← Chapters

အခန်း (၁၄၁၁-၁၄၁၅)

Vol. 74 Ch. 1411-1415

အခန်း (၁၄၁၁-၁၄၁၅)

Vol. 74 Ch. 1411-1415

Chapter 1411

ကျယ်လောင်သောဆူညံသံနှင့်အတူတွဲဖက်၍ ပတ်ဝန်းကျင်နေရာတစ်ခုလုံး တုန်ခါလာပြီး ဧရာမလက်ကြီးကြောင့် ပုရောဟိတ်ကြီးသည် မြေကြီးအတွင်းနစ်ဝင်သွားသည်။

ပြင်းထန်သောအားလှိုင်းကြောင့် ပုရောဟိတ်ကြီးဝတ်ဆင်ထားသည့် အနက်ရောင်ဝတ်စုံသည်လည်း အစိတ်စိတ်အမွှာမွှာ စုတ်ပြဲသွားပေ၏။စုတ်ပြဲသွားသောဝတ်ရုံ၏အောက်တွင် ယုတ်မာကောက်ကျစ်ပုံရပြီး ထူးခြားဆန်းကြယ်သည့်မျက်နှာ ပေါ်ထွက်လာသည်။

သူ၏ပုံပန်းသွင်ပြင်သည် သက်ရှိလူသားနှင့်တူညီသော်လည်း သူ၏မျက်လုံးသည် သာမာန်ထက်ပို၍ကြီးနေပြီး သူ့နားရွက်များက ချွန်ထက်နေသည်။သူ၏ပါးစပ်အားဖွင့်ဟလိုက်ချိန်တွင် ထက်ရှသောသွားစွယ်များတွင် သွေးစသွေးနများစွန်းထင်းနေသည်ကို မြင်တွေ့ရ၏။သူကိုကြည့်ရသည်မှာ အလွန်အမင်း ထိတ်လန့်ကြောက်ရွံဖွယ် ကောင်းနေသည်။

"ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"

အခြေအနေအား စောင့်ကြည့်နေကြသော နတ်ဆရာကြီးနှစ်ယောက်သည် ဤအချိန်အခိုက်အတန့်တွင် အံ့အားသင့်စွာဖြင့် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

အနက်ရောင်ဝတ်ရုံအောက်ရှိ ပုရောဟိတ်ကြီးထံတွင် ဤကဲ့သို့ပုံဆိုးပန်းဆိုးမျက်နှာမျိုး ရှိနေမည်ဟု သူတို့ မျှော်လင့်မထားမိကြချေ။

သာမာန်အားဖြင့် နေ့ထူးနေ့မြတ်တိုင်းတွင် အနောက်ပိုင်းခြင်္သေ့နယ်မြေ၌ ပုရောဟိတ်ကြီးကဦးဆောင်၍ ပွဲတော်ကြီးများကို ကျင်းပလေ့ရှိသည်။

ပုရောဟိတ်ကြီး၏ပုံရိပ်သည် တောက်ပလင်းလက်နေသည်ဟု လူတိုင်းက တွေးထင်ထားသည်။သူတို့၏ပုရောဟိတ်ကြီးထံ၌ ဤမျှရုပ်ဆိုးသောမျက်နှာရှိနေမည်ဟု မည်သူမျှ မျှော်လင့်မိမည်မဟုတ်ချေ။

"စိတ်ဝိညာဥ်ဆင့်ခေါ်တဲ့ပညာရပ်ကို သူသုံးနိုင်တာ အံ့အားသင့်စရာမရှိတော့ဘူး...တကယ်တမ်းတော့ သူက မြေအောက်လောကကနေ ထွက်ပြေးသွားတဲ့ မှင်စာတစ်ကောင် ဖြစ်နေတာကိုး"

လုယွီ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများ ထင်ဟပ်လာသည်။

သူ၏အတိတ်ဘဝမှာပင်လျှင် အကယ်၍ သူ ဤကဲ့သို့ မှင်စာတစ်ကောင်နှင့် တွေ့ဆုံပါက သူ မဆိုင်းမတွ သတ်ဖြတ်ပေမည်။ထိုမှင်စာသည် ကျီးချန်ယွီ၏စိတ်ဝိညာဥ်အား ဆွဲထုတ်ခဲ့သည့်ကိစ္စဆိုလျှင် ဆိုဖွယ်ရာပင်မရှိတော့ချေ။

"ကျီ...ကျီ...တကယ်လို့ မင်း ငါ့ကိုသတ်ပစ်ရင်တောင်...မင်း ဘာလုပ်နိုင်မှာမလို့လဲ...ဒီမိန်းကလေးရဲ့စိတ်ဝိညာဥ်ကို ငါတို့ရဲ့လူတွေက ယူဆောင်သွားပြီ...အချိန်ကျလာရင် အရှင်က သူ့ရဲ့စိတ်ဝိညာဥ်ကို ဝါးမြိုပစ်မှာပဲ...တကယ်လို့ မင်းက တာအိုသခင်တစ်ယောက်ဖြစ်နေရင်တောင် မင်း ဘာမှလုပ်နိုင်မှာမဟုတ်ဘူး"

မှင်စာသည် ထူးဆန်းသောအက်ရှရှရယ်သံနှင့် ရယ်မောလိုက်၏။

လုယွီ၏မျက်နှာပေါ်၌ အမူအယာကင်းမဲ့နေပြီး သူက မှင်စာပေါ်သို့ ခြေဆောင့်နင်းလေသည်။

ဘန်း ..

မှင်စာ၏ခန္ဓာကိုယ်အောက်ရှိ မြေပြင်သည် ပင့်ကူအိမ်သဖွယ် အက်ကွဲသွားပေ၏။

ထိုအက်ကွဲကြောင်းများသည် ပတ်ဝန်းကျင်နေရာတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး မှင်စာ၏ပါးစပ်မှနေ၍ သွေးတစ်လုတ် အန်ထွက်လာသည်။

"ဟား ဟား ဟား...ဒါက ငါ့ကိုသတ်ဖို့ အသုံးမဝင်ဘူး...ငါက အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်လို အမှိုက်ကောင်မျိုးမဟုတ်ဘူး...တကယ်လို့ မင်း ငါကိုသတ်ပစ်ရင်တောင် အရှင်က ငါ့ကိုပြန်ပြီးအသက်သွင်းပေးမှာပဲ"

မှင်စာက ကျယ်လောင်စွာ အော်ဟစ်ရယ်မောနေသည်။

သူ၏ပုံရိပ်သည် တဖြည်းဖြည်းဝေဝါးစပြုလာသည်။မူလက အစိုင်အခဲအဖြစ်ရှိနေသော ခန္ဓာကိုယ်သည် အနက်ရောင်အခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲစပြုလာပြီး အဘက်ဘက်သို့ပျံ့နှံ့သွားသည်။

"စိတ်ဝိညာဥ်ခန္ဓာကိုယ်လား"

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။ဤကဲ့သို့ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံမျိုးသည် များသောအားဖြင့် သရဲတစ္ဆေများထံတွင် ရှိတက်သည်။

စိတ်ဝိညာဥ်ခန္ဓာကိုယ်အမျိုးအစားပိုင်ရှင်များသည် လျှို့ဝှက်နည်းလမ်းတစ်ခုကိုအသုံးပြုပြီး သူတို့၏ခန္ဓာကိုယ်ကို အနက်ရောင်အခိုးအငွေ့များအသွင်ပြောင်းလဲကာ အဝေးသို့မျောလွင့်စေနိုင်သည်။ထိုလျှို့ဝှက်နည်းစနစ်ဖြင့် သူတို့သည် အန္တရာယ်ကျရောက်မည့်ဘေးမှ အချိန်တခဏကြာ ရှောင်ရှားနိုင်ပေ၏။

ကျင့်ကြံသူအများစုသည် စိတ်ဝိညာဥ်ခန္ဓာကိုယ်ပိုင်ရှင်များနှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် ကူကယ်ရာမဲ့ဖြစ်တက်ကြသည်။အကြောင်းအရင်းမှာ သူတို့၏ခန္ဓာကိုယ်များပေါ်သို့ မည်သည့်မှော်နည်းစနစ်များကျရောက်သည်ဖြစ်စေ သူတို့သည် အခိုးအငွေ့များအဖြစ် ပြောင်းလဲထားသဖြင့် သက်ရောက်မှုမရှိဘဲ သူတို့အား ထိခိုက်နာကျင်အောင် ပြုလုပ်၍မရတော့ချေ။

"ဟား ဟား ဟား...လာခဲ့လေ...ငါ့ကိုလာသတ်လေ...မင်းက နောက်ကျသွားတော့ ဒီမိန်းကလေးရဲ့အတွင်းစိတ်ထဲက ငိုကြွေးနေသံကို မင်းမကြားလိုက်ရဘူး...ငါကတော့ အဲ့ဒီလိုအသံမျိုး နားထောင်ရတာကို သဘောအကျဆုံးပဲ"

လုယွီ မျက်မှောင်ကြုတ်နေသည်ကိုကြည့်ပြီး မှင်စာက ပိုမိုရဲတင်းလာကာ သူက အပြုံးနှင့် ဆက်လက်ပြောဆိုသည်။

"လာစမ်းပါ...ငါ့ကိုသတ်ဖို့ မင်းမှာအရည်အချင်းရှိလို့လား....ငါ့ရဲ့ခန္ဓာကိုယ်က အကောင်အထည်မရှိတော့ဘူး...မင်း ငါ့ကိုတောင်မိအောင်မဖမ်းနိုင်တာ...ဘယ်လိုနည်းနဲ့ ငါ့ကိုသတ်မှာလဲ"

ကြည့်နေရင်းဖြင့် မှင်စာ၏အနက်ရောင်အခိုးအငွေ့များသည် ခန်းမ၏ပြင်ပသို့ ပျံဝဲ၍ထွက်ပြေးသွားတော့သည်။

"ငါ မင်းကိုမသတ်နိုင်ဘူးလို့ မင်းကထင်နေတာလား"

လုယွီက အေးစက်စက်နှာမှုတ်ပြီးနောက် သူ၏လက်ဖဝါးအတွင်းမှနေ၍ တောက်ပနေသောအဖြူရောင်အလင်းတန်းများ ဖြာထွက်လာသည်။

ထိုအဖြူရောင်အလင်းတန်းများအကြားမှနေ၍ မန္တန်ရွတ်ဖတ်သံများကိုလည်း ကြားနေရသည်။ပတ်ဝန်းကျင်နေရာတစ်ခုလုံးအား မြင့်မြတ်သောအဖြူရောင်အလင်းတန်းများက လွှမ်းခြုံသွားတော့သည်။

ရှဲ...ရှဲ...

မှင်စာ၏အနက်ရောင်အခိုးအငွေ့များသည် အဖြူရောင်အလင်းတန်းနှင့် ထိတွေ့မိရာတွင် မီးလောင်ကျွမ်းသည့်အသံမျိုးထွက်ပေါ်လာသည်။

"မင်းက ကွန်ဖြူးရှပ်ကျင့်ကြံသူတစ်ယောက်လား...မဖြစ်နိုင်ဘူး"

မှင်စာသည် ရုတ်တရက် တုန်လှုပ်ချောက်ချားသွားပေ၏။

Chapter 1412

မှင်စာ မတုံ့ပြန်နိုင်မီမှာပင် လုယွီက ခြေတစ်လှမ်းရှေ့တက်လိုက်၏။ထို့နောက် သူ၏သမာဓိချီများကို လက်တစ်ခုအသွင်ပြောင်းပြီး မှင်စာအား ဖမ်းဆုပ်လိုက်သည်။

အနက်ရောင်အခိုးအငွေ့များသည် လုယွီ၏လက်ဖဝါးအတွင်း၌ တဖြည်းဖြည်းစုစည်းလာပြီး အစိုင်အခဲအဖြစ် တဖန်ပြန်၍သိပ်သည်းသွားသည်။

ကွန်ဖြူးရှပ်တာအိုဥပဒေသ၏ လွှမ်းမိုးမှုအောက်တွင် မှင်စာ၏စိတ်ဝိညာဥ်ခန္ဓာကိုယ်မှ အကျိုးအာနိသင်များ ပျောက်ကွယ်စပြုလာသည်။

ယခုလက်ရှိအချိန်၌ မှင်စာသည် အစိုင်အခဲအဖြစ်သာ ကျန်ရှိတော့ပြီး ထွက်ပြေးနိုင်ရန်အတွက် အနက်ရောင်အခိုးအငွေ့အဖြစ် ထပ်မံ၍မပြောင်းလဲနိုင်တော့ချေ။

"ငါ့ကိုမသတ်ပါနဲ့...ငါသိသမျှအရာအားလုံး မင်းကိုပြောပြပါ့မယ်"

မှင်စာသည် အသနားခံတောင်းပန်နေတော့သည်။

လုယွီ၏ကွန်ဖြူးရှပ်တာအိုဥပဒေသသည် သူ့အား အပြည့်အဝပျောက်ကွယ်သွားစေရန် ပြုလုပ်နိုင်စွမ်းရှိသည်။ယခုချိန်၌ သူ့အတွက် အကောင်းဆုံးရွေးချယ်ချက်မှာ လုယွီအား အရှုံးပေးအညံခံရန်ပင်။

လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"ငါ မင်းကို မယုံဘူး"

ရုတ်ချည်းဆိုသလိုပင် လုယွီက သူ၏လက်ကိုဆန့်ထုတ်ပြီး မှင်စာ၏ခေါင်းပေါ်သို့တင်လိုက်၏။သူက တည်ငြိမ်သောလေသံဖြင့်​ ပြောဆိုသည်။

"အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်က ဒီမှော်နည်းစနစ်ကို တောင့်မခံနိုင်ဘူး...မင်းအတွက်ကတော့ ငါ နောက်ထပ်နည်းလမ်းတစ်ခု သုံးရတော့မှာပေါ့"

လုယွီ၏လက်ဝါးအတွင်းမှနေ၍ အနီရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ထိုအနီရောင်အလင်းတန်းထွက်ပေါ်လာခြင်းနှင့်အတူ လုယွီထံမှအရှိန်အဝါသည် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒအဖြစ် ပြောင်းလဲသွားပေ၏။

"စိတ်ဝိညာဥ်ရှာဖွေခြင်း နည်းစနစ်"

လုယွီက အော်ဟစ်ကြုံးဝါးပြီး သူ၏လက်ဝါးဖြင့် မှင်စာ၏ခေါင်းအား လွှမ်းခြုံလိုက်သည်။

ထိုလက်ဝါးသည် အလွန်လေးလံသဖြင့် မှင်စာ၏ခေါင်းသည် တောင့်ခံနိုင်ခြင်းမရှိဘဲ တိုက်ရိုက်ပေါက်ကွဲသွားသည်။ပေါက်ကွဲသွားသောဦးခေါင်းမှတဆင့် လုယွီသည် မှင်စာ၏စိတ်ဝိညာဥ်ကို ဖမ်းယူလိုက်၏။

"အား...အား...မလုပ်နဲ့...မလုပ်ပါနဲ့"

မှင်စာ၏စိတ်ဝိညာဥ်သည် ပြင်းထန်သောနာကျင်မှုကို ခံစားနေရသဖြင့် အဖြူရောင်အခိုးအငွေ့များ ထွက်ပေါ်လာသည်။

အဖြူရောင်အခိုးအငွေ့များ တဖြည်းဖြည်း များပြားလာချိန်တွင် မှင်စာ၏စိတ်ဝိညာဥ် သေးကျုံစပြုလာပေ၏။မူလက လူတစ်ယောက်အရွယ်အစားခန့်ရှိသောစိတ်ဝိညာဥ်သည် ယခုလက်ရှိအချိန်၌ လက်ဖဝါးတစ်ခုစာ ပမာဏသာ ကျန်ရှိတော့သည်။

သူ၏အရှိန်အဝါသည် အလွန်အမင်းအားနည်းသွားပြီး သာမာန်သေမျိုးလူသားတစ်ယောက်နှင့်ပင် နှိုင်းယှဥ်၍မရနိုင်တော့ချေ။

"ခွင့်...လွှက်...ပေး...."

မှင်စာ၏အသံသည် တုန်ရီနေပြီး သူက စကားတစ်လုံးကိုပင် အပြည့်အစုံ မပြောနိုင်တော့ပေ။

သို့ရာတွင် လုယွီက နားမကြားသူကဲ့သို့ပင် မှင်စာ၏စကားအား မကြားသယောင် ဆက်လက်ပြုမူနေသည်။သူ၏လက်ဖြင့် မှင်စာ၏ခေါင်းအား ဖိထားဆဲဖြစ်ပြီး မှတ်ဥာဏ်များအား ဆက်လက်စုပ်ယူနေသည်။

ကျယ်ပြန့်များပြားလှသော မှတ်ဥာဏ်များအတွင်း၌ လုယွီသည် ကျီးချန်ယွီ၏နာကျင်ခံစားနေရသော အမူအယာနှင့် သူမ၏စိတ်ဝိညာဥ်အား အနက်ရောင်စုပ်ဝဲတစ်ခုမှ စုပ်ယူသွားသည်ကို တွေ့မြင်လိုက်ရ၏။

သို့ရာတွင် အဆုံးသတ်၌ လုယွီသည် မှင်စာ၏မှတ်ဥာဏ်များမှတဆင့် တခြားကမ္ဘာလောကတစ်ခုကို တွေ့မြင်မိသည်။

ထိုကမ္ဘာလောကအတွင်း၌ နေရောင်တောက်ပမှုမရှိချေ။ကမ္ဘာလောကတစ်ခုလုံးတွင်လည်း မည်သည့်စိတ်ဝိညာဥ်စွမ်းအား အရှိန်အဝါမျှရှိမနေဘဲ စွန့်ပစ်နယ်မြေတစ်ခုကဲ့သို့ဖြစ်နေသည်။

ပတ်ဝန်းကျင်နေရာတစ်ခုလုံး၌ ဆိုးညစ်သောအရှိန်အဝါများသာရှိနေပြီး သေဆုံးပြီးဝိညာဥ်တချို့သာလျှင် ဦးတည်ရာမဲ့လှည့်လည်သွားလာနေသည်။

လုယွီသည် ထိုနေရာနှင့် အလွန်ရင်းနှီးကျွမ်းဝင်ပေ၏။

ငရဲနယ်မြေ...

ဤကမ္ဘာလောကသည် သက်ရှိလူသားများ၏ကမ္ဘာလောကနှင့် အလွန်ကွဲပြားခြားနားသည်။မြောက်များစွာသော သက်ရှိမျိုးနွယ်တို့သည် သေဆုံးပြီးသည်နှင့် ဆမ်ဆာရာဥပဒေသ၏သက်ရောက်မှုခံရကာ ငရဲသို့ဝင်ရောက်ကြရသည်။

ဥာဏ်အလင်းပွင့်နယ်ပယ်သို့ရောက်ရှိပြီးသော ကျင့်ကြံသူများ သေဆုံးသွားလျှင်မူ သူတို့၏ဥာဏ်ရည်ဥာဏ်သွေးများကို ဆက်လက်ထိန်းသိမ်းနိုင်ပြီး ဆမ်ဆာရာဥပဒေသ၏သက်ရောက်မှုကို အမှီပြု၍ လှည့်လည်သွားလာနေသော သရဲတစ္ဆေများ ဖြစ်သွားကြ၏။

မှင်စာ၏မှတ်ဥာဏ်များမှနေ၍ လုယွီသည် မြောက်များစွာသော အနက်ရောင်ဝတ်ရုံဝတ်လူများကိုလည်း တွေ့မြင်ခဲ့ရသည်။

ထိုအနက်ရောင်ဝတ်ရုံဝတ်လူများသည် လက်တစ်ဖက်တွင် သံကြိုးကြီးများကိုကိုင်ဆောင်ထားပြီး တခြားလက်တစ်ဖက်၌ အစိမ်းရောင်မီးအိမ်တစ်လုံး ရှိနေသည်။သူတို့သည် လေလွင့်ဝိညာဥ်များကို အဆက်မပြတ်ရှာဖွေနေပြီး ဖမ်းဆီးနေကြသည်။

အမှန်အားဖြင့် လုယွီသည် ထိုလူများ၏အရှိန်အဝါကို မေ့လျော့ခြင်းမရှိချေ။

"ယင်လော့ဂိုဏ်း"

လုယွီသည် အမည်တစ်ခုအား ရေရွတ်လိုက်၏။သူ၏မျက်လုံးအတွင်းရှိ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ဖုံးကွယ်ထားနိုင်ခြင်းပင်မရှိချေ။

ထိုယင်လော့ဂိုဏ်းသည် ဤကမ္ဘာလောကကြီးနှင့်ပတ်သက်၍ အစီအစဥ်များချမှတ်ထားပေ၏။အလယ်ပိုင်းကုန်းမြေမှသည် မြောက်ပိုင်းနယ်မြေအပြင် ယခုလက်ရှိ အနောက်ပိုင်းခြင်္သေ့နယ်မြေအထိ ယင်လော့ဂိုဏ်းသည် နေရာတိုင်းနီးပါး၌ ထွက်ပေါ်လာခဲ့သည်။

မှင်စာက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။

"ငါက ယင်လော့ဂိုဏ်းကလာတယ်ဆိုတာ မင်း သိသွားပြီဆိုမှတော့...ငါ့ကို မြန်မြန်လွှက်ပေးတော့လေ...မင်းက ငါတို့ဂိုဏ်းကို ရန်စချင်တာလား"

Chapter 1413

လုယွီသည် မှင်စာ၏စကားကို အာရုံစူးစိုက်ခြင်းမရှိချေ။သူ၏လက်ကို ညင်သာစွာ မြှောက်တင်လိုက်ပြီး မှင်စာ၏စိတ်ဝိညာဥ်အား ဆုတ်ဖြဲပစ်လိုက်တော့သည်။

မှင်စာမသေဆုံးမီ သူ၏မျက်လုံးအတွင်း၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။လုယွီက သူ့အား သတ်လိမ့်မည်ဟု သူ မည်သို့မျှယုံကြည်ခြင်းမရှိချေ။

ထိုအရာသည် မြေအောက်လောက၏ နံပါတ်တစ်ဂိုဏ်းဖြစ်ပြီး ငရဲအား နှစ်ပေါင်းအတော်ကြာအုပ်ချုပ်ခဲ့သော ယင်လော့ဂိုဏ်းဖြစ်သည်။

လင်ရှောင်းဂိုဏ်းကဲ့သို့ ကျော်ကြားသောဂိုဏ်းတစ်ဂိုဏ်းပင်လျှင် ယင်လော့ဂိုဏ်းအား လွယ်လင့်တကူ ရန်စဝံ့ခြင်းမရှိချေ။ဤကဲ့သို့ လူငယ်တစ်ယောက်က မည်သည်ကြောင့် လုပ်ဝံ့သနည်း။

"ယင်လော့ဂိုဏ်း...မင်းတို့က သေလမ်းရှာနေကြတာပဲ"

လုယွီသည် မတ်တတ်ထရပ်ပြီး ပတ်ဝန်းကျင်အား ဖြည်းညှင်းစွာ လှည့်ပတ်ကြည့်လိုက်သည်။

သူ၏ကိစ္စအားလုံး ဖြေရှင်းပြီးချိန်တွင် ယင်လော့ဂိုဏ်းအား ရှင်းလင်းပစ်မည်ဟု သူ မူလကကြံစည်ထားခဲ့သည်။ယခုကြည့်ရသည်မှာ ထိုအချိန်ထိ စောင့်ဆိုင်းရန်မလိုအပ်တော့ဘဲ ယင်လော့ဂိုဏ်းသည် ကိုယ်တိုင်ကိုယ်ကျ သေလမ်းကိုရှာဖွေခဲ့ပေ၏။

လုယွီသည် နတ်ဆရာကြီးနှစ်ယောက်ကို စောင်းငဲ့ကြည့်ပြီး အေးစက်စက်လေသံဖြင့်ပြောဆိုလိုက်၏။

"ဒီနေ့ကနေ့စပြီး...အနောက်ပိုင်းခြင်္သေ့နယ်မြေဆိုတာ အပျက်အစီးအဖြစ်ပဲ ကျန်ရှိတော့မယ်"

ဘာ...

နတ်ဆရာကြီးနှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး လေးနက်သောလေသံဖြင့် ပြောဆိုသည်။

"မင်းက တကယ့်ကိုပဲ အားကောင်းသန်မာပါတယ်...ဒါပေမယ့် ငါတို့ အနောက်ပိုင်းခြင်္သေ့နယ်မြေက ရှေးအချိန်ကတည်းက တည်ရှိခဲ့တာ...မင်းက ဒါကို ဖျက်ဆီးပစ်နိုင်မယ်လို့ တွေးနေတာလား"

ဤသည်က သူ ဟာသပြောနေသလော...

အနောက်ပိုင်းခြင်္သေ့နယ်မြေသည် ရှေးခေတ်ကတည်းက တည်ရှိခဲ့သောနယ်မြေဖြစ်သည်။အကယ်၍ လုယွီ၏ကျင့်ကြံဆင့်နယ်ပယ်သည် လောကီအင်မော်တယ်အဆင့်ဖြစ်နေလျှင်ပင် နယ်မြေတစ်ခုလုံးအား ဖျက်ဆီးနိုင်မည်မဟုတ်ချေ။

သို့သော် ထိုအချိန်မှာပင် လုယွီက ရုတ်တရက် လေထုအတွင်းသို့ ပျံဝဲသွားသည်။

လုယွီ၏လက် လှုပ်ရှားလိုက်မှုနှင့်အတူ အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်၏အလောင်းထံမှ ရွှေစည်းတံဆိပ်သည် သူ၏လက်အတွင်းသို့ရောက်ရှိလာပြီး တခြားရွှေစည်းတံဆိပ်လေးခုနှင့် ပေါင်းစပ်သွားပေ၏။

ဘုန်း...

တခဏချင်းမှာပင် လေပြင်းများသည် အရပ်မျက်နှာအဘက်ဘက်မှ ဝေ့ဝိုက်၍တိုက်ခတ်လာသဖြင့် နတ်ဆရာကြီးနှစ်ယောက်သည် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရသည်။

"သူ ဘာလုပ်နေတာလဲ"

သူတို့က ထိတ်လန့်တုန်လှုပ်နေသည်။သူတို့သည် နှစ်ပေါင်းရာနှင့်ချီ၍ ကျင့်ကြံခဲ့သော်လည်း လုယွီကဲ့သို့ ထူးဆန်းသောလူငယ်ကျင့်ကြံသူမျိုးကို မမြင်တွေ့ဖူးချေ။ထိုလူငယ်၏စွမ်းအားသည် သူတို့ထက်အဆပေါင်းများစွာ သာလွန်နေသည်။

ထို့ပြင် ပို၍ထိတ်လန့်စရာကောင်းသောအချက်မှာ လုယွီ၏နောက်ရှိ ဧရာမစိတ်ဝိညာဥ်ပုံရိပ်ယောင်ကြီးပင်။မီတာသုံးသောင်းကျော်မြင့်မားသော ပုံရိပ်ယောင်ကြီးက မားမားမတ်မတ် တည်ရှိနေလေရာ လူအများအား မွန်းကျပ်စေသည့်ခံစားချက်မျိုး ရရှိစေပေ၏။

လုယွီ၏လက်အတွင်း၌ မှော်စွမ်းအင်များပွင့်အံထွက်လာမှုနှင့်အတူ နောက်ဆုံး၌ ရွှေစည်းတံဆိပ်ငါးခုလုံး အတူတကွပေါင်းစပ်သွားတော့သည်။

တောက်ပသောရွှေရောင်အလင်းတန်းသည် လုယွီ၏လက်အတွင်းမှ ထွက်ပေါ်လာပြီး မိုးကောင်းကင်ယံအတွင်းသို့ တန်းတန်းမတ်မတ်ဝင်ရောက်သွားသည်။

ဘုန်း....ဘုန်း...ဘုန်း...

မိုးကောင်းကင်ယံမှနေ၍ မိုးကြိုးလှိုင်းများ တစ်ခုပြီးတစ်ခု ကျဆင်းလာပြီး အနောက်ပိုင်းခြင်္သေ့နယ်မြေ တော်ဝင်နန်းတော်အတွင်းရှိ အထင်ကရရုပ်ထုများပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားသည်။

ထိုရုပ်ထုများသည် ရှေးယခင်မင်းဆက်များမှအစပြု၍ အနောက်ပိုင်းခြင်္သေ့နယ်မြေတော်ဝင်မိသားစုများ၏ အထိမ်းအမှတ်သင်္ကေတများဖြစ်ပြီး ရုတ်တရက်ကျဆင်းလာသော မိုးကြိုးလှိုင်းများကြောင့် ကျိုးပဲ့ကြေမွသွားလေသည်။

တစ်ချိန်တည်းမှာပင် အနောက်ပိုင်းခြင်္သေ့နယ်မြေတော်ဝင်နန်းတော်အတွင်းရှိ အလံများအားလုံး ကြေမွပျက်စီးသွားသည်။

"အနောက်ပိုင်းခြင်္သေ့နယ်မြေကို...အမြစ်ပြတ်သုတ်သင်စမ်း"

လုယွီက မိုးကောင်းကင်ယံအား လက်ညှိုးညွှန်ပြီး အော်ဟစ်လိုက်၏။

မူလက မိုးကောင်းကင်ယံအား လွှမ်းခြုံထားသောတိမ်မည်းများသည် ယခုလက်ရှိအချိန်၌ ပြန့်ကျဲသွားပြီး မိုးကောင်းကင်တာအိုအသစ်၏အပိုင်စီးခြင်း ခံလိုက်ရသည်။

အနောက်ပိုင်းခြင်္သေ့နယ်မြေသည် ရှေးဟောင်းအချိန်များ၌ တာအိုသခင်တစ်ယောက်၏ အပိုင်စားနယ်မြေဖြစ်သည်။

ယခုလက်ရှိအချိန်၌ လုယွီသည် ရွှေရောင်စည်းတံဆိပ်ငါးခုနှင့်အတူ ကျားသင်္ကေတကို ကိုင်ဆောင်ထားသည်။သူသည် အနောက်ပိုင်းခြင်္သေ့နယ်မြေ၏ပိုင်နက်ကိုရုတ်သိမ်းပြီး သူ၏ကိုယ်ပိုင် မိုးကောင်းကင်တာအိုအား အစားထိုးလိုက်ခြင်းပင်။

ဤအချိန်အခိုက်အတန့်တွင် အနောက်ပိုင်းခြင်္သေ့နယ်မြေမှ မြောက်များစွာသောကျင့်ကြံသူများသည် သူတို့၏သွေးများအတွင်းမှ တစ်စုံတစ်ခုပျောက်ဆုံးသွားပြီး တခြားတစ်ခုနှင့်အစားထိုးခံလိုက်ရသကဲ့သို့ ခံစားနေရ၏။

နတ်ဆရာကြီးနှစ်ယောက်သည် နေရာမှာပင် ကြက်သေသေနေသည်။သူတို့သည် လေလွင့်အင်မော်တယ်နယ်ပယ် ကျင့်ကြံသူများဖြစ်သော်လည်း ဤကဲ့သို့ သဘာဝလွန်ကိစ္စမျိုးနှင့် ကြုံတွေ့ရချိန်တွင် အလွန်အမင်းတုန်လှုပ်ချောက်ချားနေပေ၏။

အနောက်ပိုင်းခြင်္သေ့နယ်မြေ...အဆုံးသတ်သွားပြီလော....

"ဒီငမိုက်သားကတော့...သေသင့်တယ်"

နတ်ဆရာကြီးနှစ်ယောက်သည် အနောက်ပိုင်းခြင်္သေ့နယ်မြေဘုရင်၏ရုပ်အလောင်းအားကြည့်ပြီး အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။

မင်းဟာမင်း ဘုရင်လုပ်နေတာ ပိုမကောင်းဘူးလား...ဘာလို့ ဒီလိုမျိုးအစွမ်းထက်ကျင့်ကြံသူမျိုးကို ရန်သွားစတာလဲ.....

လေလွင့်အင်မော်တယ်နှစ်ယောက်ကို လစ်လျှူရှုထားပြီး လုယွီက ပတ်ဝန်းကျင်ရှိလေဟာနယ်အတွင်း၌ အက်ကွဲကြောင်းတစ်ကြောင်း၏အရိပ်အယောင်ကို ဖမ်းဆုပ်လိုက်သည်။

"ငါ့ကို လမ်းပြစမ်း"

လုယွီက အော်ဟစ်ကြုံးဝါးပြီး လေဟာနယ်အတွင်းရှိ အက်ကွဲကြောင်းအား သူ၏လက်သီးဖြင့် ထိုးနှက်လိုက်၏။

Chapter 1414

လုယွီ၏စူးရှသော အော်ငေါက်သံနှင့်အတူ သူ့ရှေ့ရှိလေဟာနယ် ရုတ်တရက် လှုပ်ခတ်သွားသည်။

ခန်းမကြီးသည် မည်သို့မျှပြောင်းလဲသွားပုံမပေါ်သော်လည်း လေဟာနယ်ပုံပျက်သွားခြင်းနှင့်အတူ အနက်ရောင်စုပ်ဝဲတစ်ခု ထွက်ပေါ်လာသည်။

ထိုစုပ်ဝဲသည် အလွန်နက်ရှိုင်းပြီး အတွင်းမှယင်ချီစီးကြောင်းများ ထွက်ပေါ်နေကာ မည်သည့်နေရာသို့ ဦးတည်နေသည့် လမ်းကြောင်းဖြစ်မှန်း မသိနိုင်ချေ။

"သူက လေဟာနယ်ကိုတောင် ဆုတ်ဖြဲလိုက်တာလား"

နတ်ဆရာကြီးနှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြ၏။

လုယွီသည် ကျီးချန်ယွီအား မြေပြင်ပေါ်သို့ ညင်သာစွာချလိုက်သည်။

"မင်းတို့နှစ်ယောက် ဒီနေရာမှာနေပြီး သူ့ကိုကာကွယ်ထားကြ...သူ့ဆံပင်တစ်ချောင်းကျွတ်တာနဲ့ မင်းတို့သေရမယ်"

လုယွီက နတ်ဆရာကြီးနှစ်ယောက်ကို စောင်းငဲ့ကြည့်ပြီး ပြောဆိုသည်။

ယခုလက်ရှိအချိန်၌ လေလွင့်အင်မော်တယ်ကျင့်ကြံသူကြီးနှစ်ယောက်သည် လုယွီ၏အစွမ်းထက်သောအရှိန်အဝါမှ ခြိမ်းခြောက်နိုင်မှုကို ခံစားနေရသည်။သူတို့က တုန်ရီနေသောအသံဖြင့် ပြောဆိုလေ၏။

"ဘာမှစိတ်မပူပါနဲ့...ငါတို့ ဒီနေရာမှာရှိနေသမျှ သူ့အနားကို ဘယ်သူကိုမှချဥ်းကပ်ခွင့်မပြုဘူး"

ထိုသတ်ဖြတ်ခြင်းနတ်ဘုရားသည် မည်သည့်နေရာမှ ရောက်ရှိလာမှန်း သူတို့ မသိသော်လည်း အနောက်ပိုင်းခြင်္သေ့နယ်မြေ၏ မိုးကောင်းကင်တာအိုကိုပင် ဖျက်ဆီးပစ်ခဲ့သည်။သူတို့အား လွယ်လင့်တကူ သတ်ဖြတ်နိုင်သူဖြစ်ပေ၏။

လုယွီသည် သူတို့အား တုံ့ပြန်ပြောဆိုခြင်းမရှိဘဲ အနက်ရောင်စုပ်ဝဲအတွင်းသို့ ခြေချလိုက်သည်။ဤသည်က စံချိန်မီသောကူးပြောင်းရေးဝင်္ကပါတစ်ခု မဟုတ်ချေ။လေဟာနယ်အက်ကွဲကြောင်းသည် ငရဲနယ်မြေ၏အဆုံးမရှိသော လေဟာနယ်မှ သေးငယ်သောအစိတ်အပိုင်းလေးသာဖြစ်သည်။

အနက်ရောင်စုပ်ဝဲ၏တစ်ဖက်၌ လုယွီထွက်ပေါ်လာစဥ်မှာပင် သူ၏ပြင်းထန်သောသွေးအငွေ့အသက်သည် အရပ်မျက်နှာအဘက်ဘက်မှ သရဲတစ္ဆေဝိညာဥ်များအား ဆွဲဆောင်နိုင်သွား၏။

"သက်ရှိတစ်ယောက် အထဲကို ဝင်လာတာလား"

"ဘယ်လောက်တောင် လက်ဆတ်တဲ့ခန္ဓာကိုယ်လဲ...ဒီလိုမျိုး ပြင်းထန်တဲ့သွေးအငွေ့အသက်နဲ့...တကယ်လို့ သူ့ကိုသာဝါးမြိုလိုက်ရင် ငါ့ရဲ့ကျင့်ကြံဆင့်က အများကြီးတိုးတက်လာမှာသေချာတယ်"

"သူ့ကိုရှာကြစမ်း...အဝေးကို ထွက်ပြေးသွားခွင့် မပြုကြနဲ့"

သရဲတစ္ဆေစိတ်ဝိညာဥ်များ၏အသံများက လုယွီ၏နားအတွင်းသို့ ချက်ချင်းဆိုသလိုပင် ဝင်ရောက်လာသည်။

ဤသည်က ငရဲနယ်မြေ၏ထောင့်တစ်နေရာပင်။လုယွီ၏ရုတ်တရက်ပေါ်ထွက်လာမှုကြောင့် သရဲတစ္ဆေများအားလုံးသည် သူထံဦးတည်၍ ပြေးဝင်လာကြ၏။

ထိုသရဲတစ္ဆေဝိညာဥ်များသည် ပြန်လည်မွေးဖွားရန် အရည်အချင်းမမီသဖြင့် တစ်ချိန်လုံး ငရဲ၌သာ လှည့်လည်ကျက်စားနေကြကာ သူတို့၏ခန္ဓာကိုယ်များ၌ ပြင်းထန်သော ရန်ငြှိုးမုန်းတီးမှုအရှိန်အဝါများ ရှိနေသည်။

သရဲတစ္ဆေများ သူ့ထံတိုးဝင်လာသည်ကိုကြည့်ပြီး လုယွီက အေးစက်စက်နှာမှုတ်ကာ ဒေါသတကြီးအော်ငေါက်လိုက်၏။

"သေလမ်းရှာနေကြတာလား"

မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးသည် လုယွီ၏နောက်၌ ရုတ်တရက် ထွက်ပေါ်လာသည်။

အတိတ်တွင် မြေအောက်လောကတာအိုသခင်သည် ငရဲရှိမျိုးနွယ်များအားလုံး၏ အုပ်ချုပ်သူဖြစ်သည်။သရဲတစ္ဆေစိတ်ဝိညာဥ်တိုင်းသည် သူတို့၏စိတ်ဝိညာဥ်အနက်ရှိုင်းဆုံးနေရာမှနေ၍ ကြောက်ရွံမှုက ပျံ့နှံ့လာသည်။

"မဟုတ်ဘူး...ပြေးကြ...."

"အား...အား....ငါ့ရဲ့စိတ်ဝိညာဥ်..."

လုယွီ၏အနီးအနားသို့ ရောက်ရှိနေသည့် မြောက်မြားစွာသော သရဲတစ္ဆေစိတ်ဝိညာဥ်များသည် တုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါ၏ သက်ရောက်မှုကြောင့် အနက်ရောင်အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားကြသည်။

ထွက်ပြေးရန်ကြံရွယ်နေသော သရဲတစ္ဆေဝိညာဥ်များသည် မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီး၏ သုတ်သင်ခြင်းခံရပြီး လေထုအတွင်း၌ ချက်ချင်းပင် လွင့်ပြယ်သွားပေ၏။

လုယွီ၏နောက်၌ မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးထွက်ပေါ်လာမှုသည် မြောက်များစွာသောသရဲတစ္ဆေစိတ်ဝိညာဥ်များအား ပျောက်ကွယ်သွားစေသည်။ဤအချိန်အခိုက်အတန့်တွင် လုယွီနှင့်မလှမ်းမကမ်းအကွာအဝေးတွင်ရှိနေသော သရဲတစ္ဆေစိတ်ဝိညာဥ်များအားလုံး ထိတ်လန့်ကြောက်ရွံနေကြသည်။

လုယွီက မလှမ်းမကမ်းအကွာအဝေးတွင်ရှိနေသော သရဲတစ္ဆေအား အေးစက်စက်ကြည့်၍ သူ၏လက်ကိုဆန့်ထုတ်ကာ ထိုသရဲတစ္ဆေအား ဖမ်းဆုပ်လိုက်သည်။

"စီနီယာ...ခွင့်လွှတ်ပေးပါ"

သရဲတစ္တေသည် မြေပြင်ပေါ်၌ ဒူးထောက်ပြီး အဆက်မပြတ် အရိုအသေပြုနေသည်။

လုယွီက သူ၏လက်တစ်ဖက်ဖြင့် မှော်စွမ်းအားများကိုထုတ်ဖော်၍ ကျီးချန်ယွီ၏မျက်နှာပုံစံ သိပ်သည်းလိုက်၏။သူက အေးစက်စက်လေသံဖြင့် မေးမြန်းသည်။

"ငါ မင်းကို မေးစရာရှိတယ်...မင်း ဒီမိန်းကလေးကို မြင်ဖူးလား"

ထိုသရဲတစ္ဆေသည် ကျီးချန်ယွီ၏မျက်နှာအား မြင်တွေ့ချိန်တွင် သူ၏မျက်နှာပေါ်၌ အံ့အားသင့်သွားသောအရိပ်အယောင် ဖြတ်ပြေးသွားသည်။သူက စကားပြောရန်ဟန်ပြင်နေစဥ်မှာပင် လုယွီ၏အသံက သူ၏နားအတွင်းသို့ ဝင်ရောက်လာသည်။

"မင်းမှာ အခွင့်အရေးတစ်ခါပဲရှိတယ်နော်...လိမ်ဖို့မကြိုးစားနဲ့"

ထိုခြိမ်းခြောက်စကားကိုကြည့်ပြီးနောက် သရဲတစ္ဆေသည် လုယွီ၏နောက်ရှိ မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးကို စောင်းငဲ့၍ကြည့်လိုက်သည်။ထို့နောက် သူက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။

"အဲ့ဒီမိန်းကလေးကို ကျွန်တော် အရင်ကမြင်ဖူးပါတယ်...ပြောနေကြတာတော့ ယင်လော့ဂိုဏ်းရဲ့သားတော်က သူ့ကို ကောင်းကင်ဘုံနယ်မြေကအင်မော်တယ်တစ်ယောက်ကိုဆက်သဖို့ ဖမ်းဆီးထားတယ်တဲ့"

"ယင်လော့သားတော်လား"

လုယွီ၏စိတ်အတွင်း၌ အတွေးများ ဖြတ်ပြေးသွားသည်။ထိုလူသည် ယင်လော့ဂိုဏ်း၏ဂိုဏ်းချုပ်ဟု သူ ကြားသိထားသည်။သူသည် ငရဲနယ်မြေ၏အုပ်ချုပ်သူဖြစ်နေသဖြင့် ယင်လော့သားတော်ဟု ခေါ်ကြပြီး ဤမြေအောက်လောကတစ်ခုလုံး၏အရှင်သခင်လည်း ဖြစ်နေသည်။

လုယွီသည် ယခင်က ယင်လော့ဂိုဏ်းချုပ်နှင့် များစွာထိတွေ့ဆက်ဆံဖူးခြင်းမရှိသော်လည်း ထိုလူ၏လက်အောက်ရှိ ခန်းမသခင်များကိုမူ သတ်ဖြတ်ခဲ့သည်။

ထိုယင်လော့ဂိုဏ်းချုပ်သည် သူ၏ပြောင်းပြန်အကြေးခွံအား ထိဝံ့မည်ဟု သူ မျှော်လင့်မထားမိချေ။

Chapter 1415

"စီနီယာ...ကျွန်တော်က နှစ်တစ်ရာကျော်လောက်ပဲ ကျင့်ကြံရသေးတာ...ကျေးဇူးပြုပြီး ကျွန်တော်ကို သနားငဲ့ညှာပေးပါ"

သရဲတစ္ဆေသည် လုယွီအား အရိုအသေပြုရင်းမှ အဆက်မပြတ် အသနားခံနေသည်။

သို့ရာတွင် အချိန်အတော်ကြာသည့်တိုင် သူ့ရှေ့မှနေ၍ မည်သည့်အသံမျှ ထွက်ပေါ်လာခြင်းမရှိချေ။သရဲတစ္ဆေက ခေါင်းမော့ကြည့်လိုက်ရာ လုယွီ ပျောက်ကွယ်သွားကြောင်းကို သူ တွေ့ရှိလိုက်ရသည်။

"ဒီလူရဲ့မူလဇစ်မြစ်က ဘာများဖြစ်နေမလဲ...သူက ယင်လော့သားတော်ကို ပြဿနာလာရှာတာများ ဖြစ်နေမလား"

သရဲတစ္ဆေ၏စိတ်နှလုံးသားအတွင်း၌ အကြောက်တရားများ ကြီးစိုးနေသည်။သို့သော် မကြာမီမှာပင် သူက စိတ်သက်သာရာရသွားသည်။

ယင်လော့သားတော်သည် ငရဲနယ်မြေတစ်ခုလုံး၏အုပ်ချုပ်သူဖြစ်ပြီး ပြိုင်ဘက်ကင်းဟု နာမည်ကျော်ကြားသူဖြစ်သည်။

အစောပိုင်းက လူငယ်လေးသည် အားကောင်းသန်မာနေသည့်တိုင် ယင်လော့သားတော်၏ပြိုင်ဘက် မဖြစ်နိုင်ချေ။

"သူက ဥာဏ်ရှိပြီး ယင်လော့သားတော်ကို ပြဿနာသွားမရှာတာ ပိုကောင်းလိမ့်မယ်...မဟုတ်ရင် သူ့ကိုယ်သူ သေကြောင်းကြံသလိုဖြစ်သွားမှာပဲ"

သရဲတစ္ဆေက သူ၏စိတ်အတွင်းမှနေ၍ လှောင်ပြောင်သရော်နေသည်။

သို့သော် ထိုအချိန်မှာပင်....

သူနှင့်မလှမ်းမကမ်းအကွာအဝေးမှနေ၍ ကျယ်လောင်သောဆူညံသံကြီး မြည်ဟီးလာသည်ကို သူ ကြားလိုက်ရ၏။

မြင့်မားသောတောင်တစ်လုံးသည် ရုတ်တရက် ကျွမ်းထိုးမှောက်ခုံဖြစ်သွားပြီး အနီးရှိ တောင်ကုန်းတစ်ခုပေါ်သို့ ပြုတ်ကျသွားသည်။

"သူက ယင်လော့ဂိုဏ်းကိုသွားနေတာတော့ မဟုတ်လောက်ပါဘူးနော်"

သရဲတစ္ဆေသည် တုန်လှုပ်ချောက်ချားစွာဖြင့် ချက်ချင်းဆိုသလို အဝေးသို့ထွက်ပြေးတော့သည်။

ထိုကဲ့သို့ နတ်ဘုရားများနှင့်တူသော သူများ၏တိုက်ခိုက်မှုသည် သူ ပါဝင်ပက်သက်နိုင်သည့် ကိစ္စမျိုးမဟုတ်ချေ။အကယ်၍ သူ သတိလက်လွတ်နေမိပါက သူ၏စိတ်ဝိညာဥ်ပင် ပျက်စီးသွားနိုင်သည်။

ငရဲနယ်မြေအတွင်းတွင် တောင်တန်းများကို ဖြတ်သန်း၍ မြစ်တစ်စင်းစီးဆင်းနေသည်။ထိုမြစ်၏တစ်ဖက်ကမ်းတွင် အလင်းရောင်များ တောက်ပနေသော မြို့တစ်မြို့ရှိသည်။သို့ရာတွင် ထိုမြို့ထံတွင် သာယာဝပြောမှုဟူ၍ မတွေ့ရဘဲထူးဆန်းသည့်ခံစားချက်မျိုး ပေးစွမ်းနေသည်။

မြစ်ရေအတွင်း၌ အလင်းရောင်များ ဖြာထွက်နေသည်။တဖျပ်ဖျပ်လက်နေသော မြစ်ရေအတွင်း၌ လူအရိပ်အယောင်များအား မှုန်ဝါးဝါးမြင်နေရ၏။

ထိုလူများသည် သရဲတစ္ဆေများဖြစ်သည်။မြောက်များစွာသော သရဲတစ္ဆေများသည် မြစ်အတွင်း၌စုဝေးပြီး မြစ်ကြောင်းတလျှောက် မည်သည့်နေရာဦးတည်သည်ဟုမသိရဘဲ ရည်ရွယ်ချက်မဲ့ သွားလာနေကြ၏။

လုယွီ မြစ်ကမ်းနံဘေး၌ ထွက်ပေါ်လာသည်နှင့် မြစ်အတွင်းရှိ သရဲတစ္ဆေတစ်ကောင်ထံမှ အသံကိုကြားလိုက်ရသည်။

"စိတ်ဝိညာဥ်တစ်ကောင် ထပ်ရောက်လာပြန်ပြီလား...သူက အဝါရောင်စမ်းချောင်းမြစ်ကို ဖြတ်ကူးမလို့ထင်တယ်"

"မြစ်ရဲ့တစ်ဖက်ကမ်းမှာ ယင်လော့သားတော်နေထိုင်တဲ့ မေ့လျော့ခံကောင်းကင်မြို့တော်ရှိတယ်...အဲ့ဒီမြို့ကို ယင်လော့ဂိုဏ်းကလူတွေပဲ ဝင်လို့ရတာ...သာမာန်စိတ်ဝိညာဥ်တွေက မြို့နားကိုတောင်ကပ်လို့မရဘူး"

"နောက်ထပ်တစ်ယောက် သေလမ်းရှာပြန်ပြီ"

သရဲတစ္ဆေများအနက်မှ တချို့တွင် ဥာဏ်ရည်ဥာဏ်သွေးများရှိကြသဖြင့် သူတို့က လုယွီကို အလျှင်အမြန်သတိပြုမိသွားသည်။

သူတို့က လုယွီကို တစ်ချက်သာစောင်းငဲ့ကြည့်ပြီး ထပ်မံ၍အာရုံစိုက်ခြင်း မရှိတော့ချေ။

အဝါရောင်စမ်းချောင်းမြစ်သည် ငရဲနယ်မြေတစ်ခုလုံးအား ဖြတ်သန်းစီးဆင်းနေသည်။နေ့စဥ်နေ့တိုင်း ဤနေရာသို့ သရဲတစ္ဆေများ ရောက်ရှိလာပြီး မြစ်အတွင်း၌ ချောင်ပိတ်မိကာ ပြန်ထွက်နိုင်ခြင်းမရှိတော့ပေ။

တစ်ရက်ပြီးတစ်ရက် ဤကဲ့သို့ကိစ္စမျိုး အမြောက်အများ ဖြစ်ပွါးခဲ့သည်။

လုယွီသည် အဝါရောင်စမ်းချောင်းမြစ်အတွင်းသို့ ခြေတစ်ဖက်ချလိုက်၏။ထိုမြစ်ရေနှင့် သူ၏ဖိနပ်ထိတွေ့လိုက်သည်နှင့် ချက်ချင်းဆိုသလို အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာသည်။

ရှဲ...ရှဲ...

အနက်ရောင်အခိုးအငွေ့များ မြင့်တက်လာမှုနှင့်အတူ မြောက်များစွာသောသရဲတစ္ဆေများ၏အကြည့်များ လုယွီထံသို့ မဆိုင်းမတွကျရောက်လာသည်။

သရဲတစ္ဆေများအားလုံးသည် အဝါရောင်စမ်းချောင်းမြစ်အတွင်းသို့ဝင်လိုက်သည်နှင့် မြစ်ရေ၏အလိုအလျောက် ကန့်သတ်ခြင်းအား ခံရပေမည်။

သို့ရာတွင် အဝါရောင်စမ်းချောင်းမြစ်၏ ငြင်းပယ်ခံရသော အရာတစ်မျိုးရှိသည်။

ဤသည်က သက်ရှိလူသားပင်။

"ဟမ်...လူသားတစ်ယောက် ဝင်လာတာလား"

"သူ့ကိုဖမ်းပြီး...သူ့ရဲ့ခန္ဓာကိုယ်ကိုအပိုင်စီးနိုင်ရင် ငါ ပြန်လည်မွေးဖွားနိုင်လိမ့်မယ်"

"သူ့ကိုသတ်....သူ့ကိုသတ်ကြ"

ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်နေရာတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။လုယွီ၏ထွက်ပေါ်လာမှုကြောင့် အဝါရောင်စမ်းချောင်းမြစ် ချက်ချင်းပင် သက်ဝင်လှုပ်ရှားသွားသည်။

မြောက်များစွာသောသရဲတစ္ဆေများသည် လုယွီထံသို့ တဟုန်ထိုးပြေးဝင်လာကြ၏။

"သူက ငါ့အပိုင်ပဲ"

"ငါနဲ့ပြိုင်ပြီး လုယက်ဝံ့တဲ့ဘယ်သူမဆို ငါ သတ်ပစ်မယ်"

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏ခန္ဓာကိုယ်သည် ညအမှောင်ယံအတွင်းမှ အလင်းရောင်ကဲ့သို့ဖြစ်နေပြီး သရဲတစ္တေများ တစ်ကောင်ပြီးတစ်ကောင် ပြေးဝင်လာကြသည်။

ထိုအချိန်မှာပင် လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါတစ်ရပ်က ရုတ်တရက် ဆင်းသက်လာပြီး ပတ်ဝန်းကျင်တဝိုက်လုံးရှိ သရဲတစ္ဆေများအားလုံးကို လွင့်ထွက်သွားစေ၏။

"ကျီ ကျီ...ကောင်းကင်ဘုံက ဒီအဖိုးကြီးကို ပစ်ပယ်မထားဘူးပဲ...လူငယ်လေး...မင်းရဲ့လက်ဆတ်တဲ့ခန္ဓာကိုယ်ကို ဟိုအမှိုက်တွေကိုပေးမယ့်အစား ဒီအဖိုးကြီးကိုပေးတာ ပိုကောင်းလိမ့်မယ်"

သရဲတစ္ဆေတစ်ကောင်သည် ထူးဆန်းသောရယ်မောသံကြီးနှင့်အတူ လုယွီ၏ရှေ့သို့ ရောက်ရှိလာသည်။

All Chapters