← Chapters

အခန်း (၁၄၀၆-၁၄၁၀)

Vol. 74 Ch. 1406-1410

အခန်း (၁၄၀၆-၁၄၁၀)

Vol. 74 Ch. 1406-1410

Chapter 1406 : ဆွဲထုတ်သွားကြစမ်း

နဝမမင်းသား၏လှောင်ရယ်သံကိုကြားသည်နှင့်ပဉ္စမမင်းသား၏ခန္ဓာကိုယ် တုန်ရီသွားသည်။ရုတ်ချည်းဆိုသလိုပင် သူက ခေါင်းမော့၍ကြည့်လိုက်ရာ နဝမမင်းသား၏လှောင်ပြုံးပြုံးနေသောမျက်နှာကို မြင်တွေ့လိုက်ရ၏။

"ဘယ်လိုလုပ်ပြီး မင်းက ဒီနေရာကို ရောက်နေတာလဲ"

ပဉ္စမမင်းသားက ဒေါသတကြီး မေးမြန်းသည်။

အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်သည် ယဇ်ပူဇော်မှုပြုလုပ်သည့်အချိန်တိုင်း အဓိကပွဲတော်နေ့များမှလွဲ၍ မည်သည့်မင်းသားကိုမျှ ခေါ်ဆောင်လေ့မရှိချေ။

ဤအချိန်တွင် နဝမမင်းသားသည် အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်နှင့်အတူ ရှိနေလေရာ ပဉ္စမမင်းသား၏စိတ်နှလုံးသားအတွင်း၌ မနာလိုစိတ်များ ပေါက်ဖွားလာသည်။

နဝမမင်းသားက အေးစက်စက်နှာမှုတ်လိုက်သည်။

"ငါ့ကို မင်းနဲ့အတူတူပဲလို့ ထင်နေတာလား...မင်းနဲ့အတူ ကျင့်ကြံသူတွေအများကြီး ခေါ်သွားတာတောင် မင်းက စစ်ရှုံးနိမ့်လာသေးတယ်...မျက်နှာပြစရာမရှိဘဲ ပြန်လာတာတောင်မှ မင်းက ငါ့ကိုလာပြီး မဆင်မခြင်ပြောဝံ့သေးတယ်ပေါ့လေ...ဟား ဟား ဟား...မင်းရဲ့ရှုံးနိမ့်မှုကို ဖုံးကွယ်ဖို့ လိမ်လည်မှုအကြီးကြီးကိုတောင် လုပ်လိုက်သေးတယ်...ဘယ်လောက်တောင် ရယ်ဖို့ကောင်းတဲ့ ဟာသမျိုးလဲ"

ပဉ္စမမင်းသားက အလွန်အမင်း ဒေါသထွက်သွားပေ၏။

"မင်း ဘာသိလို့လဲ...တိုက်ပွဲကွင်းပြင်ကိုတောင် မရောက်ဖူးတဲ့ ကလေးတစ်ယောက်ကများ...မင်းက အီးပေါလောကောင်ပဲ"

"တော်သင့်ပြီ"

ရုတ်တရက် အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်က အော်ငေါက်ပြီး သူတို့နှစ်ယောက်ကြား အငြင်းပွါးနေမှုကို ကြားဝင်ဟန့်တားလိုက်သည်။

ထို့နောက် အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်က ပဉ္စမမင်းသားကို အေးစက်တင်းမာသောအကြည့်ဖြင့်ကြည့်ပြီး ပြောဆိုသည်။

"ငါ မင်းကို တော်တော်စိတ်ပျက်သွားပြီ"

"ဖခမည်းတော်"

ပဉ္စမမင်းသားက ရှင်းပြရန် ဟန်ပြင်လိုက်သည်။

အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်က သူ၏လက်ဝါးကိုထောင်ပြပြီး ပဉ္စမမင်းသား၏စကားကို ကြားဖြတ်ပြောဆိုသည်။

"ငါတို့ရဲ့သတင်းပေးတွေက အလယ်ပိုင်းနယ်မြေရဲ့နေရာတိုင်းမှာရှိတယ်...လီသောက်ရီ ကောင်းကင်ဘုံနယ်မြေကို တက်လှမ်းသွားပြီးကတည်းက ကျန်နေတဲ့လူစုက စိုးရိမ်ပူပန်စရာမရှိတော့ဘူး...မင်း ခေါ်သွားတဲ့လူတွေနဲ့တင် တခြားသူတွေကို အလွယ်တကူနင်းချေပစ်လို့ရတယ်"

"ငါက မင်း အမှားကျူးလွန်တာကို ခွင့်လွှက်ပေးနိုင်တယ်...ငါက မင်း ရှုံးနိမ့်ခဲ့တာကိုလည်း လက်ခံပေးနိုင်တယ်...ဘာပဲဖြစ်ဖြစ် တစ်ဖက်ရန်သူကလည်း အလယ်ပိုင်းကုန်းမြေမှာအင်အားအကောင်းဆုံး ဂိုဏ်းတစ်ဂိုဏ်းပဲလေ...မင်း ရှုံးနိမ့်ခဲ့တာ ရှက်စရာမဟုတ်ဘူး"

ထိုစကားကိုပြောပြီးနောက် အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်၏မျက်နှာအမူအယာ တင်းမာသွားသည်။သူက ကျယ်လောင်စွာ အော်ငေါက်လိုက်၏။

"ဒါပေမယ့် ငါ မင်းကို ခွင့်မလွှက်နိုင်တာက...ငါ့ကို လှည့်စားခဲ့လို့ပဲ"

ဘုန်း...

မမြင်နိုင်သော ဖိအားအရှိန်အဝါတစ်ရပ်သည် ပဉ္စမမင်းသားပေါ်သို့ ရုတ်တရက် ကျရောက်လာသည်။ပဉ္စမမင်းသားသည် ထိုဖိအားဒဏ်ကို တောင့်မခံနိုင်သဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်ရက်သား ကျသွားလေ၏။

သို့ရာတွင် ပဉ္စမမင်းသားသည် အံ့တင်းတင်းကြိတ်ကာ ပြောဆိုလေသည်။

"ဖခမည်းတော်...ကျွန်တော် အမှန်ကိုပြောနေတာ...အဲ့ဒီလူရဲ့ ဓမ္မရုပ်ထုကတောင် ပေတစ်သောင်းကျော် မြင့်မားတယ်...သူ တစ်ချက်အော်ငေါက်လိုက်ရုံနဲ့တင် စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက် သေဆုံးသွားတာ...ကျွန်တော်ရဲ့လက်အောက်က အသေခံတပ်သားတွေ သူနဲ့နီးနီးကပ်ကပ် ရှိမနေတာတောင်...သူ့ရဲ့ရိုက်ချက်တစ်ချက်တည်းနဲ့ အကုန်လုံးအသက်ပါသွားတယ်"

"သူက လင်ရှောင်းဂိုဏ်းမှာ တချိန်လုံးနေနေတဲ့သူ မဖြစ်နိုင်ဘူး...ကျွန်တော်ကို ထိပ်သီးကျင့်ကြံသူတချို့လောက် စစ်ကူပို့ပေးပါ...ကျွန်တော်က လင်ရှောင်းဂိုဏ်းကို အနိုင်ယူနိုင်မှာသေချာတယ်"

သို့ရာတွင် သူ၏စကားအားတုံ့ပြန်သည့်အနေဖြင့် ရရှိခဲ့သည်က ပါးရိုက်ချက်တစ်ချက်ပင်။

အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်သည် ပဉ္စမမင်းသားအား ပါးရိုက်ပြီးနောက် သူ၏အင်္ကျီလက်မောင်းကြားမှ စာလွှာတချို့ကိုထုတ်ယူကာ မြေပြင်ပေါ်သို့ပစ်ချပြီး ပြောဆိုလိုက်၏။

"ငါ မင်းကို ပြောဖို့မေ့နေတယ်...မင်းရဲ့ညီအကိုတော်တွေအားလုံးက သူတို့ရဲ့ပစ်မှတ်တွေကို အနိုင်ယူပြီးသွားပြီ...မင်းဟာမင်းကြည့်လိုက်...ဒါတွေက သူတို့ရဲ့သတင်းပို့စာလွှာတွေပဲ"

ပဉ္စမမင်းသားသည် တုန်ရီနေသောလက်များဖြင့် စာလွှာများကိုယူ၍ ဖတ်ကြည့်ပြီးနောက် အမှန်ကိုပင် မင်းသားများအားလုံး တိုက်ပွဲအောင်နိုင်ခဲ့ကြောင်း သိရှိခဲ့ရသည်။

သူတစ်ယောက်တည်းသာလျှင် အရှုံးနှင့် နောက်ဆုတ်ပြေးခဲ့ရ၏။

"မင်းရဲ့ပြောပုံအရဆိုရင်...အဲ့ဒီလူရဲ့ကျင့်ကြံဆင့်က လီသောက်ရီထက်တောင် မြင့်မားနေနိုင်တယ်...အလယ်ပိုင်းကုန်းမြေမပြောနဲ့...နယ်မြေအားလုံးမှာ လက်ရှိမျိုးဆက်ရဲ့ဘိုးဘေးတွေဖြစ်တဲ့ ပင်မလုမိသားစုခေါင်းဆောင် လုမိသားစုခွဲကခေါင်းဆောင်တစ်ယောက်နဲ့ မဟာနဂါးအင်ပါယာရဲ့ဧကရာဇ်လုံဝူကျီးမှာပဲ အဲ့ဒီလိုစွမ်းအားမျိုးရှိတယ်...ဒါပေမယ့် သူတို့သုံးယောက်လုံးက ငါတို့ရဲ့စောင့်ကြည့်မှုအောက်မှာရှိတယ်"

"ငါ မင်းပြောတာကို ယုံကြည်ပါတယ်...ဒါပေမယ့် တစ်ဖက်လူက ပုံရိပ်ယောင်နည်းစနစ်တွေကိုအသုံးပြုပြီး မင်းရဲ့အာရုံကို ရှုပ်ထွေးအောင်လုပ်သွားတာပဲဖြစ်မယ်..ဒါလေးကိုတောင် ထွင်းဖောက်ပြီးမမြင်နိုင်ရင် မင်း စစ်သားတွေခေါ်သွားပြီး ဘာသွားလုပ်တာလဲ"

အနောက်ပိုင်းခြင်္သေ့ဘုရင်က သူ၏လက်ကိုဝှေ့ယမ်းပြီး ပြောဆိုလိုက်သည်။

"လာကြစမ်း...အဲ့ဒီကောင်ကိုခေါ်သွားပြီး ဘိုးဘေးခန်းမထဲမှာချုပ်ထားလိုက်"

ပဉ္စမမင်းသားသည် တုန်လှုပ်ချောက်ချားသွားပြီး သူက ကျယ်လောင်စွာအော်ဟစ်နေလေသည်။

"ခဏနေပါဦး...ဖခမည်းတော်...ကျွန်တော် မှားသွားပါတယ်"

ပဉ္စမမင်းသားက ခွင့်လွှက်ပေးရန် အသနားခံနေသော်လည်း နန်းတော်အစောင့်အကြပ်များသည် ပြင်ပမှပြေးဝင်လာပြီး သူ့အားဆွဲထုတ်သွားကြတော့၏။

နဝမမင်းသားသည် နံဘေးဘက်မှနေ၍ လှောင်ပြောင်ရယ်မောနေပြီး ပဉ္စမမင်းသားအား ဆွဲထုတ်သွားသည်ကို ကြည့်နေသည်။

"ပုရောဟိတ်ကြီး...ယဇ်ပူဇော်မှုကို ဆက်လုပ်လို့ရပြီလား"

အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်သည် ပဉ္စမမင်းသားအား အာရုံမစိုက်တော့ဘဲ ပုရောဟိတ်ကြီးဘက်သို့လှည့်၍ ပြောဆိုလိုက်၏။

Chapter 1407:စိတ်ဝိညာဥ်အား သန့်စင်ခြင်း

အနက်ရောင်ခေါင်းစွပ်အောက်ရှိ ပုရောဟိတ်မင်း၏မျက်နှာအမူအယာအား မည်သူမျှ မမြင်တွေ့နိုင်ချေ။

ပုရောဟိတ်မင်းက သူ၏လက်ချောင်းများကိုကွေးချည်ဆန့်ချည်လုပ်၍ တစ်စုံတစ်ခုအား တွက်ချက်လိုက်သည်။အချိန်တခဏကြာပြီးနောက် သူက အပြုံးနှင့် ပြောဆိုလေ၏။

"ဘာမှမစိုးရိမ်ပါနဲ့ အရှင်မင်းကြီး...အစောပိုင်းက မန္တန်ရွတ်ဆိုမှုက ကောင်းကင်ဘုံနယ်မြေကို မဆက်သွယ်နိုင်သေးဘူး...ဒါကြောင့် နတ်ဘုရားတွေက ဒီနေရာမှာဖြစ်တဲ့ကိစ္စတွေကို မသိနိုင်သေးဘူး"

အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်သည် အပျော်လွန်သွားပြီး အလျှင်အမြန် တောင်းပန်စကားပြောဆိုသည်။

"ဒါတွေအားလုံးက ငါ့ရဲ့သွန်သင်ဆုံးမမှု ညံဖျင်းခဲ့လို့ပါ...ဒီသားမိုက်ကို ပုရောဟိတ်ကြီးရဲ့ကိစ္စနှောင့်နှေးအောင်လုပ်ခွင့် ပြုခဲ့မိတယ်...ကျေးဇူးပြုပြီး ပုရောဟိတ်ကြီး စိတ်မရှိပါနဲ့"

ထို့နောက် သူက ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ပြီး ခန်းမပြင်ပရှိနန်းတော်စောင့်များကို အမိန့်ပေးလိုက်သည်။

"မင်းတို့အားလုံး သေချာစောင့်ကြပ်ထားကြ...ဘယ်သူကိုမှ အထဲဝင်ခွင့်မပြုနဲ့"

"အမိန့်အတိုင်းပါ"

ပုရောဟိတ်ကြီးသည် ထူးဆန်းသောရယ်သံကြီးနှင့် ရယ်မောနေပြီး သူ့ရှေ့၌ဖြစ်ပျက်နေသည့်ကိစ္စများကို အာရုံစိုက်ပုံမရချေ။

သူက မန္တန်ကိုဆက်လက်ရွတ်ဆိုလိုက်ရာ သူ၏လက်အတွင်းမှ အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာပြီး ခေါင်းတလားအတွင်းရှိ ကျီးချန်ယွီပေါ်သို့ ကျရောက်သွားသည်။

သူမ၏ခန္ဓာကိုယ်တွင်းသို့ အနက်ရောင်အခိုးအငွေ့များ ဝင်ရောက်လာသည်နှင့် အိပ်မောကျနေပုံရသော ကျီးချန်ယွီ၏မျက်ခုံး အနည်းငယ်တွန့်သွားပေ၏။သူမက သတိလစ်မေ့မျောနေသည့်တိုင် အဆုံးမရှိသောနာကျင်မှုအား ခံစားနေရပုံပေါ်လွင်နေသည်။

ယင်ဘေးကပ်ဆိုးခန္ဓာကိုယ်သည် အလွန်အမင်းရှားပါးပြီး လူအယောက်ထောင်သောင်းချီရှိလျှင်ပင် တစ်ယောက်ထံတွင်သာ တွေ့နိုင်သည်။ထိုသို့ရှားပါးမှုကြောင့် ယင်ဘေးကပ်ဆိုးခန္ဓာကိုယ်ပိုင်ရှင်များသည် တခြားသူများ၏လိုချင်တပ်မက်ခြင်းကို ခံရပေ၏။

ယဇ်ပူဇော်ခြင်းအား ဆက်လက်၍ပြုလုပ်နေသည်။

အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်ခန့် မန္တန်ရွတ်ဆိုပြီးနောက် ပုရောဟိတ်ကြီး၏ပါးစပ်မှနေ၍ အက်ရှရှအသံများ ထွက်ပေါ်လာသည်။သူက အနက်ရောင်ခေါင်းတလားကို ရှေ့တိုးနောက်ငင် လှည့်ပတ်၍ ရူးသွပ်နေသူကဲ့သို့ ကခုန်နေပြီး စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ကျွန်တော်က နှလုံးသွေးကိုအသုံးပြုပြီး ကျိန်ဆိုပါတယ်...ယင်ဘေးကပ်ဆိုး ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ စိတ်ဝိညာဉ်ကို ယစ်ပူဇော်ပါတယ်"

ပုရောဟိတ်ကြီး၏လက်အတွင်း၌ တဆတ်ဆတ်ခုန်နေသော နှလုံးသားတစ်ခုကို ကိုင်ဆောင်ထားသည်။သူ၏လက်အား ညှစ်လိုက်မှုနှင့်အတူ ထိုနှလုံးသား အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။

သွေးများက သူ၏လက်ချောင်းများမှတဆင့် မြေပြင်ပေါ်သို့ စီးကျနေသည်။ပုရောဟိတ်ကြီးသည် သွေးများစိုရွှဲနေသော သူ၏လက်များဖြင့် ခေါင်းတလားပေါ်၌ ပြောက်တိပြောက်ကျားအက္ခရာများကို ဖြည်းညှင်းစွာ ရေးဆွဲလိုက်၏။

ထိုအက္ခရာများ၏ပုံသဏ္ဍာန်ပေါ်ထွက်လာသည်နှင့် မမြင်နိုင်သောအားလှိုင်းတစ်ရပ်က ခေါင်းတလားအတွင်းသို့ ဝင်ရောက်လာသည်။

ကျီးချန်ယွီအား သူမ၏ပတ်ဝန်းကျင်မှ အနက်ရောင်အခိုးအငွေ့များက လွှမ်းခြုံသွားပြီး သူမ၏ခန္ဓာကိုယ် တဖြည်းဖြည်းမြောက်တက်လာပေ၏။

"ခန္ဓာကိုယ်မှ ဝိညာဥ်စွန့်ခွါစေ...ထွက်လာခဲ့စမ်း"

ပုရောဟိတ်ကြီးသည် သူ၏လက်ကိုဆန့်တန်းပြီး လေထုအတွင်းရှိ ကျီးချန်ယွီထံ လက်ညှိုးညွှန်လိုက်သည်။

ဘုန်း...

သတိလစ်မေ့မျောနေသော ကျီးချန်ယွီ၏မျက်လုံးများ ပွင့်လာပြီး သူမ၏လှပသောမျက်နှာလေးသည် နာကျင်မှုကြောင့် ရှုံမဲ့နေသည်။သူမ၏ဝိညာဥ်သည် သူမခန္ဓာကိုယ်မှနေ၍ တစတစ ကွဲကွာလာသည်။သူမ၏စိတ်ဝိညာဥ်အား ဆွဲထုတ်ခံနေရခြင်းဖြစ်ပြီး ထိုကဲ့သို့နာကျင်မှုမျိုးကို သာမာန်လူများ တောင့်ခံနိုင်မည်မဟုတ်ချေ။

သို့ရာတွင် တားမြစ်မန္တန်ကြောင့် ကျီးချန်ယွီသည် နာကျင်နေသော်လည်း အော်ဟစ်ငိုယိုခြင်း အသနားခံခြင်းများ မပြုလုပ်နိုင်ဘဲ သူမ၏မျက်နှာ ရှုံမဲ့ပြီး တောင့်ခံနေရ၏။

ကျီးချန်ယွီ၏မျက်နှာ ဖြူရော်နေပြီး သူမ၏မျက်လုံးများအတွင်းမှ မျက်ရည်စက်များ စီးကျနေပြီး သူမ၏ဆွဲဆောင်မှုရှိသောမျက်နှာလေးပေါ်တွင် မျက်ရည်စီးကြောင်းများ ပြည့်နှက်နေသည်။

ပြင်းထန်သောဆုတ်ဖြဲသံ ထွက်ပေါ်လာခြင်းနှင့်အတူ ကျီးချန်ယွီ၏စိတ်ဝိညာဥ်သည် သူမခန္ဓာကိုယ်နှင့် တဖြည်းဖြည်း ကင်းကွာလာသည်။

သူမ၏စိတ်ဝိညာဥ် လေထုအတွင်းသို့ ရောက်ရှိသွားသည်နှင့် ခန်းမအတွင်းရှိအပူရှိန် အလွန်အမင်းကျဆင်းသွားသည်။

"တော်တော်ကို အေးစိမ့်လာတာပဲ"

အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်က ကြောက်ရွံထိတ်လန့်နေသည်။

ရုတ်တရက် ပုရောဟိတ်ကြီးက သူ၏လက်ကိုဆန့်တန်းပြီး နောက်သို့ဝှေ့ယမ်းလိုက်သည်။

အနက်ရောင်စုပ်ဝဲတစ်ခုက ခန်းမ၏အလယ်ဗဟို၌ ထွက်ပေါ်လာပြီး မြောက်များစွာသော အနက်ရောင်အခိုးအငွေ့များက ကျီးချန်ယွီ၏ခန္ဓာကိုယ်ကို ရစ်ပတ်၍ သူမအား စုပ်ဝဲအတွင်းသို့ ဆွဲငင်နေသည်။

"နတ်ဘုရားတွေက အမိန့်တော်ရှိတယ်...အရှင်မင်းကြီးရဲ့ယဇ်ပူဇော်မှုကို သူတို့ အရမ်းစိတ်ကျေနပ်တယ်တဲ့...မင်းက အခု သိုင်းသူတော်စင်နယ်ပယ်နှောင်းပိုင်းအဆင့်မလား...နောက်ထပ်ရက်အနည်းငယ်လောက်ကျရင် မင်း လေလွင့်အင်မော်တယ်နယ်ပယ်ကို တိုက်ရိုက်တက်လှမ်းနိုင်မယ့် ထိပ်တန်းအဆင့်ဆေးလုံးကို နတ်ဘုရားတွေက ချီးမြှင့်လိမ့်မယ်"

ပုရောဟိတ်ကြီးက အက်ရှရှအသံဖြင့်ရယ်မောရင်း ပြောဆိုသည်။

အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်သည် အလွန်စိတ်လှုပ်ရှားသွားပြီး သူက စကားပြောဆိုရန် ပါးစပ်ဟလိုက်စဥ်မှာပင် ခန်းမ၏အပြင်ဘက်မှ ကျယ်လောင်သောဆူညံသံကြီးကို ကြားလိုက်ရ၏။

"ဘာတွေဖြစ်နေတာလဲ...ဘယ်သူကိုမှ နှောက်ယှက်ခွင့်မပြုဘူးလို့ ငါ အမိန့်ပေးထားတယ် မဟုတ်ဘူးလား"

အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်က အော်ငေါက်လိုက်သည်။

ဘန်း...

သို့သော် သူ၏အသံမဆုံးမီမှာပင် အော်ဟစ်ကြုံးဝါးသံကြီးနှင့်အတူ စေတီ၏ပထမထပ်ရှိ ပင်မခန်းမတံခါးကြီး အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။

"သူကို ထိဝံ့တဲ့ဘယ်သူမဆို...သေရမယ်"

Chapter 1408:

ဤအချိန်တွင် ခန်းမ၏တံခါးအား ရိုက်ချိုးခံရပြီးဖြစ်သည်။

အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်နှင့်နဝမမင်းသားတို့သည် တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြပြီးနောက် နေရာမှာပင် ကြက်သေသေနေကြ၏။

ယဇ်ပလ္လင်ရှိရာခန်းမဆီသို့ သွားရာလမ်းတလျှောက်လုံး သွေးများဖြင့် စွန်းထင်းနေသည်။ပင်မခန်းမကိုစောင့်ကြပ်နေသော နန်းတော်စောင့်များအားလုံး သေဆုံးသွားပြီး သူတို့၏အလောင်းများသည် တောင်တက်လမ်းတလျှောက် ပြန့်ကျဲနေပေ၏။

လုယွီ၏လက်အတွင်း၌ ဓားရှည်တစ်ချောင်းကိုကိုင်ဆွဲ၍ တောင်တက်လမ်းအား ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း နင်းတက်လာသည်။သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် မိုးကောင်းကင်ယံထိ မြင့်မားနေပေ၏။

"အတင့်ရဲလှချည်လား...မင်းက ဘယ်သူလဲ...ငါ့ဖခမည်းတော်ရဲ့တပ်သားတွေကို သတ်ဝံ့တယ်ပေါ့လေ"

နဝမမင်းသားက ဒေါသတကြီး အော်ငေါက်လိုက်သည်။

သူ၏စကား မဆုံးမီမှာပင် လုယွီ၏လက်အတွင်းရှိ ဓားရှည်မှနေ၍ ဓားချီတစ်လှိုင်းထွက်ပေါ်လာပြီး ချက်ချင်းဆိုသလိုပင် နဝမမင်းသား၏ခေါင်းအား ထွင်းဖောက်သွားသည်။

နဝမမင်းသား၏အသံ ပျောက်ကွယ်မသွားမီမှာပင် ဓားချီဖြင့်ထွင်းဖောက်ခံလိုက်ရသဖြင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး သွေးမြူများအဖြစ် ပေါက်ကွဲသွားတော့သည်။

"အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်ဆိုတာက ဘယ်တစ်ယောက်လဲ"

လုယွီသည် အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်နှင့် ပုရောဟိတ်ကြီးအားကြည့်၍ တည်ငြိမ်စွာမေးမြန်းလိုက်သည်။

ပြင်းထန်သောဖိအားလှိုင်းတစ်ရပ်က ခန်းမတစ်ခုလုံးအား ချက်ချင်းဆိုသလိုပင် လွှမ်းခြုံသွားသည်။

အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်က အော်ဟစ်ကြုံးဝါးလေသည်။

"ငါက ဘုရင်ပဲ...မင်းက ဘယ်သူလဲ...ငါ့ရဲ့သားတော်ကို သတ်ဝံ့တယ်ပေါ့လေ"

စကားဆုံးသည်နှင့် သူက ခြေတစ်လှမ်းရှေ့တက်ပြီးနောက် သူ၏ခန္ဓာကိုယ်မှမှော်စွမ်းအားများအား စုစည်းလိုက်ကာ သူ့ခေါင်းအထက်၌ ဝံပုလွေပုံရိပ်ယောင်ကြီးအဖြစ် ဖွဲ့စည်းသွားသည်။သူ၏လက်အား လက်သည်းစွယ်ကြီးများအသွင် ပြောင်းလဲပြီး လုယွီထံဦးတည်၍ ကုတ်ဆွဲလိုက်၏။

နယ်မြေတစ်ခု၏အုပ်ချုပ်သူဖြစ်သဖြင့် အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်၏ခွန်အားသည် သာမာန်မဟုတ်ချေ။ဤအချိန်အခိုက်အတန့်တွင် သူသည် သိုင်းသူတော်စင်နယ်ပယ်နှောင်းပိုင်းအဆင့်ခွန်အားကို အပြည့်အဝသုံးစွဲထားပြီး ဝံပုလွေပုံရိပ်ယောင်ကြီးက လုယွီအားအစိတ်စိတ်အမွှာမွှာဆုတ်ဖြဲရန် တိုးဝင်လာသည်။

ထိုကဲ့သို့ ထိတ်လန့်တုန်လှုပ်ဖွယ်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်တိုင် လုယွီက အမူအယာကင်းမဲ့နေဆဲပင်။သူ၏လက်ယာဘက်လက်အတွင်းရှိ ဓားရှည်ဖြင့် လေထုအတွင်းရှိ ဝံပုလွေပုံရိပ်ယောင်ကြီးကို ပိုင်းဖြတ်လိုက်၏။

“မြေအောက်လောကနတ်ဘုရား၏အမျက်ဒေါသ”

ရုတ်ချည်းဆိုသလိုပင် အနက်ရောင်ဓားချီတစ်လှိုင်းက မိုးကောင်းကင်အားဖြတ်၍ ကျဆင်းလာပြီး လုယွီ၏ရှေ့ရှိ ဝံပုလွေပုံရိပ်ယောင်ကြီးကို ထက်ခြမ်းပိုင်းဖြတ်လိုက်သည်။

ထိုဓားချီသည် ရပ်တန့်သွားခြင်းမရှိဘဲ အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရာင်ထံသို့ ဆက်လက်ကျဆင်းသွားကာ သူ၏ရွှေရောင်သံချပ်ကာအား အစိတ်စိတ်အမွှာမွှာဖြစ်အောင် ခုတ်ပိုင်းပစ်လေ၏။

"အတင့်ရဲလှချည်လား"

"ဘယ်လိုတောင် ရူးသွပ်မိုက်မဲတဲ့သူလဲ...ဒီနေရာက အနောက်ပိုင်းခြင်္သေ့နယ်မြေရဲ့ပိုင်နက်...မင်း မဆင်မခြင်လုပ်လို့ရတဲ့နေရာမျိုးမဟုတ်ဘူး"

စေတီ၏ နက်ရှိုင်းသောနေရာတစ်နေရာမှနေ၍ မိုးခြိမ်းသံကဲ့သို့ကျယ်လောင်သော အသံနှစ်သံ ထွက်ပေါ်လာသည်။

အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော အဖိုးအိုနှစ်ယောက်သည် အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်၏ နံဘေးတစ်ဖက်တစ်ချက်၌ ရုတ်တရက်ထွက်ပေါ်လာပြီး သူ့အား ကာကွယ်ပေးလေ၏။

"နတ်ဆရာကြီးတို့...ဒီအရူးကောင်က ကျွန်တော်ရဲ့သားတော်ကို သတ်ပစ်လိုက်တယ်...သူ့ကို အလွတ်မပေးပါနဲ့"

အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်က အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။

အဖိုးအိုနှစ်ယောက်က အေးစက်စက် နှာမှုတ်လိုက်သည်။သူတို့က လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ကာ အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုလေ၏။

"မင်းက ဘယ်မိသားစုကလဲ...ငါတို့ရဲ့ အနောက်ပိုင်းခြင်္သေ့နယ်မြေကိုလာပြီး ဆိုးဆိုးရွားရွား အပြုအမှုတွေ လုပ်ဝံ့တယ်ပေါ့လေ...မင်းက သေချင်နေတာလား"

ထိုအဖိုးအိုနှစ်ယောက်ထံမှ ထွက်ပေါ်နေသော အရှိန်အဝါတွင် ကောင်းကင်နှင့်မြေပြင်ကိုပင် ဆန့်ကျင်တိုက်ခိုက်နိုင်သည့် စွမ်းအားမျိုး ရောယှက်နေသည်။သူတို့နှစ်ယောက်သည် လေလွင့်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများ ဖြစ်ပေ၏။

သူတို့နှစ်ယောက်သည် နတ်ဆရာကြီးများဖြစ်သည့်အပြင် အနောက်ပိုင်းခြင်္သေ့နယ်မြေ တော်ဝင်နန်းတော်၏ အမတ်ကြီးများလည်းဖြစ်သည်။သူတို့နှစ်ယောက်ရှိနေခြင်းကြောင့် တော်ဝင်နန်းတော်သည် နယ်မြေများအား ပေါင်းစည်းနိုင်ပြီး အားကောင်းသော ကျင့်ကြံခြင်းနိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်။

လုယွီက သူတို့နှစ်ယောက်အား စောင်းငဲ့ကြည့်ခြင်းပင်မပြုဘဲ လေးနက်သောအသံဖြင့် ပြောဆိုလေ၏။

"ထွက်သွားကြစမ်း"

လုယွီ၏ခြေလှမ်း ရှေ့တိုးလာစဥ်တွင် တုန်လှုပ်ချောက်ချားဖွယ်ဖိအားအရှိန်အဝါကြောင့် အဖြူရောင်ဝတ်စုံနှင့် အဖိုးအိုနှစ်ယောက်၏ခြေလှမ်းများ နောက်သို့ဆုတ်လိုက်ရသည်။

ဘာ....

အဖိုးအိုနှစ်ယောက်လုံး ကြောက်ရွံထိတ်လန့်သွားသည်။သူတို့၏ခန္ဓာကိုယ်ပေါ်သို့ ဧရာမတောင်ကြီးတစ်လုံး ဖိနှိပ်ထားသကဲ့သို့ သူတို့က ခံစားနေရ၏။

ဤကိစ္စကက မည်သည်ကြောင့် ဖြစ်နိုင်မည်နည်း။သူတို့နှစ်ယောက်သည် သေမျိုးကမ္ဘာလောကကြီးနှင့် မသက်ဆိုင်တော့လုနီးပါးဖြစ်သော တည်ရှိမှုကြီးများဖြစ်သည်။

သူတို့နှစ်ယောက် နောက်ဆုတ်ပေးလိုက်ရသည်မှာ ဖြစ်နိုင်ချေမရှိသောကိစ္စပင်။ထို့ထက်ပို၍ သူတို့အား ဖိအားပေးခဲ့သူမှာ ဆယ်ကျော်သက်အရွယ်လူငယ်တစ်ယောက်ဖြစ်နေသည်။

"ကြည့်ရတာတော့ ငါတို့ တိတ်တဆိတ်နေနေတာ အချိန်အတော်ကြာသွားပုံပဲ...မင်းလို လူငယ်မျိုးဆက်သစ်တစ်ယောက်ကတောင် ငါတို့ရှေ့မှာလာပြီး ရိုင်းပျနေဝံ့တယ်"

အဖိုးအိုနှစ်ယောက်သည် သူတို့၏လက်များကို တပြိုင်နက်တည်း ဆန့်ထုတ်လိုက်ရာ မှော်စွမ်းအားများက သူတို့၏လက်ဖဝါးများအတွင်းမှ ထွက်ပေါ်လာသည်။သူတို့က လုယွီအား ပြန်လည်ဖိနှိပ်ရန် ရည်ရွယ်ခဲ့ခြင်းပင်။

ပြင်းထန်သော မှော်စွမ်းအားလှိုင်းနှစ်လှိုင်းက လုယွီပေါ်သို့ ကျဆင်းလာသည်။

သို့သော် ထိုအချိန်မှာပင် လုယွီထံမှနေ၍ ဧရာမဓမ္မရုပ်ထုကြီး ရုတ်တရက် ထွက်ပေါ်လာပေ၏။

ဘုန်း...ဘုန်း...

မှော်စွမ်းအားလှိုင်းနှစ်လှိုင်းသည် ဓမ္မရုပ်ထုကြီးနှင့် ရိုက်ခတ်မိလေရာ မီးခိုးနှင့်ဖုန်မှုန့်များ တလိမ့်လိမ့်ထွက်ပေါ်လာသည်။

Chapter 1409

ရုတ်ချည်းဆိုသလိုပင် ကျယ်လောင်သောဆူညံသံကြီးနှစ်သံက လေထုအတွင်း၌ ပဲ့တင်ထပ်သွားသည်။

လုယွီ၏ဓမ္မရုပ်ထုသည် မြေပြင်မှမြောက်တက်နေပြီး စေတီနံရံအားကျိုးပဲ့အက်ကွဲသွားစေသည်။မြောက်များစွာသောအုတ်စများနှင့် ကျောက်စကျောက်နများက ပတ်ဝန်းကျင်နေရာအနှံ့ ပြန့်ကျဲနေလေ၏။

"ဒါ...ဒါက ဘာကြီးလဲ"

နတ်ဆရာကြီးနှစ်ယောက်သည် ကြက်သေသေနေပြီး သူတို့က နောက်သို့အလျှင်အမြန် ဆုတ်လိုက်ကြသည်။

သူတို့၏ရှေ့ရှိ လေထုအတွင်း၌ ဓမ္မရုပ်ထုပုံရိပ်ကြီးက မားမားမတ်မတ်ရှိနေသည်။ထိုရုပ်ထုပုံရိပ်ယောင်ကြီးသည် လောကကြီးအတွင်းရှိ အရာရာတိုင်းအား ပုရွက်ဆိတ်များကဲ့သို့ မြင်နေပုံရပြီးသူ၏မျက်လုံးတစ်စုံဖြင့် လှည့်ပတ်ကြည့်နေပေ၏။

ထို့နောက် လုယွီက ပြောဆိုသည်။

"ငါ ဒီမိန်းကလေးကိုလိုချင်တယ်...ငါ့ကိုဟန့်တားဝံ့တဲ့ ဘယ်သူမဆို သေရမယ်"

ထို့နောက် သူက အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်ထံသို့ လျှောက်လှမ်းသွားသည်။

အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်သည် အလွန်ကြောက်ရွံထိတ်လန့်သွားပြီး သူက တုန်ရီနေသောအသံဖြင့် ပြောဆိုလိုက်၏။

"နတ်ဆရာကြီးတို့...သူ့ကိုတားဆီးပေးပါအုံး...သူ့ကို တားပေးကြပါ"

နယ်မြေတစ်ခု၏အုပ်ချုပ်သူဘုရင်ဖြစ်သော်လည်း ဤအချိန်အခိုက်အတန့်တွင် သူ၏အသက်အန္တရာယ်အား ခြိမ်းခြောက်နိုင်စွမ်းရှိသည်ဟူသော ခံစားချက်မျိုးကို ခံစားနေရသည်။

သို့ရာတွင် နတ်ဆရာကြီးနှစ်ယောက်သည် တစ်စိုးတစိမျှ လှုပ်ရှားခြင်းမရှိချေ။

လေလွင့်အင်မော်တယ်ကျင့်ကြံဆင့်နယ်ပယ်သို့ ရောက်ရှိလာသည့် မည်သူမဆို အန္တရာယ်ကို အာရုံခံနိုင်မှုမြင့်မားသည်။သူတို့သည် လုယွီထံမှ အန္တရာယ်အငွေ့အသက်ကို ရှင်းရှင်းလင်းလင်း ခံစားနေရ၏။

သူတို့ရှေ့ရှိလူငယ်လေးသည် သူတို့အား အမှန်တကယ်ပင် သတ်ဖြတ်နိုင်ပေ၏။

လုယွီ ခြေလှမ်းတစ်လှမ်းခြင်း နင်းလျှောက်လာသည်ကိုကြည့်ပြီး အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်က အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။

"ငါက နယ်မြေတစ်ခုရဲ့ဘုရင်ပဲ...ငါက မြင့်မြတ်သူတစ်ယောက်...မင်း ငါ့ကို သတ်လို့မရဘူး"

အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်သည် သူ၏အင်္ကျီလက်မောင်းကြားမှ ရွှေရောင်စည်းတံဆိပ်တံဆိပ်တစ်ခုကိုထုတ်ယူပြီး စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"မိုးကောင်းကင်တာအို အကာအကွယ်"

ဂျိန်း...

မိုးကောင်းကင်ယံမှနေ၍ ရုတ်တရက် မိုးခြိမ်းသံများ ထွက်ပေါ်နေသည်။

ထို့နောက် တိမ်များအကြား၌ မြောက်များစွာသောမိုးကြိုးစီးကြောင်းများ ထွက်ပေါ်လာပေ၏။

မိုးကြားများအကြား၌ လျှပ်စီးကြောင်းများကလည်းဖြာထွက်နေသည်။မြောက်များစွာသော မိုးကြိုးလုံးများသည် လေထုအတွင်း၌ပုန်းအောင်းနေပြီး အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်၏ရှေ့တွင်ရှိသော လုယွီအား ပစ်မှတ်ထားနေကြသည်။

အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်က အော်ဟစ်ပြောဆိုသည်။

"မင်းက လေလွင့်အင်မော်တယ်တွေထက် အင်အားကောင်းတယ်ဆိုရင်တောင် မင်း ဘာတတ်နိုင်မှာမလို့လဲ...ငါက မိုးကောင်းကင်တာအိုရဲ့ထောက်ပံမှုကိုရထားတဲ့ အနောက်ပိုင်းခြင်္သေ့နယ်မြေအစောင့်အရှောက်ပဲ...မင်းရဲ့အသက်ကို ဒီနေရာမှာပဲထားခဲ့တာ ပိုကောင်းလိမ့်မယ်"

လုယွီ၏မှုန်တေတေမျက်နှာကိုကြည့်ပြီး အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်က ခနဲ့တဲ့တဲ့ ဆက်လက်ပြောဆိုသည်။

"မင်းက ငါ အလယ်ပိုင်းကုန်းမြေကနေ ဖမ်းခေါ်လာတဲ့ မိန်းကလေးကိုရှာနေတာမလား...သူက မင်းအတွက် အရေးကြီးတဲ့သူတစ်ယောက်ဖြစ်ရမယ်...ဟုတ်တယ်မလား...ဒါပေမယ့် မင်း နောက်ကျသွားပြီ...သူ့ရဲ့စိတ်ဝိညာဥ်ကို ဆွဲထုတ်ပြီးတော့ နတ်ဘုရားတွေဆီကို ယဇ်ပူဇော်ပြီးသွားပြီ...မင်း ဘယ်လောက်ပဲ သန်မာအားကောင်းနေပါစေ...သူ့ကို ဘယ်တော့မှ ထပ်တွေ့ရတော့မှာမဟုတ်ဘူး...ဟား ဟား ဟား..."

ဘုန်း...

သူ၏ရယ်သံကြီး အဆုံးမသတ်မီမှာပင် သူ၏နားအတွင်းသို့ ကျယ်လောင်သောဆူညံသံကြီး ဝင်ရောက်လာသည်။

အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်၏ခန္ဓာကိုယ် တုန်ရီသွားပြီး သူ၏နောက်ရှိ အနက်ရောင်ခေါင်းတလားကြီး ကျိုးပဲ့သွားသည်ကို သူ မြင်တွေ့လိုက်ရ၏။

လုယွီက ချက်ချင်းပင် ကျိုးပဲ့သွားသောခေါင်းတလားထံ ရောက်သွားပြီး သတိလစ်မေ့မျောနေသော ကျီးချန်ယွီအား သူ၏လက်ဖြင့်ထွေးပွေ့လိုက်သည်။ဤအချိန်တွင် ကျီးချန်ယွီ၏နူးညံသော ခန္ဓာကိုယ်လေးသည် အပူရှိန်ဟူ၍မရှိတော့ဘဲ သူမ၏ဆံနွယ်များက မြေပြင်ပေါ်သို့ ဖားလျားပြေကျနေသည်။

သူ လင်ရှောင်းဂိုဏ်းမှ ထွက်ခွါလာခဲ့သည့်အချိန်နှင့် နှိုင်းယှဥ်ကြည့်ပါက ကျီးချန်ယွီ၏ခန္ဓာကိုယ် ပိန်ပါးသွားသည်။သူမ၏လှပချောမောသောမျက်နှာလေးပေါ်ရှိ စင်ရော်တောင်မျက်ခုံးလေးက အနည်းငယ်စုကျုံနေလေရာ သူမ၏စိတ်ဝိညာဥ်အား ဆွဲထုတ်ခံရသည့်နာကျင်မှုကို တောင့်ခံထားသည့်ပုံ ပေါ်လွင်နေပေ၏။

ယခင်က သူ့အတွက်နှင့် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ရိုက်ချက်တစ်ချက်အား ကျီးချန်ယွီ တားဆီးကာကွယ်ပေးခဲ့သည့် မြင်ကွင်းက သူ၏စိတ်အတွင်း၌ ထင်ထင်ရှားရှား ရှိနေဆဲပင်။

အတိတ်ဘဝတွင် ယဲ့ရွှယ်လန်က သူ့အားကာကွယ်ပေးခဲ့ပြီး ယခုဘဝတွင် ကျီးချန်ယွီက သူ့အားကာကွယ်ပေးပြန်သည်။

သူ လုယွီကတော့ မည်သူကိုမျှ ကာကွယ်စောင့်ရှောက်နိုင်ခြင်းမရှိချေ။

"ဟား ဟား ဟား ဟား"

လုယွီက ရုတ်တရက် ရယ်မောနေပြီး သူ၏အသံသည် အထီးကျန်ဆန်မှုများနှင့် ပြည့်နှက်နေသည်။

အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်က အေးစက်စက် နှာတစ်ချက်မှုတ်ပြီး ပြောဆိုသည်။

"မင်း ငရဲကိုသွားတာ ပိုကောင်းလိမ့်မယ်...ဒီမိန်းကလေးနဲ့လည်း ပြန်တွေ့ရတာပေါ့...မဟုတ်သေးဘူး...မင်း သေသွားရင်တောင် သူနဲ့တွေ့နိုင်မှာမဟုတ်ဘူး...သူ့ရဲ့စိတ်ဝိညာဥ်ကို နတ်ဘုရားတွေက ယူဆောင်သွားပြီ...မင်းမှာ အခွင့်အရေးမရှိတော့ဘူး"

သူက နယ်မြေအစောင့်အရှောက် ရွှေရောင်စည်းတံဆိပ်ကိုင်ဆောင်ထားသော သူ၏လက်ကိုမြှောက်လိုက်ရာ မိုးကောင်းကင်ယံရှိ မိုးကြိုးလှိုင်းများက လုယွီထံ ကျဆင်းလာသည်။

တဖျက်ဖျက်လက်နေသော မိုးကြိုးလှိုင်းများအောက်တွင် လုယွီ ရောက်ရှိနေပေ၏။လုယွီက သူ၏ခေါင်းကို ဖြည်းညှင်းစွာမော့လိုက်ပြီး သူ၏အေးစက်တင်းမာနေသော မျက်လုံးတစ်စုံအတွင်း၌ မည်သည့်စိတ်ခံစားမှုအရိပ်အယောင်မျှ ရှိမနေချေ။

သူက အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်အား တစ်ချက်ကြည့်ပြီး လေးနက်တည်ကြည်သောအသံဖြင့် ပြောဆိုလိုက်၏။

"မင်းက သေသင့်တယ်"

Chapter 1410

ဘုန်း...ဘုန်း...

မိုးကြိုးလှိုင်းများသည် မိုးကောင်းကင်ယံမှနေ၍ လုယွီပေါ်သို့ ကျဆင်းလုနီးပါး အခြေအနေသို့ရောက်ရှိနေသည်။

"ဒီမိုးကြိုးတွေရဲ့အောက်မှာ...သေရမယ့်လူက မင်းပဲဖြစ်မှာ"

အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်က ယုံကြည်ချက်ရှိသောအပြုံးနှင့် ပြောဆိုသည်။

ဤနယ်မြေအတွင်းတွင် သူ့လက်အတွင်းမှ နယ်မြေအစောင့်အရှောက်ရွှေစည်းတံဆိပ်၏အခွင့်အာဏာအား ရပ်တန့်၍မရနိုင်လုနီးပါးပင်။အကယ်၍ တစ်ဖက်လူသည် လေလွင့်အင်မော်တယ်တစ်ယောက် ဖြစ်နေလျှင်ပင် ရွှေစည်းတံဆိပ်၏ထိန်းချုပ်ဟန့်တားခြင်းကို ခံရပေမည်။

လုယွီက ခေါင်းမော့၍ ကျဆင်းလုနီးပါးဖြစ်သော ကောင်းကင်ဘုံမိုးကြိုးများကို ကြည့်လိုက်သည်။ထို့နောက် သူက မိုးကောင်းကင်ယံအား လက်ညှိုးညွှန်၍ ပြောဆိုလေ၏။

"လွင့်ပြယ်သွားစမ်း"

မိုးကောင်းကင်ယံမှ ကျဆင်းလုဆဲဆဲ မိုးကြိုးများသည် လုယွီ သာမာန်ကာလျှံကာ စကားတစ်ခွန်း ပြောလိုက်သောအချိန်အခိုက်အတန့်မှာပင် လွင့်ပြယ်သွားခဲ့သည်။

"ဘယ်လိုတောင်....."

အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်က တုန်လှုပ်ချောက်ချားသွားသည်။သူက နယ်မြေအစောင့်အရှောက်ရွှေစည်းတံဆိပ်ကို အလျှင်အမြန် ထပ်မံ၍အသုံးပြုလိုက်၏။သို့ရာတွင် မိုးကောင်းကင်တာအိုသည် တစ်စုံတစ်ခု၏လွှမ်းမိုးခြင်းခံလိုက်ရပုံဖြင့် သူ၏အမိန့်ကို တစိုးတစိမျှ လိုက်နာခြင်းမရှိတော့ချေ။

သူသည် မိုးကောင်းကင်တာအိုနှင့်ဆက်သွယ်ရာ၌ ကျရှုံးခဲ့ရ၏။

လုယွီ၏မျက်လုံးကိုကြည့်ပြီး အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်၏စိတ်နှလုံးသား တုန်ရီလာပြီး သူက နောက်ပြန်လှည့်၍ ထွက်ပြေးလိုက်သည်။

သို့သော် သူ အဝေးသို့မရောက်မီမှာပင် လုယွီက သူ၏နောက်၌ထွက်ပေါ်လာပြီး သူ့လည်ပင်းအားဆုပ်ကိုင်ကာ လွှင့်ပစ်လိုက်သည်။

ဘုန်း....

မြေပြင်ပေါ်တွင် နက်ရှိုင်းသောချိုင့်နက်ရာကြီး ဖြစ်သွားခြင်းနှင့်အတူ အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်၏အကာအကွယ်များ ချက်ချင်းဆိုသလို ပျက်ပြယ်သွားသည်။အလွန်ပြင်းထန်သော စိတ်တုန်လှုပ်ချောက်ချားမှုကြောင့် သူ၏ပါးစပ်မှ သွေးတစ်လုတ် အန်ထွက်လာသည်။

သို့ရာတွင် ဤသည်က အဆုံးသတ်မဟုတ်သေးချေ။

"ကျီးချန်ယွီခံစားရတဲ့ နာကျင်မှုမျိုးကို မင်း မြည်းစမ်းကြည့်စေရမယ်"

လုယွီ၏မျက်နှာပေါ်၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထင်ဟပ်နေပေ၏။

လုယွီ၏နောက်၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ဖွဲ့စည်းထားသော သွေးပင်လယ်ကြီးထွက်ပေါ်လာပြီး ချက်ချင်းဆိုသလိုပင် ကောင်းကင်ယံတခွင်လုံး နီမြန်းသွားသည်။

လုယွီက ချိုင့်နက်ကြီးအတွင်းသို့ခုန်ချပြီး အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်၏လက်တစ်ဖက်ပေါ်သို့ ခြေဖြင့်ဆောင့်နင်းလိုက်သည်။ခရက်ဟူသောအသံနှင့်အတူ အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်၏လက် ကျိုးကြေသွားတော့သည်။

အချိန်တခဏကြာပြီးနောက် အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်၏ ခြေလက်များအားလုံး လုယွီ၏ချေမွှခြင်း ခံလိုက်ရသည်။

ထိုကဲ့သို့နာကျင်မှုသည် သာမာန်လူများအတွက်ဆိုပါက သေလုအောင်ခံစားရမည့်နာကျင်မှုမျိုးပင်။သို့ရာတွင် အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်သည် သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူတစ်ယောက်ဖြစ်၍ သူ၏ခြေလက်များ ကြေမွပျက်စီးသွားသော နာကျင်မှုကိုတောင့်ခံပြီး အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။

"ဒါက လုံးဝကိုမနာဘူး...ဒီဘုရင်အတွက်တော့ ငါ့ကို ခွေးလေးတွေ ကြောင်လေးတွေ လာကုတ်နေသလိုမျိုး ယားယံရုံလောက်ပဲရှိတယ်"

"မင်း ထွက်ပြေးသွားမှာကို ငါက စိုးရိမ်မိရုံသက်သက်ပဲ"

လုယွီ၏မျက်နှာပေါ်၌ အမူအယာကင်းမဲ့နေပြီး သူ၏လက်က အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်၏ဦးခေါင်းထံသို့ ရောက်ရှိသွားသည်။

စိတ်ဝိညာဥ်ဆွဲထုတ်ခြင်း နည်းစနစ်...

အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်သည် သူ့စိတ်ဝိညာဥ်၏ အနက်ရှိုင်းဆုံးနေရာမှနေ၍ နာကျင်လာသည်ကို ချက်ချင်းခံစားမိသည်။သူ၏စိတ်ဝိညာဥ်သည် သူ့ခန္ဓာကိုယ်မှနေ၍ တစတစ ကင်းကွာလာပေ၏။

စိတ်ဝိညာဥ်အား ခန္ဓာကိုယ်နှင့်ကင်းကွာစေသော စိတ်ဝိညာဥ်ဆွဲထုတ်ခြင်းနည်းစနစ်သည် မည်သည့်နည်းနှင့်မျှ နဂိုအတိုင်းပြန်မဖြစ်နိုင်တော့သည့် နည်းစနစ်မျိုးပင်။မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေတွင်ပင် ဤနည်းစနစ်အား ဆိုးရွားသောရာဇဝတ်သားများအား ရင်ဆိုင်ဖြေရှင်းရာ၌သာ အသုံးပြုသည်။

"အား....အား...အား...."

နောက်ဆုံး၌ အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်သည် တုန်လှုပ်ချောက်ချားလာသည်။သူသည် စူးရှနာကျင်စွာ အော်ဟစ်နေသော်လည်း သူ၏ခန္ဓာကိုယ်မှအရိုးများအားလုံးကို လုယွီက ရိုက်ချိုးထားသဖြင့် ပြန်လည်ခုခံခြင်းမပြုနိုင်ချေ။

ဤကဲ့သို့နာကျင်မှုမျိုးကို တောင့်ခံရန်မဖြစ်နိုင်သော်လည်း သူ ရှောင်လွှဲနိုင်ခြင်းမရှိပေ။သူက ခွင့်လွှတ်ရန်အတွက် အသနားခံလိုသော်လည်း အလွန်ပြင်းထန်သောနာကျင်မှုကြောင့် သူ စကားတစ်လုံးမျှပင် မဆိုနိုင်ချေ။

ဖုတ်...

တိုးညှင်းသောအသံတစ်သံနှင့်အတူ အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်၏စိတ်ဝိညာဥ်သည် နာကျင်မှုအား တောင့်မခံနိုင်တော့သဖြင့် အစိတ်စိတ်အမွှာမွှာပြိုကွဲသွားပြီး သူ၏ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ လဲပြိုကျသွားသည်။

သူ၏ဘဝအဆုံးသတ်ချိန်၌ နာကျင်မှုများနှင့်အတူ နောင်တရနေခဲ့သော်လည်း ထိုအရာများက အတိတ်တွင်သာ ကျန်ရှိခဲ့လေပြီ။

အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင် သေဆုံးသွားသည်နှင့် ယဇ်ပလ္လင်၏အစွန်းဘက်မှနေ၍ အနက်ရောင်ပုံရိပ်တစ်ရိပ်ထွက်ပေါ်လာကာ မိုးကုပ်စက်ဝိုင်းဆီသို့ ပျံဝဲသွားသည်။

ထိုအနက်ရောင်အရိပ်သည် ပုရောဟိတ်ကြီးဖြစ်ပေ၏။

သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူဖြစ်သော အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင် သေဆုံးသွားသည်ကိုကြည့်ပြီး ပုရောဟိတ်ကြီးသည် ခုခံတိုက်ခိုက်ရန် တစိုးတစိမျှပင် ရည်ရွယ်ချက်မရှိသဖြင့် နောက်လှည့်ထွက်ပြေးရန် ဆုံးဖြတ်ခဲ့သည်။

"မင်းက ပြေးချင်သေးတာလား"

လုယွီက အော်ငေါက်ပြီး ပုရောဟိတ်ကြီးထွက်ပြေးသွားရာဘက်သို့ သူ၏လက်ကို ဆန့်တန်းလိုက်သည်။

လုယွီ၏ဓမ္မရုပ်ထုကြီးမှနေ၍ ကြီးမားသောလက်ကြီးတစ်ဖက် ဆန့်ထွက်လာပြီး လေထုအတွင်းရှိ ပုရောဟိတ်ကြီးကို ကြားဖြတ်၍ဟန့်တားလေသည်။

ဘန်း...

ဧရာမလက်ဖဝါးကြီးကျဆင်းလာမှုနှင့်အတူ ပုရောဟိတ်ကြီးသည် မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရ၏။

All Chapters