သန်းခေါင်ယံ လူခြေတိတ်ချိန်
Vol. 46 Ch. 747
ကုန်းထျန်းဟောက်နှင့် ရှောင်လင်းယွီတို့ ထွက်ခွာသွားကြပြီးနောက် ကျန်းထောင်သည် သူတို့၏ကျောပြင်ကို ငေးကြည့်ကာ အချိန်အတော်ကြာသည်အထိ သတိပြန်မဝင်နိုင် ဖြစ်နေခဲ့သည်။
သူတို့ အခု တကယ်ကို ပျော်ရွှင်နေကြ၏။
ကုန်းထျန်းဟောက်နှင့် ရှောင်လင်းယွီတို့သည် လျန်ဖျောင့်ရွှယ်၏မျက်စိရှေ့မှ ရှောင်ကွင်းကာ ကျန်းထောင်ကို လာရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
လျန်ဖျောင့်ရွှယ်ကို ရိပ်မိသွားစေ၍ မဖြစ်ပေ။ သို့မဟုတ်ပါက သူမ သတိဝင်သွားလျှင် ကျန်းထောင်အနေဖြင့် သူမကို ထပ်မံချိန်းဆိုရန် ခက်ခဲသွားပေလိမ့်မည်။
လျန်ဖျောင့်ရွှယ်က ကျန်းထောင်ကို တကယ်သဘောကျမကျနှင့် မည်သည့်အတိုင်းအတာထိ သဘောကျသည်ကို သူတို့ လုံးဝမသေချာကြပေ။ ယခု သူတို့အနေဖြင့် လောင်းကြေးထပ် စမ်းသပ်ကြည့်ရုံသာ ရှိတော့သည်။
သူတို့နှစ်ဦးသည် လက်ချင်းချိတ်ထားကြသည်။
ရှောင်လင်းယွီက မေးလိုက်သည်။ "ထျန်းဟောက်... လျန်ဖျောင့်ရွှယ်က ကျန်းထောင်ကို တကယ်ပဲ သဘောကျတာလား"
ကုန်းထျန်းဟောက်က ခေါင်းခါယမ်းလိုက်ပြီး၊ "ကိုယ်လည်း မသိဘူးလေ"
သို့သော် လျန်ဖျောင့်ရွှယ်သည် ကျန်းထောင်ကို တကယ်ပင် သဘောကျနေနိုင်ပြီး အလွန်အမင်း နှစ်သက်နေသည့် ပုံစံမျိုးဖြစ်ကြောင်း သူ ခန့်မှန်းမိသည်။
လျန်ဖျောင့်ရွှယ်က ယွီအာ့အပေါ် ကြီးမားသော ရန်လိုမုန်းတီးမှုထားရှိခြင်းကလည်း ကျန်းထောင်နှင့် ပတ်သက်ဆက်နွှယ်နေနိုင်လေသည်။
လျန်ဖျောင့်ရွှယ်၏ ယခင်ဘဝက မည်သို့သောလူစားမျိုးဖြစ်သည်ကို မသိရသော်လည်း ဤဘဝတွင်မူ လျန်မိသားစု၌ မွေးဖွားလာသူပီပီ အလိုလိုက်ခံရကာ အိမ်ထောင်ရေးကိစ္စကိုပင် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိသူ ဖြစ်သည်။ သူမ မနှစ်သက်သော ယောက်ျားတစ်ယောက်နှင့် လက်ထပ်ရန် သို့မဟုတ် အကျိုးစီးပွားအတွက် လက်ထပ်ရန် အတင်းအကျပ် ဖိအားပေးခံရခြင်းမျိုး လုံးဝမရှိပေ။
ဤသည်မှာ ကြီးကျယ်ခမ်းနားသော မိသားစုကြီးတွင် မွေးဖွားလာသည့် သခင်မလေးတစ်ဦးအတွက် အလွန်ကြီးမားသော ပျော်ရွှင်မှုပင် ဖြစ်သည်။
လျန်မိသားစုက လျန်ဖျောင့်ရွှယ်နှင့် ကျန်းထောင်ကို စေ့စပ်ပေးရန် ရွေးချယ်လိုက်သည့်အချိန်တွင် လျန်ဖျောင့်ရွှယ်က မကန့်ကွက်ခဲ့ပေ။ ဤအချက်က လျန်ဖျောင့်ရွှယ်သည် ကျန်းထောင်ကို တကယ်ပင် နှစ်သက်ကြောင်း သက်သေပြနေသည်။
အကယ်၍ လျန်ဖျောင့်ရွှယ်က ကျန်းထောင်ကို နှစ်သက်နေသော်လည်း ကျန်းထောင်က အခြားမိန်းမတစ်ယောက်ကို နှစ်သက်နေသည်ကို သိရှိသွားပါက သူမ၏စိတ်ထဲတွင် ဘယ်လိုဖြစ်သွားမလဲ။ မနာလိုဝန်တိုဖြစ်မှာလား။ ဒါမှမဟုတ် ထိုမိန်းမ၏နေရာတွင် အစားထိုးဝင်ရောက်နိုင်ရန် ရက်ရက်ရောရောပင် လိုက်လံကြိုးပမ်းအားထုတ်မည်လား။
လျန်ဖျောင့်ရွှယ်က ရှောင်လင်းယွီကို အလွန်အမင်း နာကျည်းမုန်းတီးနေပြီး ရှောင်လင်းယွီကို သတ်ပစ်ချင်သည်အထိ ဖြစ်ရသည့် အကြောင်းရင်းကို ကြည့်လျှင် မနာလိုဝန်တိုစိတ်ကြောင့် ဖြစ်နိုင်ချေများလေသည်။ သူမက ရှောင်လင်းယွီကို ပျောက်ကွယ်သွားစေချင်သည်။ သို့မှသာ ရှောင်လင်းယွီ မရှိတော့သည့်အချိန်တွင် သူ့စိတ်ထဲရှိ ရှောင်လင်းယွီ၏နေရာတွင် သူမက အစားထိုးဝင်ရောက်နိုင်မည် ဖြစ်သည်။
ဟုတ်ပါ၏။ ဤသည်မှာ ကုန်းထျန်းဟောက်၏ ခန့်မှန်းချက်သာ ဖြစ်သည်။ သူသည် ရှောင်လင်းယွီကို အတွေးမများစေချင်သလို ဝန်ထုပ်ဝန်ပိုးလည်း မဖြစ်စေချင်သည့်အတွက် ဤခန့်မှန်းချက်ကို သူမအား ထုတ်မပြောခဲ့ပေ။
ရှောင်လင်းယွီက မျက်မှောင်ကြုတ်လိုက်ပြီး သံသယအနည်းငယ်ဖြင့် ပြောလိုက်သည်။ "ထျန်းဟောက်... လျန်ဖျောင့်ရွှယ်နဲ့ မတွေ့ဖူးသေးပေမယ့် သူ ကျွန်မအပေါ်ထားတဲ့ ရန်လိုမှုနဲ့ နာကျည်းမှုတွေက တစ်မျိုးကြီးဖြစ်နေတယ်လို့ ဘာဖြစ်လို့ ခံစားနေရတာလဲမသိဘူး"
"......"
ကုန်းထျန်းဟောက်က နှစ်သိမ့်လိုက်သည်။ "မင်းလက်ထဲမှာ နေရာလွတ်ကျောက်စိမ်းပြားရှိနေတာကို သူသိလို့ လုချင်နေတာကြောင့် မင်းအပေါ် ရန်လိုမုန်းတီးနေတာ ဖြစ်နိုင်တာပဲ"
"ဟုတ်လို့လား" ရှောင်လင်းယွီက သံသယဝင်နေဆဲပင်။ သို့သော် တစ်ခုခုလွဲမှားနေသည်ဟု သူမ ခံစားနေရသည်။
"ကဲပါ... မင်း အရမ်းတွေးမနေပါနဲ့တော့" ကုန်းထျန်းဟောက်က သူမကို ရင်ခွင်ထဲ ထည့်ဖက်ထားလိုက်ပြီး ပြောလိုက်သည်။ "လျန်ဖျောင့်ရွှယ်က ဘာအကြောင်းကြောင့်ပဲ ကိုယ်တို့နဲ့ ရန်ငြိုးဖွဲ့ဖွဲ့... ကိုယ်တို့နဲ့သူ့ကြားက ဆက်ဆံရေးကတော့ မသေမချင်း မပြီးဆုံးနိုင်တဲ့ အခြေအနေဖြစ်သွားပြီ"
ရှောင်လင်းယွီကို သေကြောင်းကြံစည်ရန် သူမ လှုပ်ရှားလိုက်သည့်အချိန်ကစ၍ ကုန်းထျန်းဟောက်သည် သူမကို လွှတ်ပေးရန် စိတ်ကူးမရှိခဲ့ပေ။
ထို့အပြင် သူမ၏လက်ထဲတွင် အခြားသော နတ်ဘုရားလက်နက်တစ်ခုကို ပိုင်ဆိုင်ထားပြီး ကိုယ်ပျောက်အတတ်ကို အသုံးပြုနိုင်ခြင်းက သူတို့အတွက် ကြီးမားသော ဘေးအန္တရာယ်တစ်ခု ဖြစ်နေသည်။
ဤဘေးအန္တရာယ်ကို မရှင်းလင်းဘဲ နေ၍မဖြစ်ပေ။
ရှောင်လင်းယွီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "ဒါပေမဲ့ သူက အခု ကျန်းထောင်ရဲ့ စေ့စပ်ထားသူဖြစ်နေပြီလေ။ နောင်ကျရင် လင်မယားတွေ ဖြစ်လာနိုင်ပြီး ကျန်းထောင်နဲ့ အေးအတူပူအမျှ ပေါင်းသင်းရမယ့်သူလေ။ ကျွန်မတို့ သူ့ကို ဒီလိုလုပ်လိုက်ရင် ကျန်းထောင်အတွက် မကောင်းဖြစ်သွားမလား"
ကုန်းထျန်းဟောက်က အခိုင်အမာ ပြောလိုက်သည်။ "ကျန်းထောင်က သူ့ကို လက်ထပ်မှာ မဟုတ်ပါဘူး"
ထိုသို့သော ရက်စက်ယုတ်မာသည့် အမျိုးသမီးသည် ကျန်းထောင်နှင့် လုံးဝမတန်ပေ။
ရှောင်လင်းယွီက ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ "ပြောရခက်ပါတယ်။ ခံစားချက်နဲ့ပတ်သက်တဲ့ကိစ္စတွေက ရှင်ဖြစ်စေချင်သလို ဖြစ်လာတာမှ မဟုတ်တာ။ အကယ်၍ နောင်ကျရင် ကျန်းထောင်က လျန်ဖျောင့်ရွှယ်ကို တကယ်ချစ်သွားရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့ သူတို့က အခု စေ့စပ်ထားကြတာလေ။ ကျွန်မတို့ သူ့ကို ဒုက္ခပေးလိုက်ရင်..." သူတို့ကြားက ခင်မင်ရင်းနှီးမှုကို ထိခိုက်သွားစေမလားဟု သူမ တွေးပူမိသည်။
ကုန်းထျန်းဟောက်က ပြုံးကာ ပြောလိုက်သည်။ "မဖြစ်နိုင်ပါဘူး။ ကျန်းထောင်က အမှားအမှန် ခွဲခြားတတ်တဲ့သူပါ"
"ဟူး..." ရှောင်လင်းယွီက သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "အဲဒီလိုဆိုရင်တော့ ကျန်းထောင်ကို ကျွန်မတို့ အရမ်းအားနာဖို့ ကောင်းနေပြီလို့ ခံစားရတယ်"
ဘုရားကျောင်းဆောင် ဆယ်ဆောင်ကို ဖျက်ဆီးချင် ဖျက်ဆီးပါ၊ မင်္ဂလာပွဲတစ်ပွဲကိုတော့ မဖျက်ဆီးပါနှင့်ဟု ဆိုရိုးစကား ရှိသည်မဟုတ်လား။
ကုန်းထျန်းဟောက်က နှစ်သိမ့်လိုက်သည်။ "ထောင်ဇီက သူကြိုက်တဲ့ မိန်းကလေးကို ရှာတွေ့မှာပါ။ ဒါပေမဲ့ ကိုယ်တို့ ထောင်ဇီကို ကြိုပြီး သတိပေးထားမှ ဖြစ်မယ်"
မည်သို့ပင်ဖြစ်စေ လျန်ဖျောင့်ရွှယ်ကို ကိုင်တွယ်ဖြေရှင်းရာတွင် သူမတစ်ယောက်တည်းသာ မဟုတ်ဘဲ သူမ၏နောက်ကွယ်ရှိ လျန်မိသားစုတစ်ခုလုံးကိုပါ ရင်ဆိုင်ရမည် ဖြစ်သည်။
ကုန်းမိသားစုနှင့် လျန်မိသားစုသည် ရန်ငြိုးဖွဲ့ရန် ရေစက်ပါလာပုံရ၏။
ကျန်းထောင်အနေဖြင့်မူ ယခုအချိန်တွင် ကျန်းမိသားစုအတွင်း အာဏာကို ချုပ်ကိုင်ထားနိုင်ပြီဖြစ်ရာ သူ့အိမ်ထောင်ရေးကို မည်သူကမျှ အလွယ်တကူ ဝင်ရောက်စွက်ဖက်နိုင်တော့မည် မဟုတ်ပေ။
……
သန်းခေါင်ယံအချိန်... ကုန်းမိသားစု၏ ကလေးအိပ်ခန်းထဲတွင် ရှောင်လဲ့ထုန်သည် ပုံရိပ်ယောင်အတတ်ကို အသုံးပြု၍ ခေါင်းအုံးနှစ်လုံးကို ရှောင်လဲ့ထုန်နှင့် ရှောင်လင်ပုံစံတူများအဖြစ် ပြောင်းလဲလိုက်ပြီး ကုတင်ပေါ်တွင် အိပ်ပျော်နေသည့်ဟန် ဖန်တီးလိုက်လေသည်။ တစ်စုံတစ်ယောက်က အသက်ရှူသံကို တမင်လာရောက် မစမ်းသပ်သရွေ့ ဤနှစ်ယောက်သည် အတုများဖြစ်ကြောင်း မည်သူမျှ သံသယဝင်မည် မဟုတ်ပေ။
ရှောင်လင်သည် ထိုပုံရိပ်ယောင်အတတ်ကို မြင်လိုက်ရသောအခါ မျက်လုံးများ အရောင်တောက်သွားပြီး အားကျသည့်လေသံဖြင့် ပြောလိုက်သည်။ "အစ်ကို... အစ်ကိုက သိပ်တော်တာပဲ။ တကယ်ကို အံ့မခန်းပဲနော်"
ရှောင်လဲ့ထုန်က လက်ခုပ်တီးလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "ဒါက အသေးအဖွဲလေးပါ"
"မဟုတ်ဘူး... အစ်ကိုက တကယ်တော်တာပါ။ နတ်ဘုရားလောကက လျန်ချီအဆင့် ၅ ဆိုရင် ဒီလောက် မစွမ်းဆောင်နိုင်ဘူးဆိုတာ ကျွန်တော် မှတ်မိပါတယ်" ရှောင်လင်က လေးနက်စွာ ပြောလိုက်သည်။
ရှောင်လဲ့ထုန်က ပြောလိုက်သည်။ "လင်အာ... မင်း မေ့နေတာလား။ ငါက အပေါ်ယံသာလျန်ချီအဆင့် ၅ ရှိတာလေ။ ငါ့ရဲ့ ဝိညာဉ်စွမ်းအားက အရမ်းကြီးမားတယ်"
ရှောင်လင်က ချက်ချင်း သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်သည်။ "ဩော်... ဟုတ်သားပဲ။ အစ်ကိုက အရင်တုန်းက မဟာယာနအဆင့်ထိ ရောက်ခဲ့တဲ့ တန်ခိုးရှင်ပဲ"
ရှောင်လဲ့ထုန်က ရုတ်တရက် ရှောင်လင်၏လက်ကို ဆွဲကိုင်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။ "ကဲပါ... စကားများမနေပါနဲ့တော့။ အားလုံးအိပ်ပျော်နေတုန်း ငါတို့ အမြန်သွားကြစို့။ မြန်မြန်သွားပြီး မြန်မြန်ပြန်ကြမယ်"
ပြောပြီးသည်နှင့် သူသည် အဝါရောင် အင်းစက္ကူနှစ်ရွက်ကို ထုတ်ယူလိုက်ပြီး တစ်ယောက်တစ်ရွက်စီ ကိုယ်ပေါ်တွင် ကပ်လိုက်ကြသည်။ ထို့နောက် သူတို့၏ပုံရိပ်များသည် အခန်းထဲမှ ပျောက်ကွယ်သွားလေတော့သည်။
ခဏအကြာတွင် သူတို့သည် ခြံဝန်းကျယ်အိမ်ကြီးတစ်လုံး၏အပြင်ဘက်သို့ ရောက်ရှိသွားကြ၏။
"အစ်ကို... ဒီမှာ သွေးညှီနံ့တွေက အရမ်းပြင်းတာပဲ" လူသူကင်းမဲ့နေသောနေရာမှ စကားသံ ထွက်ပေါ်လာခြင်း ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက် ကြားသွားပါက သရဲဟု အော်ဟစ်မိပေလိမ့်မည်။
ထို့နောက် နုနယ်ပြတ်သားသည့် အခြားအသံတစ်သံက ထွက်ပေါ်လာပြန်သည်။ "ဒီအိမ်ကြီးထဲမှာ လူတွေအများကြီး အသတ်ခံထားရလို့ သွေးညှီနံ့ ပြင်းနေတာပေါ့"
"လူတွေအများကြီး အသတ်ခံထားရတယ် ဟုတ်လား" ရှောင်လင်က သံသယအနည်းငယ်ဖြင့် ပြောလိုက်သည်။ "ဒီကမ္ဘာက အရမ်းငြိမ်းချမ်းတယ် မဟုတ်ဘူးလား။ လူသတ်ရင် အသက်လျော်ကြေး ပေးရမယ်လေ။ ဒါပေမဲ့ ဒီမှာ လူတွေအများကြီး အသတ်ခံထားရတာကို ဘယ်သူမှ မသိကြဘူးလား"
"ငတုံးလေး" ရှောင်လဲ့ထုန်က ဆူလိုက်သည်။ "မသိကြလို့ ဘာမှမဖြစ်ဘဲ နေနိုင်တာပေါ့။ ဩော်... မဟုတ်သေးဘူး။ မပေါက်ကြားသေးလို့..."
ထိုသို့ပြောရင်း ရှောင်လဲ့ထုန်၏ မျက်လုံးများ အရောင်လက်သွားကာ တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားလေသည်။ "ငါ အကြံတစ်ခုရပြီ"
ရှောင်လင်က သံသယဖြင့် မေးလိုက်သည်။ "အစ်ကို... ဘာကို တွေးမိလို့လဲ"
ရှောင်လဲ့ထုန်က ပြောလိုက်သည်။ "လျန်ဖျောင့်ရွှယ်ကို ဒီအတိုင်း သတ်လိုက်ရင် သူ့အတွက် သက်သာလွန်းတယ်လို့ ငါထင်တယ်။ ပြီးတော့ သူ့လက်ထဲမှာ နတ်ဘုရားလက်နက် ရှိနေပေမယ့် သူက သာမန်လူတစ်ယောက်ပဲလေ။ သူ့ကို တန်းပြီးသတ်လိုက်ရင် ကံကြမ္မာအကျိုးပေးတွေ ပါလာနိုင်ပြီး နောင်ကျင့်ကြံတဲ့အခါ အတားအဆီးတွေ ဖြစ်လာနိုင်တယ်။ အဲဒါက ပြဿနာရှိတယ်။ သူ့ကို လက်စားချေမယ့် အကောင်းဆုံးနည်းလမ်းကို ငါရုတ်တရက် စဉ်းစားမိလိုက်ပြီ။ ဒီနည်းလမ်းက သူ့ကို သတ်လိုက်တာထက် ပိုပြီးခံရခက်စေလိမ့်မယ်။ ဟေ့... လင်အာ... မင်း ဘာဖြစ်လို့လဲ"
ရှောင်လင်က နှာခေါင်းကို ရှုံ့လိုက်ပြီး နားမလည်နိုင်စွာဖြင့် ပြောလိုက်သည်။ "အစ်ကို... အဲဒီ နတ်ဘုရားလက်နက်ရဲ့ အငွေ့အသက်ကို ကျွန်တော် အာရုံခံမိနေတယ်။ ဒါပေမဲ့ အဲဒါက ကျွန်တော်နဲ့ အရမ်းရင်းနှီးနေသလိုပဲ"
"ဘာပြောတယ်" ရှောင်လဲ့ထုန် အံ့အားသင့်သွားသည်။ "သွား... အဲဒါ ဘာလက်နက်လဲဆိုတာ သွားကြည့်ရအောင်"
ရှောင်လဲ့ထုန်သည် ရှောင်လင်၏လက်ကို ဆွဲကာ အိမ်ကြီးထဲသို့ ဗြောင်ကျကျပင် ဝင်ရောက်သွားလေသည်။ ဩော်... မဟုတ်သေး... ကိုယ်ပျောက်၍ ဝင်ရောက်သွားခြင်း ဖြစ်သည်။
"ဒီမှာ... ဒီဘက်မှာ..." ရှောင်လင်က လမ်းညွှန်ပေးလိုက်သည်။
မကြာမီ ရှောင်လင်က အခန်းတစ်ခန်းကို ညွှန်ပြလိုက်၏။ "အစ်ကို... နတ်ဘုရားလက်နက်က ဒီအခန်းထဲမှာ"
ထိုသို့ပြောလိုက်ချိန်တွင် သူ နှာခေါင်းရှုံ့လိုက်ပြီး သံသယနှင့် စိုးရိမ်စိတ်များ ရောထွေးနေသော လေသံဖြင့် ပြောလိုက်သည်။ "ဒီအခန်းထဲက ထွက်နေတဲ့ သွေးညှီနံ့က အရမ်းပြင်းတာပဲ။ ဒီအခန်းထဲမှာ လူတွေအများကြီး သေထားတာများလား"
နတ်ဘုရားလက်နက်၏ အငွေ့အသက်ကို ရင်းနှီးနေသည်ဟု သူ ခံစားမိသည်။ ထူထပ်သော သွေးညှီနံ့ကို ရှူရှိုက်မိလိုက်သောအခါ ထိုလက်နက်က လူသတ်ထားမည်ကို သူ စိုးရိမ်သွားမိ၏။
နတ်ဘုရားလက်နက်တစ်ခုက လူသတ်ဖြတ်ခြင်းကို စတင်ပြုလုပ်ပါက မိစ္ဆာလက်နက် ဖြစ်လာပေလိမ့်မည်။
နတ်ဘုရားလက်နက်တစ်ခု မိစ္ဆာလက်နက် ဖြစ်သွားမည်ကို သူ လုံးဝမလိုလားပေ။
ရှောင်လဲ့ထုန်က ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ "လင်အာ... အရင်ဝင်ကြည့်ရအောင်"
ပြောပြီးသည်နှင့် သူတို့သည် တံခါးကို ဖောက်ထွက်ဝင်ရောက်သွားကြသည်။
အထဲသို့ ရောက်သည်နှင့် သွေးညှီနံ့များက နှာခေါင်းထဲသို့ အလုံးအရင်း ဝင်ရောက်လာရာ ပျို့အန်ချင်စိတ်ပင် ပေါက်သွားစေသည်။
သူတို့နှစ်ဦးသည် စိတ်ကို စုစည်းလိုက်ပြီး အနံ့ခံအာရုံကို ပိတ်ထားလိုက်ကြ၏။
ထို့နောက် ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်သည်။ အခန်းက ကျယ်ဝန်းပြီး သပ်ရပ်လှပကာ နေရာတိုင်းတွင် ပန်းရောင်လွှမ်းနေသည်။
သို့သော် ထိုပန်းရောင်အခန်းထဲတွင် နာကျည်းချက်များဖြင့် သေဆုံးခဲ့ရသော ဝိညာဉ်အများအပြား တွေဝေငေးငိုင်စွာ လွင့်မျောနေကြသည်ကို သူတို့ တွေ့လိုက်ရလေသည်။
ရှောင်လဲ့ထုန်နှင့် ရှောင်လင်တို့က ထိုဝိညာဉ်များကို အရေးမလုပ်ပေ။ သူတို့ ပထမဆုံး မြင်လိုက်ရသည်မှာ ကုတင်ပေါ်မှ အမျိုးသမီး ဖြစ်သည်။
ရုတ်တရက် ရှောင်လင်၏ အကြည့်က သူမ၏ လက်ကောက်ဝတ်ရှိ အနီရောင်ကြိုးလေးဆီသို့ ရောက်သွားသောအခါ မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်သော အမူအရာ ဖြစ်ပေါ်လာလေသည်။
***