ကြိုးနီလေးကို ပြန်ယူခြင်း
Vol. 46 Ch. 748
ရှောင်လင် ကြောင်ငေးနေသည်ကို မြင်လိုက်ရသဖြင့် ရှောင်လဲ့ထုန်က ချက်ချင်း နှိုးလိုက်သည်။
"လင်အာ... လင်အာ... ဘာဖြစ်တာလဲ" ရှောင်လဲ့ထုန်က စိုးရိမ်တကြီး အော်ခေါ်လိုက်သည်။
ရှောင်လင်သည် ထိုကြိုးနီလေးကို မြင်လိုက်ရသောအခါ ရှောင်လဲ့ထုန်၏လက်ကို လွှတ်ချလိုက်ပြီး ကုတင်ဘေးသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ ထို့နောက် မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိ၏။
ရှောင်လဲ့ထုန်မှာ လန့်သွားပြီး သူ့လက်ကို အပြေးအလွှား ဆွဲကာ စိုးရိမ်တကြီး မေးလိုက်သည်။ "လင်အာ... မင်း ဘာဖြစ်သွားတာလဲငါ့ကို ဖြေပါဦး"
ထိုကြိုးနီလေးသည် အဆင့်နိမ့် မှော်ကိရိယာတစ်ခုသာ ဖြစ်ပြီး ရှောင်လင်နှင့် လုံးဝ ယှဉ်၍မရကြောင်း ရှောင်လဲ့ထုန် တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။
သို့သော် ယခု ရှောင်လင်က ထိုကြိုးနီလေးကို စိတ်ဝင်စားနေသည်မှာ တစ်ခုခု လွဲမှားနေသည်ဟု သူ တွေးမိလိုက်သည်။
အထူးသဖြင့် ကြိုးနီလေးကို မြင်ပြီး ကြောင်ငေးနေသည့် ရှောင်လင်၏ ပုံစံကြောင့် သူ စိတ်ပူလာရ၏။
အကြိမ်အနည်းငယ် ခေါ်သော်လည်း ရှောင်လင်က တုံ့ပြန်မှုမရှိပေ။ ရှောင်လဲ့ထုန်က ဂါထာမန္တန်သုံးပြီး နှိုးရန် ပြင်လိုက်စဉ်မှာပင် ရှောင်လင်က ရုတ်တရက် အော်ခေါ်လိုက်သည်။
"အစ်ကို"
"ဟမ်..." ရှောင်လဲ့ထုန်က မျက်မှောင်ကြုတ်ရင်း ထူးလိုက်သည်။
"အစ်ကို... ကျွန်တော် သတိရသွားပြီ" ရှောင်လင်က ပြောလိုက်သည်။
"ဘာကို သတိရတာလဲ... ပြောလေ။ စကားကို တစ်ဝက်တစ်ပျက်နဲ့ ရပ်ထားတော့ ငါ့မှာ ရင်ပူရတာပေါ့ကွ။ မင်း ဘယ်တုန်းက ဒီလိုအကျင့်ရသွားတာလဲ" ရှောင်လဲ့ထုန်က စိတ်မရှည်စွာ ပြောလိုက်သည်။
ရှောင်လင်က ပြောလိုက်သည်။ "အစ်ကို... ကျွန်တော် သတိရပြီ။ ဒီကြိုးနီလေးက မူလက ကျွန်တော့်ပစ္စည်းပဲ"
"ဟမ်... မင်းပစ္စည်း ဟုတ်လား။ ကြိုးနီလေးကလေ" ရှောင်လဲ့ထုန် ကြောင်အသွားသည်။
သူတို့က နတ်ဘုရားလက်နက်ဆိုပြီး ထင်ကြေးပေးခဲ့ကြသလို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကိုလည်း စဉ်းစားခဲ့ကြသည်။ လက်တွေ့တွင်မူ ရှောင်လင်၏ ပစ္စည်းဖြစ်နေခဲ့၏။
ဒါဆိုရင် သူတို့ အရင်က ဘာလို့ အကြီးအကျယ် တွေးပူနေခဲ့ကြတာလဲ။
ရှောင်လဲ့ထုန်က စိတ်စောစွာဖြင့် မေးလိုက်သည်။ "ရှောင်လင်... မင်း ဘာကိုဆိုလိုတာလဲ။ ရှင်းရှင်းလင်းလင်း ပြောစမ်းပါ။ ငါ့ကို ရင်တမမ ဖြစ်အောင် မလုပ်ပါနဲ့"
ရှောင်လင်က၊ "အစ်ကို... ကျွန်တော် စပြီး ဖန်တီးခံရတုန်းက ကျောက်စိမ်းပြားပုံစံဆိုတာ အစ်ကို သိတယ်မလား။ ကျွန်တော့်ကို ဖန်တီးတဲ့သူက သယ်ဆောင်ရလွယ်ကူအောင် ကြိုးနီလေးတစ်ချောင်းရှာပြီး ကျွန်တော့်ကိုချည်နှောင်ပြီး လည်ပင်းမှာ ဆွဲထားခဲ့တာလေ"
ရှောင်လဲ့ထုန် သဘောပေါက်သွားလေသည်။
ရှောင်လင်နှင့် ကြိုးနီလေးသည် တစ်တွဲတည်း ဖြစ်သည်။
"ဒီကြိုးနီလေးက ဖန်တီးထားတာလား။ ဒါမှမဟုတ်ရင် ဘယ်လိုလုပ်ပြီး ဝိညာဉ်အသိစိတ် ဖြစ်လာနိုင်မှာလဲ" ရှောင်လဲ့ထုန်က သံသယဖြင့် မေးလိုက်သည်။
ဝိညာဉ်အသိစိတ် ဖြစ်ပေါ်လာသော နတ်ဘုရားလက်နက်များသာလျှင် လူနှင့် ပဋိညာဉ်ဖွဲ့နိုင်ပြီး မှော်စွမ်းအင် ပေးစွမ်းနိုင်ပေသည်။
ရှောင်လင်က ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ "မဟုတ်ဘူး။ ဒီကြိုးနီလေးက ယွဲ့လောင် (ဖူးစာရေးနတ်မင်း) ဆီကနေ စွန့်ပစ်လိုက်တဲ့ ကြိုးအစုတ်လေးကို ကောက်ယူလာခဲ့တာ"
ရှောင်လဲ့ထုန် သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်သည်။ "ဩော်... ငါ သဘောပေါက်ပြီ"
ယွဲ့လောင်၏ ကြိုးနီလေးများသည် ဖူးစာရေးနတ်မင်း၏ပစ္စည်းများဖြစ်ရာ ဝိညာဉ်ဓာတ် ပါရှိပြီးသား ဖြစ်သည်။ ကြာလာသောအခါ ဝိညာဉ်အသိစိတ် ပေါက်ဖွားလာခြင်း ဖြစ်ပေလိမ့်မည်။
ရှောင်လဲ့ထုန်က ခေတ္တစဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "လင်အာ... မင်းပစ္စည်းဆိုမှတော့ ငါတို့ တန်းပြီး ပြန်ယူသွားလိုက်မယ်"
ပြောပြီးသည်နှင့် ရှောင်လဲ့ထုန်က ဂါထာမန္တန် ရွတ်ဖတ်လိုက်ရာ အဖြူရောင်အလင်းတန်းတစ်ခု လျန်ဖျောင့်ရွှယ်၏ လက်ကောက်ဝတ်သို့ ကျရောက်သွားပြီး ကြိုးနီလေးသည် အလိုအလျောက် ပြုတ်ထွက်လာကာ ရှောင်လဲ့ထုန်၏လက်ထဲသို့ ရောက်ရှိလာလေသည်။
ရှောင်လဲ့ထုန်သည် လက်ထဲရှိ ကြိုးနီလေးကို ကြည့်ကာ မဲ့ပြုံးပြုံးလိုက်၏။ "လင်အာရဲ့ပစ္စည်း ဖြစ်နေမှတော့ ငါတို့ ပြန်ယူတာ တရားမျှတပါတယ်။ စိတ်ယုတ်မာကောက်ကျစ်တဲ့ ဒီမိန်းမက ငါတို့ပစ္စည်းကို သုံးစွဲဖို့ အရည်အချင်း မမီပါဘူး"
ရှောင်လင်၏မျက်လုံးများက ပို၍ တောက်ပလာသည်။
ရှောင်လဲ့ထုန်က ကြိုးနီလေးကို ရှောင်လင်အား ချက်ချင်းမပေးသေးဘဲ လက်ကိုဆွဲကာ ပြောလိုက်သည်။ "ပြန်ကြစို့"
လျန်ဖျောင့်ရွှယ်ကို သတ်စရာ မလိုတော့ပေ။
သူ့ကို သတ်လိုက်လျှင် သူတို့လက်များ ညစ်ပေရုံသာ ရှိမည်။
ယခု ကြိုးနီလေး မရှိတော့သည့်အတွက် သူမ၏ ကိုယ်ပျောက်အတတ်လည်း ပျောက်ကွယ်သွားပေလိမ့်မည်။ နောင်တွင် မိဘများကို ဒုက္ခပေးရန် ကိုယ်ပျောက်အတတ် သုံးချင်လျှင် စိတ်ကူးပင် မယဉ်နိုင်တော့ချေ။
သူမကို မသတ်သော်လည်း လက်စားချေမှုကတော့ ရှိပေမည်။
ဤလက်စားချေမှုက လျန်ဖျောင့်ရွှယ်အတွက် သေတာထက် ပိုဆိုးပေလိမ့်မည်။
ရှောင်လဲ့ထုန်နှင့် ရှောင်လင်တို့ အိမ်ကြီးထဲမှ ထွက်ခွာသွားသည်အထိ ကုတင်ပေါ်တွင် အိပ်ပျော်နေသော လျန်ဖျောင့်ရွှယ်ရော၊ ကင်းလှည့်နေသော သက်တော်စောင့်များပါ မည်သူမျှ မသိလိုက်ကြပေ။
ရှောင်လဲ့ထုန်နှင့် ရှောင်လင်တို့သည် နေရာရွှေ့ပြောင်းအတတ်ကို အသုံးပြု၍ ကုန်းအိမ်တော်ရှိ သူတို့၏အခန်းထဲသို့ ချက်ချင်း ပြန်ရောက်လာကြသည်။
အခန်းထဲ ရောက်သည်နှင့် ရှောင်လဲ့ထုန်သည် အသံလုံစည်းကို ချလိုက်ပြီး ကုတင်ပေါ်ရှိ လူပုံစံတူများကို ခေါင်းအုံးများအဖြစ် ပြန်ပြောင်းလိုက်သည်။
ထို့နောက် ရှောင်လဲ့ထုန်က လက်ထဲရှိ ကြိုးနီလေးကို ကိုင်ကာ ပြောလိုက်သည်။ "လင်အာ... ဒီကောင်လေးက ပြန်ကန်အားတစ်ခုခု ထိထားပုံရတယ်။ ဒဏ်ရာအပြင်းအထန်ရထားလို့ အိပ်စက်အနားယူနေတာပဲ။ ဒဏ်ရာရထားလို့ အငွေ့အသက်တွေ စိမ့်ထွက်နေတာကြောင့် မင်း အာရုံခံမိလိုက်တာနေမှာ"
ရှောင်လင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "လျန်ဖျောင့်ရွှယ်လက်ချက်ပဲ နေမှာ။ လွန်ခဲ့တဲ့ရက်ပိုင်းက သူ သာမန်လူတစ်ယောက်ကို သတ်ခဲ့တယ်လေ။ အဲဒါကြောင့် ပြန်ကန်အား မိသွားတာ ဖြစ်မယ်"
ရှောင်လဲ့ထုန်က ခေါင်းညိတ်လိုက်သည်။ "အင်း... လျန်ဖျောင့်ရွှယ် လက်ချက်ပဲ ဖြစ်ရမယ်။ ဒါပေမဲ့ ကြိုးနီလေးအတွက်ကတော့ ပြန်ကန်အားမိပြီး အိပ်ပျော်သွားတာ ပိုကောင်းပါတယ်။ ဒါမှ လျန်ဖျောင့်ရွှယ် မကောင်းမှု ဆက်မလုပ်နိုင်မှာ"
ထိုသို့ပြောရင်း သူ ခေတ္တရပ်နားလိုက်ပြီး မျက်နှာတွင် အားရကျေနပ်သည့်အမူအရာ ပေါ်လာကာ ဆက်ပြောလိုက်သည်။ "ပြီးတော့ မင်းမြင်တယ်မလား။ လျန်ဖျောင့်ရွှယ်က ပြန်ကန်အားမိပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတာလေ"
လျန်ဖျောင့်ရွှယ်က ကုတင်ပေါ်တွင် ပုံမှန်အတိုင်း လှဲနေခြင်း ဖြစ်သည်။ သို့သော် ရှောင်လဲ့ထုန်နှင့် ရှောင်လင်တို့က သာမန်လူများ မဟုတ်သည့်အတွက် သူမ၏ မူမမှန်သည့် အခြေအနေကို တစ်ချက်ကြည့်ရုံဖြင့် သိလိုက်ကြသည်။
ရှောင်လင်က လျန်ဖျောင့်ရွှယ်၏ အခြေအနေကို ပြန်တွေးမိပြီး ပျော်ရွှင်စွာ ပြုံးလိုက်လေသည်။ "ဟုတ်တယ်... သူ ရုပ်ပျက်သွားပြီ။ ကျွန်တော် အရမ်းပျော်တာပဲ"
သူက အပြစ်ကင်းစင်သူ ဖြစ်သော်လည်း တုံးအသူတော့ မဟုတ်ပေ။ လျန်ဖျောင့်ရွှယ်က မိန်းမယုတ်တစ်ယောက်မှန်း သိထားသည့်အတွက် သူမ ရုပ်ပျက်သွားသည်ကို ဝမ်းသာမိသည်မှာ သဘာဝကျပါသည်။
ထို့နောက် သူ့မျက်လုံးများက ရှောင်လဲ့ထုန်လက်ထဲရှိ ကြိုးနီလေးကို အရောင်တောက်စွာဖြင့် စိုက်ကြည့်နေသည်။ သူ့သဘောထားကို အထင်းသား မြင်နေရ၏။
ရှောင်လဲ့ထုန်သည် ရှောင်လင်၏ လေးနက်ပြီး လိုချင်တပ်မက်နေသော မျက်လုံးများကို ကြည့်ကာ ရယ်ချင်သွားပြီး ပြောလိုက်သည်။ "ကဲပါ... ငါ မင်းကို ပြန်ပေးပါ့မယ်။ ဒါပေမဲ့ ကြိုးနီလေးက ဒဏ်ရာအပြင်းအထန် ရထားလို့ ငါ ကုပေးလိုက်ဦးမယ်လေ"
ရှောင်လင်က ချက်ချင်း တားလိုက်သည်။ "မလုပ်ပါနဲ့ အစ်ကို။ ဒီအတိုင်းပဲ ထားလိုက်ပါ။ ဒါက ကောင်းကင်ဘုံက သူ့ကို ပေးတဲ့ ပြစ်ဒဏ်ပါပဲ။ သူ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ လူတွေကို ဒုက္ခပေးခဲ့တယ်လေ"
ထိုသို့ပြောရင်း ရှောင်လင်၏မျက်လုံးများက အေးစက်သွားသည်။ "ပြီးတော့ ရှောင်ဟုန်က လျန်ဖျောင့်ရွှယ်နောက် လိုက်နေတဲ့ကာလမှာ မကောင်းမှုတွေ အများကြီး လုပ်ခဲ့မှာပဲ။ သူ လိုလိုလားလား လုပ်တာပဲဖြစ်ဖြစ်၊ အတင်းအကျပ် ခိုင်းစေခံရလို့ပဲဖြစ်ဖြစ် ပြစ်ဒဏ်တော့ ခံရသင့်တယ်"
"ရှောင်ဟုန် ဟုတ်လား" ရှောင်လဲ့ထုန် ပြုံးလိုက်သည်။ "ဘယ်သူပေးတဲ့ နာမည်လဲ"
"ကျွန်တော် ပေးထားတာ။ သူက ကြိုးနီလေးဆိုတော့ ရှောင်ဟုန်လို့ ခေါ်လိုက်တာလေ။ ရိုးရိုးရှင်းရှင်းနဲ့ မှတ်မိလွယ်တာပေါ့"
"ကောင်းပါပြီ" ရှောင်လင် ပေးထားသည့် နာမည်ဆိုလျှင် ထူးဆန်းစရာ မရှိပေ။ မေမေ့လိုပဲ သူကလည်း နာမည်ပေး သိပ်ညံ့တာကိုး။ ပေးလိုက်ရင် ရိုးအီပြီး နားထောင်လို့ မကောင်းသည့် နာမည်များသာ။
ရှောင်လဲ့ထုန်က၊ "ဒါဆို သူ့ကိုနှိုးပြီး မေးခွန်းမေးကြမလား"
ရှောင်လင်က ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ... နှိုးလိုက်လေ"
ရှောင်လဲ့ထုန်က ခေါင်းညိတ်လိုက်ပြီး လက်ဟန်တစ်ခု ပြုလုပ်ကာ အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သည်။
ခဏအကြာတွင် ညည်းညူသံသဲ့သဲ့ ထွက်ပေါ်လာ၏။ "ဟင်..."
"ရှောင်ဟုန်... မင်း နိုးပြီလား"
အသံတစ်ခုက ကြိုးနီလေး၏နားထဲသို့ ဝင်ရောက်သွားသည်။ သူ့တွင် နားပါမလာသော်လည်း ထိုအသံကို ကြားလိုက်ရသောအခါ ပို၍ ဇဝေဇဝါ ဖြစ်သွားရ၏။
"ဘယ်သူလဲ... အသံက ရင်းနှီးနေသလိုပဲ"
ထို့နောက် သူ ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။ "ဖေ့ဖေ့ပဲ"
ဖေ့ဖေ့တစ်ယောက်သာ သူ့ကို ရှောင်ဟုန်ဟု ခေါ်လေ့ရှိသည်။
ကြိုးနီလေးသည် ရုတ်တရက် အသိဝင်လာပြီး မျက်လုံးဖွင့်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ထို့နောက် သူ့ရှေ့မှ ကလေးမျက်နှာ နှစ်ခုကို သတိထားမိသွား၏။
ဖောင်းဖောင်းအိအိ မျက်နှာလေးကို တစ်ချက်ကြည့်လိုက်ပြီး ပိန်သွယ်သော မျက်နှာလေးကို ဆက်ကြည့်လိုက်သည်။
ထို့နောက် ပိန်သွယ်သော မျက်နှာပိုင်ရှင်ကို ကြည့်ကာ စိတ်လှုပ်ရှား ဝမ်းသာစွာဖြင့် ပြောလိုက်လေသည်။ "ဖေ့ဖေ့... မင်းလား... မင်း ဟုတ်တယ်မလား" ဖေ့ဖေ့က လူယောင်ဖန်ဆင်းနိုင်ပြီပဲ။ တကယ် ကောင်းတာပဲ။
ရှောင်လင်က ရှောင်ဟုန်၏တစ်နေရာကို လက်ဖြင့်တို့ထိလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "ငါပေါ့။ မတွေ့တာကြာလို့ ငါ့ကို မေ့သွားပြီလား"
"ဝါး..." ရှောင်ဟုန်က ရုတ်တရက် အော်ဟစ်ငိုကြွေးလိုက်သည်။ "ဖေ့ဖေ့... ငါက မင်းကို ဘယ်လိုလုပ် မေ့ရမှာလဲ။ ဟီး... ဖေ့ဖေ့... ငါ မင်းကို လွမ်းနေတာ။ အရမ်းလွမ်းနေတာ"
ရှောင်လင်က မျက်ရည်သုတ်ပေးသကဲ့သို့ ရှောင်ဟုန်ကို ထပ်မံတို့ထိလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "ကဲပါ... မငိုပါနဲ့တော့။ ငါတို့ မတွေ့တာ နှစ်တစ်သောင်းပဲ ရှိပါသေးတယ်။ မင်းရဲ့ ငိုတတ်တဲ့အကျင့်က အခုထိ မပျောက်သေးပါလား"
ရှောင်ဟုန်က ပြောလိုက်သည်။ "ဟီး... ဖေ့ဖေ့... ငါ မင်းကို တကယ်လွမ်းနေတာပါ။ မင်းမရှိတော့ ငါ တကယ်ကြောက်နေခဲ့တာ။ အခု မင်းကို တွေ့ရတော့ ငါ အရမ်းပျော်တယ်"
ရှောင်လင်က ပြောလိုက်သည်။ "ကဲပါ... တိတ်ပါတော့။ နောက်ဆို ငါတို့ ခွဲမသွားတော့ဘူးလေ... ဟုတ်ပြီလား"
ရှောင်ဟုန်၏ငိုသံ ရပ်တန့်သွားပြီး သံသယဖြင့် မေးလိုက်သည်။ "တကယ်လား"
"တကယ်ပေါ့။ ငါတို့ မင်းကို လျန်ဖျောင့်ရွှယ်ဆီကနေ ပြန်ခေါ်လာခဲ့ပြီပဲ" ရှောင်လင်က ပြောလိုက်သည်။
***