သခင်နှင့်ကျွန် ပဋိညာဉ်ကို ဖျက်သိမ်းခြင်း
Vol. 46 Ch. 750
ရှောင်ဟုန်နှင့် လျန်ဖျောင့်ရွှယ်တို့ သခင်နှင့်ကျွန် ပဋိညာဉ်ဖွဲ့ထားသည်ကို လျန်ဖျောင့်ရွှယ် မသိပေ။
သူမသည် ရှောင်ဟုန်ကို နတ်ဘုရားတစ်ပါးအဖြစ် မှတ်ယူထားပြီး အမြဲတမ်း လေးစားသမှု ပြုသည်။
သို့သော် သခင်နှင့်ကျွန် ပဋိညာဉ်ရှိနေသည့်အတွက် အကြိမ်များစွာတွင် ရှောင်ဟုန်သည် လျန်ဖျောင့်ရွှယ်၏ ဆုံးဖြတ်ချက်နှင့် ဆန္ဒကို ဆန့်ကျင်၍ မရနိုင်ပေ။ ထို့ကြောင့် လျန်ဖျောင့်ရွှယ် မသိအောင် ဖုံးကွယ်ထားပြီး သူမ၏ ဆန္ဒအမျိုးမျိုးကို ဖြည့်ဆည်းပေးခဲ့ရသည်။ ထိုအချက်က လျန်ဖျောင့်ရွှယ်အား သူ့အပေါ် ပို၍လေးစားလာစေခဲ့သည်။
ယခင်က ရှောင်လင်းယွီကို ပစ်မှတ်ထားသည့် အစီအစဉ်များတွင် သူ လုံးဝမငြင်းဆန်နိုင်ဘဲ နာခံခဲ့ရသည်။ ထို့ကြောင့် လျန်ဖျောင့်ရွှယ်နှင့်ပူးပေါင်း၍ မကောင်းမှု ပြုလုပ်ခဲ့ရခြင်း ဖြစ်သည်။
ယခု လျန်ဖျောင့်ရွှယ်က သူ့ကို အဆက်မပြတ် ခေါ်နေသည့်အတွက် သူ မငြင်းဆန်နိုင်ဘဲ ပဋိညာဉ်၏ သဘောသဘာဝအရ လျန်ဖျောင့်ရွှယ်၏ဘေးသို့ ပြန်သွားရန် ကြိုးစားနေခြင်းဖြစ်သည်။
ရှောင်လင်သည် သခင်နှင့်ကျွန် ပဋိညာဉ်အကြောင်း ကြားလိုက်ရသောအခါ အဓိကသော့ချက်ကို သဘောပေါက်သွားသည်။
ရှောင်ဟုန်က အကာအကွယ်စည်းကို အဆက်မပြတ် တိုက်ခိုက်နေပြီး မျက်နှာတွင် စိုးရိမ်စိတ်များ ပေါ်နေသည်ကို မြင်လိုက်ရသဖြင့် ရှောင်လင်က ရှောင်လဲ့ထုန်ကို ကြည့်ကာ မေးလိုက်သည်။ "အစ်ကို... သူတို့ကြားက ပဋိညာဉ်ကို ဖြတ်တောက်ပေးလို့ ရမလား"
သခင်နှင့်ကျွန် ပဋိညာဉ်ဆိုသည်မှာ တစ်ဦးက သခင်၊ တစ်ဦးက ကျွန်ဖြစ်ပြီး အဆင့်အတန်း ကွာခြားမှုမှာ ထင်ရှားလှသည်။
ကျွန်ဖြစ်သူအနေဖြင့် ပဋိညာဉ်ကို ဖျက်သိမ်းရန် အခွင့်အရေးနှင့် စွမ်းရည်မရှိပေ။ သခင်ဖြစ်သူက ဖျက်သိမ်းမည်ဆိုပါက မည်သည့်ပေးဆပ်မှုမှ ပြုလုပ်ရန် မလိုအပ်ပေ။
ထိုစဉ်က သူတို့သည် သွေးကို ကြားခံအဖြစ်အသုံးပြုပြီး အလိုအလျောက် ပဋိညာဉ်ဖွဲ့ခဲ့ကြခြင်း ဖြစ်သည်။ လူက သခင်၊ ကိရိယာက ကျွန်ဖြစ်သည်။ အကယ်၍ လူက သဘောမတူပါက ပဋိညာဉ်ဖျက်သိမ်းရန် လွယ်ကူသည်။
ရှောင်ဟုန်က အကာအကွယ်စည်းကို ဆက်လက်တိုက်ခိုက်နေရင်း စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ "အစ်ကို... ကျွန်တော်နဲ့ လျန်ဖျောင့်ရွှယ်ကြားက ပဋိညာဉ်ကို တကယ်ဖြတ်တောက်ပေးနိုင်တာလား"
ရှောင်လဲ့ထုန် ပြန်မဖြေရသေးခင်မှာပင် သူက စိတ်လှုပ်ရှားစွာ ဆက်ပြောလိုက်သည်။ "လျန်ဖျောင့်ရွှယ်ဆိုတဲ့ အရူးမ... သူ့ခန္ဓာကိုယ်က ငါနဲ့ ဘယ်လောက်ပဲ ကိုက်ညီမှုရှိပါစေ ငါ မလိုချင်တော့ဘူး။ ငါ အိပ်စက်နေလိုက်တာကမှ ပိုကောင်းဦးမယ်။ သောက်ကျိုးနည်း... အဲဒီအရူးမက အချစ်အတွက်ဆို ဘာမဆို လုပ်ရဲတယ်"
ရှောင်လဲ့ထုန်၏မျက်လုံးများ အရောင်လက်သွားပြီး မဲ့ပြုံးပြုံးကာ မေးလိုက်သည်။ "မင်းပြောပုံအရ လျန်ဖျောင့်ရွှယ်က အချစ်အတွက်နဲ့ ငါ့အဖေနဲ့အမေကို ဒုက္ခပေးနေတာပေါ့ ဟုတ်လား"
ရှောင်ဟုန်က ရိုးသားစွာ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ သူက အချစ်ရူးမပဲ"
"လျန်ဖျောင့်ရွှယ်က ဘယ်သူ့ကို ကြိုက်နေတာလဲ" ရှောင်လဲ့ထုန်က သံသယဖြင့် မေးလိုက်သည်။ "ငါ့အဖေကိုလား"
"မဟုတ်ဘူး" ရှောင်ဟုန်က ချက်ချင်း ငြင်းလိုက်သည်။ "သူကြိုက်တာ ကျန်းထောင်ကို"
"ဟေ... ဦးလေးကျန်းကိုလား" ရှောင်လဲ့ထုန် အံ့အားသင့်သွားပြီး သံသယဖြင့် မေးလိုက်သည်။ "သူကြိုက်တာ ဦးလေးကျန်းဆိုရင် ဘာလို့ ငါ့အဖေနဲ့အမေကို ဒုက္ခပေးနေရတာလဲ။ သူက အခု ဦးလေးကျန်းနဲ့ စေ့စပ်ထားတယ်လေ။ သူတို့က အတွဲဖြစ်နေပြီပဲကို"
ရှောင်လဲ့ထုန် တကယ် နားမလည်နိုင်ပေ။
ရှောင်ဟုန်က ပြောလိုက်သည်။ "ဒါကြောင့် သူက အရူးမလို့ ကျွန်တော်ပြောတာပေါ့။ သူက ကျန်းထောင်ကို သဘောကျပြီး ကျန်းထောင်ရဲ့ ကိုယ်ရောစိတ်ပါ ပိုင်ဆိုင်ချင်နေတာ။ ဒါပေမဲ့ ကျန်းထောင်စိတ်ထဲမှာ ရှောင်လင်းယွီပဲ ရှိနေတော့ ရှောင်လင်းယွီကို ရှင်းပစ်ချင်နေတာလေ။ ရှောင်လင်းယွီ ပျောက်ကွယ်သွားမှ ကျန်းထောင်ရဲ့စိတ်ထဲမှာ ရှောင်လင်းယွီ ရှိတော့မှာမဟုတ်ဘူး။ အဲဒီကျမှ သူက ကျန်းထောင်ရဲ့စိတ်ထဲ ဝင်ရောက်နေရာယူနိုင်မယ်လို့ တွေးနေတာ"
ရှောင်လဲ့ထုန်နှင့် ရှောင်လင် : "......"
အချစ်ရေးနှင့်ပတ်သက်ပြီး နားမလည်သော ကလေးများအနေဖြင့် လျန်ဖျောင့်ရွှယ်၏ တစ်ယူသန်အတွေးကို တကယ်ပင် နားမလည်နိုင်ကြပေ။
ရှောင်လင်းယွီ ပျောက်ကွယ်သွားရုံဖြင့် ကျန်းထောင်၏စိတ်ထဲတွင် သူမအတွက် နေရာရှိလာမည်ဟု ဘာကြောင့်များ တွေးမိသွားရတာလဲ။
ရှောင်လဲ့ထုန်က လေးနက်စွာ မေးလိုက်သည်။ "လျန်ဖျောင့်ရွှယ်က အရင်ဘဝကတည်းက ကျန်းထောင်ကို ကြိုက်ခဲ့တာလား။ ဒါမှမဟုတ် ဒီဘဝရောက်မှ ကြိုက်တာလား"
ရှောင်လင်က သံသယဖြင့် မေးလိုက်သည်။ "အစ်ကို... အဲဒါ ဘာကွာခြားလို့လဲ" သူ့အတွက်တော့ ကြိုက်တယ်ဆိုတာ ကြိုက်တာပါပဲ။
ရှောင်လဲ့ထုန်က ပြောလိုက်သည်။ "ကွာခြားတာပေါ့။ အများကြီး ကွာခြားတယ်"
ရှောင်လင် နားမလည်ပေ။
ရှောင်ဟုန်က စဉ်းစားပြီး ပြောလိုက်သည်။ "လျန်ဖျောင့်ရွှယ်က အရင်ဘဝကတည်းက ကျန်းထောင်ကို ကြိုက်ခဲ့တာ"
"ဩော်..." ရှောင်လဲ့ထုန် မျက်ခုံးပင့်လိုက်သည်။ "အရင်ဘဝကတည်းက ကြိုက်ခဲ့တာဆိုတော့... အရင်ဘဝတုန်းကလည်း ဦးလေးကျန်းက ငါ့အမေကို တိတ်တခိုး ကြိုက်နေခဲ့တာပေါ့။ အဲဒါကြောင့် ဦးလေးကျန်းက ငါ့အမေကို ကြိုက်နေတာကို လျန်ဖျောင့်ရွှယ်က အစကတည်းက သိနေခဲ့တာပဲ။ ဒါကြောင့် သူ ပြန်လည်မွေးဖွားလာပြီးနောက် သူ့ရည်ရွယ်ချက်က ငါ့အမေကို ရှင်းပစ်ဖို့ ဖြစ်နေတာပေါ့"
ရှောင်ဟုန် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ အစ်ကို သုံးသပ်တာ မှန်တယ်"
"ဒါဆို မင်းတို့ ဘယ်အချိန်က ပြန်ရောက်လာကြတာလဲ" ရှောင်လဲ့ထုန် မေးလိုက်သည်။
"လွန်ခဲ့တဲ့ လေးနှစ်က" ရှောင်ဟုန် ဖြေလိုက်သည်။
"လေးနှစ်က ဟုတ်လား" ရှောင်လဲ့ထုန် အနည်းငယ် အံ့အားသင့်သွားသည်။ "ငါ့အဖေနဲ့အမေ စတွေ့တဲ့နှစ်ပေါ့"
"ဟုတ်တယ်" ရှောင်ဟုန် ခေါင်းညိတ်သည်။
"အဲဒီတုန်းက သူက ဘာလို့ ငါ့အမေကို ဒုက္ခမပေးခဲ့တာလဲ" ရှောင်လဲ့ထုန်က သံသယဖြင့် မေးလိုက်သည်။ "ပြီးတော့ ငါ့အဖေ သတိမေ့နေတဲ့ နှစ်နှစ်အတွင်းမှာ ငါ့အမေကို ဒုက္ခပေးဖို့ အကောင်းဆုံးအချိန်ပဲလေ။ သူ ဘာလို့ မလှုပ်ရှားခဲ့တာလဲ"
"ဟူး..." ရှောင်ဟုန်က သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "အဲဒီတုန်းက သူက အစွမ်းအစ မရှိသေးဘူးလေ။ ပြီးတော့ သူက ပြန်လည်မွေးဖွားလာသူဆိုတော့ ကုန်းထျန်းဟောက်ရဲ့ အစွမ်းအစနဲ့ ရက်စက်ပြတ်သားမှုကို ကောင်းကောင်းသိတယ်။ ရှောင်လင်းယွီကို အလွယ်တကူ သတ်လိုက်ရင်တောင် ကုန်းထျန်းဟောက်ရဲ့လက်စားချေမှုကို သူ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး"
ရှောင်လဲ့ထုန် သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်သည်။ "ဩော်... ငါ သဘောပေါက်ပြီ။ အဲဒါကြောင့် ငါ့အဖေနဲ့အမေကြား သွေးခွဲဖို့ ဝမ်ကျင်းကျင်းဆိုတဲ့ဗုံးကို ဖန်တီးခဲ့တာပေါ့ ဟုတ်လား"
"ဟုတ်တယ်" ရှောင်ဟုန်က သက်ပြင်းချလိုက်ပြီး ဆက်ပြောသည်။ "ဒါပေမဲ့ အဲဒီ ဝမ်ကျင်းကျင်းက ကုန်းထျန်းဟောက်နား ရောက်တာနဲ့ အတုမှန်း ပေါ်သွားလိမ့်မယ်လို့ ထင်မထားခဲ့ဘူးလေ။ အဲဒါကြောင့် နောက်ပိုင်း အစီအစဉ်တွေ အဆင်မပြေ ဖြစ်ကုန်တာ။ အား... အစ်ကို... ကျွန်တော် တိုက်မိလို့ ခေါင်းတွေလည်း ဖူးယောင်ကုန်ပါပြီ။ ကျွန်တော့်ကို ပဋိညာဉ် အရင်ဖျက်ပေးလို့ ရမလား။ မဟုတ်ရင် ကျွန်တော် ထွက်မရဘဲ ဒီမှာ ဆက်တိုက်နေရင် ခေါင်းကွဲပြီး သွေးထွက်တော့မှာ"
ရှောင်လဲ့ထုန်သည် ဟိုဟိုသည်သည် ပျံသန်းနေသော၊ ဩော်... ဟိုဟိုသည်သည် တိုက်ခိုက်နေသော ကြိုးနီလေးကို ကြည့်လိုက်သည်။ ခေါင်း၊ လက်၊ ခြေထောက် ဘယ်မှာရှိမှန်း သူ မမြင်ရပေ။
ထို့နောက် သူက လက်ကာပြလိုက်ပြီး ပြောလိုက်သည်။ "မလောပါနဲ့။ ဘာပဲဖြစ်ဖြစ် မင်းက ကြိုးတစ်ချောင်းပဲလေ။ ခေါင်းမရှိ၊ လက်မရှိ၊ ခြေထောက်မရှိနဲ့ တိုက်မိလည်း မနာပါဘူး။ ခေါင်းကွဲပြီး သွေးထွက်စရာလည်း မရှိဘူး။ မင်း လျန်ဖျောင့်ရွှယ်ရဲ့ အရင်ဘဝအကြောင်းနဲ့ ဒီဘဝအကြောင်းကို ဆက်ရှင်းပြလိုက်ပါ။ ရှင်းပြပြီးရင် ငါ မင်းတို့ကြားက ပဋိညာဉ်ကို ဖျက်သိမ်းပေးပါ့မယ်"
မိဘများ၏ဘေးကင်းလုံခြုံရေးအတွက် သူ ဤပဋိညာဉ်ကို သေချာပေါက် ဖျက်သိမ်းပေးမည် ဖြစ်သည်။
ရှောင်ဟုန် ကြားလိုက်ရသောအခါ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ "ကောင်းပါပြီ။ ကျွန်တော် အကုန်ရှင်းပြပါ့မယ်။ ဒါပေမဲ့ ကတိပေးနော်။ ကျွန်တော် ရှင်းပြပြီးရင် အစ်ကို ကျွန်တော်တို့ကြားက ပဋိညာဉ်ကို ဖျက်သိမ်းပေးရမယ်။ လျန်ဖျောင့်ရွှယ်ဆိုတဲ့ အရူးမကို ကျွန်တော် သည်းမခံနိုင်တော့ဘူး။ ကျွန်တော်သာ စိတ်ဓာတ်မခိုင်မာရင် လမ်းမှားရောက်ပြီး မိစ္ဆာဝိညာဉ် ဖြစ်သွားလောက်ပြီ"
ရှောင်လင်က ပြောလိုက်သည်။ "ဟမ်... ရှောင်ဟုန်... မင်းသခင်က အဲဒီလောက်တောင် အန္တရာယ်များတာလား"
ရှောင်ဟုန်က စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ "အန္တရာယ်များတာတော့ မဟုတ်ဘူး။ ဒီမိန်းမက အချစ်အတွက်ဆိုရင် အရူးတစ်ယောက်လိုပဲ။ အရမ်းယုတ်မာတယ်။ နည်းလမ်းမျိုးစုံသုံးတယ်။ အတိုချုပ်ပြောရရင် လူကောင်းမဟုတ်ဘူး"
သူတို့ကဲ့သို့ ဝိညာဉ်အသိစိတ်ရှိသော မှော်ကိရိယာများအနေဖြင့် သခင်ကောင်းနှင့် မတွေ့ဆုံပါက သူတို့၏ နတ်ဘုရားလမ်းစဉ် လုံးဝပျက်စီးသွားနိုင်သည်။
အခြားတစ်ဖက်တွင် လျန်ဖျောင့်ရွှယ်သည် အခန်းထဲတွင် ကြိုးနီလေးကို ရှာမတွေ့သဖြင့် အပြင်သို့ ထွက်ရှာလေသည်။
သူမ အပြင်ထွက်လာသောအခါ အိမ်ကြီးထဲရှိ လူအားလုံး တုန်လှုပ်ခြောက်ခြားသွားကြသည်။
သူတို့၏ သခင်မလေးက ဘယ်အချိန်တုန်းက ခေါင်းတုံးဖြစ်ပြီး မျက်နှာတစ်ခုလုံး ချိုင့်ခွက်တွေနဲ့ ပြည့်သွားရတာလဲ။
တကယ်ကို သနားစရာကောင်းပြီး ရုပ်ဆိုးလွန်းလှသည်။
သခင်မလေးက ကိုယ့်ကိုယ်ကိုယ် အခန်းထဲမှာ လှောင်ပိတ်ထားပြီး နေ့တိုင်း နာကျင်စွာ အော်ဟစ်နေရသည့် အကြောင်းရင်းအမှန်က ဒါပါလား။
သူတို့ တုန်လှုပ်နေကြစဉ်မှာပင် လျန်ဖျောင့်ရွှယ်သည် တစ်စုံတစ်ခုကို လိုက်လံရှာဖွေနေသည်။ ခါးကိုကုန်း၊ ခေါင်းကိုငုံ့ကာ ထောင့်ချိုးနေရာများကိုပင် ညစ်ပတ်မည်ကို ဂရုမစိုက်ဘဲ လိုက်ရှာနေသည်။
သခင်မလေးက ရုပ်ပျက်သွားရုံသာမက ရူးပါသွားပြီလား။
မဟုတ်လျှင် သခင်မလေးဟူသော ဂုဏ်ပုဒ်နှင့်မညီသည့် အပြုအမူမျိုး၊ သူမ၏ဂုဏ်သိက္ခာကို စော်ကားရာရောက်သည့် အပြုအမူမျိုးကို ဘာကြောင့် လုပ်နေရတာလဲ။
သူတို့ အံ့သြနေစဉ်မှာပင် လျန်ဖျောင့်ရွှယ်က စိုးရိမ်တကြီး အမိန့်ပေးလိုက်သည်။ "ငါ့ကို ကြိုးနီလေးတစ်ချောင်း ရှာပေးကြ။ ရှာကြစမ်း... အကုန်လုံး သွားရှာကြ"
"ကြိုးနီလေး ဟုတ်လား" လူတိုင်း အံ့သြသွားကြသည်။
ကြိုးနီလေးတစ်ချောင်းအတွက်နဲ့ ဒီလောက်တောင် အကြီးအကျယ် ရှာဖွေနေရသလား။
လျန်ဖျောင့်ရွှယ်က သူတို့၏ ထူးဆန်းသောအကြည့်များကို လျစ်လျူရှုကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "မသွားကြသေးဘူးလား။ ဒီမှာ ဘာရပ်လုပ်နေကြတာလဲ"
ထိုအခါမှ လူစုကွဲသွားပြီး အားလုံး ကြိုးနီလေးကို လိုက်ရှာကြတော့သည်။
ရှာဖွေနေရင်း တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောဆိုနေကြသည်။ "သခင်မလေးက ဘာလို့ ဒီလိုပုံစံ ဖြစ်သွားရတာလဲ" လျန်ဖျောင့်ရွှယ် ကြားသွားမည်စိုးသဖြင့် အသံကို အတတ်နိုင်ဆုံး တိုးထားကြသည်။
"ဘယ်သူသိမှာလဲ။ ဒါပေမဲ့ ငါထင်တာတော့ လွန်ခဲ့တဲ့ရက်ပိုင်းက ဖြစ်မယ်။ စဉ်းစားကြည့်လေ... အဲဒီတုန်းက သူ့အခန်းထဲက သွေးညှီနံ့တွေ ထွက်နေတယ်။ သန့်ရှင်းရေးလုပ်တဲ့ ဒေါ်လေးကြီးကလည်း ကြမ်းပြင်တစ်ခုလုံး သွေးတွေ၊ ဆံပင်တွေ ပြည့်နေတာ တွေ့ခဲ့တယ်တဲ့။ အဲဒီတုန်းက ဆံပင်တွေ အကုန်ကျွတ်သွားတာ နေမှာ။ အဲဒီတုန်းက ဆံပင်တုတွေ၊ ခေါင်းစွပ်တွေ ရှာခိုင်းခဲ့တာ မှတ်မိတယ်မလား"
"မှတ်မိတာပေါ့" နောက်တစ်ယောက်က ပြန်ဖြေသည်။ "အဲဒီတုန်းက ငါတို့ နားမလည်ခဲ့ကြဘူး။ သခင်မလေးက ဆံပင်ကို အရမ်းမြတ်နိုးတာလေ။ ကောင်းကောင်းကြီးကနေ ဘာလို့ အတုတွေရှာခိုင်းတာလဲလို့။ တကယ်တော့..."
"ရှူး... နင်တို့ သေချင်နေကြလား။ ဒီလိုကိစ္စမျိုး လာပြောနေကြတယ်။ သခင်မလေးက အရမ်းကြောက်ဖို့ကောင်းတာ နင်တို့ သိတယ်မလား"
သခင်မလေးက တကယ်ပင် ကြောက်စရာကောင်းသည်။ သူတို့ရှေ့သို့ တိတ်တဆိတ် ရောက်လာပြီး သေနတ်ဖြင့် ပစ်သတ်လိုက်လျှင် ဘယ်လိုသေသွားမှန်းတောင် သိလိုက်ရမည် မဟုတ်ပေ။
သတိပေးခံလိုက်ရသဖြင့် အားလုံး အသံတိတ်သွားပြီး ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြသည်။
ထိုအချိန်တွင် လျန်ဖျောင့်ရွှယ်သည် ကြမ်းပြင်ပေါ်တွင် ငေးငိုင်စွာ ထိုင်နေပြီး ဝိညာဉ်လွင့်နေသကဲ့သို့ ဖြစ်နေသည်။ ကြည့်ရသည်မှာ သနားစရာကောင်းနေသည်။
မည်မျှပင် မသိနားမလည်သူ ဖြစ်ပါစေ ထိုကြိုးနီလေးသည် သူမအတွက် မည်မျှအရေးကြီးကြောင်း သိနိုင်ပေသည်။
"ကြိုးနီလေး... ဩော်... သခင်မလေး လက်ကောက်ဝတ်မှာ အမြဲဝတ်ထားတဲ့ ကြိုးနီလေးကို ပြောတာလား"
"ဖြစ်နိုင်တယ်"
"အဲဒီကြိုးနီလေးက သခင်မလေးရဲ့ ကိုယ်နဲ့မကွာ ရှိနေတာလေ။ ဘယ်လိုလုပ် ပျောက်သွားရတာလဲ"
"ဘယ်သူသိမှာလဲ"
အားလုံး ကြိုးနီလေးကို ဝိုင်းရှာနေကြစဉ်မှာပင် အခန်းထဲရှိ လျန်ဖျောင့်ရွှယ်သည် ရုတ်တရက် သွေးတစ်လုပ် အန်ချလိုက်လေသည်။
လျန်ဖျောင့်ရွှယ်သည် ကြမ်းပြင်ပေါ်မှ တောက်ပြောင်သော သွေးကွက်များကို ကြည့်ကာ နှုတ်ခမ်းထောင့်စွန်းကို လက်ဖြင့် သုတ်လိုက်သည်။ လက်ချောင်းထိပ်မှ သွေးများကို မြင်လိုက်ရသောအခါ စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ဝင်ရောက်လာသည်။
သူမ ထိတ်လန့်တကြား ရေရွတ်လိုက်သည်။ "ဒါ ဘယ်လိုဖြစ်တာလဲ။ ပြန်ကန်အား မိနေတုန်းပဲလား"
မဖြစ်နိုင်ဘူးလေ။
……
ရှောင်လဲ့ထုန်သည် ကြိုးနီလေးကို ကိုင်ကာ ပြုံးလျက် ပြောလိုက်သည်။ "မင်းက လျန်ဖျောင့်ရွှယ်ဆိုတဲ့ မိန်းမကို တကယ်မုန်းနေပုံရလို့ ငါ မင်းတို့ကြားက ပဋိညာဉ်ကို ဖျက်သိမ်းပေးလိုက်ပြီ"
ရှောင်ဟုန်က ဝမ်းသာအားရ ကျေးဇူးတင်စကား ဆိုလိုက်သည်။ "ကျေးဇူးတင်ပါတယ် အစ်ကို"
"နေဦး... ကျေးဇူးတင်ဖို့ မလောနဲ့ဦး" ရှောင်လဲ့ထုန်၏ မျက်နှာလေးပေါ်တွင် အကြံသမားအပြုံးတစ်ခု ပေါ်လာပြီး ဆက်ပြောလိုက်သည်။ "မင်းနဲ့ လျန်ဖျောင့်ရွှယ်ကြားက ပဋိညာဉ် ပျက်ပြယ်သွားပြီဆိုတော့ မူလနေရာ ပြန်ရောက်သွားပြီပေါ့"
ရှောင်ဟုန် ကြောင်သွားသည်။ "အစ်ကို... အဲဒါ ဘာအဓိပ္ပာယ်လဲ"
"ငါ့ကို မအူမလည် လာလုပ်မနေနဲ့" ရှောင်လဲ့ထုန်က ရက်စက်စွာ ပြောလိုက်သည်။ "ငါက မင်းကို လွတ်လပ်ခွင့် ပေးနိုင်သလို မင်းရဲ့လွတ်လပ်ခွင့်ကိုလည်း ချုပ်နှောင်ထားနိုင်တယ်။ ကိုယ့်ဘာသာကိုယ် သေချာစဉ်းစားပါ"
***