချုပ်နေသောအရှင်သခင်များဖြစ်စေ တံခါးပိတ်ကျင့်ကြံနေသောကျင့်ကြံသူများဖြစ်စေ မည်သူမဆို သူတို့၏စိတ်နှလုံးသားအတွင်းမှနေ၍ ကူကယ်ရာမဲ့စွာဖြင့် အရှုံးပေးအညံခံလိုစိတ်များ ပေါက်ဖွားလာကြသည်။

ထိုအရာသည် သူတို့၏သွေးကြောများအတွင်း၌ နစ်မြုပ်နေသည့် တစ်စုံတစ်ခု အသက်ဝင်လာသည်နှင့် တူညီပေ၏။

"ဒီလူအိုကြီးက ဒါကို ဘာလို့ရင်းနှီးကျွမ်းဝင်နေသလို ခံစားနေရပါလိမ့်"

အကြီးအကဲတစ်ယောက်က ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချရင်း ရေရွတ်လိုက်သည်။

ခေါင်းလောင်းသံကိုးကြိမ် မြည်ဟီးသွားပြီးနောက် မိုးကောင်ကင်ယံရှိအလင်းတန်းသည် မြောက်များစွာသော ရွှေရောင်ရှေးဟောင်းစည်းတံဆိပ်များအဖြစ် ပြောင်းလဲသွားပြီး တဖြည်းဖြည်း လေထုအတွင်း၌ ပျောက်ကွယ်သွားသည်။

"ထူးဆန်းလိုက်တာ...ခုဏက ငါ့ရဲ့မျက်လုံးတွေ ဝေဝါးနေတာများလား"

"အလင်းတန်းက ပျောက်ကွယ်သွားပြီ...တစ်ယောက်ယောက် အဆင့်ချိုးဖျက်နေတာများ ဖြစ်နေမလား"

တစ်ချိန်တည်းမှာပင် ဤကြယ်နယ်မြေ၌ ရွှေရောင်စည်းတံဆိပ်များ ပျောက်ကွယ်မှုနှင့် အချိန်ကိုက်မွေးဖွားခဲ့သော ကလေးများအားလုံး၏မျက်ခုံးနှစ်ခုကြား၌ အလင်းတန်းများ တောက်ပသွားသည်။

သူတို့၏ပါရမီအရည်အချင်းသည် ယခင်ကမွေးဖွားပြီးသော ကလေးများနှင့် အလွန်ကွဲပြားခြားနားပေမည်။

မြောက်များစွာသောအင်အားစုများသည် သူတို့မိသားစုများမှ ကလေးများမွေးဖွားလာသည်ကို ကြိုဆိုနှုတ်ဆက်နေကြ၏။သို့ရာတွင် ထိုကလေးများ၏ပါရမီကို စစ်ဆေးပြီးနောက် အတိတ်ရှိကလေးများထက် အရည်အချင်းအလွန်မြင့်မားနေသည်ကို တုန်လှုပ်ချောက်ချားဖွယ် ရှာဖွေတွေ့ရှိရတော့သည်။

တချို့ကလေးများဆိုလျှင် မွေးဖွားလာစဥ်ကတည်းက လုံချီနယ်ပယ်ကျင့်ကြံဆင့်ရှိနေသည်။

"ဒီလောကကြီးထဲမှာ ကိစ္စကြီးတစ်ခု ဖြစ်ပွါးသွားတဲ့ပုံပဲ"

"လက်ရှိလောကကြီးထဲမှာ ရှေးဟောင်းအကြွင်းအကျန်နယ်မြေတစ်ခုရှိနေတာ သေချာတယ်...အဲ့ဒီအကြွင်းအကျန်နယ်မြေက သာမာန်မဟုတ်လောက်ဘူး"

"အခုချက်ချင်း စုံစမ်းကြစမ်း...ဂိုဏ်းထဲမှာရှိတဲ့ကင်းထောက်တွေအားလုံးကို စေလွှက်လိုက်...အဲ့ဒီအကြွင်းအကျန်နယ်မြေ ဘယ်နေရာမှာထွက်ပေါ်လာတာလဲဆိုတာ ငါ သိချင်တယ်"

ဤအချိန်အတောအတွင်း၌ မရေမတွက်နိုင်သောအင်အားစုများသည် တိတ်တဆိတ်လှုပ်ရှားနေကြ၏။

အလယ်ပိုင်းကုန်းမြေ...အစွန်အဖျားဒေသ

ထိုနေရာတွင် မြင့်မားသောတောင်တန်းများနှင့်ဆိတ်ငြိမ်သောသစ်တောကြီးများသာ နေရာအနှံ့ရှိနေသည်။

သို့ရာတွင်ယနေ့တွင်မူ တောင်တစ်လုံး ရုတ်တရက်အက်ကွဲသွားပြီး ပတ်ဝန်းကျင်နေရာတစ်ခုလုံး တုန်ခါသွားသည်။

မြင့်မားသောတောင်တန်းများအကြား၌ 'တောင်ပိုင်းကောင်းကင်ဂိုဏ်း'ဟူသော ဂိုဏ်းငယ်လေးတစ်ဂိုဏ်းတည်ရှိသည်။

တောင်တန်းများ၏တုန်ခါမှုဒဏ်ကြောင့် တောင်ပိုင်းကောင်းကင်ဂိုဏ်းအတွင်းရှိ အဆောက်အအုံများစွာ ပြိုကျပျက်စီးသွားလေ၏။တောင်ပိုင်းကောင်းကင်ဂိုဏ်းရှိကျင့်ကြံသူတချို့သည် အကြောင်းအရင်းအားသိရှိရရန် အလျှင်အမြန်သွားရောက်၍ စစ်ဆေးခဲ့သည်။သို့ရာတွင် သူတို့သည် တောင်တန်းများ၏နက်ရှိုင်းသောနေရာသို့ ရောက်ရှိသည်နှင့် အက်ကွဲနေသောတောင်၏အောက်၌ ယခင်ကသူတို့မမြင်တွေ့ဖူးသော ရှေးဟောင်းခန်းမတစ်ခုရှိနေသည်ကို ရှာဖွေတွေ့ရှိမိသည်။

ထိုခန်းမအား မှိန်ပျပျအလင်းရောင်ဖြင့် လွှမ်းခြုံထားပြီး တံခါးတစ်ခုတည်းသာလျှင် ပွင့်နေသည်။ခန်းမအတွင်း၌ မည်သည့်အရာများရှိနေသည်ကို မည်သူမျှမမြင်နိုင်ချေ။

သို့ရာတွင် တံခါးပေါ်ရှိအစက်အပြောက်များနှင့်ရေးထွင်းထားသောစည်းတံဆိပ်များအရ ဆုံးဖြတ်ကြည့်လျှင် ထိုတံခါးတည်ရှိနေသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်ကြောင်းကို သိရှိနိုင်သည်။

ထိုကျင့်ကြံသူများသည် တံခါးအတွင်းသို့ဝင်ရောက်၍ အတွင်း၌ မည်သည့်အရာများရှိသည်ကို ကြည့်လိုကြသည်။သို့ရာတွင် သူတို့ တံခါးအနီးသို့ရောက်သည်နှင့် တားမြစ်ကန့်သတ်ချက်တစ်ခုနှင့်ကြုံတွေ့ရသည်။အချိန်မီမတုံ့ပြန်နိုင်သော ကျင့်ကြံသူများ ချက်ချင်းသေဆုံးသွားပြီး ပြာအဖြစ်သို့ ပြောင်းလဲ၍လွင့်စင်သွားသည်။

တခြားကျင့်ကြံသူများသည် တံခါးအနီးသို့ မချဥ်းကပ်ဝံ့တော့ဘဲ ကြောက်လန့်တကြားဖြင့် ဂိုဏ်းသို့အပြေးပြန်ကာ ဤကိစ္စရပ်များအား ဂိုဏ်းချုပ်ထံ သတင်းပို့လိုက်ကြသည်။

တောင်ပိုင်းကောင်းကင်ဂိုဏ်းချုပ်သည် အံ့အားသင့်တုန်လှုပ်သွားပြီး ဂိုဏ်းမှအကြီးအကဲအားလုံးကို အလျင်စလိုစုစည်းပြီး ထိုနေရာသို့သွားကြည့်စေသည်။

"ဒါက ရှေးဟောင်းအကြွင်းအကျန်နယ်မြေတစ်ခုပဲ"

တောင်ပိုင်းကောင်းကင်ဂိုဏ်းချုပ်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ဂိုဏ်းရှိကျင့်ကြံသူများအားလုံးကို ပြင်ပသို့သတင်းမပျံ့စေရန် အမိန့်ပေးလိုက်သည်။

ယခင်က ဖြစ်ပေါ်ခဲ့သော ထူးဆန်းသည့်သဘာဝလွန်ပုံရိပ်အကြောင်းကို တွေးတောမိချိန်၌ ဂိုဏ်းခေါင်းဆောင်သည် တစ်စုံတစ်ခုအား မှန်းဆမိသွားသည်။

ဤအကြွင်းအကျန်နယ်မြေသည် ထူးဆန်းသည့်သဘာဝလွန်ပုံရိပ်နှင့် ဆက်စပ်နေပေမည်။

ထိုသတင်းအား ချက်ချင်းပင် ဖုံးကွယ်လိုက်၏။တောင်ပိုင်းကောင်းကင်ဂိုဏ်းချုပ်သည် လူတချို့ကိုစေလွှက်၍ ခန်းမ၏ပြင်ပ၌ အကာအကွယ်များ ပြုလုပ်စေသည်။သူက နေ့စဥ်နေ့တိုင်း တပည့်များစေလွှက်၍ ခန်းမအား တခြားသူများရှာဖွေတွေ့ရှိမသွားစေရန် စောင့်ကြပ်စေ၏။

ပြင်ပရှိမြောက်များစွာသောအင်အားစုများသည် ရှေးဟောင်းအကြွင်းအကျန်နယ်မြေကို ရှာဖွေနေကြသော်လည်း ထိုနေရာသည် ဂိုဏ်းငယ်လေးတစ်ခု၏အနီးအနား၌ လျှို့ဝှက်တည်ရှိနေသည်ကို မည်သူမျှမသိကြချေ။

Chapter 1387 : တော်ဝင်မြို့တော်

ကောင်းကင်ဘုံနယ်မြေ..တာယွီနိုင်ငံတော်

မြောက်မြားစွာသောကြယ်များ၏ အလယ်ဗဟို၌ ကြီးမားပြီးတောက်ပနေသော မြို့ကြီးတစ်မြို့တည်ရှိသည်။

ထိုမြို့သည် ပတ်ဝန်းကျင်ရှိကြယ်များနှင့်ပင် နှိုင်းယှဥ်၍ရသည်အထိ အလွန်ကြီးမားသည်။မြို့၏ရှေ့၌ မတ်တတ်ရပ်နေသော မည်သူမဆို သူတို့ကိုယ်သူတို့ သေးနုပ်သည်ဟု ခံစားမိစေသည်။

ဤသည်က မူလဘူတရှေးဦးစကြာဝဠာ၏အလယ်ဗဟို၌တည်ရှိသော တော်ဝင်မြို့တော်ဖြစ်ပေ၏။

ဤအချိန်တွင် တော်ဝင်မြို့တော် အတွင်းနန်းတော်၏အနက်ရှိုင်းဆုံးနေရာ၌ရှိသော သံလိုက်အိမ်မြှောင်သည် ရုတ်တရက် အကြိမ်ရေအနည်းငယ်ခန့်လည်ပတ်သွားပြီး ကွဲကြေသွားခဲ့သည်။

"ဘုရင်မကြီး...မွန်မြတ်ကောင်းကင်ဂိုဏ်းက သုံးကြိမ်ဆက်တိုက် တွက်ချက်ပြီးပါပြီ...ဒါပေမယ့် ဒီကိစ္စတွေ ဘာကြောင့်ဖြစ်ပွါးလာတယ်ဆိုတာ သူတိူ့လည်း မဆုံးဖြတ်နိုင်သေးဘူး...ဒါက မိုးကောင်းကင်သဘာဝလွန်ပုံရိပ်တွေရဲ့ ပုံမှန်မဟုတ်တဲ့ ရွေ့လျားမှုဖြစ်ပြီးတော့...ကျွန်တော်တို့က ကောင်းကင်ဘုံရဲ့လျှို့ဝှက်ချက်တွေကို အသုံးပြုတဲ့ချိန်မှာ အဆင့်နိမ့်ကြယ်နယ်မြေတစ်ခုနဲ့ဆက်စပ်နေတာကိုပဲသိနိုင်တယ်"

ကျိုးပဲ့နေသောသံလိုက်အိမ်မြှောင်၏နံဘေး၌ မတ်တတ်ရပ်နေသော အဖြူရောင်ဝတ်စုံနှင့်လူက လေးလေးနက်နက် ပြောဆိုသည်။

"ဟမ့်...."

ပုတီးစေ့ကန့်လန့်ကာ၏နောက်မှနေ၍ အေးစက်စက်နှာမှုတ်သံတစ်သံ ထွက်ပေါ်လာသည်။အဖြူရောင်ဝတ်စုံနှင့်လူများသည် သူတို့၏ခေါင်းပေါ်သို့ တုန်လှုပ်ချောက်ချားဖွယ်ဖိအားအရှိန်အဝါတစ်ရပ် ဆင်းသက်လာသည်ကို ခံစားမိ၏။

"ငါ ဒီကိစ္စကို သိပြီးသွားပြီ...ဗိုလ်ချုပ်ရှကွေ့ယွမ်ကို ဝင်လာခိုင်းလိုက်စမ်း"

အမျိုးသမီးတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။

မည်သူကမျှ မထီလေးစားမပြုဝံ့ကြဘဲ အလျှင်အမြန် နောက်ဆုတ်လိုက်ကြ၏။

အချိန်တခဏကြာပြီးနောက် နန်းတော်ရှိရာ မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး ရွှေရောင်သံချပ်ကာဝတ်စုံကိုဝတ်ဆင်ထားသော စစ်ဗိုလ်ချုပ်တစ်ယောက်က ခြေလှမ်းကျဲကြီးများဖြင့် နန်းတော်အတွင်းသို့ ဝင်ရောက်လာသည်။

ထိုစစ်ဗိုလ်ချုပ်၏ရွှေရောင်သံချပ်ကာသည် ရောင်စဥ်တန်းများ တောက်ပစွာ ဖြာထွက်နေသည်။သံချပ်ကာ၏အစိတ်အပိုင်းတစ်ခုစီတွင် နဂါးပုံရေးထွင်းထားသည်။သူသည် သံချပ်ကာဦးထုပ်ကို ဆောင်းရမည့်အစား ရွှေသရဖူတစ်ခုကို သူ၏ခေါင်းထက်၌ တပ်ဆင်ထားသည်။သူ၏နောက်တွင် တောက်ပသောအလင်းဘီးတစ်ခုက လည်ပတ်နေပေ၏။သူ လမ်းလျှောက်နေစဥ်တွင် မြင့်မြတ်သောရွှေရောင်အလင်းတန်းများက သူ့အား လွှမ်းခြုံထားပုံရသည်။

ထိုမြင့်မြတ်သောရွှေရောင်အလင်းတန်းများ၏အောက်တွင် အေးစက်ပြီး မောက်မာသော မျက်နှာတစ်ခုရှိနေသည်။

ထိုစစ်ဗိုလ်ချုပ်သည် ချောမောခန့်ညားသောရုပ်ရည်ရှိသည်။သူ၏မျက်နှာအမူအယာသည် တည်ငြိမ်နေပြီး လူအများကြားလျှောက်လှမ်းနေသည့်တိုင် ခြံဝန်းအတွင်း၌ လမ်းလျှောက်ရင်းစာဖတ်နေသကဲ့သို့ သက်တောင့်သက်သာရှိပေ၏။

"ရှကွေ့ယွမ်က ဘုရင်မကြီးကို အရိုအသေပြုပါတယ်"

စစ်ဗိုလ်ချုပ်ရှကွေ့ယွမ်သည် ပုတီးစေ့ကန့်လန့်ကာရှေ့သို့ရောက်သည်နှင့် သူ၏နောက်ကျောမှအလင်းဘီး တဖြည်းဖြည်းပျောက်ကွယ်သွားပြီး တည်ကြည်လေးနက်သောအမူအယာနှင့် ပြောဆိုလိုက်သည်။

"နင်က မြေအောက်လောကရဲ့အရှင်သခင်တစ်ယောက်ကို စိန်ခေါ်တော့မယ်လို့ ငါ ကြားထားတာအမှန်ပဲလား"

ပုတီးစေ့ကန့်ကန့်ကာ၏နောက်မှနေ၍ ဧကရီ၏ခန့်ညားထည်ဝါသောအသံ ထွက်ပေါ်လာသည်။

ရှကွေ့ယွမ်က အခိုင်အမာယုံကြည်ချက်ရှိသောလေသံဖြင့် တုံ့ပြန်ပြောဆိုသည်။

"ဒီငယ်သားက နယ်မြေသခင်နယ်ပယ်ကို ဖြတ်ကျော်ပြီးပြီမို့ အားကောင်းတဲ့ပြိုင်ဘက်တစ်ယောက်ရှာဖွေပြီး ကျွန်တော်ရဲ့ကျင့်ကြံဆင့်ကို ကျစ်လျစ်သိပ်သည်းအောင်လုပ်ချင်တာပါ...ကျေးဇူးပြုပြီး ဘုရင်မကြီးက ကျွန်တော်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးပါ"

ဧကရီက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"မင်း ဘယ်သူကိုပဲစိန်ခေါ်ပါစေ ဒါက မင်းကိစ္စပဲ...ဒါပေမယ့် ခုလတ်တလောကာလမှာ မြေအောက်လောကကလူတွေက အဆင်အခြင်မဲ့လာကြတယ်...သူတို့ရဲ့သခင်ဟောင်းကို တွေးတောပြီး ငါတို့ရဲ့အခွင့်အာဏာကို စိန်ခေါ်ချင်နေတယ်...မင်း ငါ့ရဲ့ နဂါးဖိနှိပ်ဓားကို ယူသွားလိုက်...တကယ်လို့ မင်းရှုံးနိမ့်ခဲ့တယ်ဆိုရင် ပြန်လာစရာမလိုတော့ဘူး"

"ဒီငယ်သား နားလည်ပါပြီ"

"ဒါ့ပြင် မင်းမသွားခင် ငါ့ကိုတစ်ခု ကူညီပေးခဲ့ဦး"

ဧကရီက မြေပြင်ပေါ်ရှိ ကျိုးပဲ့နေသော သံလိုက်အိမ်မြှောင်ကို လက်ညှိုးညွှန်ပြီးပြောဆိုသည်။

"အဆင့်နိမ့်ကြယ်နယ်မြေတစ်ခုမှာ မကြာသေးမီက သဘာဝလွန်ကိစ္စတစ်ခု ဖြစ်ပွါးခဲ့တယ်...မင်း တစ်ချက်သွားကြည့်လိုက်...တကယ်လို့ အဲ့ဒီနေရာမှာ အပြောင်းအလဲတစ်ခုခုရှိရင် ငါ့ကိုချက်ချင်းသတင်းပို့"

"ဒီငယ်သားက အမိန့်တော်ကို လက်ခံပါတယ်"

ရှကွေ့ယွမ်က ရိုသေလေးစားစွာ တုံ့ပြန်ပြောဆိုပြီး ခန်းမအတွင်းမှ ထွက်ခွါသွားတော့သည်။

အတွင်းနန်းတော်မှ သူထွက်ခွါလာသည်နှင့် အဆင့်နိမ့်အရာရှိတစ်စုက မျက်နှာချိုသွေးသောအမူအယာများဖြင့် သူ၏အနားသို့ချဥ်းကပ်လာကြ၏။

မြောက်များစွာသော နတ်ဘုရားစိတ်အာရုံများ ဆင်းသက်လာသည်။သူတို့သည် ရှကွေ့ယွမ်၏လက်အတွင်းမှ ဓားရှည်ကိုမြင်သည်နှင့် သူတို့အနက်မှတချို့လူများ၏ခန္ဓာကိုယ်များ တုန်ရီသွားသည်။

"တံခါးပိတ်ကျင့်ကြံရာကနေ အောင်အောင်မြင်မြင် ထွက်လာတဲ့အတွက် စစ်ဗိုလ်ချုပ်ကို ဂုဏ်ပြုပါတယ်"

မြောက်များစွာသောအရာရှိများသည် ရှကွေ့ယွမ်၏နံဘေးပတ်လည်၌ ဝိုင်းရံကာ မြှောက်ပင့်ခယ၍ အရိုအသေပြုနေကြ၏။

ရှကွေ့ယွမ်က အေးစက်စက်နှာတစ်ချက် မှုတ်လိုက်သည်။သူသည် နံဘေးနားရှိ သူ့အားမျက်နှာချိုသွေးနေသော အရာရှိများကို တစ်ချက်သာစောင်းငဲ့ကြည့်ပြီး အာရုံစိုက်ခြင်းမရှိချေ။

"ဗိုလ်ချုပ်က မြေအောက်လောကကအရှင်သခင်တစ်ယောက်နဲ့ တိုက်ခိုက်တော့မယ်လို့ ကျွန်တော်ကြားထားတယ်...ပြန်တွေးကြည့်ရင် ဗိုလ်ချုပ်ရဲ့တိုးတက်မှုနှုန်းက မြေအောက်လောကအရှင်သခင်ပြီးရင် ဒုတိယနေရာမှာရှိနေတာပဲ"

အရာရှိတစ်ယောက်က သက်ပြင်းချရင်း ပြောဆိုသည်။

ဖြောင်း...

ရှကွေ့ယွမ်က ထိုအရာရှိကိုအေးစက်စက်ကြည့်ပြီး ရုတ်တရက် သူ၏မျက်နှာအား ပြင်းပြင်းထန်ထန် ပါးဖြတ်ရိုက်လိုက်သည်။

ထိုလူသည် မြေပြင်ပေါ်သို့ ကျွမ်းထိုးမှောက်ခုံ ကျသွားလေ၏။သူ၏ခေါင်းသည် မြေကြီးအတွင်း နစ်မြုပ်နေပြီး သူ့သွေးများက မြစ်ပြင်အလား စီးဆင်းနေသည်။

"အုပ်စုပြန်ဖွဲ့ကြစမ်း...ထွက်ခွါမယ်"

ရှကွေ့ယွမ်သည် ​ခြေလှမ်းတစ်လှမ်းတည်းဖြင့် ရထားလုံးအတွင်းသို့ ဝင်သွားသည်။

ရထားလုံးထွက်ခွါသွားသည်နှင့် ကျန်ရှိနေသောအရာရှိတစ်စုသည် အစောပိုင်းက ရှကွေ့ယွမ်အား စကားပြောဆိုခဲ့သူကို ပြက်ရယ်ပြုလိုက်သည်။

ဒီ...ငမိုက်သားကတော့...

ရှကွေ့ယွမ်သည် ငယ်ရွယ်သောပါရမီရှင်တစ်ယောက်ဖြစ်ပြီး သူမွေးဖွားလာစဥ်ကတည်းက အံ့ချီးဖွယ်ကိစ္စများစွာကို ပြုလုပ်ခဲ့သော်လည်း အတိတ်မှမြေအောက်လောကတာအိုသခင် ချန်ထားခဲ့သည့် စံချိန်မှတ်တမ်းများကို ကျော်ဖြတ်နိုင်ခြင်းမရှိချေ။

ရှကွေ့ယွမ် မကြားချင်ဆုံးစကားသည် မြေအောက်လောကတာအိုသခင်၏နောက် ဒုတိယနေရာ၌သူရှိနေသည်ဟူသော စကားဖြစ်ကြောင်း လူတိုင်းသိရှိကြပေ၏။

Chapter 1388 : အသစ်တဖန် ပြန်လည်မွေးဖွားခြင်း

အုတ်ဂူဟောင်းဂိုဏ်း၌...

လုထျန်းကန်သည် သတင်းစကားများ ပေးပို့လိုက်ပြီးနောက် ထိုသတင်းသည် လျှင်မြန်စွာပျံ့နှံ့သွားသည်။

ယခုလက်ရှိချိန်တွင် လုယွီထံ၌ နယ်မြေလေးခုအားထိန်းချုပ်၍ရသော တံဆိပ်ပြားများရှိနေသည်။သူသည် တောင်ပိုင်းပင်လယ်နှင့်အနောက်ပိုင်းပင်လယ်ထံသို့ ယခုထိတိုင် မသွားရောက်ရသေးသော်လည်း မြောက်ပိုင်းနယ်မြေနှင့်ရေခဲနယ်မြေကိုအမှီပြု၍ သူ၏နားမျက်စိများအား နေရာအနှံ့ဖြန့်ကျက်ထားနိုင်သည်။

ကောင်းကင်ဘုံတရားရုံး၏အကြွင်းအကျန်နယ်မြေအား ရှာတွေ့ရန် သူ့အတွက်အချိန်အတိုင်းအတာတစ်ခုသာ လိုအပ်သည်။

"ငါ့အတွက် အခန်းတစ်ခန်းလောက်ပြင်ဆင်ပေးအုံး...ငါ ရက်နည်းနည်းလောက် တံခါးပိတ်ကျင့်ကြံအုံးမယ်"

လုယွီက ပြောဆိုသည်။

သူသည် တာအိုအင်မော်တယ်ဧကရာဇ်တစ်ယောက်၏ မှော်စွမ်းအားများကို စုပ်ယူခဲ့သည်။တစ်ဖက်လူမှ မှော်စွမ်းအားများ၏တစ်စိတ်တဒေသကိုသာ ပေးခဲ့သည့်တိုင် လုယွီ ချေဖျက်နိုင်ရန်အတွက် အချိန်လိုအပ်သည်။

ထိုအကြောင်းကိုကြားချိန်တွင် မိုဒေါင်ချင်က ပျော်ရွှင်သွားသည်။ယခုလက်ရှိချိန်၌ မိုဒေါင်ချင်သည် လုယွီ၏ကျင့်ကြံဆင့်အား ထွင်းဖောက်မမြင်နိုင်သော်လည်း လုထျန်းကန်ကိုကြည့်၍ သူက ဖိအားများစွာ ခံစားနေရ၏။

သူ လေ့ကျင့်နေသောအခြေအနေမျိုး၌ တခြားသူများ၏ကျင့်ကြံမှုအဆင့်ကို အာရုံခံနိုင်မှု အလွန်မြင့်မားသည်။

လုထျန်းကန်သည် သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူတစ်ယောက်ဟု မိုဒေါင်ချင်က အတက်ပြောနိုင်သည်။သူပင်လျှင် မိုဒေါင်ချင်၏ပြိုင်ဘက်မဖြစ်နိုင်ချေ။

နောက်လိုက်များပင် အလွန်အစွမ်းထက်နေသဖြင့် လုယွီ၏ခွန်အားကို သူ ခန့်မှန်းကြည့်နိုင်ပေ၏။

မကြာမီမှာပင် အုတ်ဂူဟောင်းဂိုဏ်းသည် ခမ်းနားထည်ဝါသောအိမ်တော်တစ်လုံးကို လုယွီအတွက် စီစဥ်ပေးပြီး လုယွီအား အမှုထမ်းရန် အမျိုးသမီးအစေခံများကိုလည်း အထူးပြင်ဆင်ပေးခဲ့သည်။

လုယွီက ထိုအစေခံများအား အမှုမထားဘဲ သူ၏အိမ်တော်နှင့် အဝေးတွင်သာနေကြရန် လူတိုင်းအား ပြောဆိုလိုက်၏။

တစ်ရက်...နှစ်ရက်...

လုယွီက မျက်လုံးစုံမှိတ်၍ ပလ္လင်ခွေထိုင်ကာ ကျင့်ကြံမှုအတွင်းသာ နစ်မြုပ်နေသည်။

အကယ်၍ တစ်စုံတစ်ယောက်မှ အနီးကပ်ကြည့်ရှုပါက လုယွီ၏ကြွက်သားနှင့်အရိုးအရွတ်များ ဖောင်းကားနေပြီး သူ၏ခန္ဓာကိုယ်အရေပြားပေါ်၌ မြောက်များစွာသောစည်းတံဆိပ်များ ထွက်ပေါ်နေသည်ကို တွေ့မြင်ရပေမည်။

လုယွီ၏နဖူးပေါ်၌ စိတ်ဝိညာဥ်ပုံရိပ်တစ်ခု ထွက်ပေါ်နေသည်။ထိုပုံရိပ်၏နောက်၌ ဧရာမအလင်းဘီးကြီးက အဆက်မပြတ်လည်ပတ်နေလေ၏။

အလင်းဘီးတစ်ပတ်လည်ပတ်တိုင်း လုယွီ၏ခန္ဓာကိုယ်မှ ထုတ်လွှက်ထားသော ဖိအားအရှိန်အဝါသည် ပို၍တုန်လှုပ်ချောက်ချားဖွယ်ကောင်းလာသည်။

ရုတ်တရက် စူးရှရှနာကျင်မှုတစ်ခုက သူ၏ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့လာသဖြင့် လုယွီက တောင့်မခံနိုင်တော့ဘဲ အနည်းငယ်တုန်ရီသွား၏။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများသည် မှော်စွမ်းအားများနှင့် ပေါင်းစပ်သွားသည်။

ထိုကဲ့သို့နာကျင်မှုမျိုးအား မည်သူမျှ တောင့်ခံနိုင်မည်မဟုတ်ချေ။ဤသည်က ခန္ဓာကိုယ်တစ်ခုလုံးရှိအရိုးများအား ရိုက်ချိုးပြီး အသစ်ပြန်တည်ဆောက်သည်နှင့် အလားတူပေ၏။

မည်သို့ပင်ဆိုစေကာမူ လုယွီက ထိုနာကျင်မှုအား တင်းခံထားသည်။

အချိန်နှစ်နာရီခန့်ကြာပြီးနောက် လုယွီ၏ခန္ဓာကိုယ် တုန်ခါနေခြင်းမှရပ်တန့်သွားသည်။သူ၏စွမ်းအားများအားလုံးကိုအသုံးပြုလိုက်ရသဖြင့် အလွန်မောပန်းနေသောကြောင့် သူ၏မျက်နှာ ဖြူရော်နေသည်။

ယခင်က မကြုံဖူးသောအားလှိုင်းတစ်ရပ်က လုယွီ၏ရင်ဘတ်မှ ထွက်ပေါ်လာသည်။လုယွီက ရုတ်တရက် ခေါင်းမော့၍ နဂါးတစ်ကောင်အလား ဟစ်ကြွေးလိုက်၏။

ဘုန်း...

လုယွီရှိနေသောအိမ်တော်သည် တန်ပြန်မှုအားကြောင့် ရုတ်တရက်ပြိုလဲပျက်စီးသွားတော့သည်။

"ငါက အမတ်ကြီးချွယ်ရဲ့စွမ်းအား ၂၀ရာခိုင်နှုန်းကိုပဲ စုပ်ယူနိုင်သေးတာတောင်...ငါ့ရဲ့ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်အင်အားက အရင်ထက်နှစ်ဆနီးပါး အားကောင်းသွားပြီ"

လုယွီက စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်ပြီးနောက် သူ၏မျက်လုံးအတွင်း၌ စူးရှရှအလင်းရောင်များ ဖြတ်ပြေးသွားသည်။

သူရရှိခဲ့သောအမွေအနှစ်တွင် 'ကောင်းကင် မြေကြီး ရွှမ်(လျှို့ဝှက်ဆန်းကြယ်မှု) အဝါရောင်'ဟူသော စကားလုံးလေးလုံးပါဝင်သည်။

ဤတစ်ကြိမ်၌ လုယွီသည် 'အဝါရောင်'စာလုံးတစ်လုံးမှ စွမ်းအားများကိုသာ စုပ်ယူခဲ့ပြီး သူ၏ခန္ဓာကိုယ်အား အသစ်တဖန် ပြန်လည်တည်ဆောက်နိုင်ခဲ့သည်။

ဆူညံသံကိုကြားသည်နှင့် မူလက အိမ်တော်၏အဝေးသို့ထွက်သွားကြသော အမျိုးသမီးအစေခံများအားလုံး တုန်လှုပ်ချောက်ချားစွာဖြင့် အပြေးပြန်လာကြသည်။

"အရှင်သခင်...အဆင်ပြေရဲ့လား"

အမျိုးသမီးအစေခံများက စိုးရိမ်ပူပန်တကြီး မေးမြန်းလေသည်။

လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြလိုက်၏။

"ဒါက အဆင်ပြေပါတယ်...ငါ ကျင့်ကြံဆင့်ချိုးဖျက်နေတုန်း ဖြစ်သွားတာပါ"

ယေဘုယျအားဖြင့် အဆင့်မြင့်ကျင့်ကြံသူများ ကျင့်ကြံဆင့်ချိုးဖျက်ပါက သူတို့၏ခန္ဓာကိုယ်မှနေ၍ တုန်လှုပ်ချောက်ချားဖွယ်စွမ်းအား ထွက်ပေါ်လာသည်။တချို့ကျင့်ကြံသူများဆိုလျှင် အဆင့်ချိုးဖျက်ပါက ကောင်းကင်နှင့်မြေကြီး၏ သဘာဝလွန်ပုံရိပ်များကိုပင် ဖြစ်ပေါ်စေသည်။

အမျိုးသမီးအစေခံများသည် မည်သည့်လွဲချော်မှုမျိုးကိုမှ မခံစားရသဖြင့် သူတို့က တိတ်ဆိတ်ငြိမ်သက်စွာ အပျက်အစီးများကို ဖယ်ရှားရှင်းလင်းလိုက်ကြသည်။

လုယွီက ရုတ်တရက် မေးမြန်းလိုက်သည်။

"ဂိုဏ်းချုပ် ဘယ်နေရာမှာရှိလဲ"

ယခုလက်ရှိချိန်၌ သူ အမွေအနှစ်ကို ဆက်ခံပြီးဖြစ်သဖြင့် ဤနေရာမှထွက်ခွါသွားရန် အချိန်ကျရောက်နေလေပြီ။

အမျိုးသမီးအစေခံများသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး သူတို့၏မျက်နှာများပေါ်၌ ဝေခွဲရခက်သော အရိပ်အယောင်များ ထင်ဟပ်နေသည်။

"ဒီနေ့ ဂိုဏ်းရဲ့ပြင်ပကို အင်အားကြီးတဲ့လူတစ်စု ရောက်လာတယ်...ဂိုဏ်းချုပ်နဲ့အကြီးအကဲတွေက ဂိုဏ်းရဲ့အဝင်တံခါးဆီကို ထွက်သွားကြတယ်"

အမျိုးသမီးအစေခံတစ်ယောက်က စိုးရိမ်ပူပန်တကြီးပြောဆိုသည်။

Chapter 1389 : လုရှား ထပ်မံရောက်ရှိလာခြင်း

အုတ်ဂူဟောင်းဂိုဏ်း...တံခါးမကြီး၏ပြင်ပ၌...

ဤအချိန်အခိုက်အတန့်တွင် တံခါးအားတင်းတင်းကြပ်ကြပ်ပိတ်ထားသော အုတ်ဂူဟောင်းဂိုဏ်း၏ရှေ့၌ ကျင့်ကြံသူအမြောက်အများ မတ်တတ်ရပ်နေသည်။

ထိုကျင့်ကြံသူများအကြားတွင် ခန့်ညားထည်ဝါသော ထိုင်ခုံတစ်လုံးရှိနေသည်။လုရှားသည် ထိုထိုင်ခုံပေါ်၌ထိုင်နေပြီး သူမ၏မျက်လုံးများက အေးစက်တင်းမာနေကာ အုတ်ဂူဟောင်းဂိုဏ်း၏အဝင်တံခါးကို စူးစိုက်ကြည့်နေသည်။

"လုပ်လိုက်တော့"

လုရှားက အမိန့်ပေးလိုက်၏။

သူမ၏နောက်ရှိ ကျင့်ကြံသူအုပ်စု စတင်၍လှုပ်ရှားကြရာ ကောင်းကင်ယံတခွင်လုံး မှော်မန္တန်များ လွှမ်းခြုံသွားသည်။

ကျယ်လောင်သောဆူညံသံနှင့်အတူ မူလကပိတ်ထားသော ရွှေရောင်တံခါးကြီး ချက်ချင်းပင် ပွင့်ထွက်သွားပေ၏။

"လုရှား...ငါတို့အုတ်ဂူဟောင်းဂိုဏ်းက မင်းတို့လုမိသားစုကို တကယ်ကြီးကြောက်ရွံနေတယ်လို့ မင်း ထင်နေတာလား"

မိုဒေါင်ချင်က ဒေါသတကြီး အော်ဟစ်ပြီး တရကြမ်းပြေးထွက်လာသည်။

ဂိုဏ်း၏တံခါးမကြီးအား ရိုက်ချိုးခံရသည့်အတွက် ဤသည်က ရိုးရှင်းသောပြဿနာတစ်ရပ်မဟုတ်တော့ချေ။

အကယ်၍ သူ ရင်ဆိုင်ရမည်က လုမိသားစုဖြစ်နေလျှင်ပင် မိုဒေါင်ချင် ထပ်မံ၍ သည်းမခံနိုင်တော့ချေ။

"ဂိုဏ်းချုပ်မို...မခုခံပါနဲ့...မင်းသေရမှာကို လိမ်လိမ်မာမာလက်ခံစမ်းပါ"

မှုန်တေတေအသံတစ်သံက ရုတ်တရက် မိုဒေါင်ချင်၏နားအတွင်းသို့ ဝင်ရောက်လာသည်။

ဝှစ်...ဝှစ်...

အနက်ရောင်အရိပ်နှစ်ရိပ်က ရုတ်တရက် မိုဒေါင်ချင်၏နံဘေးသို့ ချဥ်းကပ်လာပေ၏။

မိုဒေါင်ချင်သည် အလွန်ထိတ်လန့်သွားပြီး ခုခံလိုက်သော်လည်း ထိုလူနှစ်ယောက်သည် အလွန်အားကောင်းသဖြင့် သူ၏ခုခံမှုအားလုံးကို တမဟုတ်ချင်း ဖျက်ဆီးပစ်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ပြင်းထန်သောအားလှိုင်းနှစ်ရပ်က မိုဒေါင်ချင်၏ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည်။မိုဒေါင်ချင်သည် သွေးတစ်လုတ်အန်ထုတ်လိုက်ရပြီး မြေပြင်ပေါ်သို့ လွင့်စင်သွားပေ၏။

အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော လူနှစ်ယောက်သည် မိုဒေါင်ချင်၏အနားသို့ရောက်ရှိလာပြီး သူတို့၏ခြေထောက်များဖြင့် သူ၏ခန္ဓာကိုယ်ပေါ်သို့ ဖိနင်းလိုက်သည်။

"သူတို့က အရှေ့တောင်တန်းဂိုဏ်းရဲ့ ယင်ယန်အမွှာညီအကိုတွေပါလား"

"သူတို့နှစ်ယောက်လုံးက စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူတွေ....ဂိုဏ်းချုပ်မို သူတို့ရဲ့လက်ဝါးရိုက်ချက်တစ်ချက်တည်းနဲ့ ဒဏ်ရာရသွားတာ အံ့အားသင့်စရာမရှိတော့ဘူး"

အုတ်ဂူဟောင်းဂိုဏ်းမှအကြီးအကဲများ၏ မျက်နှာများပေါ်တွင် ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်နေပေ၏။

"ငါတို့အုတ်ဂူဟောင်းဂိုဏ်းနဲ့ မင်းတို့အရှေ့တောင်တန်းဂိုဏ်းက အမြဲတမ်း ကိုယ့်စည်းနဲ့ကိုယ် နေကြတာ...ယုတ်မာတဲ့သူကို မင်းတို့က ကူညီကြတော့မှာလား"

အကြီးအကဲတစ်ယောက်က ပုတ်ခတ်ပြောဆိုလေသည်။

ယင်ယန်အမွှာနှစ်ယောက်အနက်မှတစ်ယောက်က ခနဲ့တဲ့တဲ့ တုံ့ပြန်ပြောဆိုသည်။

"တကယ်လို့ မင်းတို့က ငါတို့ကို လုမိသားစုပေးတာထက် ပိုပေးမယ်ဆိုရင်...ငါတို့က မင်းတို့ကို အလွတ်ပေးမယ်လေ"

သူတို့နှစ်ယောက်အား လုရှားမှ ငှါးရမ်းလာခြင်းဖြစ်ပေ၏။

လုရှားက အေးစက်စက် နှာမှုတ်လိုက်သည်။

"မြောက်ပိုင်းနယ်မြေတစ်ခုလုံးမှာ လုမိသားစုပေးတာထက်ပိုပြီး ရှင်တို့ကို ဘယ်သူမှပေးနိုင်မှာမဟုတ်ဘူး...အခုချက်ချင်း အုတ်ဂူဟောင်းဂိုဏ်းကို ဖျက်ဆီးပစ်လိုက်တော့...ဒီနေ့ကနေစပြီး မြောက်ပိုင်းနယ်မြေအတွင်းမှာ အုတ်ဂူဟောင်းဂိုဏ်းဆိုတဲ့နာမည်ကို မကြားချင်ဘူး"

ဘာ...

မိုဒေါင်ချင်၏နှုတ်ခမ်းထောင့်မှ သွေးများယိုစီးကျနေပြီး သူက ဒေါသတကြီး အော်ဟစ်လေသည်။

"နန်ကုန်းရွှမ် သေဆုံးရတာနဲ့ပဲ...မင်းက ငါတို့အုတ်ဂူဟောင်းဂိုဏ်းတစ်ဂိုဏ်းလုံးကို ဖျက်ဆီးချင်တာလား"

ဤသည်က အလွန်အဓိပ္ပါယ်မရှိသောကိစ္စ ဖြစ်သည်။နန်ကုန်းရွှမ် သေဆုံးခဲ့ရခြင်းသည် သူ့ကိုယ်သူသာ အပြစ်တင်ရမည်ဖြစ်ပြီး ယန်ချန်းနှင့် မည်သို့မျှသက်ဆိုင်ခြင်းမရှိချေ။

သို့ရာတွင် လုရှားက အုတ်ဂူဟောင်းဂိုဏ်းတစ်ဂိုဏ်းလုံးအား အမြစ်ပြတ်သုတ်သင်လိုသည်။

"ဘာလို့ ငါက နင်တို့ကို အပြစ်မတင်ရမှာလဲ"

လုရှား၏မျက်နှာသည် ဒေါသကြောင့် အလွန်ရှုံတွနေသည်။

"ငါ့ရဲ့ခင်ပွန်းလောင်းက ဘယ်လောက်တောင် မြင့်မြတ်လိုက်လဲ...ဘာလို့ နင်တို့တွေကျ သေမသွားရတာလဲ...နင်တို့က ငါ့ရဲ့ခင်ပွန်းလောင်းကို အန္တရာယ်များတဲ့နေရာဆီ ဝင်သွားစေတဲ့ ခွေးသူတောင်းစားတစ်သိုက်ပဲ...နင်တို့ဘေးကရပ်ကြည့်နေတာမို့ အရာအားလုံး နင်တို့ရဲ့အပြစ်ပဲ...ဘာလို့ ယန်ချန်းဆိုတဲ့ကောင်ကျ မသေရတာလဲ...ဘယ်လိုပဲဖြစ်ဖြစ် ငါ နင်တို့ကို အပြစ်ပေးရမယ်"

"ဟား ဟား ဟား ဟား"

မိုဒေါင်ချင်ထံမှ ကြေကွဲဝမ်းနည်းမှုစွက်ဖက်နေသော ရယ်သံကြီးပွင့်အံထွက်လာပြီး သူ၏မျက်လုံးအတွင်း၌ ဆုံးဖြတ်ချက်အခိုင်အမာချလိုက်သော အရိပ်အယောင်များ ထင်ဟပ်လာသည်။

"သတ်လေ...တကယ်လို့ မင်း ငါ့ကိုသတ်ချင်တယ်ဆိုရင်လည်းသတ်ပေါ့...ဘာလို့ လူကြားကောင်းအောင် အကြောင်းပြချက်ရှာနေတာလဲ...ငါက အုတ်ဂူဟောင်းဂိုဏ်းမှာ မွေးဖွားခဲ့တာ...ငါသေသွားရင်တောင် ဂိုဏ်းရဲ့သရဲတစ္ဆေဖြစ်နေမှာပဲ...ဘာမှအပိုတွေ ထပ်ပြောနေစရာမလိုတော့ဘူး"

ယင်ယန်အမွှာနှစ်ယောက်သည် ကောက်ကျစ်ရက်စက်သောအပြုံးမျိုးဖြင့် တုံ့ပြန်ပြောဆိုလေ၏။

"မင်းက သေချင်နေမှတော့...ငါတို့ကို အပြစ်မတင်နဲ့"

"ရပ်လိုက်စမ်း"

ထိုအချိန်မှာပင် ဓားပျံတစ်ချောင်းက ယင်ယန်အမွှာထံသို့ တန်းတန်းမတ်မတ်ဝင်လာသည်။

ယင်ယန်အမွှာနှစ်ယောက်အနက်မှတစ်ယောက်က အေးစက်စက်နှာမှုတ်ပြီး သူတို့ထံတိုးဝင်လာသောဓားပျံကို သူ၏လက်ဖြင့် ရိုက်ချလိုက်သည်။

အုတ်ဂူဟောင်းဂိုဏ်း၏တံခါးမကြီးမှနေ၍ ယန်ချန်းသည် ဓားပျံတစ်ချောင်းကိုစီးနင်း၍ အလွန်လျှင်မြန်သောအရှိန်ဖြင့် ဤနေရာသို့ အရောက်လာနေသည်။

"ငါက မင်းတို့ရှာနေတဲ့လူပဲ...ငါ့ကို သတ်မလား ခုတ်ပိုင်းပစ်မလားဆိုတာ မင်းတို့ကြိုက်သလိုလုပ်နိုင်တယ်...ငါ့ရဲ့ဂိုဏ်းနဲ့ ဘာမှမဆိုင်ဘူး"

ယန်ချန်းက အော်ဟစ်ပြောဆိုသည်။

Chapter 1390 : ရှက်ရွံမှုမှသည် ဒေါသဆီသို့

ယန်ချန်းအား ထပ်မံတွေ့ရချိန်တွင် လုရှား၏မျက်နှာ ပို၍ကြောက်မက်ဖွယ်ကောင်းလာသည်။

"ခွေးသူတောင်းစားလေး...နင်က အချိန်မီထွက်လာတာပါလား"

လုရှားက ယန်ချန်းအားကြည့်ပြီး လှောင်ပြောင်သရော်လိုက်သည်။

"နင်က နောက်မှာပဲပုန်းနေပြီး ထွက်မလာတော့ဘူးလို့ ငါ ထင်နေတာ"

ယန်ချန်းက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"မင်းရှာနေတာ ငါပဲလေ...တခြားသူတွေနဲ့ဘာဆိုင်လို့လဲ...နန်ကုန်းရွှမ်က သူ့သေလမ်းကို သူဟာသူရှာသွားတာ...မင်းက မြွေနတ်ဆိုးကို သွားမသတ်ဘဲ ငါ့ကိုလာပြီး အပြစ်ရှာနေတယ်....ဖြစ်နိုင်တာတော့ လုမိသားစုက အင်အားကောင်းနေတာနဲ့ပဲ အမှားအမှန်ကိုမခွဲခြားနိုင်တော့ဘူးပဲ"

ယန်ချန်း၏စကားများကြောင့် လုရှားသည် ရှက်စိတ်မွှန်ပြီး ဒေါသတကြီးဖြစ်သွားသည်။သူမတွင် နန်ကုန်းရွှမ်နှင့်ပတ်သက်၍ နက်ရှိုင်းသောခံစားချက်မရှိချေ။သူမတို့နှစ်ယောက်သည် တစ်ကြိမ်တစ်ခါသာ တွေ့ဖူးပေ၏။နန်ကုန်းရွှမ်သည် သူမအား လက်ထပ်လိုသောအကြောင်းအရင်းမှာ လုမိသားစု၏အင်အားကို သူ၏နောက်ခံအဖြစ်ရယူလိုခြင်းကြောင့်ဖြစ်သည်။

နန်ကုန်းရွှမ်သေဆုံးသွားသဖြင့် သူမသည် တခြားခင်ပွန်းတစ်ယောက် ထပ်၍ရှာနိုင်သည်။သို့ရာတွင် တခြားသူများက သူမအား ပြက်ရယ်ပြုလှောင်ပြောင်နေခြင်းကို သူမ သည်းမခံနိုင်ချေ။

နာမည်ကျော်ကြားသောမိသားစုများ၌ မွေးဖွားလာခဲ့သည့် သူမလိုမိန်းကလေးတစ်ယောက်၏ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ အလွန်ကျဥ်းမြောင်းပေ၏။

သူမ၏ပတ်ဝန်းကျင်ရှိ မိန်းကလေးများသည် သူမ၏ပုံပန်းသွင်ပြင်အား အစဥ်အမြဲကဲ့ရဲ့လေ့ရှိသည်။ဤတစ်ကြိမ်တွင် လုရှား၏ခင်ပွန်းလောင်း သေဆုံးသွားသည်ဟု သူမတို့ကြားသိချိန်တွင် နောက်ကွယ်၌ အတင်းအဖျင်းများပြောကာ လှောင်ပြောင်ရယ်မောနေကြသည်။

လုရှားသည် သူမ၏နောက်ကွယ်၌ ထိုအမျိုးသမီးများ အတင်းပြောနေသည်ကို သူမ၏အစေခံများမှတဆင့် တစ်ကြိမ်ထက်မက ပြန်လည်ကြားသိခဲ့ရသည်။သူမ၏ခင်ပွန်းလောင်းအတွက် လက်စားချေရန် အုတ်ဂူဟောင်းဂိုဏ်းသို့ သွားရောက်ခဲ့သော်လည်း ထိတ်လန့်တကြား နောက်ပြန်ဆုတ်လာခဲ့ရ၏။

သြဇာအာဏာကြီးမားသော လုမိသားစုမှလူများသည် လူမသိသူမသိဂိုဏ်းငယ်တစ်ခုမှ ဂိုဏ်းချုပ်တစ်ယောက်၏ မောင်းထုတ်ခြင်းခံခဲ့ရသည်။

ဤတစ်ကြိမ်တွင် ထိုအဖြစ်အပျက်သည် မြောက်ပိုင်းနယ်မြေတခွင်လုံး၌ ဟာသပြက်လုံးတစ်ခု ဖြစ်သွားခဲ့သည်။

"ခွေးကောင်စုတ်လေး...နင်က အရမ်းဖြောင့်မတ်မှန်ကန်တဲ့သူပေါ့လေ"

လုရှား၏မျက်လုံးအတွင်း၌ နာကျည်းမုန်းတီးမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

အကယ်၍ယန်ချန်းသာ နန်ကုန်းရွှမ်ကို မြွေနတ်ဆိုးအသိုက်အတွင်းသို့ ခေါ်ဆောင်မသွားပါက သူမ၏ခင်ပွန်းလောင်းသေဆုံးရမည်မဟုတ်ချေ။

အကယ်၍ နန်ကုန်းရွှမ်သာ သေဆုံးခဲ့ခြင်းမရှိပါက ထိုလူများက သူမအား လှောင်ပြောင်သရော်နေမည်မဟုတ်ပေ။

ထို့ကြောင့် အရာအားလုံး ယန်ချန်းကိုသာ အပြစ်တင်ရပေမည်။

"ဟမ့်...လူကိုခေါ်လာခဲ့စမ်း"

လုရှားက လက်ခုပ်တစ်ချက်တီး၍ ပြောဆိုသည်။

မကြာမီမှာပင် ကျင့်ကြံသူတချို့သည် ခန္ဓာကိုယ်တစ်ခုလုံး၌ ဒဏ်ရါများပြည့်နှက်နေသော အဖိုးအိုတစ်ယောက်ကို ခေါ်ဆောင်၍ ရောက်ရှိလာသည်။

ထိုအဖိုးအိုသည် အပြင်းအထန်ဒဏ်ရါရရှိထားပြီး ရိုက်နှက်ခံထားရပုံပေါ်သည်။သူ၏ကြမ်းထော်နေသောဝတ်စုံပေါ်တွင် သွေးများက နေရာအနှံ့စွန်းထင်းနေပေ၏။အဖိုးအိုထံ၌ မည်သည့်စိတ်ဝိညာဥ်စွမ်းအင်လှုပ်ခတ်မှုမျှမရှိဘဲ သာမာန်သေမျိုးတစ်ယောက်နှင့်တူညီသည်။

"အဖိုး"

ယန်ချန်းက အဖိုးအိုကိုမြင်သည်နှင့် ထိတ်လန့်တုန်လှုပ်သွားသည်။

သူသည် အုတ်ဂူဟောင်းဂိုဏ်းအတွင်းသို့ ဝင်ရောက်စဥ်ကတည်းက ကျင့်ကြံမှုတွင်သာ အာရုံစူးစိုက်ထားသည်။သူ၏အဖိုးဖြစ်သူ ယန်ချီထံ အလည်အပတ်ပြန်ခြင်းပင် မရှိခဲ့ချေ။

သူ အချိန်အနည်းငယ်အားလပ်ပါက ရွာသို့ခဏပြန်ကြည့်ရန် ကြံရွယ်ထားခဲ့သည်။သို့ရာတွင် သူ၏အဖိုးသည် ဖမ်းဆီးခံထားရမည်ဟု သူ မျှော်လင့်မထားမိချေ။

"ခွေးကောင်စုတ်လေး...ငါ နင့်ကို အခွင့်အရေးတစ်ခုပေးမယ်...နင့်ရဲ့ဂိုဏ်းချုပ်ကို နင်သတ်ပစ်မယ်ဆိုရင် ငါ နင့်အဖိုးရဲ့အသက်ကိုမယူတော့ဘူး...ဒါမှမဟုတ် နင်ရဲ့အဖိုးကို နင်သတ်မယ်ဆိုရင် ငါ နင့်ရဲ့ဂိုဏ်းကို အလွတ်ပေးမယ်"

လုရှားက ယန်ချန်းကို ဒေါသတကြီးကြည့်ပြီး ဆက်လက်ပြောဆိုသည်။

"ငါ နင့်ကို အခွင့်အရေးမပေးဘူးလို့ မပြောနဲ့နော်...တစ်ခုရွေးလိုက်"

ယန်ချန်းက တွေးတောခြင်းပင်မပြုဘဲ ဒေါသတကြီး အော်ဟစ်လိုက်၏။

"ခွေးမ"

ထိုရွေးချယ်စရာနှစ်ခုတွင် မည်သည့်တစ်ခုကိုမျှ သူ ရွေးချယ်နိုင်ခြင်းမရှိချေ။

တစ်ဖက်မှ သူ၏ကျေးဇူးရှင်တစ်ယောက်ဖြစ်နေပြီး တခြားတစ်ဖက်သည် သူကိုမြေတောင်မြှောက်ပေးခဲ့သော သူ၏အဖိုးဖြစ်နေသည်။

အကျဥ်းအကျပ်ကြားတွင် ယန်ချန်းသည် သူ၏သွေးများ ပွက်ပွက်ဆူလာသကဲ့သို့ ခံစားရပြီး အော်ဟစ်ကြုံးဝါးလိုက်၏။

"ငါ မင်းကို သတ်မယ်"

သူက ဓားပျံကိုထိန်းချုပ်၍ လုရှားထံ ချိန်ရွယ်၍ထိုးစိုက်လိုက်သည်။

ထိုမြင်ကွင်းအားမြင်ချိန်တွင် အရှေ့တောင်တန်းဂိုဏ်းမှ ယင်ယန်အမွှာနှစ်ယောက်က လှောင်ပြောင်သရော်လိုက်၏။သူတို့နှစ်ယောက်အနက်မှတစ်ယောက်သည် သူ၏လက်ချောင်းများကို သာမာန်ကာလျှံကာလှုပ်ခတ်လိုက်ရာ ယန်ချန်း၏ဓားပျံ လွင့်ထွက်သွားသည်။

ထို့နောက် ထိုလူအိုကြီးသည် ယန်ချန်းထံသို့လျှောက်လှမ်းလာပြီး လက်သီးတစ်ချက်တည်းဖြင့် သူ့အား မြေပြင်ပေါ်သို့ လွင့်ထွက်သွားစေသည်။

"သူ့အသက်ကို ခဏထားထားလိုက်အုံး...ငါက သူ့ရဲ့အဖိုးနဲ့ဂိုဏ်းချုပ် သူ မျက်စေ့ရှေ့မှာသေသွားရတာ ငါ သူ့ကို မြင်စေချင်တယ်"

လုရှား၏မျက်နှာပေါ်တွင် ရူးသွပ်နေသောအရိပ်အယောင်များ ထင်ဟပ်နေသည်။

သူမသည် ဓားတစ်ချောင်းကိုကိုင်ပြီး ယန်ချီ၏လည်ပင်းအားပိုင်းဖြတ်ရန် ချိန်ရွယ်လိုက်၏။

သို့သော် ထိုအချိန်မှာပင် အုတ်ဂူဟောင်းဂိုဏ်း၏အနက်ရှိုင်းဆုံးနေရာထံမှ ဓားချီတစ်လှိုင်းထွက်ပေါ်လာပြီး လုရှား၏လက်ယာဘက်အနီးအနားမှ ဖြတ်သန်းသွားသည်။

All Chapters