အတင်းအဖျင်း
Vol. 46 Ch. 757
"ရှောင်လင်းယွီရဲ့မိဘဆွေမျိုးတွေ ရောက်လာပြီတဲ့။ နင်တို့ သိကြလား"
မြို့တော်ရှိ အထက်တန်းလွှာ မိသားစုအချို့သည် ကုန်းမိသားစု၏အခြေအနေကို အမြဲစောင့်ကြည့်နေကြသည်။
ထို့ကြောင့် ရှောင်လင်းယွီ၏မိဘဆွေမျိုးများ ကုန်းအိမ်တော်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် လူအများက ဝေဖန်ပြောဆိုနေကြပြီ ဖြစ်သည်။
"သိတာပေါ့။ ဘယ်လိုလုပ် မသိဘဲနေမလဲ။ သခင်ကြီးကုန်းကိုယ်တိုင် သွားကြိုတယ်လို့တောင် ကြားတယ်"
ထိုအခါ တစ်စုံတစ်ယောက်က မနာလိုဝန်တိုစွာဖြင့် ပြောလိုက်သည်။ "ကြည့်စမ်းပါဦး... သခင်ကြီးကုန်းက အဲဒီမြေးချွေးမကို တော်တော်မျက်နှာသာပေးတာပဲ။ တောကလာတဲ့ တောသားတွေကို သခင်ကြီးကုန်းကိုယ်တိုင် သွားကြိုရလောက်အောင် ဘာများ အရေးပါလို့လဲ"
သခင်ကြီးကုန်းကိုယ်တိုင် သွားရောက်ကြိုဆိုခြင်းက ဤမြေးချွေးမကို မည်မျှအလေးထားကြောင်း ဖော်ပြနေသည်ကို လူတိုင်း နားလည်ကြသည်။
ထိုအချက်က ရှောင်လင်းယွီ၏ တောသားဆွေမျိုးများကို မျက်နှာပန်းလှစေသည်။
"ဒါပေမဲ့ ရှောင်လင်းယွီရဲ့ ဆွေမျိုးတွေကို ဓာတ်ပုံရိုက်ထားတဲ့သူရှိတယ်။ သူတို့အားလုံးက ရုပ်ရည်သန့်ပြန့်ပြီး ကြည့်ကောင်းကြတယ်တဲ့"
တစ်စုံတစ်ယောက်က ဖုန်းကိုဖွင့်ကာ WeChat တွင် တင်ထားသော ဓာတ်ပုံများကို ပြလိုက်သည်။ "ကြည့်လိုက်... ဒီနှစ်ယောက်က ရှောင်လင်းယွီရဲ့ အဘိုးနဲ့အဘွားလို့ ပြောကြတယ်။ အသက် ၇၀၊ ၈၀ လောက် ရှိပြီ။ ဒါပေမဲ့ ကြည့်လိုက်စမ်း... ဆံပင်တွေက နက်မှောင်နေတုန်းပဲ။ အသားအရေလည်း ကောင်းတယ်၊ မျက်နှာလည်း ကြည်လင်တယ်။ ကြည့်ရတာ ၅၀၊ ၆၀ လောက်ပဲ ရှိဦးမယ်။ ရွယ်တူတွေနဲ့ယှဉ်ရင် အနှစ် ၂၀ လောက် ပိုငယ်နေသလိုပဲ"
"နင်ပြောတာ တကယ်လား" သူငယ်ချင်းဖြစ်သူက မယုံကြည်နိုင်စွာ ပြောလိုက်သည်။ "တောကလူတွေက ဒီလောက်ထိ ထိန်းသိမ်းတတ်လို့လား"
"ဒါတင်မကသေးဘူး။ ဒီလူလတ်ပိုင်းအရွယ် အမျိုးသားနဲ့ အမျိုးသမီးကို ကြည့်လိုက်ဦး။ ရှောင်လင်းယွီရဲ့ မိဘတွေတဲ့။ ရှောင်လင်းယွီက သူ့အမေနဲ့ ၇၀၊ ၈၀ ရာခိုင်နှုန်းလောက် တူတယ်။ အသက် ၄၀၊ ၅၀ လောက် ရှိပြီ။ ဒါပေမဲ့ ကြည့်လိုက်စမ်း... ဒီအမျိုးသမီးက အသက် ၃၀ ကျော်လောက်ပဲ ရှိပုံရတယ်။ ရှောင်လင်းယွီနဲ့ ယှဉ်ရပ်လိုက်ရင် ညီအစ်မတွေလို့တောင် ထင်ရတယ်။ ပြီးတော့ သူ့ရဲ့ အရှိန်အဝါကလည်း သာမန်မဟုတ်ဘူး။ ကျက်သရေရှိပြီး မြင့်မြတ်တဲ့ပုံစံ ပေါက်နေတယ်။ မြို့တော်က သူဌေးကတော်တွေရဲ့ အရှိန်အဝါမျိုးပဲ။ ဒီအမျိုးသားကို ကြည့်လိုက်ဦး... ခန့်ညားပြီး သိမ်မွေ့တဲ့ပုံစံ ပေါက်နေတယ်။ စာပေပညာရှင်တစ်ယောက်လိုပဲ။ သူတို့ကို ဘယ်လိုကြည့်ကြည့် တောကလာတဲ့ တောသားတွေလို့ မထင်ရဘူး"
ကျန်းယွီထုံသည် ဓာတ်ပုံကို ကြည့်ကာ "တောသား" ဟူသော စကားလုံးကို ထပ်မပြောနိုင်တော့ပေ။
"ပြီးတော့ တခြားလူတွေကို ကြည့်လိုက်ဦး။ အားလုံးက နဂိုအသက်ထက် ပိုငယ်တဲ့ပုံ ပေါက်နေကြတယ်။ တစ်မိသားစုလုံးမှာ ရုပ်ဆိုးတဲ့သူ တစ်ယောက်မှ မရှိဘူး။ သူတို့မျိုးရိုးဗီဇက သိပ်ကောင်းလွန်းမနေဘူးလား"
လီကျားချန်က အားကျသည့်လေသံဖြင့် ပြောလိုက်သည်။ "ကြည့်ရတာ သူတို့တစ်မိသားစုလုံးက ရုပ်ရည်ချောမောကြပုံပဲ။ ဒါကြောင့်လည်း ကုန်းမိသားစုရဲ့ သခင်မလေးလိုမျိုး ထူးချွန်တဲ့သူတစ်ယောက် မွေးထုတ်နိုင်တာနေမှာ"
ကျန်းယွီထုံကမူ မနာလိုဝန်တိုစွာဖြင့် ပြောလိုက်သည်။ "သူတို့ထုတ်လုပ်တဲ့ ပစ္စည်းတွေက အလှအပကို ထိန်းသိမ်းပေးနိုင်တယ်လို့ ကြားတယ်။ တကယ်ဟုတ်ပုံရတယ်။ ဒီပစ္စည်းတွေကို ရေရှည်စားသုံးရင် တခြားလူတွေထက် ပိုနုပျိုနေမှာ သေချာတယ်"
လီကျားချန်၏မျက်လုံးများ အရောင်လက်သွားပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ဟုတ်သားပဲ။ သူတို့ဆိုင်က ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို စားရင် အလှကုန်ပစ္စည်းတွေထက် ပိုထိရောက်တယ်လို့ ကောလာဟလတွေ ကြားဖူးတယ်။ နောက်ဆို ငါလည်း များများစားပြီး လှအောင်လုပ်ရမယ်။ ပြီးရင် ငါ့စိတ်ကြိုက် ယောကျ်ားတစ်ယောက်ရှာပြီး လက်ထပ်လိုက်ရင် ငါ့ဘဝ ပြည့်စုံသွားပြီ"
သူမ၏မျှော်လင့်ချက်မှာ မမြင့်မားလှပေ။ သူမကိုချစ်ပြီး သူမကလည်းချစ်သော အမျိုးသားတစ်ဦးကို ရှာဖွေပြီး သာမန်ဘဝလေးတစ်ခုကို ဖြတ်သန်းချင်ရုံသာ ဖြစ်သည်။
တကယ်တော့ သူမကဲ့သို့ မိသားစုကြီးမှ မွေးဖွားလာသူများအတွက် သာမန်ဘဝတစ်ခုကို ရရှိရန်မှာ ပို၍ခက်ခဲတတ်သည်။
ကျန်းယွီထုံက မနာလိုဝန်တိုစွာဖြင့် ပြောလိုက်သည်။ "နင်ကတော့ ကောင်းတာပေါ့။ နေ့တိုင်း စားရတော့မယ်။ ငါကတော့ ထိုင်ကြည့်နေရုံပဲ ရှိတော့မယ်"
လီကျားချန်က သံသယဖြင့် ပြောလိုက်သည်။ "ထူးဆန်းတယ်။ သခင်ကြီးကုန်းက ဘာလို့ သခင်ကြီးကျန်းကို အိမ်လာခွင့် မပေးတာလဲ" သခင်ကြီးကျန်းကို အိမ်လာခွင့် ပိတ်ပင်လိုက်ခြင်းက ကျန်းမိသားစုအနေဖြင့် ထောင်ယွမ်ရွာ၏ လတ်ဆတ်သောထုတ်ကုန်များကို ကုန်းမိသားစုမှတစ်ဆင့် ဝယ်ယူခွင့်မရှိတော့ကြောင်း ဆိုလိုသည်။
"ပြီးတော့ ကုန်းကောနဲ့ ကျန်းကောက သူငယ်ချင်းကောင်းတွေ မဟုတ်ဘူးလား" လီကျားချန်က နားမလည်နိုင်စွာ ဆက်ပြောသည်။ "အခု လျန်မိသားစုနဲ့ လီမိသားစုတောင် ကုန်းအိမ်တော်ကနေ ပစ္စည်းတိုက်ရိုက်ယူလို့ ရနေပြီ။ ကျန်းမိသားစုကိုကျတော့ ဘေးဖယ်ထားတယ်။ မကောင်းဘူး မဟုတ်လား။ ကုန်းကောနဲ့ ကျန်းကောရဲ့ ဆက်ဆံရေး ထိခိုက်သွားမလား"
အိမ်တော်ရာ၏ မျိုးဆက်သစ်များ ဖြစ်ကြသည့်အတွက် ကုန်းနှင့်ကျန်း မိသားစုနှစ်ခုကြားမှ အငြိုးအတေးများကို သူတို့ နားမလည်ကြပေ။
"ယွီထုံ... နင်လည်း အကြောင်းရင်းကို မသိဘူးလား" လီကျားချန်က မေးလိုက်သည်။
ကျန်းယွီထုံ ခေါင်းခါလိုက်သည်။ "ငါလည်း မသိဘူး"
"ဒါဆို ထူးဆန်းနေပြီ" လီကျားချန် တကယ် အံ့သြနေသည်။ "နင့်အစ်ကိုကိုပြောပြီး ကုန်းကောနဲ့ ညှိနှိုင်းခိုင်းကြည့်ပါလား။ ဘာပဲဖြစ်ဖြစ် ရှောင်လင်းယွီ ရောင်းတဲ့ပစ္စည်းတွေက သောင်းချီတန်တဲ့ အလှကုန်တွေထက် ပိုထိရောက်တယ်လေ"
မိန်းကလေးတိုင်း လှချင်ကြသည်။ ဤစကားကို ကြားလျှင် မည်သူက စိတ်မလှုပ်ရှားဘဲ နေမည်နည်း။
ထိုအချိန်တွင် ကျန်းယွီထုံက သံသယဖြင့် မေးလိုက်သည်။ "ကျားချန်... ရှောင်လင်းယွီ ရောင်းတဲ့ပစ္စည်းတွေက ကျန်းမာရေးနဲ့ အလှအပအတွက် ဘာလို့ ဒီလောက်ကောင်းနေရတာလဲ။ ဒါ ပုံမှန်မဟုတ်ဘူးလေ"
ထောင်ယွမ်ရွာမှ ထွက်ကုန်များကို ပုံမှန်လူတိုင်း သံသယဝင်ကြမည်မှာ အမှန်ပင်။
လီကျားချန် ခေါင်းခါလိုက်သည်။ "ဒါတော့ ငါလည်း မသိဘူး။ ငါသိတာက သူတို့ပစ္စည်းတွေ တကယ်ကောင်းတယ်ဆိုတာပဲ။ ဒါပေမဲ့ သိပ္ပံနည်းပညာတစ်ခုခု သုံးထားတာပဲဖြစ်ဖြစ်၊ လျှို့ဝှက်ချက်တစ်ခုခု ရှိတာပဲဖြစ်ဖြစ် ရှိမှာပေါ့။ ကဲပါ... နင် အရမ်းတွေးမနေပါနဲ့။ ပြီးတော့ ဒီလျှို့ဝှက်ချက်ကို စူးစမ်းဖို့လည်း မကြိုးစားနဲ့။ ဘာပဲဖြစ်ဖြစ် ရှောင်လင်းယွီက အခု ကုန်းထျန်းဟောက်ရဲ့ မိန်းမလေ။ ကုန်းမိသားစုရဲ့ သခင်မ။ ငါတို့ သူ့ကို ပြစ်မှားလို့မရဘူး" ဤစကားသည် ကျန်းယွီထုံကို သတိပေးလိုက်ခြင်း ဖြစ်သည်။
ကျန်းယွီထုံ၏မျက်နှာထား တင်းမာသွားပြီးနောက် ပြုံးကာ ပြောလိုက်သည်။ "စိတ်ချပါ... အတိမ်အနက်ကို ငါ နားလည်ပါတယ်။ အခု ငါက သိချင်ရုံ သက်သက်ပါ"
သို့သော် သူမ၏စိတ်ထဲတွင် ရှောင်လင်းယွီ၏ဟင်းသီးဟင်းရွက်များအကြောင်း ပို၍ သိချင်နေမိသည်။
ယခုအချိန်တွင်တော့ သိချင်စိတ်သက်သက်သာ ဖြစ်သည်။
.......
ရှောင်လင်းယွီ၏ မိဘဆွေမျိုးများ မြို့တော်သို့ ရောက်ရှိလာခြင်းသည် မြို့တော်ရှိ အထက်တန်းလွှာများအကြား စိတ်ဝင်စားစရာ ကိစ္စတစ်ခု ဖြစ်လာပြီး သဘာဝကျကျပင် ပိုမိုအာရုံစိုက်လာကြသည်။
သို့သော် ရှောင်လင်းယွီ၏ မိဘဆွေမျိုးများကို မြင်လိုက်ရသောအခါ လူတိုင်းသည် လီကျားချန်ကဲ့သို့ပင် အံ့သြသွားကြသည်။
ရှောင်လင်းယွီ၏ မိဘဆွေမျိုးများသည် ငယ်ရွယ်နုပျိုပြီး ကျက်သရေရှိကြသည်။ ရှောင်လင်းယွီကဲ့သို့ လှပသော အမျိုးသမီးတစ်ဦးကို မွေးထုတ်ပေးနိုင်သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
လူအများစုသည် အထင်သေးမှုကို လျှော့ချလိုက်ကြသည်။
သို့သော် သူတို့ကို ပို၍ အံ့သြစေသည်မှာ ရှောင်လင်းယွီ၏ မိဘဆွေမျိုးများအပေါ်ထားရှိသော သခင်ကြီးကုန်း၏လေးစားမှုပင် ဖြစ်သည်။
ကုန်းမိသားစုက ရှောင်လင်းယွီ၏ မိဘဆွေမျိုးများကို လေးစားခြင်းသည် ရှောင်လင်းယွီကို မည်မျှတန်ဖိုးထားပြီး ချစ်ခင်ကြောင်း ပြသနေသည်။
ရှောင်လင်းယွီ၏ မိသားစုတစ်ခုလုံးသည် တောသားများ ဖြစ်နေသည့်တိုင်အောင်ပင်။
ဤအချက်က အသိုင်းအဝိုင်းထဲမှ မိန်းမပျိုလေးများကို ပို၍ မနာလိုဝန်တို ဖြစ်စေသည်။
ဒီရှောင်လင်းယွီက ဘာလို့ ဒီလောက် ကံကောင်းနေရတာလဲ။ ကုန်းထျန်းဟောက်ရဲ့ အချစ်ကို ရရုံတင်မကဘူး... သခင်ကြီးကုန်းရဲ့ အချစ်ကိုပါ ရထားတယ်။
တကယ့်ကို စာကလေးကနေ ဖီးနစ်ငှက် ဖြစ်သွားတာပဲ။
ဒါပေမဲ့... ဟင်း... စာကလေးက စာကလေးပါပဲ။ ဘယ်တော့မှ ဖီးနစ်ငှက် ဖြစ်မလာနိုင်ပါဘူး။ တစ်နေ့ကျရင် သူ မူလနေရာကို ပြန်ရောက်သွားပြီး အဲဒီချောင်ကြိုချောင်ကြားမှာ ပြန်နေရမှာပါ။
"ဟင်း... ရှောင်လင်းယွီရဲ့ မိဘဆွေမျိုးတွေက မြို့တော်ကို ဘယ်လိုမျက်နှာနဲ့ လာရဲတာလဲ။ လောကအကြောင်း နားမလည်တဲ့ တောသားတွေ... မြို့တော်ရောက်ရင် အရှက်ကွဲမှာ မကြောက်ကြဘူးလား" မိန်းမပျိုလေးတစ်စု စုဝေးပြီး တီးတိုးပြောဆိုနေကြသည်။
"ဟုတ်တယ်... အခု ကုန်းအိမ်တော်မှာ နေနေကြသေးတယ်။ စည်းကမ်းဖောက်ဖျက်မိလို့ ကုန်းအိမ်တော်ကနေ မောင်းထုတ်ခံရရင် တကယ် အရှက်ကွဲမှာ"
"ဒီမိသားစု မြို့တော်ကို လာတာ ကုန်းမိသားစုကို လာပြီး မျက်နှာလိုမျက်နှာရ လုပ်ချင်လို့ နေမှာပေါ့။ ဟင်း... တောသားတွေ... ရုတ်တရက် အထက်တန်းလွှာ ဖြစ်သွားတော့ ပြုတ်ကျမှာ မကြောက်ကြဘူး"
သူတို့ ပြောလေလေ ရင်ထဲမကောင်း ဖြစ်လေလေပင်။ "ကုန်းထျန်းဟောက်လို မြင့်မြတ်တဲ့ ယောက်ျားတစ်ယောက်က ဘာလို့ တောသူမတစ်ယောက်ကို ယူလိုက်ရတာလဲ။ အဲဒီမိန်းမက ရုပ်ရည်လေး နည်းနည်းရှိလို့လား။ ဒါပေမဲ့ ရုပ်ရည်ရှိတဲ့ မိန်းမဆိုတာ တစ်နေ့ကျရင် အိုမင်းသွားမှာပဲလေ။ ယောကျ်ားတွေက အလှအပ မက်မောကြတာများပါတယ်"
"ဒါပေမဲ့ ရှောင်လင်းယွီ တစ်မိသားစုလုံးက ရုပ်ရည်ချောမောကြတယ်နော်" မိန်းမပျိုလေး အနည်းစုက မျှတစွာ ပြောလိုက်သည်။ "အရှိန်အဝါလည်း ကောင်းတယ်။ တောကလာတဲ့ တောသားတွေလို့ လုံးဝမထင်ရဘူး"
"ဟင်း.. ဘယ်လောက်ပဲ ချောချော၊ သူတို့က တောကလာတဲ့ တောသားတွေဆိုတာ ပြောင်းလဲလို့မရပါဘူး"
……
ရှောင်လင်းယွီသည် သူမ၏မိဘဆွေမျိုးများ ရောက်ရှိလာခြင်းကြောင့် လူအများ၏ မနာလိုဝန်တိုမှုများနှင့် အတင်းအဖျင်းများကို ဂရုမစိုက်ပေ။ သူမသည် ယခု မြို့တော်စူပါမားကတ် ဖွင့်ပွဲအတွက် အလွန်အလုပ်များနေသည်။
မြို့တော်တွင် စူပါမားကတ်များစွာ ရှိပြီး အများစုမှာ စတုရန်းမီတာ သောင်းချီ ကျယ်ဝန်းကြသည်။
ထိုစူပါမားကတ်များနှင့် နှိုင်းယှဉ်လျှင် ထောင်ယွမ်ရွာ Green Fresh စူပါမားကတ်သည် အသေးစား စူပါမားကတ်အဆင့်တွင်သာ ရှိသည်။
သို့သော် အခြားစူပါမားကတ်များသည် ကုန်ပစ္စည်းစုံလင်စွာ ရောင်းချသော ကုန်တိုက်များဖြစ်ကြပြီး ထောင်ယွမ်ရွာ စူပါမားကတ်သည် ထောင်ယွမ်ရွာမှ ထွက်ကုန်များကိုသာ သီးသန့်ရောင်းချသော စူပါမားကတ်ဖြစ်သည်။
ထိုရှုထောင့်မှကြည့်လျှင် ၎င်းသည် စူပါမားကတ်ကြီးတစ်ခု ဖြစ်နေပြန်သည်။
ယခု ထောင်ယွမ်ရွာ စူပါမားကတ်၏ တည်နေရာသည် ယခင်ကကဲ့သို့ ကျယ်ဝန်းပြီး လူသူကင်းဝေးသော နေရာမျိုး မဟုတ်ဘဲ မြို့တော်၏ ဒုတိယလမ်းမကြီး၊ စီးပွားရေးအချက်အချာကျသော ရွှေနေရာတွင် တည်ရှိသည်။
ဤလမ်းမကြီးပေါ်တွင် စတုရန်းမီတာ ၁၀ မီတာခန့်သာ ရှိသော ဆိုင်ခန်းငယ်လေးတစ်ခု၏ ငှားရမ်းခသည်ပင် ယွမ် ၁၀၀၀၀၊ ၂၀၀၀၀ ခန့် ရှိသည်။ ရှောင်လင်းယွီ၏ စတုရန်းမီတာ ၄၀၀၀၊ ၅၀၀၀ ကျယ်ဝန်းသော ဆိုင်ကြီးကို ကုန်းထျန်းဟောက်က လက်ဆောင်မပေးခဲ့ပါက တစ်လတာ ငှားရမ်းခသည် မိုးထိအောင် မြင့်မားနေပေလိမ့်မည်။
***