မြို့တော်တွင် ဆိုင်ဖွင့်ရန် ပြင်ဆင်ခြင်း
Vol. 46 Ch. 754
ခြိမ်းခြောက်မှု ပျောက်ကွယ်သွားပြီဖြစ်၍ ရှောင်လင်းယွီနှင့် ကုန်းထျန်းဟောက်တို့သည် လျန်ဖျောင့်ရွှယ်အပေါ် အာရုံမစိုက်တော့ပေ။
ရှောင်လင်းယွီနှင့် ကုန်းထျန်းဟောက်တို့ မြို့တော်သို့ ပြန်ရောက်ပြီးနောက် တစ်ချိန်လုံး အတူတကွရှိနေကြပြီး အလွန်ချစ်ခင်ကြင်နာကြရာ သူတို့ကို စောင့်ကြည့်နေကြသော မြို့တော်သူမြို့တော်သားများ အံ့သြသွားကြရသည်။
ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ သူတို့လင်မယားကို မနာလိုဝန်တို ဖြစ်ကြရသည်။
ယောက်ျားများက ကုန်းထျန်းဟောက်သည် နတ်သမီးကဲ့သို့ လှပသော အမျိုးသမီးကို ယူထားသည့်အတွက် အားကျကြသည်။
မိန်းမများကမူ ရှောင်လင်းယွီသည် ကုန်းထျန်းဟောက်နှင့် လက်ထပ်ခွင့်ရသည့်အတွက် မနာလိုဖြစ်ကြသည်။
တောသူမတစ်ယောက်အနေဖြင့် ယောက်ျားများကို ဆွဲဆောင်နိုင်သော ရုပ်ရည်လေးမှလွဲ၍ အမြင့်မြတ်ဆုံးသော ကုန်းထျန်းဟောက်နှင့် ဘယ်အချက်ကများ ထိုက်တန်နေလို့လဲ။
မြို့တော်တစ်ခုလုံးရှိ ဂုဏ်သရေရှိ အမျိုးသမီးများပင် ကုန်းထျန်းဟောက်နှင့် တကယ်တမ်း ထိုက်တန်သူ မရှိချေ။ ရှောင်လင်းယွီကဲ့သို့သော အမျိုးသမီးက ဘယ်လိုလုပ် အရည်အချင်းပြည့်မီနိုင်ပါ့မလဲ။
သို့သော် ထိုသူများ မည်သို့ပင် မနာလိုဖြစ်ပါစေ၊ ရှောင်လင်းယွီနှင့် ကုန်းထျန်းဟောက်တို့သည် လုပ်စရာရှိသည်ကို ဆက်လုပ်နေကြသည်။ ထိုသူများ သူတို့ရှေ့ ရောက်မလာသရွေ့ သူတို့လည်း မမြင်ချင်ယောင်ဆောင်နေလိုက်သည်။
တစ်နေ့တွင် လီယွမ်ဟန်က ရှောင်လင်းယွီအား မြို့တော်တွင် ဆိုင်ဖွင့်ရန် နေရာတွေ့ပြီဖြစ်ကြောင်း ပြောလာသည်။
ထို့ကြောင့် လီယွမ်ဟန်က ရှောင်လင်းယွီကို နေရာလိုက်ပြပြီး ကုန်းထျန်းဟောက်က ကုမ္ပဏီသို့ အလုပ်သွားလေသည်။
မကြာသေးမီက သူသည် "နွေဦးညတာတိုသဖြင့် နေမြင့်မှထကာ ညီလာခံ မဝင်တော့သော ဧကရာဇ်" ကဲ့သို့ နေထိုင်ခဲ့သည်။
သို့သော် နှစ်ယောက်သား ပျော်ရွှင်နေသည်မှာ ကြာပြီဖြစ်ပြီး လုပ်စရာအလုပ်များလည်း ရှိနေသည့်အတွက် သီးခြားစီ ခွဲ၍ လုပ်ကိုင်ရတော့သည်။
လီယွမ်ဟန်သည် ရှောင်လင်းယွီကို နေရာတစ်ခုသို့ ခေါ်ဆောင်သွားပြီး ပြုံးလျက် ပြောလိုက်သည်။ "လင်းယွီ... ဒီနေရာပါပဲ"
ကားပေါ်မှ ဆင်းလိုက်သည်နှင့် လီယွမ်ဟန်က ရှေ့မှ ဆိုင်ခန်းကြီးတစ်ခုကို ညွှန်ပြကာ ပြောလိုက်သည်။ "ဒါက မြို့တော်ရဲ့ ဒုတိယလမ်းမကြီး နေရာပါ။ ပတ်ဝန်းကျင်မှာ အရာရှိတွေ၊ သူဌေးနေကြတယ်။ မြေအောက်ကားပါကင်လည်း ရှိတယ်။ မင်းရဲ့ စူပါမားကတ်ဖွင့်ဖို့ အရမ်းသင့်တော်တယ်လေ။ လာ... အထဲဝင်ကြည့်ရအောင်"
ရှောင်လင်းယွီသည် လီယွမ်ဟန်နောက်သို့ လိုက်ပါသွားသည်။
လက်ရှိဆိုင်ခန်းသည် အလွတ်ဖြစ်ပြီး နံရံလေးဖက်နှင့် တိုင်အချို့သာ ရှိသည်။ ဆိုင်ဖွင့်မည်ဆိုပါက ဒီဇိုင်းပြန်ဆွဲပြီး ပြင်ဆင်ရပေမည်။
ရှောင်လင်းယွီက ပြုံးကာ မေးလိုက်သည်။ "ဒီနေရာက စီးပွားရေးအချက်အချာကျတဲ့ နေရာကောင်းတစ်ခုပဲ။ အရင်အိမ်ရှင်က မငှားထားဘူးလား။ ပြီးတော့ ဒီလောက်ကျယ်တဲ့နေရာ... ရွှေလောက်တန်ဖိုးရှိတဲ့ မြေနေရာမှာ ငှားခက သက်သာမှာ မဟုတ်ဘူးနော်"
လီယွမ်ဟန်က ပြောလိုက်သည်။ "မင်းကို အမှန်အတိုင်း ပြောရရင်... အနောက်လမ်းကြားကနေ အရှေ့လမ်းကြားအထိ ဒီလမ်းမတစ်ခုလုံးက Imperial Palaceအုပ်စုပိုင်တဲ့ ဆိုင်ခန်းတွေပါ။ ကျွန်တော်တို့ဘော့စ်က ဒီဆိုင်ခန်းကို မင်းဆီ တန်းပြီး လွှဲပေးလိုက်ပါပြီ"
"ဟမ်... လမ်းမတစ်ခုလုံး ဟုတ်လား။ ဆိုင်ခန်းပေါင်း ဘယ်လောက်တောင် ရှိမလဲ" ရှောင်လင်းယွီက ရယ်မောကာ ပြောလိုက်သည်။ "တကယ်ကို မနာလိုစရာ ကောင်းလိုက်တာ။ ဒီလောက်ကြီးတဲ့ ဆိုင်ခန်းကို ပေးချင်တိုင်း ပေးလိုက်တာပဲ"
"......"
လီယွမ်ဟန်က ပြောလိုက်သည်။ "မင်း ဒီစကားကို အပြင်မှာသွားပြောရင် လူတွေ ဝိုင်းရိုက်ကြလိမ့်မယ်။ ဒါက ကိုယ်ပိုင်ပစ္စည်း ဖြစ်နေပြီပဲကို မနာလိုစရာ ဘာလိုသေးလို့လဲ။ မင်း မနာလိုချင်ရင် ကိုယ့်ယောကျ်ားကိုပဲ မနာလိုဖြစ်လို့ ရတော့မယ်။ ဘယ်သူ့ကို သွားပြီး မနာလိုဖြစ်ဦးမှာလဲ။ ပြီးတော့ အခု ဘော့စ်ပိုင်တဲ့ပစ္စည်းတွေက ဘော့စ်ကတော်ပစ္စည်း မဟုတ်သေးလို့လား"
ရှောင်လင်းယွီက ပြုံးကာ ပြောလိုက်သည်။ "ရှင်ပြောတာ ဟုတ်ပါတယ်။ ကျွန်မယောကျ်ားရဲ့ ပစ္စည်းက ကျွန်မပစ္စည်းပဲလေ။ ဘယ်သူ့ကိုမှ အားကျစရာ မလိုပါဘူး"
လီယွမ်ဟန်က ရယ်စရာမောစရာအဖြစ် ပြောလိုက်သည်။ "ကဲပါ... ကြွားမနေပါနဲ့တော့။ ဆက်ကြွားနေရင် ကျွန်တော် မနာလိုဖြစ်လာတော့မယ်။ အထဲနဲ့ အပေါ်ထပ်ကို သွားကြည့်ရအောင်"
ထို့နောက် လီယွမ်ဟန်က ဆက်ပြောသည်။ "ဒီဆိုင်ခန်းရဲ့ ပထမထပ်က စတုရန်းမီတာ တစ်ထောင်ကျော် ကျယ်တယ်။ ပထမထပ်၊ ဒုတိယထပ်၊ တတိယထပ်နဲ့ စတုတ္ထထပ်တွေက မင်းရဲ့ စီးပွားရေးဧရိယာတွေပါ။ စတုတ္ထထပ်က ရုံးခန်းဖြစ်ပြီး ပဉ္စမထပ်နဲ့ အထက်ကတော့ တခြားကုမ္ပဏီတွေကို ရုံးခန်းအဖြစ် ငှားထားပါတယ်"
ရှောင်လင်းယွီ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "စတုရန်းမီတာ သုံးလေးထောင်ဆိုတော့ ဧရိယာက နည်းနည်းကြီးနေတယ်"
အခြားနေရာများတွင် သူမ၏ စူပါမားကတ် ဧရိယာသည် စတုရန်းမီတာ ၁၅၀၀ နှင့် ၂၀၀၀ ကြားတွင်သာ ရှိသည်။ ယခုမူ နှစ်ဆခန့် ဖြစ်နေသည်။
"အရင်းအမြစ်တွေ ဖြုန်းတီးရာ မကျဘူးလား။ ဒီလောက်ကျယ်တဲ့ ဧရိယာဆိုရင် ကျွန်မအတွက် နှစ်ထပ်လောက်ဆို လုံလောက်ပါပြီ။ လေးထပ်ကြီး မလိုပါဘူး" ရှောင်လင်းယွီက ပြောလိုက်သည်။
လီယွမ်ဟန်က ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ "မဟုတ်ဘူး ... မင်း မြို့တော်အကြောင်း ကောင်းကောင်းနားမလည်သေးလို့ပါ။ မင်းရဲ့ လယ်ယာထွက်ကုန်တွေက အဆင့်မြင့်ပစ္စည်းတွေလေ။ ပြင်ဆင်မှုအပိုင်းမှာလည်း အဆင့်အတန်းမီရမယ်။ ကြည့်လိုက်တာနဲ့ ခန့်ညားထည်ဝါနေမှ ရမှာ။ ဒီဆိုင်ခန်းက အခုကြည့်ရင် ကျယ်တယ်ထင်ရပေမယ့် ပြင်ဆင်ပြီးသွားရင် ဧရိယာအများကြီး ကျဉ်းသွားလိမ့်မယ်။ ပြီးတော့ ထုပ်ပိုးမှုအပိုင်း... သေချာပေါက် အဆင့်မြင့်ထုပ်ပိုးမှု ဖြစ်ရမယ်။ အမျိုးအစားအလိုက် ခွဲခြားပြီး သေချာ ခင်းကျင်းပြသရမယ်"
သို့သော် ရှောင်လင်းယွီက ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ "မဟုတ်ဘူး... ကျွန်မရဲ့ လယ်ယာထွက်ကုန် ထုပ်ပိုးမှုက မူလအတိုင်းပဲ ဖြစ်ရမယ်။ မြို့တော်ရောက်လာလို့ဆိုပြီး ပုံစံပြောင်းလိုက်လို့ မရဘူး။
ကျွန်မ ရောင်းချင်တာက လတ်ဆတ်မှုနဲ့ အရသာပဲ။ အဆင့်မြင့်ထုပ်ပိုးမှုတွေနဲ့ ဟိုရွှေ့ဒီရွှေ့လုပ်နေရင် ကြည့်ကောင်းပေမယ့် ပစ္စည်းအရည်အသွေးကို ထိခိုက်စေနိုင်တယ်။ ဒါကြောင့် ကျွန်မပစ္စည်းတွေက အဆင့်မြင့်လမ်းကြောင်းကို သွားနေပေမယ့် ဟန်ဆောင်ပန်ဆောင် အလုပ်တွေကို လုံးဝလုပ်မှာ မဟုတ်ဘူး။
ကျွန်မရဲ့ ပစ္စည်းတွေအတွက် မူဝါဒတစ်ခုပဲ ရှိတယ်။ လတ်ဆတ်ရမယ်၊ အရည်အသွေး ကောင်းရမယ်၊ ဖောက်သည်တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရမယ်။ ဖောက်သည်တွေက ဝယ်ရင်ဝယ်၊ မဝယ်ရင် ကျွန်မ အတင်းမရောင်းဘူး"
လီယွမ်ဟန် ခေတ္တမျှ တိတ်ဆိတ်သွားပြီး ဘာပြောရမှန်း မသိတော့ပေ။
သူသည် ကုန်းထျန်းဟောက်နှင့်အတူ စီးပွားရေးလောကတွင် ကျင်လည်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ ဖောက်သည်များကို ဆွဲဆောင်ရန် အရောင်းမြှင့်တင်ရေး နည်းလမ်းမျိုးစုံ မသုံးသော ကုမ္ပဏီဟူ၍ မရှိသလောက်ပင်။ ဟုတ်ပါ၏။ ကုန်းထျန်းဟောက်ကဲ့သို့ စိတ်တိုင်းကျ လုပ်တတ်သော ဘော့စ်များလည်း ရှိတတ်ပါသည်။ ကုန်းထျန်းဟောက်သည် ထုတ်ကုန်များကို ပိုကောင်းအောင်၊ ဖောက်သည်များ၏ လက်တွေ့လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်အောင်သာ လုပ်ဆောင်ပြီး ဟန်ဆောင်ပန်ဆောင် အလုပ်များကို မလုပ်ပေ။ ထို့အတူ သူ့ပစ္စည်းများကို ဝယ်လျှင်ဝယ်၊ မဝယ်လျှင်နေဟု ပြောတတ်သည်။
လီယွမ်ဟန် မချီးကျူးဘဲ မနေနိုင်တော့ပေ။ သူတို့က လင်မယားပီသလိုက်တာ။ စီးပွားရေးလုပ်တာတောင် ဒီလောက် တူနေရသလား။
လီယွမ်ဟန်က ပြုံးကာ ပြောလိုက်သည်။ "လင်းယွီ... မင်းနဲ့ ဘော့စ်က တကယ့် လင်မယားပဲ။ စိတ်တိုင်းကျ လုပ်တတ်တာချင်းလည်း တူတယ်"
ရှောင်လင်းယွီကလည်း ပြုံးကာ ပြောလိုက်သည်။ "ဟီး... ကျွန်မနဲ့ ထျန်းဟောက်က လင်မယားတွေပဲလေ"
"ဟုတ်ပါတယ်... မင်း ပြောတာ မှန်ပါတယ်" လီယွမ်ဟန်သည် သူတို့လင်မယား၏ အထိန်းအကွပ်မဲ့သော ချစ်သူရည်းစားပုံစံပြသမှုများအပေါ် ပြောစရာစကား မရှိတော့သဖြင့် လိုက်လျောလိုက်ရသည်။ "မင်းတို့လင်မယားက ကျွန်တော့်လို လူပျိုကြီးရှေ့မှာ တစ်ချိန်လုံး လာပြီး ချစ်ပြနေကြတာပဲ"
ရှောင်လင်းယွီက ပြောလိုက်သည်။ "ဒါဆို ရှင်လည်း ရည်းစားတစ်ယောက် အမြန်ရှာပြီး လူပျိုကြီးဘဝကို စွန့်လွှတ်လိုက်လေ။ ပြီးရင် ကျွန်မတို့ရှေ့မှာ လာပြီး ချစ်ပြလို့ရပြီ။ ပြောရရင် ကျွန်မကုမ္ပဏီမှာ လှပပြီး ပညာတတ်တဲ့ မိန်းကလေးတွေ အများကြီး ရှိတယ်နော်။ မိတ်ဆက်ပေးရမလား"
"......"
လီယွမ်ဟန်က လက်ကာပြပြီး ငြင်းလိုက်သည်။ "နေပါစေတော့။ ရည်းစားရှာချင်ရင် ကျွန်တော်တို့ ကုမ္ပဏီမှာလည်း လှပပြီး ပညာတတ်တဲ့ မိန်းကလေးတွေ အများကြီး ရှိပါတယ်။ မင်းရဲ့ကုမ္ပဏီအထိ သွားရှာစရာ မလိုပါဘူး"
ရှောင်လင်းယွီက မျက်ခုံးပင့်ကာ ပြုံးလျက် ပြောလိုက်သည်။ "ဒါက ပြောရခက်တယ်နော်။ ရှင့်ရဲ့ ဖူးစာရှင်က ကျွန်မကုမ္ပဏီမှာ ရှိနေရင် ဘယ်လိုလုပ်မလဲ။ တကယ်ပြောတာ... တစ်ရက်လောက် ကျွန်မကုမ္ပဏီကို လာလည်ပါလား။ သဘောကျတဲ့သူရှိရင် မိတ်ဆက်ပေးမယ်လေ။ ဘယ်လိုလဲ"
လီယွမ်ဟန်နှင့် ကုန်းထျန်းဟောက်တို့သည် အသက်အရွယ် တူကြပြီး ၃၁၊ ၃၂ ခန့် ရှိပြီဖြစ်သည်။ ကုန်းထျန်းဟောက်က အိမ်ထောင်ပြုပြီး ကလေးပင် ကြီးနေပြီဖြစ်ရာ သူငယ်ချင်းအနေဖြင့် သူ့အတွက် စိတ်ပူပေးမိသည်။
"နေပါစေ" လီယွမ်ဟန်က ငြင်းဆဲပင်။ "လူပျိုကြီးဘဝက ပိုပြီး လွတ်လပ်ပေါ့ပါးတယ်လို့ ကျွန်တော် ထင်တယ်"
ရှောင်လင်းယွီက မျက်လုံး ကစားလိုက်ပြီး ပြုံးကာ မေးလိုက်သည်။ "တကယ်မေးတာပါ... လက်ထောက်လီ။ ဒီအရွယ်ရောက်နေပြီ... မိဘတွေက လက်ထပ်ဖို့ မတိုက်တွန်းကြဘူးလား"
လီယွမ်ဟန်က သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "မတိုက်တွန်းဘဲ နေမလား။ ဖုန်းဆက်ပြီး တိုက်တွန်းတာတင် မကဘူး။ ဒေါ်လေးကြီးတွေ၊ ဦးလေးကြီးတွေက နေ့တိုင်း အိမ်လာပြီး မိန်းကလေးတစ်ယောက်စီ ခေါ်လာကြတယ်။ အိမ်တောင် မပြန်ရဲတော့ဘူး"
"ဟားဟား..." ရှောင်လင်းယွီ ရယ်မောလိုက်သည်။ "ရှင်ပြောမှပဲ ဒေါ်လေးကြီးတွေ မိန်းကလေးတွေ ခေါ်လာပြီး အိမ်ပြည့်နေမယ့် မြင်ကွင်းကို မြင်ယောင်မိတော့တယ်။ ကြည့်ရတာ ရှင် ရည်းစားတစ်ယောက် အမြန်ရှာပြီး အတည်တကျ ဖြစ်မှ ရတော့မယ်။ ဒါမှ သူတို့ စိတ်မပူတော့မှာ။ နေ့တိုင်း အောင်သွယ်နေကြတာကို စိတ်ပျက်စရာ မလိုတော့ဘူးပေါ့"
လီယွမ်ဟန်က ရုတ်တရက် လေးနက်စွာ ပြောလိုက်သည်။ "ကျွန်တော် ရည်းစားထားမယ်ဆိုရင် ကိုယ်ချစ်တဲ့သူကိုပဲ ရှာမှာပါ။ မိဘတွေအတွက်နဲ့ အိမ်ထောင်ရေးကို ဖြစ်သလို မလုပ်ချင်ဘူး။ ဘာပဲဖြစ်ဖြစ် တစ်သက်လုံး အတူနေသွားရမယ့်သူလေ"
ရှောင်လင်းယွီက သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။ "အင်း... အချစ်ရေးကိစ္စက ဖြစ်သလို လုပ်လို့တော့ မရဘူး။ ဒါပေမဲ့ ကျွန်မ တစ်ခုတော့ ပြောချင်တယ်။ ဖူးစာရောက်လာတဲ့အခါကျရင် မရှောင်လွှဲပါနဲ့။ မဟုတ်ရင် တစ်သက်တာ ပျော်ရွှင်မှုကို လက်လွတ်ဆုံးရှုံးရလိမ့်မယ်။ သိလား"
လီယွမ်ဟန်က ထောက်ခံလိုက်သည်။ "ဖူးစာရောက်လာရင် ကျွန်တော် ငြင်းချင်ရင်တောင် ငြင်းလို့ရမှာ မဟုတ်ပါဘူး။ ကဲပါ... ကျွန်တော့် မင်္ဂလာကိစ္စကို မပြောပါနဲ့တော့။ အပေါ်ထပ် တက်ကြည့်ရအောင်။ မင်း ဘာအကြံဉာဏ်ရှိသေးလဲ။ ပြင်ဆင်တဲ့အခါကျရင် ပြောင်းလဲလို့ရအောင်လို့"
ရှောင်လင်းယွီ ခေါင်းခါလိုက်သည်။ "အပေါ်ထပ် အရင်တက်ကြည့်ရအောင်"
တကယ်တော့ အပေါ်ထပ်နှင့် အောက်ထပ် ဖွဲ့စည်းပုံမှာ တူညီသည်။
လေးလွှာသို့ ရောက်သောအခါ လီယွမ်ဟန်က မေးလိုက်သည်။ "လေးလွှာက မင်းတို့ ရုံးခန်းနေရာလေ။ ရုံးခန်းကို ဘယ်လိုပုံစံမျိုး လိုချင်လဲ။ ဘာတွေ လိုအပ်လဲ။ ဒါမှ ဘယ်လို ဒီဇိုင်နာမျိုး ရှာပေးရမလဲဆိုတာ သိရအောင်လို့"
ရှောင်လင်းယွီက ပြောလိုက်သည်။ "စူပါမားကတ်ရဲ့ ဒီဇိုင်းကိုတော့ တခြားဆိုင်ခွဲတွေအတိုင်း လုပ်လိုက်ပါ။ ဒါလည်း ဆိုင်ခွဲတစ်ခုပဲလေ။ ဒါပေမဲ့ ထပ်ဖြည့်စွက်ရမယ့် ပုံစံကိုတော့ လက်ထောက်လီကိုပဲ အကူအညီတောင်းရတော့မယ်။ ဘာပဲဖြစ်ဖြစ် ရှင်က ဒီကလူတွေရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံကို အသိဆုံးပဲလေ။ ရုံးခန်းအတွက်ကတော့ သာမန်ရုံးခန်းပုံစံအတိုင်း လုပ်လိုက်ရင် ရပါပြီ"
လီယွမ်ဟန်က ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ။ ပြဿနာ မရှိပါဘူး။ ကျွန်တော့်ကို လွှဲထားလိုက်ပါ။ ဒီရက်ပိုင်းအတွင်း ဒီဇိုင်နာရှာပြီး ပြင်ဆင်လိုက်မယ်။ ၅ ရက် ၆ ရက်လောက်ဆို ပြီးလောက်ပါတယ်"
ရှောင်လင်းယွီ အံ့အားသင့်သွားသည်။ "၅ ရက် ၆ ရက်နဲ့ ပြီးမယ် ဟုတ်လား။ မြန်လွန်းအားကြီးဘူးလား" ဧရိယာက ဒီလောက်ကျယ်တာကို။
လီယွမ်ဟန်က ပြုံးကာ ပြောလိုက်သည်။ "ကျွန်တော်တို့ အုပ်စုအောက်မှာ အထူးပြုအဖွဲ့ ရှိတယ်။ လူအများကြီးလွှတ်လိုက်ရင် မြန်မြန်ပြီးသွားမှာပါ"
ထိုသို့ပြောရင်း လီယွမ်ဟန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ဆက်ပြောသည်။ "ပြီးတော့ နှစ်ကူးဖို့ တစ်လတောင် မလိုတော့ဘူးလေ။ နှစ်မကူးခင် ဆိုင်ပြင်ဆင်တာတွေ အပြီးသတ်ပြီး ဖွင့်လှစ်နိုင်ရင် ကောင်းမယ်"
ရှောင်လင်းယွီက ခေါင်းညိတ်လိုက်သည်။ "အင်း... ရှင်ပြောတာ ဟုတ်တယ်။ ဒီဆိုင်ကို နှစ်မကူးခင် အပြီးသတ်တာ ကောင်းတယ်။ ကဲ... လက်ထောက်လီ... အားလုံး ရှင့်ကိုပဲ အပ်ပါတယ်နော်" သူမအနေဖြင့် လက်လွတ်စပယ် ဘော့စ်လုပ်ရုံသာ ရှိတော့သည်။
လီယွမ်ဟန်က ပြုံးပြီး လက်လျှော့လိုက်ရသည့်ပုံစံဖြင့် ပြောလိုက်သည်။ "မင်းတို့လင်မယားက လက်လွတ်စပယ်သူဌေးလုပ်တာချင်းလည်း တူလိုက်တာ။ ကောင်းပါပြီလေ... ဘာပဲဖြစ်ဖြစ် ကျွန်တော်ကလည်း ပါးစပ်လှုပ်ပြီး အမိန့်ပေးရုံပါပဲ။ လုပ်မယ့်လူတွေ ရှိပြီးသားပါ"
ရှောင်လင်းယွီ : "......"
.....
ရှောင်လင်းယွီနှင့် လီယွမ်ဟန် ထွက်ခွာသွားပြီးနောက် သတင်းထောက်အချို့သည် သတင်းကြီးတစ်ခု ရလိုက်သည့်အလား ဖုန်းဆက်ကြလေသည်။
"အယ်ဒီတာချုပ်... ကျွန်တော် သတင်းတစ်ခု ရထားတယ်..."
"မန်နေဂျာကျန်း... ကျွန်တော် သတင်းတစ်ခု ရထားတယ်..."
နောက်တစ်နေ့တွင် မြို့တော်သတင်းစာ မျက်နှာဖုံးတွင် "ထောင်ယွမ်ရွာ၏ Green Fresh သစ်သီးနှင့် ဟင်းသီးဟင်းရွက် စူပါမားကတ် မြို့တော်သို့ ဝင်ရောက်လာပြီ" ဟူသော ခေါင်းစဉ်ဖြင့် သတင်းပါလာသည်။
ရှောင်လင်းယွီနှင့် ကုန်းထျန်းဟောက်တို့၏ပတ်သက်မှု ပေါ်ပေါက်လာကတည်းက မီဒီယာများက သူမ၏နောက်ကြောင်းကို တူးဖော်ခဲ့ကြသည်။
ထို့ကြောင့် ကုန်းမိသားစု၏သခင်မသည် တောသူမလေးတစ်ယောက် ဖြစ်သော်လည်း လွန်ခဲ့သော နှစ်နှစ်အတွင်း စီးပွားရေးလောကတွင် နာမည်ကြီးလာသော ထောင်ယွမ်ရွာ Green Fresh အုပ်စု၏ ပိုင်ရှင်ဖြစ်ကြောင်း သိရှိသွားကြသည်။
ယခု ရှောင်လင်းယွီသည် ကုန်းထျန်းဟောက်နှင့်အတူ မြို့တော်သို့ ပြန်ရောက်လာပြီဖြစ်ရာ ထောင်ယွမ်ရွာ စူပါမားကတ် မြို့တော်တွင် လာဖွင့်မည်မှာ သေချာသလောက် ရှိနေသည်။
သို့သော် လူချမ်းသာကြီးများနှင့် အရာရှိများအတွက်မူ ဤသည်မှာ ဝမ်းသာစရာ သတင်းတစ်ခု ဖြစ်သည်။
နောင်တွင် သူတို့သည် ထောင်ယွမ်ရွာမှ ဟင်းသီးဟင်းရွက်များကို စားချင်ပါက နယ်သို့ လူလွှတ်ပြီး ဝယ်ခိုင်းစရာ မလိုတော့ပေ။ မြို့တော်တွင် တိုက်ရိုက်ဝယ်ယူနိုင်ပြီ ဖြစ်သည်။
ယခင်က သုံးရက်တစ်ခါလောက် ဝယ်မရဖြစ်တတ်သည်။ ဝယ်မရသောအခါ အိမ်ရှိ ကလေးများက အစာမစားကြသဖြင့် စိတ်ညစ်ရသည်။
ယခုမူ အဆင်ပြေသွားပြီ။ မြို့တော်တွင် ဆိုင်ခွဲတစ်ခု ရှိလာပြီဖြစ်၍ ဟင်းသီးဟင်းရွက် ဝယ်ရလွယ်ကူရုံသာမက နေ့တိုင်း စားသုံးနိုင်ခြေ ရှိလာသည်။
ဂုဏ်သရေရှိ အမျိုးသမီးများစွာသည် ကုန်းထျန်းဟောက်၏ ဇနီး ရှောင်လင်းယွီမှာ တောသူမလေးတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသောအခါ နှာခေါင်းရှုံ့ခဲ့ကြသည်။ နောက်ပိုင်းတွင် ထိုအမျိုးသမီးသည် ထောင်ယွမ်ရွာ၏ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးပြီး ရောင်းချသော ဘော့စ်ဖြစ်ကြောင်း သိလိုက်ရသောအခါ ယင်ကောင်တစ်ကောင် မျိုချမိလိုက်သကဲ့သို့ မျက်နှာပျက်ကာ ဒေါသထွက်ခဲ့ကြသည်။
သူတို့သည် နေ့စဉ် ထောင်ယွမ်ရွာ၏ ဟင်းသီးဟင်းရွက်များကို စားသုံးရသည်ကို ဂုဏ်ယူခဲ့ကြသည်။ သို့သော် သူတို့လုယက်ဝယ်ယူ စားသောက်နေရသော အရာများမှာ သူတို့၏ အချစ်ပြိုင်ဘက် စိုက်ပျိုးထားသော အရာများဖြစ်ကြောင်း သိလိုက်ရသောအခါ ဒေါသထွက်စရာ၊ ရှက်စရာ ကောင်းလှသည်။ လူတစ်ယောက်က မျက်နှာကို တံတွေးနှင့် ထွေးလိုက်သကဲ့သို့ ခံစားရသည်။
သို့သော် ထောင်ယွမ်ရွာ၏ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများကို စားဖူးသော အမျိုးသမီးတိုင်း သိကြသည်။ စားရသည်မှာ အရသာရှိရုံသာမက အိပ်ပျော်စားဝင်ပြီး အလှအပအတွက်လည်း အထောက်အကူ ပြုသည်။ ထို့အပြင် ကိုယ်အလေးချိန် လျှော့ချပေးနိုင်သော အာနိသင်လည်း ရှိသည်။ များများစားလည်း ဝမည်ကို စိုးရိမ်စရာ မလိုပေ။
ထို့ကြောင့် ထောင်ယွမ်ရွာ၏ ဟင်းသီးဟင်းရွက်များသည် ဂုဏ်သရေရှိ အမျိုးသမီးများ၏ အသည်းစွဲ ဖြစ်လာသည်။ စားကောင်းပြီး မဝစေသည့်အပြင် အလှအပကိုလည်း ထိန်းသိမ်းပေးနိုင်သည်။ တန်ဖိုးကြီး အလှကုန်များထက်ပင် ပို၍ ထိရောက်သည်။
ယခု အချစ်ပြိုင်ဘက် လုပ်ထားသော ပစ္စည်းများဖြစ်ကြောင်း သိလိုက်ရသော်လည်း သူတို့သည် စိတ်မသက်မသာ ဖြစ်နေသည့်ကြားမှ မစားဘဲ မနေနိုင်အောင် ဖြစ်နေကြရသည်။
"ထောင်ယွမ်ရွာ Green Fresh စူပါမားကတ် မြို့တော်သို့ ဝင်ရောက်လာပြီ။ နိုင်ငံတစ်ဝန်း ၄၅ ဆိုင်မြောက် ဆိုင်ခွဲဖြစ်လာသည်" တစ်စုံတစ်ယောက်က သတင်းကို ဖတ်ပြီး အံ့သြစွာ ပြောလိုက်သည်။
"၄၅ ဆိုင်မြောက် ဟုတ်လား။ ထောင်ယွမ်ရွာ စူပါမားကတ်က ပစ္စည်းတွေ အရမ်းရောင်းကောင်းတယ် ကြားတယ်။ ဘာလို့ အခုမှ ၄၅ ဆိုင်ပဲ ရှိသေးတာလဲ" တစ်စုံတစ်ယောက်က နားမလည်စွာ ပြောလိုက်သည်။
"ဒါကို မင်း နားမလည်ပါဘူး။ ငါကြားတာတော့ Green Fresh အုပ်စုရဲ့ ဘော့စ်က မြို့တစ်မြို့မှာ ဆိုင်တစ်ဆိုင်ပဲ ဖွင့်မယ်ဆိုတဲ့ မူဝါဒ ချထားတယ်တဲ့။ ဒါပေမဲ့ တချို့မြို့တွေမှာတော့ နှစ်ဆိုင်ဖွင့်တာ ရှိတယ်။ ဥပမာ ရှန်ဟိုင်းလို မြို့ကြီးမျိုးမှာပေါ့"
"ရှန်ဟိုင်းမှာ သူဌေးတွေ အများကြီးလေ။ နှစ်ဆိုင်ဖွင့်တာ နည်းမနေဘူးလား"
"နည်းမနည်းတော့ ငါမသိဘူး။ ငါသိတာကတော့ သူတို့ဆိုင်က ပစ္စည်းတွေက မနက်ပိုင်းဆိုတာနဲ့ ကုန်ပြီ။ မြို့တစ်မြို့မှာ တစ်ဆိုင်ပဲရှိရှိ၊ နှစ်ဆိုင်ပဲရှိရှိ အတူတူပဲ"
"ဟာ... မဟုတ်သေးပါဘူး။ ဘာလို့ တခြားမြို့တွေမှာ အရင်ဖွင့်ပြီး ငါတို့မြို့တော်ကျမှ အခုမှ လာဖွင့်ရတာလဲ"
"မင်း တော်တော်တုံးတာပဲ။ မြို့တော်မှာ ဆိုင်ဖွင့်ချင်တိုင်း ဖွင့်လို့ရမလား။ သူတို့လို စီးပွားရေးကောင်းတဲ့ စူပါမားကတ်မျိုးဆို မဖွင့်ရသေးခင်မှာတင် လူတွေက ဖြိုချပစ်လိုက်မှာပေါ့။ ဒါပေမဲ့ အခုတော့ ဒီစူပါမားကတ်ပိုင်ရှင်က ကုန်းမိသားစုရဲ့ သခင်မ ဖြစ်နေပြီဆိုတော့ ဖွင့်လို့မရမှာ၊ အဖြိုခံရမှာကို ပူစရာ မလိုတော့ဘူးလေ"
***