အခန်း (၁၃၉၁-၁၃၉၅)
Vol. 73 Ch. 1391-1395
Chapter 1391:လုရှား၏လက်တစ်ဖက်အား ဖြတ်တောက်ခြင်း
ဝှစ်...
အသားအတွင်းသို့ စူးရှချွန်ထက်သောဓားချီ ဖြတ်သန်းသွားသောအသံ ထွက်ပေါ်လာပြီးနောက် လုရှား၏ဓားကိုင်ထားသောလက် မြောက်တက်သွားပြီး အဝေးသို့လွင့်ထွက်သွားသည်။
လုရှားက ရုတ်တရက် စူးရှနာကျင်စွာအော်ဟစ်ပြီး သူမ၏ညာဘက်လက်မောင်းရင်းမှနေ၍ သွေးများယိုစီးကျနေသည်။
မူလက ယန်ချန်းနှင့်မိုဒေါင်ချင်အား ထိန်းချုပ်ထားသော ယင်ယန်အမွှာနှစ်ယောက်သည် အဝေးမှအားလှိုင်းတစ်ရပ်၏ တိုက်ခိုက်ခြင်းခံရပြီး လွင့်ထွက်သွားပေ၏။
"လုမိသားစုကလူတွေက ဘယ်ချိန်ကနေစပြီး ဒီလောက်ထိ မဆင်မခြင်လုပ်တက်သွားတာလဲ"
လုယွီ၏ပုံရိပ်က လူအားလုံး၏မြင်ကွင်းရှေ့သို့ ထွက်ပေါ်လာသည်။
ယန်ချီသည် တခြားသူများ၏ထိန်းချုပ်ခံရမှုမှ လွတ်ကင်းသွားသဖြင့် ချက်ချင်းဆိုသလိုပင် လေထုအတွင်းမှပြုတ်ကျလာပေ၏။
ထိုမြင်ကွင်းအား လုယွီက မြင်တွေ့ချိန်တွင် သူ၏လက်ကို ညင်သာစွာမြှောက်တင်လိုက်ရာ အစွမ်းထက်သောမှော်စွမ်းအင်လှိုင်းတစ်လှိုင်းက ယန်ချီကိုရစ်ပတ်သွားပြီး မြေပြင်ပေါ်သို့ အသာအယာကျဆင်းစေသည်။ယန်ချန်းက အပြေးသွား၍ သူ၏အဖိုးအား မတ်တတ်ရပ်နိုင်ရန် ကူညီပေးလေသည်။
"သခင်မလေး...အဆင်ပြေရဲ့လား"
လုမိသားစု၏အစောင့်အကြပ်များသည် ချက်ချင်းပင် ပျံဝဲ၍ရောက်ရှိလာပြီး လုရှားအား ကူညီပေးကြသည်။
ဤအချိန်တွင် လုရှား၏လက်မောင်းရင်း၌ သွေးများစိုရွှဲနေပြီး သူမက နာကျင်မှုကြောင့် စူးရှရှအော်ဟစ်နေရ၏။
လုမိသားစုအစောင့်များသည် အဖိုးတန်ရှားပါးသောလိမ်းဆေးများကိုထုတ်ယူ၍ လုရှား၏ဒဏ်ရါ ပို၍ဆိုးရွားသွားခြင်းမှကာကွယ်နိုင်ရန်အတွက် ယာယီသွေးတိတ်အောင် ကူညီပေးကြသည်။
လုမိသားစုမှလိမ်းဆေးသည် အဆင့်မြင့်ဆေးဝါးဖြစ်ပြီး အဖိုးတန်ရှားပါးသောဆေးဖက်ဝင်အပင်များပါဝင်သည်။ထို့ကြောင့် အကျိုးသက်ရောက်မှုမှာ အလွန်လျှင်မြန်သည်။အချိန်တခဏအတွင်းမှာပင် လုရှား၏ဒဏ်ရာ အပြည့်အဝပြန်လည်ကောင်းမွန်သွားလေပြီ။
သို့ရာတွင် သူမ၏လက်ကိုမူ အကယ်၍ပြန်လည်တွယ်ဆက်နိုင်သည့်တိုင် ယခင်ကဲ့သို့ သွက်သွက်လက်လက်လှုပ်ရှားနိုင်မည်မဟုတ်ချေ။
"ခွေးမသားတွေ...နင်တို့ မျက်လုံးတွေ ကန်းနေကြတာလား"
လုရှား၏စိတ်နှလုံးသားအတွင်းမှနေ၍ ဒေါသများပွင့်အံထွက်လာပြီး သူမ၏ကြွင်းကျန်သောလက်တစ်ဖက်ဖြင့် အစောင့်များအား ပါးဖြတ်ရိုက်လိုက်သည်။
ထိုအစောင့်များသည် ပါးရိုက်ခံရသော်လည်း မည်သူကမျှ ဒေါသထွက်သည့်အရိပ်အယောင်အနည်းငယ်ပင် မပြဝံ့ဘဲ သူတို့၏ခေါင်းများကို အောက်ငုံကာ သည်းခံနေကြ၏။
လုမိသားစုတစ်ခုလုံးတွင် ဤသခင်မလေးလုရှား၏ဒေါသသည် အလွန်ကျော်ကြားသည်။သူတို့သည် အစေခံများသာဖြစ်၍ လုရှား၏ဒေါသကို တောင့်ခံရုံမှတပါး ပြန်လည်ချေပနိုင်ပနိုင်စွမ်းမရှိချေ။လုရှားအား တုံ့ပြန်ဝံ့သူအားလုံးသည် သူမက သူတို့အား မုန်းတီးသည်ဟုဆိုလိုက်သည်နှင့် သူတို့၏အဆုံးသတ်ကောင်းတော့မည်မဟုတ်ပေ။
ရုတ်ချည်းဆိုသလိုပင် လုရှား၏အကြည့်က လုယွီထံကျရောက်သွားပြီး ဒေါသတကြီးဖြင့် စူးရှရှအော်ဟစ်လိုက်သည်။
"နင် သေချင်နေတာလား...ငါ့ကိုတောင် တိုက်ခိုက်ဝံ့တယ်ပေါ့လေ...ငါ နင်နဲ့မိသားစုတစ်စုလုံးကို သတ်ပစ်မယ်"
ဖြောင်း...
လုယွီက အမူအယာကင်းပဲ့စွာဖြင့် ရှိနေပြီး သူက လေထုကိုဖြတ်၍ လုရှားအား ပါးပိတ်ရိုက်လိုက်၏။
လုရှား၏မျက်နှာတစ်ခြမ်းသည် ထိုရိုက်ချက်ကြောင့် ဖူးယောင်သွားသည်။သူမ၏ဆံပင်များ ဖွာလန်ကျဲသွားပြီး သူမက လုယွီအား စိန်းစိန်းဝါးဝါးကြည့်နေလေသည်။သူမက အက်ရှရှအသံဖြင့် အော်ဟစ်လိုက်သည်။
"သွား...သူ့ကိုသွားဖမ်းကြစမ်း...ငါ သူကို အသက်ရှင်ရက်လိုချင်တယ်"
သူမ၏ဝဖိုင့်သောမျက်နှာသည် ယခုလက်ရှိချိန်၌ သွေးများဖုံးလွှမ်းနေပြီး သူမသည် လုယွီအား ငရဲမှနတ်ဆိုးတစ်ကောင်ကဲ့သို့ ကြည့်နေသည်။
လုရှား၏နံဘေးမှ ကျင့်ကြံသူတစ်ယောက်က ဒေါသတကြီးပြောဆိုသည်။
"မင်း ဘယ်သူလဲ...ဒါက ငါတို့လုမိသားစုရဲ့ အကြီးဆုံးသခင်မလေးပဲ...မင်း သေချင်နေတာလား"
ရုတ်ချည်းဆိုသလိုပင် လုမိသားစုအစောင့်များသည် လုယွီအားတိုက်ခိုက်ရန် တရကြမ်းပြေးဝင်လာကြ၏။
"ထွက်သွားကြစမ်း"
ထိုလူစုကိုကြည့်ပြီး လုယွီက စကားတစ်ခွန်းသာ အော်ဟစ်လိုက်သည်။
ကျယ်လောင်သောအသံတစ်သံနှင့်အတူ လုယွီကိုဗဟိုပြု၍ ပြင်းထန်သောလေလှိုင်းတစ်ရပ် ဖွဲ့စည်းသွားပြီး အဘက်ဘက်သို့ပျံ့နှံ့သွားပေ၏။
အပြေးဝင်လာသော လုမိသားစုအစောင့်များသည် အထိန်းအကွပ်မဲ့သွားပြီး လေလှိုင်းကြောင့် သူတို့အားလုံး ကျွမ်းထိုးမှောက်ခုံဖြစ်သွားသည်။သူတို့က မြေပြင်ပေါ်သို့လွင့်ထွက်သွားပြီး လုယွီ၏အနီးသို့ပင် ချဥ်းကပ်နိုင်စွမ်းမရှိချေ။
"အမှိုက်တစ်သိုက်ပဲ...နောက်ဆုံးတော့လည်း ငါတို့ဝင်ပါရတာပဲ"
အရှေ့တောင်တန်းဂိုဏ်းမှအမွှာနှစ်ယောက်က ရှေ့သို့ပြေးဝင်လာသည်။
အစောပိုင်းက သူတို့နှစ်ယောက်သည် လွင့်ထွက်သွားခဲ့သော်လည်း သူတို့ကိုယ်သူတို့ ယုံကြည်ချက်ရှိနေဆဲပင်။
သူတို့၏ရှေ့၌ ထွက်ပေါ်လာသည်မှာ အသက်ငယ်ရွယ်သောလူငယ်တစ်ယောက်ဖြစ်သည်။သူတို့သည် ထိုလူငယ်က လှည့်ကွက်အနည်းငယ်အား အသုံးပြု၍ သူတို့အားတိုက်ခိုက်သွားသည်ဟု အခိုင်အမာယုံကြည်ထားကြ၏။
အကယ်၍သာ ထိုလူငယ်အား သူတို့က မျက်နှာချင်းဆိုင်တိုက်ခိုက်ရပါက သူတို့မရှုံးနိမ့်နိုင်မည်မှာ သေချာပေ၏။
လုယွီက ယင်ယန်အမွှာအား စောင်းငဲ့ကြည့်ပြီး မည်သည့်အပိုစကားမျှ မဆိုတော့ဘဲ လက်သီးချက်နှစ်ချက်ဖြင့် ထိုလူနှစ်ယောက်အား ထိုးနှက်လိုက်သည်။
ကျယ်လောင်သောဆူညံသံနှစ်သံနှင့်အတူ စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူနှစ်ယောက်သည် ခုခံရန်ပင် အခွင့်အရေးမရခဲ့ဘဲ ထိုအားလှိုင်းကြောင့် လွင့်ထွက်သွားရ၏။
"ငါ မင်းတို့နှစ်ယောက်ကို ထပ်မတွေ့ရစေနဲ့...ထွက်သွားကြစမ်း"
လုယွီ၏အသံက ပတ်ဝန်းကျင်နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။
Chapter 1392:သရုပ်မှန်အား ထုတ်ဖော်ပြောဆိုခြင်း
ပတ်ဝန်းကျင်တစ်ခုလုံးရှိလူများ ကြက်သေသေသွားကြသည်။
ဤအခြေအနေက မည်ကဲ့သို့ဖြစ်ပျက်သွားသနည်း။
အုတ်ဂူဟောင်းဂိုဏ်းရှိလူများပင်လျှင် လုယွီကိုကြည့်ပြီး မျက်လုံးအပြူးသားဖြစ်နေကြ၏။
"သူ ပထမဆုံးရောက်လာချိန်မှာ စိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံသူတွေကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်ရုံပဲရှိတယ်...အခုချိန်မှာ စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူတောင် သူ့ရဲ့ပြိုင်ဘက်မဟုတ်တော့ဘူး"
မိုဒေါင်ချင်၏စိတ်နှလုံးသားအတွင်း၌ မုန်တိုင်းတစ်ခုက တလိမ့်လိမ့်တိုက်ခတ်နေသည်။
တခြားသူများ မသိနိုင်သော်လည်း သူနှင့်ကျင့်ကြံဆင့်တူသောမည်သူမဆို ရှေ့သို့အဆင့်တစ်ဆင့်တက်နိုင်ရန် လွန်စွာခက်ခဲသည်ကို ကောင်းစွာသိရှိကြ၏။
ယခုချိန်၌ သူသည် စိတ်ဝိညာဥ်နယ်ပယ်အထွတ်အထိပ်၌ရှိနေသည်။ကြည့်ရသည်မှာ သူသည် စိတ်ပုံထွင်းနယ်ပယ်သို့ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုအပ်တော့ပုံရသည်။သို့ရာတွင် ထိုအကွာအဝေးကပင် သူသည် အရှေ့တောင်တန်းဂိုဏ်းမှယင်ယန်အမွှာနှစ်ယောက်၏ ပြိုင်ဘက်မဖြစ်နိုင်ဟု ဆုံးဖြတ်ပေးခဲ့သည်။
ထို့ပြင် လုယွီသည် အရှေ့တောင်တန်းဂိုဏ်းမှယင်ယန်အမွှာအား လွယ်လင့်တကူ အနိုင်ယူခဲ့ပြီး အစွမ်းကုန်ထုတ်သုံးခဲ့ပုံမရချေ။
တခြားတစ်ဖက်မှ လုမိသားစုအစောင့်များ၏မျက်နှာအမူအယာများ ပျက်ယွင်းနေသည်။သူတို့အားလုံး သံပြားကြီးအား ဆောင့်ကန်မိလေပြီ။ထိုအတွေးသည် လူများအားလုံး၏စိတ်အတွင်းသို့ ဝင်ရောက်လာပေ၏။
တချို့ရက်များတွင် လုရှားသည် ဆိုးဆိုးရွားရွားပြုမူလေ့ရှိသော်လည်း လုမိသားစုနောက်ခံရှိနေသဖြင့် သူတို့အားလုံး ပြဿနာကြီးကြီးမားမား ဖြေရှင်းရခြင်းမရှိချေ။
သို့ရာတွင် ထိပ်သီးကျင့်ကြံသူများကသာ လုရှားအားသတ်လိုပါက သူတို့လည်း ဟန့်တားနိုင်မည်မဟုတ်ချေ။
အကယ်၍ လုရှားသာ ဤနေရာ၌မတော်တဆတစ်ခုခုဖြစ်သွားပါက သူတို့အားလုံး အသက်ရှင်နိုင်မည်မဟုတ်ပေ။
သို့ရာတွင် လုရှားကမူ ခေါင်းမာမာဖြင့် ဆက်လက်ပြောဆိုသည်။
"တကယ်လို့ နင်က အားကောင်းနေရင်တောင် နင် ဘာလုပ်နိုင်မှာမလို့လဲ...နင် ငါ့ကို ထိရဲလို့လား...ငါ့အဖေ ဘယ်သူလဲဆိုတာ နင်သိလား...နင်က ငါ့လက်ကိုဖြတ်ပစ်တဲ့အတွက် နင်နဲ့ငါတို့လုမိသားစုကြားမှာ ရန်ငြှိုးတစ်ခုရှိသွားပြီလို့ဆိုနိုင်တယ်...နင် လောကကြီးရဲ့အဆုံးထိ ထွက်ပြေးရင်တောင် လွတ်မြောက်မှာမဟုတ်ဘူး...ငါတို့လုမိသားစုက နင့်ကိုဖမ်းမိတာနဲ့ နင်ရော နင်မိသားစုတစ်စုလုံးကိုပါ သတ်ပစ်မယ်"
ဖြောင်း...
လုရှား၏ပါးပေါ်သို့ နောက်ထပ်ရိုက်ချက်တစ်ချက် ကျဆင်းလာသည်။ဤတစ်ကြိမ် လုယွီ၏ရိုက်ချက်သည် အလွန်အမင်းပြင်းထန်သဖြင့် လုရှား၏ပါးစပ်မှ သွေးများပန်းထွက်လာပြီး သွားတချို့လွင့်စင်သွားသည်။
"တိရစ္ဆာန်လေး...."
ဖြောင်း"
"ငါ...."
ဖြောင်း...
လုရှား တစ်ခွန်းဆဲဆိုလိုက်သည့်အကြိမ်တိုင်း လုယွီက နောက်မတွန့်ဘဲ သူမအား ပါးဖြတ်ရိုက်သည်။
အချိန်တခဏကြာပြီးနောက် လုရှား၏မျက်နှာသည် ပုံပျက်လုနီးပါးဖြစ်လာပြီး သူမ၏မျက်နှာဖူးယောင်နေမှုကြောင့် စကားတစ်ခွန်းမျှမဆိုနိုင်တော့ချေ။
လုရှား၏နံဘေးမှအစောင့်များသည် လုယွီ၏အပြုအမူကို တိတ်တဆိတ်ချီးကျူးနေကြပြီး သူတို့၏စိတ်နှလုံးသားအတွင်းမှနေ၍ သူ့အား လေးစားကြည်ညိုနေကြ၏။
စိတ်ပျက်ဖွယ်ကောင်းသောသခင်မလေး၏ နောက်သို့လိုက်နေရသဖြင့် သူတို့အားလုံး ဆင်းရဲဒုက္ခများစွာ ခံစားခဲ့ရပြီးလေပြီ။
နောက်ဆုံး၌ လုရှားအားရိုက်နှက်မှုပြီးဆုံးသွားသည်ကိုကြည့်ပြီး လူတိုင်း စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်ကာ ပတ်ဝန်းကျင်နေရာတစ်ခုလုံး ပို၍တိတ်ဆိတ်ငြိမ်သက်သွားသည်။
လုယွီသည် လုရှားတို့လူစုအား တစ်ချက်ကြည့်ပြီး တံဆိပ်ပြားတစ်ခုကိုပစ်ပေးကာ ပြောဆိုလိုက်သည်။
"မင်းတို့ပြန်သွားပြီး မင်းတို့ကိုရိုက်နှက်လိုက်တာ ငါဆိုတာ လုကျန်းဟိုင်ကိုပြောလိုက်...စကားမစပ် သူရဲ့သားသမီးတွေကို သူဘယ်လိုအုပ်ထိန်းနေတာလဲဆိုတာ ငါမေးတယ်လို့ပြောလိုက်...တကယ်လို့ သူ မထိန်းချုပ်နိုင်ဘူးဆိုရင် လုမိသားစုအရှက်မရအောင် သူသားသမီးတွေကို အပြင်မထွက်ခိုင်းနဲ့"
"ဘယ်သူပါလိမ့်...စကားကကြီးကျယ်လိုက်တာ"
လုမိသားစုမှအစောင့်တစ်ယောက်သည် တံဆိပ်ပြားကိုယူ၍ ကြည့်လိုက်ကြ၏။တံဆိပ်ပြားပေါ်၌ ရေးထွင်းထားသော စာလုံးများကိုမြင်တွေ့ချိန်တွင် ထိုအစောင့်ထိတ်လန့်တုန်လှုပ်သွားသည်။
ပတ်ဝန်းကျင်ရှိအစောင့်များသည်လည်း ထိုတံဆိပ်ပြားအား ရှင်းရှင်းလင်းလင်းမြင်တွေ့ချိန်တွင် သူတို့၏စိတ်အတွင်းမှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ရုတ်ချည်းပင် လွင့်ပြယ်သွားတော့သည်။
"ဒီနိမ့်ကျတဲ့သူတွေက ထိုက်တောင်ကြီးကို မမှတ်မိခဲ့ဘူး...သခင်လေးကို ပြစ်မှားခဲ့မိပါတယ်....ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှက်ပေးပါ"
အစောင့်တစ်ယောက်သည် တံဆိပ်ပြားအား လုယွီထံ ပြန်လည်ပေးအပ်လိုက်၏။
"သခင်လေးကို ဂါရဝပြုပါတယ်"
လုမိသားစုအစောင့်များအားလုံး ဒူးထောက်၍ အရိုအသေပြုလိုက်ကြသည်။
ဘယ်လို...
မိုဒေါင်ချင်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး သူက တီးတိုးရေရွတ်လိုက်၏။
"သူက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုခွန်အားမျိုးရှိနေတာ အံ့အားသင့်စရာမရှိတော့ဘူး...တကယ်တော့ သူက လုမိသားစုရဲ့ခေါင်းဆောင်ငယ်လေး ဖြစ်နေတာကိုး"
မလှမ်းမကမ်းအကွာအဝေးမှကြည့်နေသော လေလွင့်ကျင့်ကြံသူပင်လျှင် တအံ့တသြအော်ဟစ်လိုက်မိသည်။
ဤသည်က ကောလဟာလများထွက်နေသည့် လုမိသားစုသခင်လေးဖြစ်နေသလော။
လုမိသားစုသခင်လေးသည် မိသားစုအကျပ်အတည်းတွေ့နေချိန်တွင် ပေါ်ထွက်လာပြီး ပုန်ကန်သူများအားလုံးကိုနှိမ်နင်းကာ လုမိသားစုအား မြောက်ပိုင်းနယ်မြေတစ်ခုလုံး၏ခေါင်းဆောင်ဖြစ်စေခဲ့သည်။
"ငါက လုမိသားစုရဲ့သခင်လေးနဲ့ ပေါ့ပေါ့ပါးပါး စကားပြောဆိုနေခဲ့မိတာပဲ"
လေလွင့်ကျင့်ကြံသူသည် သူကိုယ်သူအလွန်ဒေါသထွက်ပြီး မြေပြင်ပေါ်သို့ခြေဆောင့်နင်းနေသည်။
"ငါက သူနဲ့ရင်းနှီးအောင် ကြိုးစားခဲ့ရမှာ...ဒါက ငါ့အတွက် အမြင့်ကိုတက်လှမ်းနိုင်မယ့် အခွင့်အရေးပဲ"
Chapter 1393:အုတ်ဂူဟောင်းဂိုဏ်းမှ ထွက်ခွါခြင်း
လုယွီ၏အဆင့်အတန်းအမှန် ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
လုရှားသည် နောက်သို့အဆက်မပြတ် ခြေလှမ်းများစွာဆုတ်နေပြီး သူမ၏မျက်လုံးအတွင်းတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
သူမ၏ဖခင် နောက်ခံရှိနေသဖြင့် သူမ၏တစ်ဘဝလုံး မောက်မာစွာနေထိုင်ခဲ့သည်။သူမအား ရန်စစော်ကားဝံ့သည့်မည်သူမဆို သူမ၏သတ်ဖြတ်ခြင်းခံရပေ၏။
လုရှားသည် မဆင်မခြင်ရိုင်းပျစွာ ပြုမူခဲ့သော်လည်း မြောက်ပိုင်းနယ်မြေတခွင်လုံးတွင် မည်သူကမျှ သူမအား ဆုံးမပဲ့ပြင်ခြင်းမပြုဝံ့ကြချေ။
အကြောင်းအရင်းမှာ သူမ၏ဖခင်သည် လုမိသားစု၏တတိယမိသားစုခွဲခေါင်းဆောင် ဖြစ်နေခြင်းကြောင့်ပင်။
ထို့ပြင် ပုန်ကန်သူများအားလုံးကို နှိမ်နင်းပြီးနောက် ဘိုးဘေးအား သစ္စာစောင့်သိခဲ့သည့် တတိယမိသားစုခွဲသည် အလျှင်အမြန် တိုးတက်လာသည်။ပင်မလုမိသားစုပြီးလျှင် တတိယလုမိသားစုခွဲသည် အင်အားအကောင်းဆုံးဖြစ်ပေ၏။
သို့ရာတွင် ထိုအင်အားကို မည်သူမှပေးထားသည်ကို လူရှား အလွန်ရှင်းလင်းစွာ နားလည်သဘောပေါက်ထားသည်။
တစ်နည်းဆိုရလျှင် အကယ်၍လုယွီသာမရှိပါက သူတို့၏တတိယမိသားစုခွဲ အမြစ်ပြတ်သုတ်သင်ခံရသည်မှာ အချိန်အတော်ကြာမြင့်နေလောက်လေပြီ။ထို့ပြင် လုရှားသည် သူမ၏နောက်ခံအင်အားဆုံးရှုံးသွားသည်နှင့် သူမ၏ရန်သူဟောင်းများ ရောက်လာမည်ဖြစ်ရာ သူမအတွက်အဆုံးသတ်ကောင်းမည်မဟုတ်ချေ။
လုရှားက မြေပြင်ပေါ်၌ ဒူးထောက်လိုက်သည်။သူမ၏မျက်နှာဖူးယောင်နေသဖြင့် စကားပြောဆိုနိုင်ခြင်းမရှိပေ။သို့ရာတွင် သူမ၏တုန်ရီနေသောခန္ဓာကိုယ်မှနေ၍ သူမ၏အကြောက်တရားများကို ဖော်ပြနေပေ၏။
သူမသည် လုယွီနှင့် တွေ့ဆုံရလိမ့်မည်ဟု မည်သည့်အချိန်ကမျှ မတွေးတောခဲ့ဖူးချေ။
လုယွီက သူမကို တစ်ချက်ကြည့်ပြီး ခက်ထန်တင်းမာသောလေသံဖြင့် ပြောဆိုသည်။
"တကယ်လို့ ငါသာရောက်မလာဘူးဆိုရင် မင်းက ယန်ချန်းကိုဖမ်းဆီးနှိပ်စက်ပြီး...အုတ်ဂူဟောင်းဂိုဏ်းတစ်ဂိုဏ်းလုံးကို အမြစ်ပြတ်သုတ်သင်ပစ်မှာမလား"
"မင်းရဲ့ခင်ပွန်းလောင်း နန်ကုန်းရွှမ်က မြွေနတ်ဆိုးအသိုက်ထဲကို သူသဘောနဲ့သူ ဝင်သွားခဲ့တာ...သူက ကျင့်ကြံသူတစ်ယောက်ဖြစ်နေမှတော့ အတွင်းမှာအန္တရာယ်ရှိတယ်ဆိုတာ သူ သိသင့်တယ်...ယန်ချန်းက သူကိုသတိပေးပြီးပြီ...ဒါပေမယ့် သူက ခေါင်းမာမာနဲ့ရှေ့ဆက်တိုးလို့ မြွေနတ်ဆိုးရဲ့ဗိုက်ထဲမှာ အဆုံးသတ်ရတာပဲ...သူ့ရဲ့သေဆုံးမှုက ယန်ချန်းနဲ့ ဘယ်လိုသက်ဆိုင်သွားရတာလဲ"
လုယွီက သူမထံသို့ လျှောက်လှမ်းသွားသည်။လုယွီ ခြေလှမ်းတစ်လှမ်းလှမ်းတိုင်း လုရှား၏ခန္ဓာကိုယ် အနည်းငယ်တုန်ခါသွားပေ၏။
"အုတ်ဂူဟောင်းဂိုဏ်းရဲ့ဆုံးရှုံးနစ်နာမှုအတွက် မင်း လျော်ကြေးငွေအပြည့်အဝပေးရမယ်...ပြီးတာနဲ့ အိမ်ပြန်ပြီး မင်းအပြစ်တွေကို ပြန်ပြီးဆင်ခြင်နေတော့...မြောက်ပိုင်းနယ်မြေမှာ မင်း မဆင်မခြင်အလုပ်တွေ ထပ်လုပ်နေတယ်ဆိုတဲ့သတင်းကို ငါ ထပ်မကြားချင်ဘူး"
လုယွီက အေးစက်တင်းမာစွာ ပြောဆိုသည်။
လုရှားက လုယွီအား အဆင်မပြတ်အရိုအသေပြုနေသည်။လုယွီ သူမအား မသတ်ခြင်းကပင် အကြီးမားဆုံးဆုလာဘ်ဖြစ်နေလေပြီ။
သူမက မိုဒေါင်ချင်နှင့်ယန်ချန်းရှေ့သို့ အပြေးသွားကာ သူမ၏သိုလှောင်အိတ်အား လေးလေးစားစား ပေးလိုက်၏။လုကျန်းဟိုင်၏တစ်ဦးတည်းသောသမီးဖြစ်သဖြင့် သူမ၌ ရတနာအမြောက်အများရှိသည်။ထိုရတနာများအား မိုဒေါင်ချင်ထံ ပေးအပ်လိုက်သဖြင့် အုတ်ဂူဟောင်းဂိုဏ်းအား ပို၍မြင့်မားသောအဆင့်တစ်ခုသို့ရောက်ရှိရန် ကူညီနိုင်ပေလိမ့်မည်။
ထို့နောက် လုရှားက သူမ၏လူများကို ခေါ်ဆောင်၍ စိတ်ရှုပ်ထွေးသောအမူအယာဖြင့် ထွက်ခွါသွားတော့သည်။ဤတစ်ချိန်တွင် သူမ မျက်နှာအကြီးအကျယ်ပျက်ခဲ့ရ၏။သူမ ပြန်ရောက်သည့်အချိန်၌ သူမသည် မြောက်ပိုင်းနယ်မြေတခွင်လုံး၌ အရယ်ရဆုံးပြက်လုံးတစ်ခု ဖြစ်နေမည်မှာ တိကျသေချာသည်။
လုရှား ထွက်ခွါသွားပြီးနောက် လုယွီက မလှမ်းမကမ်းအကွာအဝေးရှိ လေလွင့်ကျင့်ကြံသူများကိုတစ်ချက်ကြည့်ကာ ကျယ်လောင်သောအသံဖြင့် ပြောဆိုလေသည်။
"ဒီနေ့ကနေစပြီးတော့ အုတ်ဂူဟောင်းဂိုဏ်းက ငါ့ရဲ့ကာကွယ်မှုအောက်မှာရှိတယ်...သူတို့ကို ဘယ်သူမှ ခက်ခဲအောင်လုပ်ခွင့်မရှိဘူး"
ထိုအသံသည် ချက်ချင်းပင် အဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။
ပတ်ဝန်းကျင်ရှိ လေလွင့်ကျင့်ကြံသူများသည် ထိုစကားသံကိုကြားချိန်တွင် သူတို့အားလုံးက မနာလိုအားကျသောအကြည့်များဖြင့် အုတ်ဂူဟောင်းဂိုဏ်းကို ကြည့်လိုက်ကြသည်။
လုယွီ၏စကားကြောင့် မြောက်ပိုင်းနယ်မြေတစ်ခုလုံး အုတ်ဂူဟောင်းဂိုဏ်းအား ထိပါးဝံ့မည်မဟုတ်ချေ။လုမိသားစုပင်လျှင် အုတ်ဂူဟောင်းဂိုဏ်းအား လွယ်လင့်တကူ ရန်စစော်ကားဝံ့မည်မဟုတ်ပေ။
မိုဒေါင်ချင်က သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
"သခင်လေးလု...ငါတို့အုတ်ဂူဟောင်းဂိုဏ်းက မင်းကို ကျေးဇူးအများကြီးတင်ပါတယ်"
အချိန်များကို ပြန်တွက်ကြည့်ပါက လုယွီ မြောက်ပိုင်းနယ်မြေကို စတင်ရောက်စဥ်မှစ၍ ဤတစ်ကြိမ်သည် အုတ်ဂူဟောင်းဂိုဏ်း ပျက်စီးပြိုလဲရမည့်ဘေးရန်မှ ဒုတိယအကြိမ်ဆွဲထုတ်ပေးခဲ့ခြင်းဖြစ်သည်။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"ဒါက ကိစ္စငယ်လေးတစ်ခုပါ...ဒါက အုတ်ဂူဟောင်းဂိုဏ်းမှာ ငါ ခဏနေခဲ့တဲ့အတွက် ပြန်ပေးဆပ်ခဲ့တဲ့ ကံကြမ္မာရေစက်လို့ ယူဆနိုင်တယ်"
အကယ်၍ သူသည် အုတ်ဂူဟောင်းဂိုဏ်း၏ကောင်းကင်ဘုံရေကန်အတွင်း၌သာ ကျင့်ကြံခြင်းမပြုခဲ့ပါက ရှေးဟောင်းတာအိုအင်မော်တယ်၏အမွေအနှစ်ကို ဆက်ခံနိုင်မည်မဟုတ်ချေ။
"ငါက ကောင်းကင်ဘုံရေကန်ထဲမှာ စည်းတံဆိပ်တစ်ခုကို အသက်သွင်းခဲ့တယ်...ခုချိန်မှာ မင်းတို့ အဲ့ဒီရေကန်ကို အသုံးမပြုသေးတာ ပိုကောင်းလိမ့်မယ်"
လုယွီက ပြောဆိုသည်။
အမတ်ကြီးချွယ်သေဆုံးသွားသဖြင့် ထိုနေရာ၌ သေဆုံးခြင်းအရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။ထိုအရှိန်အဝါများ သန့်စင်သွားရန် အချိန်အတိုင်းအတာတစ်ခုထိ လိုအပ်ပေမည်။
လုယွီနှင့်လုထျန်းကန်သည် နှုတ်ဆက်စကားပြောဆိုပြီး အုတ်ဂူဟောင်းဂိုဏ်းမှ ထွက်ခွါခဲ့တော့သည်။
"သခင်လေး...ကျွန်တော်တို့ ဘယ်နေရာကိုသွားကြမလဲ"
လုထျန်းကန်က မေးမြန်းသည်။
လုယွီက အချိန်တခဏတာ တွေဝေစဥ်းစားနေပြီးနောက် စကားပြောဆိုတော့မည့်အချိန်မှာပင် ကျောက်စိမ်းပြားကျိုးပဲ့သွားသည့်အသံက သူ၏နားအတွင်းသို့ ဝင်ရောက်လာသည်။
Chapter 1394:ကျိုးပဲ့သွားသော ကျောက်စိမ်းအဆောင်လက်ဖွဲ့
လုထျန်းကန်က မျက်ခုံးတစ်ချက် ပင့်လိုက်သည်။
"ဒါက ဘာအသံလဲ"
တစ်စုံတစ်ခု ကွဲကြေသွားသည့်အသံမျိုးကို သူ ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။
လုယွီ၏ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားသည်။လုယွီသည် သူ၏လက်အတွင်းရှိ ကျိုးပဲ့နေသော ကျောက်စိမ်းအဆောင်လက်ဖွဲ့ကိုကြည့်ပြီး ကြက်သေသေနေသည်။
ထိုအရာသည် ယခင်က ကျီးချန်ယွီအား လုယွီပေးခဲ့သည့် ကျောက်စိမ်းအဆောင်လက်ဖွဲ့ဖြစ်သည်။အကယ်၍ ကျီးချန်ယွီ အန္တရာယ်ကျရောက်နေပါက ထိုကျောက်စိမ်းအဆောင်လက်ဖွဲ့သည် သူမအား အလိုအလျောက် ကာကွယ်ပေးပေမည်။ကျီးချန်ယွီ သေရေးရှင်ရေးအခြေအနေသို့ မရောက်မချင်း ကျောက်စိမ်းအဆောင်လက်ဖွဲ့ ဤသို့ကွဲကြေသွားမည်မဟုတ်ချေ။
ဤအချိန်အခိုက်အတန့်တွင် လုယွီသည် ကျောက်စိမ်းပြားပေါ်၌ ကျီးချန်ယွီ၏အသက်အရှိန်အဝါကို မခံစားမိပေ။
ကျီးချန်ယွီ သေဆုံးသွားသလော...။
"နင် ငါ့ကို ဂရုမစိုက်နဲ့တော့...နင်ဟာနင်ပဲ လင်ရှောင်းဂိုဏ်းကို ပြန်လိုက်တော့"
"ငါက ရူးသွပ်မိုက်မဲတယ်ဆိုတာ ငါ သိပါတယ်...ငါ နင့်ရဲ့နောက်ကို အမြဲတမ်းဆွဲထားမိတယ်...တောင်ပိုင်းစွန့်ပစ်ကုန်းမြေကနေ ခုဒီနေရာထိပဲ...ငါ နင့်အတွက် တစ်ခုခုလုပ်ပေးနိုင်ရင်ပဲ ငါ့အတွက်လုံလောက်ပါပြီ"
လုယွီက မျက်လုံးစုံမှိတ်ထားသော်လည်း ကျီးချန်ယွီ၏လှပချောမောသောမျက်နှာလေးအား သူ၏စိတ်အတွင်း၌ မြင်နေရသည်။
ပြန်တွေးကြည့်ပါက မဟာပြိုင်ပွဲကြီးအတောအတွင်း၌ မြေကမ္ဘာနတ်ဆိုးဘိုးဘေးရောက်လာစဥ်တွင် လူထောင်သောင်းချီ၍ လုယွီ၏ဆန့်ကျင်ဘက်၌ ရပ်တည်ခဲ့ကြသည်။ကျီးချန်ယွီတစ်ယောက်တည်းကသာလျှင် ပြင်းထန်သည့်ထိုးနှက်ချက်တစ်ချက်ကို သူ့အတွက် ပိတ်ဆို့ဟန့်တားပေးခဲ့သည်။
ခံစားချက်ဟူသည်မှာ စကားလုံးများနှင့်ရှင်းပြရန် မလိုအပ်ချေ။သေရေးရှင်ရေးအခြေအနေနှင့် ကြုံတွေ့ရပါက အရာအားလုံး ရှင်းရှင်းလင်းလင်း ဖြစ်သွားပေမည်။
ရှန်လင်းလုံ၏သစ္စာဖောက်ခြင်း ခံရပြီးနောက် သူ၏ဘဝတွင် ထိုခံစားချက်မျိုးအား ထပ်မံ၍မထိတွေ့တော့ဟု လုယွီက တွေးတောထားသည်။သို့ရာတွင် ဤဘဝတွင် လှပျိုဖြူလေးများက သူ၏ဘဝအတွင်းသို့ ချဥ်းနင်းဝင်ရောက်လာခဲ့သည်။
ပိုင်ဆုချင်...ကျီးချန်ယွီ...ကျန်းယုချင်...ချူးယွီလော်
သူမတို့အားထိခိုက်နာကျင်မှု မဖြစ်စေလိုသဖြင့် သူ ရှောင်ထွက်ရန် ကြိုးစားခဲ့သော်လည်း အလုပ်မဖြစ်ချေ။
ဘုန်း....
လုယွီ၏ခြေဖဝါးအောက်မှနေ၍ အက်ကွဲကြောင်းတစ်ခုက အဘက်ဘက်သို့ပျံ့နှံ့သွားသည်။
လုထျန်းကန်က ထိတ်လန့်တုန်လှုပ်နေပေ၏။သူက ကူကယ်ရာမဲ့စွာဖြင့် နောက်သို့ခြေလှမ်းနှစ်လှမ်းခန့်ဆုတ်ပြီး တီးတိုးရေရွတ်လိုက်သည်။
"ဒီသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒက တကယ့်ကိုတုန်လှုပ်ချောက်ချားစရာပဲ"
နှစ်ပေါင်းများစွာကြာအောင် သူ ကျင့်ကြံခဲ့သည့်တိုင် ဤကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ပထမဦးဆုံးအကြိမ် တွေ့မြင်ဖူးခြင်းဖြစ်သည်။
ဤအချိန်အခိုက်အတန့်၌ လုယွီသည် အလောင်းများနှင့်သွေးပင်လယ်အတွင်း၌ လျှောက်လှမ်းနေသည်နှင့် တူညီပေ၏။
ရုတ်တရက် မိုးကောင်းကင်သည် သွေးရောင်အလွှာဖြင့် လွှမ်းခြုံခံလိုက်ရသကဲ့သို့ နီမြန်းသွားသည်။
"အလယ်ပိုင်းကုန်းမြေကို သွားမယ်"
လုယွီက နဂါးပျံခြေလှမ်းကို အသုံးပြု၍ မိုးကောင်းကင်ထံ ပျံဝဲသွားကာ ပါးလွှာသောလေထုအတွင်း၌ ပျောက်ကွယ်သွားတော့သည်။
လုထျန်းကန်က တုန်လှုပ်ချောက်ချားနေသည်။လုယွီ အစစ်အမှန်ဒေါသထွက်ခြင်းကို သူ ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းဖြစ်သည်။
"ဒီကျောက်စိမ်းအဆောင်လက်ဖွဲ့က တစ်စုံတစ်ယောက်ရဲ့ အသက်အရှိန်အဝါကို အာရုံခံတဲ့နေရာမှာ အသုံးပြုတဲ့အရာပဲ...သူ့အတွက် အရေးကြီးတဲ့လူတစ်ယောက်ယောက် သေဆုံးသွားတာများလား"
လုထျန်းကန်သည် သူ၏စိတ်အတွင်းမှနေ၍ အဆက်မပြတ် တွေးတောမှန်းဆနေသည်။
သို့ရာတွင် သူက အချိန်တခဏသာ တွေးတောပြီးနောက် လုယွီ၏နောက်သို့ အမှီလိုက်ပါသွားခဲ့သည်။
သူတို့နှစ်ယောက်၏အရှိန်သည် အလွန်အမင်းမြန်ဆန်ပေ၏။အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာ မတိုင်မီမှာပင် သူတို့က ချောက်နက်ကြီးထံသို့ ရောက်ရှိလာသည်။
ချောက်နက်ကြီး၏အထက်ရှိ လေဟာနယ်သည် အလွန်အမင်းမှုန်ဝါးနေပြီး မြောက်များစွာသော ပြင်းထန်သည့်လေစီးကြောင်းမုန်တိုင်းများက အဘက်ဘက်သို့ ပျံ့နှံ့၍တိုက်ခတ်နေသည်။ဤနေရာပတ်ဝန်းကျင်အခြေအနေသည် အလွန်ဆိုးရွားပြီး ရံဖန်ရံခါ လေဆင်နှာမောင်းများပင် ကောင်းကင်ယံတိုင် မြင့်တက်သွားသည်။
"သခင်လေး...ဒါက နယ်မြေနှစ်ခုရဲ့ဆက်ကြောင်းနေရာမလား...အထီးကျန်နတ်ဘုရားလှေမရှိဘဲနဲ့ ဒီနေရာကို ဖြတ်သန်းသွားလို့ ရမှာမဟုတ်ဘူး"
လုထျန်းကန်က ပြောဆိုသည်။
နယ်မြေတစ်ခုစီတိုင်းတွင် အက်ကွဲပြောင်းများစွာပုန်းအောင်းနေတက်သည့် လေဟာနယ်မုန်တိုင်းများရှိပေ၏။
အကယ်၍ ကျင့်ကြံသူတစ်ယောက်သည် ထိုလေဟာနယ်မုန်တိုင်းများအား အတင်းအကျပ် ကျော်ဖြတ်ရန်ကြိုးစားပါက အက်ကွဲကြောင်းများအတွင်းသို့ ကျရောက်သွားခဲ့လျှင် မည်သို့မျှ ပြန်ထွက်လာနိုင်မည်မဟုတ်ချေ။
"အထီးကျန်နတ်ဘုရားလှေ မလိုအပ်ဘူး"
ဤအချိန်အခိုက်အတန့်၌ လုယွီသည် အလွန်အမင်းစိတ်လှုပ်ရှားနေပေ၏။အထီးကျန်နတ်ဘုရားလှေအား ရှာဖွေရန် သူ မည်ကဲ့သို့အချိန်ဖြုန်းနိုင်မည်နည်း။
လုယွီက ခြေတစ်လှမ်းရှေ့တက်လိုက်ပြီးနောက် အစွမ်းထက်သောမှော်စွမ်းအင်လှိုင်းတစ်လှိုင်းက သူ၏အရိုးအရွတ်နှင့် ကြွက်သားများအတွင်းသို့ ဝင်ရောက်သွားသည်။
လုယွီ၏ခေါင်းထိပ်တွင် ပေတစ်ထောင်ခန့်မြင့်မားသော ရွှေရောင်ပုံရိပ်တစ်ခုက ရုတ်တရက်ပေါ်ထွက်လာသည်။
"မူလဘူတ အကြွင်းမဲ့အစပျိုးခြင်း...မဟာအထီးကျန်ခြင်းနဲ့ မိုးကောင်းကင်ပေါ် ခြေချမယ်"
လုယွီက အော်ဟစ်ကြုံးဝါးပြီး သူ၏လက်ဝါးဖြင့် သူရှေ့ရှိအက်ကွဲကြောင်းအား ရိုက်နှက်လိုက်သည်။
ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူယှဥ်တွဲ၍ တုန်ခါသံကြီးထွက်ပေါ်လာပြီး လေဟာနယ်သည် ဆုတ်ဖြဲခံရကာ ဖရိုဖရဲဖြစ်သွားပြီး ဥမင်လှိုဏ်ခေါင်းတစ်ခု ထွက်ပေါ်လာသည်။
လုယွီသည် ရွှေရောင်ပုံရိပ်ကိုထိန်းကျောင်း၍ ချောက်နက်ကြီးကိုဖြတ်၍ တခြားတစ်ဖက်ကမ်းသို့ ဥမင်လှိုဏ်ခေါင်းမှတဆင့် ဖြတ်ကူးသွားတော့သည်။
Chapter 1395:အနောက်ပိုင်းခြင်္သေ့နယ်မြေ၏ကျူးကျော်ခြင်း
"ဒါက...ဒါက ဘယ်လိုစွမ်းအားမျိုးပါလိမ့်"
လုထျန်းကန်သည် သရဲတစ္ဆေကိုမြင်တွေ့ရသည့်အလား သူ့ရှေ့ရှိမြင်ကွင်းကို မယုံကြည်နိုင်ဖွယ် စူးစိုက်ကြည့်နေမိ၏။
ယေဘုယျကျကျပြောရလျှင် နယ်မြေနှစ်ခုကြားရှိဆက်ကြောင်းအား အထီးကျန်နတ်ဘုရားလှေကို အသုံးမပြုဘဲနှင့်ဖြတ်သန်းရန် အကြွင်းမဲ့မဖြစ်နိုင်ချေ။
လေလွင့်အင်မော်တယ်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူများပင်လျှင် ဤအက်ကွဲကြောင်းများအားဖြတ်သန်းရန် အထီးကျန်နတ်ဘုရားလှေကို အသုံးပြုရပေမည်။
သို့မဟုတ်ပါက ထိုကျင့်ကြံသူသည် သတိလက်လွတ်ဖြစ်သွားသည်နှင့် လေဟာနယ်တွင်းနက်ကြီးများအတွင်းသို့ပြုတ်ကျကာ ပြန်ထွက်လာနိုင်တော့မည်မဟုတ်ချေ။
သို့ရာတွင် ယခုလက်ရှိအချိန်တွင် လုထျန်းကန်၏စိတ်အတွင်းမှ အတွေးများအားလုံးကို ဖျက်ဆီးပစ်လေ၏။
လုယွီသည် သူ၏ခန္ဓာကိုယ်နည်းစနစ်ကိုအသုံးပြု၍ ချောက်နက်ကြီးအတွင်းမှ လေဟာနယ်အားဆုတ်ဖြဲကာ လမ်းကြောင်းတစ်ခု ဖောက်လုပ်ခဲ့သည်။
သူ၏လက်သီးချက်တွင် မမြင်နိုင်သောဖိအားလှိုင်းတစ်ရပ် ပါဝင်နေသကဲ့သို့ လေဟာနယ်၏အရပ်မျက်နှာအဘက်ဘက်ကိုဖိနှိပ်ကာ လေဟာနယ်တွင်းပေါက်များအား ပိတ်ဆို့ဟန့်တားထားသည်။
"သူ့ခန္ဓာကိုယ်သက်သက်ရဲ့စွမ်းအားနဲ့ဆိုရင်...သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူကိုတောင် သူ့ရဲ့လက်သီးတစ်ချက်တည်းနဲ့ လွင့်ထွက်သွားစေနိုင်တယ်"
လုထျန်းကန်သည် တုန်လှုပ်ချောက်ချားနေပါ၏။တစ်ချိန်တည်းမှာပင် သူသည် လုယွီအပေါ်၌ သစ္စာစောင့်သိမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
ဤကဲ့သို့ အစွမ်းထက်သောသူနောက်သို့ သူ လိုက်ရသဖြင့် သူ၏အနာဂတ်အောင်မြင်မှုသည် သူမျှော်မှန်းထားသည်ထက် များစွာပို၍ကျော်လွန်နေမည်မှာ သေချာပေ၏။
ချောက်နက်ကြီး၏အစွန်းနှစ်ဖက်ကြား အကွာအဝေးသည် ကျယ်ဝန်းသော်လည်း လေဟာနယ်အက်ကွဲကြောင်းများ၏ အနှောက်အယှက် မရှိတော့သဖြင့် သူတို့နှစ်ယောက်သည် အက်ကွဲကြောင်းများအား အလွန်လျှင်မြန်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။
"ဒီနေရာက အလယ်ပိုင်းကုန်းမြေလား"
လုထျန်းကန်က စိတ်လှုပ်ရှားသွားသည်။
ဤနေရာသည် လောကကြီးတစ်ခုလုံး၏ အလယ်ဗဟိုချက်နယ်မြေဖြစ်သည်။
လုထျန်းကန်သည် မြောက်ပိုင်းနယ်မြေ၌သာ အစဥ်အမြဲ နေထိုင်ခဲ့သူဖြစ်သည်။သူသည် အလယ်ပိုင်းနယ်မြေအကြောင်းကိုကြားဖူးသော်လည်း တစ်ကြိမ်တစ်ခါမျှ ဝင်ရောက်ဖူးခြင်းမရှိချေ။
ယခုချိန်၌ သူသည် ဤနေရာသို့ ရောက်ရှိလာခဲ့သော်လည်း စိတ်လှုပ်ရှားမှုကို ခံစားနေရန်ပင် အချိန်မရခဲ့ချေ။သူက လုယွီသည် နေရာတစ်နေရာသို့ ဦးတည်၍ပျံသန်းသွားသည်ကို တွေ့မြင်လိုက်ရ၏။
"သူ့ကိုကြည့်ရတာ ဒီနေရာနဲ့ အရမ်းကိုရင်းနှီးကျွမ်းဝင်နေသလိုပဲ...ဟုတ်တာပေါ့...လုမိသားစုရဲ့သခင်လေးက မိသားစုကနေထွက်ခွါလာပြီးတော့ တောင်ပိုင်းစွန့်ပစ်ကုန်းမြေကိုသွားခဲ့တာ....သခင်လေးက တောင်ပိုင်းစွန့်ပစ်ကုန်းမြေကနေ ထွက်လာခဲ့ပြီးတော့ ဒီနေရာကိုဖြတ်သန်းသွားခဲ့တာပဲဖြစ်မယ်...အလယ်ပိုင်းကုန်းမြေမှာ ဘာကိစ္စတွေများ ဖြစ်ပျက်ခဲ့ပါလိမ့်"
ရုတ်ချည်းဆိုသလိုပင် မြောက်များစွာသောအတွေးများက လုထျန်းကန်၏စိတ်အတွင်းသို့ ဝင်ရောက်လာသည်။
……
အလယ်ပိုင်းကုန်းမြေ...လင်ရှောင်းမြို့..
ဤနေရာသည် အလယ်ပိုင်းကုန်းမြေတခွင်လုံး၌ ကျင့်ကြံသူများအတွက် အကြီးမားဆုံးမြို့ဖြစ်ပြီး လင်ရှောင်းဂိုဏ်းကို နောက်ခံပြု၍ မြို့၏ခမ်းနားထည်ဝါသောပုံရိပ်ကို အစဥ်အမြဲထိန်းသိမ်းထားသည်။
သို့ရာတွင် ဤအချိန်၌ မြို့တံခါးကြီး ပိတ်ထားလေ၏။
လင်ရှောင်းမြို့၏အထက်ကောင်းကင်ယံတွင် ရောင်စုံအလင်းလွှာသုံးလွှာက လွှမ်းခြုံထားသည်။မြို့၏စောင့်ကြည့်မျှော်စင်တစ်ခုစီတွင် မြောက်များစွာသော ကျင့်ကြံသူများ စုရုံးရောက်ရှိနေပြီး တိုက်ပွဲအတွက် ပြင်ဆင်နေကြ၏။
ချမ်းစိမ့်စိမ့်အရှိန်အဝါက လေထုအတွင်း၌ စိမ့်ဝင်ပျံ့နှံ့နေသည်။
"ငါတို့က ဒီနေရာမှာ နှစ်လဆက်တိုက်တောင် စောင့်ကြပ်ပြီးပြီ...ဘာလို့ ခုထိစစ်ကူတွေ မရောက်လာသေးတာလဲ"
"လုမိသားစုကလူတွေကရော ဘယ်ရောက်နေကြတာလဲ...သူတို့ရဲ့ဘိုးဘေးအိမ်တော်က ဒီနေရာမှာလေ...သူတို့က ထွက်ပြေးဖို့များ ကြံစည်နေကြတာလား"
"ငါတို့ သွားကြည့်ပြီးပြီ...လုမိသားစုအိမ်တော်က အလွတ်ကြီးပဲကျန်တော့တယ်...သူတို့ ထွက်ပြေးသွားတာ အချိန်အတော်ကြာနေလောက်ပြီ"
မြို့ရိုးပေါ်၌ လင်ရှောင်းဂိုဏ်းမှအကြီးအကဲများသည် မျက်မှောင်ကြုတ်နေကြ၏။သူတို့က အကြည့်ခြင်းဖလှယ်နေကြသော်လည်း မည်သည့်စကားတစ်ခွန်းမျှ မဆိုကြချေ။
လွန်ခဲ့သောတစ်နှစ်ခွဲခန့်မှစတင်၍ အလယ်ပိုင်းကုန်းမြေသည် အနောက်ပိုင်းခြင်္သေ့နယ်မြေနှင့် စစ်ပွဲဆင်နွှဲခဲ့ရ၏။
ထိုစစ်ပွဲအား အနောက်ပိုင်းခြင်္သေ့နယ်မြေ၏မူအစောင့်အရှောက်မှ စတင်ခဲ့သည်။စစ်ပွဲ ရုတ်တရက်ဖြစ်ပေါ်လာခြင်းကြောင့် အလယ်ပိုင်းကုန်းမြေသည် အချိန်မီတုံ့ပြန်တိုက်ခိုက်နိုင်ခြင်းမရှိခဲ့ချေ။ရုတ်ချည်းဆိုသလိုပင် အလယ်ပိုင်းကုန်းမြေရှိ ဂိုဏ်းကြီးဂိုဏ်းငယ် ရာနှင့်ချီပြီး ဖျက်ဆီးခြင်းခံခဲ့ရသည်။
သို့ရာတွင် အလယ်ပိုင်းကုန်းမြေ၏တန်ပြန်တိုက်ခိုက်မှုသည် အားနည်းခြင်းမရှိချေ။အလယ်ပိုင်းကုန်းမြေရှိ ဂိုဏ်းအသီးသီးကိုစုစည်းကာ 'အလယ်ပိုင်းကုန်းမြေမဟာမိတ်'ဟူသော အင်အားစုကိုတည်ထောင်ပြီး အနောက်ပိုင်းခြင်္သေ့နယ်မြေ၏ကျူးကျော်မှုကို ခုခံတိုက်ခိုက်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ကြိုတင်ပြင်ဆင်ခြင်း မလုံလောက်ခဲ့သည့်အတွက် အလယ်ပိုင်းကုန်းမြေသည် အစောပိုင်းတိုက်ပွဲများတွင် ကြီးမားသောဆုံးရှုံးမှုများဖြင့် ထပ်၍ရှုံးနိမ့်ခဲ့ရသည်။
အနီးအနားရှိဂိုဏ်းငယ်များကို အမြစ်ပြတ်သုတ်သင်ပြီးနောက် အနောက်ပိုင်းခြင်္သေ့နယ်မြေ၏ပစ်မှတ်သည် လင်ရှောင်းမြို့ဖြစ်လာသည်။
"ကံဆိုးချင်တော့ ဘိုးဘေးက ကောင်းကင်ဘုံနယ်မြေကို တက်လှမ်းသွားပြီ...တကယ်လို့ ဘိုးဘေးသာရှိနေမယ်ဆိုရင် သူတို့ ဒီနေရာကိုလာရဲမှာမဟုတ်ဘူး"
အကြီးအကဲတစ်ယောက်က ရုတ်တရက် သက်ပြင်းရှိုက်လိုက်၏။
ထိုသူသည် လင်ရှောင်းဂိုဏ်းအတွင်း၌ လုယွီအား ကူညီပေးခဲ့သော အကြီးအကဲရှင်းဖြစ်သည်။ယခုလက်ရှိချိန်၌ အကြီးအကဲရှင်းသည် စွမ်းအားအလွန်အကျွံ သုံးစွဲထားမှုကြောင့် သူ၏ပုံပန်းသွင်ပြင်သည် ယခင်ထက်များစွာပို၍ အိုမင်းရင့်ရော်နေသည်။
ထိုအချိန်မှာပင် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်သည် ကြိုးကြာဖြူပေါ်မှခုန်ဆင်းလာပြီး အကြီးအကဲရှင်းထံသို့ လျှောက်လှမ်းလာသည်။
"အကြီးအကဲပိုင်...မင်း ကျီးချန်ယွီအကြောင်း ဘာကြားသေးလဲ"
အကြီးအကဲရှင်းက မေးမြန်းသည်။
"အကြီးအကဲရှင်း...လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုန်းက ကျီးချန်ယွီရထားတဲ့ စာတစ်စောင်ကို သူ့ရဲ့အစေခံက တွေ့ခဲ့တယ်...သူ့ရဲ့အဖေမသေသေးဘဲနဲ့ အနောက်ပိုင်းခြင်္သေ့နယ်မြေမှာ အသက်ရှင်ရက်ရှိနေတယ်လို့ တစ်ယောက်ယောက်က သူ့ဆီစာပို့ထားတယ်...ချန်ယွီ နှုတ်မဆက်ဘဲ တစ်ယောက်တည်းထွက်သွားရတဲ့ အကြောင်းအရင်းက သူ အနောက်ပိုင်းခြင်္သေ့နယ်မြေကို သွားမလို့ပဲဖြစ်မယ်"
ပိုင်ဆုချင်က သက်ပြင်းတစ်ချက်ရှိုက်ရင်း ပြောဆိုလိုက်သည်။